မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားရေးရာဘဏ္ဍာကို စိတ်စွဲလမ်းပါ

ဘုရားရေးရာဘဏ္ဍာကို စိတ်စွဲလမ်းပါ

“ကိုယ့်​ဘဏ္ဍာ​ရှိတဲ့​နေရာမှာ ကိုယ့်​စိတ် ရောက်နေ​တတ်တယ်။” —လု. ၁၂:၃၄

သီချင်း– ၁၅၃၊ ၁၀၄

၁၊ ၂။ (က) ယေဟောဝါ ပေးထား​တဲ့ ဘုရားရေးရာ​ဘဏ္ဍာ​သုံးခု​က ဘာတွေ​လဲ။ (ခ) ဒီဆောင်းပါးမှာ ဘာအကြောင်း သုံးသပ်​ကြ​မလဲ။

ယေဟောဝါဟာ စကြဝဠာမှာ အ​ချမ်းသာ​ဆုံး​ပုဂ္ဂိုလ် ဖြစ်တယ်။ (၁ ရာ. ၂၉:၁၁၊ ၁၂) ရက်ရော​တဲ့ ဖခင်​တစ်ယောက်​အနေနဲ့ ဘုရားရေးရာ​ဘဏ္ဍာ​ရဲ့ တန်ဖိုး​အကြောင်း သိနားလည်​သူ​အားလုံးကို ဘုရားရေးရာ​ဘဏ္ဍာ​တွေ ရက်ရက်ရောရော ဝေမျှ​တယ်။ (၁) ဘုရားနိုင်ငံတော်၊ (၂) အသက်ကယ် အမှုဆောင်လုပ်ငန်း၊ (၃) ကျမ်းစာပါ အဖိုးတန် အမှန်တရား အပါအဝင် ဘုရားရေးရာ​ဘဏ္ဍာ​တွေကို ယေဟောဝါ ပေးထား​လို့ ကျေးဇူးတင်စရာ​ပါပဲ။ ဒါပေမဲ့ သတိ​မထား​ဘူးဆို​ရင် အဲဒီ​ဘဏ္ဍာ​တွေကို တန်ဖိုးထားလေးမြတ်​စိတ် ပျောက်ဆုံး​သွား​နိုင်ပြီး စွန့်ပစ်​မိ​နိုင်တယ်။ ဘဏ္ဍာ​တွေကို ကောင်းကောင်း အသုံးပြုခြင်း၊ အမြဲ​တန်ဖိုးထား မြတ်နိုးခြင်း​အားဖြင့် ဆုပ်ကိုင်ထား​ရမယ်။ “ကိုယ့်​ဘဏ္ဍာ​ရှိတဲ့​နေရာမှာ ကိုယ့်​စိတ် ရောက်နေ​တတ်တယ်” လို့ ယေရှု ပြောတယ်။—လု. ၁၂:၃၄

ဘုရားနိုင်ငံတော်၊ အမှုဆောင်လုပ်ငန်း၊ အမှန်တရား​အပေါ် မြတ်နိုး​တန်ဖိုးထား​စိတ်​ကို ဘယ်လို ပျိုးထောင်၊ ထိန်းသိမ်း​နိုင်​ကြောင်း သုံးသပ်ကြည့်​ကြစို့။ အဲဒီ​ဘုရားရေးရာ ဘဏ္ဍာ​တွေကို မြတ်နိုးစိတ် ဘယ်လို တိုးပွား​စေနိုင်​ကြောင်း တွေးတောဆင်ခြင်​ပါ။

တန်ဖိုးမဖြတ်နိုင်​သော ပုလဲ​နဲ့​တူ​တဲ့ ဘုရားနိုင်ငံတော်

၃။ ယေရှုရဲ့ ပုံဥပမာ​ပါ ကုန်သည်​မှာ အဖိုးတန်​ပုလဲ ရယူ​ဖို့ ဘာ​လုပ်ချင်​စိတ် ရှိ​သလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကို ကြည့်ပါ။)

မဿဲ ၁၃:၄၅၊ ၄၆ ကိုဖတ်ပါ။ ပုလဲ​ကုန်သည်​အကြောင်း ယေရှု ဥပမာ ပေးခဲ့တယ်။ ဒီ​ကုန်သည်​ဟာ နှစ်တွေ​တစ်လျှောက် ပုလဲ​ရာနဲ့ချီ ရောင်းဝယ်​ခဲ့မှာပဲ။ အခု မြင်​ရုံ​နဲ့ ဝမ်းသာအားရ​ဖြစ်စေတဲ့ ပုလဲ​တစ်လုံး တွေ့​ထား​ပြီ။ ဒါပေမဲ့ ဒီ​ပုလဲ​ကို ဝယ်​ဖို့ ပိုင်ဆိုင်သမျှ​ကို ရောင်း​ရမယ်။ ဒီ​ပုလဲ​ကို ကုန်သည် ဘယ်လောက် တန်ဖိုးထား​မှန်း သိနိုင်​ပါတယ်။

၄။ ပုလဲ​ကို ကုန်သည် မြတ်နိုး​သ​လောက် ဘုရားနိုင်ငံတော်​ကို ကျွန်တော်တို့ မြတ်နိုး​မယ်ဆိုရင် ဘာ​လုပ်ကြ​မလဲ။

ဘာ​သင်ခန်းစာ ရသလဲ။ ဘုရားနိုင်ငံတော် အမှန်တရား​ဟာ တန်ဖိုးမဖြတ်နိုင်တဲ့ ပုလဲ​နဲ့ တူ​တယ်။ ပုလဲ​ကို ကုန်သည် မြတ်နိုး​သ​လောက် ဘုရားနိုင်ငံတော်​ကို ကျွန်တော်တို့ မြတ်နိုး​မယ်ဆိုရင် နိုင်ငံတော်ရဲ့ လက်အောက်ခံ​တွေ ဆက်​ဖြစ်နေ​ဖို့ ဘယ်အရာကို​မဆို တလိုတလား စွန့်လွှတ်​ပါလိမ့်မယ်။ (မာကု ၁၀:၂၈-၃၀ ကိုဖတ်ပါ။) အဲဒီ​အတိုင်း လုပ်ဆောင်​ခဲ့​သူ နှစ်ဦး​အကြောင်း သုံးသပ်ကြည့်ပါ။

၅။ ဘုရားနိုင်ငံတော်​ကို ရဖို့ စိတ်ပိုင်းဖြတ်​ထားကြောင်း ဇက်ခဲ ဘယ်လို ဖော်ပြ​ခဲ့​သလဲ။

ဇက်ခဲ​ဟာ မတရား​ယူ​ထားတဲ့ ငွေ​တွေနဲ့ ချမ်းသာကြွယ်ဝ​လာတဲ့ အခွန်ခံ​မှူး ဖြစ်တယ်။ (လု. ၁၉:၁-၉) ဒါပေမဲ့ ယေရှု ဟော​တဲ့ နိုင်ငံတော်​အကြောင်း ဒီ​မဖြောင့်မတ်​သူ ကြား​တဲ့အခါ တန်ဖိုးထား​ရ​ကောင်း​မှန်း သိနားလည်​ပြီး ချက်ချင်း တုံ့ပြန်​လုပ်ဆောင်​ခဲ့တယ်။ “သခင်၊ ကျွန်တော့်ရဲ့ ဥစ္စာပစ္စည်း​တစ်ဝက်​ကို ဆင်းရဲသား​တွေကို ပေး​ပါ့​မယ်။ ဘယ်သူ့​ဆီက​ဖြစ်ဖြစ် မတရား​ယူ​ခဲ့တာ​တွေကို လေးဆ​ပြန်ပေး​ပါ့​မယ်” လို့ပြောတယ်။ မတရား​ရထားတဲ့ စည်းစိမ်ဥစ္စာ​တွေနဲ့ လောဘ​စိတ်​ကို ကျေကျေနပ်နပ် စွန့်ခဲ့​တယ်။

၆။ ဘုရားနိုင်ငံတော်​ရဲ့ လက်အောက်ခံ​ဖြစ်ဖို့ ရို့စ် ဘာတွေ ပြောင်းလဲ​ခဲ့ရ​သလဲ။ ဘာကြောင့်လဲ။

လွန်ခဲ့တဲ့ နှစ်​အနည်းငယ်​တုန်းက ရို့စ်​လို့ ကျွန်တော်တို့ ခေါ်​မယ့် အမျိုးသမီး​ဟာ ဘုရားနိုင်ငံတော်​သတင်း ကြားခဲ့​တယ်။ သူဟာ လိင်​တူ​သမား ဖြစ်ပြီး လိင်​တူ​တွေရဲ့ အခွင့်အရေး​ရဖို့ လုပ်ဆောင်​နေတဲ့ အဖွဲ့အစည်း ဥက္ကဋ္ဌ ဖြစ်တယ်။ ဒါပေမဲ့ ကျမ်းစာ လေ့လာတဲ့အခါ ဘုရားနိုင်ငံတော် အမှန်တရား​ရဲ့ တန်ဖိုး​ကို သိလာ​တယ်။ ကြီးမားတဲ့ အပြောင်းအလဲ​တွေ လုပ်​ရ​မယ်​ဆိုတာ​လည်း သဘောပေါက်လာတယ်။ (၁ ကော. ၆:၉၊ ၁၀) ဒါနဲ့ ဥက္ကဋ္ဌ​ရာထူး​က​နေ နုတ်ထွက်​ပြီး လိင်​တူ​ဆက်ဆံရေးကို အဆုံးသတ်​ဖို့ ဆုံးဖြတ်​ခဲ့တယ်။ ၂၀​၀၉ ခုနှစ်မှာ နှစ်ခြင်းခံ​ပြီး နောက်​တစ်နှစ်​မှာ မှန်မှန်ရှေ့ဆောင်​အဖြစ် အမှုဆောင်​ခဲ့တယ်။ ယေဟောဝါနဲ့ ဘုရားနိုင်ငံတော်​ကို မြတ်နိုးစိတ်​က သူ့ရဲ့​တခြား​သွေးသားဆန္ဒ​တွေ​ထက် ပို​ပြင်းထန်​တယ်။—မာ. ၁၂:၂၉၊ ၃၀

၇။ ဘုရားနိုင်ငံတော်​ကို စိတ်နှလုံး အကြွင်းမဲ့ မြတ်နိုးစိတ်​ကို ဘယ်လို ထိန်းသိမ်း​နိုင်သလဲ။

ကျွန်တော်တို့​အများစု​လည်း ဘုရားနိုင်ငံတော်​ရဲ့ လက်အောက်ခံ​တွေ​ဖြစ်ဖို့ ဘဝ​မှာ အပြောင်းအလဲ​တွေ လုပ်ခဲ့ကြ​တယ်။ (ရော. ၁၂:၂) ဒါပေမဲ့ မပြီးသေး​ပါဘူး။ ရုပ်ပစ္စည်း တပ်မက်စိတ်၊ လိင်​အကျင့် ယိုယွင်း​ချင်စိတ် အပါအဝင် စွဲလမ်း​တပ်မက်စိတ် ဖြစ်စေ​မယ့်​အရာတွေ​ကို သတိထား​နေကြ​ရမယ်။ (ပညာ. ၄:၂၃။ မ. ၅:၂၇-၂၉) ဘုရားနိုင်ငံတော်​ကို စိတ်နှလုံး အကြွင်းမဲ့ မြတ်နိုးနေ​ဖို့ တခြား​အဖိုးတန်​ဘဏ္ဍာ​တစ်ခုကို ယေဟောဝါ ပေးထားတယ်။

အသက်ကယ် အမှုဆောင်လုပ်ငန်း

၈။ (က) အမှုဆောင်လုပ်ငန်း​ကို ‘မြေအိုး​တွေထဲက ဘဏ္ဍာ’ အဖြစ်​ တမန်တော် ပေါလု ဘာကြောင့် တင်စား​ဖော်ပြ​ခဲ့​သလဲ။ (ခ) အမှုဆောင်လုပ်ငန်း​ကို မြတ်နိုး​ကြောင်း ပေါလု ဘယ်လို ဖော်ပြ​ခဲ့​သလဲ။

ဘုရားနိုင်ငံတော် သတင်းကောင်း ဟောပြော​သွန်သင်​ဖို့ ယေရှု တာဝန်ပေး​ထားတယ်။ (မ. ၂၈:၁၉၊ ၂၀) အမှုဆောင်လုပ်ငန်း​ရဲ့ တန်ဖိုးကြီး​မှုကို တမန်တော် ပေါလု​ သိတယ်။ ပဋိညာဉ်​သစ်​ရဲ့ အမှုဆောင်လုပ်ငန်း​ကို ‘မြေအိုး​တွေထဲက ဘဏ္ဍာ’ အဖြစ် တင်စား​ဖော်ပြ​ခဲ့တယ်။ (၂ ကော. ၄:၇။ ၁ တိ. ၁:၁၂) ကျွန်တော်တို့ဟာ မစုံလင်​တဲ့ မြေအိုး​တွေ ဖြစ်ပေမဲ့ ဟောပြော​တဲ့​သတင်း​က ကိုယ်တိုင်​နဲ့ နားထောင်သူ​တွေကို ထာဝရအသက် ရရှိ​စေနိုင်​တယ်။ ဒါကို သိ​လို့ “သတင်းကောင်းကို တခြားသူတွေ​ဆီ ဟော​နိုင်​ဖို့ သတင်းကောင်း​အတွက် လုပ်နိုင်​တာ​မှန်သမျှ ကျွန်တော် လုပ်ခဲ့​တယ်” လို့ ပေါလု ပြောတယ်။ (၁ ကော. ၉:၂၃) မှန်ပါတယ်၊ အမှုဆောင်လုပ်ငန်း​ကို မြတ်နိုးစိတ်​ကြောင့် တပည့်ဖြစ်စေ​ခြင်း​လုပ်ငန်းမှာ ပေါလု ကြိုးစားအားထုတ်​ခဲ့တယ်။ (ရောမ ၁:၁၄၊ ၁၅ နဲ့ ၂ တိမောသေ ၄:၂ တို့ကို ဖတ်ပါ။) အဲဒါက ပြင်းထန်တဲ့ ဆန့်ကျင်မှု​တွေကို ခံရပ်နိုင်​ဖို့ ကူညီ​ပေးတယ်။ (၁ သက်. ၂:၂) အမှုဆောင်လုပ်ငန်း​အပေါ် မြတ်နိုးစိတ်​ကို ဘယ်လို တင်ပြ​နိုင်သလဲ။

၉။ အမှုဆောင်လုပ်ငန်း​ကို မြတ်နိုး​ကြောင်း ဖော်ပြ​နိုင်တဲ့ နည်း​တချို့က ဘာတွေ​လဲ။

အမှုဆောင်လုပ်ငန်း​ကို မြတ်နိုး​ကြောင်း ပေါလု ဖော်ပြခဲ့တဲ့ နည်းတစ်နည်း​က​တော့ တခြားသူတွေကို ဟောပြော​ဖို့ အခွင့်အရေး ရှာယူ​ခြင်း​ပါပဲ။ တမန်တော်​တွေ၊ အစောပိုင်း ခရစ်ယာန်တွေ​လိုပဲ ကျွန်တော်တို့လည်း အလွတ်သဘော၊ လူအများ​ရှေ့၊ တစ်အိမ်တက်ဆင်း ဟောပြော​နေကြတယ်။ (တ. ၅:၄၂။ ၂၀:၂၀) အခြေအနေ ခွင့်ပြု​သ​ရွေ့ အရန်ရှေ့ဆောင်၊ မှန်မှန်ရှေ့ဆောင် လုပ်ခြင်း​အားဖြင့် အမှုဆောင်လုပ်ငန်း တိုးချဲ့​ဖို့ နည်းလမ်းတွေ ရှာ​ကြ​တယ်။ ဘာသာခြား​စကား သင်ယူ​တာ၊ ကိုယ့်​နိုင်ငံ​အတွင်း​က တခြား​ဒေသ​ကို ပြောင်းရွှေ့​တာ၊ တခြား​နိုင်ငံ​ကို ပြောင်းရွှေ့​တာ​တွေလည်း လုပ်နိုင်​တယ်။—တ. ၁၆:၉၊ ၁၀

၁၀။ သတင်းကောင်း ဟော​ဖို့ စိတ်ပိုင်းဖြတ်​ချက်​အတွက် အိုင်း​ရင်း ဘယ်လို ကောင်းချီးရ​ခဲ့​သလဲ။

၁၀ အမေရိကန်​နိုင်ငံ​က တစ်ကိုယ်ရေ ညီအစ်မ အိုင်း​ရင်း​အကြောင်း သုံးသပ်ကြည့်ပါ။ ရုရှား​စကားပြော ပြောင်းရွှေ့​လာ​သူတွေကို ဟောပြော​ချင်စိတ် ပြင်းပြ​ခဲ့တယ်။ ၁၉၉၃ ခုနှစ်မှာ သူတို့​တစ်​တွေကို​ စတင်​ဟောပြော​တုန်းက နယူးယောက်မြို့၊ ရုရှား​စကားပြော အုပ်စု​မှာ ကြေညာသူ ၂၀ လောက်​ပဲ ရှိသေးတယ်။ အဲဒီ​စကားပြော လယ်ကွင်း​မှာ အိုင်း​ရင်း ကြိုးစား​အမှုဆောင်​နေတာ အနှစ် ၂၀ လောက် ရှိနေ​ပြီ။ “ခု​ချိန်​ထိ​လည်း ရုရှား​စကားကို မွှတ်​နေ​အောင် မပြော​တတ်​သေး​ပါဘူး” လို့ အိုင်း​ရင်း ပြောတယ်။ ဒါပေ​မဲ့ သူနဲ့ တခြားသူတွေရဲ့ စိတ်ထက်သန်မှု​ကို ယေဟော​ဝါ ကောင်းချီးပေး​ခဲ့တယ်။ အခု နယူးယောက်မြို့​မှာ ရုရှား​စကားပြော အသင်းတော် ခြောက်ခု ရှိနေ​ပြီ။ အိုင်း​ရင်း​နဲ ကျမ်းစာသင်​ခဲ့​သူတွေထဲ​က ဆယ့်​ငါးယောက် နှစ်ခြင်းခံ​ခဲ့တယ်။ တချို့က ဗေသလအိမ်သား၊ ရှေ့ဆောင်၊ အကြီးအကဲတွေ ဖြစ်နေ​ကြပြီ။ “ဒီလောက် ပျော်ရွှင်မှု​ပေးမယ့် တခြား​ပန်းတိုင်တွေ မရှိတော့​ဘူး” လို့ အိုင်း​ရင်း ပြောတယ်။ အမှုဆောင်လုပ်ငန်း​ကို အိုင်း​ရင်း သိပ်တန်ဖိုးထား​တယ်။

အမှုဆောင်လုပ်ငန်းကို ဘဏ္ဍာအဖြစ် ရှုမြင်သလား။ အဲဒီလို ရှုမြင်ကြောင်း သင့်အပတ်စဉ်ဇယားက ဖော်ပြနေသလား (အပိုဒ် ၁၁၊ ၁၂ ကိုကြည့်ပါ)

၁၁။ နှိပ်စက်​ညှဉ်းပန်း​မှု​ကြား ဆက်​ဟောပြော​တဲ့အတွက် ဘယ်​ရလဒ်ကောင်း​တွေ ရရှိ​သလဲ။

၁၁ အမှုဆောင်လုပ်ငန်း​ကို တန်ဖိုးထား​ရင် တမန်တော် ပေါလု​လိုပဲ နှိပ်စက်​ညှဉ်းပန်း​မှု​ကြား ဆက်​ဟောပြော​နေ​ပါလိမ့်မယ်။ (တ. ၁၄:၁၉-၂၂) ၁၉​၃၀ ပြည့်လွန်နှစ်​တွေနဲ့ ၁၉၄၀ ပြည့်လွန်နှစ်​တွေ အစောပိုင်း​မှာ အမေရိကန်​မှာရှိတဲ့ ညီအစ်ကိုတွေ ဆန့်ကျင်မှု အကြီးအကျယ် ကြုံခဲ့​ရတယ်။ ဒါပေမဲ့ ပေါလု​လိုပဲ အခိုင်အမာ ရပ်တည်​ပြီး ဆက်​ဟောပြော​ခဲ့ကြတယ်။ ဟောပြောခွင့်​ကို ကာကွယ်​ဖို့ တရားရေး​တိုက်ပွဲများ​စွာ ဆင်နွှဲ​ခဲ့ကြတယ်။ ၁၉​၄၃ ခုနှစ်မှာ ညီအစ်​ကို နေသန် နောရ်​က အမေရိကန် တရားရုံးချုပ်​မှာ ရရှိ​ခဲ့တဲ့ အောင်ပွဲ​တစ်ခု​အကြောင်း ဒီလိုပြောတယ်– “အောင်ပွဲ​တွေဟာ ညီအစ်ကို/မတို့​ရဲ့ တိုက်ပွဲဝင်​မှုကြောင့်​ပါပဲ။ ကြေညာ​သူ​တွေ လယ်ကွင်း​မှာ ဆက်​မ​ဟော​ရင် တရားရုံးချုပ်​မှာ ဘာ​အမှု​မှ ရင်ဆိုင်​ရမှာ မဟုတ်ဘူး။ တစ်​ကမ္ဘာလုံး​မှာရှိတဲ့ ခင်ဗျား​တို့​လို ကြေညာသူ​တွေ ဆက်​ဟော​နေလို့၊ နှိပ်စက်​ညှဉ်းပန်း​မှု ကြုံရချိန်​မှာ လက်မလျှော့​ကြ​လို့​ပါပဲ။ သခင့်​လူမျိုး​တွေ ကြံ့ကြံ့ခံရပ်​တည်​တဲ့အတွက် အခုလို အောင်ပွဲရ​တာပါ။” တခြား​နိုင်ငံ​တွေမှာလည်း ညီအစ်ကိုတွေ​ရဲ့ အလားတူ ရပ်တည်မှု​ကြောင့် အောင်ပွဲ​တွေ ရရှိ​ခဲ့​ပြီ။ မှန်ပါတယ်၊ အမှုဆောင်လုပ်ငန်း​ကို မြတ်နိုးခြင်း​က နှိပ်စက်​ညှဉ်းပန်း​မှုကို အောင်မြင်​နိုင်ပါတယ်။

၁၂။ အမှုဆောင်လုပ်ငန်း​နဲ့ပတ်သက်ပြီး သင်​ဘယ်လို စိတ်ပိုင်းဖြတ်​ထား​သလဲ။

၁၂ အမှုဆောင်လုပ်ငန်း​ကို ယေဟောဝါ ပေးတဲ့ အဖိုးတန်​ဘဏ္ဍာ​အဖြစ် ရှုမြင်​ရင် “အချိန်နာရီ ရေတွက်” ရုံ​လောက်​နဲ့ ကျေနပ်​နေ​မှာ မဟုတ်ဘူး။ “သတင်းကောင်း​အကြောင်း စေ့စေ့စပ်စပ် သက်သေခံ​ဖို့” အတတ်နိုင်ဆုံး ကြိုးစားကြ​ပါလိမ့်မယ်။ (တ. ၂၀:၂၄။ ၂ တိ. ၄:၅) ဒါပေမဲ့ တခြားသူတွေကို ဘာ​သင်ပေး​ကြ​မလဲ။ ဘုရားဆီ​ကလာ​တဲ့ နောက်​ဘဏ္ဍာ​တစ်ခု​အကြောင်း စဉ်းစားကြည့်ပါ။

အမှန်တရား ဘဏ္ဍာ

၁၃၊ ၁၄။ မဿဲ ၁၃:၅၂ မှာ ယေရှု ပြောတဲ့ “ဘဏ္ဍာ” ဆိုတာ ဘာလဲ။ ဘဏ္ဍာ​ကို ဘယ်လို ဖြည့်​မလဲ။

၁၃ တတိယမြောက် ဘုရားရေးရာ​ဘဏ္ဍာ​က​တော့ အမှန်တရား​ဘဏ္ဍာ​ပါပဲ။ ယေဟောဝါဟာ အမှန်တရား​ရဲ့ ဘုရားသခင် ဖြစ်တယ်။ (၂ ရှ. ၇:၂၈။ ဆာ. ၃၁:၅) ရက်ရော​တဲ့​ဖခင်​အနေနဲ့ မိမိ​ကို ကြောက်ရွံ့သူ​တွေကို အမှန်တရား ဝေမျှ​ပေး​တယ်။ အမှန်တရား စတင်​ကြားသိ​ရချိန်​ကစပြီး နှုတ်မြွက်တော် ကျမ်းစာ၊ ခရစ်ယာန် စာပေစာတမ်း၊ ခရိုင်​အစည်းအဝေး၊ တိုက်နယ်​အစည်းအဝေး၊ ပတ်စဉ် အစည်းအဝေးတွေကနေ အမှန်တရား ဆည်းပူး​ဖို့ အခွင့်အရေး ရရှိ​ထားကြ​တယ်။ အချိန်ကုန်​လွန်​လာ​တာနဲ့​အမျှ ယေရှု ပြောခဲ့တဲ့ “ဘဏ္ဍာ” အဟောင်း​အသစ်​တွေ ကျွန်တော်တို့ ရရှိ​လာတယ်။ (မဿဲ ၁၃:၅၂ ကိုဖတ်ပါ။) ရတနာ​သိုက်​ကို လိုက်ရှာ​သလို အဲဒီ​အမှန်တရားတွေကို ရှာ​မယ်ဆိုရင် “ဘဏ္ဍာ” ထဲမှာ အဖိုးတန် အမှန်တရား​အသစ်​တွေ ရရှိ​လာဖို့ ယေဟောဝါ ကူညီပေး​ပါလိမ့်မယ်။ (ပညာအလိမ္မာ ၂:၄-၇ ကိုဖတ်ပါ။) ဘယ်လို ရှာ​ကြ​မလဲ။

၁၄ ကိုယ်ပိုင်လေ့လာမှု အလေ့အထ​ကောင်း ရှိ​ရမယ်။ ကျမ်းစာနဲ့ အဖွဲ့အစည်းထုတ် စာပေ​တွေမှာ အသေအချာ ရှာဖွေ​လေ့လာ​ရမယ်။ ဒါဆို​ရင် အရင်က မသိ​ခဲ့တဲ့ အမှန်တရား “အသစ်” တွေ ရှာတွေ့​လာပါလိမ့်မယ်။ (ယောရှု ၁:၈၊​ ၉။ ဆာ. ၁:၂၊ ၃) ၁၈​၇၉၊ ဇူလိုင်​လ​မှာ ထုတ်ဝေတဲ့ ပထမ​ဆုံး ကင်းမျှော်စင် ​စာစောင်မှာ ဒီလို​ဖော်ပြထားတယ်– “အမှန်တရား​ဟာ တောကန္တာရ​ထဲက ပန်းလေး​တစ်ပွင့်​လို ထူထပ်​စွာ ပေါက်ရောက်​နေတဲ့ မှားယွင်းမှု​ပေါင်းပင်​တွေရဲ့ လွှမ်းခြုံ​ထားခြင်း​ကို ခံရပြီး ဖုံးကွယ်​ခံရ​လုမတတ် ဖြစ်နေ​တယ်။ အဲဒီ​ပန်း​ကို တွေ့ချင်​ရင် တော​နင်း​ရှာ​ရမယ်။ . . . လက်ဝယ်​ပိုင်ဆိုင်​ချင်​ရင် ကိုယ်ကို ညွှတ်ပြီး​ခူး​ရမယ်။ အမှန်တရား​ပန်း တစ်ပွင့်​တည်း​နဲ့ ကျေနပ်​မနေ​ပါနဲ့။ . . . ဆက်​ရှာ​ပါ၊ ဆက်​စု​ပါ။” မှန်ပါတယ်၊ အမှန်တရား​ဘဏ္ဍာ ပိုကြွယ်ဝ​လာအောင် ထက်ထက်သန်သန် လုပ်ဆောင်ကြ​ရမယ်။

၁၅။ အမှန်တရား​တချို့ကို “အဟောင်း” လို့ ဘာကြောင့် ပြောနိုင်​သလဲ။ သင် အထူး​တန်ဖိုးထားတဲ့ အမှန်တရား​တချို့က ဘာတွေ​လဲ။

၁၅ ကျွန်တော်တို့ ဘုရားသခင့်​လူမျိုး​နဲ့ စ​ပူးပေါင်း​တုန်းက အဖိုးတန် အမှန်တရား​တချို့ ရှာတွေ့​ခဲ့တယ်။ ခရစ်ယာန်​လမ်းစဉ် စ​လိုက်လျှောက်​ကတည်းက သိနားလည်​ခဲ့​ပြီမို့ အဲဒါတွေကို ဘဏ္ဍာ “အဟောင်း” လို့ ပြောနိုင်​တယ်။ အဲဒီ​ထဲမှာ ဘာတွေ ပါဝင်​သလဲ။ ယေဟောဝါဟာ ဖန်ဆင်းရှင်၊ အသက်ပေးရှင်​ဖြစ်ကြောင်း၊ လူသားတွေ​အတွက် ရည်ရွယ်ချက်​တစ်ခု ရှိကြောင်း သိလာ​တယ်။ လူသားတွေ အပြစ်​နဲ့ သေခြင်း​က​နေ လွတ်မြောက်​ဖို့ သားတော်​ရဲ့ ရွေးနုတ်ဖိုး ပူဇော်သကာ​ကို မေတ္တာပါပါ ပြင်ဆင်ပေး​ခဲ့​ကြောင်း သိရှိ​လာတယ်။ ဘုရားနိုင်ငံတော်​က ဆင်းရဲဒုက္ခ​အားလုံးကို အဆုံးတိုင်​ပေးမယ်၊ နိုင်ငံတော် အုပ်ချုပ်မှု​အောက် ငြိမ်းချမ်း​ပျော်ရွှင်​စွာ ထာဝစဉ် အသက်ရှင်​ရ​မယ်​ဆိုတာ​လည်း သိလာ​တယ်။—ယော. ၃:၁၆။ ဗျာ. ၄:၁၁။ ၂၁:၃၊ ၄

၁၆။ အမှန်တရား နားလည်မှု​တစ်ခု ပြုပြင်ပြောင်းလဲ​တဲ့အခါ ဘာ​လုပ်ဖို့ လိုအပ်​သလဲ။

၁၆ ကျမ်းစာ​ပရောဖက်ပြုချက် တစ်ချက်၊ ကျမ်းပိုဒ်​တချို့​နဲ့ပတ်သက်တဲ့ နားလည်မှု​တွေကို မကြာခဏ ပြုပြင်ပြောင်းလဲ​တာ​တွေ ရှိ​နိုင်တယ်။ အဲဒီ​နားလည်မှု​အသစ်​တွေကို အသေအချာ လေ့လာဖို့၊ တွေးတောဆင်ခြင်​ဖို့ အချိန်ယူ​သင့်တယ်။ (တ. ၁၇:၁၁။ ၁ တိ. ၄:၁၅) အဓိက​ပြုပြင်မှု​တွေကို​သာမက နားလည်မှု အဟောင်း​နဲ့ အသစ်ရဲ့​ မသိမသာ ကွဲပြား​ချက်​တွေကိုလည်း နားလည်ဖို့ ကြိုးစား​သင့်တယ်။ ဒီနည်းအားဖြင့် ကျွန်တော်တို့ရဲ့​ဘဏ္ဍာ​ထဲမှာ အမှန်တရား​အသစ်​ကို လုံလုံခြုံခြုံ သိမ်းဆည်း​ထား​နိုင်​ပါမယ်။ အဲဒီလို​ကြိုးစားအားထုတ်မှု​တွေ ဘာကြောင့် အကျိုးရှိ​သလဲ။

၁၇၊ ၁၈။ သန့်ရှင်းသောစွမ်းအားတော်​က ဘယ်လို ကူညီ​ပေးနိုင်သလဲ။

၁၇ ကျွန်တော်တို့ သိထား​တဲ့​အကြောင်းအရာတွေ​ကို ပြန်အမှတ်ရ​စေဖို့ ဘုရားသခင့် စွမ်းအားတော် ကူညီပေး​နိုင်တယ်​လို့ ယေရှု သွန်သင်ပေး​တယ်။ (ယော. ၁၄:၂၅၊ ၂၆) ကျွန်တော်တို့​လို သတင်းကောင်း ဟောပြောသူ​တွေကို ဘယ်လို ကူညီ​ပေးနိုင်သလဲ။ ညီအစ်ကို ပီတာ​အကြောင်း သုံးသပ်ကြည့်ပါ။ ၁၉​၇၀ မှာ အသက် ၁၉ နှစ်​ပြည့်​ပြီး မကြာ​ခင် ဗြိတိန် ဗေသလ​မှာ စတင်​အမှုဆောင်​ခဲ့တယ်။ တစ်အိမ်တက်ဆင်း ဟောပြော​ရင်း မုတ်ဆိတ်​မွေး​နဲ့ လူလတ်ပိုင်း​တစ်ယောက်နဲ့ တွေ့ဆုံ​ခဲ့တယ်။ ကျမ်းစာ​အကြောင်း နားလည်​ချင်​သလား​လို့ ပီတာ မေးလိုက်​တယ်။ အဲဒီ​လူ အံ့ဩ​သွားပြီး ဂျူး​ရဗ္ဗိ​ရဲ့ အိမ်​ဖြစ်ကြောင်း ပြန်ပြောတယ်။ ပီတာ​ကို စမ်း​တဲ့​သဘော​နဲ့ “ကောင်လေး၊ ဒံယေလကျမ်း​ကို ဘာ​စကားနဲ့ ရေးခဲ့​သလဲ” လို့ ရဗ္ဗိ​က မေးတယ်။ “တစ်စိတ်တစ်ပိုင်း​ကို အာရမိတ်​စကားနဲ့ ရေးခဲ့တယ်” လို့ ပီတာ ပြန်ဖြေ​တယ်။ “အဖြေကို ကျွန်တော် သိ​နေလို့ ရဗ္ဗိ အံ့ဩ​သွားတယ်။ ကျွန်တော်က​ ပိုအံ့ဩ​သွားတယ်။ အဖြေကို ကျွန်တော် ဘယ်လို သိ​တာလဲ။ အိမ်ပြန်​ပြီး အရင်လ​တွေ​က ကင်းမျှော်စင်​နဲ့ နိုးလော့! မှာ ရှာ​ကြည့်​တော့ ဒံယေလကျမ်း​ကို အာရမိတ်​စကားနဲ့ ရေးထား​မှန်း ရှင်းပြထားတဲ့ ဆောင်းပါး​တစ်ခု တွေ့ခဲ့​တယ်” လို့ ပီတာ ပြောတယ်။ (ဒံ. ၂:၄) အရင်က ဖတ်​ထားပြီး ဘဏ္ဍာ​ထဲ လုံလုံခြုံခြုံ သိမ်းဆည်း​ထားတာ​တွေကို သန့်ရှင်း​သောစွမ်းအားတော်​က ပြန်​မှတ်မိ​စေနိုင်​တယ်။—လု. ၁၂:၁၁၊ ၁၂။ ၂၁:၁၃-၁၅

၁၈ ယေဟောဝါရဲ့ ဉာဏ်​ပညာ​ကို တန်ဖိုးထား​မယ်ဆိုရင် အမှန်တရား အဟောင်း​အသစ်​တွေကို ဘဏ္ဍာ​ထဲမှာ ဖြည့်​ဖို့ လှုံ့ဆော်ခံ​ရပါလိမ့်မယ်။ ယေဟောဝါရဲ့ ဉာဏ်​ပညာ​ကို တန်ဖိုး​ထား​မြတ်နိုးစိတ် တိုးများလာ​တာနဲ့​အမျှ သတင်းကောင်း ဟောပြောသူ​အဖြစ် အသင့်​ဖြစ်လာ​ပါလိမ့်မယ်။

သင့်​ဘဏ္ဍာ​ကို ကာကွယ်စောင့်ရှောက်​ပါ

၁၉။ ဘုရားရေးရာ​ဘဏ္ဍာ​တွေကို ဘာကြောင့် ကာကွယ်စောင့်ရှောက်​ရ​မလဲ။

၁၉ ဒီဆောင်းပါးမှာ ဆွေးနွေး​ခဲ့တဲ့ ဘုရားရေးရာ​ဘဏ္ဍာ​တွေ​အပေါ် တန်ဖိုးထား​မြတ်နိုးစိတ် လျော့နည်း​သွား​အောင်၊ ပျောက်ဆုံး​သွား​အောင် စာတန်​နဲ့ လောက မပြတ်​ကြိုးစား​နေတယ်။ သူတို့ရဲ့ နည်းပရိယာယ်​တွေနဲ့ ကျွန်တော်တို့ မလွတ်ကင်း​ကြဘူး။ ဂုဏ်​ရှိတဲ့​အလုပ်အကိုင်၊ ဇိမ်​ရှိတဲ့​ဘဝပုံစံ၊ ရုပ်ပစ္စည်း ဝါကြွား​ချင်စိတ်​တွေနဲ့ အလွယ်တကူ ကျော့မိ​နိုင်တယ်။ ဒီလောက​နဲ့ လောကမှာ​ရှိတဲ့ လူတွေ လိုချင်ရာ​အားလုံး ရွေ့​သွား​ကွယ်ပျောက်​နေတယ်​လို့ တမန်တော်​ယောဟန် သတိပေး​ခဲ့တယ်။ (၁ ယော. ၂:၁၅-၁၇) ဒါကြောင့် ကျွန်တော်တို့ရဲ့ စိတ်စွဲလမ်းမှု​တွေ၊ ဘုရားရေးရာ​ဘဏ္ဍာ​အပေါ် မြတ်နိုး​တန်ဖိုးထား​စိတ်​ကို ကာကွယ်စောင့်ရှောက်​ဖို့ ကြိုးစားအားထုတ်​ရမယ်။

၂၀။ ဘုရားရေးရာ​ဘဏ္ဍာ​ကို ကာကွယ်စောင့်ရှောက်​ဖို့ ဘာ​လုပ်​မယ်လို့ ဆုံးဖြတ်ထား​သလဲ။

၂၀ ဘုရားနိုင်ငံတော်​ကို စိတ်နှလုံး အကြွင်းမဲ့ မြတ်နိုးစိတ်​နေရာမှာ အစားဝင်​လာနိုင်​တဲ့ ဘယ်အရာကို​မဆို စွန့်လွှတ်ဖို့ လိုလိုလားလား ရှိ​သလား။ ထက်ထက်သန်သန် ဆက်​ဟောပြော​နေ​ပါ။ အသက်ကယ် အမှုဆောင်လုပ်ငန်း​ကို တန်ဖိုးထားလေးမြတ်​စိတ် မ​ပျောက်ဆုံး​စေ​ပါနဲ့။ ကျမ်းစာအမှန်တရား​တွေကို ထက်ထက်သန်သန် ဆက်​ရှာဖွေ​ပါ။ ဒါဆို​ရင် ကောင်းကင်​ဘဏ္ဍာ တိုးများလာ​ပါလိမ့်မယ်။ “ကောင်းကင်​ဘဏ္ဍာ . . . ကို သူခိုး ဝင်​မခိုး​နိုင်​ဘူး။ ပိုးမွှား မ​ဖျက်ဆီး​နိုင်​ဘူး။ ကိုယ့်​ဘဏ္ဍာ​ရှိတဲ့​နေရာမှာ ကိုယ့်​စိတ် ရောက်နေ​တတ်တယ်။”—လု. ၁၂:၃၃၊ ၃၄