မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အငြင်းပွားမှုတွေကို ဖြေရှင်းပြီး ငြိမ်သက်မှု ရှိစေမလား

အငြင်းပွားမှုတွေကို ဖြေရှင်းပြီး ငြိမ်သက်မှု ရှိစေမလား

ငြိမ်သက်မှု​ကို မြတ်နိုး​ဖို့၊ ငြိမ်သက်မှု​ကို ဘဝ​မှာ အဓိကထား​ဖို့ ခရစ်ယာန်တွေကို ယေဟောဝါဘုရား တိုက်တွန်း​ထားတယ်။ သင့်မြတ်​ငြိမ်သက်​စွာ နေထိုင်ခြင်း​ကြောင့် စစ်မှန်တဲ့ ဝတ်ပြုသူတွေ ငြိမ်သက်မှု​အလျှံပယ် ခံစား​ကြရတယ်။ ဒါက အငြင်းပွားမှု ကင်းဝေး​လို​သူတွေကို ခရစ်ယာန် အသင်းတော်​ဆီ ဆွဲဆောင်မှု ဖြစ်စေတယ်။

ဥပမာ၊ ယေဟောဝါသက်သေ​တွေရဲ့ စည်းလုံးမှုကို မာဒါဂတ်စကာ​က ထင်ပေါ်တဲ့ မှော်ဆရာ​တစ်ယောက် သတိပြုမိတယ်။ ‘ဘာသာ​တစ်ခုကို ရွေး​ရမယ်​ဆိုရင် ဒီ​ဘာသာ​ကိုပဲ ငါ​ရွေး​မယ်’ လို့ ကိုယ့်ကိုယ်ကိုယ် ပြောခဲ့တယ်။ အတန်ကြာ​တော့ နတ်ဆိုး​ပညာ​တွေကို စွန့်လွှတ်​လိုက်တယ်။ ကျမ်းစာနဲ့မညီတဲ့ အိမ်ထောင်ရေး အခြေအနေကို လ​နဲ့​ချီ​ပြီး ပြုပြင်တည့်မတ်​ခဲ့တယ်။ ဒါနဲ့ ငြိမ်သက်ခြင်း​ရဲ့ ဘုရား ယေဟောဝါကို ကိုးကွယ်သူ ဖြစ်လာတယ်။

သူ့လို​ပဲ နှစ်စဉ် လူ​ထောင်ပေါင်း​များစွာ​လည်း အလွန်​တမ်းတ​နေတဲ့ ငြိမ်သက်မှု​ကို ခရစ်ယာန်​အသင်းတော်​မှာ ရှာတွေ့​နေကြတယ်။ ဒါပေမဲ့ အသင်းတော်​မှာ ‘မနာလိုစိတ်၊ ငြင်းခုံ​ရန်​တွေ့ချင်​စိတ်’ ရှိနေ​ရင် မိတ်ပျက်​ပြီး ပြဿ​နာတွေ ပေါ်လာ​နိုင်တယ်​လို့ ကျမ်းစာမှာ ရှင်းလင်း​စွာ ဖော်ပြထားတယ်။ (ယာ. ၃:၁၄-၁၆) ဝမ်းသာစရာ​က​တော့ ပြဿနာတွေ​ကို ဖြေရှင်းနိုင်ပုံ၊ ငြိမ်သက်မှု တိုးပွား​စေနိုင်​ပုံ​နဲ့ပတ်သက်တဲ့ အကြံပြုချက်​ကောင်း​တွေကို ကျမ်းစာမှာ ဖော်ပြထားတယ်။ ဖြစ်ရပ်မှန် အခြေအနေ​တချို့ကို သုံးသပ်ကြည့်ကြစို့။

ပြဿနာ​နဲ့ ဖြေရှင်းနည်း

“အတူ​အလုပ်လုပ်​တဲ့ ညီအစ်ကို​တစ်ယောက်နဲ့ ကျွန်တော် အဆင်မပြေ​ဘူး။ တစ်ယောက်​ကို​တစ်ယောက် အော်ဟစ်​ပြောဆို​နေတုန်း လူ​နှစ်ယောက် ရောက်လာပြီး တွေ့​သွားတယ်။”—ခရစ္စ။

“အတူ​ အမှုဆောင်ထွက်​လေ့​ရှိတဲ့ ညီအစ်မ​တစ်ယောက်က ရုတ်တရက်​ကြီး အမှုဆောင်​အစီအစဉ် ဖျက်​လိုက်တယ်။ ကျွန်မ​နဲ့လည်း စကား​မပြော​တော့ဘူး။ ဘာကြောင့်​မှန်း​ကို မသိ​ဘူး။”—ဂျန်းနက်။

“သုံးယောက်​အတူ ဖုန်း​ပြော​ကြ​တယ်။ တစ်ယောက်က  နှုတ်ဆက်စကား ပြော​လို့ ဖုန်း​ချ​သွားတယ်​ထင်​ပြီး သူ့မကောင်းကြောင်း​တွေကို နောက်​တစ်ယောက်နဲ့ ပြောမိတယ်။ တကယ်တော့ သူ ဖုန်း​မချ​သေး​ဘူး။”—မိုက်​ကယ်။

“ကျွန်တော်တို့ အသင်းတော်​မှာ ရှေ့ဆောင် ညီအစ်​မ​နှစ်ယောက် ပြဿနာ ဖြစ်ကြ​တယ်။ တစ်ယောက်​ကို​တစ်ယောက် ကြိမ်းမောင်း​ပြောဆို​ကြ​တယ်။ ဒါက တခြားသူတွေကို စိတ်ဓာတ်ကျ​စေတယ်။”—ဂယ်ရီ။

အထက်ပါ​အခြေအနေ​တွေ သေးငယ်​တယ်လို့ ထင်​ရနိုင်​တယ်။ ဒါပေမဲ့ တစ်ခုစီ​က ပါဝင်ပတ်သက်​သူတွေကို တစ်သက်လုံး စိတ်ပိုင်း၊ ဘုရားရေးရာ​ပိုင်း ထိခိုက်​စေနိုင်​တယ်။ ဒါပေမဲ့ အဲဒီ​ညီအစ်ကို/မ​အားလုံး ကျမ်းစာကို လမ်းညွှန်​အဖြစ် သုံးပြီး ငြိမ်သက်မှု ပြန်​ရခဲ့​ကြ​တယ်။ ဘယ်​ကျမ်းစာ လမ်းညွှန်ချက်တွေ​ကို သူတို့ အောင်မြင်​စွာ ကျင့်သုံး​ခဲ့ကြသလဲ။

“လမ်းမှာ တစ်ယောက်နဲ့ တစ်ယောက် စိတ်ဆိုး​မနေ​ကြပါ​နဲ့။” (က. ၄၅:၂၄) ဖခင်​ဆီ ပြန်တော့​မယ့် အစ်ကို​တွေကို ယောသပ် အဲဒီလို ပြောခဲ့တယ်။ အလွန်​ပညာရှိ​တဲ့ စကား​တွေပါ​ပဲ။ လူတစ်ယောက် ကိုယ့်​ခံစားချက်ကို မထိန်းချုပ်​ဘဲ အလွယ်တကူ စိတ်ဆိုး​ရင် တခြားသူတွေကို ဒေါသထွက်​စေနိုင်​တယ်။ မိမိ​အားနည်းချက်​က မာနကြီး​ပြီး လမ်းညွှန်ချက်ကို လက်ခံဖို့ တွန့်ဆုတ်​တတ်​ခြင်း​ဖြစ်ကြောင်း ခရစ္စ သိလာ​တယ်။ ပြောင်းလဲ​ချင်တဲ့​အတွက် အငြင်းပွား​ခဲ့တဲ့ ညီအစ်ကို​ကို တောင်းပန်​ပြီး ဒေါသ​ကို ထိန်းချုပ်​ဖို့ ကြိုးစား​ခဲ့တယ်။ ပြောင်းလဲဖို့ ခရစ္စ ကြိုးစား​တာ​ကို သတိထား​မိ​ပြီး အလုပ်ဖော်​လည်း ပြုပြင်ပြောင်းလဲ​ခဲ့တယ်။ အခု ယေဟောဝါကို ပျော်ရွှင်​စွာ အတူတကွ ဝတ်ပြု​နေကြ​ပြီ။

“တိုင်ပင်​ဆွေးနွေး​တာ မရှိရင် အစီအစဉ်​တွေ ပျက်​တတ်တယ်။” (ပညာ. ၁၅:၂၂) ဒီအမှန်​တရားကို ပို​နှလုံးသွင်း​ဖို့ လိုအပ်တယ်​လို့ ဂျန်းနက် ယူဆတယ်။ ဒီ​အကြောင်းကို ပြဿနာ​ဖြစ်တဲ့ ညီအစ်မ​နဲ့ “ဆွေးနွေး” ဖို့ ဆုံးဖြတ်​ခဲ့တယ်။ နာကြည်း​နေတဲ့​ကိစ္စ​ကို ဖွင့်ပြော​ဖို့ ညီအစ်မ​ကို ဂျန်းနက် လမ်းကြောင်းပေး​ခဲ့တယ်။ အစပိုင်းမှာ အတော်လေး တင်းမာ​ခဲ့​ပေ​မဲ့ တည်တည်ငြိမ်ငြိမ် ဆွေးနွေး​ရင်း အခြေအနေ တိုးတက်​လာတယ်။ ဂျန်းနက်​နဲ့ ဘာမှ​မဆိုင်​တဲ့ကိစ္စ​ကို နားလည်မှု​လွဲ​နေမှန်း ညီအစ်မ သိလာ​တယ်။ ဒါနဲ့ တောင်းပန်​ပြီး ယေဟောဝါကို အတူတကွ ဝတ်ပြု​နေကြတယ်။

“ပူဇော်ရာပလ္လင်​ဆီ အလှူ​ယူလာ​နေတုန်းမှာ ကိုယ့်ကို မကျေမနပ်​ဖြစ်နေ​တဲ့ ညီအစ်ကို​ကို သတိရ​သွား​ရင် အလှူ​ကို ပလ္လင်​ရှေ့မှာ ထားခဲ့​ပါ။ ညီအစ်ကို​ဆီ သွားပြီး သူနဲ့​ပြေလည်​အောင် အရင်​လုပ်ပါ။” (မ. ၅:၂၃၊ ၂၄) တောင်ပေါ်တရားတော်​မှာ ယေရှု ပေးခဲ့တဲ့ ဒီ​အကြံဉာဏ်​ကို သင်​မှတ်မိ​မှာပါ။ မိမိ​လုပ်ရပ်​က ထောက်ထားစာနာမှု၊ ကြင်နာမှု မဲ့​သွား​မှန်း မိုက်​ကယ် သိလာတဲ့​အ​ခါ စိတ်ပျက်​မိတယ်။ ငြိမ်သက်မှု ပြန်ရအောင် ကြိုးစား​ဖို့ ဆုံးဖြတ်ပြီး ထိခိုက်အောင် လုပ်မိတဲ့​အတွက် ညီအစ်ကို့​ကို နှိမ့်ချ​စွာ မျက်နှာချင်းဆိုင် တောင်းပန်​ခဲ့တယ်။ ဘာ​ရလဒ် ရခဲ့​သလဲ။ “ညီအစ်ကို​က ကျွန်တော့်ကို ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်​တယ်” လို့ မိုက်ကယ် ပြောတယ်။ ခင်ခင်မင်မင် ပြန်​ဖြစ်သွား​ကြ​တယ်။

“အချင်းချင်း မကျေနပ်​စရာ ရှိနေ​ရင်တောင် ဆက်​ပြီး​သည်းခံ​ကြပါ၊ ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်​ကြပါ။” (ကော. ၃:၁၂-၁၄) သက်တမ်းကြာ ရှေ့ဆောင်​နှစ်ယောက်​ရဲ့ ဖြစ်ရပ်​မှာ ကြင်နာ​တတ်တဲ့ အကြီးအကဲ​က ဒီမေးခွန်း​တွေကို ပြန်သုံးသပ်ဖို့ ကူညီပေး​ခဲ့တယ်– ‘လူ​နှစ်ယောက်​ရဲ့ သဘောထားကွဲ​လွဲ​မှုကြောင့် တခြားသူတွေကို စိတ်ထိခိုက်​အောင် လုပ်သင့်​သလား။ အချင်းချင်း​ကို သည်းမခံ​ဖို့၊ ယေဟောဝါကို ငြိမ်းချမ်း​သင့်မြတ်​စွာ ဆက်​ဝတ်​မပြု​ဖို့ ခိုင်လုံတဲ့ အကြောင်းရင်း တကယ်​ကော ရှိ​ရဲ့​လား။’ အကြီးအကဲ​ရဲ့ အကြံဉာဏ်​ကို သူတို့ လက်ခံကျင့်သုံး​ခဲ့ကြတယ်။ အခု ချစ်ချစ်ခင်ခင် သတင်းကောင်း ဟောပြော​နေကြ​ပြီ။

အထက်​မှာ ကိုးကားခဲ့တဲ့ ကောလောသဲ ၃:၁၂-၁၄ ကို ကျင့်သုံးခြင်း​က သင့်ကို တစ်ယောက်ယောက် စိတ်ထိခိုက်​စေ​တဲ့အခါ ကူညီပေး​နိုင်တယ်။ နှိမ့်ချမှု​ကြောင့် ခွင့်လွှတ်​ပြီး မေ့​ပစ်လိုက်​နိုင်​ကြောင်း လူများစွာ တွေ့ရှိ​ခဲ့ကြ​ပြီ။ အတော်အတန် ကြိုးစားပြီး​နောက် အဆင်မပြေ​သေး​ရင် မဿဲ ၁၈:၁၅ မှာပါတဲ့ မူကို ကျင့်သုံး​နိုင်တယ်။ လူတစ်ယောက် တခြားတစ်​ယောက်​အပေါ် ကြီးလေး​တဲ့​အပြစ် ကျူးလွန်မိ​တဲ့ အခြေအနေ​မှာ လုပ်ဆောင်​ရမယ့်​အရာ​ကို ယေရှု ဆိုလို​နေတာ​ဖြစ်တယ်။ ဒါပေမဲ့ အဲဒီ​မူကို သင်​လိုက်နာ​နိုင်ပါတယ်။ ညီအစ်ကို/မ​ဆီ သွားပြီး ပြဿနာ​ကို ကြင်နာစွာ၊ နှိမ့်ချ​စွာ ဆွေးနွေး​ဖြေရှင်း​လိုက်​ရုံ​ပါပဲ။

ကျမ်းစာမှာ တခြား​လက်တွေ့ကျ အကြံပြုချက်​တွေလည်း ရှိပါ​တယ်။ အများစုက​တော့ “စွမ်းအားတော်​ကြောင့် ဖြစ်ပေါ်လာတဲ့ အရည်အသွေး​တွေ . . . ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကြင်နာခြင်း၊ ကောင်းမြတ်ခြင်း၊ ယုံကြည်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ချုပ်တည်းခြင်း​တို့” ကို တင်ပြခြင်း​အပေါ် မူတည်​နေပါတယ်။ (ဂလ.​ ၅:၂၂၊ ၂၃) စက်​ကို ချောမွေ့​စေတဲ့ ဆီ​လိုပဲ ဘုရားရေးရာ အရည်အသွေး​တွေ​က သင့်မြတ်​အောင် လုပ်ဆောင်​ရာမှာ ချောမော​စေနိုင်​တယ်။

ကိုယ်ရည်ကိုယ်သွေး​မျိုးစုံ ရှိ​ခြင်းက အသင်းတော်ကို ကြွယ်ဝ​စေ

တစ်ဦးစီ​မှာရှိတဲ့ ကိုယ်ရည်ကိုယ်သွေး တစ်မျိုးစီ​က မိတ်ဆွေကောင်း​တွေ ရရှိ​စေနိုင်​တယ်။ ကိုယ်ရည်ကိုယ်သွေး မတူ​တဲ့အတွက် အငြင်းပွားမှု​တွေ ဖြစ်လာ​နိုင်ပါတယ်။ အတွေ့အကြုံ​ရှိတဲ့ အကြီးအကဲ​တစ်ယောက် ဒီလိုပြောတယ်– “ရှက်တတ်​သူ တစ်ယောက်ယောက်​ဟာ ပွင့်လင်း​ပြီး စကား​ကျယ်ကျယ် ပြောတတ်​သူ​နား​မှာ နေရတာ အဆင်မပြေ​ဘူး။ ဘာမှ မဟုတ်တဲ့ ကွဲပြားမှု​လို့ ထင်​ရပေမဲ့ ကြီးလေး​တဲ့​ပြဿနာတွေ ဖြစ်စေ​နိုင်တယ်။” ကွဲပြား​တဲ့ ကိုယ်ရည်ကိုယ်သွေး​ရှိသူ​တွေမှာ ပြဿနာတွေ ပို​ဖြစ်နိုင်တယ်​လို့ ထင်​ပါသလား။ တမန်တော် နှစ်ယောက်​အကြောင်း စဉ်းစားကြည့်ပါ။ ပေတရု​က ဘယ်လို လူစား​မျိုး​လဲ။ ပွင့်လင်း​ပြီး စိတ်​လိုက်​မာန်​ပါ လုပ်​တတ်​သူ​လို့ တွေးမိ​နိုင်တယ်။ ယောဟန်​ကော။ ချစ်ခင်​တတ်​ပြီး တွေး​တွေးဆ​ဆ ပြောဆို​လုပ်ကိုင်တတ်​သူ​လို့ တွေးမိ​မယ်။ အဲဒီလို တွေးမိ​နိုင်​စရာ အကြောင်းရင်း​တွေ ရှိ​နိုင်တယ်။ သူတို့ရဲ့ ကိုယ်ရည်ကိုယ်သွေး ကွဲပြား​တယ်။ ဒါပေမဲ့ အတူတကွ ပူးပေါင်းဆောင်ရွက်​ခဲ့ကြတယ်။ (တ. ၈:၁၄။ ဂ​လ. ၂:၉) ဒါကြောင့် ကိုယ်ရည်ကိုယ်သွေး တော်တော်​ကွဲပြား​တဲ့ ခရစ်ယာန်တွေ အတူတကွ လုပ်ဆောင်​နိုင်ပါတယ်။

အသင်းတော်​မှာ ကိုယ့်​စိတ်နဲ့ မ​တွေ့​တဲ့ အပြောအဆို၊ အပြုအမူ​ရှိတဲ့ ညီအစ်ကို​တစ်ယောက် ရှိ​နိုင်တယ်။ သူ့​အတွက် ခရစ်တော် အသေခံ​ခဲ့တယ်၊ သူ့ကို မေတ္တာ ပြ​ရ​မယ်​ဆိုတာ သိထား​တယ်။ (ယော. ၁၃:၃၄၊ ၃၅။ ရော. ၅:၆-၈) ဒါကြောင့် သူ့ကို မိတ်ဆွေ​စာရင်း​ထဲကနေ ဖျက်​ပစ်လိုက်​မယ့်အစား၊ ရှောင်ဖယ်​မယ့်အစား ‘ငါ့​ညီအစ်ကို​က ကျမ်းစာနဲ့ မညီ​တာ​တစ်ခုခု လုပ်​နေလို့​လား။ ငါ​စိတ်အနှောင့်အယှက်​ဖြစ်အောင် တမင်​လုပ်​နေတာ​လား။ ကိုယ်ရည်ကိုယ်သွေး မတူ​တာပဲ​လား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးသင့်တယ်။ အရေးကြီးဆုံး​က​တော့ ‘သူ့ရဲ့ ဘယ်​အရည်အသွေးကောင်း​က​နေ ငါ​အကျိုးရ​နိုင်မလဲ’ လို့​မေး​ဖို့​ပဲ။

နောက်ဆုံး​မေးခွန်း​က အရေးကြီးတယ်။ သူက စကားများ​တယ်၊ ကိုယ်က စကား​နည်း​တယ်ဆိုရင် အမှုဆောင်လုပ်ငန်းမှာ သူ​စကားစမြည် စပြော​တဲ့အတွက် ဘယ်လောက် အဆင်ပြေ​မယ်​ဆိုတာ စဉ်းစားကြည့်ပါ။ အမှုဆောင်လုပ်ငန်းမှာ အတူ​လုပ်ဆောင်​ဖို့ ဖိတ်ခေါ်​ပြီး သူ့​ဆီက သင်ယူ​ပါ။ သူက တခြားသူတွေ​အပေါ် ရက်ရော​တတ်တယ်၊ ကိုယ်က တွန့်တို​တယ်ဆိုရင် အသက်ကြီးသူ​တွေ၊ မကျန်းမာ​သူတွေ၊ လိုအပ်သူ​တွေကို ပေးကမ်းခြင်း​က​နေ ရရှိတဲ့ ပျော်ရွှင်မှု​ကို သတိပြု​ကြည့်ပါ။ အဓိက,က​တော့ ကိုယ်ရည်ကိုယ်သွေး မတူ​ပေ​မဲ့ ကောင်းကွက်​ကို အာရုံစိုက်​ခြင်းအားဖြင့် သင်တို့​နှစ်ဦး ပို​ရင်းနှီး​လာနိုင်တယ်။ အရင်းနှီးဆုံး မိတ်ဆွေတွေ မဖြစ်​လာ​ရင်တောင် အချင်းချင်း ပို​ရင်းနှီး​လာပြီး သင်​ကိုယ်တိုင်​ရော အသင်း​တော်​မှာပါ ငြိမ်သက်မှု ခံစားရ​နိုင်တယ်။

ဧ​ဝေါ​ဒိ​နဲ့ သုန္တုတ်​တို့ ကိုယ်ရည်ကိုယ်သွေး အတော်လေး ကွဲပြား​ခဲ့​နိုင်တယ်။ ဒါပေမဲ့ “သခင့်​အမှုတော်ဆောင်​တဲ့အခါ တစ်စိတ်တစ်သဘော​တည်း ရှိ​ကြ​ဖို့” သူတို့ကို တမန်တော် ပေါလု အားပေးခဲ့တယ်။ (ဖိ. ၄:၂) သင်လည်း အလားတူ ပန်းတိုင်​ထားပြီး လုပ်ဆောင်​နိုင်မလား။

ဆက်​အ​ငြင်း​မ​ပွား​ပါနဲ့

ပန်း​ဥယျာဉ်​ထဲက ပေါင်းပင်​တွေလိုပဲ တခြားသူတွေနဲ့​ပတ်သက်တဲ့ မကောင်းတဲ့ ခံစားချက်တွေ​ကို အမြစ်​ပါ​မကျန် ဆွဲမနုတ်​ရင် ပိုတိုး​ပွား​လာ​လိမ့်မယ်။ လူတစ်ယောက်မှာ​ နာကြည်း​စိတ် အမြစ်တွယ်​ပြီ​ဆိုရင် အသင်းတော်တစ်ခုလုံး​ကို ဂယက်ရိုက်​လာနိုင်တယ်။ ယေဟောဝါနဲ့ ညီအစ်ကို/မတွေကို ချစ်​မယ်ဆိုရင် သဘောထားကွဲ​လွဲ​မှုတွေ​ကြောင့် ဘုရားသခင့်​လူမျိုးရဲ့ ငြိမ်သက်မှု မပျက်စီး​ဖို့၊ ယုတ်လျော့​မသွား​ဖို့ အတတ်နိုင်ဆုံး ကြိုးစားကြ​ပါလိမ့်မယ်။

ကိုယ့်ကိုယ်ကိုယ် နှိမ့်ချပြီး ငြိမ်သက်မှုရှိဖို့ ကြိုးစားမယ်ဆိုရင် အကောင်းဆုံး ရလဒ်တွေ ရရှိနိုင်

သင့်မြတ်​ဖို့ ပန်းတိုင်​နဲ့ အငြင်းပွားမှု​တွေ၊ သဘောထားကွဲ​လွဲ​မှုတွေ​ကို ဖြေရှင်း​မယ်ဆိုရင် ရလဒ်ကောင်း​တွေကြောင့် အံ့ဩ​ရပါလိမ့်မယ်။ ညီအစ်မ​တစ်ယောက်​ရဲ့ အဖြစ်​ကို သုံးသပ်​ကြည့်ပါ– “ညီအစ်မ​တစ်ယောက်က ကျွန်မကို ကလေး​လိုပဲ ဆက်ဆံ​နေတယ်​လို့ ခံစားရ​တယ်။ တအား စိတ်အနှောင့်အယှက် ဖြစ်​ရတယ်။ ကြာ​လာ​တော့ မချေမငံ ဆက်ဆံ​မိတယ်။ ‘ငါ့ကို ထိုက်သင့်သလို မလေးစား​လို့ ငါလည်း သူ့ကို လေးစား​စရာ မလိုဘူး’ လို့ တွေးမိ​တယ်။”

ကိုယ့်လုပ်ရပ်​ကို ဒီ​ညီအစ်မ ပြန်​စဉ်းစား​မိတယ်။ “ကိုယ့်​အားနည်းချက်​ကို မြင်​လာပြီး ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်​မိတယ်။ ကျွန်မ ပြောင်းလဲ​ရ​မယ်​ဆိုတာ သိလာ​တယ်။ ဒီကိစ္စ​ကို ယေဟောဝါ​ဆီ ဆုတောင်းပြီး​နောက် ညီအစ်မ​ကို လက်ဆောင်​လေး​တစ်ခု ဝယ်​ပေးပြီး တောင်းပန်​စာ​လေး ရေးခဲ့တယ်။ တစ်ယောက်နဲ့ တစ်ယောက် ဖက်ပြီး ဖြစ်ပြီး​တာတွေကို မေ့​လိုက်​ဖို့ သဘောတူ​လိုက်​ကြ​တယ်။ နောက်ထပ် ပြဿနာ မရှိတော့​ဘူး။”

လူတွေ ငြိမ်သက်မှု​ကို အလွန်​တောင့်တ​ကြ​တယ်။ ဒါပေမဲ့ သူတို့ရဲ့ အခွင့်အရာ​နဲ့ မာန်မာန​ကို ထိပါး​လာတဲ့အခါ သင့်သင့်မြတ်မြတ် မဖြေရှင်း​ကြ​တော့ဘူး။ ယေဟောဝါကို မကိုးကွယ်​သူတွေ အဲဒီလို လုပ်​တတ်ကြတယ်။ ဒါပေမဲ့ ယေဟောဝါ​နာမည်ကို ခံယူသူ​တွေ​အလယ်​မှာတော့ ငြိမ်သက်​စည်းလုံးမှု ရှိ​သင့်တယ်။ “ကျွန်တော်က ခင်ဗျား​တို့ကို ခေါ်တော်မူခြင်း ခံရသူ​တွေ​ပီ​ပီ ကျင့်ကြံ​နေထိုင်​ကြပါ​လို့ တောင်းပန်​ချင်​တယ်။ အမြဲ​စိတ်နှိမ့်ချ​ပါ။ နူးညံ့သိမ်မွေ့​ပြီး စိတ်ရှည်​ပါ။ အချင်းချင်း မေတ္တာထား​ပြီး သည်းခံ​ပါ။ အချင်းချင်း သင့်သင့်မြတ်မြတ်​ရှိ​ကြပါ။ သန့်ရှင်းသော စွမ်းအားတော်​ကြောင့် ရလာ​တဲ့ စည်းလုံးမှု​နှောင်ကြိုး​ကို ကြိုးစား​ထိန်းသိမ်း​ပါ” လို့ တမန်တော် ပေါလု​ ရေးခဲ့တယ်။ (ဧ. ၄:၁-၃) အဲဒီ “စည်းလုံးမှု​နှောင်ကြိုး” က အလွန်​အဖိုးတန်တယ်။ အဲဒီ​နှောင်ကြိုး​ကို ခိုင်မြဲ​စေ​ကြပါစို့။ ပေါ်လာ​နိုင်တဲ့ ဘယ်​သဘောထားကွဲ​လွဲ​မှုကို​မဆို ဖြေရှင်းဖို့ စိတ်ပိုင်းဖြတ်​ထားကြ​ပါစို့။