မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“ဆင်ခြင်ဉာဏ်ရှိတဲ့ မင်းကို ဘုရားသခင် ကောင်းချီးပေးပါစေ”

“ဆင်ခြင်ဉာဏ်ရှိတဲ့ မင်းကို ဘုရားသခင် ကောင်းချီးပေးပါစေ”

အထက်ပါ​စကားဟာ ဆုံတွေ့​ရတဲ့ အမျိုးသမီး​တစ်ယောက်​ကို ရှေးအစ္စရေး​ဘုရင် ဒါဝိဒ် ချီးမွမ်း​ထားတဲ့​စကားပါပဲ။ အဲဒီ​အမျိုးသမီး​ရဲ့ နာမည်က​တော့ အဘိဂဲလ​ပါ။ သူ့ကို ဒါဝိဒ် ဘာကြောင့် ချီးမွမ်း​ရသလဲ။ အဘိဂဲလ​ရဲ့ ပုံသက်သေ​က​နေ ဘာ​အကျိုးရ​ရှိ​နိုင်သလဲ။

ဘုရင်​ရှောလု​ဆီကနေ ထွက်ပြေး​နေတဲ့​အချိန်​မှာ ဒီ​အိမ်ထောင်သည်​အမျိုးသမီး​နဲ့ ဒါဝိဒ် ဆုံတွေ့​ခဲ့တာပါ။ အဘိဂဲလ​ဟာ ယုဒပြည် တောင်ပိုင်း၊ တောင်တန်းဒေသ​မှာ သိုး​နွားအုပ်​တွေ ပိုင်​တဲ့ သူဌေး နာဗလ​နဲ့ အိမ်ထောင်ပြု​ထားတယ်။ ဒါဝိဒ်​နဲ့ သူ့​လူတွေဟာ နာဗလ​ရဲ့ သိုး​နွား​တွေအတွက် “မြို့ရိုး​ကြီး​တစ်ခု​လို” ဖြစ်ခဲ့​ကြ​တယ်။ နောက်ပိုင်းမှာ “ပိုလျှံ​တာ​လေး​တွေ” ပေးလိုက်​ဖို့ နာဗလ​ဆီ ဒါဝိဒ် တမန်တွေ စေလွှတ်​ခဲ့တယ်။ (၁ ရှ. ၂၅:၈၊ ၁၅၊ ၁၆) နာဗလ​ရဲ့ စီးပွား​ကို ဒါဝိဒ်​နဲ့ သူ့​လူတွေ ကာကွယ်​ပေးခဲ့​တာ​ကို​ကြည့်ရင် ဒါဟာ မတန်တဆ တောင်းဆိုမှု မဟုတ်ပါဘူး။

ဒါပေမဲ့ “အသိတရား​မရှိ​သူ၊” “မိုက်မဲ​သူ” လို့ အဓိပ္ပာယ်​ရှိသူ နာဗလ​က​တော့ နာမည်​နဲ့​လိုက်​အောင် အသက်ရှင်​ခဲ့တယ်။ ဒါဝိဒ်​ရဲ့ တောင်းဆိုချက်​ကို ငြင်းပယ်​ပြီး ရိုင်းရိုင်းစိုင်းစိုင်း ပြန်ပြော​ခဲ့တယ်။ ဒါကြောင့် နာဗလ​ရဲ့ ရိုင်းစိုင်း​မှု၊ ခက်ထန်​တဲ့ တုံ့ပြန်မှု​အတွက် အပြစ်ပေး​ဖို့ ဒါဝိဒ် ထွက်လာ​တယ်။ နာဗလ​ရဲ့ မိုက်မဲမှု​အတွက် သူနဲ့ အိမ်သား​တွေ ပေးဆပ်​ရတော့​မယ်။—၁ ရှ. ၂၅:၂-၁၃၊ ၂၁၊ ၂၂

ဒီ​လုပ်ရပ်​ရဲ့ ဆိုးကျိုး​တွေကို ရိပ်မိ​တဲ့ အဘိဂဲလ သတ္တိရှိရှိ ကြားဝင်ဆောင်ရွက်​ခဲ့တယ်။ ယေဟောဝါနဲ့ ဒါဝိဒ်​ရဲ့ ဆက်ဆံရေးကို အခြေခံပြီး လေးလေးစားစား အသနားခံ​ခဲ့တယ်။ နောက်​တက်​မယ့်​ဘုရင် ဒါဝိဒ်​နဲ့ သူ့​လူတွေ​အတွက် စားစရာ​အ​လျှံ​အ​ပယ် ပြင်ဆင်​လာ​ခဲ့တယ်။ ဘုရား​ရှေ့ ကြီးလေး​တဲ့​အပြစ် မကျူးလွန်​မိအောင် တားဆီးပေး​ဖို့ အဘိဂဲလ​ကို ယေဟော​ဝါ အသုံးပြု​ခဲ့​မှန်း ဒါဝိဒ် အသိအမှတ်ပြု​ခဲ့တယ်။ ဒါကြောင့် “ဆင်ခြင်​ဉာဏ်​ရှိတဲ့ မင်း​ကို ဘုရားသခင် ကောင်းချီးပေး​ပါစေ။ ဒီနေ့ ငါ​လူ​မ​သတ်​မိအောင် . . . တားဆီးပေး​တဲ့ မင်း​ကို ဘုရားသခင် ကောင်းချီးပေး​ပါစေ” လို့ပြောခဲ့တယ်။—၁ ရှ. ၂၅:၁၈၊ ၁၉၊ ၂၃-၃၅

ကျွန်တော်တို့ နာဗလ​နဲ့ မတူ​ချင်​ကြဘူး။ ကိုယ့်​အတွက် လုပ်ဆောင်​ပေးတဲ့ ကောင်းမွန်​ရာတွေကို မ​လေးမြတ်​တဲ့​သဘော မတင်ပြ​ချင်​ကြဘူး။ ဒီ့​အပြင် အခြေအနေ မကောင်း​မှန်း သိ​တဲ့အခါ တားဆီး​နိုင်​ဖို့ အတတ်နိုင်ဆုံး လုပ်ဆောင်ကြ​တယ်။ “ဆင်ခြင်​ဉာဏ်​နဲ့ အသိပညာ​ကို သင်ကြားပေး​ပါ” လို့ပြော​ခဲ့တဲ့ ဆာလံဆရာ​လို ပြောနိုင်​ပါတယ်။—ဆာ. ၁၁၉:၆၆

ကျွန်တော်တို့ရဲ့ လုပ်ရပ်​မှာ ပေါ်လွင်​နေတဲ့ ဆင်ခြင်​ဉာဏ်၊ ဉာဏ်​ပညာ​ကို တခြားသူတွေ သတိထား​မိ​နိုင်တယ်။ သူတို့​တစ်​တွေ ထုတ်ပြော​သည်​ဖြစ်စေ၊ မပြော​သည်​ဖြစ်စေ “ဆင်ခြင်​ဉာဏ်​ရှိတဲ့ မင်း​ကို ဘုရားသခင် ကောင်းချီးပေး​ပါစေ” လို့ပြော​ခဲ့တဲ့ ဒါဝိဒ်လို ခံစားရ​ပါလိမ့်မယ်။