မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စိတ်ရှည်ရှည် စောင့်ဆိုင်းချင်ပါသလား

စိတ်ရှည်ရှည် စောင့်ဆိုင်းချင်ပါသလား

“ခင်ဗျား​တို့လည်း စိတ်ရှည်​ကြပါ။”—ယာ. ၅:၈

သီချင်း– ၁၁၄၊ ၇၉

၁၊ ၂။ (က) ‘ဘယ်လောက်​ကြာကြာ​လဲ’ လို့ ဘာကြောင့် မေး​မိ​နိုင်သလဲ။ (ခ) ရှေးခေတ် သစ္စာရှိ ကျေးကျွန်​တွေရဲ့ ပုံသက်သေ​က ဘာကြောင့် အားရှိစရာ ဖြစ်နိုင်သလဲ။

‘ဘယ်လောက်​ကြာ​မလဲ။’ ‘ဘယ်​အချိန်​အထိ​လဲ။’ သစ္စာရှိ ပရောဖက် ဟေရှာယ​နဲ့ ဟဗက္ကုတ်​တို့ အဲဒီလို မေး​ခဲ့ကြတယ်။ (ဟေရှာ. ၆:၁၁။ ဟဗ. ၁:၂) ဆာလံ ၁၃ ကို ရေး​တုန်းက ဘုရင်ဒါဝိဒ်​လည်း ‘ဘယ်လောက်​ကြာကြာ​လဲ’ လို့ လေး​ကြိမ် မေးခဲ့တယ်။ (ဆာ. ၁၃:၁၊ ၂) ပတ်ဝန်းကျင်​မှာရှိတဲ့ သစ္စာမဲ့​သူတွေ​ကြောင့် သခင် ယေရှုခရစ်​လည်း အဲဒီလို မေးခဲ့တယ်။ (မ. ၁၇:၁၇) ကျွန်တော်တို့​လည်း အဲဒီလို​မေး​မိ​တဲ့အခါ မအံ့ဩ​သင့်​ဘူး။

‘ဘယ်လောက်​ကြာကြာ​လဲ’ လို့ ဘာကြောင့် မေး​မိ​နိုင်သလဲ။ မတရားမှု​တစ်မျိုးမျိုး ကြုံနေ​ရလို့ ဖြစ်နိုင်တယ်။ အိုမင်း​မှု၊ ဖျားနာမှု၊ “အလွန် ခက်ခဲကျပ်တည်း” တဲ့ “နောက်ဆုံးကာလ” ဖိစီးမှုတွေ ခံ​နေရ​နိုင်တယ်။ (၂ တိ. ၃:၁) ပတ်ဝန်းကျင်​က လူတွေရဲ့ မှားယွင်းတဲ့​သဘောထား​ကြောင့် စိတ်​ပင်ပန်း​နေနိုင်​တယ်။ ဘာပဲ​ဖြစ်ဖြစ် ယေဟော​ဝါရဲ့ ရှေးခေတ် သစ္စာရှိကျေးကျွန်​တွေ အလားတူ မေး​ခဲ့တာ၊ သူတို့​တစ်​တွေ အပြစ်တင်​မခံ​ရတာ​ကို သိရ​ခြင်းက အားရှိစရာ​ပါပဲ။

၃။ ခက်ခဲတဲ့ အခြေအနေ​တွေ ကြုံရတဲ့​အခါ ဘာက ကူညီ​ပေးနိုင်သလဲ။

ခက်ခဲတဲ့ အခြေအနေ​တွေ ကြုံရတဲ့​အခါ ဘာက ကူညီ​ပေးနိုင်သလဲ။ “ညီအစ်​ကိုတို့၊ သခင် ရောက်ရှိနေချိန်​အထိ စိတ်ရှည်​ကြပါ” လို့ ယေရှုရဲ့ မိတူဖကွဲညီ တပည့်တော် ယာကုပ် ပြောခဲ့တယ်။ (ယာ. ၅:၇) ကျွန်တော်တို့​အားလုံး စိတ်ရှည်​ဖို့ လိုတယ်။ စိတ်ရှည်ခြင်း​မှာ ဘာတွေ ပါဝင်​သလဲ။

စိတ်ရှည်ခြင်း​ဆိုတာ ဘာလဲ

၄၊ ၅။ (က) စိတ်ရှည်ခြင်း​မှာ ဘာတွေ ပါဝင်​သလဲ။ (ခ) စိတ်ရှည်ခြင်း​ရဲ့ ကဏ္ဍ​တစ်ခုကို တပည့်တော်​ယာကုပ် ဘယ်လို ဖော်ပြသလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကို ကြည့်ပါ။)

ကျမ်းစာ​အရ စိတ်ရှည်ခြင်း​ဆိုတာ သန့်ရှင်းသော စွမ်းအားတော်​ကြောင့် ဖြစ်ပေါ်လာတဲ့ အရည်အသွေး​ဖြစ်တယ်။ မစုံလင်​တဲ့ လူသား​တွေဟာ ဘုရားသခင့် ကူညီမှု မပါဘဲ လိုအပ်​သလော​က် စိတ်မရှည်​နိုင်ကြဘူး။ စိတ်ရှည်ခြင်း​ဟာ ဘုရားပေး​လက်ဆောင်​ပါ။ ဘုရားကို ချစ်ကြောင်း တင်ပြ​နိုင်တဲ့ အဓိက​နည်း​ပါ။ တခြားသူတွေကို ချစ်ကြောင်း​လည်း တင်ပြ​ရာကျ​တယ်။ စိတ်မရှည်​ရင် မေတ္တာနှောင်ကြိုး အားနည်း​တတ်တယ်။ စိတ်ရှည်​ရင်​တော့ မေတ္တာနှောင်ကြိုး ခိုင်မြဲ​တတ်တယ်။ (၁ ကော. ၁၃:၄။ ဂ​လ. ၅:၂၂) စိတ်ရှည်ခြင်း​မှာ အရေးကြီးတဲ့ ခရစ်ယာန် အရည်​အသွေး​များစွာ ပါဝင်တယ်။ ဥပမာ၊ စိတ်ရှည်ခြင်း​ဟာ ခံနိုင်ရည်​နဲ့ အနီးကပ်​ဆက်စပ်​တယ်။ ခက်ခဲတဲ့ အခြေအနေကို အပြုသဘောထား​နဲ့ ခံရပ်​စေနိုင်​တယ်။ (ကော. ၁:၁၁။ ယာ. ၁:၃၊ ၄) စိတ်ရှည်ခြင်း​မှာ ဘာ​ပဲ​ကြုံရ​ပါစေ လက်တုံ့မပြန်​ဘဲ ကြံ့ကြံ့ခံရပ်​တည်​ခြင်း​လည်း ပါဝင်တယ်။ စောင့်ဆိုင်းဖို့ လိုအပ်​တာ​ကို လိုလိုလားလား လက်ခံဖို့ ကျမ်းစာမှာ တိုက်တွန်း​ထားတယ်။ စိတ်ရှည်ခြင်း​ရဲ့ အဲဒီ​ကဏ္ဍ​ကို ယာကုပ် ၅:၇၊ ၈ (ဖတ်ပါ) မှာ ဖော်ပြထားတယ်။

ယေဟော​ဝါ လုပ်ဆောင်​မယ့်​အချိန်ကို စောင့်ဆိုင်းဖို့ လိုအပ်​တာ​ကို ဘာကြောင့် လိုလိုလားလား လက်ခံ​ရ​မလဲ။ ယာကုပ်​က ကျွန်တော်တို့ရဲ့ အခြေအနေကို လယ်သမား​ရဲ့ အခြေအနေ​နဲ့ နှိုင်းယှဉ်​ခဲ့တယ်။ လယ်သမား​ဟာ ပင်ပင်ပန်းပန်း စိုက်ပျိုး​ပေ​မဲ့ ရာသီဥတု​ကို မထိန်းချုပ်​နိုင်​ဘူး၊ အပင်​ကြီးလာ​အောင်​လည်း မလုပ်နိုင်ဘူး။ အချိန်ကုန်​မြန်​အောင် မလုပ်နိုင်ဘူး။ “အဖိုးတန်​တဲ့ မြေ​ထွက်​သီးနှံ​တွေ” ကို စိတ်ရှည်​စွာ စောင့်ဆိုင်းဖို့ လိုအပ်​တာ​ကို လက်ခံ​ရတယ်။ အလားတူ​ပဲ ယေဟော​ဝါရဲ့ ကတိ​တွေ ပြည့်စုံ​မယ့်​အချိန်ကို စောင့်ဆိုင်း​နေချိန်​မှာ ကျွန်တော်တို့ မထိန်းချုပ်​နိုင်တဲ့​အရာများ​စွာ ရှိတယ်။ (မာ. ၁၃:၃၂၊ ၃၃။ တ. ၁:၇) လယ်သမား​လိုပဲ စိတ်ရှည်ရှည် စောင့်ဆိုင်း​ရမယ်။

၆။ ပရောဖက် မိက္ခာ​ရဲ့ ပုံသက်သေ​က​နေ ဘာသင်ယူနိုင်သလဲ။

ဒီနေ့ ကျွန်တော်တို့ ကြုံနေ​ရတဲ့ အခြေအနေ​တွေဟာ ပရောဖက် မိက္ခာ​ခေတ်​က အခြေအနေ​တွေနဲ့ တူတယ်။​ မင်းဆိုး အာခတ် အုပ်စိုးချိန်၊ မကောင်းမှု​မျိုးစုံ ပျံ့နှံ့​နေချိန်​မှာ မိက္ခာ အသက်ရှင်​ခဲ့တယ်။ လူတွေဟာ ‘မကောင်း​တာ​လုပ်ဖို့ သိပ်​ကျွမ်းကျင်​ကြ’ တယ်။ (မိက္ခာ ၇:၁-၃ ကိုဖတ်ပါ။) အခြေအနေကို မပြောင်းလဲ​နိုင်မှန်း မိက္ခာ သိတယ်။ သူ ဘာ​လုပ်နိုင်​သလဲ။ “ကျွန်တော်က​တော့ ယေဟော​ဝါကို အမြဲ​မျှော်လင့်​နေမယ်။ ကယ်တင်​ရှင် ဘုရားသခင်ကို စိတ်ရှည်ရှည်​နဲ့ စောင့်​နေမယ်။ ကျွန်တော်​ပြောတာကို ဘုရားသခင် ကြား​လိမ့်မယ်” လို့ မိက္ခာ ပြောတယ်။ (မိ. ၇:၇) မိက္ခာ​လိုပဲ ကျွန်တော်တို့​လည်း ‘စိတ်ရှည်ရှည် စောင့်’ ရမယ်။

၇။ ယေဟော​ဝါရဲ့ ကတိ​တွေ ပြည့်စုံ​မယ့်​အချိန်ကို စောင့်နေ​ရုံ​ထက်မက ဘာကြောင့် လိုအပ်​သလဲ။

ကျွန်တော်တို့​မှာ မိက္ခာ​လို ယုံကြည်ခြင်း​မျိုး ရှိမယ်​ဆိုရင် ယေဟော​ဝါကို လိုလိုလားလား စောင့်ဆိုင်း​ပါလိမ့်မယ်။ ကွပ်မျက်ခံ​ရမယ့်​နေ့​ကို စောင့်ဆိုင်း​နေတဲ့ အကျဉ်းသား​လို မဟုတ်ဘူး။ သူဟာ မဖြစ်​မနေ စောင့်နေ​ရတယ်။ ရလဒ်​ကို မျှော်လင့်​မနေ​ဘူး။ ကျွန်တော်တို့​က​တော့ အဲဒီလို မဟုတ်ဘူး။ အသင့်တော်ဆုံး၊ အကောင်းဆုံး​အချိန် အတိအကျ​မှာ ထာဝရအသက် ပေးမယ်ဆိုတဲ့​ကတိ​ကို ယေဟော​ဝါ ပြည့်စုံ​စေမယ်​ဆိုတာ သိထား​လို့ လိုလိုလားလား စောင့်ဆိုင်း​နေကြတယ်။ “အရာရာ​ကို ဝမ်းမြောက်​စွာ၊ စိတ်ရှည်​စွာ ခံရပ်” နေကြတယ်။ (ကော. ၁:၁၁၊ ၁၂) ယေဟော​ဝါ အမြန် မလုပ်ဆောင်​ဘူးလို့ ညည်းညူမြည်တမ်း​ရင်း စောင့်ဆိုင်း​တာ​ကို ဘုရားသခင် မနှစ်သက်​ဘူး။—ကော. ၃:၁၂

စိတ်ရှည်ခြင်း​ဆိုင်ရာ သစ္စာရှိ ပုံသက်သေများ

၈။ ရှေးခေတ် သစ္စာရှိ အမျိုးသား/သမီး​တွေရဲ့ ပုံသက်သေ​ကို တွေးတော​ရင်း ဘာကို အမှတ်ရ​သင့်သလဲ။

ကတိ​တွေ​အတိုင်း ယေဟော​ဝါ လုပ်ပေး​မယ့်​အချိန်ကို စိတ်ရှည်ရှည် စောင့်​ခဲ့ကြတဲ့ ရှေးခေတ် သစ္စာရှိ​အမျိုးသား/သမီး​တွေကို သတိရ​ရင် ပို​စောင့်ဆိုင်း​ချင်​ပါလိမ့်မယ်။ (ရော. ၁၅:၄) သူတို့ရဲ့ ပုံသက်သေ​ကို တွေးတော​ရင်း ဘယ်လောက်​ကြာကြာ စောင့်​ခဲ့ကြသလဲ၊ ဘာကြောင့် တလိုတလား စောင့်​ခဲ့ကြသလဲ၊ စိတ်ရှည်မှု​ကြောင့် ဘာ​ကောင်းချီးတွေ ရရှိ​ခဲ့​သလဲ​ဆိုတာ အမှတ်ရ​သင့်တယ်။

မြေး ဧ​သော​နဲ့ ယာကုပ် မွေး​တဲ့အထိ အာဗြဟံ နှစ်ပေါင်း​များစွာ စောင့်​ခဲ့ရ (အပိုဒ် ၉၊ ၁၀ ကိုကြည့်ပါ)

၉၊ ၁၀။ ယေဟော​ဝါကို အာဗြဟံ​နဲ့ စာရာ ဘယ်လောက်​ကြာကြာ စောင့်ဆိုင်း​ခဲ့ကြသလဲ။

အာဗြဟံ​နဲ့ စာရာ​ရဲ့ ပုံသက်သေ​ကို သုံးသပ်ကြည့်ပါ။ “ယုံကြည်ခြင်း၊ စိတ်ရှည်ခြင်း​ကြောင့် ကတိတော်​ကို အမွေ​ရခဲ့​သူတွေ” ထဲမှာ သူတို့ ပါတယ်။ “အာဗြဟံ​က စိတ်ရှည်ရှည် စောင့်ဆိုင်း​ပြီးတဲ့နောက်” မိမိ​ကို ကောင်းချီး​ပေးမယ်၊ မျိုးနွယ်​ကို များပြား​စေမယ်​ဆိုတဲ့ ကတိအတိုင်း ခံစား​ခဲ့ရတယ်။ (ဟီ. ၆:၁၂၊ ၁၅) အာဗြဟံ ဘာကြောင့် စိတ်ရှည်​ဖို့ လိုအပ်​သလဲ။ ရိုးရိုးလေး​ပြော​ရ​ရင် ကတိ​ပြည့်စုံ​ဖို့ အချိန်​လို​လို့ပဲ။ အာဗြဟံ​နဲ့ ယေဟော​ဝါ ဖွဲ့​တဲ့ ပဋိညာဉ်​ဟာ ဘီစီ ၁၉၄​၃၊ နိသန်​လ ၁၄ ရက်မှာ စတင် အကျိုးသက်ရောက်​ခဲ့တယ်။ အဲဒါက​ အာဗြဟံ၊ စာရာ​နဲ့ မိသားစု ယူဖရေးတီး​မြစ်​ကို ဖြတ်ကူး​ပြီး​ ကတိထားရာပြည်ထဲ ဝင်တဲ့​အချိန်​ဖြစ်တယ်။ အဲဒီနောက် ဘီစီ ၁၉၁​၈ မှာ သား​အိဇက်​ မွေး​တဲ့အထိ ၂၅ နှစ် စောင့်ဆိုင်း​ခဲ့ရတယ်။ ဘီစီ ၁၈၅​၈ မှာ မြေး ဧ​သော​နဲ့ ယာကုပ် မွေး​တဲ့အထိ နောက်ထပ် နှစ်ပေါင်း ၆၀ စောင့်ဆိုင်း​ခဲ့ရတယ်။—ဟီ. ၁၁:၉

၁၀ အာဗြဟံ အမွေမြေ ဘယ်လောက် ရခဲ့​သလဲ။ “အဲဒီ​အချိန်​မှာ ခြေချ​လောက်တဲ့ မြေနေရာ​ကို​တောင် သူ့​ [အာဗြဟံ]​ အတွက် အမွေ​မပေး​သေး​ဘူး။ ဒါပေမဲ့ သူနဲ့ သူ့​မျိုးနွယ်​ကို အဲဒီ​ပြည် အပိုင်ပေး​မယ်ဆို​ပြီး ဘုရားသခင် ကတိပေး​ခဲ့တယ်။ အဲဒီတုန်းက သူ သားသမီး​တောင် မရ​သေး​ဘူး။” (တ. ၇:၅) ယူဖရေးတီး​မြစ်​ကို အာဗြဟံ ဖြတ်ကူး​ပြီး နှစ်ပေါင်း ၄၃​၀ ကျ​မှ ကတိထားရာပြည်​ကို အမွေ​ရမယ့် လူမျိုး​အဖြစ် သားမြေး​တွေ ဖွဲ့စည်း​ခံ​ခဲ့ရတယ်။—ထွ. ၁၂:၄၀-၄၂။ ဂ​လ. ၃:၁၇

၁၁။ ယေဟော​ဝါကို အာဗြဟံ ဘာကြောင့် လိုလိုလားလား စောင့်ဆိုင်း​ခဲ့​သလဲ။ စိတ်ရှည်မှု​ကြောင့် ဘာ​ကောင်းချီးတွေ ရ​မလဲ။

၁၁ အာဗြဟံ​ရဲ့ စိတ်ရှည်မှု​ဟာ ယေဟော​ဝါကို ယုံကြည်ခြင်း​အပေါ် အခြေခံ​တာ​မို့ တလိုတလား စောင့်ဆိုင်း​ခဲ့တယ်။ (ဟီဘရူး ၁၁:၈-၁၂ ကိုဖတ်ပါ။) ကတိတော် ပြည့်စုံ​တာ​ကို အပြည့်အဝ မမြင်​ခဲ့ရ​ပေ​မဲ့ ကျေကျေနပ်နပ် စောင့်ဆိုင်း​ခဲ့တယ်။ ပရဒိသု မြေကြီး​ပေါ် ပြန်​ထမြောက်​လာတဲ့အခါ အာဗြဟံ ဘယ်လောက် ပျော်ရွှင်​မလဲဆိုတာ မြင်ယောင်​ကြည့်ပါ။ မိမိ​နဲ့ သားစဉ်​မြေးဆက်​အကြောင်း ကျမ်းစာမှာ ဘယ်လောက် မှတ်တမ်းတင်​ထားကြောင်း သိရတဲ့အခါ အံ့ဩ​သွားပါလိမ့်မယ်။ * ကတိထားရာ မျိုးနွယ်​နဲ့ပတ်သက်တဲ့ ယေဟော​ဝါရဲ့ ရည်ရွယ်ချက် ပြည့်စုံရေး​မှာ မိမိရဲ့ အရေးပါတဲ့ အခန်းကဏ္ဍ​ကို ဦးဆုံး​အနေနဲ့ သိလာ​ရတဲ့​အခါ အာဗြဟံ ဘယ်လောက် စိတ်လှုပ်ရှား​မလဲဆိုတာ မြင်ယောင်​ကြည့်ပါ။ စောင့်​ရ​ကျိုး​နပ်​တယ်လို့ ခံစားရ​မှာ သေချာ​တယ်။

၁၂၊ ၁၃။ ယောသပ် ဘာကြောင့် စိတ်ရှည်​ဖို့ လို​သလဲ။ ဘယ်​သဘောထား​မှန် ရှိခဲ့​သလဲ။

၁၂ အာဗြဟံ​ရဲ့ မြစ် ယောသပ်​လည်း လိုလိုလားလား စိတ်ရှည်​ခဲ့တယ်။ ဆိုးရွား​တဲ့ မတရားမှုတွေ ကြုံ​ခဲ့ရတယ်။ ဦးဆုံး အသက် ၁၇ နှစ်​လောက်မှာ အစ်ကို​တွေ​က ကျွန်​အဖြစ် ရောင်းစား​ခဲ့တယ်။ သခင့်​မိန်းမ​ကို အဓမ္မ​ကျင့်​ဖို့ ကြိုးစား​တယ်လို့ မတရား​စွပ်စွဲ​ခံရပြီး ထောင်ချ​ခံ​ခဲ့ရတယ်။ (က. ၃၉:၁၁-၂၀။ ဆာ. ၁၀၅:၁၇၊ ၁၈) ဖြောင့်မတ်မှု​ကြောင့် ကောင်းချီး​အစား အပြစ်​ပဲ ပေး​ခံရ​ပုံ ပေါက်​ခဲ့တယ်။ ဒါပေမဲ့ ၁၃ နှစ်​ကြာ​ပြီးနောက် အရာရာ ပြောင်းလဲ​သွားတယ်။ ထောင်​က​နေ လွတ်​လာပြီး အီဂျစ်ပြည်​မှာ ဒုတိယ​ အာဏာ​အရှိဆုံး​ပုဂ္ဂိုလ် ဖြစ်လာတယ်။—က. ၄၁:၁၄၊ ၃၇-၄၃။ တ. ၇:၉၊ ၁၀

၁၃ မ​တရား​မှုတွေ​ကြောင့် ယောသပ် နာကြည်း​ခဲ့သလား။ ယေဟော​ဝါဘုရား​အပေါ် ယုံကြည်မှု ပျောက်ဆုံး​သွား​သလား။ ပျောက်ဆုံး​မသွား​ပါဘူး။ စိတ်ရှည်​စွာ စောင့်ဆိုင်းဖို့ ယောသပ်​ကို ဘာက ကူညီပေးသလဲ။ ယေဟော​ဝါကို ယုံကြည်ခြင်း​ပဲ။ ကိစ္စရပ်​တွေ​အပေါ် ယေဟော​ဝါရဲ့ လက်တော်​ကို မြင်တွေ့​ခဲ့တယ်။ ‘မစိုးရိမ်​ပါနဲ့။ ဘုရား​သခင်က​ပဲ အပြစ်ပေး​နိုင်တာ​ပါ။ ကျွန်တော်​ ပေး​လို့​မရ​ပါဘူး။ ကျွန်တော့်ကို အစ်ကို​တို့ မကောင်းကြံ​ခဲ့​ပေ​မဲ့ ဘုရား​သခင်က အခုလို လူအများ​ရဲ့​အသက်​ကို ကယ်​ဖို့ အကောင်း​ဖြစ်စေ​ခဲ့​ပြီ​ပဲ’ လို့ ပြောတာကို ကြည့်ရင် သိ​နိုင်ပါတယ်။ (က. ၅၀:၁၉၊ ၂၀) စောင့်​ရ​ကျိုး​နပ်​မှန်း ယောသပ်​ သဘောပေါက်​ခဲ့တယ်။

၁၄၊ ၁၅။ (က) ဒါဝိဒ်​ရဲ့ စိတ်ရှည်မှု​က ဘာကြောင့် ထူးခြား​သလဲ။ (ခ) စိတ်ရှည်​စွာ စောင့်​ဖို့ ဒါဝိဒ်​ကို ဘာက ကူညီပေးခဲ့သလဲ။

၁၄ ဘုရင်ဒါဝိဒ်​လည်း မ​တရား​မှုများ​စွာ ကြုံ​ခဲ့ရတယ်။ နောက်​တက်​မယ့် အစ္စရေး​ဘုရင်အဖြစ် ငယ်ငယ်ရွယ်ရွယ်​မှာ ဘိသိက်ပေး​ခံရ​ပေ​မဲ့ ယုဒ​မျိုးနွယ်​ရဲ့ ဘုရင်​ဖြစ်ဖို့ ၁၅ နှစ် စောင့်​ခဲ့ရတယ်။ (၂ ရှ. ၂:၃၊ ၄) ဒီ​အတောအတွင်း သစ္စာမဲ့​ဘုရင် ရှောလု​က သတ်ဖို့ လိုက်​ဖမ်း​ခဲ့တယ်။ * ဒါကြောင့် ဝရမ်းပြေး​အဖြစ် အသက်ရှင်​ခဲ့ရတယ်။ တစ်ခါတလေ တိုင်းတစ်ပါး​မှာ၊ တစ်ခါတလေ တော​ထဲက ဂူ​တွေ​ထဲမှာ နေခဲ့​ရတယ်။ တိုက်ပွဲ​မှာ ရှောလု ကျဆုံး​ပြီးနောက်​မှာတောင် အစ္စရေး​တစ်နိုင်ငံလုံး​ကို အုပ်ချုပ်​ဖို့ နောက်ထပ် ခုနစ်နှစ် စောင့်ဆိုင်း​ခဲ့ရတယ်။—၂ ရှ. ၅:၄၊ ၅

၁၅ ဒါဝိဒ် ဘာကြောင့် စိတ်ရှည်​စွာ စောင့်ဆိုင်း​ချင်​ရသလဲ။ ‘ဘယ်လောက်​ကြာကြာ​လဲ’ လို့ လေး​ကြိမ် မေး​ခဲ့တဲ့ ဆာလံကျမ်း​မှာ အဖြေ​ပေးထားတယ်။ “ကျွန်တော်က​တော့ ခိုင်မြဲ​တဲ့​မေတ္တာတော်​ကိုပဲ ယုံကြည်ကိုးစား​ပါတယ်။ ကိုယ်တော် ကယ်တင်​တဲ့အခါ ရင်​ထဲမှာ ဝမ်းမြောက်​ရ​လိမ့်မယ်။ ယေဟော​ဝါ ကြွယ်ဝ​စွာ ဆုချ​တဲ့အတွက် ကျွန်တော် ချီးမွမ်းသီချင်း​ဆို​မယ်” လို့ ဒါဝိဒ် ပြောတယ်။ (ဆာ. ၁၃:၅၊ ၆) ယေဟော​ဝါရဲ့ ခိုင်မြဲ​တဲ့​မေတ္တာကို ဒါဝိဒ် ယုံကြည်ကိုးစား​ခဲ့တယ်။ ကယ်တင်​မယ့်​အချိန်ကို ကျေကျေနပ်နပ် စောင့်ဆိုင်း​တယ်။ မိမိ​ကို ယေဟော​ဝါ ဘယ်လို ဆုချ​မှန်း တွေးတောဆင်ခြင်​တယ်။ စောင့်​ရ​ကျိုး​နပ်​တယ်လို့ ဒါဝိဒ်​ ခံစား​ခဲ့​ပါတယ်။

ယေဟောဝါဟာ ကိုယ်တိုင် စိတ်မရှည်ဘဲ ကျွန်တော်တို့ စိတ်ရှည်ဖို့ မမျှော်လင့်ပါဘူး

၁၆၊ ၁၇။ လိုလိုလားလား စောင့်ဆိုင်း​တာနဲ့​ပတ်သက်ပြီး ယေဟော​ဝါ​ဘုရားနဲ့ ယေရှုခရစ် နှစ်ပါး​စလုံး ဘယ်လို ပုံသက်သေ​ပြခဲ့​ကြ​သလဲ။

၁၆ ယေဟော​ဝါဟာ ကိုယ်တိုင် စိတ်မရှည်​ဘဲ ကျွန်တော်တို့ စိတ်ရှည်​ဖို့ မမျှော်လင့်​ပါဘူး။ လိုလိုလားလား စောင့်ဆိုင်း​ရာမှာ အကောင်းဆုံး ပုံသက်သေ ပြခဲ့တယ်။ (၂ ပေတရု ၃:၉ ကိုဖတ်ပါ။) ဧဒင်ဥယျာဉ်​မှာ ပေါ်ပေါက်​ခဲ့တဲ့ အရေးကိစ္စ​ကို အပြီးအပိုင် ဖြေရှင်းဖို့ ယေဟော​ဝါ နှစ်ထောင်​နဲ့​ချီ စိတ်ရှည်​စွာ စောင့်နေတယ်။ နာမတော် အကြွင်းမဲ့ သန့်ရှင်းမြင့်မြတ်​လာမယ့် အချိန်ကို “စိတ်ရှည်ရှည် စောင့်နေ” တယ်။ “မျှော်လင့်စောင့်စား​နေ” တယ်။ “ဘုရားကို မျှော်လင့်စောင့်စား​နေ​သူတွေ” ဟာ စဉ်းစား​လို့ မ​မီနိုင်​တဲ့​ကောင်းချီးတွေ ရရှိ​ကြပါ​လိမ့်မယ်။—ဟေရှာ. ၃၀:၁၈

၁၇ ယေရှု​လည်း တလိုတလား စောင့်ဆိုင်း​ခဲ့တယ်။ မြေကြီး​ပေါ်မှာ သမာဓိ​စမ်းသပ်မှု အောင်မြင်​ပြီး အေဒီ ၃၃ မှာ ရွေးဖိုး​ပူဇော်သက္ကာ ဆက်သ​ပြီး​တာတောင် ဘုရင်​ဖြစ်ဖို့ ၁၉၁​၄ ခုနှစ်​အထိ စောင့်ဆိုင်း​ခဲ့ရတယ်။ (တ. ၂:၃၃-၃၅။ ဟီ. ၁၀:၁၂၊ ၁၃) အနှစ်တစ်ထောင် အုပ်ချုပ်မှု ကုန်ဆုံး​မှ ရန်သူ​အားလုံးကို အပြီးအပိုင် ဖျက်ဆီး​မယ်။ (၁ ကော. ၁၅:၂၅) အတော်ကြာကြာ စောင့်ဆိုင်း​ရဦး​မှာ ဖြစ်ပေမဲ့ စောင့်​ရ​ကျိုး​နပ်​မှာ သေချာ​ပါတယ်။

ဘာက ကူညီပေး​မလဲ

၁၈၊ ၁၉။ တလိုတလား စိတ်ရှည်ရှည် စောင့်​ဖို့ ဘာက ကူညီ​ပေး​မလဲ။

၁၈ ကျွန်တော်တို့​အားလုံး စိတ်ရှည်ရှည် စောင့်ဆိုင်း​ချင်စိတ်​ရှိ​ဖို့ လိုတယ်။ ဘာက ကူညီပေး​မလဲ။ ဘုရား​သခင့် စွမ်းအားတော်​ရဖို့ ဆုတောင်း​ပါ။ စိတ်ရှည်ခြင်း​ဟာ စွမ်းအားတော်​ကြောင့် ဖြစ်လာတဲ့ အရည်အသွေး​ဖြစ်ကြောင်း သတိရပါ။ (ဧ. ၃:၁၆။ ၆:၁၈။ ၁ သက်. ၅:၁၇-၁၉) စိတ်ရှည်ရှည် ခံရပ်​နိုင်အောင် ကူညီပေး​ပါ​လို့ ယေဟော​ဝါ​ဆီ အသနားခံ​ပါ။

၁၉ ယေဟော​ဝါရဲ့ ကတိ​တွေ ပြည့်စုံ​လာမယ့်​အချိန်ကို စိတ်ရှည်​စွာ စောင့်​ဖို့ အာဗြဟံ၊ ယောသပ်၊ ဒါဝိဒ်​တို့​ကို ဘာက ကူညီပေး​ခဲ့​ကြောင်း သတိရပါ။ အဲဒါက​တော့ ယေဟော​ဝါကို ယုံကြည်ကိုးစား​ခြင်း​ပါပဲ။ သူတို့ဟာ ကိုယ့်ကိုယ်ကိုယ် အာရုံမစိုက်​ဘူး။ ကိုယ်​အဆင်ပြေ​ဖို့​ပဲ အာရုံမစိုက်​ဘူး။ သူတို့​တစ်​တွေ ဘယ်လို ကောင်းချီး​ခံရ​တယ်ဆိုတာ ပြန်တွေး​တဲ့အခါ ကျွန်တော်တို့​လည်း စောင့်ဆိုင်း​တတ်တဲ့​သဘောထား တင်ပြ​ဖို့ အားပေး​ခံကြ​ရတယ်။

၂၀။ ကျွန်တော်တို့ ဘယ်လို စိတ်ပိုင်းဖြတ်​ထား​သင့်သလဲ။

၂၀ ဒါကြောင့် စမ်းသပ်မှုတွေ၊ အခက်အခဲ​တွေ ကြုံရ​ရင်တောင် “စိတ်ရှည်ရှည်​နဲ့ စောင့်” ဖို့ စိတ်ပိုင်းဖြတ်​ထားပါ။ ‘ယေဟော​ဝါဘုရား၊ ဘယ်လောက်​ကြာကြာ​လဲ’ လို့ မေး​မိ​တဲ့အခါတွေ ရှိ​နိုင်တယ်။ (ဟေရှာ. ၆:၁၁) ဒါပေမဲ့ “ယေဟော​ဝါဟာ ငါ့​ဝေစု​ပဲ။ ဒါကြောင့် ကိုယ်တော့်ကို စိတ်ရှည်ရှည်​နဲ့ စောင့်မယ်” လို့ ဘုရားသခင့် သန့်ရှင်းသော စွမ်းအားတော် အကူအညီ​နဲ့ ပြော​ဖို့ စိတ်ပိုင်းဖြတ်​ထားကြ​ပါစို့။—မြည်. ၃:၂၁၊ ၂၄

^ စာပိုဒ်၊ 11 ကမ္ဘာဦးကျမ်း အခန်းကြီး ၁၅ ခန်း​မှာ အာဗြဟံ​အကြောင်း ဖော်ပြတယ်။ ခရစ်ယာန် ဂရိကျမ်း ရေးသားသူတွေ​လည်း အာဗြဟံ​အကြောင်း အကြိမ် ၇၀ ကျော် ဖော်ပြ​ကြ​တယ်။

^ စာပိုဒ်၊ 14 နှစ်နှစ်​ကျော် အုပ်စိုး​ပြီးနောက် ရှောလု​ကို ယေဟော​ဝါ ငြင်းပယ်​ခဲ့​ပေ​မဲ့ သေဆုံးချိန်​အထိ နောက်ထပ် ၃၈ နှစ် အုပ်ချုပ်ခွင့် ပြု​ခဲ့တယ်။—၁ ရှ. ၁၃:၁။ တ. ၁၃:၂၁