မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“လူ့ဉာဏ်နဲ့ မမီနိုင်တဲ့ ဘုရားသခင့် ငြိမ်သက်ခြင်း”

“လူ့ဉာဏ်နဲ့ မမီနိုင်တဲ့ ဘုရားသခင့် ငြိမ်သက်ခြင်း”

“လူ့​ဉာဏ်​နဲ့​မ​မီနိုင်​တဲ့ ဘုရားသခင့်​ငြိမ်သက်ခြင်း​က . . . ခင်ဗျား​တို့ရဲ့ စိတ်နှလုံး . . . ကို စောင့်ရှောက်​ပေးပါ​လိမ့်မယ်။”—ဖိ. ၄:၇

သီချင်း– ၁၁၂၊ ၅၈

၁၊ ၂။ ဖိလိပ္ပိ​မြို့မှာ ပေါလုနဲ့ သိလ​တို့ ဘာကြောင့် ထောင်​ထဲ ရောက်​သွား​ကြ​သလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကို ကြည့်ပါ။)

ညသန်းခေါင်​လောက်မှာ​ပေါ့။ ဖိလိပ္ပိ​ထောင်​ထဲမှာ သာသနာပြု ပေါလုနဲ့ သိလ​တို့ အကျဉ်း​ကျနေတယ်။ ခြေထောက်​တွေကို ထိပ်​တုံး ခတ်​ထားတယ်။ ကြိမ်ဒဏ်​ကြောင့် ကျော​တွေ နာကျင်​နေတုန်းပဲ။ (တ. ၁၆:၂၃၊ ၂၄) အဖြစ်အပျက်​တွေ​က မြန်ဆန်​လွန်း​တယ်။ လူအုပ်​က သူတို့ကို ဗြုန်းစားကြီး တရားသူကြီး​တွေဆီ ဖမ်းဆီးခေါ်ဆောင်​သွားတယ်။ အဝတ်​တွေ ဆွဲ​ချွတ်​ပြီး ကြိမ်ဒဏ်​ပေးတယ်။ (တ. ၁၆:၁၆-၂၂) တကယ့်​မတရား​မှု​ပါပဲ။ ရောမ​နိုင်ငံသား ပေါလု​ကို တော်မှန်​စွာ မေးမြန်းစစ်ဆေး​ရမှာ။ *

ပေါလု အမှောင်​ထဲမှာ ထိုင်​ရင်း တစ်နေ့​တာ​အကြောင်း ပြန်တွေး​နေတယ်။ ဖိလိပ္ပိ​မြို့သား​တွေအကြောင်း စဉ်းစား​မိတယ်။ ပေါလု လည်ပတ်​ခဲ့တဲ့ တခြားမြို့​တွေလို ဖိလိပ္ပိ​မြို့မှာ ဂျူး​တရားဇရပ် မရှိဘူး။ ဂျူး​တွေဟာ မြို့ပြင်​မြစ်​ကမ်း​နား​မှာ စုဝေး​လေ့​ရှိ​ကြ​တယ်။ (တ. ၁၆:၁၃၊ ၁၄) တရားဇရပ် ဆောက်​ဖို့ လိုအပ်တဲ့ ဂျူး​အမျိုးသား ဆယ်ယောက်​တောင် မရှိ​လို့​လား။ ဖိလိပ္ပိ​မြို့​သားတွေ​ဟာ ရောမ​နိုင်ငံသား ဖြစ်​ရတာ​ကို အလွန်​ဂုဏ်ယူ​ကြ​တယ်။ (တ. ၁၆:၂၁) ဒါကြောင့်​လည်း ပေါလုနဲ့ သိလ​တို့ ရောမ​နိုင်ငံသား ဖြစ်နိုင်​တယ်လို့ မစဉ်းစား​မိ​ကြတာ​လား။ ဘာ​ပဲ​ဖြစ်ဖြစ် သူတို့​တစ်​တွေ မတရား​သဖြင့် ထောင်ချ​ခံ​လိုက်ရတယ်။

၃။ ထောင်ကျ​တာ​ကို ပေါလု ဘာကြောင့် စိတ်ရှုပ်​မိ​နိုင်သလဲ။ ဘယ်​သဘောထား တင်ပြ​ခဲ့​သလဲ။

ပေါလုဟာ လွန်ခဲ့တဲ့​လ​အနည်းငယ်​အတွင်း​က ဖြစ်ရပ်​တွေကိုလည်း စဉ်းစား​နေနိုင်​တယ်။ အာရှမိုင်းနား၊ အေဂျီယန်​ပင်လယ်​တစ်ဖက်​ကမ်း​မှာ ရှိနေတုန်း ဒေသ​တချို့​မှာ မ​ဟော​ဖို့ သန့်ရှင်းသော စွမ်းအားတော် အကြိမ်ကြိမ် တားမြစ်​ခဲ့တယ်။ တခြားတစ်​နေရာ​ကို သွားဖို့ သန့်ရှင်းသော စွမ်းအားတော် တိုက်တွန်း​နေ​သလိုပဲ။ (တ. ၁၆:၆၊ ၇) ဒါပေမဲ့ ဘယ်​နေရာ​လဲ။ တ​ရော​မြို့မှာ မြင်ခဲ့​တဲ့ စိတ်အာရုံ​က ဖော်ပြတယ်။ ‘မက်ဆီဒိုးနီးယား​ပြည်​ကို ကူး​လာ​ပါ’ လို့ ပေါလု​ကို ပြောတယ်။ ယေဟော​ဝါရဲ့ အလိုတော်​ကို ရှင်းရှင်းလင်းလင်း သိရ​ပြီမို့ ဖိတ်ခေါ်ချက်​ကို ပေါလု ချက်ချင်း လက်ခံ​ခဲ့တယ်။ (တမန်တော် ၁၆:၈-၁၀ ကိုဖတ်ပါ။) ဘာတွေ ဆက်​ဖြစ်သလဲ။ မက်ဆီဒိုးနီးယား​ပြည် ရောက်​ပြီး မကြာခင် ထောင်ကျ​သွားတယ်။ ဘာကြောင့် ယေဟော​ဝါ ခွင့်ပြု​ခဲ့​သလဲ။ ထောင်​ထဲမှာ ဘယ်လောက်​ကြာကြာ နေရ​မလဲ။ အဲဒီ​မေးခွန်းတွေနဲ့ ပေါလု စိတ်​လေး​နေရင်​တောင် ယုံကြည်ခြင်း​နဲ့ ဝမ်းမြောက်ခြင်း လျော့ပါး​မခံ​ခဲ့ဘူး။ ပေါလုနဲ့ သိလ​နှစ်ယောက်စလုံး “ဆုတောင်းပြီး ဘုရားသခင်ကို ချီးမွမ်းသီချင်း ဆို” ခဲ့ကြတယ်။ (တ. ၁၆:၂၅) ဘုရားသခင့် ငြိမ်သက်ခြင်း​က သူတို့ကို စိတ်သက်သာရာ ရစေတယ်။

၄၊ ၅။ (က) ကျွန်တော်တို့ရဲ့ အခြေအနေ​ဟာ ပေါလု​ရဲ့ အခြေအနေ​နဲ့ ဘယ်လို ဆင်တူ​နိုင်သလဲ။ (ခ) ပေါလု​ရဲ့ အခြေအနေ မမျှော်လင့်​ဘဲ ဘယ်လို ပြောင်းလဲ​သွား​သလဲ။

ပေါလု​လိုပဲ သင်လည်း ဘုရားသခင့် သန့်ရှင်းသော စွမ်းအားတော်​ရဲ့ လမ်းညွှန်မှု​အတိုင်း လိုက်လျှောက်​နေ​ပါ​လျက်​နဲ့ မျှော်လင့်​ထား​သလို ဖြစ်မလာ​တဲ့အခါတွေ ရှိနိုင်​တယ်။ အခက်အခဲ​တွေ ရင်ဆိုင်​ရ​နိုင်တယ်။ အပြောင်းအလဲ​ကြီး​တွေ လုပ်ဖို့ လိုအပ်တဲ့ အခြေအနေ​သစ်​တွေ ကြုံရ​နိုင်တယ်။ (ဒေ. ၉:၁၁) တချို့​ကိစ္စတွေ​ကို ယေဟော​ဝါ ဘာကြောင့် ခွင့်ပြု​သလဲ​လို့ တွေးမိ​နိုင်တယ်။ ဒါဆိုရင် ယေဟော​ဝါကို ယုံကြည်စိတ်ချမှု​အပြည့်​နဲ့ ဆက်ခံ​ရပ်​ဖို့ ဘာက ကူညီ​ပေးနိုင်သလဲ။ အဖြေကို သိ​ဖို့ ပေါလုနဲ့ သိလ​အကြောင်း ဆက်​သုံးသပ်ကြည့်​ကြစို့။

ပေါလုနဲ့ သိလ​တို့ ချီးမွမ်းသီချင်း ဆို​နေတုန်း မျှော်လင့်​မထား​တာ​တွေ ဆက်တိုက် ဖြစ်လာတယ်။ ရုတ်တရက် မြေငလျင် ပြင်းထန်​စွာ လှုပ်​ပြီး ထောင်​တံခါး​တွေ ပွင့်​ကုန်​တယ်။ ထောင်သား​အားလုံး အချုပ်အနှောင်​က​နေ လွတ်​ကုန်​တယ်။ ကိုယ့်ကိုယ်ကိုယ် သတ်​သေ​တော့​မယ့် ထောင်မှူး​ကို ပေါလု တားဆီး​ခဲ့တယ်။ ထောင်မှူး​နဲ့ တစ်​မိသားစု​လုံး နှစ်ခြင်းခံ​ကြ​တယ်။ နောက်​တစ်နေ့​မှာ လက်ထောက်​တရားသူကြီး​တွေ​က အစောင့်​ရဲ​မက်​တွေ လွှတ်​ပြီး ပေါလုနဲ့ သိလ​ကို လွှတ်​ခိုင်း​လိုက်တယ်။ မြို့​ထဲကနေ အေးအေးဆေးဆေး ထွက်သွား​ကြ​ဖို့ ပြောတယ်။ ပေါလုနဲ့ သိလ​တို့ ရောမ​နိုင်ငံသား​တွေ​ဖြစ်မှန်း၊ မိမိတို့ အမှား လုပ်မိ​မှန်း တရားသူကြီး​တွေ သိသွား​တဲ့​အတွက် သူတို့​ကိုယ်တိုင် မြို့ပြင်​အထိ လိုက်​ပို့​ကြ​တယ်။ ဒါပေမဲ့ ပေါလုနဲ့ သိလ​ဟာ နှစ်ခြင်းခံ​ပြီး​ခါ​စ ညီအစ်မ​ လုဒိ​အိမ်​ကို အရင်​သွားပြီး နှုတ်ဆက်စကား ပြော​ကြ​တယ်။ ညီအစ်ကိုတွေ​ကိုလည်း အားပေး​ခဲ့ကြတယ်။ (တ. ၁၆:၂၆-၄၀) အဖြစ်အပျက်​တွေ ပြောင်းလဲ​သွားတာ မြန်ဆန်​လွန်း​လှတယ်။

“လူ့​ဉာဏ်​နဲ့​မ​မီနိုင်”

၆။ ဘာအကြောင်း ဆွေးနွေးသုံးသပ်​ကြ​မလဲ။

ဒီ​ဖြစ်ရပ်​တွေကနေ ဘာတွေ သင်ယူ​ရသလဲ။ မျှော်လင့်​မထား​တာတွေကို ယေဟော​ဝါ လုပ်​နိုင်တယ်။ ဒါကြောင့်​ စမ်းသပ်မှုတွေ ကြုံရတဲ့​အခါ စိုးရိမ်​ဖို့ မလိုဘူး။ အဲဒီ​ဖြစ်ရပ်​က​နေ ပေါလု သင်ခန်းစာ ရသွား​တယ်။ ဖိလိပ္ပိ​မြို့ ညီအစ်ကို​တွေဆီ စိုးရိမ်ပူပန်မှု​အကြောင်း၊ ဘုရား​သခင့် ငြိမ်သက်ခြင်း​အကြောင်း နောက်ပိုင်းမှာ ရေးခဲ့တယ်။ ဖိလိပ္ပိ ၄:၆၊ ၇ (ဖတ်ပါ) မှာပါတဲ့ ပေါလု​ရဲ့ စကား​တွေကို ဦးဆုံး သုံးသပ်ကြည့်​ကြစို့။ မျှော်လင့်​မထား​တာတွေကို ယေဟော​ဝါ လုပ်ဆောင်​ခဲ့တဲ့ ကျမ်းစာ​ ပုံနမူနာ​တွေကိုလည်း ဆွေးနွေးပါမယ်။ ယေဟော​ဝါအပေါ် ယုံကြည်​စိတ်ချမှု​အပြည့်​နဲ့ ခံရပ်နိုင်​ဖို့ “ဘုရားသခင့် ငြိမ်သက်​ခြင်း” က ဘယ်လို ကူညီ​ပေးနိုင်​ကြောင်း​လည်း ဆွေးနွေး​ကြပါ​မယ်။

၇။ ဖိလိပ္ပိ​မြို့​က ညီအစ်ကို​တွေဆီ နောက်ပိုင်း ရေးတဲ့​စာမှာ ဘယ်​သင်ခန်း​စာ​ကို ပေါလု အလေးပေး​ခဲ့​သလဲ။ ပေါလု​ရဲ့ စကား​တွေကနေ ဘာ​သင်ခန်းစာ ယူ​နိုင်သလဲ။

ဖိလိပ္ပိ​မြို့​က ညီအစ်ကိုတွေ ပေါလု​ရဲ့​စာ​ကို ဖတ်​ရတဲ့​အခါ ပေါလု ကြုံ​ခဲ့ရတဲ့ အဖြစ်အပျက်​အကြောင်း၊ မျှော်လင့်​မထား​တာတွေကို ယေဟော​ဝါ ဘယ်လို လုပ်ဆောင်​ခဲ့​ကြောင်း အမှတ်ရ​ခဲ့ကြ​မှာပဲ။ သူတို့ကို ပေါလု​ ဘာ​သင်ပေး​နေ​တာလဲ။ မစိုးရိမ်​ဖို့ သင်ပေး​နေ​တာပါ။ ဆုတောင်း​ပါ။ ဒါဆိုရင် ဘုရားသခင့် ငြိမ်သက်ခြင်း ရရှိ​လိမ့်မယ်။ “ဘုရားသခင့် ငြိမ်သက်ခြင်း​က” “လူ့​ဉာဏ်​နဲ့ မမီ​နိုင်” ကြောင်း သတိ​ပြုပါ။ ဘာကို ဆိုလို​သလဲ။ ဘာသာ​ပြန်​တချို့က “လူ့​စိတ်ကူး​နဲ့ မ​မီနိုင်၊” “လူ့​အကြံအစည်​တွေ​ထက် သာလွန်” လို့ ပြန်ဆို​ကြ​တယ်။ “ဘုရား​သခင့် ငြိမ်သက်ခြင်း” ဟာ စိတ်ကူး​လို့ မရနိုင်​လောက်အောင် သာလွန်​ကောင်းမွန်​တယ်လို့ ပေါလု ပြော​နေ​တာပါ။ ဒါကြောင့် လူ့ရှုထောင့်​က​ကြည့်ရင် ပြဿနာ​တွေရဲ့ ဖြေရှင်းနည်း​ကို မမြင်နိုင်​ပေ​မဲ့ ယေဟော​ဝါကတော့ မြင်နိုင်​ပြီး မျှော်လင့်​မထား​တာ​တွေ လုပ်ဆောင်​နိုင်တယ်။၂ ပေတရု ၂:၉ ကိုဖတ်ပါ။

၈၊ ၉။ (က) ဖိလိပ္ပိ​မြို့မှာ ကြုံ​ခဲ့တဲ့ မတရားမှု​က​နေ ဘာ​ရလဒ်ကောင်း ရရှိ​ခဲ့​သလဲ။ (ခ) ဖိလိပ္ပိ​မြို့​က ညီအစ်ကိုတွေ ပေါလု​ရဲ့ စကားကို ဘာကြောင့် အလေးအနက် ထားကြ​သလဲ။

လွန်ခဲ့တဲ့ ဆယ်နှစ်​တုန်းက ဖြစ်ရပ်တွေကို ဖိလိပ္ပိ​မြို့​က ညီအစ်ကိုတွေ ပြန်တွေး​တဲ့အခါ အားရှိ​ခဲ့မှာပဲ။ ပေါလု​ရဲ့ စကား​တွေ သိပ်​မှန်တယ်။ မတရားမှုကို ယေဟော​ဝါ ခွင့်ပြု​ခဲ့​ပေ​မဲ့ “သတင်းကောင်း ဟောပြောခွင့်​ကို ခုခံကာကွယ်​ပြီး တရားဥပဒေ​အရ အ​တည်​ဖြစ်အောင် လုပ်” ခွင့်​ ရခဲ့တယ်။ (ဖိ. ၁:၇) တရားသူကြီး​တွေဟာ တည်ထောင်​ခါ​စ ခရစ်ယာန်​အသင်းတော်ကို မဆင်မခြင် မဆန့်ကျင်​ရဲ​တော့ဘူး။ ပေါလု​ရဲ့ လုပ်ရပ်​ကြောင့် ခရီးသွားဖော် ဆရာဝန် လုကာ​ဟာ ပေါလုနဲ့ သိလ​တို့ ထွက်သွား​ပြီးနောက် ဖိလိပ္ပိ​မြို့မှာ ဆက်​နေနိုင်​ခဲ့တယ်။ ဒါကြောင့် လုကာ​ဟာ ဖိလိပ္ပိ​မြို့​က အသင်းတော်သစ်​ကို ကူညီ​ပေးနိုင်​ခဲ့တယ်။

ဖိလိပ္ပိ​မြို့​က ညီအစ်ကိုတွေ ပေါလု​ရဲ့​စာ​ကို ဖတ်​ရတဲ့​အခါ ရုံးခန်း​မှာ ထိုင်​ရေးတဲ့​စာ​ပဲ မဟုတ်ဘူး​ဆိုတာ​ကို သိ​ကြ​တယ်။ ပေါလု​ကိုယ်တိုင် အခက်ခဲဆုံး အခြေအနေ​တွေ ကြုံ​ခဲ့ရတယ်။ ဒါပေမဲ့ “ဘုရားသခင့် ငြိမ်သက်ခြင်း” ရှိကြောင်း ဖော်ပြ​ခဲ့တယ်။ တကယ်တော့ ဒီ​စာ ရေးတဲ့​အချိန်​မှာ ပေါလု ရောမ​မြို့မှာ အကျယ်ချုပ်​ကျနေတယ်။ ဒါတောင် “ဘုရားသခင့် ငြိမ်သက်ခြင်း” ရှိကြောင်း ပြ​နေတုန်းပဲ။—ဖိ. ၁:၁၂-၁၄။ ၄:၇၊ ၁၁၊ ၂၂

‘ဘာမှ မစိုးရိမ်​နဲ့’

၁၀၊ ၁၁။ ပြဿနာ​အတွက် အစိုးရိမ်လွန်​နေတဲ့​အခါ ဘာ​လုပ်​ရ​မလဲ။ ဘာ​မျှော်လင့်​နိုင်သလဲ။

၁၀ ဘာမှ မစိုးရိမ်​ဘဲ “ဘုရားသခင့် ငြိမ်သက်ခြင်း” ရရှိ​ဖို့ ဘာက ကူညီ​ပေးနိုင်သလဲ။ စိုးရိမ်စိတ်​ရဲ့ ဖြေဆေး​က ဆုတောင်းခြင်း​ပဲ​ဆိုတာ ဖိလိပ္ပိ​အသင်းတော်ကို ရေးတဲ့ ပေါလု​ရဲ့ စကား​တွေ​က ဖော်ပြတယ်။ စိုးရိမ်ပူပန်​တဲ့အခါ ရင်ဖွင့် ဆုတောင်း​လိုက်ပါ။ (၁ ပေတရု ၅:၆၊ ၇ ကိုဖတ်ပါ။) ယေဟော​ဝါ ဂရုစိုက်​တယ်​ဆိုတဲ့ ယုံကြည်မှု​အပြည့်​နဲ့ ဆုတောင်း​ပါ။ ကိုယ်​ခံစားရ​တဲ့ ကောင်းချီး​တွေကို သတိ​ရ​ပြီး “ကျေးဇူးတော်ကို ချီးမွမ်း” ပါ။ “ကျွန်တော်တို့ တောင်းလျှောက်​သမျှ၊ ကြံစည်သမျှ​ထက် အတိုင်း​ထက်​အလွန် လုပ်ဆောင်​နိုင်” တယ်ဆိုတာ အမှတ်​ရမယ်​ဆိုရင် ဘုရား​အပေါ် ယုံကြည်စိတ်ချမှု တိုးများ​လာပါလိမ့်မယ်။—ဧ. ၃:၂၀

၁၁ ဖိလိပ္ပိ​မြို့​က ပေါလုနဲ့ သိလ​တို့ အဖြစ်​လိုပဲ ကျွန်တော်​တို့​အတွက် ယေဟော​ဝါ လုပ်ပေး​ခဲ့တာ​တွေကို အံ့ဩ​မိ​နိုင်တယ်။ ထူးထူးခြားခြား မဟုတ်​ရင်တောင်​မှ လိုအပ်​တာ​ကိုတော့ အမြဲ လုပ်ဆောင်​ပေးပါ​လိမ့်မယ်။ (၁ ကော. ၁၀:၁၃) ယေဟော​ဝါ တည့်မတ်ပေး​မယ့်​အချိန်၊ ပြဿနာ ဖြေရှင်း​ပေးမယ့်​အချိန်ကို ဘာမှ မလုပ်ဘဲ ထိုင်စောင့်​နေ​ပါ​လို့ မဆိုလို​ပါဘူး။ ဆုတောင်းချက်​နဲ့အညီ လုပ်ဆောင်​ရမယ်။ (ရော. ၁၂:၁၁) ကျွန်တော်တို့ရဲ့ လုပ်ရပ်​က စိတ်ရင်း​မှန်​မှုကို ဖော်ပြပြီး ယေဟော​ဝါရဲ့ ကောင်းချီး ရရှိ​စေတယ်။ တစ်ချိန်​တည်းမှာ ကျွန်တော်တို့ရဲ့ တောင်းဆိုချက်၊ ကြံစည်ချက်၊ မျှော်လင့်ချက်​တွေ​ထက် ယေဟော​ဝါ ပို​လုပ်ဆောင်​နိုင်​ကြောင်း သိထား​ရမယ်။ တစ်ခါတလေ မျှော်လင့်​မထား​တာ​တွေ လုပ်ဆောင်​ပြီး အံ့ဩ​သွားစေတယ်။ ကျွန်တော်တို့​အတွက် မျှော်လင့်​မထား​တာတွေကို ယေဟော​ဝါ လုပ်ဆောင်​ပေးနိုင်စွမ်း​ရှိကြောင်း ပို​ယုံကြည်စိတ်ချ​စေတဲ့ ကျမ်းစာမှတ်တမ်း​တချို့ကို သုံးသပ်ကြည့်​ရ​အောင်။

မျှော်လင့်​မထား​တာတွေကို ယေဟော​ဝါ လုပ်ဆောင်​တဲ့ ပုံနမူနာ​များ

၁၂။ (က) အဆီးရီးယား​ဘုရင် သနာခရိပ် ခြိမ်းခြောက်​တဲ့အခါ ဘုရင်​ဟေဇကိ ဘာလုပ်ခဲ့သလဲ။ (ခ) ပြဿနာ​ကို ယေဟော​ဝါ​ ဖြေရှင်း​ပုံ​က​နေ ဘာ​သင်ယူ​ရသလဲ။

၁၂ မျှော်လင့်​မထား​တာတွေကို ယေဟော​ဝါ လုပ်ဆောင်​တဲ့ ပုံနမူနာ​တွေ ကျမ်းစာမှာ မကြာခဏ တွေ့ရတယ်။ ဘုရင်​ဟေဇကိ​ခေတ်မှာ အဆီးရီးယား​ဘုရင် သနာခရိပ်​က ယုဒပြည်​ကို ကျူးကျော်​ပြီး ဂျေရုဆလင်မြို့​ကလွဲလို့ တခြားမြို့​တွေကို သိမ်းပိုက်​ခဲ့တယ်။ (၂ ဘု.​ ၁၈:၁-၃၊ ၁၃) နောက်တော့ ဂျေရုဆလင်မြို့​ဘက် အာရုံ​လှည့်လာ​တယ်။ ဘုရင်​ဟေဇကိ ဘာလုပ်ခဲ့သလဲ။ ယေဟော​ဝါ​ဆီ ဆုတောင်းပြီး ယေဟော​ဝါရဲ့ ပရောဖက် ဟေရှာယ​ဆီ အကြံ​တောင်း​ခဲ့တယ်။ (၂ ဘု. ၁၉:၅၊ ၁၅-၂၀) သနာခရိပ် တောင်း​တဲ့ အခွန်ငွေ ပေးဆောင်ခြင်း​အားဖြင့် အကျိုးသင့်အကြောင်းသင့်​သဘော တင်ပြ​တယ်။ (၂ ဘု. ၁၈:၁၄၊ ၁၅) ရေရှည်​ဝိုင်းရံပိတ်ဆို့​မှု​အတွက် ကြိုတင်ပြင်ဆင်​တယ်။ (၂ ရာ. ၃၂:၂-၄) ဒါပေမဲ့ ပြဿနာ ဘယ်လို ပြေလည်​သွား​သလဲ။ ကောင်းကင်တမန်​တစ်ပါး​ကို ယေဟော​ဝါ စေလွှတ်​ပြီး သနာခရိပ်​ရဲ့ စစ်သား ၁၈၅,၀​၀​၀ ကို တစ်ည​တည်းမှာ ကွပ်မျက်ခဲ့တယ်။ ဒီလို​ဖြစ်ဖို့ ဟေဇကိ မျှော်လင့်​ခဲ့မှာ မဟုတ်ဘူး။—၂ ဘု. ၁၉:၃၅

ယောသပ်​အဖြစ်​က​နေ ဘာ​သင်ယူ​ရသလဲ။—က. ၄၁:၄၂ (အပိုဒ် ၁၃ ကိုကြည့်ပါ)

၁၃။ (က) ယောသပ်​အဖြစ်​က​နေ ဘာ​သင်ယူ​ရသလဲ။ (ခ) အာဗြဟံ​ရဲ့ ဇနီး စာ​ရာ့​ဘဝ​မှာ မျှော်လင့်​မထား​တာ​တစ်ခု ဘယ်လို ဖြစ်ခဲ့သလဲ။

၁၃ ယာကုပ်​ရဲ့​သား လူငယ် ယောသပ်​အကြောင်း သုံးသပ်ကြည့်ပါ။ အီဂျစ်ပြည်​မှာ ဒုတိယ အာဏာ​အရှိဆုံး​ပုဂ္ဂိုလ် ဖြစ်လာမယ်၊ အငတ်ဘေး​က​နေ မိသားစု​ကို ကယ်​ဖို့ ယေဟော​ဝါ အသုံးပြု​မယ်လို့ ထောင်ကျ​နေတုန်း တစ်ခါ​မှ တွေး​ခဲ့မှာ မဟုတ်ဘူး။ (က. ၄၀:၁၅။ ၄၁:၃၉-၄၃၅၀:၂၀) ယောသပ် မျှော်လင့်​မထား​တာတွေကို ယေဟော​ဝါ လုပ်ဆောင်​ခဲ့တယ်။ ယောသပ်​ရဲ့ အဘွား စာရာ​အကြောင်း​လည်း သုံးသပ်ကြည့်ပါ။ ကျွန်မ,မွေး​တဲ့​သား​အပြင် ကိုယ်တိုင် သားလေး​မွေး​မယ်လို့ အသက်ကြီး​နေတဲ့ စာရာ မျှော်လင့်​ခဲ့သလား။ အိဇက် မွေး​လာမယ်​လို့ စာရာ လုံးဝ တွေးမ​ထားခဲ့​ဘူး။—က. ၂၁:၁-၃၊ ၆၊ ၇

၁၄။ ယေဟော​ဝါကို ဘာကြောင့် ယုံကြည်စိတ်ချ​နိုင်သလဲ။

၁၄ ကမ္ဘာသစ် မရောက်ခင် ပြဿနာ​အားလုံးကို အံ့ဖွယ်​နည်း​နဲ့ ယေဟော​ဝါ ဖယ်ရှား​ပေးမယ်လို့ ကျွန်တော်တို့ မမျှော်လင့်​ပါဘူး။ ထူးခြား​တာ တစ်ခုခု လုပ်ပေး​ဖို့​လည်း မတောင်းဆို​ပါဘူး။ ဒါပေမဲ့ ယေဟော​ဝါ​ဘုရားက မိမိ​ကျေးကျွန်​တွေကို အံ့ဖွယ်နည်း​တွေနဲ့ ကူညီ​ပေးတဲ့​ဘုရား ဖြစ်မှန်း ကျွန်တော်တို့ သိတယ်။ (ဟေရှာယ ၄၃:၁၀-၁၃ ကိုဖတ်ပါ။) ဒါက ဘုရား​အပေါ် ယုံကြည်စိတ်ချမှု တိုးများ​စေတယ်။ အလိုတော်​ကို အပြည့်အဝ ထမ်းဆောင်​နိုင်စွမ်း​ပေးဖို့ ဘာ​မဆို လုပ်ပေး​နိုင်မှန်း သိ​ကြ​တယ်။ (၂ ကော. ၄:၇-၉) ဒီ​ကျမ်းစာမှတ်တမ်း​တွေကနေ ဘာ​သင်ခန်းစာ​တွေ ရသလဲ။ ဟေဇကိ၊ ယောသပ်၊ စာရာ​တို့ရဲ့ အဖြစ်​တွေ​က ဖော်ပြ​တဲ့အတိုင်း ဘုရား​အပေါ် သစ္စာ​ရှိမယ်​ဆိုရင် မတတ်စွမ်း​နိုင်​ပုံ​ရတဲ့​အရာ​တွေကို တတ်စွမ်း​နိုင်အောင် ယေဟော​ဝါ ကူညီပေး​နိုင်တယ်။

ဘုရားအပေါ် သစ္စာရှိမယ်ဆိုရင် မတတ်စွမ်းနိုင်ပုံရတဲ့အရာ တွေကို တတ်စွမ်းနိုင်အောင် ယေဟောဝါ ကူညီပေးနိုင်

၁၅။ “ဘုရားသခင့် ငြိမ်သက်ခြင်း” ကို ဘယ်လို ဆက်​ထိန်းသိမ်း​နိုင်သလဲ။

၁၅ အခက်အခဲတွေကို ရင်ဆိုင်​ပြီး “ဘုရားသခင့် ငြိမ်သက်ခြင်း” ကို ဘယ်လို ဆက်​ထိန်းသိမ်း​နိုင်သလဲ။ ယေဟော​ဝါ​ဘုရားနဲ့ ဆက်ဆံရေးကောင်း ထိန်းသိမ်း​ထားခြင်း​အားဖြင့်​ပါပဲ။ အဲဒီ​ဆက်ဆံရေး​က ရွေးဖိုး​အဖြစ် အသက်​ပေးခဲ့တဲ့ “ခရစ်တော်​ယေရှုက​တစ်ဆင့်” ပဲ ရ​နိုင်တယ်။ ဒီ​ရွေးဖိုး​ဟာ အဖ​ဘုရားရဲ့ အံ့ဖွယ်လုပ်ရပ် နောက်​တစ်ခုဖြစ်တယ်။ ယေဟော​ဝါက ရွေးဖိုး​ကို အသုံးပြုပြီး ကျွန်တော်တို့​အပြစ်​ကို ဖုံးအုပ်​ပေးတယ်။ ကြည်လင်​တဲ့ အမှားအမှန်​သိစိတ် ရရှိ​စေတယ်။ ဘုရားနဲ့ ရင်းနှီး​စေတယ်။—ယော. ၁၄:၆။ ယာ. ၄:၈။ ၁ ပေ. ၃:၂၁

စိတ်နှလုံး​နဲ့ ဉာဏ်ရည်ဉာဏ်စွမ်း​ကို စောင့်ရှောက်​ပေး

၁၆။ “ဘုရားသခင့် ငြိမ်သက်ခြင်း” ရှိရင် ဘာ​အကျိုး ရ​မလဲ။ ဥပမာ ပေးပါ။

၁၆ “လူ့​ဉာဏ်​နဲ့ မ​မီနိုင်​တဲ့ ဘုရားသခင့် ငြိမ်သက်ခြင်း” ရရှိတဲ့အခါ ဘာ​အကျိုး​တွေ ခံစားရ​သလဲ။ ‘ခရစ်တော်​ယေရှုက​တစ်ဆင့် ကျွန်တော်တို့ရဲ့ စိတ်နှလုံး​နဲ့ ဉာဏ်ရည်ဉာဏ်စွမ်း​ကို စောင့်ရှောက်​ပေးပါ​လိမ့်မယ်’ လို့ ကျမ်းစာ အဖြေ​ပေးတယ်။ (ဖိ. ၄:၇) “စောင့်ရှောက်” ဆိုတဲ့ မူရင်း​စကားလုံး​ဟာ စစ်ဘက်​ဆိုင်ရာ အသုံးအနှုန်း​ဖြစ်တယ်။ ရှေးခေတ်​တုန်းက မြို့​တွေကို စောင့်​ဖို့ တာဝန်ကျတဲ့ တပ်ဖွဲ့​ကို ရည်ညွှန်း​တယ်။ ဖိလိပ္ပိ​မြို့​ဟာ အဲဒီလို​မြို့​မျိုး ဖြစ်တယ်။ မြို့တံခါး​တွေကို စစ်သားတွေ စောင့်ကြပ်​နေတယ်​ဆိုတဲ့ အသိစိတ်​ကြောင့် ဖိလိပ္ပိ​မြို့သား​တွေ နှစ်နှစ်​ခြိုက်​ခြိုက် အိပ်စက်​နိုင်တယ်။ အလားတူ​ပဲ “ဘုရား​သခင့် ငြိမ်သက်ခြင်း” က ကျွန်တော်တို့ရဲ့ စိတ်​နှလုံးကို ငြိမ်း​အေး​စေတယ်။ ကျွန်တော်တို့ကို ယေဟော​ဝါ ဂရုစိုက်​ကြောင်း၊ အောင်မြင်​စေချင်​ကြောင်း သိထား​ကြ​တယ်။ (၁ ပေ. ၅:၁၀) အဲဒီ​အသိ​က စိုးရိမ်ပူပန်မှု၊ စိတ်ဓာတ်ကျ​မှုကြောင့် ဖိစီး​မနေ​ဖို့ ကာကွယ်​ပေးတယ်။

၁၇။ အနာဂတ်​ကို ယုံကြည်စိတ်ချမှု အပြည့်​နဲ့ ရင်ဆိုင်ဖို့ ဘာက ကူညီပေး​မလဲ။

၁၇ မကြာခင် ကမ္ဘာ​ပေါ် ဖြစ်ခဲ့​သမျှ​မှာ အကြီးမားဆုံး ဘေးဒုက္ခ ကျရောက်​ပါ​တော့မယ်။ (မ. ၂၄:၂၁၊ ၂၂) ကျွန်တော်​တို့​တစ်ယောက်စီ ဘာ​ကြုံတွေ့​ရ​မလဲဆိုတာ အသေးစိတ် မ​သိ​ကြဘူး။ ဒါပေမဲ့ စိုးရိမ်ပူပန်​ဖို့ မလို​ပါဘူး။ ယေဟော​ဝါ လုပ်ဆောင်မယ့်အရာ မှန်သမျှကို မသိပေမဲ့ ကျွန်တော်တို့ ကိုးကွယ်​တဲ့ ဘုရားသခင်ကို​တော့ သိကြ​တယ်။ ဘာ​ပဲ​ဖြစ်ဖြစ် မိမိ​ရည်ရွယ်ချက်​ကို အမြဲ​ပြည့်စုံ​စေမယ်၊ တစ်ခါတလေ မျှော်လင့်​မထား​တာတွေကို လုပ်ဆောင်​မယ်​ဆိုတာ အတိတ်​ဖြစ်ရပ်​တွေကနေ သိထား​ကြ​တယ်။ ယေဟော​ဝါ အဲဒီလို လုပ်ဆောင်​ပေး​တိုင်း “လူ့​ဉာဏ်​နဲ့ မ​မီနိုင်​တဲ့ ဘုရားသခင့် ငြိမ်သက်ခြင်း” ကို နည်းလမ်း​အသစ်​နဲ့ ခံစားရ​နိုင်ပါတယ်။

^ စာပိုဒ်၊ 1 သိလ​လည်း ရောမ​နိုင်ငံသား ဖြစ်​ပုံ​ရတယ်။—တ. ၁၆:၃၇