မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စရိုက်ဟောင်းကို ချွတ်ပယ်ထားနိုင်ပုံ

စရိုက်ဟောင်းကို ချွတ်ပယ်ထားနိုင်ပုံ

“စရိုက်ဟောင်း​ကိုရော စရိုက်ဟောင်း​ရဲ့ အကျင့်​တွေကို​ပါ ချွတ်ပယ်​ကြပါ။”—ကော. ၃:၉

သီချင်း– ၁၂၁၊ ၁၄၂

၁၊ ၂။ ယေဟော​ဝါ​သက်သေတွေ​နဲ့ပတ်သက်ပြီး ဘာ​သတိပြုမိ​ကြ​သလဲ။

ယေဟော​ဝါ​လူမျိုးရဲ့ ထူးခြားတဲ့ အရည်အသွေး​တွေကို လေ့လာသူတွေ မှတ်ချက်​ပြု​ကြ​တယ်။ ဥပမာ၊ နာ​ဇီ ဂျာမနီ​ခေတ်​က ညီအစ်ကို/မတွေ​နဲ့ပတ်သက်ပြီး စာရေးဆရာ အန်​တန် ဂီးလ်​က “ယေဟော​ဝါ​သက်သေတွေ​ဟာ နာ​ဇီ​တွေရဲ့ အထူး​ရန်လိုမှု ခံ​ရတယ်။ . . . ၁၉၃​၉ ခုနှစ်​တုန်းက [ချွေးတပ်စခန်း​တွေမှာ] သက်သေခံ ၆,၀​၀​၀ ရှိတယ်” လို့ပြောတယ်။ ရက်ရက်စက်စက် နှိပ်စက်​ခံရ​တာတောင် “တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေး​ပဲ။ သမာဓိ​ရှိပြီး စည်းလုံး​ညီညွတ်​ကြ​တယ်” လို့ ဆက်​ပြောတယ်။

မကြာသေး​ခင်​တုန်းက တောင်အာဖရိက​မှာရှိတဲ့ လေ့လာသူတွေ​လည်း ဘုရားသခင့်​လူမျိုးရဲ့ အလားတူ​ အရည်အသွေးကောင်း​တွေကို သတိပြုမိ​ကြ​တယ်။ တစ်ချိန်က အဲဒီ​နိုင်ငံမှာ အသားအရောင် မတူ​တဲ့ သက်သေခံ​တွေ လွတ်လွတ်လပ်လပ် မပေါင်းသင်း​နိုင်ခဲ့​ကြဘူး။ ဒါပေမဲ့ ၂၀၁​၁၊ ဒီဇင်ဘာ ၁၈ ရက်၊ တနင်္ဂနွေ​နေ့​မှာ တောင်အာဖရိက​နဲ့ အိမ်နီးချင်း​နိုင်ငံ​တွေ​က လူမျိုးပေါင်းစုံ​တဲ့ ညီအစ်ကို/မ​ ၇၈,၀၀၀​ ကျော်​ဟာ ဂျိုဟန်နက်စ်ဘာ့ဂ်​မြို့ အားကစားရုံ​ကြီး​မှာ ဝတ်ပြုစည်းဝေး​ဖို့ စုရုံး​ခဲ့ကြတယ်။ အားကစားရုံ မန်နေဂျာ​က “ကျွန်တော် တွေ့ဖူး​သမျှ​မှာ အရည်မွန်ဆုံး​လူတွေ​ပဲ။ အားလုံး သပ်သပ်ရပ်ရပ် ဝတ်ဆင်​ထားကြ​တယ်။ အားကစားရုံ​ကို သန့်ရှင်း​ရေး လုပ်​ပေးကြတယ်။ တကယ့်​လူမျိုးပေါင်းစုံ​ပါပဲ” လို့ပြောတယ်။

၃။ ညီအစ်ကိုအသင်းအပင်း​ကို ဘာက စည်းလုံး​စေ​သလဲ။

သက်သေခံ မဟုတ်​သူတွေ​ရဲ့ အလားတူ မှတ်ချက်​တွေ​က အပြည်ပြည်ဆိုင်ရာ ညီအစ်ကိုအသင်းအပင်း​ရဲ့ စည်းလုံးမှုကို ဖော်ပြတယ်။ (၁ ပေ. ၅:၉) ဒါပေမဲ့ တခြား​အဖွဲ့အစည်း​တွေနဲ့ ဘာက ကွဲပြား​စေ​သလဲ။ ကျမ်းစာနဲ့ သန့်ရှင်းသော စွမ်းအားတော် အကူအညီ​အားဖြင့် ‘စရိုက်ဟောင်း​ကို ချွတ်ပယ်’ ပြီး “စရိုက်သစ်​ကို ဝတ်ဆင်” ဖို့ ကြိုးစားကြ​တယ်။—ကော. ၃:၉၊ ၁၀

၄။ ဒီဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးသုံးသပ်​ကြ​မလဲ။ ဘာကြောင့်လဲ။

စရိုက်ဟောင်း​ကို ချွတ်​တာနဲ့ ပယ်​ထားတာ မတူဘူး။ ဒီဆောင်းပါးမှာ စရိုက်ဟောင်း​ကို ဘယ်လို ချွတ်ပယ်​နိုင်​ကြောင်း၊ ချွတ်ပယ်​ဖို့ ဘာကြောင့် အရေးကြီးကြောင်း၊ မကောင်းတဲ့ အကျင့်​တွေ ဘယ်လောက်​ပဲ အမြစ်စွဲ​နေ​ပါစေ ပြောင်းလဲ​နိုင်​ကြောင်း ဆွေးနွေးပါမယ်။ အမှန်တရား​ထဲ နှစ်ပေါင်း​များစွာ ရှိနေ​သူတွေ စရိုက်ဟောင်း​ကို ဘယ်လို ချွတ်ပယ်​ထား​နိုင်​ကြောင်း​လည်း ဆန်းစစ်​သွား​ပါမယ်။ အဲဒီ​သတိပေးချက်​တွေ ဘာကြောင့် လိုအပ်​သလဲ။ ယေဟော​ဝါကို တစ်ချိန်က ဝတ်ပြုသူ​တချို့​ သတိ​မပြု​မိ​ဘဲ လမ်း​ဟောင်း​ဘက် ပါသွား​ကြ​တယ်။ “ကိုယ့်ကိုယ်ကိုယ် တည်ကြည်​တယ်လို့ ထင်နေ​ရင် မလဲ​သွား​အောင် သတိ​ထားပါ” ဆိုတဲ့ သတိပေးချက်​ကို ကျွန်တော်​တို့​အားလုံး နှလုံးသွင်း​ဖို့ လိုတယ်။—၁ ကော. ၁၀:၁၂

‘လိင်အကျင့်ယိုယွင်းခြင်း​ကို ဖြစ်ပေါ်​စေတဲ့’ ဆန္ဒ​အားလုံးကို “သေစေ​ကြပါ”

၅။ (က) စရိုက်ဟောင်း​ကို ချွတ်ပယ်​ဖို့ ဘာကြောင့် အရေးတကြီး လိုအပ်​သလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကို ကြည့်ပါ။) (ခ) ကောလောသဲ ၃:၅-၉ အရ စရိုက်ဟောင်း​မှာ ဘယ်​အကျင့်​တွေ ပါဝင်​သလဲ။

အဝတ်အစား ညစ်ပတ်​နံ​စော်​နေရင် ဘာ​လုပ်​မလဲ။ ချက်ချင်း ချွတ်ပစ်​လိုက်​မှာပဲ။ အလားတူ​ပဲ ဘုရားသခင့် ဂုဏ်ရည်တော်​နဲ့ ဆန့်ကျင်​တဲ့ အကျင့်​တွေကို စွန့်​ပါ​ဆိုတဲ့ ပညတ်​ကို အရေးတကြီး နာခံ​ရမယ်။ အဲဒါတွေကို “ရှောင်​ရမယ်” ဆိုတဲ့ ပေါလု​ရဲ့ ရှင်းလင်း​တဲ့ ညွှန်ကြားချက်ကို လိုက်နာ​ရမယ်။ ပေါလု ဖော်ပြခဲ့တဲ့ လိင်အကျင့်ယိုယွင်းခြင်း၊ ညစ်ညူး​စွာ​ကျင့်​ခြင်း​ဆိုတဲ့ အပြစ်​ရှိတဲ့​အကျင့်​နှစ်ခု​အကြောင်း ဆွေးနွေးသုံးသပ်​ကြစို့။ကောလောသဲ ၃:၅-၉ ကိုဖတ်ပါ။

၆၊ ၇။ (က) ပေါလု​ရဲ့ စကား​တွေ​က စရိုက်ဟောင်း​ကို ချွတ်​ဖို့ ကြိုးစားအားထုတ်​ရမယ်​ဆိုတာ ဘယ်လို ဖော်ပြသလဲ။ (ခ) ဆာ​ကူ​ရာ ဘယ်လို​ဘဝပုံစံ​မျိုးနဲ့ နေထိုင်ခဲ့​သလဲ။ ကျောခိုင်းစွန့်ခွာ​ဖို့ ဘာက ကူညီပေးခဲ့သလဲ။

လိင်အကျင့်ယိုယွင်းခြင်း။ ကျမ်းစာမှာ “လိင်အကျင့်ယိုယွင်းခြင်း” လို့ ပြန်ဆိုထားတဲ့ မူရင်း​စကားလုံး​မှာ တရားဝင် လက်မ​ထပ်​ထားသူ နှစ်ယောက် လိင်မှု​ပြုခြင်း၊ လိင်​တူ​ဆက်ဆံခြင်း​တို့ ပါဝင်တယ်။ “ကိုယ်ခန္ဓာ​အစိတ်အပိုင်း​တွေ၊” တစ်နည်း​အားဖြင့် ‘လိင်အကျင့်ယိုယွင်းခြင်း​ကို ဖြစ်ပေါ်​စေတဲ့’ ဆန္ဒမှန်​သမျှကို “သေစေ​ကြ” ဖို့ ခရစ်ယာန်တွေကို ပေါလု တိုက်တွန်း​ခဲ့တယ်။ ပေါလု​ရဲ့ စကားက မကောင်းတဲ့​ဆန္ဒ​တွေကို ဖယ်ရှားပစ်​ဖို့ ကြိုးစားအားထုတ်မှု လို​ကြောင်း အထင်အရှား ဖော်ပြတယ်။ ဒါပေမဲ့ အပြစ်​ရှိတဲ့​အလိုဆန္ဒတွေ​ကို တိုက်ခိုက်​အောင်မြင်​နိုင်ပါတယ်။

ဂျပန်နိုင်ငံ​က ဆာ​ကူ​ရာ * အကြောင်း သုံးသပ်ကြည့်ပါ။ အထီးကျန်​စိတ်၊ တန်ဖိုးမရှိ​ဘူးဆိုတဲ့​စိတ်နဲ့ ကြီးပြင်း​လာတယ်။ အသက် ၁၅ နှစ်​ကစပြီး အထီးကျန်​စိတ်​ကို ဖြေဖျောက်​ဖို့ လူအမျိုးမျိုး​နဲ့ လိင်ဆက်ဆံ​ခဲ့တယ်။ “ဒါကြောင့် ကိုယ်ဝန် သုံးကြိမ် ဖျက်​ချ​ခဲ့ရတယ်။ ပထမ​တော့ အချစ်ခံ​ရတယ်​ဆိုပြီး လုံခြုံမှု​ခံစား​ခဲ့ရတယ်။ ဒါပေမဲ့ ပို​အကျင့်ပျက်​လေ လုံခြုံမှု ပို​မဲ့​လေ​ပဲ” လို့ ရှက်​ရှက်​နဲ့ ဝန်ခံ​ခဲ့တယ်။ အသက် ၂၃ နှစ်အထိ အဲဒီလိုပဲ နေထိုင်​ခဲ့တယ်။ နောက်ပိုင်း သက်သေခံ​တွေနဲ့ ကျမ်းစာ စလေ့လာ​ခဲ့တယ်။ သိရှိ​လာ​တာတွေကို နှစ်သက်​တယ်။ ယေဟော​ဝါရဲ့ အကူအညီ​ကြောင့် အပြစ်​ရှိတယ်၊ ရှက်​စရာ​ကောင်းတယ်​ဆိုတဲ့ ခံစားချက်ကို အနိုင်ယူ​ပြီး လိင်​အကျင့်ပျက်မှု​ကို ရှောင်နိုင်​ခဲ့တယ်။ အခု မှန်မှန်ရှေ့ဆောင်​အဖြစ် အမှုဆောင်​နေ​ပြီး အထီးကျန်​တယ်လို့ မခံစား​ရတော့​ဘူး။ “ယေဟော​ဝါရဲ့ မေတ္တာတော်​အောက်မှာ နေ့တိုင်း ခိုလှုံ​ခွင့်​ရလို့ တကယ်​ပျော်​တယ်” လို့ပြောတယ်။

ညစ်ညူး​တဲ့ အကျင့်​တွေကို အနိုင်ယူ​ခြင်း

၈။ ဘုရားသခင်​ရှေ့ ညစ်ညူး​စေနိုင်​တဲ့ အရာ​တချို့က ဘာ​တွေလဲ။

ညစ်ညူး​စွာ ကျင့်​ခြင်း။ ကျမ်းစာမှာ “ညစ်ညူး​စွာ ကျင့်​ခြင်း” လို့ ဘာသာပြန်​ထားတဲ့ မူရင်း​စကားလုံး​ဟာ လိင်ဆိုင်ရာ​အပြစ်​တွေ​ထက်မက ပါဝင်တဲ့၊ ကျယ်ပြန့်​တဲ့ အသုံးအနှုန်း ဖြစ်တယ်။ အန္တရာယ်ရှိတဲ့​အကျင့် ဆေးလိပ်​သောက်​ခြင်း၊ ညစ်ညမ်း​တဲ့ ပြက်လုံး​ပြော​ခြင်း​ကို ရည်ညွှန်း​နိုင်တယ်။ (၂ ကော. ၇:၁။ ဧ. ၅:၃၊ ၄) ကိုယ့်ဘာသာကိုယ် လိင်ဆန္ဒ​ဖြေ​ခြင်း​ကို ဦးတည်​စေနိုင်​တဲ့ ညစ်ညမ်း​ရုပ်ပုံ​စာပေ​တွေ ကြည့်ခြင်း၊ ဖတ်​ခြင်း​စတဲ့ လူ​ကွယ်​ရာမှာ​လုပ်​တဲ့ ညစ်ညူး​တဲ့​အကျင့်​တွေနဲ့​လည်း သက်ဆိုင်​တယ်။—ကော. ၃:၅ *

၉။ “ရမ္မက်​ဆန္ဒ​ကို မချုပ်တည်း” ရင် ဘာ​ဆိုးကျိုး​တွေ ရရှိ​နိုင်သလဲ။

ညစ်ညမ်း​ရုပ်ပုံကို ကြည့်ရှု​လေ့​ရှိသူ​တွေဟာ “ရမ္မက်​ဆန္ဒ​ကို မချုပ်တည်း” နိုင်​တော့​ဘဲ လိင်မှုကိစ္စ​ကို စွဲလမ်း​သွားနိုင်တယ်။ ညစ်ညမ်း​ရုပ်ပုံ မကြည့်ရမနေနိုင်​သူတွေဟာ အရက်၊ မူးယစ်ဆေးစွဲ​သူတွေ​ရဲ့ လက္ခဏာ​မျိုး ခံစား​ရ​တယ်လို့ လေ့လာမှု​တွေ​က ဖော်ပြတယ်။ ညစ်ညမ်း​ရုပ်ပုံ ကြည့်ရှု​တဲ့​အကျင့်​ကြောင့် ရှက်စိတ်၊ လုပ်ငန်းခွင်​မှာ စွမ်းဆောင်​ရ​ည် ကျဆင်း​မှု၊ မိသားစုဘဝ မ​သာယာမှု၊ ကွာရှင်း​ပြတ်စဲ​မှု၊ သေကြောင်းကြံ​မှု​စတဲ့ ဆိုးကျိုး​တွေ ခံစား​ကြရတယ်။ ညစ်ညမ်း​ရုပ်ပုံ​စာပေ စွဲ​တဲ့​အကျင့် ဖြတ်​နိုင်တာ တစ်နှစ်​ပြည့်​ခဲ့​သူ​တစ်ယောက်က “ဆုံးၡုံး​ခဲ့ရတဲ့ သမာ​ဓိ​စိတ်​ကို ပြန်​ရ​ပြီ” လို့ ရေး​တယ်။

၁၀။ ညစ်ညမ်း​ရုပ်ပုံ​စာပေ စွဲလမ်းမှု​ကို ရီ​ဘေ​ရို ဘယ်လို အနိုင်ယူ​ခဲ့​သလဲ။

၁၀ လူများစွာ​ဟာ ညစ်ညမ်း​ရုပ်ပုံ​စာပေ​နဲ့ ကင်း​ကင်း​နေဖို့ မပြတ်​တွန်းလှန်​နေကြ​ရတယ်။ ဒါပေမဲ့ ဘရာဇီး​နိုင်ငံ​က ရီ​ဘေ​ရို​အဖြစ်​က ဖော်ပြ​တဲ့အတိုင်း တိုက်ခိုက်​အောင်မြင်​နိုင်ပါတယ်။ ရီ​ဘေ​ရို​ဟာ ဆယ်ကျော်သက်​အရွယ်မှာ အိမ်​က​နေ ထွက်​ပြီး စက္ကူ​စက်ရုံ​မှာ အလုပ်​လုပ်တယ်။ အဲဒီမှာ ညစ်ညမ်း​ရုပ်ပုံ​စာပေ​တွေနဲ့ ထိတွေ့​ခဲ့တယ်။ “တဖြည်းဖြည်း စွဲ​လာတယ်။ ကျွန်တော်​နဲ့အတူ​နေတဲ့ အမျိုးသမီး အပြင်ထွက်​တာ​ကို မစောင့်​နိုင်​လောက်အောင် ညစ်ညမ်း​ဗီဒီယို ကြည့်ချင်စိတ် ဖြစ်ခဲ့တယ်” လို့ပြောတယ်။ တစ်နေ့ အလုပ်လုပ်​နေတုန်း မိသားစု​ပျော်ရွှင်မှု​၏ လျှို့ဝှက်ချက်​စာအုပ်ကို သတိပြုမိတယ်။ စာအုပ်​ပုံ​ထဲကနေ ကောက်​ဖတ်​လိုက်တယ်။ သိလာတဲ့​အရာတွေ​ကြောင့် ယေဟော​ဝါ​သက်သေတွေ​နဲ့ ကျမ်းစာလေ့လာ​ဖြစ်ခဲ့တယ်။ ဒါပေမဲ့ အကျင့်ဆိုး​ကို ဖြတ်​ဖို့ အချိန်အကြာကြီး ယူ​ရတယ်။ သူ့ကို ဘာက​ ကူညီပေးခဲ့သလဲ။ “ဆုတောင်းခြင်း၊ ကျမ်းစာလေ့လာခြင်း၊ တွေးတောဆင်ခြင်ခြင်း​တို့​ကြောင့် ဘုရားသခင့် အရည်​အသွေး​တွေကို ပိုတန်ဖိုး​ထား​လာတယ်။ ယေဟော​ဝါကို ချစ်တဲ့​မေတ္တာ​ဟာ ညစ်ညမ်း​ရုပ်ပုံ​စာပေ ကြည့်ရှု​ချင်တဲ့​စိတ်​ထက် ပြင်းထန်​လာတယ်” လို့ ရှင်းပြ​တယ်။ ရီ​ဘေ​ရို​ဟာ ကျမ်းစာနဲ့ သန့်ရှင်းသော စွမ်းအားတော်​ရဲ့ အကူအညီ​ကြောင့် စရိုက်ဟောင်း​ကို ချွတ်ပယ်​ပြီး နှစ်ခြင်းခံ​ခဲ့တယ်။ အခု အသင်းတော် အကြီးအကဲ​အဖြစ် အမှုဆောင်​နေ​ပြီ။

၁၁။ ညစ်ညမ်း​ရုပ်ပုံ​စာပေ​နဲ့ ကင်း​ကင်း​နေနိုင်​အောင် ဘာ​လိုအပ်​သလဲ။

၁၁ ရီ​ဘေ​ရို​ဟာ တိုက်ခိုက်​အောင်မြင်​နိုင်​ဖို့ ကျမ်းစာကို လေ့လာ​ရုံ​ထက်မက ပြုလုပ်ခဲ့​ကြောင်း သတိ​ပြုပါ။ ကျမ်းစာ​သတင်းစကား နှလုံးသား​ထဲ ရောက်အောင် အချိန်ယူ​ခဲ့တယ်။ ဆုတောင်းခြင်း၊ တွေးတောဆင်ခြင်ခြင်း​အားဖြင့် ဘုရားသခင်ကို ချစ်တဲ့​မေတ္တာ​က ညစ်ညမ်း​ရုပ်ပုံ​စာပေ စွဲလမ်း​စိတ်​ကို အနိုင်ယူ​သွားတယ်။ ယေဟော​ဝါကို ချစ်တဲ့​စိတ်၊ မ​ကောင်းမှု​ကို မုန်း​တဲ့​စိတ် မွေးမြူခြင်း​ဟာ ညစ်ညမ်း​ရုပ်ပုံ​စာပေ​နဲ့ ကင်း​ကင်း​နေနိုင်​တဲ့ အကောင်းဆုံး​နည်းလမ်း​ပါပဲ။ဆာလံ ၉၇:၁၀ ကိုဖတ်ပါ။

စိတ်ဆိုး​တာ၊ ဆဲဆိုတာ၊ လိမ်​ပြောတာကို ရှောင်​ပါ

၁၂။ စိတ်ဆိုး​တာ၊ ဆဲဆိုတာ​ကို ရှောင်​ဖို့ စတီဗင်​ကို ဘာက ကူညီပေးသလဲ။

၁၂ စိတ်ဆိုး​လွယ်​သူတွေဟာ ဆဲဆို​တတ်ကြတယ်။ အဲဒီ​အကျင့်​က ပျော်ရွှင်​တဲ့ မိသားစု​ဘဝကို မရရှိ​စေနိုင်​ဘူး။ ဩစတြေးလျ​နိုင်ငံ​က ဖခင် စတီဗင်​က “ကျွန်တော် အတော့်​ကို ဆဲ​တတ်တယ်။ ဘာ​မဟုတ်​တာ​လေး​နဲ့ ဒေါသ​ပေါက်ကွဲ​တတ်တယ်။ ဇနီး​နဲ့ ခွဲ​နေတာ သုံးကြိမ်​ရှိပြီ။ ကွာရှင်း​ဖို့ စီစဉ်​နေတယ်” လို့ပြောတယ်။ နောက်ပိုင်း လင်မယား​နှစ်ယောက် သက်သေခံ​တွေနဲ့ ကျမ်းစာ စလေ့လာ​တယ်။ ကျမ်းစာ​လမ်းညွှန်ချက်​အတိုင်း လိုက်လျှောက်​လို့ ဘာ​ကောင်းကျိုး​ရသလဲ။ “အိမ်ထောင်ရေး သိသိသာသာ အဆင်ပြေ​လာတယ်။ ယေဟော​ဝါရဲ့ အကူအညီ​ကြောင့် သင့်မြတ်​အေးချမ်း​တတ်လာ​တယ်။ အရင်က​တော့ ကျွန်တော့်​ဒေါသ​စိတ်​က ဘာမှ မဟုတ်​တာ​လေး​နဲ့ ပေါက်ကွဲ​တော့​မယ့် ဗုံး​လိုပဲ” လို့ စတီဗင် ပြောတယ်။ အခု စတီဗင်​ဟာ အသင်းတော် အမှုထမ်း​အဖြစ် အမှုဆောင်​နေ​ပြီ။ ဇနီး​လည်း မှန်မှန်ရှေ့ဆောင်​အဖြစ် အမှုဆောင်​နေတာ နှစ်​အတော်ကြာ​ပြီ။ စတီဗင်​ရဲ့ အသင်းတော် အကြီးအကဲတွေ​က “စတီဗင်​ဟာ အလုပ်ကြိုးစား​ပြီး နှိမ့်ချ​တဲ့​လူ​အေး​ပါ” လို့ပြော​ကြ​တယ်။ သူ​ဒေါသထွက်​တာ​ကို တစ်ခါ​မှ မမြင်ဖူး​ကြဘူး။ ပြောင်းလဲမှု​အတွက် ချီးမွမ်းဂုဏ်တင်​တာ​ကို စတီဗင် လက်ခံ​သလား။ “စရိုက်​ပြောင်းလဲ​နိုင်အောင် ယေဟော​ဝါ ကူညီ​ပေးတာကို​သာ လက်မခံ​ခဲ့ရင် ဒီ​ကောင်းချီးတွေ ရမှာ မဟုတ်ဘူး” လို့ပြောတယ်။

၁၃။ စိတ်ဆိုး​တာ ဘာကြောင့် အလွန်​အန္တရာယ် ရှိ​သလဲ။ ကျမ်းစာက ဘယ်လို သတိပေး​ထား​သလဲ။

၁၃ စိတ်ဆိုး​တာ၊ ဆဲဆိုတာ၊ အော်ဟစ်​ငေါ​က်​ငမ်း​တာတွေကို ရှောင်​ဖို့ ကျမ်းစာ သတိပေး​ထားတာ အကြောင်းကောင်း ရှိတယ်။ (ဧ. ၄:၃၁) အဲဒါတွေက အကြမ်းဖက်မှု​အထိ တွန်းပို့​ပေး​လေ့ရှိတယ်။ စိတ်ဆိုး​တာ​ကို လောက,က​တော့ သာမန်​အဖြစ် ရှုမြင်​ပေ​မဲ့ ဖန်ဆင်း​ရှင်ကို ရှုတ်ချ​ရာ​ရောက်​တယ်။ လူများစွာ​ဟာ စရိုက်သစ်ကို မ​ဝတ်ဆင်​ခင် အန္တရာယ်ရှိတဲ့ ဒီ​အကျင့်​တွေကို ချွတ်ပယ်​ခဲ့ကြ​ရတယ်။ဆာလံ ၃၇:၈-၁၁ ကိုဖတ်ပါ။

၁၄။ ဒေါသကြီး​သူ​တစ်ယောက် နူးညံ့​လာနိုင်​သလား။

၁၄ ဩစတြီးယား​နိုင်ငံ​က အသင်းတော် အကြီးအကဲ ဟန်းစ်​အကြောင်း သုံးသပ်ကြည့်ပါ– “သူဟာ တွေ့ချင်​စရာ အကောင်းဆုံး၊ အ​နူးညံ့​ဆုံး ညီအစ်ကို​တစ်ယောက်​ပဲ” လို့ သူ့​အသင်းတော်​က အကြီးအကဲအဖွဲ့ ညှိ​နှိုင်း​ရေး​မှူး ပြောတယ်။ ဒါပေမဲ့ ဟန်းစ်​က အမြဲ​နူးညံ့​ခဲ့တာတော့ မဟုတ်ဘူး။ ဆယ်ကျော်သက်​အရွယ်မှာ အရက်သောက်​တယ်။ ဒေါသကြီး​တယ်။ အရက်​ကြောင့် ဒေါသထွက်​ပြီး ရည်းစား​ကို သတ်​မိ​လို့ ထောင်ဒဏ် အနှစ် ၂၀ ကျ​ခဲ့တယ်။ အစပိုင်း​မှာတော့ ထောင်​က ဒေါသကြီး​တဲ့​အကျင့်​ကို မပြောင်းလဲ​ပေးနိုင်​ခဲ့ဘူး။ ဒီလိုနဲ့ သူ့​အမေက ထောင်ကျ​နေတဲ့​သားနဲ့ အကြီးအကဲ​ကို ဆက်သွယ်​ပေးတယ်။ ဒါနဲ့ ဟန်းစ် ကျမ်းစာ စလေ့လာ​ခဲ့တယ်။ “စရိုက်ဟောင်း​ကို ချွတ်​ဖို့ တော်တော်​ခက်တယ်။ ကျွန်တော့်ကို ကူညီ​ပေးတဲ့ ကျမ်းချက်တွေ​က​တော့ ‘လူဆိုး​က မိမိ​လမ်းစဉ်​ကို စွန့်​ပါစေ’ ဆိုတဲ့ ဟေရှာယ ၅၅:၇၊ ‘ခင်ဗျား​တို့​ထဲက တချို့ဟာ အရင်က အဲဒီလို​လုပ်ခဲ့ကြ​တယ်’ ဆိုတဲ့ ၁ ကောရိန္သု ၆:၁၁ တို့​ပါပဲ။ စရိုက်သစ်​ကို ဝတ်ဆင်​နိုင်​ဖို့ သန့်ရှင်းသော စွမ်းအားတော်​အားဖြင့် ယေဟော​ဝါ နှစ်ပေါင်း​များစွာ စိတ်ရှည်ရှည် ကူညီ​ပေးခဲ့တယ်” လို့ ဟန်းစ် ပြောတယ်။ ထောင်ဒဏ် ၁၇ နှစ်​ခွဲ ကျပြီး​တဲ့​နောက် ဟန်းစ်​ဟာ နှစ်ခြင်းခံ​ပြီးသား ခရစ်ယာန်​အဖြစ် ထောင်​က​နေ လွတ်​လာတယ်။ “ယေဟော​ဝါရဲ့ ကရုဏာ၊ ခွင့်လွှတ်​မှုကို ကျေးဇူးတင်​တယ်” လို့ပြောတယ်။

၁၅။ ဘယ်​အကျင့် မ​ဆန်း​တော့​သလဲ။ ကျမ်းစာမှာ ဘာ​ပြော​ထား​သလဲ။

၁၅ ဆဲဆို​ခြင်း​အပြင် လိမ်ပြော​ခြင်း​ဟာ​လည်း စရိုက်ဟောင်း​ရဲ့ အကျင့်​တစ်ခု​ပဲ။ ဥပမာ၊ အခွန် ရှောင်​ဖို့၊ အပြစ်​ မ​ခံယူ​ရဖို့ လူတွေ လိမ်​ကြတာ မ​ဆန်း​တော့ဘူး။ ယေဟော​ဝါကတော့ “အမှန်တရား​ရဲ့ ဘုရား” ဖြစ်တယ်။ (ဆာ. ၃၁:၅) ဒါကြောင့် “လိမ်လည်​ပြောဆို​တာ​ကို ဖယ်ရှားပြီး အချင်းချင်း မှန်​တဲ့​စကားကို​ပဲ ပြော” ဖို့ တောင်းဆို​ထားတယ်။ (ဧ. ၄:၂၅။ ကော. ၃:၉) အရှက်ကွဲ​မယ်၊ အဆင်မပြေ​ဖြစ်မယ်ဆိုရင်​တောင် အမှန်အတိုင်း ပြောရမယ်။—ပညာ. ၆:၁၆-၁၉

သူတို့ အောင်မြင်​ခဲ့​ပုံ

၁၆။ စရိုက်ဟောင်း ချွတ်ပယ်​ရာမှာ ဘယ်လို အောင်မြင်​နိုင်သလဲ။

၁၆ စရိုက်ဟောင်း​ကို ကိုယ့်အစွမ်း​ခွန်အား​နဲ့ မ​ချွတ်ပယ်​နိုင်​ဘူး။ ဒီဆောင်းပါးမှာ ဖော်ပြ​တဲ့ ဆာ​ကူ​ရာ၊ ရီဘေရို၊ စတီဗင်၊ ဟန်းစ်​တို့ဟာ အကျင့်​ဆိုးတွေ​ကို စွန့်ဖို့ တိုက်လှန်​ခဲ့ကြတယ်။ မိမိတို့​စိတ်နှလုံး​မှာ ကျမ်းစာနဲ့ သန့်ရှင်းသော စွမ်းအားတော်​ရဲ့ လွှမ်းမိုးမှု ခံယူခြင်း​အားဖြင့် တိုက်ခိုက်​အောင်မြင်​ခဲ့ကြတယ်။ (လု. ၁၁:၁၃။ ဟီ. ၄:၁၂) အဲဒီလို​ခံယူ​ဖို့ နေ့တိုင်း ကျမ်းစာ​ဖတ်​ရမယ်၊ တွေးတောဆင်ခြင်​ရမယ်၊ ကျမ်းစာ​အကြံဉာဏ်​ကို ကျင့်သုံး​နိုင်တဲ့ ဉာဏ်​ပညာနဲ့ ခွန်အား​ပေးဖို့ မပြတ်​ဆုတောင်း​ရမယ်။ (ယောရှု ၁:၈။ ဆာ. ၁၁၉:၉၇။ ၁ သက်. ၅:၁၇) အသင်းတော် အစည်းအဝေး​တွေ ပြင်ဆင်​တက်ရောက်ခြင်း​အားဖြင့်​လည်း ကျမ်းစာနဲ့ သန့်ရှင်းသော စွမ်းအားတော်​က​နေ အကျိုးရ​ရှိ​ကြ​တယ်။ (ဟီ. ၁၀:၂၄၊ ၂၅) ကျမ်းစာ​အကြောင်းအရာ​တွေကို ကမ္ဘာ​တစ်ဝန်း​က ဘုရားသခင့်​လူမျိုး ရရှိ​နေတဲ့ နည်းလမ်း​အမျိုးမျိုးကို အသုံးပြု​ရမယ်။—လု. ၁၂:၄၂

စရိုက်ဟောင်း ချွတ်ပယ်​ရာမှာ ဘယ်လို အောင်မြင်​နိုင်သလဲ (အပိုဒ် ၁၆ ကိုကြည့်ပါ)

၁၇။ နောက်​ဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးကြမလဲ။

၁၇ ခရစ်ယာန်တွေ ချွတ်ပယ်​ထား​ရမယ့် အကျင့်ဆိုး​တချို့ကို လေ့လာသုံးသပ်​ခဲ့ကြ​ပါ​ပြီ။ ချွတ်ပယ်​ထား​ရုံ​နဲ့ ဘုရားသခင့် မျက်နှာသာ ရ​ပြီ​လား။ မရ​ပါဘူး။ စရိုက်သစ်​ကိုလည်း ဝတ်ဆင်​ရမယ်။ အမြဲတမ်း ဝတ်ဆင်​ထား​ရမယ့် စရိုက်သစ်​တချို့​အကြောင်း နောက်​ဆောင်းပါးမှာ ဆွေးနွေးသုံးသပ်​ပါမယ်။

^ စာပိုဒ်၊ 7 ဒီဆောင်းပါးမှာ နာမည်​တချို့ ပြောင်းထား​ပါတယ်။