မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စရိုက်သစ် ဝတ်ဆင်ထားနိုင်ပုံ

စရိုက်သစ် ဝတ်ဆင်ထားနိုင်ပုံ

“စရိုက်သစ်​ကို ဝတ်ဆင်​ကြပါ။”—ကော. ၃:၁၀

သီချင်း– ၁၂၆၊ ၂၈

၁၊ ၂။ (က) စရိုက်သစ်​ကို ဘာကြောင့် ဝတ်ဆင်​နိုင်သလဲ။ (ခ) ဘယ်​စရိုက်သစ်​တွေကို ကောလောသဲ ၃:၁၀-၁၄ မှာ မှတ်တမ်းတင်​ထား​သလဲ။

“စရိုက်သစ်။” ကမ္ဘာသစ် ဘာသာပြန်ကျမ်း​မှာ ဒီ​အသုံးအနှုန်း နှစ်ကြိမ် တွေ့ရတယ်။ (ဧ. ၄:၂၄။ ကော. ၃:၁၀) “အလိုတော်အတိုင်း ဘုရားသခင် ဖန်ဆင်း​တဲ့” စရိုက်​ကို ဆိုလိုတယ်။ စရိုက်သစ်​ကို ပျိုးထောင်​နိုင်ပါတယ်။ ဘာကြောင့်လဲ။ ယေဟော​ဝါက လူသား​တွေကို မိမိ​ပုံသဏ္ဌာန်​အတိုင်း ဖန်ဆင်း​ထားတဲ့အတွက် ဘုရားသခင့် အရည်အသွေး​တွေကို တင်ပြ​နိုင်​လို့​ပါပဲ။—က. ၁:၂၆၊ ၂၇။ ဧ. ၅:၁

ကနဦး မိဘတွေဆီက အမွေ​ရထားတဲ့ မ​စုံလင်မှု​ကြောင့် ကျွန်တော်တို့​မှာ မှားယွင်းတဲ့ ဆန္ဒ​တွေ ကိန်းအောင်း​နေတယ်။ ပတ်ဝန်းကျင်​ရဲ့ ဩဇာ​လွှမ်းမိုးမှု​လည်း ခံ​ရတယ်။ ဒါပေမဲ့ ယေဟော​ဝါရဲ့ မေတ္တာပါ ကူညီမှု​ကြောင့် ကိုယ်တော် ဖြစ်စေ​ချင်တဲ့ လူစား​မျိုး ဖြစ်နိုင်​ပါတယ်။ အဲဒီ​ပန်းတိုင်​ကို ရောက်​နိုင်​ဖို့ တမန်တော်ပေါလု ရေးသား​ခဲ့တဲ့ စရိုက်သစ်​တချို့​အကြောင်း ဆွေးနွေးသုံးသပ်​ကြ​ရ​အောင်။ (ကောလောသဲ ၃:၁၀-၁၄ ကိုဖတ်ပါ။) အမှုဆောင်လုပ်ငန်းမှာ တင်ပြနိုင်ပုံ​ကိုလည်း ဆွေးနွေးသုံးသပ်​ပါမယ်။

“တစ်​စိတ်​တစ်​ဝမ်း​တည်း”

၃။ စရိုက်သစ်​ရဲ့ လက္ခဏာ​တစ်ခုက ဘာလဲ။

စရိုက်သစ်​ကို ဝတ်ဆင်​ဖို့ တိုက်တွန်း​ပြီးနောက် ပေါလု​က မျက်နှာမလိုက်​ခြင်း​ကို စရိုက်သစ်​ရဲ့ အဓိက​လက္ခဏာ​အဖြစ် ဖော်ပြ​ခဲ့တယ်။ ‘ဂျူးလူမျိုး၊ ဂရိ​လူမျိုး၊ အရေ​ဖျား ဖြတ်​ထားသူ၊ အရေ​ဖျား မ​ဖြတ်​ထားသူ၊ တိုင်းတစ်ပါး​သား၊ သ​ကု​သိ​လူ၊ အစေခံကျွန်၊ လွတ်လပ်​သူ​ဆိုပြီး မရှိဘူး’ လို့​ ပေါလု​ ပြောတယ်။ * အသင်းတော်​မှာ လူမျိုး၊ နိုင်ငံ၊ လူ​မှု​အဆင့်အတန်း ခွဲခြားမှု ဘာကြောင့် မ​ရှိ​သင့်သလဲ။ ခရစ်တော်ရဲ့ နောက်လိုက်စစ်​အားလုံး “တစ်​စိတ်​တစ်​ဝမ်း​တည်း ဖြစ်” ကြ​လို့ပဲ။—ကော. ၃:၁၁။ ဂ​လ. ၃:၂၈

၄။ (က) ယေဟော​ဝါရဲ့ ကျေးကျွန်​တွေ​က တခြားသူတွေကို ဘယ်လို ဆက်ဆံ​ကြ​သလဲ။ (ခ) ဘယ်​အခြေအနေ​က ခရစ်ယာန် စည်းလုံးမှုကို အတားအဆီး ဖြစ်စေ​နိုင်သလဲ။

စရိုက်သစ် ဝတ်ဆင်​သူတွေဟာ ယုံကြည်သူချင်းတွေ၊ အပြင်​လူတွေကို လူမှုရေး၊ လူမျိုးရေး နောက်ခံ ဘယ်လိုပဲ​ရှိရှိ သိက္ခာ​ရှိရှိ ဆက်ဆံ​ကြ​တယ်။ (ရော. ၂:၁၁) အဲဒီလို ဆက်ဆံ​ဖို့ ကမ္ဘာ့ဒေသ​တချို့​မှာ ခက်ခဲ​နိုင်တယ်။ ဥပမာ၊ တောင်အာဖရိက​မှာ သက်သေခံ​အများစုဟာ လူမျိုးစု​အလိုက် ခွဲခြား​ထားတဲ့ ဒေသ​တွေမှာ နေထိုင်​ကြ​တယ်။ ချမ်းသာ​တဲ့​ရပ်ကွက်၊ လူမည်း​မြို့၊ ရောနှော​နေထိုင်တဲ့​ဒေသ​တွေမှာ​ပေါ့။ ဒါကြောင့် ၂၀၁​၃၊ အောက်တိုဘာ​လ​မှာ အုပ်ချုပ်ရေးအဖွဲ့​က “နှလုံးသား​ကို ကျယ်ကျယ် ဖွင့်” နိုင်အောင်၊ အချင်းချင်း သိကျွမ်း​လာနိုင်​အောင် ကူညီပေးမယ့် အထူး​အစီအစဉ်​တစ်ခုကို ခွင့်ပြု​ခဲ့တယ်။ (၂ ကော. ၆:၁၃၊ အောက်ခြေမှတ်ချက်) ဘာတွေ ပါဝင်​သလဲ။

၅၊ ၆။ (က) နိုင်ငံ​တစ်ခုမှာ ဘုရားသခင့် လူမျိုး​ရဲ့ စည်းလုံးမှု တိုးများ​စေဖို့ ဘာ​အစီအစဉ်​တွေ လုပ်ခဲ့​သလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကို ကြည့်ပါ။) (ခ) ဘာ​ရလဒ်​တွေ ရရှိ​ခဲ့​သလဲ။

ဘာသာစကား၊ လူမျိုး မတူ​တဲ့ အသင်းတော်​နှစ်ခု စ​နေ၊ တနင်္ဂနွေ​နေ့​တွေမှာ စုဆုံ​ပေါင်းသင်း​ဖို့ အစီအစဉ်​တွေ ပြုလုပ်​ပေးတယ်။ အသင်းတော်​နှစ်ခုစလုံး​က ညီအစ်ကို/မ​တွေ​ဟာ အတူ​ဟောပြော၊ အတူ​စည်းဝေး​ပြီး အိမ်တွေမှာ အပြန်အလှန် ဧည့်ဝတ်ပြု​ကြ​တယ်။ အစီအစဉ်​မှာ အသင်းတော် ရာ​ပေါင်း​များစွာ ပါဝင်ခဲ့တယ်။ ဌာနခွဲရုံး​က အပြင်လူ​တွေဆီကနေ​တောင် မှတ်ချက်​ကောင်း​တွေ ရရှိ​ခဲ့တယ်။ ဥပမာ၊ ဘာသာရေးခေါင်းဆောင်​တစ်ယောက်က “ကျွန်တော် သက်သေခံ မဟုတ်ပါဘူး။ ဒါပေမဲ့ ဟောပြောခြင်း​လုပ်ငန်းကို ခင်ဗျား​တို့ ကောင်းကောင်း ဖွဲ့စည်းထား​ပြီး လူမျိုးရေး​စည်းလုံးမှု ရှိတယ်လို့ ပြောရမယ်” ဆိုပြီး ပြောတယ်။ အစီအစဉ်​က သက်သေခံ​တွေ​အပေါ် ဘယ်လို အကျိုးသက်ရောက်​ခဲ့​သလဲ။

ဇိုဆာ​စကားပြော ညီအစ်မ နို​မာ​ဟာ အင်္ဂလိပ်​စကားပြော အသင်းတော်​က လူ​ဖြူ​ညီအစ်ကို​တွေကို သူ့ရဲ့​အိမ်​လေး​ဆီ ဖိတ်​ဖို့ အစပိုင်းမှာ ခပ်လန့်လန့်​ပဲ။ ဒါပေမဲ့ လူ​ဖြူ​သက်သေခံ​တွေနဲ့​အတူ ဟောပြောခြင်း​လုပ်ငန်းမှာ ပါဝင်​ပြီး သူတို့​အိမ်တွေမှာ လည်ပတ်​ပေါင်းသင်း​ပြီးနောက်​မှာတော့ “သူတို့​လည်း ကျွန်မတို့​လို သာမန်လူ​တွေပါ​ပဲ” လို့ပြောတယ်။ ဒါနဲ့ အင်္ဂလိပ် စကားပြော အသင်းတော်ကို ဇိုဆာ​စကားပြော အသင်းတော်​က ဧည့်ခံ​ရမယ့်​အလှည့် ရောက်လာတဲ့​အခါ နို​မာ​က ဧည့်သည်​တချို့ကို ထမင်း​စား ဖိတ်​လိုက်တယ်။ ဧည့်သည်​တွေ​ထဲမှာ လူ​ဖြူ​အကြီးအကဲ​တစ်ယောက်​လည်း ပါတယ်။ “ပလတ်စတစ်​ခုံ​ပု​လေးမှာ ဝင်​ထိုင်​လို့ အံ့ဩ​မိတယ်” လို့ နို​မာ ပြောတယ်။ ဒီ​အစီ​အစဉ်​ကြောင့် ညီအစ်ကို/မများ​စွာ​ဟာ မိတ်ဆွေ​သစ်​တွေ ရလာ​ပြီး ဆက်ပေါင်း​သင်း​ဖို့ ဆုံးဖြတ်ထား​ကြ​တယ်။

“ချစ်ခင်​စာနာ​ခြင်း၊ ကြင်နာခြင်း”

၇။ စာနာမှု​ရှိ​ဖို့ ဘာကြောင့် အမြဲလို​အပ်​သလဲ။

စာတန့်​လောက အဆုံး​မတိုင်ခင်​အထိ စမ်းသပ်မှုတွေ ကြုံနေ​ရဦး​မှာပါ​ပဲ။ အလုပ်လက်မဲ့​ဖြစ်မှု၊ အသည်းအသန် ဖျားနာမှု၊ နှိပ်စက်​ညှဉ်းပန်း​မှု၊ သဘာဝဘေး၊ တခြား​အခက်အခဲ​တွေ ကြုံ​ရပြီး ရာဇဝတ်မှု​ကြောင့် ပိုင်ဆိုင်​ရာ​တွေ ဆုံးၡုံး​ကြရတယ်။ ဒုက္ခရောက်​ချိန်မှာ အချင်းချင်း ထောက်မ​နိုင်​ဖို့ စစ်မှန်တဲ့ ထောက်ထားစာနာမှု လိုတယ်။ စာနာမှု​ရှိရင် သနားကြင်နာမှု​ပါတဲ့​လုပ်ရပ်တွေ လုပ်ဆောင်​ပါလိမ့်မယ်။ (ဧ. ၄:၃၂) ဒီ​စရိုက်သစ်​တွေ​က ဘုရားသခင်ကို တုပ​ဖို့၊ တခြားသူတွေကို နှစ်သိမ့်​ဖို့ ကူညီ​ပေးပါ​လိမ့်မယ်။—၂ ကော. ၁:၃၊ ၄

၈။ အသင်းတော်​မှာ ရှိသူ​အားလုံးကို စာနာမှု၊ သနားကြင်နာမှု ပြခြင်းက ဘာ​ကောင်းကျိုးတွေ ရရှိ​စေ​သလဲ။ ဥပမာ​ပေးပါ။

အသင်းတော်မှာရှိတဲ့ နိုင်ငံခြားသား​တွေ၊ အခြေအနေ​မလှ​သူတွေကို ထောက်ထားစာနာမှု ဘယ်လို ပြနိုင်သလဲ။ သူတို့နဲ့ မိတ်ဖွဲ့​ဖို့၊ အသင်းတော်​မှာ အရေးပါတယ်​လို့ ခံစားရ​စေဖို့ လိုတယ်။ (၁ ကော. ၁၂:၂၂၊ ၂၅) ဖိလစ်ပိုင်​က​နေ ဂျပန်​ကို ပြောင်းရွှေ့​သွားတဲ့ ဒန်​နီ​ကား​လ်​အကြောင်း သုံးသပ်ကြည့်ပါ။ အလုပ်မှာ ဒေသခံ​အလုပ်သမား​တွေလို ကောင်းကောင်း ဆက်ဆံ​မခံ​ရဘူး။ နောက်ပိုင်း ယေဟော​ဝါ​သက်သေတွေရဲ့ အစည်းအဝေး​ကို သွား​တက်တယ်။ “တက်ရောက်သူ​အများစုက ဂျပန်​လူမျိုး ဖြစ်ပေမဲ့ ကျွန်တော့်ကို မိတ်ဟောင်းဆွေဟောင်း​လို လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြတယ်” လို့ပြောတယ်။ သူ့​အပေါ် ပြသ​တဲ့ သနားကြင်နာမှု​ကြောင့် ဘုရားရေးရာ​ဘက်မှာ တိုးတက်​လာတယ်။ နှစ်ခြင်းခံ​ပြီး အခု အကြီးအကဲ​အဖြစ် အမှုဆောင်​နေတယ်။ လုပ်ဖော်ဆောင်ဖက် အကြီးအကဲတွေ​က ဒန်​နီ​ကား​လ်​နဲ့ ဇနီး ဂျ​နီ​ဖာ​တို့​ကို အသင်းတော်​အတွက် ကောင်းချီး​အဖြစ် ယူမှတ်​ကြ​တယ်။ “ရှေ့ဆောင်​တွေအဖြစ် ရိုးရိုးရှင်းရှင်း နေထိုင်ပြီး ဘုရား​နိုင်ငံတော်ကို ဦးစားထားရာ​မှာ ပုံသက်သေကောင်း ပြ​ကြ​တယ်” လို့ အကြီးအကဲတွေ ပြောတယ်။—လု. ၁၂:၃၁

၉၊ ၁၀။ အမှုဆောင်လုပ်ငန်းမှာ စာနာမှု​ပြ​ခြင်းကနေ ရရှိတဲ့ ကောင်းချီးတွေ​အကြောင်း ဥပမာ​ပေးပါ။

တခြားသူတွေကို နိုင်ငံတော်သတင်း ဟောပြော​တဲ့အခါ “လူတိုင်းကို ကောင်းမှုပြု” ဖို့ အခွင့်အရေး ရရှိ​ကြ​တယ်။ (ဂ​လ. ၆:၁၀) ပြောင်းရွှေ့​လာ​သူတွေကို သနား​စာနာ​တဲ့အတွက် သက်သေခံများ​စွာ​ဟာ ဘာသာစကား​အသစ် သင်ယူ​ကြ​တယ်။ (၁ ကော. ၉:၂၃) ဒါကြောင့် ကောင်းချီး​များစွာ ရရှိ​နေကြတယ်။ ဥပမာ၊ ဩစတြေးလျ​နိုင်ငံ​က ရှေ့ဆောင်​ညီအစ်မ တစ်​ဖ​နီ​က ဘရစ္စဘိန်း​မြို့မှာ​ရှိတဲ့ ဆွာ​ဟီ​လီ အသင်းတော်ကို ကူညီ​ပေးနိုင်​ဖို့ ဆွာဟီလီ​ ဘာသာစကား သင်ယူ​ခဲ့တယ်။ သင်ယူ​ရတာ ခက်​ပေ​မဲ့ တစ်​ဖ​နီ ကောင်းချီးတွေ ခံစားရ​တယ်။ “အမှုဆောင်လုပ်ငန်းမှာ ပျော်​ချင်​တယ်ဆိုရင် ဘာသာခြား​စကားပြော အသင်းတော်​မှာ အမှုဆောင်​ပါ။ ကိုယ့်​နေရပ်​က မခွာ​ဘဲ ခရီးသွား​နေရ​သလိုပဲ။ ကမ္ဘာချီ​ညီအစ်ကို အသင်းအပင်း​နဲ့ အံ့ဖွယ်​စည်းလုံးမှုကို ကိုယ်တွေ့​ကြုံရ​ပါလိမ့်မယ်” လို့ပြောတယ်။

ပြောင်းရွှေ့​လာ​သူတွေကို ကူညီပေးဖို့ ခရစ်ယာန်တွေကို ဘာက လှုံ့ဆော်ပေး​သလဲ (အပိုဒ် ၁၀ ကိုကြည့်ပါ)

၁၀ ဂျပန်နိုင်ငံ​က မိသားစု​အကြောင်း​လည်း စဉ်းစားကြည့်ပါ။ သမီး​ဖြစ်သူ ဆာကီကို ပြောပြတယ်– “၁၉၉၀​ ပြည့်လွန်နှစ်​တွေ​တုန်းက အမှုဆောင်ထွက်​တဲ့အခါ ဘရာဇီး​လူမျိုး ပြောင်းရွှေ့​ဝင်​လာ​သူတွေကို တွေ့ရ​လေ့ရှိတယ်။ ဗျာဒိတ် ၂၁:၃၊ ၄၊ ဆာလံ ၃၇:၁၀၊ ၁၁၊ ၂၉ စတဲ့ ကျမ်းချက်​တွေကို ပေါ်တူဂီ​ကျမ်းစာက​နေ ဖတ်ပြ​တဲ့အခါ သူတို့ အာရုံစိုက်​နားထောင်ပြီး တစ်ခါတလေ မျက်ရည် ကျ​ကြ​တယ်။” ဒါပေမဲ့ ဒီ​မိသားစု​ရဲ့ စာနာမှု ဒီလောက်​နဲ့​ပဲ ရပ်​မသွား​ဘူး။ “ကျမ်းစာ​အကြောင်းအရာတွေ ဆာငတ်​နေတာကို တွေ့​တဲ့အခါ မိသားစု​လိုက် ပေါ်တူဂီ​စကား သင်ယူ​ကြ​တယ်” လို့ ဆာကီကို ပြောတယ်။ နောက်ပိုင်း ပေါ်တူဂီ​စကားပြော အသင်းတော် တည်ထောင်​ဖို့ ကူညီပေး​ခဲ့ကြတယ်။ နှစ်တွေ​တစ်လျှောက် ပြောင်းရွှေ့​လာ​သူများ​စွာကို ယေဟော​ဝါရဲ့ ကျေးကျွန်​တွေ ဖြစ်​လာအောင် ကူညီပေး​ခဲ့ကြတယ်။ “ပေါ်တူဂီ​စကား သင်ယူ​ဖို့ တော်တော်​ ကြိုးစား​ရတယ်။ ဒါပေမဲ့ ပင်ပန်း​တာ​ထက် ကောင်းချီးတွေ​က ပို​ပါတယ်။ ယေဟော​ဝါကို ကျေးဇူးတင်​လိုက်တာ” လို့ ဆာကီကို ပြောတယ်။တမန်တော် ၁၀:၃၄၊ ၃၅ ကိုဖတ်ပါ။

‘စိတ်နှိမ့်ချခြင်း​ကို ဝတ်ဆင်​ပါ’

၁၁၊ ၁၂။ (က) စရိုက်သစ်​ကို ဝတ်ဆင်​ရာမှာ ရည်ရွယ်ချက် မှန်​ဖို့ ဘာကြောင့် အရေးကြီး​သလဲ။ (ခ) နှိမ့်ချ​နေဖို့ ဘာက ကူညီပေး​မလဲ။

၁၁ စရိုက်သစ် ဝတ်ဆင်​ရတဲ့ ရည်ရွယ်ချက်​က လူ​ချီးမွမ်း​ခံ​ရဖို့ မဟုတ်ဘဲ ယေဟော​ဝါကို ဂုဏ်တင်​ဖို့ ဖြစ်​ရမယ်။ တစ်ချိန်က စုံလင်​တဲ့ နာမ်ဝိညာဉ် သတ္တဝါ​ဟာ မာန​ကြီး​လာ​လို့ အပြစ်​လုပ်ခဲ့တာ သတိရပါ။ (ယေဇကျေလ ၂၈:၁၇ နဲ့​နှိုင်းယှဉ်​ပါ။) အပြစ်​ရှိတဲ့ လူသားတွေ​အနေနဲ့ မသင့်​လျော်​တဲ့​မာန​ကို ရှောင်​ဖို့ ပို​ခက်တယ်။ ဒါပေမဲ့ နှိမ့်ချမှု​ကို ဝတ်ဆင်​နိုင်ပါတယ်။ ဘာက ကူညီပေး​မလဲ။

၁၂ နှိမ့်ချ​နေဖို့​ဆိုရင် နေ့တိုင်း ကျမ်းစာ ဖတ်​ပြီး တွေးတောဆင်ခြင်​ဖို့ အချိန်ပေး​ရမယ်။ (တရား. ၁၇:၁၈-၂၀) အထူးသဖြင့် ယေရှုရဲ့ သွန်သင်ချက်​တွေ၊ နှိမ့်ချမှု​ပုံသက်သေ​အကြောင်း တွေးတော​ရမယ်။ (မ. ၂၀:၂၈) ယေရှုဟာ တမန်တော်​တွေရဲ့ ခြေ​ကို​တောင် ဆေးပေး​ခဲ့တယ်။ (ယော. ၁၃:၁၂-၁၇) ကျွန်တော်တို့​လည်း တခြားသူတွေ​ထက် သာ​တယ်​ဆိုတဲ့ သဘောထားကို တိုက်လှန်​နိုင်အောင် ဘုရားသခင့် စွမ်းအားတော်​ရဖို့ မကြာခဏ ဆုတောင်း​ရမယ်။—ဂ​လ. ၆:၃၊ ၄။ ဖိ. ၂:၃

၁၃။ နှိမ့်ချမှု​ကြောင့် ဘာ​ကောင်းကျိုးတွေ ရသလဲ။

၁၃ ပညာအလိမ္မာ ၂၂:၄ ကိုဖတ်ပါ။ ခရစ်ယာန်စစ်​အားလုံး နှိမ့်ချမှု ရှိ​ရမယ်။ နှိမ့်ချမှု​က ကောင်းကျိုး​များစွာ ရရှိ​စေတယ်။ အသင်းတော်​မှာ ငြိမ်သက်​စည်းလုံးမှု တိုးများ​စေမယ်။ နှိမ့်ချမှု​ကို မွေးမြူ​ခိုင်မာ​စေခြင်း​က ဘုရားသခင့် မဟာကရုဏာ ခံစားရ​စေပါလိမ့်မယ်။ “ခင်ဗျား​တို့အားလုံး အချင်းချင်း ဆက်ဆံ​တဲ့အခါ စိတ်နှိမ့်ချ​ပါ။ ဘာ​လို့လဲ​ဆိုတော့ ဘုရား​သခင်က မောက်မာ​သူတွေကို ဆန့်ကျင်​ပြီး စိတ်နှိမ့်ချသူ​တွေကို မဟာကရုဏာ ပေးသနား​လို့ပဲ” လို့ တမန်တော် ပေတရု ပြောတယ်။—၁ ပေ.​ ၅:၅

‘နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်း​တို့​ကို ဝတ်ဆင်​ပါ’

၁၄။ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်း တင်ပြ​ရာမှာ ဘယ်သူက အကောင်းဆုံး ပုံသက်သေ ဖြစ်သလဲ။

၁၄ ဒီနေ့ လောကမှာ နူးညံ့သိမ်မွေ့​သူ၊ စိတ်ရှည်​သူ​ကို ပျော့​ညံ့​သူ​လို့ ယူမှတ်​လေ့​ရှိ​ကြ​တယ်။ မှား​လိုက်​လေ​ခြင်း။ တကယ်တော့ ဒီ​အရည်အသွေးကောင်း​တွေဟာ စကြဝဠာမှာ တန်ခိုး​အကြီးဆုံး​အရှင်​ဆီကနေ အရင်းခံ​တယ်။ ယေဟော​ဝါဘုရား​ဟာ နူးညံ့သိမ်မွေ့၊ စိတ်ရှည်​ရာမှာ အကောင်းဆုံး ပုံသက်သေ​ဖြစ်တယ်။ (၂ ပေ.​ ၃:၉) အာဗြဟံ​နဲ့ လောတ မေးခွန်းထုတ်​ချိန်မှာ ကောင်းကင်တမန်​တွေ​အားဖြင့် ဘုရားသခင် တုံ့ပြန်​ပုံကို စဉ်းစားကြည့်ပါ။ (က. ၁၈:၂၂-၃၃။ ၁၉:၁၈-၂၁) လမ်းလွဲ​နေတဲ့ အစ္စရေးလူမျိုး​ကို နှစ်ပေါင်း ၁,၅၀​၀ ကျော် ယေဟော​ဝါ သည်းခံ​ခဲ့တယ်။—ယေဇ. ၃၃:၁၁

၁၅။ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်း တင်ပြ​ရာမှာ ယေရှု ဘာ​ပုံသက်သေ ချမှတ်​ခဲ့​သလဲ။

၁၅ ယေရှု​လည်း “နူးညံ့သိမ်မွေ့” တယ်။ (မ. ၁၁:၂၉) နောက်လိုက်​တွေရဲ့ အားနည်းချက်​တွေကို စိတ်ရှည်သည်းခံ​ခဲ့တယ်။ မြေကြီး​ပေါ် အမှုဆောင်ချိန်​တစ်လျှောက် ဘာသာရေး ဆန့်ကျင်သူ​တွေရဲ့ မတရား​ဝေဖန်မှု​တွေ ခံရပ်​ခဲ့တယ်။ မှားယွင်းစွာ အသတ်ခံရတဲ့​အထိ နူးညံ့သိမ်မွေ့၊ စိတ်ရှည်မှု တင်ပြ​ခဲ့တယ်။ “သူတို့​ဘာ​လုပ်​နေမှန်း သူတို့​မ​သိ​ကြဘူး” လို့​ပြောပြီး ကွပ်မျက်​သူတွေကို ခွင့်လွှတ်​ပေးဖို့ သစ်တိုင်​ပေါ် ဝေဒနာ​ခံ​နေရ​ချိန်မှာ ဆုတောင်း​ပေးခဲ့တယ်။ (လု. ၂၃:၃၄) နာကျင်​ဖိစီး​နေတဲ့ အခြေအနေ​မှာတောင် နူးညံ့သိမ်မွေ့ စိတ်ရှည်​တဲ့၊ ထူးခြားတဲ့ ပုံသက်သေ​ပါပဲ။၁ ပေတရု ၂:၂၁-၂၃ ကိုဖတ်ပါ။

၁၆။ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်း​ကို ဘယ်​လက်တွေ့ကျ​နည်းနဲ့ တင်ပြ​နိုင်သလဲ။

၁၆ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်း​ကို ကျွန်တော်တို့ ဘယ်လို တင်ပြ​နိုင်သလဲ။ တစ်နည်း​က​တော့ “အချင်းချင်း မကျေနပ်စရာ ရှိနေ​ရင်တောင် ဆက်​ပြီး​သည်းခံ​ကြပါ၊ ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်​ကြပါ။ ယေဟော​ဝါက ခင်ဗျား​တို့​ကို ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်​သလို ခင်ဗျား​တို့လည်း အဲဒီလိုပဲ ခွင့်လွှတ်​ကြပါ” လို့ ယုံကြည်​သူ​ချင်း​တွေကို ပေါလု ပြောခဲ့တယ်။ (ကော. ၃:၁၃) အဲဒီ​စကားကို ကျွန်တော်တို့ နာခံဖို့ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်း လိုတယ်။ ဒါပေမဲ့ ခွင့်လွှတ်ခြင်း​အားဖြင့် အသင်းတော်ရဲ့ စည်းလုံးမှုကို တိုးများ​စေ​ကြ​တယ်၊ ထိန်းသိမ်း​ကြ​တယ်။

၁၇။ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်း ရှိ​ဖို့ ဘာကြောင့် အရေးကြီး​သလဲ။

၁၇ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်း​ကို ဝတ်ဆင်​ဖို့ဆိုတာ ခရစ်ယာန်​တစ်ယောက်​ ရွေး​လို့ရ​တဲ့​ကိစ္စ မဟုတ်ဘူး။ ကယ်တင်ခြင်း​အတွက် လုပ်ကိုလုပ်ရမယ့်​အရာ ဖြစ်တယ်။ (မ. ၅:၅။ ယာ. ၁:၂၁) ပို​အရေးကြီးတာက ဒီအရ​ည်​အသွေး​တွေကို တင်ပြခြင်း​အားဖြင့် ယေဟော​ဝါကို ဂုဏ်တင်​ကြ​တယ်၊ ကျမ်းစာ​အကြံဉာဏ်​ကို လိုက်လျှောက်​ဖို့ တခြားသူတွေကို ကူညီ​ပေးကြတယ်။—ဂ​လ. ၆:၁။ ၂ တိ. ၂:၂၄၊ ၂၅

‘မေတ္တာကို ဝတ်ဆင်​ပါ’

၁၈။ မေတ္တာနဲ့ မျက်နှာမလိုက်​ခြင်း ဘယ်လို ဆက်စပ်နေ​သလဲ။

၁၈ ဆွေးနွေးသုံးသပ်​ခဲ့တဲ့ အရည်အသွေး​အားလုံးဟာ မေတ္တာနဲ့ ဆက်စပ်နေတယ်။ ဥပမာ၊ ဆင်းရဲ​ချမ်းသာ ခွဲခြား​သူတွေကို တပည့်တော် ယာကုပ် ဆုံးမ​ခဲ့တယ်။ ဒီလို​အမူအကျင့်​က “လူ​လူ​ချင်း​ကို ကိုယ်နဲ့ထပ်တူ ချစ်​ပါ” ဆိုတဲ့ တော်ဝင်​ပညတ်​ကို ချိုးဖောက်​နေတာ ဖြစ်တယ်။ “မျက်နှာ​လိုက်​မြဲ လိုက်နေ​ရင်​တော့ အပြစ်​ကျူးလွန်တာ​ပဲ” လို့ ဆက်​ပြောတယ်။ (ယာ. ၂:၈၊ ၉) မေတ္တာ​က​တော့ ပညာ၊ လူမျိုး၊ လူ​မှု​အဆင့်အတန်း​ပေါ် မူတည်ပြီး ခွဲခြား​ဆက်ဆံခြင်း မှန်သမျှကို ရှောင်​ဖို့ လှုံ့ဆော်​ပေးမယ်။ မျက်နှာမလိုက်​ခြင်းက အပေါ်ယံ​ပဲ မဖြစ်သင့်ဘူး။ တကယ့်​စိတ်ရင်း​နဲ့ ဖြစ်ရမယ်။

၁၉။ မေတ္တာကို ဝတ်ဆင်​ဖို့ ဘာကြောင့် အရေးကြီး​သလဲ။

၁၉ မေတ္တာ​ဟာ “စိတ်ရှည်​တတ်တယ်။ ကြင်နာ​တတ်တယ်။” “မာန်မာန မရှိဘူး။” (၁ ကော. ၁၃:၄) တခြားသူတွေကို နိုင်ငံတော်သတင်း ဆက်​ဟောပြော​နိုင်​ဖို့ စိတ်ရှည်ခြင်း၊ ကြင်နာခြင်း၊ နှိမ့်ချ​ခြင်း လိုအပ်တယ်။ (မ. ၂၈:၁၉) အသင်းတော်မှာရှိတဲ့ ညီအစ်ကို/မ​ အားလုံး​နဲ့ သင့်မြတ်​ဖို့ လွယ်ကူစေတယ်။ မေတ္တာပြ​ခြင်း​ကြောင့် ဘာ​အကျိုးခံစား​ရသလဲ။ ယေဟော​ဝါကို ဘုန်းထင်ရှား​စေတဲ့၊ စိတ်ဝင်စားသူ လူသစ်​တွေကို ဆွဲဆောင်​နိုင်တဲ့၊ စည်းလုံး​တဲ့ အသင်းတော်တွေ ဖြစ်ပေါ်​စေတယ်။ “အဲဒါတွေ​အပြင် မေတ္တာကို​လည်း ဝတ်ဆင်​ကြပါ။ ဘာ​လို့လဲ​ဆိုတော့ မေတ္တာ​ဟာ စည်းလုံးခြင်း​အတွက် ခိုင်မြဲ​တဲ့ နှောင်ကြိုး​ပဲ” ဆိုတဲ့ စကားနဲ့ စရိုက်သစ်​အကြောင်း နိဂုံးချုပ်​ထားတာ သင့်တော်​လှပါတယ်။—ကော. ၃:၁၄

‘အသစ်​ဖြစ်အောင် အမြဲ​ပြုပြင်​နေ​ပါ’

၂၀။ (က) ကိုယ့်ကိုယ်ကိုယ် ဘယ်​မေးခွန်းတွေ မေး​သင့်သလဲ။ ဘာကြောင့်လဲ။ (ခ) ဘယ်​အချိန်ကို စောင့်မျှော်​နေကြ​သလဲ။

၂၀ ‘စရိုက်ဟောင်း​ကို ချွတ်ပယ်​ထား​ဖို့ ဘာ​လုပ်​ရဦး​မလဲ’ လို့ ယောက်တိုင်း ကိုယ့်ကိုယ်ကိုယ် မေးသင့်တယ်။ ဘုရားသခင့် အကူအညီ​ရဖို့ မခြားမလပ် ဆုတောင်း​ရမယ်။ ဘုရား​နိုင်ငံတော်ကို အမွေမခံ​ရစေ​မယ့် သဘောထား၊ အကျင့်​တွေကို အနိုင်ယူ​ဖို့ ကြိုးစား​ရမယ်။ (ဂလ. ၅:၁၉-၂၁) ‘စိတ်သဘော​ကို အသစ်​ဖြစ်အောင် ငါ​အမြဲ​ပြုပြင်​နေ​သလား’ လို့လည်း မေး​ရမယ်။ (ဧ. ၄:၂၃၊ ၂၄) ခရစ်ယာန်​အားလုံး စရိုက်သစ်​ကို အပြည့်အဝ ဝတ်ဆင်​ထား​နိုင်​တဲ့အထိ အမြဲတစေ ကြိုးစား​နေရ​မယ်။ ကိုယ်​သိထား​တဲ့သူ​တိုင်း စရိုက်သစ်​ကို အပြည့်အဝ ဝတ်ဆင်​ထားတဲ့​အခါ ဘယ်လောက် ပျော်စရာ​ကောင်း​မလဲဆိုတာ မြင်ယောင်​ကြည့်ပါ။

^ စာပိုဒ်၊ 3 ကျမ်းစာခေတ်မှာ သ​ကု​သိ​လူတွေဟာ ယဉ်ကျေးမှု မရှိတဲ့​သူတွေ​ဆိုပြီး အထင်သေး​ခံ​ရတယ်။