မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အမှန်တရားက “ငြိမ်သက်ခြင်းအစား ဓားကို” ယူဆောင်လာ

အမှန်တရားက “ငြိမ်သက်ခြင်းအစား ဓားကို” ယူဆောင်လာ

“ကမ္ဘာမြေ​ပေါ် ငြိမ်သက်ခြင်း​ကို ကျွန်တော် ယူဆောင်​လာတယ်​လို့ မ​ထင်ကြ​နဲ့။ ငြိမ်သက်ခြင်း​အစား ဓား​ကို ယူဆောင်​လာတယ်။”—မ. ၁၀:၃၄

သီချင်း– ၁၂၃၊ ၁၂၈

၁၊ ၂။ (က) အခု ဘယ်​ငြိမ်သက်ခြင်း​မျိုး ခံစား​နေနိုင်​သလဲ။ (ခ) ဒီ​အချိန်​မှာ အေးချမ်း​ငြိမ်သက်မှု အပြည့်အဝ မ​ခံစားရ​အောင် ဘာက တားဆီး​နေ​သလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကို ကြည့်ပါ။)

ကျွန်တော်တို့​အားလုံး စိုးရိမ်ပူပန်မှု ကင်း​ပြီး ငြိမ်းချမ်း​တဲ့ အသက်တာ လိုချင်​ကြ​တ​ယ်။ ယေဟောဝါက ကျွန်တော်တို့ကို “ဘုရားသခင့် ငြိမ်သက်ခြင်း” ပေးထား​လို့ ကျေးဇူးတင်စရာ​ပဲ။ အဲဒါက စိုးရိမ်​သောက၊ ပူပန်မှု​တွေကနေ ကာကွယ်​ပေးတယ်။ (ဖိ. ၄:၆၊ ၇) ယေဟောဝါ​ဆီ ဆက်ကပ်အပ်နှံ​ထားတဲ့အတွက် “ဘုရား​သခင်နဲ့ အမြဲ ခင်မင်ရင်းနှီး” တဲ့ ဆက်ဆံရေးကောင်း ပိုင်ဆိုင်​နေကြတယ်။—ရော. ၅:၁

ဒါပေမဲ့ လုံးလုံး ငြိမ်သက်​အေးချမ်း​တဲ့​အချိန် ရောက်​မလာ​သေး​ဘူး။ ခက်ခဲကျပ်တည်း​တဲ့ ဒီ​နောက်ဆုံး​ကာလမှာ ပဋိပက္ခ​တွေ ပြည့်နှက်​နေတယ်။ လူများစွာ​မှာ ရန်လို​တဲ့​သဘောထားတွေ ရှိနေကြတယ်။ (၂ တိ. ၃:၁-၄) စာတန်​နဲ့ မှားယွင်းတဲ့ သွန်သင်ချက်​တွေကို ကျွန်တော်တို့ ခရစ်ယာန်တွေ တိုက်လှန်​နေရတယ်။ (၂ ကော. ၁၀:၄၊ ၅) ဒါပေမဲ့ ကျွန်တော်တို့ရဲ့ အေးချမ်း​ငြိမ်သက်​မှုကို ပျက်ပြား​စေတဲ့ အကြီးမားဆုံး​ခြိမ်းခြောက်မှု​က မယုံကြည်သူ ဆွေမျိုးသားချင်း​တွေဆီက ပေါ်လာ​နိုင်တယ်။ တချို့​က ကျွန်တော်တို့ရဲ့ ယုံကြည်ချက်​တွေကို ကဲ့ရဲ့​ကြ​မယ်။ မိသားစု ဖြိုခွဲ​သူ​လို့ စွပ်စွဲ​ကြ​မယ်။ ယုံကြည်ခြင်း​ကို မစွန့်​ရင် ကျွန်တော်တို့ကို စွန့်ပစ်​မယ်လို့ ခြိမ်းခြောက်​ကြ​မယ်။ မိသားစု ဆန့်ကျင်မှု​ကို ဘယ်လို ရှုမြင်သင့်သလဲ။ ဖြစ်ပေါ်လာ​မယ့် အခက်အခဲတွေကို အောင်မြင်​စွာ ဘယ်လို ရင်ဆိုင်ဖြေရှင်း​နိုင်မလဲ။

မိသားစု ဆန့်ကျင်မှု

၃၊ ၄။ (က) ယေရှုရဲ့ သွန်သင်ချက်​တွေ​က ဘာ​အကျိုးဆက်​တွေ ဖြစ်ပေါ်​စေနိုင်​သလဲ။ (ခ) ယေရှု​နောက် လိုက်​ဖို့ ဘယ်​အချိန်​မှာ အထူးသဖြင့် ခက်ခဲ​မလဲ။

ယေရှုဟာ မိမိရဲ့ သွန်သင်ချက်​တွေ​က လူတွေကို ကွဲပြား​စေမယ်၊ ဆန့်ကျင်မှု​ကို ရင်ဆိုင်​နိုင်အောင် နောက်လိုက်​တွေ ရဲစွမ်းသတ္တိ​ရှိ​ဖို့ လို​မယ်​ဆိုတာ သိထား​တ​ယ်။ ဒီ​ဆန့်ကျင်မှု​က မိသားစုဝင်​တွေရဲ့ သင့်မြတ်​ငြိမ်သက်​တဲ့ ဆက်ဆံရေးကို ထိခိုက်​စေ​နိုင်တယ်။ “ကမ္ဘာမြေ​ပေါ် ငြိမ်သက်ခြင်း​ကို ကျွန်တော် ယူဆောင်​လာတယ်​လို့ မ​ထင်ကြ​နဲ့။ ငြိမ်သက်ခြင်း​အစား ဓား​ကို ယူဆောင်​လာတယ်။ အဖေ​နဲ့ သား၊ အမေနဲ့ သမီး၊ ယောက္ခမ​နဲ့ ချွေးမ စိတ်ဝမ်းကွဲပြား​စေဖို့ ကျွန်တော် ရောက်လာ​တာ။ ကိုယ့်​အိမ်သူအိမ်သား​တွေဟာ ကိုယ့်​ရန်သူ ဖြစ်​လိမ့်မယ်” လို့ ယေရှု​ပြောတယ်။—မ. ၁၀:၃၄-၃၆

“ကမ္ဘာမြေ​ပေါ် ငြိမ်သက်ခြင်း​ကို ကျွန်တော် ယူဆောင်​လာတယ်​လို့ မ​ထင်ကြ​နဲ့” လို့ ပြောတဲ့အခါ မိမိ​နောက် လိုက်ခြင်း​ကြောင့် ကြုံတွေ့​ရနိုင်​တဲ့ အကျိုးဆက်​တွေကို စဉ်းစား​ဖို့ လို​ကြောင်း နားထောင်​နေ​သူတွေကို ပြော​နေတာ​ဖြစ်တယ်။ ယေရှုရဲ့ သတင်း​က လူတွေကို ကွဲပြား​စေ​နိုင်တယ်။ ဒါပေမဲ့ ယေရှုရဲ့ ရည်ရွယ်ချက်​က လူတွေရဲ့ ဆက်ဆံရေးကို ဖျက်ဆီး​ဖို့ မဟုတ်ဘဲ ဘုရားသခင့် အမှန်တရား​သတင်း ကြေညာ​ဖို့ ဖြစ်တယ်။ (ယော. ၁၈:၃၇) မိတ်ဆွေတွေ၊ မိသားစုဝင်​တွေ အမှန်တရားကို ငြင်းပယ်​တယ်ဆိုရင် ခရစ်တော်ရဲ့ သွန်သင်ချက်​ကို သစ္စာရှိရှိ စွဲကိုင်​ထား​ဖို့ ခက်ခဲ​နိုင်တယ်။

၅။ ယေရှုရဲ့ နောက်လိုက်​တွေ ဘာ​ကြုံတွေ့​ရ​မလဲ။

နောက်လိုက်​တွေ လိုလိုလားလား ခံရပ်​ရမယ့် ဆင်းရဲဒုက္ခ​တွေ​ထဲမှာ မိသားစု ဆန့်ကျင်မှု​ကြောင့် ခံစားရမယ့် နာကျင်မှု​ကိုလည်း ယေရှု ထည့်​ပြောခဲ့တယ်။ (မ. ၁၀:၃၈) ခရစ်တော်​နဲ့ ထိုက်တန်​ကြောင်း သက်သေ​ပြဖို့ တပည့်​တွေဟာ ကဲ့ရဲ့​လှောင်ပြောင်မှု၊ မိသားစုဝင်​တွေရဲ့ စိမ်းကား​မှုကို​တောင် ခံရပ်​ရမယ်။ ဒါပေမဲ့ ဆုံးၡုံး​သွားတာ​ထက် အဆ​များစွာ ပြန်​ရမယ်။မာကု ၁၀:၂၉၊ ၃၀ ကိုဖတ်ပါ။

၆။ ယေဟောဝါကို ကိုးကွယ်​ဖို့ ဆွေမျိုးသားချင်း​တွေ ဆန့်ကျင်​တဲ့အခါ ဘာကို သတိရ,ရ​မလဲ။

ယေဟောဝါကို ကိုးကွယ်​ဖို့ ကျွန်တော်တို့ရဲ့ ကြိုးစား​အားထုတ်မှု​ကို ဆွေမျိုးသားချင်း​တွေ ဆန့်ကျင်​ရင်တောင် သူတို့ကို ဆက်​ချစ်​သွားရမယ်။ ဒါပေမဲ့ ဘုရား​သခင်နဲ့ ခရစ်တော်​ကို ချစ်တဲ့​မေတ္တာ​က ပထမ​ဖြစ်မှန်း သိထား​ရမယ်။ (မ. ၁၀:၃၇) မိသားစု​သံယောဇဉ်​ကို သုံးပြီး ကျွန်တော်တို့ရဲ့ သမာဓိ​ကို ချိုးဖျက်​ဖို့ စာတန် ကြိုးစား​မယ်​ဆိုတာကိုလည်း သိထား​ရမယ်။ မိသားစု ဆန့်ကျင်မှု ပါဝင်တဲ့ အခြေအနေ​တချို့​နဲ့ အောင်မြင်​စွာ ရင်ဆိုင်နိုင်​ပုံကို သုံးသပ်ကြည့်​ကြ​ရ​အောင်။

မယုံကြည်​တဲ့ အိမ်ထောင်ဖက်

၇။ မယုံကြည်​တဲ့ အိမ်ထောင်ဖက်​ရှိ​သူတွေဟာ ကိုယ့်​အခြေအနေကို ဘယ်လို ရှုမြင်သင့်သလဲ။

အိမ်ထောင်ပြု​သူတွေ “ဘဝ​ဒုက္ခ​တွေ ကြုံတွေ့​ရ” မယ်လို့ ကျမ်းစာမှာ သတိပေး​ထားတယ်။ (၁ ကော. ၇:၂၈) မယုံကြည်​တဲ့ အိမ်ထောင်ဖက် ရှိတယ်​ဆိုရင် ဖိစီးမှု၊ စိုးရိမ်ပူပန်မှု ပို​ကြုံရ​နိုင်တယ်။ ဒါပေမဲ့ ကိုယ့်​အခြေအနေကို ယေဟောဝါ ရှုမြင်​သလို ရှုမြင်​တတ်ဖို့ အရေးကြီးတယ်။ ခရစ်တော်​နောက် အိမ်ထောင်ဖက် မ​လိုက်​ချင်​တာ​က ခွဲ​နေဖို့၊ ကွာရှင်း​ဖို့ ခိုင်လုံတဲ့ အကြောင်းပြချက် မဟုတ်ဘူး။ (၁ ကော. ၇:၁၂-၁၆) မယုံကြည်​တဲ့ ခင်ပွန်းဟာ ဘုရားရေးရာ​ကိစ္စတွေမှာ ဦး​မဆောင်​နိုင်​ပေ​မဲ့ အိမ်ထောင်ဦးစီး​ဆိုတဲ့ အနေအထား​ကြောင့် လေးစားမှု ရ​သင့်တယ်။ မယုံကြည်​တဲ့ ဇနီး​လည်း ခရစ်ယာန်​ခင်ပွန်း​ရဲ့ ကိုယ်ကျိုးစွန့်​မေတ္တာနဲ့ ချစ်ခင်တွယ်တာမှု ရရှိ​သင့်တယ်။—ဧ. ၅:၂၂၊ ၂၃၊ ၂၈၊ ၂၉

၈။ အိမ်ထောင်ဖက်​က ကိုယ့်​ကိုးကွယ်မှု​ကို ကန့်သတ်​ပိတ်ပင်​လာ​ရင် ကိုယ့်ကိုယ်ကိုယ် ဘယ်​မေးခွန်းတွေ မေး​နိုင်သလဲ။

အိမ်ထောင်ဖက်​က ကိုယ့်ရဲ့ ကိုးကွယ်မှု​ကို ကန့်သတ်​ပိတ်ပင်​မယ်​ဆိုရင်ကော။ ဥပမာ၊ ညီအစ်မ​တစ်ယောက်​ကို ခင်ပွန်းက တချို့​ရက်​တွေ​မှာပဲ အမှုဆောင်လုပ်ငန်းမှာ ပါဝင်ဖို့ ခွင့်ပြု​တ​ယ်​ဆိုပါစို့။ အဲဒီလို အခြေအနေ​မျိုး ကြုံ​ရတယ်​ဆိုရင် ‘ငါ့​အိမ်ထောင်ဖက်​က ဘုရားသခင်ကို မကိုးကွယ်​ဖို့ တားဆီး​နေ​တာလား။ မဟုတ်ဘူး​ဆိုရင် သူ့​တောင်းဆိုချက်​ကို လိုက်လျော​နိုင်မလား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးပါ။ အကျိုးသင့်အကြောင်းသင့်​သဘော​က မလို​အပ်​တဲ့ အိမ်ထောင်ရေး ပြဿနာ​တွေကို ရှောင်ရှား​စေ​နိုင်တယ်။—ဖိ. ၄:၅

၉။ မယုံကြည်​တဲ့ မိဘ​ကို ရိုသေ​ဖို့ သားသမီးတွေကို ခရစ်ယာန်တွေ ဘယ်လို သင်​ပေးနိုင်သလဲ။

မယုံကြည်​တဲ့ အိမ်ထောင်ဖက်​ရှိတယ်​ဆိုရင် သားသမီးတွေကို လေ့ကျင့်ပေး​ရာမှာ အထူး ခက်ခဲ​နိုင်တယ်။ ဥပမာ၊ “မိဘ​ကို ရိုသေ​ပါ” ဆိုတဲ့ ကျမ်းစာ မိန့်မှာချက်​ကို နာခံဖို့ သားသမီးတွေကို သင်ပေး​ရမယ်။ (ဧ. ၆:၁-၃) ဒါပေမဲ့ အိမ်ထောင်ဖက်​က ကျမ်းစာ​ရဲ့ မြင့်မားတဲ့​စံနှုန်းတွေ​အတိုင်း မ​ကျင့်​ဘူး​ဆိုရင်ကော။ အိမ်ထောင်ဖက်​ကို ရိုသေခြင်း​အားဖြင့် ပုံသက်သေ​ပြပါ။ အိမ်ထောင်ဖက်​ရဲ့ အရည်အသွေးကောင်း​တွေကို အာရုံစိုက်ပါ။ လေးမြတ်​ကြောင်း ဖော်​ပြပါ။ သားသမီး​တွေ​ရှေ့မှာ အိမ်ထောင်ဖက်​ရဲ့ မကောင်းကြောင်း မပြော​မိပါစေ​နဲ့။ ယေဟောဝါကို ဝတ်ပြု​မပြု​ဆိုတာ တစ်ဦးစီ​ရဲ့ ရွေးချယ်မှု​ဖြစ်ကြောင်း ရှင်းပြပါ။ သားသမီး​တွေရဲ့ အမူအကျင့်ကောင်း​က မယုံကြည်​တဲ့ မိဘ​ကို စစ်မှန်တဲ့ ဝတ်ပြုရေး​ဆီ ဆွဲဆောင်​နိုင်တယ်။

ဖြစ်နိုင်တဲ့​အခါတိုင်း သားသမီးတွေကို ကျမ်းစာအမှန်တရား သင်ပေးပါ (အပိုဒ် ၁၀ ကိုကြည့်ပါ)

၁၀။ ဘာသာရေး​ကွဲပြား​တဲ့​အိမ်ထောင်​မှာ ခရစ်ယာန်​မိဘတွေ ကျမ်းစာအမှန်တရား​အကြောင်း သားသမီးတွေကို ဘယ်လို သင်​ပေးနိုင်သလဲ။

၁၀ တစ်ခါတလေ မယုံကြည်​တဲ့ အိမ်ထောင်ဖက်​က သားသမီးတွေကို အယူမှား ပွဲ​တွေမှာ ပါဝင်ဖို့၊ မှားယွင်းတဲ့ ဘာသာရေး ယုံကြည်ချက်​တွေ သင်ယူ​ဖို့ တောင်းဆို​နိုင်တယ်။ သားသမီးတွေကို ကျမ်းစာ​အကြောင်း မ​သင်ပေး​ဖို့ ခရစ်ယာန်​ဇနီးသည်​ကို တားမြစ်​နိုင်တယ်။ အဲဒီလို​အခြေအနေ​မှာတောင် သားသမီးတွေကို ကျမ်းစာအမှန်တရား သင်ပေး​ဖို့ အတတ်နိုင်ဆုံး လုပ်ဆောင်​နိုင်ပါတယ်။ (တ. ၁၆:၁။ ၂ တိ. ၃:၁၄၊ ၁၅) ဥပမာ၊ အရွယ်​မ​ရောက်​သေး​တဲ့ သားသမီးတွေကို ကျမ်းစာ မ​သင်ပေး​ဖို့၊ အစည်းအဝေး​တွေ မ​ခေါ်​သွားဖို့ သက်သေခံ​ဇနီးသည်​ကို ခင်ပွန်းက တားမြစ်​နိုင်တယ်။ ခင်ပွန်း​ရဲ့ ဆုံးဖြတ်ချက်​ကို လေးစားကြောင်း​ပြ​ရင်း အခွင့်အရေး​ရ​တိုင်း သားသမီး​တွေ​ရှေ့မှာ ကိုယ့်​ယုံကြည်ချက်​ကို ပြောပြနိုင်တယ်။ ဒီလိုနဲ့ စာရိတ္တ​ကောင်း​ဖို့ သင်ပေးနိုင်တယ်။ ယေဟောဝါ​အကြောင်း ပြောပြနိုင်တယ်။ (တ. ၄:၁၉၊ ၂၀) နောက်ဆုံး​မှာတော့ ကိုးကွယ်မှု​နဲ့​ပတ်သက်​လာ​ရင် သားသမီးတွေကို​ယ်​တိုင် ဆုံးဖြတ်​ရမှာ​ဖြစ်တယ်။—တရား. ၃၀:၁၉၊ ၂၀ *

စစ်မှန်တဲ့ ဝတ်ပြုရေး​ကို ဆန့်ကျင်​တဲ့ ဆွေမျိုးသားချင်းများ

၁၁။ သက်သေခံ မဟုတ်တဲ့ ဆွေမျိုးသားချင်း​တွေနဲ့​ပတ်သက်ပြီး ဘာပြဿနာ ပေါ်လာ​နိုင်သလဲ။

၁၁ အစပိုင်း​မှာတော့ ယေဟောဝါ​သက်သေတွေ​နဲ့ ပူးပေါင်း​နေတဲ့အကြောင်း မိသားစု​တွေကို မ​ပြောပြ​တာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ ယုံကြည်ခြင်း တိုးပွား​လာ​တာနဲ့​အမျှ ပွင့်ပွင့်လင်းလင်း ပြော​ဖို့ လိုမှန်း သိလာ​တ​ယ်။ (မာ. ၈:၃၈) သတ္တိရှိရှိ ရပ်တည်မှု​ကြောင့် သက်သေခံ မဟုတ်တဲ့ ဆွေမျိုးသားချင်း​တွေနဲ့ ပြဿနာ​ဖြစ်လာ​ရင် ပြဿနာ​တွေကို လျော့နည်း​စေဖို့၊ သမာဓိ ဆက်​ထိန်းသိမ်း​နိုင်​ဖို့ နည်းလမ်း​တချို့ကို သုံးသပ်ကြည့်​ရ​အောင်။

၁၂။ မယုံကြည်​တဲ့ ဆွေမျိုးသားချင်း​တွေ ဘာကြောင့် ဆန့်ကျင်​လာ​နိုင်သလဲ။ သူတို့ကို စာနာ​ကြောင်း ဘယ်လို တင်ပြ​နိုင်သလဲ။

၁၂ မယုံကြည်​တဲ့ ဆွေမျိုးသားချင်း​တွေကို စာနာပါ။ သင်ယူသိရှိ​လာတဲ့ ကျမ်းစာအမှန်တရား​ကြောင့် ကျွန်တော်တို့ ဝမ်းသာအားရ​ဖြစ်နိုင်​ပေ​မဲ့ ဆွေမျိုးသားချင်း​တွေကတော့ ကျွန်တော်တို့ လှည့်စား​ခံ​နေရ​ပြီ၊ ယုံကြည်ခြင်း ပြောင်း​သွား​ပြီ​လို့ တလွဲယူဆ​နိုင်တယ်။ သူတို့နဲ့အတူ ပွဲနေ့​တွေ မ​ကျင်းပ​တော့​တဲ့​အတွက် သူတို့ကို မချစ်​တော့​ဘူးလို့ ထင်​သွားနိုင်တယ်။ ကျွန်တော်တို့ရဲ့ ထာဝရ​ကောင်းကျိုး​အတွက် စိုးရိမ်​ပေးတာမျိုး​တောင် ဖြစ်နိုင်တယ်။ သူတို့ရဲ့ ရှုထောင့်​က​နေ အခြေအနေ​တွေကို ကြည့်မြင်​ပေးဖို့ ကြိုးစားခြင်း၊ သူတို့ရဲ့ စိတ်ရင်းမှန်နဲ့ စိုးရိမ်​ပေးမှု​ကို ဂရုတစိုက် နားထောင်ပေးခြင်း​အားဖြင့် စာနာမှု ပြ​သင့်တယ်။ (ပညာ. ၂၀:၅) တမန်တော် ပေါလုဟာ သတင်းကောင်း ဟော​နိုင်​ဖို့ “လူအမျိုးမျိုး” ကို နားလည်ပေးဖို့ ကြိုးစား​ခဲ့တယ်။ ကျွန်တော်တို့​လည်း အလားတူ ကြိုးစား​နိုင်ပါတယ်။—၁ ကော. ၉:၁၉-၂၃

၁၃။ မယုံကြည်​တဲ့ ဆွေမျိုးသားချင်း​တွေနဲ့ ဘယ်လို ပြောဆို​သင့်သလဲ။

၁၃ နူးညံ့သိမ်မွေ့​စွာ ပြောဆိုပါ။ “စကားပြော​ဆို​တဲ့အခါ အမြဲ ယဉ်ကျေးသိမ်မွေ့​ကြပါ” လို့ ကျမ်းစာက ပြောတယ်။ (ကော. ၄:၆) ယေဟောဝါ​ဆီ သန့်ရှင်းသော စွမ်းအားတော် တောင်းခံ​နိုင်တယ်။ ဒါမှ ဆွေမျိုးသားချင်း​တွေနဲ့ စကား​ပြောတဲ့အခါ စွမ်းအားတော် အရည်အသွေး တင်ပြ​နိုင်မယ်။ သူတို့ရဲ့ မှားယွင်းတဲ့ ဘာသာရေး ခံယူချက်​တွေအကြောင်း အ​ငြင်း​မ​ပွား​သင့်​ဘူး။ ကျွန်တော်တို့ကို ထိခိုက်အောင် ပြောဆို​ပြုမူ​တယ်ဆိုရင် တမန်တော်​တွေရဲ့ ပုံသက်သေ​ကို တုပ​နိုင်ပါတယ်။ “စော်ကား​ခံရတဲ့အခါ ဆုမွန်​ကောင်း တောင်းပေး​လိုက်တယ်။ ညှဉ်းဆဲ​ခံရ​တဲ့အခါ စိတ်ရှည်ရှည်​ထားပြီး သည်းခံ​လိုက်တယ်။ ကုန်း​ချော​ခံရ​တဲ့အခါ ညင်ညင်သာသာ​ပဲ ပြန်ပြော​လိုက်တယ်” လို့ ပေါလု ပြောတယ်။—၁ ကော. ၄:၁၂၊ ၁၃

၁၄။ အမူအကျင့်ကောင်း ထိန်းသိမ်း​ခြင်း​ကြောင့် ဘာ​အကျိုးကျေးဇူး​တွေ ရ​နိုင်သလဲ။

၁၄ အမူအကျင့်ကောင်း ထိန်းသိမ်း​ပါ။ နူးညံ့သိမ်မွေ့​တဲ့ အပြောအဆို​က ဆန့်ကျင်​တဲ့ ဆွေမျိုးသားချင်း​တွေနဲ့ ပြောဆိုဆက်ဆံ​ရာမှာ အထောက်အကူ ပြုတယ်​ဆိုရင် အမူအကျင့်ကောင်း​က ပိုလို့တောင် အထောက်အကူ​ပြု​နိုင်တယ်။ (၁ ပေတရု ၃:၁၊ ၂၊ ၁၆ ကိုဖတ်ပါ။) ယေဟောဝါ​သက်သေတွေ​ဟာ အိမ်ထောင်ရေး သာယာ​တယ်၊ သားသမီးတွေကို ဂရုစိုက်​ကြ​တ​ယ်၊ သန့်ရှင်း​ကြ​တယ်၊ ကိုယ်ကျင့်တရား ကောင်း​ကြ​တ​ယ်၊ ကျေနပ်စရာ​ဘဝ ပိုင်ဆိုင်​ကြ​တယ်ဆိုတာ ကိုယ့်​ပုံသက်သေ​အားဖြင့် ဆွေမျိုး​တွေကို သိမြင်​စေ​ပါ။ ဆွေမျိုးသားချင်း​တွေ အမှန်တရားကို ဘယ်တော့မှ လက်မခံ​ရင်တောင် သစ္စာရှိ​လမ်းစဉ်​ကြောင့် ယေဟောဝါကို ချီးမွမ်း​နိုင်​လို့ ဝမ်းမြောက်​နိုင်ပါတယ်။

၁၅။ ပြဿနာ​ဖြစ်စေ​နိုင်တဲ့ အခြေအနေ​တွေအတွက် ဘယ်လို ကြိုတင်​စီစဉ်​ထား​နိုင်သလဲ။

၁၅ ကြိုတင်​စီစဉ်​ပါ။ ပြဿနာ ဖြစ်စေ​နိုင်တဲ့ အခြေအနေ​တွေကို စဉ်းစားပါ။ ဘယ်လို ကိုင်တွယ်​မယ်​ဆိုတာ ဆုံးဖြတ်​ထားပါ။ (ပညာ. ၁၂:၁၆၊ ၂၃) ဩစတြေးလျ​နိုင်ငံ​က ညီအစ်မ​တစ်ယောက် ဒီလိုပြောတယ်– “ယောက္ခမ​က အမှန်တရားကို အပြင်းအထန် ဆန့်ကျင်​တ​ယ်။ သူ့ကို ဒေါသနဲ့ မတုံ့ပြန်​မိအောင် ကူညီပေးဖို့ သူ့​ဆီ မသွား​ခင် ကျွန်မတို့​ဇနီးမောင်နှံ ယေဟောဝါ​ဆီ ဆုတောင်း​လေ့ရှိတယ်။ ရင်းရင်းနှီးနှီး စကားလက်ဆုံ​ပြော​လို့​ရမယ့် အကြောင်းအရာ​တွေကို ပြင်ဆင်​တ​ယ်။ ဘာသာရေး​အကြောင်း အကြီးအကျယ် ဆွေးနွေး​ငြင်းခုံ​တာမျိုး ဖြစ်စေ​မယ့် စကား​မျိုး​ကို ရှောင်​တ​ယ်။ လည်ပတ်​တဲ့​အချိန်ကို ကန့်သတ်​ထားတယ်။”

၁၆။ ဆွေမျိုးသားချင်း​တွေရဲ့ အကြိုက် မ​လိုက်လို့ အပြစ်​ရှိတယ်ဆိုတဲ့ ခံစားချက်ကို ဘယ်လို အောင်မြင်​နိုင်သလဲ။

၁၆ မယုံကြည်​တဲ့ ဆွေမျိုးသားချင်း​တွေနဲ့ သဘောထား​ကွဲလွဲမှု​အားလုံး​ကိုတော့ ရှောင်နိုင်​မှာ မဟုတ်ဘူး။ အထူးသဖြင့် ဆွေမျိုးသားချင်း​တွေကို တကယ်​ချစ်​ရင်၊ သူတို့​အကြိုက်​လိုက်​ဖို့ အမြဲကြိုးစား​ရင် အဲဒီ​သဘောထား​ကွဲလွဲမှု​တွေကြောင့် အပြစ်​ရှိတယ်လို့ ခံစားရ​နိုင်တယ်။ အဲဒီလို ခံစားရ​တယ်ဆိုရင် မိသားစု​ကို ချစ်​တာ​ထက် ယေဟောဝါအပေါ် သစ္စာစောင့်သိခြင်း​ကို ရှေ့တန်း​တင်​ဖို့ ကြိုးစားပါ။ ဒါဆိုရင် ကျမ်းစာ​အမှန်တရားကို ကျင့်သုံး​ခြင်းက သေရေးရှင်ရေး​ကိစ္စ​ဖြစ်ကြောင်း ဆွေမျိုးသားချင်း​တွေ သိမြင်​လာဖို့ ကူညီပေး​နိုင်တယ်။ ဘယ်လိုပဲ​ဖြစ်ပါစေ အမှန်တရားကို လက်ခံ​လာဖို့ တခြားသူတွေကို တွန်းအားပေး​လို့ မရ​ကြောင်း သတိရပါ။ ယေဟောဝါရဲ့ နည်းလမ်းတွေ​အတိုင်း လိုက်လျှောက်ခြင်း​ရဲ့ အကျိုးကျေးဇူး​တွေကို မြင်သာ​စေ​ပါ။ မေတ္တာရှင် ဘုရား​သခင်က ဘယ်​လမ်းစဉ် လိုက်ရ​မလဲဆိုတာ ရွေးချယ်​ဖို့ ကျွန်တော်တို့ကို အခွင့်အရေး ပေး​သလို သူတို့​ကိုလည်း အခွင့်အရေး ပေးထားတယ်။—ဟေရှာ. ၄၈:၁၇၊ ၁၈

မိသားစုဝင်​တစ်ယောက် ယေဟောဝါကို စွန့်​သွား​ခဲ့ရင်

၁၇၊ ၁၈။ မိသားစုဝင်​တစ်ယောက် ယေဟောဝါကို စွန့်​သွားတဲ့​အခါ ရင်ဆိုင်နိုင်ဖို့ ဘာက ကူညီ​ပေးနိုင်သလဲ။

၁၇ မိသားစုဝင်​တစ်ယောက် နှင်ထုတ်​ခံရ​ရင်၊ အသင်းတော်​နဲ့ ပေါင်းသင်းမှု ရပ်စဲ​လိုက်ရင် ဓား​နဲ့ အ​ထိုး​ခံရ​သလို နာကျင်​နိုင်တယ်။ အဲဒီ​နာကျင်မှု​ကို ဘယ်လို ရင်ဆိုင်ဖြေရှင်း​နိုင်သလဲ။

၁၈ ဘုရားရေးရာ လုပ်ရိုးလုပ်စဉ်​အတိုင်း ဆက်လုပ်​ပါ။ ကျမ်းစာ ပုံမှန် ဖတ်ရှုခြင်း၊ အစည်းအဝေးတွေကို ပြင်ဆင်​တက်ရောက်ခြင်း၊ အမှုဆောင်လုပ်ငန်းမှာ ပါဝင်ခြင်း၊ ခံနိုင်ရည်ခွန်အား ပေးဖို့ ဆုတောင်းခြင်း​အားဖြင့် ကိုယ့်ကိုယ်ကိုယ် တည်ဆောက်​ပါ။ (ယု. ၂၀၊ ၂၁) အဲဒါတွေကို လုပ်ဆောင်​နေ​ပေ​မဲ့ စိတ်​မပါဘူး​လို့ ခံစားနေရ​ရင်​ကော။ လက်မလျှော့​ပါနဲ့။ ဘုရားရေးရာ လုပ်ရိုးလုပ်စဉ်​က ကိုယ့်​အတွေး​နဲ့ ခံစားချက်​တွေကို ထိန်းချုပ်​ဖို့ ကူညီပေး​နိုင်တယ်။ ဆာလံ ၇၃ ရေးသားသူ​အကြောင်း စဉ်းစားကြည့်ပါ။ မှားယွင်းတဲ့​အတွေး ဝင်​လာပြီး အကြီးအကျယ် စိတ်ဒုက္ခ​ရောက်တဲ့​အခါ ဘုရားသခင့် ဝတ်ပြုရာ​နေရာ​ကို သွား​မှ အတွေးအခေါ်​ကို ပြန်​တည့်မတ်​နိုင်ခဲ့တယ်။ (ဆာ. ၇၃:၁၆၊ ၁၇) ယေဟောဝါကို သစ္စာရှိရှိ ကိုးကွယ်​နေခြင်း​က အလားတူ ကူညီပေး​နိုင်တယ်။

၁၉။ ယေဟောဝါရဲ့ ဆုံးမမှု အစီအစဉ်​ကို လေးစားကြောင်း ဘယ်လို တင်ပြ​နိုင်သလဲ။

၁၉ ယေဟောဝါရဲ့ ဆုံးမမှု​ကို လေးစား​ပါ။ ဘုရားသခင့် အစီအစဉ်​က အစပိုင်းမှာ နာကျင်ခံစား​ရစေ​ပေ​မဲ့ အပြစ်ပြုသူ အပါအဝင် အားလုံး​အတွက် ရေရှည်အကျိုး ခံစား​စေ​နိုင်တယ်။ (ဟီဘရူး ၁၂:၁၁ ကိုဖတ်ပါ။) ဥပမာ၊ နောင်တမယူတဲ့ အပြစ်​ပြုသူတွေ​နဲ့ ‘မပေါင်းဖော်’ ဖို့ ယေဟောဝါ ညွှန်ကြား​ထားတယ်။ (၁ ကော. ၅:၁၁-၁၃) စိတ်​ထဲမှာ နာကျင်​ပေ​မဲ့ နှင်ထုတ်​ခံ​ထားရတဲ့ မိသားစုဝင်​တွေနဲ့ ဖုန်း​ပြောတာ၊ စာတို​ပို့​တာ၊ စာ​ပို့​တာ၊ အီးမေးလ်​ပို့​တာတွေကို ရှောင်​ရမယ်။

၂၀။ ဘာကို ဆက်​မျှော်လင့်​နိုင်သလဲ။

၂၀ ဆက်​မျှော်လင့်​နေ​ပါ။ မေတ္တာ​ဟာ “အရာရာ​ကို မျှော်လင့်​တတ်တယ်။” အဲဒီမှာ ယေဟောဝါကို ကျောခိုင်း​သွား​သူတွေ ပြန်လှည့်လာ​မယ်​ဆိုတာ​လည်း ပါတယ်။ (၁ ကော. ၁၃:၇) မိသားစုဝင်​တစ်ယောက် သဘောထား ပြောင်းလဲ​သွားတဲ့ အထောက်အထား မြင်ရ​တဲ့အခါ ကျမ်းစာက​နေ ခွန်အား​ရဖို့၊ “ငါ့​ဆီ ပြန်လှည့်လာ​ပါ” ဆိုတဲ့ ယေဟောဝါရဲ့ မေတ္တာ​ရပ်​ခံ​ချက်ကို တုံ့ပြန်​ဖို့ ဆုတောင်း​ပေး​နိုင်တယ်။ —ဟေရှာ. ၄၄:၂၂

၂၁။ ယေရှု​နောက် လိုက်လို့ မိသားစု​စိတ်ဝမ်းကွဲ​ရင် ဘာ​လုပ်သင့်​သလဲ။

၂၁ ယေရှုက မိမိ​ထက် တခြား​လူသား တစ်ယောက်ယောက်​ကို ရှေ့တန်း​တင်​သူဟာ မိမိ​နဲ့ မ​ထိုက်တန်​ဘူးလို့ ပြောခဲ့တယ်။ တပည့်​တွေဟာ မိသားစု ဆန့်ကျင်မှု​ကြား မိမိ​အပေါ် သစ္စာစောင့်သိ​မယ်​ဆိုတာ ယေရှု ယုံကြည်စိတ်ချ​တ​ယ်။ ယေရှု​နောက် လိုက်လို့ မိသားစု​ထဲ “ဓား” ရောက်လာတယ်​ဆိုရင် အခက်အခဲတွေကို အောင်မြင်​စွာ ရင်ဆိုင်နိုင်ဖို့ ယေဟောဝါကို အားကိုး​ပါ။ (ဟေရှာ. ၄၁:၁၀၊ ၁၃) သင့်ကို ယေဟောဝါနဲ့ ယေရှု နှစ်သက်​လို့၊ သစ္စာရှိ လမ်းစဉ်​အတွက် ဆုချ​မှာ​ဖြစ်လို့ ဝမ်းမြောက်​နေ​ပါ။

^ စာပိုဒ်၊ 10 ထပ်​သိချင်ရင် ၂၀၀​၂၊ ဩဂုတ် ၁၅ ရက်ထုတ် ကင်းမျှော်စင် စာရှုသူများ​ထံမှ မေးခွန်းလွှာ” ကို ကြည့်ပါ။