မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဇာခရိရဲ့ စိတ်အာရုံများ သင့်အပေါ် အကျိုးသက်ရောက်ပုံ

ဇာခရိရဲ့ စိတ်အာရုံများ သင့်အပေါ် အကျိုးသက်ရောက်ပုံ

“ငါ့​ဆီ ပြန်လှည့်လာ​ကြ။ . . . ငါလည်း မင်း​တို့ဆီ ပြန်လှည့်လာ​မယ်။”—ဇာ. ၁:၃

သီချင်း– ၈၉၊ ၈၆

၁-၃။ (က) ဇာခရိ စတင်​ပရောဖက်ပြု​ချိန်မှာ ယေဟောဝါရဲ့​လူတွေ ဘယ်လို အခြေအနေ ရှိ​သလဲ။ (ခ) လူတွေကို ‘ပြန်လာ’ ဖို့ ယေဟောဝါ ဘာကြောင့် တောင်းဆို​သလဲ။

ပျံဝဲ​နေတဲ့ စာလိပ်။ တောင်း​ထဲမှာ ထိုင်​တဲ့ မိန်းမ​တစ်ယောက်။ ငှက်ကျား​လို အတောင်​တွေ ရှိပြီး လေ​ထဲ ပျံဝဲ​နေတဲ့ မိန်းမ​နှစ်ယောက်။ အဲဒီ​ထူးခြားတဲ့ သရုပ်ဖော်​ပုံတွေ​ကို ဇာခရိကျမ်း​မှာ တွေ့ရတယ်။ (ဇာ. ၅:၁၊ ၇-၉) ပရောဖက်​ကို ယေဟောဝါ ဘာကြောင့် ဒီ​ထူးခြားတဲ့ စိတ်အာရုံ​တွေ ပေး​သလဲ။ အဲဒီ​အချိန်တုန်းက အစ္စရေး​တွေရဲ့ အခြေအနေ ဘယ်လို ရှိ​သလဲ။ ဇာခရိ​ရဲ့ အဲဒီ​စိတ်အာရုံ​တွေ​က ဒီနေ့ ကျွန်တော်တို့ကို ဘယ်လို အကျိုးသက်ရောက်​သလဲ။

ဘီစီ ၅၃၇ က​တော့ ယေဟောဝါကို ဆက်ကပ်အပ်နှံ​ထားတဲ့ လူမျိုး​အတွက် ပျော်စရာ​နှစ်​တစ်နှစ်​ပါပဲ။ နှစ်ပေါင်း ၇၀ သုံ့ပန်းဘဝ​ပြီးနောက် ဗာဗုလုန်​က​နေ လွတ်မြောက်​လာကြတယ်။ အစပိုင်း​မှာတော့ ဂျေရုဆလင်​မှာ စစ်မှန်တဲ့ ဝတ်ပြုရေး ပြန်​တည်ထောင်​ဖို့ ထက်သန်​နေကြတယ်။ ဘီစီ ၅၃၆ မှာ ဗိမာန်တော် အုတ်မြစ်ချ​တ​ယ်။ လူတွေ “အသံ​ကျယ်​ကြီး​နဲ့ ကြွေးကြော်​နေတာကို အဝေးကြီး​က​တောင် ကြား​ရတယ်။” (ဧဇ. ၃:၁၀-၁၃) ဒါပေမဲ့ မကြာခင်​မှာပဲ ဆောက်လုပ်ရေး​လုပ်ငန်းကို ဆန့်ကျင်မှု​တွေ ပေါ်လာတယ်။ အခက်အခဲ​များစွာ​ကြောင့် လူတွေ စိတ်ဓာတ်ကျ​ပြီး ဗိမာန်တော်​ကို ဆက်​မ​ဆောက်​တော့​ဘဲ အိမ်ပြန်​ပြီး လယ်​စိုက်​ကြ​တော့​တ​ယ်။ ဆယ့်​ခြောက်နှစ်​ကြာ​တော့ ယေဟောဝါရဲ့ ဗိမာန်တော် ဆောက်လုပ်ရေး လုံးဝ​ရပ်ဆိုင်း​သွားတယ်။ ယေဟောဝါ​ဆီ ပြန်လာ​ဖို့၊ ကိုယ်ကျိုး​အတွက် လုပ်ဆောင်​နေ​တာတွေကို ရပ်တန့်​ဖို့ ဘုရားရဲ့​လူတွေကို သတိပေး​ဖို့ လို​နေတယ်။ ယေဟောဝါ​ဆီ ပြန်လာ​ဖို့၊ မကြောက်မရွံ့ စိတ်နှလုံးအကြွင်းမဲ့ ကိုးကွယ်​ဖို့ ယေဟောဝါ အလိုရှိ​တယ်။

ဗာဗုလုန်​က​နေ ဘာကြောင့် ကယ်လွှတ်​ခံရ​မှန်း ပြန်​သတိရ​စေဖို့ ဘီစီ ၅၂၀ မှာ ပရောဖက် ဇာခရိကို ဘုရားသခင် စေလွှတ်​ခဲ့တယ်။ “ယေဟောဝါ သတိရ​ပြီ” လို့ အဓိပ္ပာယ်​ရတဲ့ ဇာခရိ​ရဲ့ နာမည်က အရေးကြီးတဲ့ အမှန်တရားကို သတိရ​စေတယ်။ ယေဟောဝါ​ဘုရားရဲ့ ကယ်တင်ခြင်း​လုပ်ရပ်​တွေကို လူတွေ မေ့သွား​ကြပေမဲ့ ဘုရားက​တော့ သူတို့ကို သတိရ​နေတုန်း​ပါပဲ။ (ဇာခရိ ၁:၃၊ ၄ ကိုဖတ်ပါ။) စင်ကြယ်​တဲ့ ဝတ်ပြုရေး ပြန်​တည်ထောင်​တဲ့အခါ ကူညီ​ပေးမယ်လို့ ဘုရားသခင် စိတ်ချ​စေခဲ့တယ်။ ဒါပေမဲ့ စိတ်​မ​ပါ့​တ​ပါ ကိုးကွယ်​တာ​ကိုတော့ သည်းမခံ​ကြောင်း ပြတ်ပြတ်သားသား သတိပေး​ခဲ့တယ်။ ဇာခရိ​ရဲ့ ခြောက်ခု​နဲ့ ခုနစ်ခု​မြောက် စိတ်အာရုံ​တွေ​အားဖြင့် ယေဟောဝါက မိမိ​လူတွေကို ဘယ်လို လှုံ့ဆော်​ခဲ့တယ်​ဆိုတာ ကြည့်ရ​အောင်။ ဒီကနေ ဘာ​သင်ခန်းစာ​တွေ သင်ယူ​နိုင်သလဲ။

ခိုးမှု​အတွက် ဘုရားသခင့် တရားစီရင်ချက်

၄။ ခြောက်ခု​မြောက် စိတ်အာရုံ​မှာ ဇာခရိ ဘာ​မြင်သလဲ။ စာလိပ် နှစ်ဖက်စလုံး​မှာ စာရေး​ထားတာ ဘာကြောင့် ထူးခြား​သလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံ ၁ ကို ကြည့်ပါ။)

ဇာခရိ အခန်းကြီး ၅ ကို ထူးခြားတဲ့​စိတ်အာရုံ​နဲ့ အစပြု​ထားတယ်။ (ဇာခရိ ၅:၁၊ ၂ ကိုဖတ်ပါ။) ပေ ၃၀ (၉ မီ​တာ) နီးပါး ရှည်​ပြီး ၁၅ ပေ (၄.၅ မီ​တာ) ကျယ်တဲ့ စာလိပ်​တစ်လိပ် လေ​ထဲ ပျံဝဲ​နေတာကို ဇာခရိ မြင်​တယ်။ စာလိပ်​ကို ဖြန့်​ထား​လို့ ဖတ်ဖို့ အသင့်​ဖြစ်နေ​တ​ယ်။ စာလိပ်​နှစ်ဖက်စလုံး​မှာ တရားစီရင်ချက်​သတင်း ပါတယ်။ (ဇာ. ၅:၃) အများ​အားဖြင့် စာလိပ်​ရဲ့ တစ်ဖက်​တည်းမှာ စာရေး​လေ့​ရှိတဲ့​အတွက် ဒီ​စာလိပ်​မှာ အလွန်​ပြင်းထန်တဲ့​သတင်း ပါ​တာ ရှင်း​ပါတယ်။

ခရစ်ယာန်တွေ​ကြားမှာ ခိုးမှု မှန်သမျှ​အတွက် နေရာ​မ​ရှိပါ (အပိုဒ် ၅-၇ ကိုကြည့်ပါ)

၅၊ ၆။ ခိုးမှု မှန်သမျှကို ယေဟောဝါ ဘယ်လို ရှုမြင်​သလဲ။

ဇာခရိ ၅:၃၊ ၄ ကိုဖတ်ပါ။ လူအားလုံး ယေဟောဝါ​ရှေ့ စာရင်းရှင်း​ရမှာ ဖြစ်ပေမဲ့ နာမတော် ခံယူ​ထား​သူတွေ ပို​စာရင်းရှင်း​ရမယ်။ ဘယ်​ခိုးမှု​မဆို “နာမတော် ကဲ့ရဲ့​စရာ​ဖြစ်” စေ​ကြောင်း ဘုရားသခင်ကို ချစ်မြတ်နိုးသူ​တွေ နားလည်​တ​ယ်။ (ပညာ. ၃၀:၈၊ ၉) ဘယ်လို စိတ်ရင်း​နဲ့​ဖြစ်ဖြစ်၊ ဘယ်လို​အကြောင်းပြချက်​နဲ့​ပဲ​ဖြစ်ဖြစ် သူခိုး​ဟာ လောဘ​စိတ်​ကို ဘုရားသခင်​ထက် ရှေ့တန်း​တင်​တ​ယ်။ ရုပ်ပစ္စည်း​ကို တန်ဖိုးထား​လွန်း​တ​ယ်။ ဘုရားသခင့် ပညတ်​ကို ပေါ့ပေါ့တန်တန် သဘောထား​တ​ယ်။ ယေဟောဝါနဲ့ နာမတော်​ကို အလေးမထား​ဘဲ မ​ထီ​မဲ့​မြင်​ပြုတယ်။

“ကျိန်စာ[ဟာ] . . . သူခိုး​ရဲ့​အိမ် . . . ထဲ ဝင်​သွား​လိမ့်မယ်။ အဲဒီ​အိမ်​မှာ​နေ​ပြီး . . . ဝါးမျို​လိမ့်မယ်” လို့ ဇာခရိ ၅:၃၊ ၄ မှာ ပြော​ထားတာ သတိပြုမိ​သလား။ ယေဟောဝါရဲ့ ပြင်းထန်တဲ့ တရားစီရင်ချက်​ကို ဘာ​နဲ့​မှ တားဆီး​လို့ မရဘူး။ ယေဟောဝါရဲ့ လူတွေ ကျူးလွန်​တဲ့ ဘယ်​အမှား​တွေကို​မဆို ဖော်ထုတ်​နိုင်တယ်။ ခိုးမှု​ကို အာဏာပိုင်​တွေ၊ အလုပ်ရှင်​တွေ၊ အကြီးအကဲတွေ၊ မိဘတွေ မသိအောင် ဖုံးကွယ်​ထား​နိုင်ရင်တောင် ဘုရားသခင် မ​သိအောင် မ​ဖုံးကွယ်​နိုင်​ဘူး။ ခိုးမှု မှန်သမျှကို ဖော်ထုတ်​မယ်လို့ ဘုရား အာမခံ​ထားတယ်။ (ဟီ. ၄:၁၃) “အရာရာမှာ” ရိုးသား​ဖို့ ကြိုးစား​နေ​သူတွေနဲ့ ပေါင်းသင်း​ရတာ ကြည်နူးစရာ ကောင်း​လှပါတယ်။—ဟီ. ၁၃:၁၈

၇။ ပျံဝဲ​နေတဲ့ စာလိပ်​ရဲ့ ကျိန်စာ​က​နေ ဘယ်လို လွတ်မြောက်​နိုင်သလဲ။

ခိုးမှု​အားလုံးကို ယေဟောဝါ မနှစ်သက်​ဘူး။ ယေဟောဝါရဲ့ မြင့်မားတဲ့ ကိုယ်ကျင့်တရား စံနှုန်း​အတိုင်း အသက်ရှင်​ရတာ၊ နာမတော် ရှုတ်ချ​စရာ မ​ဖြစ်စေ​မယ့်​နည်းနဲ့ နေထိုင်​တာ​ကို ဂုဏ်ယူ​စရာ​အဖြစ် ကျွန်တော်တို့ ရှုမြင်​ကြ​တ​ယ်။ ဒါမှ ပြောင်ပြောင်တင်းတင်း ဘုရားရဲ့ ပညတ် ချိုးဖောက်သူ​တွေကို ယေဟောဝါ တရားစီရင်​တဲ့အခါ လွတ်မြောက်​နိုင်မယ်။

ကတိအတိုင်း “နေ့တိုင်း” အသက်ရှင်ခြင်း

၈-၁၀။ (က) သစ္စာဆို​ကျိန်ဆို​တယ်ဆိုတာ ဘာလဲ။ (ခ) ဘယ်​ကျိန်ဆိုချက်​အတိုင်း နေထိုင်​ဖို့ ဘုရင်​ဇေဒကိ ပျက်ကွက်​ခဲ့​သလဲ။

ပျံဝဲ​နေတဲ့ စာလိပ်​မှာ ရေးထားတဲ့ နောက်​သတင်း​က​တော့ ‘ဘုရားသခင့် နာမည်​ကိုသုံးပြီး မဟုတ်မမှန် ကျိန်ဆို​သူ’ တွေကို သတိပေး​ထားတယ်။ (ဇာ. ၅:၄) သစ္စာဆို​ကျိန်ဆို​တယ်ဆိုတာ အကြောင်းအရာ​တစ်ခု မှန်ကန်​ကြောင်း သစ္စာ​ဆိုတာ၊ တစ်ခုခုကို လုပ်​မလုပ် အလေးအနက် ကတိပြု​တာ ဖြစ်တယ်။

ယေဟောဝါရဲ့ နာမည်ကို သုံးပြီး သစ္စာ​ဆိုတာ​ဟာ တကယ်​ကြီးလေး​တဲ့​ကိစ္စ​ပဲ။ ဂျေရုဆလင်​ထီးနန်း​ကို ရဖို့ နောက်ဆုံး​ဘုရင် အဲဒီလို လုပ်​ခဲ့တယ်။ ဗာဗုလုန်ဘုရင်​ကို သစ္စာခံ​ပါ့​မယ်လို့ ယေဟောဝါကို ဇေဒကိ တိုင်တည်​ကျိန်ဆို​ခဲ့တယ်။ ဒါပေမဲ့ ကျိန်ဆိုချက်​အတိုင်း ဇေဒကိ မ​လုပ်​ခဲ့ဘူး။ ဒါကြောင့် “အသက်ရှင်နေ​တဲ့​ဘုရား ငါ့​ကိုယ်​ငါ တိုင်တည်​ကျိန်ဆို​မယ်။ [ဇေဒကိ] က နန်းတင်​တဲ့​ဘုရင်​နဲ့ သစ္စာဆို​ထားတာကို မလိုက်နာ​တဲ့အပြင် ပဋိညာဉ်​ကို ချိုးဖောက်​ခဲ့တယ်။ အဲဒီ​ဘုရင် နန်း​စိုက်​ရာ ဗာဗုလုန်မြို့​မှာပဲ သူ​သေ​ရမယ်” လို့ ယေဟောဝါ စီရင်ချက် ချခဲ့တယ်။—ယေဇ. ၁၇:၁၆

၁၀ ဘုရားသခင့် နာမည်ကို သုံးပြီး ကျိန်ဆို​ထားတဲ့​အတိုင်း နေထိုင်​ဖို့ ဘုရင်​ဇေဒကိ​မှာ တာဝန်​ရှိတယ်။ (၂ ရာ. ၃၆:၁၃) ဒါပေမဲ့ ဗာဗုလုန်​ရဲ့ ဖိနှိပ်မှု​အောက်​က​နေ လွတ်မြောက်​ဖို့ အီဂျစ်​ဆီ အချည်းနှီး အကူအညီတောင်း​ခဲ့တယ်။—ယေဇ. ၁၇:၁၁-၁၅၊ ၁၇၊ ၁၈

၁၁၊ ၁၂။ (က) အရေးကြီးဆုံး သစ္စာကတိ​က ဘာလဲ။ (ခ) ဆက်ကပ်အပ်နှံခြင်း သစ္စာ​ကတိအတိုင်း အသက်ရှင်​ကြောင်း နေ့စဉ်​အသက်တာမှာ ဘယ်လို တင်ပြ​နိုင်သလဲ။

၁၁ ကျွန်တော်တို့ရဲ့ ကတိစကား​တွေကိုလည်း ယေဟောဝါ နားထောင်​တ​ယ်။ ကျွန်တော်တို့ရဲ့ သစ္စာကတိ​ကို ဘုရား အလေးအနက်​ထားတယ်။ ဘုရားသခင့် မျက်နှာသာ​ရဖို့ သစ္စာ​ကတိအတိုင်း နေထိုင်​ရမယ်။ (ဆာ. ၇၆:၁၁) ပေးခဲ့​သမျှ ကတိ​တွေ​ထဲမှာ အရေးကြီးဆုံး​က​တော့ ယေဟောဝါ​ဆီ ဆက်ကပ်အပ်နှံ​တဲ့ ကတိ​ပါပဲ။ ဆက်ကပ်အပ်နှံခြင်း​ဆိုတာ ဘယ်လို အခြေအနေ​မှာပဲ​ဖြစ်ဖြစ် ယေဟောဝါကို ဝတ်ပြု​မယ်လို့ သစ္စာ​ဆိုတာ​ဖြစ်တယ်။

၁၂ ဆက်ကပ်အပ်နှံခြင်း သစ္စာ​ကတိအတိုင်း ဘယ်လို နေထိုင်​နိုင်သလဲ။ စမ်းသပ်မှု ကြီးကြီးငယ်ငယ် ရင်ဆိုင်တဲ့အခါ ကိုယ့်​ရပ်တည်ချက်​က “နေ့တိုင်း” ယေဟောဝါကို ချီးမွမ်း​မယ်ဆို​တဲ့ ကတိသစ္စာ​ကို အလေးအနက်​ထားကြောင်း ဖော်ပြ​သင့်တယ်။ (ဆာ. ၆၁:၈) ဥပမာ၊ အလုပ်မှာ၊ ကျောင်းမှာ တစ်ယောက်ယောက်​က ကျွန်တော်တို့ကို ပ​ရော​ပ​ရ​ည်လုပ်တဲ့အခါ ငြင်းပယ်ခြင်း​အားဖြင့် ယေဟောဝါရဲ့ ‘လမ်းစဉ်​တွေကို နှစ်သက်’ ကြောင်း ဖော်ပြ​နိုင်တဲ့ အခွင့်အရေး​အဖြစ် ရှုမြင်​သလား။ (ပညာ. ၂၃:၂၆) ယုံကြည်ခြင်း​မတူ​တဲ့ မိသားစု​မှာ ရှိတယ်​ဆိုရင် ခရစ်ယာန်​ကိုယ်ရည်ကိုယ်သွေး ထိန်းသိမ်းဖို့ ယေဟောဝါ​ဆီ အကူအညီတောင်း​သလား။ ဘုရား​အုပ်ချုပ်မှု​အောက် ခေါ်ဆောင်​လာတဲ့အတွက်၊ ကျွန်တော်တို့ကို ချစ်တဲ့​အတွက် ကျေးဇူးတင်ကြောင်း ပြော​ဖို့ ကောင်းကင်ဘုံ​စံ မေတ္တာရှင် ဖခင်​ဆီ နေ့တိုင်း ဆုတောင်း​သလား။ နေ့တိုင်း ကျမ်းစာ​ဖတ်ဖို့ အချိန်​ပေးသလား။ အဲ​ဒါတွေ လုပ်​ပါ့​မယ်လို့ ကတိပြု​ခဲ့ကြတယ် မဟုတ်လား။ ဒါဟာ နာခံမှု​နဲ့ပတ်သက်တဲ့ ကိစ္စ​ပဲ။ ဝတ်ပြုရေး​မှာ အပြည့်အဝ ပါဝင်ခြင်း​က ယေဟောဝါကို ချစ်ကြောင်း၊ အမှန်တကယ် ဆက်ကပ်အပ်နှံ​ထားကြောင်း ဖော်ပြတယ်။ ကျွန်တော်တို့ရဲ့ ဝတ်ပြုရေး​ဟာ လုပ်ရိုးလုပ်စဉ်​လောက်​သာ မဟုတ်ဘဲ ဘဝလမ်းစဉ် ဖြစ်တယ်။ ကတိတည်​ခြင်းက ကိုယ့်​ကောင်းကျိုး​အတွက်​ပဲ။ သစ္စာ​ရှိ​ခြင်းက လုံခြုံ​တဲ့​အနာဂတ် ရရှိ​စေတယ်။—တရား. ၁၀:၁၂၊ ၁၃

၁၃။ ဇာခရိ​ရဲ့ ခြောက်ခု​မြောက် စိတ်အာရုံ​က​နေ ဘာသင်ယူနိုင်သလဲ။

၁၃ ဇာခရိ​ရဲ့ ခြောက်ခု​မြောက် စိတ်အာရုံ​က ဘယ်ခိုးမှု​မျိုး​ကိုမှ မကျူးလွန်​ဖို့၊ မဟုတ်မမှန် မ​ကျိန်ဆို​ဖို့ ယေဟောဝါကို ချစ်မြတ်နိုးသူ​တွေကို ကူညီပေးတယ်။ အစ္စရေးတွေ အမှား​များစွာ ကျူးလွန်ခဲ့​ပေ​မဲ့ ယေဟောဝါ သူတို့ကို မ​စွန့်​ခဲ့ဘူး။ ရန်သူ ဝိုင်း​နေလို့ ဖိအား​တွေ ကြုံနေ​ရတာ​ကို ဘုရား နားလည်​တ​ယ်။ ကတိတော်​အတိုင်း လုပ်ဆောင်ခြင်း​အားဖြင့် ဘုရား ပုံသက်သေ​ပြခဲ့တယ်။ ကျွန်တော်​တို့​ကိုလည်း ကတိအတိုင်း နေထိုင်​နိုင်အောင် ကူညီပေးမယ်။ မြေတစ်ပြင်လုံး​က​နေ ဆိုးညစ်​မှု မှန်သမျှ အဆုံးတိုင်​စေမယ်​ဆိုတဲ့ မျှော်လင့်ချက် ပေးခြင်း​အားဖြင့် ကူညီပေးတယ်။ ဇာခရိရဲ့ နောက်​စိတ်အာရုံ​က အဲဒီ​တောက်ပ​တဲ့ မျှော်လင့်ချက်​ကို အာမခံ​တ​ယ်။

ဆိုးညစ်​မှုကို “နေ​သင့်တဲ့​အရပ်​မှာ နေရာ​ချထား”

၁၄၊ ၁၅။ (က) ခုနစ်ခု​မြောက် စိတ်အာရုံ​မှာ ဇာခရိ ဘာ​မြင်သလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံ ၂ ကို ကြည့်ပါ။) (ခ) ဧ​ဖာ​တောင်း​ထဲက အမျိုးသမီး ဘာကို ပုံဆောင်​သလဲ။

၁၄ ပျံဝဲ​နေတဲ့ စာလိပ်​ကို မြင်​ပြီးနောက် ကောင်းကင်တမန်​က ဇာခရိ​ကို “ကြည့်​လိုက်ပါ​ဦး” လို့ ပြောတယ်။ ခုနစ်ခု​မြောက် စိတ်အာရုံ​က ဘာဖြစ်​မလဲ။ “ဧ​ဖာ” လို့ခေါ်တဲ့ တောင်း လွင့်​လာ​တာ မြင်​လိုက်ရတယ်။ (ဇာခရိ ၅:၅-၈ ကိုဖတ်ပါ။) တောင်း​အဖုံး​ကို “ခဲ​နဲ့ လုပ်​ထား” တယ်။ တောင်း​အဖုံး ပွင့်​သွားတဲ့​အခါ “တောင်း​ထဲမှာ မိန်းမ​တစ်ယောက် ထိုင်​နေတာကို” ဇာခရိ မြင်ရ​တ​ယ်။ တောင်း​ထဲက မိန်းမ​ဟာ “ဆိုးညစ်​မှု” ဖြစ်တယ်လို့ ကောင်းကင်တမန် ရှင်းပြ​တ​ယ်။ တောင်း​ထဲကနေ ထွက်​ဖို့ ကြိုးစား​နေတဲ့​မိန်းမ​ကို တွေ့​လိုက်​ရလို့ ဇာခရိ ထိတ်လန့်​သွားတာကို မြင်ယောင်​ကြည့်ပါ။ ကောင်းကင်တမန်​က မိန်းမ​ကို ချက်ချင်း​ပဲ တောင်း​ထဲ ပြန်​တွန်း​ချပြီး အဝ​ကို အဖုံး​နဲ့ ပြန်​ပိတ်​လိုက်တယ်။ ဘာကို ဆိုလို​သလဲ။

၁၅ ဘုရားရဲ့​လူတွေ​အလယ်​မှာ ဘယ်လို ဆိုးညစ်​မှု​ကိုမှ ယေဟောဝါ သည်းမခံ​ကြောင်း ဒီ​စိတ်အာရုံ​က ပေါ်လွင်​စေတယ်။ ဆိုးညစ်​မှုကို မြင်​ရင် ချက်ချင်း ဖယ်ရှားပစ်​ပါလိမ့်မယ်။ (၁ ကော. ၅:၁၃) တောင်း​ကို ကောင်းကင်တမန် ပြန်​ဖုံး​လိုက်ခြင်း​က အဲဒီအချက်ကို ယုံကြည်စိတ်ချ​စေတယ်။

စင်ကြယ်​တဲ့ ဝတ်ပြုရေး သန့်ရှင်း​နေ​အောင် ယေဟောဝါ လုပ်ဆောင် (အပိုဒ် ၁၆-၁၈ ကိုကြည့်ပါ)

၁၆။ (က) ဧ​ဖာ​တောင်း ဘာဖြစ်​သွားတယ်​လို့ ဇာခရိ မြင်သလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံ ၃ ကိုကြည့်ပါ။) (ခ) အတောင်​တွေ​ရှိတဲ့ မိန်းမ​တွေ​က ဧ​ဖာ​တောင်း​ကို ဘယ်​နေရာ​ထိ သယ်သွား​သလဲ။

၁၆ ငှက်ကျား​လို အတောင်​တွေ​ရှိတဲ့ မိန်းမ​နှစ်​ယောက်ကို ဇာခရိ ထပ်​မြင်​ပြန်​တ​ယ်။ (ဇာခရိ ၅:၉-၁၁ ကိုဖတ်ပါ။) အဲဒီ​မိန်းမ​တွေနဲ့ တောင်း​ထဲက မိန်းမ ဘာ​ကွာခြား​သလဲ။ အဲဒီ​မိန်းမ​နှစ်ယောက် ထိုးဆင်း​လာပြီး “ဆိုးညစ်​မှု” ထိုင်​နေတဲ့ တောင်း​ကို ချီမ​သွား​ကြ​တ​ယ်။ ဘယ်​ကို သယ်သွား​သလဲ။ ဆိုးညစ်​မှုကို “ရှိ​နာ​ပြည်” ခေါ် ဗာဗုလုန်​မှာ ပစ်ချ​လိုက်တယ်။ တောင်း​ကို ဘာကြောင့် ဗာဗုလုန်​ထိ သယ်သွား​ကြ​သလဲ။

၁၇၊ ၁၈။ (က) ရှိ​နာ​ပြည်​ဟာ ဘာကြောင့် “ဆိုးညစ်​မှု” “နေ​သင့်တဲ့​အရပ်” ဖြစ်သလဲ။ (ခ) ဆိုးညစ်​မှု​နဲ့ပတ်သက်ပြီး ကျွန်တော်တို့ ဆုံးဖြတ်ချက်​က ဘာလဲ။

၁၇ ရှိ​နာ​ပြည်​ဟာ ဆိုးညစ်​မှု​အတွက် သင့်တော်​တဲ့​နေရာ​ဖြစ်ကြောင်း ဇာခရိ​ခေတ်​က အစ္စရေးတွေ သိ​ကြပါ​မယ်။ ဗာဗုလုန်​ဟာ ညစ်ညမ်း​တဲ့​နေရာ​ဖြစ်မှန်း ဇာခရိ​နဲ့ ဂျူး​အပေါင်းအဖော်​တွေ အသေအချာ သိ​ကြ​တ​ယ်။ စက်ဆုပ်ဖွယ် ရုပ်တု​ကိုးကွယ်မှု ပြည့်နေ​တဲ့ မြို့မှာ ကြီးပြင်းလာ​လို့ တိတ္ထိ​အယူအဆ လွှမ်းမိုးမှုကို နေ့တိုင်း တိုက်လှန်​ခဲ့​ကြရတယ်။ စင်ကြယ်​တဲ့ ဝတ်ပြုရေး​ကို ယေဟောဝါ သန့်ရှင်း​နေ​စေ​မှာ​ဖြစ်ကြောင်း ဒီ​စိတ်အာရုံ​က အာမခံ​လို့ စိတ်သက်သာ​စရာ​ပါပဲ။

၁၈ ဒါပေမဲ့ ဝတ်ပြုရေး​ကို သန့်ရှင်းစင်ကြယ်​အောင် ထိန်းသိမ်းဖို့ ဂျူး​တွေမှာ တာဝန်​ရှိကြောင်း ဒီ​စိတ်အာရုံ​က သတိပေး​တ​ယ်။ ယေဟောဝါရဲ့ လူမျိုးအလယ်​မှာ ဆိုးညစ်မှု ဝင်​လာပြီး တည်ရှိ​နေခွင့် မ​ပေးနိုင်​ဘူး။ ယေဟောဝါက ကျွန်တော်တို့ကို သန့်ရှင်း​တဲ့ အဖွဲ့အစည်း​ထဲ ခေါ်ဆောင်​လာ​လို့ မေတ္တာနဲ့ ကာကွယ်မှု ခံစား​ကြရတယ်။ အဖွဲ့အစည်း သန့်ရှင်းမှု​ကို ထိန်းသိမ်းဖို့ ကျွန်တော်တို့​မှာ တာဝန်​ရှိတယ်။ ယေဟောဝါရဲ့ လူတွေ​အလယ်​မှာ ဆိုးညစ်​မှု မရှိ​ရဘူး။

သန့်ရှင်း​တဲ့​လူမျိုး ယေဟောဝါကို ဂုဏ်တင်

၁၉။ ဇာခရိ​ရဲ့ ထူးခြားတဲ့ စိတ်အာရုံ​တွေ​က ဒီနေ့ ကျွန်တော်တို့​အတွက် ဘာ​အဓိပ္ပာယ် ရှိ​သလဲ။

၁၉ ဇာခရိ​ရဲ့ ခြောက်ခု​နဲ့ ခုနစ်ခု​မြောက် စိတ်အာရုံ​တွေ​က မရိုးသား​တဲ့ လမ်းစဉ် လိုက်နေ​သူတွေ​အတွက် လေးနက်​တဲ့ သတိပေးချက်၊ ဆိုးညစ်​မှုကို ယေဟောဝါ သည်းမခံ​ကြောင်း သတိပေးချက် ဖြစ်တယ်။ စိတ်ရင်းမှန်​တဲ့ ဝတ်ပြုသူတွေ​က ဆိုးညစ်​မှုကို မုန်း​ရမယ်။ ဒီ​စိတ်အာရုံ​တွေဟာ ကောင်းကင်ဘုံ​စံ ဖခင်​ဆီက မေတ္တာပါ​တဲ့ အာမခံချက်​လည်း ဖြစ်တယ်။ ဘုရားသခင့် မျက်နှာသာ​နဲ့ ကာကွယ်မှု ရရှိတဲ့ လူစား​မျိုး ဖြစ်ဖို့ ဝီရိယရှိရှိ ကြိုးစား​နေရင် သေခြင်း​ကျိန်စာ ခံရ​မှာ မဟုတ်ဘူး။ ယေဟောဝါက ဝမ်းသာအားရ ကောင်းချီး​ပေးပါ​လိမ့်မယ်။ ဆိုးညစ်​မှု ပြည့်နှက်​နေတဲ့ လောကမှာ သန့်ရှင်း​နေဖို့ ကြိုးစား​တာ​က ကြိုးစား​ရ​ကျိုး နပ်​ပါလိမ့်မယ်။ ယေဟောဝါရဲ့ အကူအညီ​အားဖြင့် အောင်မြင်​နိုင်မယ်​ဆိုတာ စိတ်ချ​နိုင်တယ်။ ဘုရားတရားမဲ့မှု ပြည့်နေ​တဲ့ လောကမှာ စစ်မှန်တဲ့ ဝတ်ပြုရေး ထွန်းကား​မယ်လို့ ဘာကြောင့် စိတ်ချ​နိုင်သလဲ။ ကြီးစွာသောဒုက္ခ ချဉ်းကပ်​လာ​တာနဲ့​အမျှ အဖွဲ့အစည်း​ကို ယေဟောဝါ ကာကွယ်​ပေးမယ်ဆိုတဲ့ ဘာ​အာမခံချက် ရှိ​သလဲ။ ဒီ​မေးခွန်းတွေကို နောက်​ဆောင်းပါးမှာ လေ့လာ​ကြပါ​မယ်။