မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင့်ကို မြင်းရထားတွေနဲ့ သရဖူ ကာကွယ်စောင့်ရှောက်

သင့်ကို မြင်းရထားတွေနဲ့ သရဖူ ကာကွယ်စောင့်ရှောက်

“ယေဟောဝါ​ဘုရားရဲ့ စကားကို ခင်ဗျား​တို့ နားထောင်​မယ်ဆိုရင် . . . ခင်ဗျား​တို့ သိရ​လိမ့်မယ်။”—ဇာ. ၆:၁၅

သီချင်း– ၆၁၊ ၂၂

၁၊ ၂။ ခုနစ်ခု​မြောက် စိတ်အာရုံ​ကို ဇာခရိ မြင်ရ​ပြီး​ချိန်မှာ ဂျေရုဆလင်​က ဂျူး​တွေရဲ့ အခြေအနေ ဘယ်လို​ရှိ​သလဲ။

ခုနစ်ခု​မြောက် စိတ်အာရုံ​ကို မြင်ရ​ပြီးနောက် ပရောဖက်​ဇာခရိ​မှာ စဉ်းစားစရာ​တွေ အပြည့်​ပဲ။ ဆိုးညစ်​တဲ့ အကျင့်​တွေအတွက် မရိုးသား​သူတွေကို စာရင်းရှင်း​မယ်လို့ ယေဟောဝါ အာမခံ​ထားတယ်။ အဲဒီ​ကတိ​က ဇာခရိ​ကို အားရှိ​စေခဲ့​တာ သေချာ​တယ်။ ဒါပေမဲ့ ဘာမှ ပြောင်းလဲ​မသွား​ဘူး။ မရိုးသားမှု၊ တခြား​ဆိုးညစ်​မှုတွေ ရှိနေ​တုန်းပဲ။ ဂျေရုဆလင်​မှာ ယေဟောဝါရဲ့ ဗိမာန်တော် ဆောက်လုပ်ရေး​လည်း မ​ပြီးပြတ်​သေး​ဘူး။ ဘုရားပေး တာဝန်ကို ဂျူးတွေ ဘာကြောင့် ချက်ချင်း​ကြီး စွန့်​လိုက်​ကြ​တာလဲ။ ကိုယ့်​အကျိုးစီးပွား တိုးတက်​ဖို့​ပဲ အမိ​မြေ​ကို ပြန်လာ​ကြ​တာလား။

ဂျေရုဆလင်​ကို ပြောင်းလာ​တဲ့ ဂျူး​တွေဟာ ယုံကြည်ခြင်းရှိ​တဲ့ အမျိုးသား/သမီး​တွေ​ဖြစ်မှန်း ဇာခရိ သိထား​တ​ယ်။ အိမ်​တွေ၊ စီးပွားရေး​လုပ်ငန်း​တွေကို စွန့်ခဲ့​ဖို့ သူတို့ရဲ့ “စိတ်​ကို ဘုရားသခင် လှုံ့ဆော်ပေး” ခဲ့တယ်။ (ဧဇ. ၁:၂၊ ၃၊ ၅) တစ်ခါမှ မ​မြင်ဖူး​တဲ့​နေရာ​ကို ပြောင်းလာ​ဖို့ နေသားကျ​ပြီးသား​ပြည်​ကို စွန့်​ခဲ့ကြတယ်။ ယေဟောဝါရဲ့ ဗိမာန်တော် ဆောက်လုပ်ခြင်း အရေး​မကြီး​ဘူး​ဆိုရင် တော​ကြမ်း​ကို ဖြတ်​ပြီး မိုင် ၁,၀​၀​၀ (ကီလိုမီတာ ၁,၆၀​၀) လောက် ဝေး​တဲ့​ခရီး​ကို နှင်​ခဲ့ကြ​မှာ မဟုတ်ဘူး။

၃၊ ၄။ ပြည်တော်ပြန် ဂျူးတွေ ဘယ်​အတားအဆီး​တွေ ကြုံရ​သလဲ။

အဲဒီ​ခရီးစဉ် ဘယ်လို နေ​မလဲ။ ဂျူးတွေ ခရီးသွား​ရင်း နေရပ်​သစ်​အကြောင်း အချိန်​များစွာ စဉ်းစား​ခဲ့ကြ​မှာပဲ။ တစ်ခါတုန်းက ဂျေရုဆလင် ဘယ်လောက် လှပ​ခဲ့​မှန်း ကြားဖူး​ကြ​မှာပဲ။ သူတို့​ထဲက အသက်ကြီး​သူတွေက အရင်​ဗိမာန်တော်​ရဲ့ ဘုန်းကျက်သရေ​ကို မြင်ဖူး​ခဲ့ကြတယ်။ (ဧဇ. ၃:၁၂) သူတို့နဲ့အတူ ခရီးသွား​နေတယ်​ဆိုရင် နေရပ်​သစ် ဂျေရုဆလင်​ကို ဦးဆုံး မြင်ရ​ချိန်မှာ ဘယ်လို ခံစားရ​မလဲ။ ပေါင်းပင်​တွေ ဖုံး​နေတဲ့ အဆောက်အဦ​ပျက်​တွေ မြင်ရ​တဲ့အခါ ဝမ်းနည်း​မိ​မလား။ ဗာဗုလုန်​ရဲ့ ကြီးမားတဲ့ မြို့ရိုး​နှစ်ထပ်​နဲ့ ဂျေရုဆလင်​ရဲ့ ပြိုပျက်​နေတဲ့ မြို့ရိုး​တွေကို နှိုင်းယှဉ်​မိ​မလား။ မြို့တံခါး​တွေ၊ မျှော်စင်​တွေ ပြိုပျက်​နေတယ်။ ဒါပေမဲ့ လူတွေ စိတ်ဓာတ်မကျ​ဘူး။ အိမ်​ပြန်လာတဲ့ ခရီးစဉ်​တစ်လျှောက် ယေဟောဝါ ကူညီပေး​ခဲ့တာ​ကို မြင်ခဲ့​ကြပြီ​ပဲ။ ဒါကြောင့် ရောက်ရောက်ချင်း အရင်​ဗိမာန်တော်​နေရာမှာ ပူဇော်ရာပလ္လင်​ကို တည်​ပြီး ယေဟောဝါ​ဆီ နေ့တိုင်း ပူဇော်သက္ကာ​တွေ ဆက်သ​ကြ​တ​ယ်။ (ဧဇ. ၃:၁၊ ၂) အစ​မှာတော့ ဘာက​မှ သူတို့ကို စိတ်ဓာတ်ကျ​အောင် လုပ်​နိုင်မယ့်​ပုံ မ​ပေါ်​ဘူး။

အစ္စရေး​တွေဟာ ဗိမာန်တော်​အလုပ်​အပြင် မြို့​တွေကို ပြန်​တည်ဆောက်​ရမယ်။ အိမ်​တွေ ပြန်​ဆောက်​ရမယ်။ လယ်​တွေ ပြန်​စိုက်​ရမယ်။ လူတွေ​ကိုလည်း ကျွေးမွေး​ရမယ်။ (ဧဇ. ၂:၇၀) လုပ်စရာ​တွေ သိပ်​များနေ​ပုံ​ပါပဲ။ ဒါပေမဲ့ ပြင်းထန်တဲ့ ဆန့်ကျင်မှု ချက်ချင်း ပေါ်လာတယ်။ အစပိုင်းမှာ တောင့်ခံ​နိုင်​ပေ​မဲ့ ၁၅ နှစ်​တာ ရန်လိုမှု ကြုံရ​တော့ မ​ခံနိုင်​ကြ​တော့ဘူး။ (ဧဇ. ၄:၁-၄) ဘီစီ ၅၂၂ မှာ ဂျေရုဆလင် ဆောက်လုပ်ရေး​ကို ပါးရှား​ဘုရင် တားမြစ်​တော့ အခက်အခဲ​ကြီး​တစ်ခု ပေါ်လာ​ပြန်​တ​ယ်။ မြို့​ရဲ့​အနာဂတ် မသေချာ​တော့ဘူး။—ဧဇ. ၄:၂၁-၂၄

၅။ မိမိလူမျိုးရဲ့ မ​လှုပ်​မ​ရှား​ဖြစ်မှုကို ယေဟောဝါ ဘယ်လို တုံ့ပြန်​ခဲ့​သလဲ။

မိမိ​လူမျိုး လိုအပ်ရာ​ကို ယေဟောဝါ သိတယ်။ သူတို့ကို ချစ်ကြောင်း၊ သူတို့ လုပ်ဆောင်​ခဲ့တာ​တွေကို တန်ဖိုးထားကြောင်း စိတ်ချ​စေဖို့၊ လုပ်ငန်း ပြန်​စ​မယ်ဆိုရင် ကာကွယ်​ပေးမယ်​ဆိုတာ အာမခံ​ဖို့ ဇာခရိ​ကို နောက်ဆုံး​စိတ်အာရုံ​တစ်ခု ဘုရားသခင် ပေးခဲ့တယ်။ ဗိမာန်တော် ပြန်​ဆောက်လုပ်ခြင်း​နဲ့ပတ်သက်ပြီး “ယေဟောဝါ​ဘုရားရဲ့ စကားကို ခင်ဗျား​တို့ နားထောင်​မယ်ဆိုရင် . . . ခင်ဗျား​တို့ သိရ​လိမ့်မယ်” လို့ ယေဟောဝါ ကတိပေး​ခဲ့တယ်။—ဇာ. ၆:၁၅

ကောင်းကင်တမန် မြင်းတပ်

၆။ (က) ဇာခရိ​ရဲ့ ရှစ်ခု​မြောက် စိတ်အာရုံ ဘယ်လို အစပြု​သလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကို ကြည့်ပါ။) (ခ) မြင်း​တွေ ဘာကြောင့် အရောင် မတူ​ကြ​သလဲ။

ဇာခရိ​ရဲ့ ရှစ်ခု​မြောက် နောက်ဆုံး စိတ်အာရုံ​က ယုံကြည်ခြင်း ခိုင်ခံ့​စေ​နိုင်တယ်။ (ဇာခရိ ၆:၁-၃ ကိုဖတ်ပါ။) မြင်ယောင်​ကြည့်ပါ– “ကြေးနီ​တောင်​နှစ်လုံး​ကြား​က​နေ” စစ်မြင်းရထား ၄ စီး ထွက်​လာတယ်။ ရထား​ဆွဲ​တဲ့ မြင်း​တွေ အရောင် မတူ​ကြဘူး။ ဒါကြောင့် မြင်း​စီး​သမား​တွေ အလွယ်တကူ ခွဲခြား​နိုင်တယ်။ “အဲဒီ​မြင်းရထား​တွေ​က ဘာကို ဆိုလို​တာလဲ” လို့ ဇာခရိ မေးတယ်။ (ဇာ. ၆:၄) ဒီ​စိတ်အာရုံ​က ကျွန်တော်တို့​နဲ့ တိုက်ရိုက်​သက်ဆိုင်တဲ့​အတွက် ကျွန်တော်တို့​လည်း သိချင်​ပါတယ်။

ယေဟောဝါက မိမိ​လူမျိုး​ကို ကာကွယ်​ဖို့၊ ခွန်အား​ပေးဖို့ ကောင်းကင်တမန်​တွေကို အသုံးပြု​နေတုန်း​ပါပဲ

၇၊ ၈။ (က) တောင်​နှစ်လုံး​က ဘာကို တင်စား​သလဲ။ (ခ) တောင်​တွေ​က ဘာကြောင့် ကြေးနီ ဖြစ်​ရသလဲ။

ကျမ်းစာ​ထဲမှာ တောင်​တွေဟာ နိုင်ငံ​တွေ၊ အစိုးရ​တွေကို တင်စား​တ​ယ်။ ဇာခရိ​မှတ်တမ်း​မှာပါတဲ့ တောင်​တွေဟာ ဒံယေလ ပရောဖက်ပြုချက်​မှာပါတဲ့ တောင်​နှစ်လုံး​နဲ့ ဆင်တူ​တ​ယ်။ တောင်​တစ်လုံး​က ယေဟောဝါရဲ့ စကြဝဠာ​ဆိုင်ရာ ထာဝရ အုပ်ချုပ်မှုကို တင်စား​တ​ယ်။ နောက်​တောင်​တစ်လုံး​က ယေရှု အုပ်ချုပ်​တဲ့ မေရှိယ​နိုင်ငံတော်ကို တင်စား​တ​ယ်။ (ဒံ. ၂:၃၅၊ ၄၅) ယေရှု နန်းထိုင်​ချိန် ၁၉၁၄၊ ဆောင်းဦး​မှာ တောင်​နှစ်လုံး​စလုံး တည်ရှိ​လာတယ်။ မြေကြီး​ပေါ် ဘုရားသခင့် အလိုတော် ပြည့်စုံရေး​မှာ အထူး​ကဏ္ဍ​က​နေ ပါဝင်​လာတယ်။

တောင်​တွေ ဘာကြောင့် ကြေးနီ ဖြစ်​ရသလဲ။ ရွှေ​လိုပဲ ကြေးနီ​လည်း အဖိုးတန်​သတ္တု ဖြစ်တယ်။ တဲတော်နဲ့ နောက်ပိုင်း ဂျေရုဆလင် ဗိမာန်တော် ဆောက်လုပ်ရေး​မှာ ဒီ​သတ္တု​ကို သုံး​ဖို့ ယေဟောဝါ ညွှန်ကြားခဲ့တယ်။ (ထွ. ၂၇:၁-၃။ ၁ ဘု. ၇:၁၃-၁၆) ဒါကြောင့် ပုံဆောင် ကြေးနီ​တောင်​နှစ်လုံး​က လူသား​အားလုံးကို ငြိမ်​ဝပ်​အေးချမ်း​မှုနဲ့ ကောင်းချီးတွေ ယူဆောင်​ပေးမယ့် ယေဟောဝါရဲ့ စကြဝဠာ အချုပ်အခြာအာဏာ​နဲ့ မေရှိယ​နိုင်ငံတော်ရဲ့ အရည်အသွေး ကောင်းမွန်​မှုကို အမှတ်ရ​စေတယ်။

၉။ မြင်းစီးသူ​တွေ​က ဘယ်သူ​တွေလဲ။ ဘာ​တာဝန် ရထား​သလဲ။

မြင်းရထား​တွေအကြောင်း သုံးသပ်ကြည့်​ရ​အောင်။ မြင်းရထား​တွေနဲ့ မြင်းစီးသူ​တွေ​က ဘာကို တင်စား​သလဲ။ မြင်းစီးသူ​တွေ​က ကောင်းကင်တမန်​အုပ်စု​တွေကို တင်စား​တ​ယ်။ (ဇာခရိ ၆:၅-၈ ကိုဖတ်ပါ။) အထူးတာဝန် ထမ်းဆောင်ဖို့ “မြေ​တစ်ပြင်လုံး​ကို ပိုင်​စိုးတဲ့ သခင်​ရှေ့” က​နေ ထွက်​လာကြတယ်။ ဘာ​တာဝန်လဲ။ မြင်းရထား​တွေနဲ့ မြင်းစီးသူ​တွေကို အထူး​ဒေသ​တွေဆီ စေလွှတ်​တယ်။ သူတို့ရဲ့​တာဝန်​က ယေဟောဝါရဲ့ လူတွေကို ကာကွယ်​ဖို့၊ အထူးသဖြင့် “မြောက်​အရပ်​မှာရှိတဲ့ ပြည်” ဗာဗုလုန်​က​နေ ကာကွယ်​ဖို့ ဖြစ်တယ်။ ဘုရားရဲ့​လူတွေကို ဗာဗုလုန် နောက်ထပ် ကျွန်,မပြု​အောင် ယေဟောဝါ ကာကွယ်​မယ်။ ဒါက ဇာခရိ​ခေတ် ဗိမာန်တော် ဆောက်လုပ်​သူတွေ​အတွက် အားရှိစရာ​ပါပဲ။ ရန်သူ​တွေ နှောင့်ယှက်​မှာ​ကို စိုးရိမ်​ဖို့ မလိုဘူး။

၁၀။ မြင်းရထား​တွေ၊ မြင်းစီးသူ​တွေနဲ့​ပတ်သက်တဲ့ ဇာခရိ​ရဲ့ ပရောဖက်ပြုချက်​က​နေ ဒီနေ့ ဘုရားသခင့်​လူမျိုး ဘာကို စိတ်ချ​နိုင်သလဲ။

၁၀ ဇာခရိ​ခေတ်မှာ​လိုပဲ ဗိုလ်ခြေ​တို့ရဲ့​အရှင် ယေဟောဝါက မိမိ​လူမျိုး​ကို ကာကွယ်​ဖို့၊ ခွန်အား​ပေးဖို့ ကောင်းကင်တမန်​တွေကို အသုံးပြု​နေတုန်း​ပါပဲ။ (မာ​လ. ၃:၆။ ဟီ. ၁:၇၊ ၁၄) မဟာဗာဗုလုန် သုံ့ပန်း​ဘဝက​နေ ပုံဆောင်​အစ္စရေးတွေ လွတ်မြောက်​လာတဲ့ ၁၉၁၉ ခုနှစ်​ကစပြီး ဆန့်ကျင်မှု မပြတ်​ကြုံရ​ပေ​မဲ့ စစ်မှန်တဲ့ ဝတ်ပြုရေး မပြတ်​ထွန်းကား​လာတယ်။ (ဗျာ. ၁၈:၄) ကောင်းကင်တမန်​တွေရဲ့ ကာကွယ်မှု ရရှိ​ထား​လို့ ယေဟောဝါရဲ့ အဖွဲ့အစည်း နောက်​တစ်ကြိမ် ဖိနှိပ်​ခံရ​မှာ​ကို စိုးရိမ်ဖို့ မလိုဘူး။ (ဆာ. ၃၄:၇) ကမ္ဘာ​တစ်ဝန်း​မှာရှိတဲ့ ဘုရားသခင့် ကျေးကျွန်​တွေ ဆက်​ပြီး တိုးပွား​နေမယ်​ဆိုတာ​ကို စိတ်ချ​နိုင်ပါတယ်။ ဇာခရိ​ရဲ့ စိတ်အာရုံ​ကို သုံးသပ်​တဲ့အခါ တောင်​နှစ်လုံး​ရဲ့ အရိပ်အောက်​မှာ ကျွန်တော်တို့ ဘေးကင်းလုံခြုံ​စွာ ရှိ​နေတာကို သံသယ​ဖြစ်စရာ မလိုဘူး။

၁၁။ ဘုရားသခင့်​လူမျိုး တိုက်ခိုက်​ခံရ​တဲ့အခါ ဘာကြောင့် ကြောက်ဖို့ မလို​သလဲ။

၁၁ သိပ်​မကြာခင် စာတန့် လောကရဲ့ နိုင်ငံရေး​အင်အားစု​တွေ ပူးပေါင်းပြီး ဘုရားသခင့် လူမျိုး​ကို ဖျက်ဆီးဖို့ ကြိုးစားကြ​မယ်။ (ယေဇ. ၃၈:၂၊ ၁၀-၁၂။ ဒံ. ၁၁:၄၀၊ ၄၄၊ ၄၅။ ဗျာ. ၁၉:၁၉) အဲဒီ​အင်အားစု​တွေ​က ကျွန်တော်တို့ကို ဒေါသတကြီး တိုက်ခိုက်​ဖို့ ပြည်​ကို လွှမ်းမိုး​တဲ့ မိုးတိမ်​တွေလို မြင်း​စီး​ချီတက်​လာ​ကြ​မယ်လို့ ယေဇကျေလ ကြိုဟော​ထားတယ်။ (ယေဇ. ၃၈:၁၅၊ ၁၆) * ဒါပေမဲ့ ကြောက်​ဖို့ မလို​ပါဘူး။ ကျွန်တော်တို့​ဘက်​မှာလည်း မြင်းတပ် ရှိ​ပါတယ်။ အဲဒီ​ခက်ခဲကျပ်တည်း​တဲ့ ကြီးစွာသောဒုက္ခ​အတွင်း ဗိုလ်ခြေ​တို့​အရှင် ယေဟောဝါရဲ့ ကောင်းကင်တမန် စစ်သည်​တွေ​က ဘုရားသခင့် လူမျိုး​ကို ကာကွယ်ဖို့၊ ဘုရားသခင့် အချုပ်အခြာအာဏာ ငြင်းပယ်​သူတွေကို ဖျက်ဆီး​ဖို့ ချီ​လာ​ကြပါ​လိမ့်မယ်။ (၂ သက်. ၁:၇၊ ၈) တကယ့်​နေ့ကြီး​ပါပဲ။ ယေဟောဝါရဲ့ ကောင်းကင်​စစ်တပ်ကို ဘယ်သူ ဦးဆောင်​မလဲ။

ဘုရင်​နဲ့ ပုရောဟိတ်​ကို ယေဟောဝါ နန်းတင်

၁၂၊ ၁၃။ (က) ဇာခရိ ဘာ​လုပ်ဖို့ ညွှန်ကြား​ခံရ​သလဲ။ (ခ) အတက်​ဆိုတဲ့ နာမည်​ရှိသူ​ဟာ ယေရှု​ခရစ်ကို ပုံဆောင်​ကြောင်း ရှင်းပြပါ။

၁၂ ဇာခရိ​ဟာ စိတ်အာရုံ ရှစ်ခု​ကို တစ်ယောက်တည်း မြင်ခဲ့​ရတယ်။ အခုတော့ ဘုရားသခင့် ဗိမာန်တော် ပြန်​တည်ဆောက်သူ​တွေကို အားပေးဖို့ ပရောဖက်ပြုချက်​ဆိုင်ရာ လုပ်ရပ်​တစ်ခု လုပ်ဆောင်​ခဲ့တယ်။ (ဇာခရိ ၆:၉-၁၂ ကိုဖတ်ပါ။) ဗာဗုလုန်​က​နေ ရောက်လာ​ခါစ ဟေလဒဲ၊ တော​ဘိ​ယ၊ ယေ​ဒါ​ယ​တို့ ကောက်​ခံ​ထားတဲ့ ရွှေ၊ ငွေ​တွေ ယူပြီး “သရဖူ” လုပ်ဖို့ ဇာခရိ​ကို ဘုရားသခင် မိန့်မှာ​တ​ယ်။ အဲဒီ​သရဖူ​ကို ယုဒ​အနွယ်၊ ဒါဝိဒ်​မျိုးဆက် ဘုရင်ခံ ဇေရုဗဗေလ​ကို ဆောင်း​ပေး​ရ​မလား။ မဟုတ်ဘူး။ ပုရောဟိတ်မင်း ယောရှု​ကို သရဖူ ဆောင်း​ပေး​တဲ့အခါ လူတွေ အံ့ဩ​ကုန်​မှာပဲ။

၁၃ သရဖူ ဆောင်း​ပေး​လို့ ပုရောဟိတ်မင်း​ယောရှု ဘုရင်​ဖြစ်သွား​သလား။ မ​ဖြစ်သွား​ပါဘူး။ ယောရှု​ဟာ ဒါဝိဒ်​မျိုးရိုး မဟုတ်တဲ့​အတွက် ဘုရင်​မဖြစ်နိုင်ဘူး။ သူ့ကို သရဖူ ဆောင်း​ပေး​တာဟာ ကြိုဟောချက်​ဖြစ်တယ်။ အနာဂတ် ထာဝရ ဘုရင်​နဲ့ ပုရောဟိတ်​ကို ရည်ညွှန်း​တယ်။ ဘုရင်​ဖြစ်​မယ့် ပုရောဟိတ်မင်း​ဟာ အတက်​လို့ နာမည်​ပေး​ခံ​ရတယ်။ အတက်​ဟာ ယေရှုခရစ်​ဖြစ်မှန်း ကျမ်းစာက ရှင်းရှင်းလင်းလင်း ဖော်ပြတယ်။—ဟေရှာ. ၁၁:၁။ မ. ၂:၂၃ *

၁၄။ ဘုရင်​နဲ့ ပုရောဟိတ်မင်း​အဖြစ် ယေရှု ဘာ​လုပ်​နေ​သလဲ။

၁၄ ဘုရင်​နဲ့ ပုရောဟိတ်မင်း​အဖြစ် ယေရှုဟာ ယေဟောဝါရဲ့ ကောင်းကင်တပ် ခေါင်းဆောင် ဖြစ်တယ်။ ရန်လို​တဲ့ ဒီ​လောကမှာ ဘုရားသခင့် လူမျိုးတစ်မျိုးလုံး ဘေးကင်းလုံခြုံ​စွာ နေထိုင်​နိုင်​ဖို့ ယေရှု ဝီရိယရှိရှိ လုပ်ဆောင်​နေတယ်။ (ယေ. ၂၃:၅၊ ၆) မ​ဝေး​တော့​တဲ့ အနာဂတ်မှာ ဘုရားသခင့် အချုပ်အခြာအာဏာ​ကို ထောက်ခံဖို့၊ ယေဟောဝါရဲ့​လူမျိုး​ကို ကာကွယ်​ဖို့ တိုင်းနိုင်ငံ​တွေကို ခရစ်တော် ဦးဆောင်​တိုက်ခိုက်​ပါလိမ့်မယ်။ (ဗျာ. ၁၇:၁၂-၁၄။ ၁၉:၁၁၊ ၁၄၊ ၁၅) ဒါပေမဲ့ တရားမစီရင်​ခင် အတက်​ယေရှု​မှာ လုပ်စရာ လုပ်ငန်းကြီး ရှိ​နေတယ်။

ဗိမာန်တော်​ကို ဆောက်​လိမ့်မယ်

၁၅၊ ၁၆။ (က) မျက်မှောက်​ခေတ်မှာ ဘယ်​ပြန်​တည်ထောင်ခြင်း၊ သန့်စင်ခြင်း လုပ်ငန်း လုပ်ဆောင်​နေ​သလဲ။ ဘယ်သူ လုပ်ဆောင်​နေ​သလဲ။ (ခ) ခရစ်တော်ရဲ့ အနှစ်တစ်ထောင် အုပ်ချုပ်မှု​အဆုံး​မှာ ဘာဖြစ်​မလဲ။

၁၅ ဘုရင်​နဲ့ ပုရောဟိတ်မင်း​အပြင် ‘ဗိမာန်တော်​ကို တည်ဆောက်’ ဖို့​ပါ ယေရှု တာဝန်ရ​ထားတယ်။ (ဇာခရိ ၆:၁၃ ကိုဖတ်ပါ။) မျက်မှောက်ခေတ် ယေရှုရဲ့ တည်ဆောက်ခြင်း​လုပ်ငန်းမှာ စစ်မှန်တဲ့ ဝတ်ပြု​သူတွေကို ၁၉၁၉ ခုနှစ်မှာ မဟာဗာဗုလုန်​က​နေ လွတ်မြောက်​စေခြင်း၊ ခရစ်ယာန်​အသင်းတော်ကို ပြန်​တည်ထောင်ခြင်း ပါဝင်တယ်။ ပုံဆောင် ဗိမာန်တော် မြေကြီး​ရင်ပြင်​မှာ လုပ်ငန်းကို ဦးဆောင်​ညွှန်ကြား​ဖို့ “သစ္စာ​နဲ့ သတိပညာ​ရှိတဲ့ ကျွန်” ကိုလည်း ခန့်အပ်​ခဲ့တယ်။ (မ. ၂၄:၄၅) ဘုရားသခင့်​လူမျိုး​ကို သန့်စင်​ပေးခြင်း၊ စင်ကြယ်​စွာ ဝတ်ပြု​နိုင်အောင် ကူညီပေးခြင်း​တို့​မှာ အလုပ်များ​နေတယ်။—မာ​လ. ၃:၁-၃

၁၆ အနှစ်တစ်ထောင် အုပ်ချုပ်မှု​အတွင်း ယေရှုနဲ့ တွဲဖက်​ဘုရင်၊ ပုရောဟိတ် ၁၄၄,၀​၀​၀ တို့​က သစ္စာရှိ​လူသား​တွေကို ပြည့်ဝစုံလင်​စေမယ်။ အဲဒီအခါ သန့်စင်​တဲ့ ကမ္ဘာ​မှာ ဘုရားသခင်ရဲ့ စစ်မှန်တဲ့ ဝတ်ပြုသူတွေ​သာ ကျန်ရှိ​ပါလိမ့်မယ်။ နောက်ဆုံး၊ စစ်မှန်တဲ့ ဝတ်ပြုရေး အပြည့်အဝ ပြန်လည်​တည်ထောင်​ပါလိမ့်မယ်။

တည်ဆောက်ခြင်း​လုပ်ငန်းမှာ ပါဝင်​ပါ

၁၇။ ဂျူးတွေကို ယေဟောဝါ ဘယ်လို နောက်ထပ် အာမခံ​သလဲ။ အဲဒီ​သတင်းစကား​က ကျွန်တော်တို့​အပေါ် ဘယ်လို အကျိုးသက်ရောက်​သလဲ။

၁၇ ဇာခရိ​ရဲ့ သတင်းစကား​က ဇာခရိ​ခေတ်​က ဂျူးတွေ​အပေါ် ဘယ်လို အကျိုးသက်ရောက်​သလဲ။ သူတို့ရဲ့​အလုပ်ကို တည်ငြိမ်​စေမယ်၊ ကာကွယ်​ပေးမယ်လို့ ယေဟောဝါ အာမခံ​ထားတယ်။ ဗိမာန်တော် ပြန်​တည်ဆောက်​မယ်ဆို​တဲ့ အာမခံချက်​က ခြေကုန်လက်ပန်းကျ​နေ​သူတွေကို မျှော်လင့်ချက် ရှိစေ​ခဲ့မှာပဲ။ ဒါပေမဲ့ လူ​နည်းနည်းလေး​နဲ့ ဒီလောက်​ကြီးမားတဲ့ လုပ်ငန်းကို ဘယ်လို ပြီးမြောက်​နိုင်မလဲ။ ဇာခရိ ထပ်ပြော​တဲ့ စကား​တွေ​က ကျန်​နေ​သေး​တဲ့ ကြောက်ရွံ့မှုနဲ့ သံသယ​ကို ဖယ်ရှား​ပေးတယ်။ ဟေ​လ​ဒဲ၊ တော​ဘိ​ယ၊ ယေ​ဒါ​ယ​တို့​လို သစ္စာ​ရှိ​သူတွေရဲ့ ထောက်မမှု​အပြင် တခြား​သူ​များစွာ​လည်း “ယေဟောဝါရဲ့​ဗိမာန်တော် တည်ဆောက်ရေး​မှာ ပါဝင်” မယ်လို့ ဘုရားသခင် မိန့်မှာ​တ​ယ်။ (ဇာခရိ ၆:၁၅ ကိုဖတ်ပါ။) ဂျူး​တွေဟာ ဘုရားသခင့် ကျောထောက်နောက်ခံ​မှုကို ယုံကြည်စိတ်ချ​ပြီး အတားအဆီး​တွေ​ကြားမှာ တည်ဆောက်ရေး​လုပ်ငန်း ချက်ချင်း စ​ကြ​တ​ယ်။ မကြာခင်​မှာပဲ တောင်​လို အတားအဆီး​တွေကို ယေဟောဝါ ဖယ်ရှား​ပေးပြီး ဘီစီ ၅၁၅ မှာ ဗိမာန်တော် ဆောက်လုပ်​ပြီးစီး​ခဲ့တယ်။ (ဧဇ. ၆:၂၂။ ဇာ. ၄:၆၊ ၇) ဒါပေမဲ့ ယေဟောဝါရဲ့ စကား​တွေဟာ ဒီနေ့ ဖြစ်နေ​တဲ့ ပို​ကြီးကျယ်​တဲ့​အရာ​ကိုလည်း ရည်ညွှန်း​တ​ယ်။

မိမိ​အတွက် ပြ​တဲ့ မေတ္တာကို ယေဟောဝါ ဘယ်တော့မှ မေ့​မှာ မဟုတ် (အပိုဒ် ၁၈၊ ၁၉ ကိုကြည့်ပါ)

၁၈။ ဒီနေ့ခေတ်မှာ ဇာခရိ ၆:၁၅ ဘယ်လို ပြည့်စုံ​နေ​သလဲ။

၁၈ ဒီနေ့ စစ်မှန်တဲ့ ဝတ်ပြုရေး​မှာ လူသန်းပေါင်းများစွာ ပါဝင်​နေတယ်။ အချိန်၊ ခွန်အား၊ ဥစ္စာ​ဓန အပါအဝင် “အဖိုးတန်​ဥစ္စာ​တွေ” ကို ယေဟောဝါရဲ့ ပုံဆောင် ဗိမာန်တော်​ကို ထောက်မ​ဖို့ လိုလိုလားလား ပေး​နေကြတယ်။ (ပညာ. ၃:၉) ကျွန်တော်တို့ရဲ့ သစ္စာရှိရှိ ထောက်မမှု​ကို ယေဟောဝါ တန်ဖိုးထားကြောင်း ဘယ်လို စိတ်ချ​နိုင်သလဲ။ ဇာခရိ သရဖူ လုပ်ဖို့ လိုအပ်​တာတွေကို ဟေ​လ​ဒဲ၊ တော​ဘိ​ယ၊ ယေ​ဒါ​ယ​တို့ ယူလာ​ပေး​ကြောင်း သတိရပါ။ အဲဒီ​သရဖူ​က စစ်မှန်တဲ့ ဝတ်ပြုရေး​အတွက် သူတို့ရဲ့ ပါဝင်မှု​ကို “ပြန်​အောက်မေ့​စေတဲ့​အရာ” ဖြစ်တယ်။ (ဇာ. ၆:၁၄) အဲဒီလိုပဲ ကျွန်တော်တို့ရဲ့ လုပ်ရပ်​နဲ့ ယေဟောဝါ​အတွက် ပြ​တဲ့ မေတ္တာ​ဟာ ဘယ်တော့မှ မေ့လျော့​ခံရ​မှာ မဟုတ်ပါဘူး။ (ဟီ. ၆:၁၀) ယေဟောဝါရဲ့ မှတ်ဉာဏ်​ထဲမှာ ထာဝရ အမြတ်တနိုး တည်ရှိ​နေ​ပါလိမ့်မယ်။

၁၉။ ဇာခရိ​ရဲ့ စိတ်အာရုံ​တွေ​က ဒီနေ့ ကျွန်တော်တို့​အပေါ် ဘယ်လို အကျိုးသက်ရောက်​သင့်သလဲ။

၁၉ ဒီ​နောက်ဆုံး​ကာလမှာ စစ်မှန်တဲ့ ဝတ်ပြုရေး​အတွက် ပြီးမြောက်မှု​အားလုံးဟာ ယေဟောဝါရဲ့ ကောင်းချီး၊ ခရစ်တော်ရဲ့ ဦးဆောင်မှု အထောက်အထား​ပါပဲ။ ကျွန်တော်တို့ဟာ တည်ငြိမ်၊ လုံခြုံ​တဲ့ ထာဝရ အဖွဲ့အစည်း​ဝင်​တွေ ဖြစ်ကြ​တ​ယ်။ စင်ကြယ်​တဲ့ ဝတ်ပြုရေး​နဲ့ပတ်သက်တဲ့ ယေဟောဝါရဲ့ ရည်ရွယ်ချက် ဖြစ်မြောက်​လာပါလိမ့်မယ်။ ယေဟောဝါရဲ့ လူမျိုး​ထဲမှာ ရရှိထားတဲ့ ကိုယ့်နေရာ​ကို တန်ဖိုးထားပါ။ ‘ယေဟောဝါ​ဘုရားရဲ့ စကားကို နားထောင်’ ပါ။ ဒါဆိုရင် ဘုရင်၊ ပုရောဟိတ်မင်း​နဲ့ ကောင်းကင် မြင်းရထား စီး​သူတွေ​ရဲ့ ကာကွယ်မှု​အောက်မှာ ရှိ​နေနိုင်​ပါလိမ့်မယ်။ စစ်မှန်တဲ့ ဝတ်ပြုရေး​ကို ထောက်မ​ရာမှာ အတတ်နိုင်ဆုံး အပြည့်အဝ ပါဝင်​ပါ။ ဒါဆိုရင် ဗိုလ်ခြေ​တို့ရဲ့ အရှင် ယေဟောဝါက ကျန်ရှိ​နေတဲ့ ဒီ​စနစ်​မှာ​ရော နောင်​ထာဝရ​ပါ သင့်ကို ဘေးကင်းလုံခြုံ​စေပါလိမ့်မယ်။

^ စာပိုဒ်၊ 11 ထပ်​သိချင်ရင် ၂၀၁၅၊ မေ ၁၅ ရက်ထုတ် ကင်းမျှော်စင် စာ. ၂၇-၂၈ “စာရှုသူများ​ထံမှ မေးခွန်းလွှာ” ကိုကြည့်ပါ။

^ စာပိုဒ်၊ 13 “နာဇရက်” ဆိုတာ “အတက်” ဆိုတဲ့ ဟီဘရူး​စကားလုံးက​နေ ဆင်းသက်လာ​တ​ယ်။