မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မိဘတို့၊ ‘ကယ်တင်ခြင်း ရနိုင်အောင် ဉာဏ်ပညာရှိစေ’ ဖို့ သားသမီးတွေကို ကူညီပေးပါ

မိဘတို့၊ ‘ကယ်တင်ခြင်း ရနိုင်အောင် ဉာဏ်ပညာရှိစေ’ ဖို့ သားသမီးတွေကို ကူညီပေးပါ

“သမ္မာကျမ်းစာ​ကို နို့စို့အရွယ်​ကတည်းက မင်း​သိရှိ​ခဲ့တယ်။ အဲဒီ​ကျမ်းစာ​ဟာ ဉာဏ်ပညာ ရှိစေ​နိုင်တယ်။ . . . ကယ်တင်ခြင်း​ရနိုင်အောင် အဲဒီ​ဉာဏ်​ပညာက ကူညီပေးတယ်။”—၂ တိ. ၃:၁၅

သီချင်း– ၁၄၁၊ ၁၃၄

၁၊ ၂။ သားသမီး​တွေ ဆက်ကပ်​အပ်နှံ၊ နှစ်ခြင်းခံ​ချင်​တဲ့အခါ မိဘ​တချို့ ဘာကြောင့် စိုးရိမ်​မိ​နိုင်သလဲ။

ကျမ်းစာသင်သား ထောင်ပေါင်း​များစွာ​ဟာ ယေဟောဝါ​ဆီ ဆက်ကပ်​အပ်နှံ​ပြီး နှစ်ခြင်းခံ​ကြ​တယ်။ အမှန်တရား​ထဲမှာ ကြီးပြင်းလာ​ပြီး အကောင်းဆုံး ဘဝလမ်းစဉ်​ကို ရွေးချယ်​တဲ့​လူငယ်တွေ များ​ကြ​တယ်။ (ဆာ. ၁:၁-၃) သင်ဟာ ခရစ်ယာန်​မိဘ ဖြစ်မယ်ဆိုရင် ကိုယ့်​သားသမီး နှစ်ခြင်းခံ​မယ့်​နေ့​ကို စောင့်မျှော်​နေ​မှာ သေချာ​တယ်။—၃ ယောဟန် ၄ နဲ့ နှိုင်းယှဉ်​ပါ။

ဒါပေမဲ့ ပူပန်စရာ​တွေ ရှိ​နိုင်တယ်။ နှစ်ခြင်းခံ​ပြီးမှ ဘုရားသခင့် စံနှုန်းတွေ​အတိုင်း နေထိုင်​တာ​က ပညာရှိ​ရာ​ရောက်​ရဲ့​လား​လို့ မေးခွန်း​ထုတ်​တဲ့ လူငယ်​တချို့ကို တွေ့ဖူး​တာ ဖြစ်နိုင်တယ်။ အတော်များများ​က အမှန်တရား​လမ်း​ကို​တောင် စွန့်​သွား​ကြ​တယ်။ ဒါကြောင့် ကိုယ့်​သားသမီး ခရစ်ယာန်​လမ်းစဉ်​ကို စတင်​လိုက်လျှောက်ပြီး​မှ ပြောင်းလဲ​သွား​မှာ၊ ရှိခဲ့​ဖူးတဲ့ အမှန်တရား ချစ်မြတ်နိုးစိတ် ပျောက်​သွား​မှာ​ကို စိုးရိမ်​မိ​နိုင်တယ်။ ‘ကနဦးမေတ္တာ ပျက်ပြယ်​သွား​ပြီ’ လို့ ယေရှု ပြောခဲ့တဲ့ ပထမရာစု ဧဖက်​အသင်းတော်သား​တွေလို ဖြစ်သွား​နိုင်တယ်။ (ဗျာ. ၂:၄) အဲဒီလို မ​ဖြစ်ဖို့၊ ကိုယ့်​သားသမီး “ကြီးထွား​လာပြီး ကယ်တင်ခြင်း ရ” ဖို့ ဘယ်လို ကူညီ​ပေးနိုင်သလဲ။ (၁ ပေ. ၂:၂) အဖြေ​ရဖို့ တိမောသေရဲ့ ပုံနမူနာ​ကို သုံးသပ်ကြည့်​ကြစို့။

‘သမ္မာကျမ်းစာ​ကို မင်း​သိရှိ​ခဲ့တယ်’

၃။ (က) ဘယ်​အခြေအနေ​တွေ​အောက်မှာ တိမောသေ ခရစ်ယာန် ဖြစ်လာ​သလဲ။ ခရစ်ယာန် သွန်သင်ချက်​တွေကို ဘယ်လို တုံ့ပြန်​ခဲ့​သလဲ။ (ခ) ဘယ်​ကဏ္ဍ​သုံးခု​အကြောင်း တိမောသေကို ပေါလု ဖော်ပြ​ခဲ့​သလဲ။

အေဒီ ၄၇ လောက်မှာ ဖြစ်​ပုံ​ရတယ်။ လုတ္တရ​မြို့​ကို တမန်တော်​ပေါလု ပထမအကြိမ် လည်ပတ်ချိန်​မှာ ခရစ်ယာန်ဘာသာ​အကြောင်း တိမောသေ စ​သိလာ​တယ်။ အဲဒီ​အချိန်တုန်းက တိမောသေ​ဟာ ဆယ်ကျော်သက်​အရွယ်​ပဲ ရှိ​ဦး​မယ်။ ဒါပေမဲ့ သိလာ​တာတွေကို လက်တွေ့​ကျင့်သုံး​ခဲ့တယ်။ နှစ်နှစ်​အကြာ​မှာ ပေါလု​ရဲ့ ခရီးသွားဖော် ဖြစ်လာတယ်။ အဲဒီနောက် ၁၆ နှစ်လောက်​ကြာ​တော့ တိမောသေဆီ ပေါလု စာရေး​တယ်– “မင်း​က​တော့ သင်ယူ​ထားတဲ့​အရာတွေ၊ လက်ခံယုံကြည်​ထားတဲ့ အရာတွေ​အတိုင်း ဆက်​လုပ်ဆောင်​နေ​ပါ။ အဲဒါတွေကို ဘယ်သူတွေ​ဆီက သင်ယူ​ခဲ့​မှန်း မင်း​သိ​ပါတယ်။ သမ္မာကျမ်းစာ [ဟီဘရူး​ကျမ်းစောင်တွေ] ကို နို့စို့အရွယ်​ကတည်းက မင်း​သိရှိ​ခဲ့တယ်။ အဲဒီ​ကျမ်းစာ​ဟာ ဉာဏ်ပညာ​ရှိစေ​နိုင်တယ်။ ခရစ်တော်​ယေရှု​ကို မင်း​ယုံကြည်​တဲ့အတွက် ကယ်တင်ခြင်း​ရနိုင်အောင် အဲဒီ​ဉာဏ်​ပညာက ကူညီပေးတယ်။” (၂ တိ. ၃:၁၄၊ ၁၅) (၁) သမ္မာကျမ်းစာ​ကို သိရှိခြင်း၊ (၂) သင်ယူ​သိရှိ​ခဲ့ရာ​တွေကို လက်ခံယုံကြည်​ထားခြင်း၊ (၃) ခရစ်တော်​ယေရှု​ကို ယုံကြည်​တဲ့အတွက် ကယ်တင်ခြင်း​ရနိုင်အောင် ဉာဏ်ပညာ​ရှိ​ခြင်း​အကြောင်း ပေါလု ရေးခဲ့တာ သတိပြု​ပါ။

၄။ သားသမီးတွေကို သွန်သင်​တဲ့အခါ ဘယ်​ကိရိယာတွေ ထိရောက်​သလဲ။ (ဆောင်းပါး​အစမှာ​ပါတဲ့ ရုပ်ပုံကို ကြည့်ပါ။)

ခရစ်ယာန်​မိဘ​တစ်ယောက်​အနေနဲ့ ကိုယ့်​သားသမီး​ကို ဟီဘရူး​ကျမ်းစောင်တွေ၊ ခရစ်ယာန်​ဂရိကျမ်းစောင်​တွေ ပါဝင်တဲ့ သမ္မာကျမ်းစာ​အကြောင်း သိစေချင်​မှာပဲ။ ကလေးငယ်​တွေတောင် စွမ်းရည်ပေါ်မူတည်ပြီး ကျမ်းစာမှာ​ပါတဲ့ ပုဂ္ဂိုလ်​တွေ၊ ဖြစ်ရပ်​တွေအကြောင်း အခြေခံ​သဘော​လောက် သိရှိ​နိုင်တယ်။ သားသမီးတွေကို ကူညီပေးဖို့ မိဘတွေ အသုံးပြု​နိုင်တဲ့ ကိရိယာ​များစွာ​ကို ယေဟောဝါရဲ့ အဖွဲ့အစည်း​က ပြင်ဆင်ပေး​ထားတယ်။ ကိုယ့်​ဘာသာစကားနဲ့ ရနိုင်တဲ့ ကိရိယာ​တချို့ကို စဉ်းစား​ကြည့်​နိုင်မလား။ ယေဟောဝါနဲ့ ခိုင်မာ​တဲ့ ဆက်ဆံရေး တည်ဆောက်​နိုင်​ဖို့ ကျမ်းစာ​အသိ​ပညာက အခြေခံကျ​တယ်ဆိုတာ သတိရပါ။

“လက်ခံယုံကြည်​ထား”

၅။ (က) “လက်ခံယုံကြည်​ထား” ဆိုတာ ဘာကို ဆိုလို​သလဲ။ (ခ) ယေရှုနဲ့​ပတ်သက်တဲ့ သတင်းကောင်းကို တိမောသေ လက်ခံယုံကြည်​ကြောင်း ဘယ်လို သိရ​သလဲ။

ကျမ်းစာ​အသိပညာ​ဟာ အရေးကြီးတယ်။ ဒါပေမဲ့ သားသမီးတွေကို ကျမ်းစာ​ပညာရေး သင်ပေးတယ်​ဆို​ရာမှာ ကျမ်းစာထဲက ပုဂ္ဂိုလ်​တွေ၊ ဖြစ်ရပ်​တွေအကြောင်း သင်ပေး​ရုံ​ထက်မက ပါဝင်တယ်။ တိမောသေ “လက်ခံယုံကြည်” လာတယ်။ မူရင်း​စကား​အရ အဲဒီ​စကားစု​ဟာ “စိတ်ချ​တယ်၊” “တစ်စုံတစ်ရာ မှန်ကန်ကြောင်း ယုံကြည်​တယ်၊ သေချာ​တယ်” ဆိုတဲ့ အဓိပ္ပာယ် ရှိတယ်။ ဟီဘရူး​ကျမ်းစောင်တွေကို တိမောသေ ငယ်ငယ်​ကတည်းက သိခဲ့တယ်။ ဒါပေမဲ့ ယေရှုဟာ မေရှိယ ဖြစ်ကြောင်း အထောက်အထား​နဲ့တကွ ယုံကြည်​လာတယ်။ တစ်နည်း​ဆို​ရ​ရင် အသိပညာ​ကို ခံယူချက်​နဲ့ အားဖြည့်​ခဲ့ရတယ်။ သတင်းကောင်းနဲ့​ပတ်သက်ပြီး တိမောသေရဲ့ ခံယူချက် အလွန်​ခိုင်မာ​လာ​တာ​မို့ နှစ်ခြင်းခံ​တဲ့ တပည့် ဖြစ်လာ​ပြီး သာသနာပြု​လုပ်ငန်းမှာ ပေါလုနဲ့ လက်တွဲ​ပါဝင်ခဲ့တယ်။

၆။ ဘုရားသခင့် နှုတ်မြွက်တော်​က​နေ သိရှိ​လာ​တာတွေကို ယုံကြည်လက်ခံ​အောင် ကိုယ့်​သားသမီးတွေကို ဘယ်လို ကူညီ​ပေးနိုင်သလဲ။

သားသမီး​တွေ တိမောသေ​လို လက်ခံယုံကြည်​လာအောင် ခံယူချက် ဘယ်လို တည်ဆောက်​ပေးနိုင်သလဲ။ ဦးဆုံး စိတ်ရှည်​ပါ။ ခံယူချက်​ဆိုတာ နေ့ချင်းညချင်း ဖြစ်လာ​တာ မဟုတ်ဘူး။ ကိုယ်​လက်ခံယုံကြည်​လို့ သားသမီး​တွေလည်း အလိုလို လက်ခံယုံကြည်​လာ​မှာ မဟုတ်ဘူး။ ကျမ်းစာ​အမှန်တရား​အကြောင်း ခံယူချက် ခိုင်မာ​လာ​စေဖို့ သားသမီး​တိုင်း “စဉ်းစား​ဆင်ခြင်နိုင်စွမ်း” ကို သုံး​ရမယ်။ (ရောမ ၁၂:၁ ကို ဖတ်ပါ။) အထူးသဖြင့် ကလေးတွေ မေးခွန်း​မေးတဲ့​အခါ မိဘ​ရဲ့​ကဏ္ဍ​က အရေးကြီးတယ်။ ဥပမာတစ်ခု သုံးသပ်ကြည့်ပါ။

၇၊ ၈။ (က) ခရစ်ယာန် ဖခင်​တစ်ယောက် သမီးကို သွန်သင်​တဲ့အခါ စိတ်ရှည်မှု ဘယ်လို ပြခဲ့​သလဲ။ (ခ) သင်ကော အလားတူ စိတ်ရှည်မှု​မျိုး ပြဖို့ လိုသလား။

အသက် ၁၁ နှစ်အရွယ် မိန်းကလေးရဲ့ ဖခင် သော​မတ် ဒီလိုပြောတယ်– “‘ကမ္ဘာပေါ်မှာ သက်ရှိ​တွေ စတင်​ဖို့ ဆင့်ကဲ​နည်း​ကို ယေဟောဝါ အသုံးပြု​ခဲ့သလား။’ ‘အခြေအနေ​တွေ တိုးတက်ကောင်းမွန်​စေဖို့ လူ​မှု​အသိုင်းအဝိုင်းမှာ၊ ဥပမာ၊ ရွေးကောက်ပွဲ​တွေမှာ ဘာကြောင့် မပါ​ကြ​သလဲ’ လို့ ကျွန်တော့်​သမီး​က မေး​တတ်တယ်။ တစ်ခါတလေ တရားသေ​အဖြေ​မျိုး မပေး​မိ​ဖို့ ကိုယ့်​နှုတ်​ကို ထိန်းထား​ရတယ်။ အရေးကြီးဆုံး​က​တော့ ခံယူချက်​ဆိုတာ ကြီးမားတဲ့ အမှန်တရား​တစ်ခုကြောင့် ဖြစ်လာ​တာ မဟုတ်ဘူး။ သေးငယ်တဲ့ အထောက်အထား​များစွာ​နဲ့ ဖြစ်လာ​တာ။”

သော​မတ် သိထား​သလိုပဲ သွန်သင်ပေးတဲ့​အခါ စိတ်ရှည်​ရတယ်။ တကယ်တော့ စိတ်ရှည်ခြင်း​ဟာ ခရစ်ယာန်​အားလုံး​အတွက် အရေးကြီးတယ်။ (ကော. ၃:၁၂) အချိန်ကာလ​အတော်ကြာ အကြိမ်ကြိမ် ဆွေးနွေး​ဖို့ လိုအပ်​ကြောင်း သော​မတ် သဘောပေါက်​တယ်။ သမီး​ဖြစ်သူ သိလာ​တာတွေကို ခံယူချက် ခိုင်မာ​လာဖို့ ကျမ်းစာနဲ့ ကျိုးကြောင်းဆင်ခြင်​ဖို့ လိုတယ်။ “အထူးသဖြင့် အရေးကြီးတဲ့ ကိစ္စတွေ​မှာ သမီး​ဟာ သိလာ​တာကို တကယ် ယုံကြည်​ရဲ့​လား၊ တကယ်​နားလည်​ရဲ့​လား​ဆိုတာ ကျွန်တော်တို့​ဇနီးမောင်နှံ သိချင်​ကြ​တယ်။ သမီး​က မေးခွန်း ထုတ်ရင် ကောင်းတာပေါ့။ ပွင့်ပွင့်လင်းလင်း ပြော​ရ​ရင် သမီး ဘာမှ မ​မေး​ဘဲ လက်ခံ​လိုက်​မှာ​ကို စိုးရိမ်​မိတယ်။”

၉။ သားသမီးတွေကို ဘုရားသခင့် နှုတ်မြွက်တော်​အကြောင်း ဘယ်လို စိတ်စွဲမှတ်​စေနိုင်​သလဲ။

မိဘတွေ စိတ်ရှည်​စွာ သွန်သင်ပေး​ရင် သားသမီး​တွေဟာ ယုံကြည်ခြင်း​ရဲ့ “အလျား၊ အ​နံ၊ အမြင့်၊ အနက်​တွေကို” တဖြည်းဖြည်း သဘောပေါက်​လာနိုင်​မယ်။ (ဧ. ၃:၁၈) သူတို့ရဲ့ အသက်အရွယ်၊ စွမ်းရည်နဲ့အညီ မျှော်လင့်​နိုင်တယ်။ သိထားတာတွေကို လက်ခံယုံကြည်​လာပြီ​ဆိုရင် ကျောင်းနေဖက်​တွေ အပါအဝင် တခြား​သူတွေ​ရှေ့မှာ ယုံကြည်ချက်​ကို ခုခံ​ကာကွယ်နိုင်စွမ်း တိုးများ​လာမယ်။ (၁ ပေ. ၃:၁၅) ဥပမာ၊ သေဆုံး​တဲ့အခါ ဘာဖြစ်​သွားတယ်​ဆိုတာ သားသမီး​တွေ ကျမ်းစာက​နေ ရှင်းပြ​နိုင်​သလား။ ကျမ်းစာ​ရှင်းပြချက်​ကို သူတို့ နားလည်​ရဲ့​လား။ * ဘုရားသခင့် နှုတ်မြွက်တော်​ကို စိတ်စွဲမှတ်​စေတဲ့​အခါ စိတ်ရှည်​ဖို့ လိုတယ်။ ဒါပေမဲ့ ကြိုးစား​ရ​ကျိုး နပ်​ပါတယ်။—တရား. ၆:၆၊ ၇

၁၀။ သားသမီးတွေကို သွန်သင်ပေးတဲ့​အခါ ဘာ​အရေးကြီး​သလဲ။

၁၀ ခံယူချက် တည်ဆောက်ပေး​ရာမှာ မိဘတွေရဲ့ ပုံသက်သေ​ကလည်း အရေးကြီးတယ်။ သမီး​သုံးယောက်​ရဲ့ မိခင် စတက်​ဖ​နီ ဒီလိုပြောတယ်– “ကလေးတွေ ငယ်ငယ်​ကတည်းက ‘ယေဟောဝါ တည်ရှိကြောင်း၊ ဘုရားရဲ့ မေတ္တာ၊ ဘုရားရဲ့ နည်းလမ်းတွေ မှန်ကန်ကြောင်း ငါ​ယုံကြည်​ရတဲ့ အကြောင်းရင်းကို သားသမီးတွေကို ပြောပြ​သလား။ ယေဟောဝါ​ကို ငါ​တကယ်​ချစ်ကြောင်း သားသမီး​တွေ ရှင်းရှင်းလင်းလင်း မြင်တွေ့​နိုင်ကြ​သလား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးတယ်။ ကိုယ်တိုင် မယုံကြည်​ဘဲ​နဲ့ ကလေးတွေ ယုံကြည်​မယ်လို့ မမျှော်လင့်​နိုင်​ဘူး​လေ။”

‘ကယ်တင်ခြင်း​ရနိုင်အောင် ဉာဏ်ပညာ​ရှိ’

၁၁၊ ၁၂။ ဉာဏ်ပညာ​ဆိုတာ ဘာလဲ။ အသက်အရွယ်​တစ်ခုတည်းနဲ့ပဲ ဘာကြောင့် မ​ဆုံးဖြတ်​နိုင်သလဲ။

၁၁ လေ့လာ​ခဲ့​ပြီး​တဲ့​အတိုင်း တိမောသေ​မှာ (၁) သမ္မာကျမ်းစာ အသိပညာ၊ (၂) ယုံကြည်ခြင်း​နဲ့ပတ်သက်တဲ့ ခံယူချက် ရှိတယ်။ ဒါပေမဲ့ သမ္မာကျမ်းစာ​က တိမောသေကို ‘ကယ်တင်ခြင်း​ရနိုင်အောင် ဉာဏ်ပညာ​ရှိ’ စေနိုင်​တယ်လို့ ပေါလု ဘာ​သဘော​နဲ့ ပြောတာလဲ။

၁၂ ကျမ်းစာ​အရ ဉာဏ်ပညာ​မှာ “ပြဿနာ​တွေကို ဖြေရှင်းဖို့၊ အန္တရာယ်​တွေကို ရှောင်​ဖို့၊ ပန်းတိုင်​ရောက်​ဖို့၊ တခြား​သူတွေ​ကို အကြံ​ပေးဖို့ အသိပညာ​နဲ့ သိနားလည်မှုကို အသုံးပြု​နိုင်စွမ်း ပါဝင်တယ်။ မိုက်မဲမှု​နဲ့​တော့ ဆန့်ကျင်ဘက်​ပဲ” လို့ ထိုးထွင်း​အမြင်၊ အတွဲ ၂ မှာ ရှင်းပြထားတယ်။ “ကလေးရဲ့ စိတ်​ထဲမှာ မိုက်မဲမှု​ဟာ အမြစ်တွယ်​နေတယ်” လို့ ကျမ်းစာ ပြောတယ်။ (ပညာ. ၂၂:၁၅) မိုက်မဲမှုရဲ့ ဆန့်ကျင်ဘက် ဉာဏ်ပညာ​ဟာ ရင့်ကျက်မှု အထောက်အထား​တစ်ခု ဖြစ်တယ်။ ရင့်ကျက်မှုကို အသက်အရွယ်နဲ့​ပဲ မ​ဆုံးဖြတ်​ဘူး။ ယေဟောဝါ​ကို တော်မှန်​စွာ ကြောက်ရွံ့ရိုသေခြင်း၊ အမိန့်တော်​တွေကို လိုက်နာခြင်း​နဲ့​ပဲ ဆုံးဖြတ်​တယ်။ဆာလံ ၁၁၁:၁၀ ကိုဖတ်ပါ။

၁၃။ လူငယ်​တစ်ယောက် ကယ်တင်ခြင်း​ရနိုင်အောင် ဉာဏ်ပညာ​ရှိကြောင်း ဘယ်လို တင်ပြ​နိုင်သလဲ။

၁၃ ရင့်ကျက်​တဲ့ လူငယ်တွေဟာ အလိုဆန္ဒ​တွေ၊ ရွယ်တူချင်း ဖိအား​တွေကြောင့် “လေ​တိုက်​ရာ၊ လှိုင်း​ပုတ်​ရာ လွင့်ပါ​သွား” မှာ မဟုတ်ဘူး။ (ဧ. ၄:၁၄) “ပိုင်းခြားသိမြင်နိုင်စွမ်း​ကို အမြဲ​အသုံးပြုပြီး အမှားအမှန် ခွဲခြားသိနိုင်​အောင် လေ့ကျင့်​ထား” ခြင်းအားဖြင့် တိုးတက်​နေကြတယ်။ (ဟီ. ၅:၁၄) မိဘတွေ၊ တခြား​လူကြီး​တွေ ကြည့်​မနေ​တဲ့အခါ​မျိုး​မှာတောင် ပညာရှိ ဆုံးဖြတ်ချက်​တွေ ချ​ခြင်းအားဖြင့် ရင့်ကျက်မှု​ဘက် တိုးတက်​နေကြတယ်။ (ဖိ. ၂:၁၂) အဲဒီ​ဉာဏ်ပညာ​မျိုး​ဟာ ကယ်တင်ခြင်း​အတွက် လိုအပ်တယ်။ (ပညာအလိမ္မာ ၂၄:၁၄ ကိုဖတ်ပါ။) ဉာဏ်ပညာ​ရှိအောင် သားသမီးတွေကို ဘယ်လို ကူညီ​ပေးနိုင်သလဲ။ အရင်ဆုံး ကျမ်းစာ အခြေခံ စံနှုန်းတွေ​အကြောင်း သားသမီးတွေကို ရှင်းရှင်းလင်းလင်း ပြောပြ​ပါ။ အပြော​နဲ့ ပုံသက်သေ​အားဖြင့် ဘုရားသခင့် နှုတ်မြွက်တော်​မှာပါ​တဲ့ စံနှုန်းတွေဟာ သင့်​စံနှုန်းတွေ ဖြစ်ကြောင်း သိစေ​ပါ။—ရော. ၂:၂၁-၂၃

မိဘတွေ မပြတ် ကြိုးစား​အားထုတ်​ဖို့ ဘာကြောင့် အရေးကြီး​သလဲ (အပိုဒ် ၁၄-၁၈ ကိုကြည့်ပါ)

၁၄၊ ၁၅။ (က) နှစ်ခြင်းခံ​ချင်တဲ့ လူငယ်​တစ်ယောက် ကြီးလေး​တဲ့ ဘယ်​ကိစ္စ​တွေကို စဉ်းစား​သင့်သလဲ။ (ခ) ဘုရားသခင့် ပညတ်​တွေကို နာခံခြင်း​ရဲ့ ကောင်းချီးတွေ​အကြောင်း ဆင်ခြင်​တတ်အောင် သားသမီးတွေကို ဘယ်လို ကူညီ​ပေးနိုင်သလဲ။

၁၄ ဒါပေမဲ့ သားသမီးတွေကို အမှား၊ အမှန် ပြောပြ​ရုံ​ထက်မက လိုအပ်တယ်။ ‘သွေးသား​အတွက် နှစ်သက်စရာ ဖြစ်နိုင်​တဲ့​အရာ​တွေကို ကျမ်းစာမှာ ဘာကြောင့် တားမြစ်ထား​သလဲ။ ကျမ်းစာ​စံနှုန်းတွေဟာ အမြဲ ကောင်းကျိုးပြု​ကြောင်း ဘာက ယုံကြည်​စိတ်ချ​စေ​သလဲ’ စတဲ့ မေးခွန်း​တွေကို ဆင်ခြင်​တတ်အောင်​လည်း ကူညီပေး​ရမယ်။—ဟေရှာ. ၄၈:၁၇၊ ၁၈

၁၅ ခရစ်ယာန်​တစ်​ယောက်ရဲ့ တာဝန်တွေကို နှစ်ခြင်းခံ​ချင်တဲ့ ကလေး​တစ်ယောက် ဘယ်လို ယူဆ​ကြောင်း ဆင်ခြင်​တတ်အောင် ကူညီပေး​သင့်တယ်။ ဘာ​အကျိုး​ကျေးဇူးတွေ ရ​မ​လဲ။ ဘာတွေ ပေးဆပ်​ရ​မ​လဲ။ အကျိုး​ကျေးဇူးတွေ​ဟာ ပေးဆပ်​ရတာ​တွေ​ထက် ဘယ်လို သာလွန်​သလဲ။ (မာ. ၁၀:၂၉၊ ၃၀) အဲဒါတွေဟာ နှစ်ခြင်းခံ​ပြီးတဲ့နောက် ကြုံရ​နိုင်တဲ့​အရေးကိစ္စ​တွေ ဖြစ်တယ်။ ဒါကြောင့် ဒီ​အရေးကြီးတဲ့​ခြေလှမ်း မလှမ်း​ခင် အဲဒီ​အချက်တွေကို စဉ်းစား​ဖို့ အရေးကြီးတယ်။ နာခံမှု​ရဲ့ ကောင်းချီးတွေ၊ မ​နာခံမှု​ရဲ့ ဆိုးကျိုး​တွေကို လေးလေးနက်နက် စဉ်းစား​တတ်အောင် သားသမီးတွေကို ကူညီပေးတဲ့​အခါ ကိုယ်ပိုင်​ခံယူချက် ပို​ခိုင်မာ​လာနိုင်တယ်။ ဘာ​ခံယူချက်​လဲ။ ကျမ်းစာ​စံနှုန်းတွေဟာ အမြဲတမ်း သူတို့​အတွက် အကောင်းဆုံးဆိုတဲ့​အချက်ပါ​ပဲ။—တရား. ၃၀:၁၉၊ ၂၀

နှစ်ခြင်းခံ​ပြီးသား လူငယ် အခက်တွေ့​တဲ့အခါ

၁၆။ နှစ်ခြင်းခံ​ပြီးသား သားသမီး ယုံကြည်ခြင်း ယိမ်းယိုင်​လာတဲ့အခါ မိဘတွေ ဘာ​လုပ်သင့်​သလဲ။

၁၆ သားသမီး နှစ်ခြင်းခံ​ပြီးတဲ့နောက် သံသယ​တွေ ဝင်​လာ​ရင် ဘယ်လို လုပ်​မ​လဲ။ ဥပမာ၊ နှစ်ခြင်းခံ​ပြီးသား ဆယ်ကျော်သက်​ဟာ လောက​မှာရှိတဲ့​အရာ​တွေကို နှစ်သက်​လာနိုင်တယ်။ ကျမ်းစာ စံနှုန်းတွေ​အတိုင်း နေထိုင်ခြင်း​ရဲ့ ပညာရှိ​မှု​ကို မေးခွန်း ထုတ်​လာနိုင်တယ်။ (ဆာ. ၇၃:၁-၃၊ ၁၂၊ ၁၃) မိဘ​တစ်ယောက်​အနေနဲ့ အဲဒီလို​ကိစ္စ​တွေကို ကိုင်တွယ်ပုံ​က ကိုယ့်​သားသမီးတွေကို ကိုယ့်​ယုံကြည်ခြင်း​နဲ့ ပိုနီးကပ်​လာ​စေနိုင်​တယ်၊ ပို​ဝေးကွာ​သွား​စေနိုင်​တယ်ဆိုတာ သဘောပေါက်​ထားပါ။ ကိုယ့်​သားသမီး ငယ်ရွယ်​သေး​သည်​ဖြစ်စေ၊ ဆယ်ကျော်သက်​အရွယ် ရောက်​ပြီ​ဖြစ်စေ ဒီကိစ္စတွေ​ကြောင့် အ​ငြင်း​မ​ပွား​ဖို့ စိတ်ပိုင်းဖြတ်​ထားပါ။ သင့်​ပန်းတိုင်​ဟာ နှစ်​လို့​ဖွယ်​နည်းနဲ့ မေတ္တာပါ​စွာ ကူညီ​ထောက်မပေး​ဖို့ ဖြစ်​သင့်တယ်။

၁၇၊ ၁၈။ လူငယ်​တစ်ယောက် သံသယဝင်​တဲ့အခါ မိဘတွေ ဘယ်လို ကူညီ​ပေးနိုင်သလဲ။

၁၇ နှစ်ခြင်းခံ​ပြီးသား လူငယ်​ဟာ ယေဟောဝါ​ဆီ အလေးအနက် ဆက်ကပ်​အပ်နှံ​ပြီးသား ဖြစ်တယ်။ အဲဒါက ဘုရား​ကို ချစ်​ဖို့၊ ဘုရား​အလိုတော်ကို အရာရာ​ထက် ဦးစား​ပေးဖို့ ကတိပြု​တာ ဖြစ်တယ်။ (မာကု ၁၂:၃၀ ကိုဖတ်ပါ။) အဲဒီ​ကတိ​ကို ယေဟောဝါ ပေါ့ပေါ့တန်တန် သဘော​မထား​ဘူး။ ကတိပြု​တဲ့​သူ​လည်း ပေါ့ပေါ့တန်တန် သဘော​မထား​သင့်​ဘူး။ (ဒေ. ၅:၄၊ ၅) သင့်တော်​တဲ့​အချိန်​မှာ ဒီအကြောင်း သားသမီး​ကို ကြင်ကြင်နာနာ သတိပေးပါ။ ဒါပေမဲ့ သတိ​မပေးခင် မိဘတွေ​အတွက် ယေဟောဝါရဲ့ အဖွဲ့အစည်း ပြင်ဆင်ပေး​ထားတဲ့ အကြောင်းအရာ​တွေကို ကောင်းစွာ အသုံးပြုပါ။ အဲဒါက ယေဟောဝါ​ဆီ ဆက်ကပ်​အပ်နှံခြင်း၊ နှစ်ခြင်းခံ​ပြီးသား ခရစ်ယာန် ဖြစ်​ခြင်း​ရဲ့ အရေးကြီးမှု​နဲ့ ကောင်းချီး​တွေကို အလေးပေး​ဖော်ပြ​ဖို့ အုတ်မြစ်ချ​စေနိုင်​မယ်။

၁၈ ဥပမာ၊ လူငယ်များအမေး—တာသွား​သည့်​အဖြေ အတွဲ ၁ စာအုပ် နောက်ဆက်တွဲ​ရဲ့ “မိဘများ​အမေး” မှာ အကူအညီ​ဖြစ်စေ​တဲ့ အကြံပြုချက်​တွေ တွေ့နိုင်တယ်။ ဒီလို​ပြောထားတယ်– “ဆယ်ကျော်သက်​ကလေး​က သင့်​ယုံကြည်ချက်​ကို လက်မခံချင်​တော့​ဘူးလို့ ချက်ချင်း မဆုံး​ဖြတ်လိုက်​ပါနဲ့။ အဲဒီလို​ဖြစ်​ရတာ အကြောင်း​တစ်ခုခု​ကြောင့် ဖြစ်နိုင်တယ်။” ရွယ်တူချင်းဖိအား​ကြောင့် ဖြစ်နိုင်တယ်။ အထီးကျန်မှု၊ တခြား​ခရစ်ယာန်​လူငယ်တွေ​က ဘုရားရေးရာ​ဘက် ပိုတိုး​တက်​နေတယ်​ဆိုတဲ့ ခံစားချက်​ကြောင့်​လည်း ဖြစ်နိုင်တယ်။ “တကယ်တော့ အဲဒီ​အကြောင်း​တွေ​က ယုံကြည်ချက်​ရဲ့ အခြေခံ​သဘောတရား​တွေနဲ့ ဘာမှ​မဆိုင်​ဘူး။ အခု​လောလောဆယ် ဖြစ်နေတာက ယုံကြည်​ထားတဲ့​အတိုင်း လိုက်လုပ်​ဖို့ နည်းနည်း​ခက်​နေ​ရုံပဲ” လို့ နောက်ဆက်တွဲ​မှာ ဆက်​ဖော်ပြထားတယ်။ ခံယူချက် ယိမ်းယိုင်​နေတဲ့​လူငယ်​ကို ခရစ်ယာန်​မိဘတွေ ကူညီပေး​နိုင်တဲ့ အကြံပြုချက် အတော်များများကို​လည်း ဖော်ပြထားတယ်။

၁၉။ ‘ကယ်တင်ခြင်း ရနိုင်အောင် ဉာဏ်ပညာ​ရှိ’ စေဖို့ သားသမီးတွေကို မိဘတွေ ဘယ်လို ကူညီ​ပေးနိုင်သလဲ။

၁၉ မိဘ​တစ်ယောက်​အနေနဲ့ သားသမီးတွေကို ‘ယေဟောဝါ မိန့်မှာ​တဲ့​အတိုင်း ဆုံးမ​သွန်သင်​ပြီး ပြုစုပျိုးထောင်’ ဖို့ ကြီးလေး​တဲ့​တာဝန်နဲ့ အခွင့်ထူး ရရှိ​ထားတယ်။ (ဧ. ၆:၄) လေ့လာ​ခဲ့​ပြီး​တဲ့​အတိုင်း ကျမ်းစာမှာ ပါတဲ့​အရာ​တွေကို သွန်သင်​ရုံ​လောက်​သာမက သိရှိ​လာ​တာ​တွေ​အပေါ် ခံယူချက် ခိုင်မာ​လာအောင်​လည်း ကူညီပေးဖို့ လိုတယ်။ ယေဟောဝါ​ဆီ ဆက်ကပ်​အပ်နှံ​ဖို့၊ စိတ်နှလုံး အကြွင်းမဲ့ ဝတ်ပြု​ဖို့ လှုံ့ဆော်ပေး​နိုင်​လောက်အောင် ခံယူချက် ခိုင်မာ​ဖို့ လိုအပ်တယ်။ ယေဟောဝါရဲ့ နှုတ်မြွက်တော်၊ စွမ်းအားတော်၊ မိဘ​အနေနဲ့ သင့်​ကြိုးစားအားထုတ်မှု​တို့​က ‘ကယ်တင်ခြင်း​ရနိုင်အောင် ဉာဏ်ပညာ​ရှိ’ ဖို့ သားသမီးတွေကို ကူညီပေး​နိုင်ပါစေ။

^ စာပိုဒ်၊ 9သမ္မာကျမ်းစာ သွန်သင်ရာ​က ဘာလဲ” လေ့လာမှု လမ်းညွှန်​တွေဟာ ကျမ်းစာ​အမှန်တရား​အကြောင်း နားလည်ဖို့၊ ရှင်းပြဖို့ လူကြီး​ရော လူငယ်တွေ​အတွက်​ပါ အလွန်ကောင်းတဲ့ ကိရိယာ ဖြစ်တယ်။ jw.org မှာ ဘာသာစကား​များစွာ​နဲ့ ရ​နိုင်တယ်။ သမ္မာကျမ်းစာ သွန်သင်ချက်များ > ကျမ်းစာ​လေ့လာမှု ကိရိယာ​များ အောက်မှာ ကြည့်ပါ။