မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သမ္မာကျမ်းစာနဲ့ သင့်အနာဂတ်

သမ္မာကျမ်းစာနဲ့ သင့်အနာဂတ်

ညအမှောင်​မှာ သင် လမ်းလျှောက်​နေတယ် ဆိုပါစို့။ မှောင်​သည်ထက် မှောင်​လာ​ပေ​မဲ့ လမ်းပျောက်​နေတယ်​လို့ မခံစား​ရဘူး။ အားကောင်း​တဲ့ ဓာတ်​မီး​တစ်လက် ရှိနေ​လို့ပဲ။ ခြေထောက်​ရှေ့ ဓာတ်​မီး​ထိုး​ကြည့်​တဲ့အခါ သွား​မယ့်​လမ်း​ကို ရှင်းရှင်းလင်းလင်း မြင်ရ​တယ်။ ရှေ့​ခပ်လှမ်းလှမ်း​ကို ထိုး​ကြည့်​လိုက်​တော့ အဝေးကြီး​ကို အထင်းသား​မြင်​နေရတယ်။

ကျမ်းစာက​လည်း ဓာတ်​မီး​လို​ပါပဲ။ ရှေ့ဆောင်းပါး​တွေမှာ ဆွေးနွေး​ခဲ့တဲ့​အတိုင်း မရေရာ​မသေချာ​တဲ့ ဒီ​လောက​မှာ နေ့စဉ်​ကြုံတွေ့​ရတဲ့​ ပြဿနာ​တွေကို ဖြေရှင်းဖို့ ကျမ်းစာက ကူညီ​ပေး​နိုင်တယ်။ ဒါတင်​မက​သေး​ဘူး။ အနာဂတ်​ကိုလည်း သိမြင်​စေတယ်။ ထာဝစဉ် ပျော်ရွှင်​ကျေနပ်မှု ရနိုင်တဲ့ လမ်းစဉ်​ကို သိမြင်​ပြီး လိုက်လျှောက်​စေတယ်။ (ဆာလံ ၁၁၉:၁၀၅) ဘယ်လိုနည်းနဲ့​လဲ။

ကျမ်းစာက အနာဂတ်​မျှော်လင့်ချက် ရှိ​စေတဲ့ နည်း​နှစ်နည်း​ကို သုံးသပ်​ကြည့်​ကြစို့။ ၁ ဘဝရည်ရွယ်ချက် ရှာတွေ့​ဖို့ ကူညီပေးတယ်။ ၂ ဘုရား​သခင်​နဲ့ ထာဝရ​မိတ်ဆွေဖွဲ့​နိုင်​ပုံကို သင်ပေးတယ်။

၁ ဘဝရည်ရွယ်ချက်

ကျမ်းစာက ပြဿနာ​ဖြေရှင်း​နိုင်​ဖို့ အကြံဉာဏ်ကောင်း​တွေ ပေး​နိုင်တယ်။ အကြံပေး​လမ်းညွှန်စာအုပ်​လောက်​ပဲ မဟုတ်ဘူး။ ကိုယ့်​ကိစ္စတွေ​ကိုပဲ အာရုံစိုက်​စေမယ့်​အစား ပို​အရေးကြီး​တာတွေကို အာရုံစိုက်​တတ်ဖို့ သင်ပေးတယ်။ ဒါမှ အဓိပ္ပာယ်​ရှိတဲ့​ဘဝ ပိုင်ဆိုင်​နိုင်မယ်။

ဥပမာ၊ “ရယူခြင်း​ထက် ပေးကမ်းခြင်း​က ပို​ပျော်ရွှင်​စေတယ်” ဆိုတဲ့ ကျမ်းစာ​အကြံဉာဏ်​ကို သုံးသပ်ကြည့်ပါ။ (တမန်တော် ၂၀:၃၅) လိုအပ်​နေ​သူ​ကို ကူညီပေး​လိုက်ရတယ် ဒါမှမဟုတ် မိတ်ဆွေ​တစ်ယောက် ရင်ဖွင့်​တာကို နားထောင်ပေး​လိုက်တယ် ဆိုပါစို့။ တစ်ယောက်​ယောက်ကို ကူညီပေး​လိုက်​ရလို့ ပျော်ရွှင်​ကျေနပ်​မိတယ် မဟုတ်လား။

ပြန်​ရဖို့ မမျှော်လင့်​ဘဲ ပေးကမ်း​တဲ့အခါ သိပ်ပျော်​တယ်။ “ပြန်​ရ​ဖို့​ မျှော်လင့်ချက်​မထား​ဘဲ ပေးကမ်း​ဖို့ဆိုတာ လုံးဝ​မဖြစ်နိုင်ဘူး” လို့ စာရေးဆရာ​တစ်​ဦး ပြော​ဖူးတယ်။ ဒါပေမဲ့ ကျေးဇူး​မတုံ့ပြန်​နိုင်​သူ​ကို ကူညီ​ပေးမယ်​ဆိုရင် အကျိုး​ရ​ကို​ရတယ်။ တကယ်တော့ ကျွန်တော်တို့ဟာ ဘုရား​နဲ့အတူ လုပ်ဆောင်​နေကြ​တာ။ ဘုရားက အဲဒီလို​ကူညီ​ပေးတာကို သူ့ကို ချေးငှား​တယ်လို့ သဘောထား​တယ်။ (ပညာအလိမ္မာ ၁၉:၁၇) ဆင်းရဲသား​တွေကို ကူညီ​ပေးတာကို ဘုရား သိပ်တန်ဖိုးထား​တယ်။ သာယာလှပ​တဲ့ ကမ္ဘာပေါ်မှာ ထာဝရ​အသက် ဆုချ​မယ်လို့ ကတိပြု​ထားတယ်။ သိပ်ကောင်းတဲ့ မျှော်လင့်ချက်​ပါပဲ။—ဆာလံ ၃၇:၂၉။ လုကာ ၁၄:၁၂-၁၄ *

စစ်မှန်တဲ့​ဘုရား ယေဟောဝါ​ကို ဝတ်ပြု​မယ်ဆိုရင် ဘဝရည်ရွယ်ချက် ရှာတွေ့နိုင်​တဲ့​အကြောင်း ကျမ်းစာ သွန်သင်​တယ်။ ဘုရား​သခင်​ကို ချီးမွမ်း​ဖို့၊ ဂုဏ်တင်​ဖို့၊ နာခံဖို့​လည်း အားပေး​တယ်။ (ဒေသနာ ၁၂:၁၃။ ဗျာဒိတ် ၄:၁၁) ဒီလို​လုပ်​မယ်ဆိုရင် ဘုရား​ကို​တောင် အကျိုးသက်ရောက်မှု ရှိ​နိုင်တယ်။ ဘုရား​ကိုယ်တိုင်​က “ဉာဏ်ပညာ​ရှိပါ။ ငါ့​စိတ်​ကို ရွှင်လန်း​စေ​ပါ” လို့ တိုက်တွန်း​ထားတယ်။ (ပညာအလိမ္မာ ၂၇:၁၁) ကျမ်းစာ​အကြံဉာဏ်​တွေ​အတိုင်း ဆုံးဖြတ်ချက်​ချ​မယ်ဆိုရင် ဘုရားရဲ့ စိတ်​ကို ရွှင်လန်း​စေနိုင်​တယ်။ ဘုရားက ကျွန်တော်တို့ကို ဂရုစိုက်​တယ်။ လမ်းညွှန်ချက်​တွေကို လိုက်နာ​ပြီး အကျိုး​ခံစား​စေချင်တယ်။ (ဟေရှာယ ၄၈:၁၇၊ ၁၈) စကြဝဠာ​ပိုင်ရှင် ဘုရား​သခင်​ကို ဝတ်ပြု​ပြီး သူ့​စိတ်​ကို ရွှင်လန်း​စေတဲ့​နည်းနဲ့ အသက်ရှင်​ရတာ​ထက် ပို​အဓိပ္ပာယ်​ရှိတဲ့​ဘဝမျိုး ရှိ​နိုင်​ဦး​မလား။

၂ ဘုရား​သခင်​နဲ့ မိတ်ဆွေ​ဖြစ်​ခြင်း

ဘုရား​သခင်​နဲ့ မိတ်ဆွေဖွဲ့​ဖို့​လည်း ကျမ်းစာက သင်ပေးတယ်။ “ဘုရား​သခင်​နဲ့ ရင်းနှီး​အောင် ကြိုးစားပါ။ ဒါဆိုရင် ဘုရား​သခင်​လည်း ခင်ဗျား​တို့​နဲ့ ရင်းနှီး​လာ​လိမ့်မယ်” လို့ ကျမ်းစာ​ပြောတယ်။ (ယာကုပ်​ ၄:၈) အနန္တ​တန်ခိုးရှင် ဘုရား​သခင်​နဲ့ မိတ်ဆွေဖွဲ့​ဖို့ဆိုတာ ဖြစ်နိုင်​ပါ့​မလား​ဆိုပြီး သင် တွေးမိ​မှာပဲ။ ကျမ်းစာက ‘ဘုရား​သခင်​ကို ရှာ​မယ်​ဆိုရင် တကယ်ပဲ တွေ့​နိုင်မယ်၊’ “ဘုရား​သခင်​ဟာ ကျွန်တော်တို့​ တစ်ယောက်​နဲ့​မှ မ​ဝေး​ပါဘူး” လို့ အာမခံ​ထားတယ်။ (တမန်တော် ၁၇:၂၇) ဘုရားရဲ့​မိတ်ဆွေ​ဖြစ်ပါ​ဆိုတဲ့ ကျမ်းစာအကြံပြုချက်​ဟာ အနာဂတ်အတွက် အလွန်​လက်တွေ့ကျတယ်။ ဘယ်​နည်းနဲ့​လဲ။

ကျွန်တော်တို့ ဘယ်လိုပဲ ကြိုးစားပါ​စေ၊ အကြီးမားဆုံး​ရန်သူ သေခြင်း​ရဲ့​လက်​က​နေ ဘယ်သူမှ မလွတ်​နိုင်​ဘူး။ (၁ ကောရိန္သု ၁၅:၂၆)​ ဘုရား​သခင်​က​တော့ ထာဝစဉ်​အသက်ရှင်​တယ်။ သူ့မိတ်ဆွေတွေ​ကိုလည်း ထာဝစဉ် အသက်ရှင်​စေချင်တယ်။ ယေဟောဝါ​ကို ရှာ​တဲ့​သူတွေ “ဘဝကို ထာဝစဉ် ပျော်မွေ့နိုင်​ကြ​ပါစေ” လို့ ကျမ်းစာ ပြောတယ်။ ဒါဟာ ယေဟောဝါရဲ့ ဆန္ဒ​ပဲ။—ဆာလံ ၂၂:၂၆

ဘုရား​သခင်​နဲ့ ထာဝရ​မိတ်ဆွေ​ဖြစ်အောင် ဘယ်လို​လုပ်​နိုင်သလဲ။ ကျမ်းစာ​ဖတ်​ပြီး ဘုရား​သခင်​အကြောင်း လေ့လာ​ပါ။ (ယောဟန် ၁၇:၃။ ၂ တိမောသေ ၃:၁၆) ကျမ်းစာ​နားလည်အောင် ဘုရားဆီ အကူအညီတောင်း​ပါ။ ဉာဏ်ပညာရ​ဖို့ “ဘုရား​သခင်​ဆီ တောင်း​မြဲ​တောင်း” မယ်ဆိုရင် ဉာဏ်ပညာ​ပေးမယ်လို့ ကျမ်းစာ အာမခံ​တယ်။ * (ယာကုပ် ၁:၅) သိရှိ​လာ​တာတွေကို လက်တွေ့​ကျင့်သုံးပါ၊ ကျမ်းစာကို သင့်ရဲ့ “ခြေ​ကို လမ်းပြ​တဲ့ မီးခွက်၊” “လမ်းခရီး​ကို လင်း​စေတဲ့ အလင်း” အမြဲ ဖြစ်စေ​ပါ။—ဆာလံ ၁၁၉:၁၀၅

^ စာပိုဒ်၊ 8 သာယာလှပ​တဲ့ ကမ္ဘာပေါ်မှာ ထာဝစဉ်​အသက်ရှင်​စေမယ်​ဆိုတဲ့ ဘုရားရဲ့ ကတိ​အကြောင်း​ ပို​သိချင်ရင် ယေဟောဝါ​သက်သေ​တွေ ထုတ်ဝေတဲ့ သမ္မာကျမ်းစာ​သွန်သင်ရာများ စာအုပ် အခန်း ၃ ကို ကြည့်ပါ။

^ စာပိုဒ်၊ 13 ယေဟောဝါ​သက်သေ​တွေဟာ ကျမ်းစာ​နားလည်ဖို့ အခမဲ့ သင်ပေးတယ်။ အဲဒီ​အစီအစဉ်​အကြောင်း သိချင်ရင် www.pr418.com/mya မှာ​ပါတဲ့ ကျမ်းစာ​လေ့လာမှု​ကို ဘယ်လို​လုပ်ကြ​သလဲ ဗီဒီယိုကို ကြည့်ပါ။ (စာအုပ်​စာပေများ > ဗီဒီယိုများ ခေါင်းစဉ်​အောက်မှာ ကြည့်ပါ။)

ထာဝစဉ်​အသက်ရှင်​တဲ့ ဘုရား​ဟာ​ သူ့မိတ်ဆွေတွေ​ကိုလည်း ထာဝစဉ် အသက်ရှင်​စေချင်တယ်