မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အနာဂတ်ဟောကိန်း

အနာဂတ်ဟောကိန်း

သင်​နဲ့ သင့်​မိသားစု​အနာဂတ် ဘယ်လိုများ ရှိမလဲလို့ စဉ်းစားဖူးသလား။ ချမ်းသာ​မ​လား။ ဆင်းရဲ​သွားမလား။ အချစ်ခံရ​မလား။ အထီး​ကျန်​သွားမလား။ အသက်ရှည်​မ​လား။ အသက်တိုမလား။ ဒါတွေ​နဲ့​ပတ်သက်​ပြီး သိချင်​ကြ​တာ နှစ်​ထောင်ချီ ကြာခဲ့ပြီ။

ကျွမ်းကျင်သူ​တွေ​က ကမ္ဘာ့ဖြစ်ရပ်တွေကို ကြည့်ပြီး အနာဂတ်​ကို ဟောကိန်းထုတ်​ကြတယ်။ မှန်တဲ့​ဟောကိန်း​တွေ ရှိသလို မှားသွား​တာ​လည်း ရှိတယ်။ ဆိုးဆိုးရွားရွား လွဲသွားတာတွေလည်း ရှိတယ်။ ဥပမာ၊ ကြိုးမဲ့​ကြေးနန်း တီထွင်သူ မာကိုနီက “ကြိုးမဲ့​ခေတ်​ရောက်ရင် စစ်​တွေ ရှိတော့မှာ မဟုတ်တော့ဘူး” လို့ ၁၉၁၂ ခုနှစ်မှာ ပြောဖူးတယ်။ ၁၉၆၂ ခုနှစ်မှာ ဘစ်တဲလ်​အဖွဲ့ကို ငြင်းလိုက်တဲ့ ဒက္ကာ​တေးသံသွင်း​ကုမ္ပဏီ​ရဲ့ ကိုယ်စားလှယ်က ဂီတာသမားတွေကို လူကြိုက်​များတော့မှာ မဟုတ်ဘူးလို့ ယူဆခဲ့တယ်။

အနာဂတ်​ကို ကြိုသိ​နိုင်ဖို့ တချို့က သဘာဝလွန်​စွမ်းအားတွေကို အားကိုးကြတယ်။ တချို့က နက္ခတ္တဗေဒ​ပညာရှင်တွေ​ဆီ​မှာ အကြံဉာဏ် တောင်း​ကြတယ်။ မဂ္ဂဇင်း​တွေ၊ သတင်းစာတွေ​မှာ ဇာတာခွင်​ဗေဒင်​ကဏ္ဍကို ပုံမှန်​တွေ့ရတယ်။ တားရော့ကတ်​တွေ၊ ဂဏန်း​တွေ၊ လက္ခဏာတွေ ကြည့်ပြီး ရှေ့ဖြစ်ဟောတဲ့ ဗေဒင်​ဆရာတွေ​ဆီ သွားတဲ့သူတွေလည်း ရှိကြတယ်။

ရှေးခေတ်​တုန်းက​လည်း အနာဂတ်​ကို ကြိုသိ​နိုင်ဖို့ နတ်ဘုရား​ဆီ​က သတင်းတွေ ပြန်ပြောပြနိုင်တယ်လို့ ဆိုတဲ့ နတ်ဆရာ/မတွေကို မေးမြန်းကြတယ်။ ဥပမာ၊ လစ်ဒီးယား​ဘုရင် ကရီးဆပ်​က ပါးရှား​ဘုရင် ဆိုင်းရပ်​နဲ့ တိုက်ခိုက်​ရင် အနိုင်​ရ​မ​ရ ဟောပေးဖို့ ဂရိ​နိုင်ငံမှာ​ရှိတဲ့ ဒယ်လဖီ​နတ်ကွန်းကို လက်ဆောင်​ဘဏ္ဍာတွေ ဆက်သ​တယ်။ ဆိုင်းရပ်​နဲ့ တိုက်မယ်ဆိုရင် “အင်ပါယာကြီးတစ်ခု” ပျက်စီးသွားလိမ့်မယ်လို့ ကရီးဆပ် အဖြေ​ရတယ်။ အောင်ပွဲခံ​မယ်​အထင်နဲ့ ချီတက်​သွား​တဲ့အခါ ကရီးဆပ်​ရဲ့ အင်ပါယာ​ပဲ ပျက်စီးသွားခဲ့တယ်။

မရေရာတဲ့ ဟောကိန်း​တွေ​က ဘာအကျိုးမှ မရှိဘူး။ ဘယ်ဘက်​က​ပဲ​နိုင်​နိုင် အဖြေကတော့ မှန်​နေ​ပုံ ရတယ်။ အထင်လွဲ​စေ​တဲ့ ဟောကိန်း​ကြောင့် ကရီးဆပ် အကြီးအကျယ် ဆုံးရှုံး​နစ်နာ​သွားခဲ့တယ်။ ဒီနေ့ ခေတ်စားနေတဲ့ အနာဂတ်​ဟော​နည်း​တွေ​ကော ဘယ်လိုလဲ။