မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဟောကိန်း တိကျမှန်ကန်ကြောင်း အသံတိတ်သက်သေ

ဟောကိန်း တိကျမှန်ကန်ကြောင်း အသံတိတ်သက်သေ

အီတလီ​နိုင်ငံ၊ ရောမ​မြို့လယ်မှာ ကမ္ဘာတစ်ဝန်းက ဧည့်သည်​တွေ​ကို ဆွဲဆောင်​တဲ့ အထိမ်းအမှတ်​မုခ်ဦးကြီး ရှိတယ်။ ရောမတွေရဲ့ အသည်းစွဲ ဧကရာဇ် တိုက်တပ်​ကို ဂုဏ်ပြုတဲ့ မုခ်ဦး ဖြစ်တယ်။

တိုက်တပ်​မုခ်ဦး ဘေးနှစ်ဖက်မှာ သမိုင်းဝင် ဖြစ်ရပ်ကြီးကို ရုပ်ကြွပုံတွေနဲ့ ဖော်ပြထားတယ်။ အဲဒီ​မုခ်ဦး​နဲ့ ကျမ်းစာ ဆက်စပ်နေ ပုံကိုတော့ လူတွေ သိပ်မသိကြဘူး။ တိုက်တပ်​မုခ်ဦး​ဟာ ကျမ်းစာ​ဟောကိန်း အတိ အကျ ပြည့်စုံတယ်​ဆိုတဲ့ အသံတိတ်​ သက်သေပါပဲ။

စီရင်ချက်ချခံရတဲ့ မြို့တော်

အေဒီ ပထမ​ရာစု​အစောပိုင်းမှာ ရောမ​အင်ပါယာ​ဟာ ဗြိတိန်နဲ့ ဂေါလ် (ယခု ပြင်သစ်) ကနေ အီဂျစ်​ပြည်​အထိ နယ်မြေ ချဲ့ထွင်​ပြီး မကြုံစဖူး အေးချမ်း​သာယာ​ခဲ့တယ်။ ဒါပေမဲ့ တော်လှန်​ပုန်ကန်​တဲ့ ယုဒနယ် ကတော့ ရောမတို့အတွက် အမြဲ​စိတ်ပျက်​ စ​ရာ ဖြစ်ခဲ့တယ်။

Encyclopedia of Ancient Rome မှာ ဒီလို​ဖော်ပြထားတယ်– “ရောမ လက်အောက်ခံ နယ်မြေ​အနည်းငယ်​မှာ​ပဲ ယုဒ နယ်လို ရန်လိုမှုတွေ ရှိနေတယ်။ ဂျူး​ယဉ်ကျေးမှုကို အလေး​မထားတဲ့ ရောမတွေကို ဂျူးတွေ မကျေမချမ်း ဖြစ်သလို ရောမတွေကလည်း ဂျူးတွေရဲ့ ခေါင်းမာ​မှု​ကို သည်းမခံ​နိုင်​ကြ​ဘူး။” မုန်းစရာ​ကောင်းတဲ့ ရောမတွေကို မောင်းထုတ်ပြီး အစ္စရေးတွေ​အတွက် ရွှေခေတ်​တစ်ခေတ် ပေါ်ထွန်း​စေမယ့် မေရှိယ​ခေါင်းဆောင်​ကို ဂျူးတွေ မျှော်လင့်​ခဲ့ကြတယ်။ ဒါပေမဲ့ ဂျေရုဆလင်​မြို့ ဘေးဆိုး ကြုံရမယ့်​အကြောင်း အေဒီ ၃၃ မှာ ယေရှုခရစ် ကြေညာခဲ့တယ်။

ယေရှု ဒီလို​ပြောခဲ့တယ်– “ရန်သူတွေက မင်းရဲ့​ပတ်လည်​မှာ တုတ်ချွန်​ခံတပ်​ကို ဆောက်ပြီး လေးဖက်လေးတန် ဝိုင်းရံ​ပိတ်ဆို့​မယ့်​အချိန် ရောက်လာလိမ့်မယ်။ သူတို့က မင်းနဲ့ မင်းရဲ့​သားသမီးတွေကို လုံးဝ ဖျက်ဆီးပစ်​လိမ့်မယ်။ ကျောက်​တစ်တုံး​ပေါ်​တစ်တုံး ဆင့်ပြီး ကျန်​နေ​မှာ မဟုတ်ဘူး။”လုကာ ၁၉:၄၃၊ ၄၄

ယေရှုရဲ့ စကားတွေကြောင့် တပည့်တွေ စိတ်​ရှုပ်ထွေး​ခဲ့ကြတယ်။ နှစ်ရက်ကြာပြီးတဲ့နောက် ဂျေရုဆလင် ဗိမာန်တော်ကို ကြည့်တဲ့အခါ တပည့်​တစ်ယောက်က “ဆရာ၊ ဟော​ဒီ​ကျောက်တုံး​တွေ၊ အဆောက်အအုံတွေကို ကြည့်​လိုက်ပါ​ဦး” လို့​ပြောတယ်။ ဗိမာန်တော်​ကျောက်တုံး​တချို့ဟာ အလျား ၃၆ ပေ (၁၁ မီတာ)၊ အနံ ၁၆ ပေ (၅ မီတာ)၊ အမြင့် ၁၀ ပေ (၃ မီတာ) လောက် ရှိတယ်။ ဒါပေမဲ့ ယေရှု​က “အခု ခင်ဗျားတို့ မြင်နေရသမျှ တစ်နေ့ ဖြိုချ​ခံရ​လိမ့်မယ်။ ကျောက်​တစ်တုံး​ပေါ် တစ်တုံး ဆင့်ပြီး ကျန်​နေ​မှာ မဟုတ်ဘူး” လို့​ပြန်ပြော​တယ်။မာကု ၁၃:၁။ လုကာ ၂၁:၆

“ဂျေရုဆလင်​မြို့ကို စစ်တပ် ဝိုင်းရံထားတာ ခင်ဗျားတို့ မြင်ရတဲ့အခါ ဒီ​မြို့​ပျက်စီး​တော့မယ်ဆိုတာ သိလိုက်ပါ။ အဲဒီအချိန်​ရောက်ရင် ယုဒနယ်မှာ​နေတဲ့သူတွေ တောင်ပေါ်​ကို ပြေးကြ။ မြို့ထဲက​လူတွေ မြို့ပြင် ထွက်ကြ။ တော​ရွာက လူတွေလည်း မြို့ထဲ မဝင်နဲ့တော့” လို့ ယေရှု ပြောသေးတယ်။ (လုကာ ၂၁:၂၀၊ ၂၁) ပြောတဲ့​အတိုင်း တကယ်​ဖြစ်လာသလား။

မြို့တော် ကျဆုံး​ခြင်း

သုံးဆယ့်​သုံးနှစ် လွန်သွားပေမဲ့ ယုဒနယ်​ဟာ ရောမတွေကို မုန်းတီး​နေဆဲပဲ။ ဒါပေမဲ့ အေဒီ ၆၆ မှာ ယုဒပြည်ရဲ့ ရောမ​ဘုရင်ခံ ဖလောရပ်စ်​က ဗိမာန်တော်​ဘဏ္ဍာတိုက်​ထဲက ရန်ပုံငွေတွေကို သိမ်းလိုက်တော့ ဂျူးတွေ ဒေါသ​ပေါက်ကွဲကြတော့တယ်။ မကြာ ခင်​မှာ​ပဲ ဂျူး​တိုက်ခိုက်ရေးသမားတွေက ဂျေရုဆလင်​မြို့ထဲ အုပ်လိုက် ဝင်လာ၊ ရောမ​မြို့စောင့်​တပ်​သားတွေကို သတ်ဖြတ်​ပြီး လွတ်လပ်ရေး ကြေညာ​လိုက်ကြတယ်။

သုံးလလောက် ကြာ​တဲ့အခါ စက်စတီးယပ်စ် ဂဲလပ်စ် ဦးဆောင်​တဲ့ ရောမ​စစ်သား ၃၀,၀၀၀ ဟာ ပုန်ကန်မှု​ကို နှိမ်နင်းဖို့ ဂျေရုဆလင်​မြို့ကို ချီတက်လာကြတယ်။ ရောမတွေ မြို့ထဲ ချက်ချင်း ဝင်ရောက်​လာပြီး ဗိမာန်တော်​အပြင်​တံတိုင်း​ကို ဖြိုဖျက်​ကြတယ်။ ပြီးတော့ အကြောင်းရင်း မရှိဘဲ ပြန်ဆုတ်ခွာသွားကြတယ်။ ဂျူး​သူပုန်တွေ က သူတို့​နောက်ကို လိုက်လံ​တိုက်ခိုက်​ကြ တယ်။ ရောမ​စစ်သားတွေ​ရော ဂျူး​သူပုန်တွေပါ မရှိတော့တဲ့​အချိန်မှာ ခရစ်ယာန် တွေဟာ ယေရှုရဲ့ သတိပေးချက်ကို လိုက်နာပြီး ဂျေရုဆလင်​မြို့ကနေ ဂျော်ဒန်​မြစ်​တစ်ဖက်​ကမ်းရှိ တောင်တန်း​တွေ​ဆီ ထွက်ပြေး​ကြတယ်။—မဿဲ ၂၄:၁၅၊ ၁၆

နောက်တစ်နှစ်မှာ ဗိုလ်ချုပ် ဗက်စပါဆီယန်နဲ့ သားတော် တိုက်တပ်​တို့ ဦးဆောင်​တဲ့ ရောမတွေ​က ယုဒနယ်ကို ပြန်ချီတက်လာကြတယ်။ ဒါပေမဲ့ အေဒီ ၆၈ မှာ ရောမ​ဧကရာဇ် နီရို ဆုံးပါးသွားတဲ့အတွက် ဗက်စပါဆီယန်​ဟာ ထီးနန်း​သိမ်းပိုက်ဖို့ ရောမ ကို ပြန်သွား​တယ်။ တိုက်တပ်​ကိုတော့ စစ်သည် ၆၀,၀၀၀ နဲ့ ထားရစ်​ခဲ့တယ်။

အေဒီ ၇၀ ဇွန်လမှာ တိုက်တပ်​က​ယုဒနယ်​ တစ်ဝိုက်​က သစ်ပင်တွေကို ခုတ်လှဲပြီး ဂျေရုဆလင်​မြို့​ပတ်လည်​မှာ ၄.၅ မိုင် (၇ ကီလိုမီတာ) ရှိတဲ့ တုတ်ချွန်​ခံတပ် ဆောက်လုပ်​စေတယ်။ စက်တင်ဘာလမှာ ယေရှု ကြိုဟောတဲ့​အတိုင်းပဲ ရောမတွေ​က မြို့တော်နဲ့ ဗိမာန်တော်ကို လုယက်​တိုက်ခိုက်​ပြီး မီးရှို့ပစ်တဲ့​အတွက် ကျောက်တုံး​တွေ ပြိုကျ​ကုန်တယ်။ (လုကာ ၁၉:၄၃၊ ၄၄) ခန့်မှန်းချက်​တစ်ခု​အရ “ဂျေရုဆလင်​မြို့နဲ့ ပတ်ဝန်းကျင်​နယ်တွေမှာ လူပေါင်း နှစ်သိန်းခွဲနဲ့ ငါးသိန်းကြား သေဆုံး​ခဲ့တယ်။”

အင်ပါယာ အောင်ပွဲ

အေဒီ ၇၁ မှာ အီတလီ​နိုင်ငံ​ကို တိုက်တပ် ပြန်လာ​တဲ့အခါ ရောမ​မြို့သူ​မြို့သားတွေ သောင်းသောင်းဖျဖျ ကြိုဆို​ကြတယ်။ မြို့လုံးကျွတ် ခြိမ့်ခြိမ့်သဲ အောင်ပွဲခံ စီ​တန်း​လှည့်လည်​ကြတယ်။

ရောမ​မြို့​လမ်း​တွေ​မှာ တိုက်ရာပါ​ပစ္စည်းတွေ​ကို လှည့်လည်​ပြသ​တဲ့အခါ လူတွေ တအံ့တဩ​ဖြစ်ခဲ့ကြတယ်။ စစ်​တိုက်ခိုက်​ပုံ​တွေ ပုံဖော်​ထားတဲ့ အလှပြ​ယာဉ်ကြီးတွေ၊ ဂျေရုဆလင် ဗိမာန်တော်​ကနေ သိမ်းယူ​လာတဲ့​ပစ္စည်းတွေ​ကို အရသာခံကြည့်ခဲ့ကြတယ်။

အေဒီ ၇၉ မှာ တိုက်တပ်​က ခမည်း တော် ဗက်စပါဆီယန်ရဲ့ အရိုက်အရာကို ဆက်ခံ​ခဲ့တယ်။ ဒါပေမဲ့ နှစ်နှစ်​အကြာမှာ မမျှော်လင့်ဘဲ တိုက်တပ် ကွယ်လွန်​ခဲ့တယ်။ ညီတော် ဒိုမီရှန်​က ထီးနန်း ဆက်ခံပြီး တိုက်တပ်​ကို ဂုဏ်ပြုတဲ့​အ​နေနဲ့ မုခ်ဦး တည်ဆောက်​ခဲ့တယ်။

အခုခေတ် မုခ်ဦး

ရောမ​မြို့ရှိ တိုက်တပ်​မုခ်ဦး

အခုခေတ် ရောမကို လာလည်တဲ့​လူထောင်ပေါင်း​များစွာ​ဟာ တိုက်တပ်​မုခ်ဦးကို အလွန်​သဘောကျကြတယ်။ မုခ်ဦးကို အနုပညာ​လက်ရာ​အဖြစ် ရှုမြင်တဲ့သူ ရှိသလို ရောမ​အင်ပါယာ​ရဲ့ ကျက်သရေဆောင်​တစ်ခု​အဖြစ် ရှုမြင်သူလည်း ရှိတယ်။ တချို့ကတော့ ဂျေရုဆလင်​မြို့နဲ့ ဗိမာန်တော် ကျဆုံး​ခန်းအဖြစ် ရှုမြင်ကြတယ်။

ကျမ်းစာကို ဂရုတစိုက် ဖတ်ရှုသူတွေအတွက်တော့ တိုက်တပ်​မုခ်ဦး​ဟာ ဒီထက်မက အဓိပ္ပာယ် ရှိတယ်။ ကျမ်းစာ​ဟောကိန်း​တွေ​ဟာ တိကျမှန်ကန်တယ်၊ ယုံကြည်​စိတ်ချနိုင်တယ်၊ ဘုရားသခင့် စွမ်းအားတော် လှုံ့ဆော်မှု​နဲ့ ရေးထားတယ်ဆိုတဲ့ အသံတိတ်​သက်သေပါပဲ။ —၂ ပေတရု ၁:၁၉-၂၁