ကမ္ဘာမြေပေါ် ထာဝစဉ် အသက်ရှင်နိုင်တယ်
သိပ်ကောင်းတဲ့ အလားအလာပါပဲ။ ကျွန်တော်တို့ရဲ့ ဖန်ဆင်းရှင်က ဒီကမ္ဘာပေါ်မှာပဲ ထာဝရအသက် ပေးမယ်လို့ ကတိပေးထားတယ်။ လူအများအတွက်တော့ မယုံနိုင်စရာပဲ။ ‘လူဆိုတာ တစ်ချိန်မဟုတ် တစ်ချိန် သေရမယ်။ သေခြင်းနဲ့ ရှင်ခြင်းက သဘာဝတရားပါပဲ’ လို့ တချို့ ပြောကြတယ်။ တချို့ကျတော့ ထာဝရအသက်ဆိုတာ ဖြစ်နိုင်ပေမဲ့ ဒီကမ္ဘာပေါ်မှာတော့ မဟုတ်ဘူး၊ သေပြီးနောက် ကောင်းကင်ရောက်မှပဲ ထာဝရအသက် ရမယ်လို့ ပြောကြတယ်။ သင် ဘယ်လို ထင်သလဲ။
အဖြေမပေးခင် ဒီမေးခွန်းသုံးခုကို ကျမ်းစာ ဘယ်လို အဖြေပေးသလဲဆိုတာ သုံးသပ်ကြည့်ပါ– လူကို ပြုလုပ်ထားပုံက ဘယ်လောက်ကြာကြာ အသက်ရှင်နိုင်တယ်လို့ ဖော်ပြသလဲ။ မြေကြီးနဲ့ လူသားတွေအတွက် ဘုရားသခင့် မူလရည်ရွယ်ချက်က ဘာလဲ။ လူ့မိသားစုထဲ သေခြင်း ဘယ်လို ဝင်လာသလဲ။
ထူးခြားတဲ့လူ့သဘာဝ
ကမ္ဘာပေါ်မှာ ဘုရား ဖန်ဆင်းထားတဲ့ သက်ရှိအားလုံးမှာ လူဟာ သိပ်ထူးခြားတယ်။ ဘာကြောင့်လဲ။ လူသားတွေကိုပဲ ဘုရားသခင့် “ပုံသဏ္ဌာန်အတိုင်း” ဖန်ဆင်းထားတယ်လို့ ကျမ်းစာ ဆိုတယ်။ (ကမ္ဘာဦး ၁:၂၆၊ ၂၇) ဘာကို ဆိုလိုသလဲ။ ချစ်ခြင်း၊ တရားမျှတမှု လိုလားခြင်း စတဲ့ ဘုရားရဲ့ အရည်အသွေးတွေ လူတွေမှာ ရှိတယ်ဆိုတဲ့ သဘောပဲ။
ဒါ့အပြင်၊ တွေးခေါ်နိုင်စွမ်း၊ စဉ်းစားဆင်ခြင်နိုင်စွမ်း၊ အမှားအမှန် ခွဲခြားနိုင်စွမ်း ရှိတဲ့အပြင် ဘုရားသခင်ကို ဝတ်ပြုလိုစိတ်လည်း ရရှိထားတယ်။ အဲဒါကြောင့် စကြဝဠာရဲ့ ခမ်းနားမှု၊ သဘာဝလောကရဲ့ အံ့ဖွယ်ရာတွေ၊ အနုပညာ၊ တေးဂီတ၊ ကဗျာလင်္ကာတို့ကို ခံစားနိုင်ကြတယ်။ အထူးခြားဆုံးကတော့ ဖန်ဆင်းရှင်ကို ဝတ်ပြုကိုးကွယ်လိုစိတ် ရှိကြတာပါပဲ။ ဒီအရည်အသွေးတွေက လူနဲ့ တခြားသက်ရှိအားလုံးကို ကွဲပြားခြားနားစေတယ်။
ဒါကြောင့် သုံးသပ်ကြည့်ပါ– ဘုရားက လူတွေကို ခဏပဲ အသက်ရှင်ဖို့ ဖန်ဆင်းတယ်ဆိုရင် အကန့်အသတ်မဲ့ တိုးတက်ကောင်းမွန်စေနိုင်တဲ့ ဒီအရည်အသွေးကောင်းတွေကို ထည့်သွင်းပေးထားပါ့မလား။ ဒီထူးခြားတဲ့ အရည်အသွေးတွေ၊ စွမ်းရည်တွေ ပေးထားတဲ့အကြောင်းက ကမ္ဘာပေါ်မှာ ထာဝစဉ် အသက်ရှင်နိုင်ဖို့ပဲ။
ဘုရားသခင့် မူလရည်ရွယ်ချက်
ကမ္ဘာပေါ်မှာ လူတွေ ထာဝစဉ် အသက်ရှင်ဖို့ ဘုရား မရည်ရွယ်ခဲ့ပါဘူးလို့ တချို့ ပြောကြတယ်။ မြေကြီးက လူတွေရဲ့ ယာယီစံအိမ် ဖြစ်တယ်၊ ကောင်းကင်မှာ ဘုရားနဲ့ အမြဲနေနိုင်ဖို့ ဘယ်သူက သင့်တော်သလဲဆိုတာ စမ်းသပ်တဲ့နေရာ ဖြစ်တယ်လို့ ဆိုကြတယ်။ အဲဒီအတိုင်းသာဆိုရင် ကမ္ဘာပေါ်က ဆိုးသွမ်းမှုအားလုံးအတွက် ဘုရားမှာ တာဝန်ရှိတယ် ဆိုတဲ့သဘော သက်ရောက်မနေဘူးလား။ ဒါဆိုရင် ဘုရားရဲ့ တကယ့်ဂုဏ်ရည်တော်နဲ့ ဆန့်ကျင်မနေဘူးလား။ ဘုရားနဲ့ပတ်သက်ပြီး တရားဟောရာ ၃၂:၄။
ကျမ်းစာက ဒီလိုဆိုတယ်– “နည်းလမ်းတော်တွေ တရားမျှတတယ်။ သစ္စာရှိတဲ့ဘုရား၊ မတရားမှုကင်းတဲ့ဘုရား၊ ဖြောင့်မတ်၊ မှန်ကန်တဲ့ဘုရားပဲ။”—ကမ္ဘာမြေအတွက် ဘုရားသခင့် မူလရည်ရွယ်ချက်ကို ကျမ်းစာက ဒီလို ရှင်းလင်းစွာ ဖော်ပြထားတယ်– “ယေဟောဝါက ကောင်းကင်ကို ပိုင်တယ်။ ကမ္ဘာမြေကိုတော့ လူသားတွေအတွက် ပေးထားတယ်။” (ဆာ ၁၁၅:၁၆) မှန်ပါတယ်၊ ကမ္ဘာမြေကို လူသားတွေရဲ့ လှပတဲ့ ထာဝရစံအိမ်အဖြစ် ဘုရား ဖန်ဆင်းထားတယ်။ အဓိပ္ပာယ်ပြည့်ဝတဲ့ အဆုံးမဲ့အသက်နဲ့ နေထိုင်နိုင်ဖို့ လိုအပ်တာမှန်သမျှ ဖြည့်ဆည်းပေးထားတယ်။—ကမ္ဘာဦး ၂:၈၊ ၉။
“ယေဟောဝါက ကောင်းကင်ကို ပိုင်တယ်။ ကမ္ဘာမြေကိုတော့ လူသားတွေအတွက် ပေးထားတယ်။”—ဆာလံ ၁၁၅:၁၆။
လူသားတွေအတွက် ဘုရားသခင့် ရည်ရွယ်ချက်ကိုလည်း ကျမ်းစာမှာ ရှင်းလင်းစွာ ဖော်ပြထားပါတယ်။ “ကမ္ဘာမြေကို ပြည့်စေပြီး အုပ်ထိန်းကြ။ ပင်လယ်ငါးတွေ၊ မိုးကောင်းကင်မှာပျံတဲ့ ငှက်တွေ၊ ကုန်းသတ္တဝါတွေကို အုပ်စိုးကြ” ဖို့ ပထမ လူသားမောင်နှံကို တာဝန်ပေးခဲ့တယ်။ (ကမ္ဘာဦး ၁:၂၈) ပရဒိသုစံအိမ်ကို စောင့်ရှောက်ပြီး ကမ္ဘာတစ်ခွင် တိုးချဲ့ဖို့ အခွင့်အရေးကြီးပါပဲ။ အာဒံနဲ့ ဧဝ၊ နောင်လာနောင်သားတွေအတွက် ကောင်းကင်မှာ မဟုတ်ဘဲ မြေကြီးပေါ် ထာဝစဉ် အသက်ရှင်ဖို့ အလားအလာ ရှိနေတယ်။
ဘာကြောင့် သေကြရသလဲ
ဒါဆိုရင် ဘာကြောင့် သေကြရသလဲ။ စာတန်မာရ်နတ်လို့ ခေါ်တဲ့ ပုန်ကန်သူ နာမ်ဝိညာဉ်တစ်ပါးက ဧဒင်ဥယျာဉ်နဲ့ပတ်သက်တဲ့ ဘုရားရဲ့ အစီအစဉ်ကို ဖျက်လိုဖျက်ဆီး လုပ်ခဲ့တယ်လို့ ကျမ်းစာမှာ ဖော်ပြတယ်။ ဘယ်လိုနည်းနဲ့လဲ။
စာတန်နဲ့ ပူးပေါင်းပြီး ဘုရားကို ပုန်ကန်ဖို့ အာဒံနဲ့ ဧဝကို သွေးဆောင်ခဲ့တယ်။ ဘုရားသခင်က လူသားတွေရဲ့ အကျိုးအတွက် တစ်ခုခုကို ထိမ်ချန်ထားတယ်၊ တစ်နည်းအားဖြင့် အမှားအမှန် ဆုံးဖြတ်ပိုင်ခွင့် မပေးဘူးလို့ စာတန် စွပ်စွဲတယ်။ ဒါကြောင့် အာဒံနဲ့ ဧဝက စာတန်နဲ့အတူ ဘုရားကို ကျောခိုင်းခဲ့ကြတယ်။ အကျိုးဆက်အနေနဲ့ ဘုရား ပြောတဲ့အတိုင်း သေဆုံးသွားခဲ့ကြတယ်။ မြေကြီး ပရဒိသုပေါ် ထာဝစဉ် အသက်ရှင်ဖို့ အလားအလာကို ဆုံးရှုံးခဲ့ကြတယ်။—ကမ္ဘာဦး ၂:၁၇။ ၃:၁-၆။ ၅:၅။
အာဒံနဲ့ ဧဝရဲ့ ပုန်ကန်မှုအကျိုးဆက်ကို ဒီနေ့အထိ လူသားအားလုံး ခံစားနေရတယ်။ “အပြစ်ဟာ လူတစ်ယောက် [အာဒံ] ကြောင့် လူ့လောကထဲ ရောက်လာတယ်။ အပြစ်ကြောင့် သေခြင်းလည်း ပေါ်ပေါက်လာတယ်။ ဒါကြောင့် လူအားလုံးဟာ အပြစ်ရှိသူတွေ ဖြစ်သွားတဲ့အတွက် သေဆုံးကြရတယ်” လို့ ကျမ်းစာမှာ ဖော်ပြတယ်။ (ရောမ ၅:၁၂) ကြိုတင်သတ်မှတ်ထားလို့၊ ဘုရားသခင်ရဲ့ နားလည်ရခက်တဲ့ ‘အစီအစဉ်’ ကြောင့် မဟုတ်ဘဲ ကနဦး မိဘတွေဆီက အပြစ်နဲ့ သေခြင်းကို အမွေရထားလို့ လူတွေ သေရကြတာ။
ကမ္ဘာမြေပေါ်မှာ ထာဝစဉ် အသက်ရှင်နိုင်
ဧဒင်မှာဖြစ်တဲ့ ပုန်ကန်မှုကြောင့် လူသားတွေနဲ့ ကမ္ဘာမြေအတွက် ဘုရားသခင့် မူလရည်ရွယ်ချက် ပျက်မသွားပါဘူး။ ပြည့်ဝစုံလင်တဲ့ မေတ္တာတော်နဲ့ တရားမျှတမှုကြောင့် ဘုရားသခင်က လူတွေ အပြစ်နဲ့ သေခြင်း ချုပ်နှောင်မှုအောက်ကနေ လွတ်မြောက်နိုင်တဲ့နည်းကို ပြင်ဆင်ပေးခဲ့တယ်။ “အပြစ်ကပေးတဲ့ အခဟာ သေခြင်းပဲ။ ဘုရားသခင်ပေးတဲ့ ဆုကျေးဇူးကတော့ သခင်ခရစ်တော် ယေရှုအားဖြင့် ထာဝရအသက်ပဲ” လို့ တမန်တော် ပေါလု ရှင်းပြတယ်။ (ရောမ ၆:၂၃) ဘုရားသခင်က မေတ္တာတော်ကြောင့် “မိမိရဲ့သားကို ယုံကြည်သက်ဝင်သူတိုင်း ဖျက်ဆီးမခံရဘဲ ထာဝရအသက် ရနိုင်ဖို့ အဲဒီတစ်ဦးတည်းသော သားကိုတောင် ပေးအပ်ခဲ့တယ်။” (ယောဟန် ၃:၁၆) ယေရှုကလည်း ရွေးဖိုးပူဇော်သက္ကာအဖြစ် ကိုယ့်ကိုယ်ကိုယ် ပေးဆက်ခြင်းအားဖြင့် အာဒံကြောင့် ဆုံးရှုံးခဲ့သမျှကို ပြန်ရွေးပေးခဲ့တယ်။ a
မကြာခင်မှာ ဘုရားကတိပြုထားတဲ့ မြေကြီးပရဒိသု အမှန်တကယ် ဖြစ်လာတော့မယ်။ “ကျဉ်းတဲ့တံခါးကနေ ဝင်ကြပါ။ ပျက်စီးခြင်းကို ပို့ဆောင်တဲ့ တံခါးဟာ ကျယ်ဝန်းပြီး လမ်းကလည်း ပြန့်ပြူးတဲ့အတွက် ဝင်တဲ့သူတွေ များတယ်။ အသက်ရှင်ခြင်းကို ပို့ဆောင်တဲ့ တံခါးကတော့ ကျဉ်းမြောင်းပြီး လမ်းကလည်း ကြမ်းတဲ့အတွက် ရှာတွေ့သူတွေ နည်းတယ်” ဆိုတဲ့ ယေရှုရဲ့ စကားကို လိုက်နာမယ်ဆိုရင် အဲဒီအနာဂတ် အလားအလာကို ပိုင်ဆိုင်နိုင်ပါတယ်။ (မဿဲ ၇:၁၃၊ ၁၄) မှန်ပါတယ်၊ သင့်အနာဂတ်က သင့်လက်ထဲမှာပဲ ရှိတယ်။ သင် ဘာလုပ်မလဲ။
a ရွေးဖိုးနဲ့ပတ်သက်ပြီး ထပ်သိချင်ရင် ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ ပျော်စရာဘဝ ထာဝရ စံစားကြ စာအုပ်၊ သင်ခန်းစာ ၂၇ မှာ ကြည့်ပါ။ www.pr418.com/my မှာလည်း အခမဲ့ ကူးယူနိုင်ပါတယ်။