မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင့်အနာဂတ်၊ သင့်ရွေးချယ်မှု

သင့်အနာဂတ်၊ သင့်ရွေးချယ်မှု

သင့်အနာဂတ်အတွက် တကယ်ပဲ ရွေးချယ်စရာ ရှိပါသလား။ တချို့က ကြိုတင်​သတ်မှတ်ပြီး​သား​ဆိုတဲ့ အယူအဆ၊ ကံကြမ္မာ​ကြောင့် ရွေးချယ်​လို့ မရဘူးလို့ ဆိုကြတယ်။ ပန်းတိုင်တွေ မပြည့်မီနိုင်တဲ့အခါ ကံကြမ္မာ​ကို ပုံချပြီး “ဘယ်​တတ်နိုင်​မလဲ” လို့ ဆိုကြတယ်။

ဖိနှိပ်မှုတွေ၊ မတရားမှုတွေ​ကနေ လွတ်လမ်း မ​မြင်တဲ့အခါ စိတ်ပျက်တတ်ကြတယ်။ ဘဝကို တိုးတက်​ကောင်းမွန်​ဖို့ ကြိုးစားကြပေမဲ့ စစ်မှု၊ ရာဇဝတ်မှု၊ သဘာဝဘေး၊ ဖျားနာမှု​တို့​ကြောင့် ခဲလေသမျှ သဲရေကျ ဖြစ်တတ်​ကြတယ်။ ‘ဘာလို့ စိတ်ရှုပ်ခံမှာလဲ’ လို့ ဆိုကြတယ်။

ဘဝ​အခြေအနေတွေကြောင့် စီစဉ်ထားတဲ့​အတိုင်း ဖြစ်မလာတတ်တာ မှန်ပါတယ်။ (ဒေသနာ ၉:၁၁) ဒါပေမဲ့ ထာဝရ​အနာဂတ်နဲ့​ပတ်သက်လာရင်တော့ ရွေးချယ်စရာ ရှိပါတယ်။ သင့်အနာဂတ်​ဟာ သင့်​ရွေးချယ်မှု​အပေါ် မူတည်တယ်လို့ ကျမ်းစာမှာ ဖော်ပြတယ်။ ကျမ်းစာအဆိုကို သုံးသပ်ကြည့်​ရအောင်။

ရှေးခေတ် အစ္စရေး​လူမျိုး ခေါင်းဆောင် မောရှေ​က ကတိထားရာပြည်​ထဲ ဝင်ခါနီးမှာ လူထုကို ဒီလို​ပြောခဲ့တယ်– “အသက်ရှင်ခြင်းနဲ့ သေခြင်း၊ ကောင်းချီး​နဲ့ ကျိန်စာ​ကို ခင်ဗျားတို့​ရှေ့မှာ ချထားတယ်။ ကိုယ်တိုင်ရော သားမြေးတွေပါ အသက်ဆက်ရှင်နိုင်ဖို့ အသက်ရှင်ခြင်းကို ရွေးချယ်ပါ။ ယေဟောဝါ​ဘုရားကို ချစ်မြတ်နိုးကြ​ပါ။ ဘုရားရဲ့​စကားကို နားထောင်ပါ။ ဘုရားကို တွယ်တာ​နေပါ။”တရားဟောရာ ၃၀:၁၅၊ ၁၉၊ ၂၀

“အသက်ရှင်ခြင်းနဲ့ သေခြင်း၊ ကောင်းချီး​နဲ့ ကျိန်စာ​ကို ခင်ဗျားတို့​ရှေ့မှာ ချထားတယ်။ . . . အသက်ရှင်ခြင်းကို ရွေးချယ်ပါ။”​—တရားဟောရာ ၃၀:၁၉

မှန်ပါတယ်။ ဘုရားသခင်က အစ္စရေးတွေ​ကို အီဂျစ်​ကျွန်ဘဝကနေ ကယ်လွှတ်​ပြီး ကတိထားရာပြည်မှာ လွတ်လပ်​ပျော်ရွှင်စွာ အသက်ရှင်ခွင့် အလားအလာ ပေးခဲ့တယ်။ ဒါပေမဲ့ အလိုလို ရမှာတော့ မဟုတ်ဘူး။ ဒီ​ကောင်းချီးတွေ ခံစားရဖို့ “အသက်ရှင်ခြင်းကို ရွေးချယ်” ရမယ်။ ဘယ်နည်းနဲ့လဲ။ ‘ယေဟောဝါ​ဘုရားကို ချစ်မြတ်နိုးခြင်း၊ ဘုရားရဲ့​စကားကို နားထောင်ခြင်း၊ ဘုရားကို တွယ်တာနေခြင်းအားဖြင့်ပါပဲ။’

ဒီနေ့လည်း အလားတူ ရွေးချယ်စရာ ရှိနေတယ်။ သင့်အနာဂတ်​က သင့်​ရွေးချယ်မှု​အပေါ် မူတည်​နေ​တယ်။ ဘုရားကို ချစ်ဖို့၊ ဘုရား​စကားကို နားထောင်ဖို့၊ ဘုရားကို တွယ်တာ​နေဖို့ ရွေးချယ်​မယ်​ဆိုရင် မြေကြီး​ပရဒိသုမှာ ထာဝစဉ် အသက်ရှင်ဖို့ ရွေးချယ်ရာ​ရောက်တယ်။ ဒါပေမဲ့ ဘာတွေ ပါဝင်သလဲ။

ဘုရားသခင်ကို ချစ်ဖို့ ရွေးချယ်ပါ

ချစ်ခြင်း​မေတ္တာ​ဆိုတာ ဘုရားသခင့် အဓိက​ဂုဏ်ရည်တော်​ပါ။ “ဘုရားသခင်ဟာ ချစ်ခြင်း​မေတ္တာ​ဖြစ်လို့ပဲ” လို့ စွမ်းအားတော် လှုံ့ဆော်မှု​ကြောင့် တမန်တော် ယောဟန် ရေးသားခဲ့တယ်။ (၁ ယောဟန် ၄:၈) ဒါကြောင့် ဘယ်​ပညတ်​က အရေးကြီးဆုံးလဲလို့ မေးတဲ့အခါ ယေရှု​က “ယေဟောဝါ​ဘုရားကို စိတ်စွမ်း​ရှိသမျှ၊ ကိုယ်စွမ်း​ရှိသမျှ၊ ဉာဏ်စွမ်း​ရှိသမျှနဲ့ ချစ်ပါ” လို့ ပြောခဲ့တယ်။ (မဿဲ ၂၂:၃၇) ယေဟောဝါ​ဘုရားနဲ့ ရင်းနှီးတဲ့​ဆက်ဆံရေး​ဟာ ကြောက်စိတ်၊ မျက်စိမှိတ်​နာခံမှုကြောင့် မဟုတ်ဘဲ ချစ်ခြင်း​မေတ္တာ​ကြောင့် ဖြစ်ရမယ်။ ဘုရားကို ချစ်ဖို့ ဘာကြောင့် ရွေးချယ်​သင့်သလဲ။

လူသားတွေ​အပေါ်​ထားတဲ့ ယေဟောဝါရဲ့ မေတ္တာဟာ မိဘ​မေတ္တာနဲ့ တူတယ်။ မေတ္တာပြည့်ဝတဲ့ မိဘတွေဟာ မ​စုံလင်ကြပေမဲ့ သားသမီးတွေကို ပျော်ရွှင်​အောင်မြင်စေချင်လို့ ထောက်မပေးကြတယ်၊ ဆုံးမ​သွန်သင်​ပေးကြတယ်။ မိဘတွေ ဘာပြန်ရချင်လို့လဲ။ သားသမီးတွေရဲ့ မေတ္တာကို ရချင်ကြတယ်။ သူတို့ရဲ့ ကောင်းကျိုး​အတွက် မိဘတွေ သွန်သင်ပေးတယ်လို့ ယူဆ​စေချင်​ကြတယ်။ ကောင်းကင်ဘုံစံ​ဖခင်​အ​နေနဲ့ လုပ်ပေးထားသမျှအတွက် ကျွန်တော်တို့ရဲ့ ချစ်ခြင်း၊ ကျေးဇူးတင်​လေးမြတ်ခြင်းကို ပြန်မျှော်လင့်သင့်တယ် မဟုတ်လား။

ဘုရား​စကားကို နားထောင်ပါ

ကျမ်းစာ​မူရင်း​ဘာသာစကားမှာ “နားထောင်ပါ” ဆိုတဲ့ စကားလုံးဟာ “နာခံ​ပါ” ဆိုတဲ့သဘောလည်း သက်ရောက်တယ်။ “မိဘ​စကားကို နားထောင်ပါ” လို့ ပြောတဲ့အခါ နာခံ​ပါ​လို့ ဆိုလိုတာ မဟုတ်လား။ ဒါကြောင့် ဘုရား​စကားကို နားထောင်ခြင်း​ဆိုတာ ဘုရား​စကားကို သင်ယူခြင်း၊ နာခံခြင်းဆိုတဲ့​သဘောလည်း ပါတယ်။ ဘုရား​စကားကို ပကတိ မ​ကြားနိုင်တဲ့​အတွက် ကျမ်းစာကို ဖတ်ရှု​ကျင့်သုံးခြင်းအားဖြင့် နားထောင်​ကြတယ်။—၁ ယောဟန် ၅:၃

ဘုရား​စကားကို နားထောင်ခြင်းရဲ့ အရေးကြီးမှုကို ဖော်ပြဖို့ “လူဟာ အစားအစာနဲ့ပဲ အသက်ရှင်​ရမှာ မဟုတ်ဘူး၊ ယေဟောဝါရဲ့ နှုတ်ထွက်​စကား မှန်သမျှနဲ့ အသက်ရှင်​ရမယ်” ဆိုပြီး ယေရှု ပြောခဲ့တယ်။ (မဿဲ ၄:၄) ပကတိ​အစာ​ဟာ ကျွန်တော်တို့အတွက် အရေးကြီး​သ​လို ဘုရားအကြောင်း သင်ယူ​ဆည်းပူးခြင်းက ပိုအရေးကြီးတယ်။ ဘာကြောင့်လဲ။ ပညာရှိ​ဘုရင် ရှောလမုန် ဒီလို​ရှင်းပြတယ်– “ငွေ​က ကာကွယ်ပေးသလို ဉာဏ်ပညာ​ကလည်း ကာကွယ်ပေးတယ်။ ဒါပေမဲ့ အသိပညာနဲ့ ဉာဏ်ပညာ​ရဲ့ အားသာချက်ကတော့ ပိုင်ဆိုင်တဲ့သူ​ကို အသက်ဆက်ရှင်​စေတယ်။” (ဒေသနာ ၇:၁၂) ဘုရားသခင်ဆီ​က အသိပညာနဲ့ ဉာဏ်ပညာ​က ကျွန်တော်တို့ကို ကာကွယ်​ပေးနိုင်​သ​လို အနာဂတ်မှာ ထာဝရ​အသက် ရရှိနိုင်အောင် ပညာရှိရှိ ရွေးချယ်တတ်ဖို့ ကူညီပေးနိုင်တယ်။

ဘုရားကို တွယ်တာ​နေပါ

ရှေ့ဆောင်းပါးမှာ သုံးသပ်ခဲ့တဲ့ ယေရှုရဲ့ စကားကို သတိရပါ– “အသက်ရှင်ခြင်းကို ပို့ဆောင်​တဲ့ တံခါးကတော့ ကျဉ်းမြောင်းပြီး လမ်းကလည်း ကြမ်းတဲ့အတွက် ရှာတွေ့​သူ​တွေ နည်းတယ်” လို့ ပြောခဲ့တယ်။ (မဿဲ ၇:၁၃၊ ၁၄) အဲဒီ​လမ်းပေါ် လျှောက်လှမ်းမယ်​ဆိုရင် ထာဝရ​အသက်​ပန်းတိုင် ရောက်ဖို့ လမ်းပြကောင်း ရှိထားမှ၊ လမ်းပြနဲ့ အနီးကပ်​နေ​မှ အကျိုး​ခံစားရမယ်။ ဒါကြောင့် ဘုရားသခင်နဲ့ ရင်းရင်းနှီးနှီး​နေဖို့ အရေးကြီးတယ်။ (ဆာလံ ၁၆:၈) ဘယ်လို ရင်းနှီး​နိုင်မလဲ။

နေ့စဉ် လုပ်စရာတွေ၊ လုပ်ချင်တာတွေ အများကြီး ရှိတယ်။ အဲဒါတွေနဲ့ အချိန်ကုန်​နေ​ရင်၊ အာရုံ​ပျံ့လွင့်​နေမယ်​ဆိုရင် ဘုရား လုပ်စေချင်တာကို မစဉ်းစားအားတော့ဘူး။ ဒါကြောင့် ကျမ်းစာမှာ ဒီလို​သတိပေးထားတယ်– “ဉာဏ်ပညာမဲ့သူတွေလို မဟုတ်ဘဲ ဉာဏ်ပညာရှိသူတွေလို ကျင့်ကြံ​ပြုမူ​နေရဲ့​လား​ဆိုတာ အထူး​သတိပြုကြပါ။ ဆိုးယုတ်​တဲ့​အချိန်မှာ အသက်ရှင်နေရတဲ့အတွက် အချိန်ကို အကျိုးရှိရှိ အသုံးချကြပါ။” (ဧ ၅:၁၅၊ ၁၆) ဘုရားနဲ့​ဆက်ဆံရေး​ဟာ ဘဝမှာ အရေးကြီးဆုံး​အရာ ဖြစ်နေမယ်ဆိုရင် ဘုရားသခင်နဲ့ ရင်းနှီး​နေမယ်။—မဿဲ ၆:၃၃

ကိုယ်တိုင် ရွေးချယ်ပါ

အတိတ်ကို မပြောင်းလဲ​နိုင်ပေမဲ့ သင်​နဲ့ ချစ်ရသူတွေ​အတွက် ကောင်းမွန်​လုံခြုံတဲ့ အနာဂတ်​ကို ရွေးချယ်နိုင်ပါတယ်။ ကောင်းကင်ဘုံစံ​ဖခင် ယေဟောဝါ​ဘုရားက ကျွန်တော်တို့ကို အလွန်​ချစ်ကြောင်း၊ ဘာလုပ်​စေချင်တယ်​ဆိုတာကိုလည်း အသိပေးထားကြောင်း ကျမ်းစာမှာ ဖော်ပြတယ်။ ပရောဖက် မိက္ခာရဲ့ စကားတွေကို သတိပြု​ကြည့်ပါ–

“ဘယ်အရာ ကောင်းတယ်ဆိုတာ ဘုရားသခင် ပြောပြ​ပြီးပြီ​ပဲ။ တရား​မျှတစွာ ကျင့်​ဖို့၊ သစ္စာစောင့်သိမှုကို မြတ်နိုး​ဖို့၊ ဘုရားသခင်နဲ့​အတူ ကျိုးနွံစွာ လျှောက်လှမ်းဖို့​က​လွဲလို့ ယေဟောဝါ ဘာများ​တောင်းဆို​နေလို့လဲ။”​မိက္ခာ ၆:၈

ဘုရားသခင်နဲ့​အတူ လျှောက်လှမ်း​ပြီး ထာဝရ​ကောင်းချီးတွေ ခံစားပါ​ဆိုတဲ့ ယေဟောဝါရဲ့ ဖိတ်ခေါ်ချက်ကို သင်​လက်ခံ​မ​လား။ ကိုယ်တိုင် ရွေးချယ်ပါ။