မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဆင်းရဲဒုက္ခကို ဘုရား မကြာခင် အဆုံးတိုင်ပေးတော့မယ်

ဆင်းရဲဒုက္ခကို ဘုရား မကြာခင် အဆုံးတိုင်ပေးတော့မယ်

“ယေဟောဝါ​ဘုရား၊ ကျွန်တော် ဘယ်​အချိန်အထိ အော်ဟစ် အကူအညီ တောင်း​ရမှာ​လဲ။ ဘယ်​အချိန်​ကျ​မှ ကြားမှာ​လဲ။ အကြမ်းဖက်မှု​ကနေ ကယ်တင်​ပေးပါလို့ ဘယ်​အချိန်အထိ အကူအညီ​တောင်း​ရမှာ​လဲ။” (ဟဗက္ကုတ် ၁:၂၊ ၃) ဘုရားမျက်နှာသာ ရထားတဲ့ လူကောင်း ဟဗက္ကုတ် အဲဒီလို​ပြောခဲ့တယ်။ သူ့မှာ ယုံကြည်ခြင်း မရှိလို့​လား။ မဟုတ်ပါဘူး။ ဆင်းရဲဒုက္ခ​ကို အဆုံးတိုင်​ဖို့ အချိန် သတ်မှတ်​ထားကြောင်း သူ့ကို ဘုရား စိတ်ချ​စေခဲ့တယ်။—ဟဗက္ကုတ် ၂:၂၊ ၃

ကိုယ်တိုင် ဒါမှမဟုတ် မိတ်ဆွေ​တစ်ဦး ဒုက္ခရောက်တဲ့​အခါ ဘုရား နှေး​လိုက်တာ၊ အခုထိ ဘာမှ မ​လုပ်ပေး​သေး​ဘူးလို့ ကောက်ချက်​ချဖို့ လွယ်တယ်။ “နှောင့်နှေးတယ်လို့ လူတချို့ ထင်ပေမဲ့ တကယ်တော့ ယေဟောဝါဟာ မိမိ​ကတိ​နဲ့​ပတ်သက်လာရင် မ​နှောင့်နှေး​ပါဘူး။ ဘုရားသခင် စိတ်ရှည်​ရတဲ့ အကြောင်းရင်း​က ဘယ်သူ့ကိုမှ မပျက်စီးစေချင်လို့၊ လူအားလုံးကို နောင်တ​ရစေချင်လို့ပါ” ဆိုပြီး ကျမ်းစာ အာမခံတယ်။—၂ ပေတရု ၃:၉

ဘုရား ဘယ်တော့ လုပ်ဆောင်​မှာ​လဲ

သိပ်​မကြာ​တော့​ပါဘူး။ “လောက​စနစ်” နိဂုံးပိုင်းမှာ ဖြစ်မယ့် အခြေအနေတွေ​နဲ့ အဲဒါကို ကြုံရမယ့် လူမျိုးဆက်​အကြောင်း ယေရှု ပြောတယ်။ (မဿဲ ၂၄:၃-၄၂) ဒီနေ့ခေတ်မှာ ယေရှုရဲ့ ကြိုဟောချက် ပြည့်စုံ​နေတာ​က လူ့​အရေးကိစ္စတွေကို မကြာခင် ဘုရား ကြားဝင်​ဖြေရှင်း​ပေး​တော့​မယ်​ဆိုတာ ဖော်ပြတယ်။ *

ဆင်းရဲဒုက္ခ​အားလုံးကို ဘုရား ဘယ်လို အဆုံးတိုင်​ပေးမှာ​လဲ။ ယေရှု မြေကြီးပေါ် ရှိတုန်းက ဘုရားသခင့်​တန်ခိုးကို သုံးပြီး ဆင်းရဲဒုက္ခ​တွေကို ဖယ်ရှား​ပေးခဲ့တယ်။ ဥပမာ​တချို့ကို သုံးသပ်​ကြည့်ပါ။

သဘာဝဘေးများ– ယေရှုနဲ့ တမန်တော်တွေ ဂါလိလဲအိုင်မှာ ခရီးသွား​နေတုန်း လေပြင်း​မုန်တိုင်း​ကျ​လာပြီး လှေ​နစ်​လု​မတတ် ဖြစ်လာတယ်။ သဘာဝ​စွမ်းအား​ကို မိမိ​နဲ့ ဖခင် ထိန်းချုပ်​နိုင်ကြောင်း ယေရှု ပြခဲ့တယ်။ (ကောလောသဲ ၁:၁၅၊ ၁၆) “တိတ်ဆိတ်​ငြိမ်သက်​စေ” လို့ ပြောလိုက်တဲ့​အခါ “မုန်တိုင်းစဲပြီး ငြိမ်သက်​သွားတယ်။”—မာကု ၄:၃၅-၃၉

ဖျားနာမှု– ယေရှုဟာ မျက်မမြင်​သူ၊ ခြေမသန်​သူ၊ ဝက်ရူးပြန်သူ၊ အနာကြီး​ရောဂါသည်တွေနဲ့ မသန်စွမ်းမှု​အမျိုးမျိုးကို ကုသ​ပေး​နိုင်တယ်လို့ လူသိ​များတယ်။ “လူတွေရဲ့ ရောဂါ​ဝေဒနာ​အမျိုးမျိုးကို ကုသ​ပေးတယ်။”—မဿဲ ၄:၂၃၊ ၂၄။ ၈:၁၆။ ၁၁:၂-၅

အစားအစာ ရှားပါးမှု– ယေရှုဟာ ဖခင်​ပေးတဲ့ တန်ခိုးကို သုံးပြီး အစားအစာ အနည်းငယ်​ကို အံ့ဖွယ်​နည်းနဲ့ ပွားများ​စေခဲ့တယ်။ အမှုဆောင်ချိန်​အတွင်း လူ​ထောင်နဲ့​ချီကို နှစ်ကြိမ် ကျွေးမွေးခဲ့တယ်လို့ ကျမ်းစာ​ပြောတယ်။—မဿဲ ၁၄:၁၄-၂၁။ ၁၅:၃၂-၃၈

သေခြင်း– ယေဟောဝါမှာ သေခြင်းကို ဖယ်ရှား​ပေးနိုင်တဲ့ တန်ခိုး​ရှိကြောင်း ယေရှု ထမြောက်​ပေးခဲ့တဲ့ မှတ်တမ်း သုံးခု​က ဖော်ပြ​တယ်။ ယေရှု ထမြောက်​ပေးခဲ့သူ​တစ်ယောက်​ဆို သေဆုံး​တာ လေး​ရက်​တောင် ရှိနေပြီ။—မာကု ၅:၃၅-၄၂။ လုကာ ၇:၁၁-၁၆။ ယောဟန် ၁၁:၃-၄၄

^ အပိုဒ်၊ 5 နောက်ဆုံး​ကာလ​အကြောင်း ပို​သိချင်ရင် ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ ပျော်စရာဘဝ ထာဝရ စံစားကြ စာအုပ် သင်ခန်းစာ ၃၂ မှာ​ကြည့်ပါ။ www.pr418.com/my မှာလည်း အခမဲ့ ကူးယူ​နိုင်တယ်။