မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

နောဧ၊ ဒံယေလ၊ ယောဘတို့ရဲ့ ယုံကြည်ခြင်းနဲ့ နာခံမှုကို တုပပါ

နောဧ၊ ဒံယေလ၊ ယောဘတို့ရဲ့ ယုံကြည်ခြင်းနဲ့ နာခံမှုကို တုပပါ

‘နောဧ၊ ဒံယေလ၊ ယောဘ​တို့ဟာ ကိုယ့်​ဖြောင့်မတ်မှု​ကြောင့် ကိုယ့်ကိုယ်ကိုယ်​ပဲ ကယ်တင်​နိုင်​လိမ့်မယ်။’ —ယေဇ. ၁၄:၁၄

သီချင်း– ၈၉၊ ၁၁၉

၁၊ ၂။ (က) နောဧ၊ ဒံယေလ၊ ယောဘ​တို့ရဲ့ ပုံနမူနာ​တွေကနေ ဘာကြောင့် ရဲစွမ်း​သတ္တိ ရရှိ​နိုင်သလဲ။ (ခ) ဘယ်​အခြေအနေ​အောက်မှာ ယေဇကျေလ ၁၄:၁၄ ကို ရေးခဲ့​သလဲ။

ကျန်းမာရေး​ပြဿနာ၊ ငွေကြေး​ပြဿနာ၊ ညှဉ်းပန်းနှိပ်စက်​မှု​စတဲ့ စမ်းသပ်မှုတွေ ကြုံ​နေရ​ပါသလား။ ယေဟောဝါရဲ့ အမှုတော်​မှာ ပျော်ရွှင်​နေဖို့ တစ်ခါတလေ အခက်တွေ့​နေ​သလား။ ဒါဆိုရင် နောဧ၊ ဒံယေလ၊ ယောဘ​တို့ရဲ့ ပုံသက်သေ​တွေကနေ ခွန်အား​ရယူပါ။ သူတို့ မစုံလင်​ကြဘူး။ အသက်အန္တရာယ် အပါအဝင် ကျွန်တော်တို့ ကြုံနေ​ရတဲ့ အခက်အခဲ​မျိုး​တွေကို ရင်ဆိုင်​ခဲ့ကြတယ်။ ဒါပေမဲ့ သမာဓိစောင့်​ထိန်း​ပြီး ဘုရား​ရှေ့မှာ ယုံကြည်ခြင်း​နဲ့ နာခံမှု စံနမူနာရှင်​တွေ ဖြစ်လာ​ကြ​တယ်။ယေဇကျေလ ၁၄:၁၂-၁၄ ကို​ဖတ်ပါ။

အဓိက​ကျမ်းချက်​ပါ စကား​တွေကို ဗာဗုလုန်​မှာ ဘီစီ ၆၁​၂ တုန်းက ယေဇကျေလ ရေးသားခဲ့တယ်။ * (ယေဇ. ၁:၁။ ၈:၁) အယူဖောက်ပြန်​တဲ့ ဂျေရုဆလင်​မြို့ ပျက်စီး​ခါနီး​ပြီ။ ဘီစီ ၆၀​၇ မှာ ပျက်စီး​ခဲ့တယ်။ နောဧ၊ ဒံယေလ၊ ယောဘ​တို့ရဲ့ အရည်အသွေး​တွေကို တင်ပြ​တဲ့ လူ​အနည်းငယ်​ပဲ ကယ်တင်ခြင်း​ရဖို့ မှတ်သား​ခံ​ခဲ့ရတယ်။ (ယေဇ. ၉:၁-၅) အဲဒီ​ထဲမှာ ယေရမိ၊ ဗာရုတ်၊ ဧဗဒမေလက်​နဲ့ ရေခပ်​အမျိုးသား​တို့ ပါဝင်​ကြ​တယ်။

၃။ ဒီဆောင်းပါးမှာ ဘာအကြောင်း သုံးသပ်​ကြ​မ​လဲ။

ဒီနေ့လည်း နောဧ၊ ဒံယေလ၊ ယောဘ​တို့​လို အပြစ်ကင်း​သူတွေ​အဖြစ် ယေဟောဝါ ယူမှတ်​သူတွေ​သာ ဒီ​စနစ်အဆုံး​တိုင်​ချိန်မှာ လွတ်မြောက်​ဖို့ မှတ်သားခံရ​ပါလိမ့်မယ်။ (ဗျာ. ၇:၉၊ ၁၄) ဒါကြောင့် ဖြောင့်မတ်ခြင်း ပုံသက်သေ​အဖြစ် သူတို့ကို ဘာကြောင့် ယေဟောဝါ အသုံးပြု​ခဲ့​ကြောင်း သုံးသပ်ကြည့်​ကြစို့။ တစ်ဦးစီ​အကြောင်း သုံးသပ်​တဲ့အခါ (၁) ဘာ​အခက်အခဲ​တွေ ရင်ဆိုင်​ခဲ့ကြသလဲ၊ (၂) တစ်ဦးစီ​ရဲ့ ယုံကြည်ခြင်း​နဲ့ နာခံမှု​ကို ကျွန်တော်တို့ ဘယ်လို တုပ​နိုင်သလဲ​ဆိုတာ အာရုံစိုက်​သွား​ပါမယ်။

နှစ်ပေါင်း ၉၀​၀ သစ္စာရှိရှိ နာခံ​ခဲ့တဲ့ နောဧ

၄၊ ၅။ နောဧ ဘယ်​အခက်အခဲ​တွေ ရင်ဆိုင်​ခဲ့ရ​သလဲ။ သူ့ရဲ့ ခံနိုင်ရည်က ဘာကြောင့် ထူးခြား​သလဲ။

နောဧ ရင်ဆိုင်​ခဲ့ရတဲ့ အခက်အခဲ​များ။ နောဧ​ရဲ့ အ​ဘေး ဧနောက်​ခေတ်​မှာ လူတွေ ဘုရားတရား အလွန်​မဲ့နေ​ကြပြီ။ ယေဟောဝါ​ကို “ထိတ်လန့်ဖွယ် စကား” တွေနဲ့​တောင် ဆန့်ကျင်​ပြောဆို​ကြ​တယ်။ (ယု. ၁၄၊ ၁၅) အကြမ်းဖက်မှုတွေ တိုးများလာတယ်။ နောဧ​ခေတ်​ရောက်​တော့ ‘ကမ္ဘာမြေဟာ အကြမ်းဖက်မှုတွေ ပြည့်နေတယ်။’ လူ​ယောင်ဆောင်​ထားတဲ့ ကောင်းကင်တမန်ဆိုး​တွေ လူ့​သမီး​တွေနဲ့ ထိမ်းမြား​ပြီး ရက်စက်ကြမ်းကြုတ်​တဲ့ လူ့​ကပြား​တွေ မွေး​လာကြတယ်။ (က. ၆:၂-၄၊ ၁၁၊ ၁၂) ဒါပေမဲ့ နောဧ​က​တော့ ထူးခြား​တယ်။ “ယေဟောဝါ​ရှေ့မှာ မျက်နှာသာရ​သူ ဖြစ်တယ်။ . . . တစ်ခေတ်တည်းသား​တွေ​ထဲမှာ အမှား​ကင်း​သူ၊ ဘုရားသခင့်​လမ်းစဉ်​အတိုင်း လျှောက်လှမ်း​သူ ဖြစ်တယ်။”—က. ၆:၈၊ ၉

အဲဒီ​စကား​တွေ​က ဖြောင့်မတ်သူ နောဧ​အကြောင်း ဘာ​ဖော်ပြသလဲ​ဆိုတာ စဉ်းစားကြည့်ပါ။ တစ်ချက်​အနေနဲ့ နောဧ​ဟာ ရေလွှမ်းမိုးဘေး မတိုင်ခင် ဆိုးသွမ်း​တဲ့​လောက​မှာ ဒီနေ့ခေတ် လူ့သက်တမ်း အနှစ် ၇၀၊ ၈၀ လောက်​ပဲ ဘုရား​လမ်းစဉ်​အတိုင်း လျှောက်လှမ်း​ခဲ့တာ မဟုတ်ဘူး။ နှစ်ပေါင်း ၆၀​၀ နီးပါး အဲဒီ​လောက​မှာ နေထိုင်​ခဲ့တယ်။ (က. ၇:၁၁) ဒီနေ့ခေတ် ကျွန်တော်တို့​နဲ့ မတူ​တာ​က ဘုရားရေးရာ​ဘက်မှာ ထောက်မပေး​ဖို့ ဝတ်ပြုသူ​အသင်းအပင်း၊ ညီအစ်ကို​မောင်နှမ​တွေတောင် မရှိဘူး။ *

၆။ နောဧ ရဲစွမ်း​သတ္တိရှိ​ကြောင်း ဘယ်နည်းတွေနဲ့ တင်ပြ​ခဲ့​သလဲ။

နောဧ​ဟာ လူကောင်း​ဖြစ်​ရုံ​နဲ့ မကျေနပ်​ခဲ့ဘူး။ သတ္တိရှိရှိ “ဖြောင့်မတ်ခြင်း​တရား ဟောပြော” ပြီး ယေဟောဝါ​ကို ယုံကြည်​ကြောင်း လူသိရှင်ကြား ဝန်ခံ​ခဲ့တယ်။ (၂ ပေ. ၂:၅) “ယုံကြည်ခြင်း​ကြောင့် လောက​ကို သူ​ပြစ်တင်​ရှုတ်ချ​ခဲ့တယ်” လို့ တမန်တော်​ပေါလု ပြောတယ်။ (ဟီ. ၁၁:၇) ဒါကြောင့် နောဧ​ဟာ ကဲ့ရဲ့​လှောင်ပြောင်မှု၊ ဆန့်ကျင်မှု၊ အကြမ်းဖက်​ခြိမ်းခြောက်မှု​တွေ ရင်ဆိုင်​ခဲ့ရတယ်။ ဒါပေမဲ့ လူ​ကို မကြောက်​ခဲ့ဘူး။ (ပညာ. ၂၉:၂၅) သစ္စာရှိကျေးကျွန်တွေကို ယေဟောဝါ ပေးတဲ့ ရဲစွမ်း​သတ္တိ ရှိခဲ့တယ်။

၇။ နောဧ သင်္ဘော​ဆောက်​တဲ့အခါ ဘာ​အခက်အခဲ​တွေ ရင်ဆိုင်​ခဲ့ရ​သလဲ။

ဘုရားသခင့် လမ်းစဉ်​အတိုင်း နှစ်ပေါင်း ၅၀​၀ ကျော် လျှောက်လှမ်း​ပြီးတဲ့နောက် လူနဲ့ တိရစ္ဆာန်​တွေကို ကယ်တင်​ဖို့ နောဧ​ကို သင်္ဘောတစ်စင်း ယေဟောဝါ ဆောက်​ခိုင်း​တယ်။ (က. ၅:၃၂။ ၆:၁၄) တော်တော်​ခက်ခဲ​မယ့်​အလုပ်​ပဲ။ သင်္ဘော​ဆောက်​တာ​ကြောင့်​ပဲ မဟုတ်ဘူး။ ကဲ့ရဲ့​လှောင်ပြောင်မှု၊ ဆန့်ကျင်​မှုတွေ ပို​ခံရ​မယ်ဆို​တာ နောဧ သိတယ်။ ဒါပေမဲ့ ယုံကြည်ခြင်း​နဲ့ နာခံခဲ့တယ်။ “မှာ​ထားတဲ့​အတိုင်း သူ​လုပ်တယ်။”—က. ၆:၂၂

၈။ ယေဟောဝါ​ကို ထောက်ပံ့ပေးရှင်​အဖြစ် နောဧ ဘယ်​နည်းလမ်းတွေ​နဲ့ ယုံကြည်ကိုးစား​ခဲ့​သလဲ။

နောဧ ကြုံရတဲ့ နောက်ထပ်​အခက်အခဲ​က​တော့ မိသားစု​ကို ထောက်ပံ့ခြင်း​ပါပဲ။ ရေလွှမ်းမိုးဘေး မတိုင်ခင်​မှာ လူတွေ ပင်ပင်ပန်းပန်း စိုက်ပျိုး​ရတယ်။ နောဧ​လည်း အလားတူ​ပဲ။ (က. ၅:၂၈၊ ၂၉) ဒါပေမဲ့ ရုပ်​ဝတ္ထု​ပစ္စည်း​တွေကို အာရုံမစိုက်​ဘဲ ဘုရား​သခင်​ကို​ပဲ အာရုံစိုက်​ခဲ့တယ်။ အနှစ် ၄၀၊ ၅၀ လောက် ကြာ​နိုင်တဲ့ သင်္ဘော ဆောက်လုပ်​ချိန်မှာ​တောင် ဘုရားရေးရာ​ကို​ပဲ အာရုံစိုက်​ခဲ့တယ်။ ရေလွှမ်းမိုးဘေး ပြီးတဲ့နောက် အနှစ် ၃၅​၀ လောက် ဘုရားရေးရာ​ကို​ပဲ ဆက်​အာရုံစိုက်​ခဲ့တယ်။ (က. ၉:၂၈) ယုံကြည်ခြင်း​နဲ့ နာခံမှု​ဆိုင်ရာ အလွန်ကောင်းတဲ့ ပုံသက်သေ​ပါပဲ။

၉၊ ၁၀။ (က) နောဧ​ရဲ့ ယုံကြည်ခြင်း​နဲ့ နာခံမှု​ကို ဘယ်လို တုပ​နိုင်သလဲ။ (ခ) မိမိရဲ့ စံနှုန်းတွေ ထောက်ခံသူ​အားလုံးကို ဘုရား​သခင် ဘယ်လို ရှုမြင်​သလဲ။

နောဧ​ရဲ့ ယုံကြည်ခြင်း​နဲ့ နာခံမှု​ကို တုပနိုင်ပုံ။ ဘုရားသခင့် ဖြောင့်မတ်မှု​ကို ထောက်ခံ​ခြင်း၊ စာတန့်​လောက​နဲ့ မပတ်သက်​ခြင်း၊ ဘုရား​နိုင်ငံတော်ကို ဦးစားထား​ခြင်းအားဖြင့် တုပ​နိုင်တယ်။ (မ. ၆:၃၃။ ယော. ၁၅:၁၉) ကျွန်တော်တို့ရဲ့ ဘဝ​ပုံစံကို လောက,က မကြိုက်​ဘူး။ အခု​တောင်မှ အိမ်ထောင်ရေး၊ လိင်​အကျင့်​စတဲ့ ဘုရား​ပညတ်​တွေ​ဘက် ရပ်တည်မှု​ကြောင့် နိုင်ငံ​တချို့​မှာ ပြစ်တင်ဝေဖန်​ခံ​ရတယ်။ (မာလခိ ၃:၁၇၊ ၁၈ ကို​ဖတ်ပါ။) ဒါပေမဲ့ နောဧ​လိုပဲ လူ​ကို မကြောက်​ဘဲ ယေဟောဝါ​ကို ကြောက်ရွံ့​ကြ​တယ်။ ဘုရား​သခင် တစ်ပါးတည်း​သာ ထာဝရ​အသက် ပေးနိုင်​မှန်း သိထားကြတယ်။—လု. ၁၂:၄၊ ၅

၁၀ ကျွန်တော်တို့ တစ်ယောက်စီ​အနေနဲ့​ကော။ တခြား​သူတွေ လှောင်ပြောင်​ဝေဖန်​တဲ့အခါ၊ စီးပွားရေး အခက်အခဲ​ကြောင့် ထောက်ပံ့ပေးရှင်​အပေါ် ယုံကြည်ခြင်း စမ်းသပ်​ခံရ​တဲ့အခါ “ဘုရားသခင့်​လမ်းစဉ်​အတိုင်း လျှောက်လှမ်း” နေ​မလား။ နောဧ​ရဲ့ ယုံကြည်ခြင်း​နဲ့ နာခံမှု​ကို တုပ​မယ်ဆိုရင် ယေဟောဝါ စောင့်ရှောက်​မယ်ဆို​တာ ယုံကြည်​စိတ်ချ​နိုင်ပါတယ်။—ဖိ. ၄:၆၊ ၇

ဆိုးညစ်​တဲ့​မြို့မှာ သစ္စာရှိရှိ နာခံ​ခဲ့တဲ့ ဒံယေလ

၁၁။ ဒံယေလ​နဲ့ မိတ်ဆွေ​သုံးယောက် ဗာဗုလုန်​မှာ ဘယ်​အခက်အခဲ​ကြီး​တွေ ရင်ဆိုင်​ခဲ့ရ​သလဲ။ (ဆောင်းပါး​အစမှာ​ပါတဲ့ ပုံကို ကြည့်ပါ။)

၁၁ ဒံယေလ ရင်ဆိုင်​ခဲ့ရတဲ့ အခက်အခဲ​များ။ ရုပ်တု​ကိုးကွယ်မှု၊ နတ်ဆိုး​အတတ် ပြည့်နှက်​နေတဲ့ ဗာဗုလုန်မြို့​မှာ သုံ့ပန်း​အဖြစ် ဒံယေလ နေထိုင်ခဲ့ရတယ်။ ဗာဗုလုန်​တွေ​က ဂျူးတွေကို အထင်သေး​ကြ​တယ်။ ဂျူးတွေ​နဲ့ ဂျူး​တွေရဲ့ ဘုရား ယေဟောဝါ​ကို လှောင်ပြောင်​တတ်ကြတယ်။ (ဆာ. ၁၃၇:၁၊ ၃) ဒါက ဒံယေလ​လို ယုံကြည်သူ ဂျူးတွေ​အတွက် အတော့်​ကို စိတ်ထိခိုက်​စရာ​ပါပဲ။ ဒံယေလ​နဲ့ မိတ်ဆွေ ဟာနနိ၊ မိ​ရှေ​လ၊ အာဇရိ​တို့ဟာ မင်းမှုထမ်း​ဖို့ လေ့ကျင့်​ခံ​နေရတဲ့အတွက် အာရုံစိုက်​ခံ​ရတယ်။ အစားအသောက်​တွေကို​တောင် သီးသန့်​ကျွေး​တယ်။ ဒါပေမဲ့ ‘ပွဲတော်​စာ​ကြောင့် ကိုယ်ကို မ​ညစ်ညူးစေ’ ချင်​တဲ့အတွက် အစားအသောက်​က ပြဿနာ ဖြစ်လာတယ်။—ဒံ. ၁:၅-၈၊ ၁၄-၁၇

၁၂။ (က) ဘယ်​အရည်အသွေးကောင်း​တွေကို ဒံယေလ ပြသ​ခဲ့​သလဲ။ (ခ) ဒံယေလ​ကို ယေဟောဝါ ဘယ်လို ရှုမြင်​သလဲ။

၁၂ ဒံယေလ​အတွက် သိမ်မွေ့​နက်နဲ​တဲ့ အခက်အခဲ​က​တော့ ထူးခြားတဲ့ စွမ်းရည်တွေကြောင့် အခွင့်ထူးတွေ ရရှိ​ခြင်း ဖြစ်နိုင်တယ်။ (ဒံ. ၁:၁၉၊ ၂၀) အခွင့်ထူး​တွေကြောင့် မာန​တက်၊ တစ်ယူသန်​ဆန်​မယ့်အစား နှိမ့်ချ​ကျိုးနွံ​ခဲ့တယ်။ ယေဟောဝါ​ကို အမြဲ ဂုဏ်တင်​ခဲ့တယ်။ (ဒံ. ၂:၃၀) နောဧ၊ ယောဘ​တို့​နဲ့အတူ ဖြောင့်မတ်ခြင်း ပုံသက်သေ​အဖြစ် ယေဟောဝါ ယူမှတ်​ခဲ့​တုန်းက ဒံယေလ​ဟာ လူငယ်​ပဲ ရှိသေးတယ်။ ဒံယေလ​အပေါ် ဘုရား​သခင် ယုံကြည်​စိတ်ချ​တာ မှား​သွား​သလား။ မ​မှား​ပါဘူး။ ဒံယေလ​ဟာ အသက်​ထက်​ဆုံး သစ္စာရှိရှိ နာခံခဲ့တယ်။ “သိပ်တန်ဖိုးထား​ရတဲ့သူ ဒံယေလ” လို့ ဘုရားသခင့် ကောင်းကင်တမန် ပြောတဲ့​အချိန်မှာ ဒံယေလ အသက် ၁၀၀ နီးပါး ရှိနေ​ပြီ။—ဒံ. ၁၀:၁၁

၁၃။ ဒံယေလ​ဟာ ဂျူး​အမျိုးသားချင်း​တွေအတွက် ဘာကြောင့် ကောင်းချီး ဖြစ်သလဲ။

၁၃ ဘုရားသခင့် မျက်နှာသာ​ကြောင့် ဗာဗုလုန်​နဲ့ မီ​ဒို​ပါရှား​ခေတ်​မှာ ဒံယေလ အဆင့်မြင့်​အရာရှိ ဖြစ်ခဲ့တယ်။ (ဒံ. ၁:၂၁။ ၆:၁၊ ၂) ယေဟောဝါရဲ့ ကြားဝင်​ဆောင်ရွက်မှု​ကြောင့် အီဂျစ်ပြည်​က ယောသပ်၊ ပါရှားပြည်​က ဧသတာ​နဲ့ မော်ဒကဲ​တို့​လို မိမိ​လူမျိုး​အတွက် ဒံယေလ ကောင်းချီး ဖြစ်ခဲ့တယ်။ * (ဒံ. ၂:၄၈) ဒီနည်းနဲ့ ယေဟောဝါရဲ့ ကူညီမှု​လက်တော်​ကို မြင်ခဲ့​ရလို့ ယေဇကျေလ အပါအဝင် ဂျူး​သုံ့ပန်း​တွေ နှစ်သိမ့်မှု ရခဲ့​မှာ​ပဲ။

သမာဓိစောင့်​ထိန်း​သူတွေကို တန်ဖိုး​ရှိသူ​တွေအဖြစ် ယေဟောဝါ ရှုမြင် (အပိုဒ် ၁၄၊ ၁၅ ကိုကြည့်ပါ)

၁၄၊ ၁၅။ (က) ကျွန်တော်တို့ရဲ့ အခြေအနေ​နဲ့ ဒံယေလ​ရဲ့ အခြေအနေ ဘယ်လိုနည်းတွေနဲ့ တူ​သလဲ။ (ခ) ဒံယေလ​ရဲ့ မိဘတွေဆီက​နေ ယနေ့ခေတ် မိဘတွေ ဘာသင်ယူနိုင်သလဲ။

၁၄ ဒံယေလ​ရဲ့ ယုံကြည်ခြင်း​နဲ့ နာခံမှု​ကို တုပနိုင်ပုံ။ “နတ်ဆိုး ခိုအောင်းရာ၊” အယူမှား ဘာသာရေး​အင်ပါယာ မဟာဗာဗုလုန်​ကြောင့် ကျင့်ဝတ်​ပိုင်း​နဲ့ ဘုရားရေးရာ​ပိုင်း ယိုယွင်း​နေတဲ့​လောက​မှာ ဧည့်သည်​အဖြစ် ကျွန်တော်တို့ နေထိုင်​နေကြတယ်။ (ဗျာ. ၁၈:၂) ဒါကြောင့် ကျွန်တော်တို့ ထူးခြား​နေ​ပြီး လှောင်ပြောင်​ခံရ​ကြ​တယ်။ (မာ. ၁၃:၁၃) ဒံယေလ​လိုပဲ ယေဟောဝါ​ဘုရား​နဲ့ ရင်းနှီး​အောင် ကြိုးစား​ကြပါစို့။ ဘုရား​ကို နှိမ့်ချ​နာခံ​စွာ ယုံကြည်ကိုးစား​မယ်ဆိုရင် ကျွန်တော်တို့​လည်း ဘုရား​ရှေ့မှာ တန်ဖိုး​ရှိ​လာပါလိမ့်မယ်။—ဟဂ္ဂဲ ၂:၇

၁၅ မိဘတွေ​အနေနဲ့ ဒံယေလ​ရဲ့ မိဘတွေဆီက​နေ သင်ယူ​နိုင်ပါတယ်။ ဘယ်​နည်းနဲ့​လဲ။ ဒံယေလ ကလေးဘဝ​တုန်းက ယုဒပြည်​မှာ ဆိုးသွမ်းမှု ပြည့်နှက်​နေ​ပေ​မဲ့ ဘုရား​သခင်​ကို ဒံယေလ ချစ်မြတ်နိုးပြီး ကြီးပြင်းလာ​ခဲ့တယ်။ ဒါဟာ အလိုလို​ဖြစ်လာ​တာ မဟုတ်ဘူး။ မိဘ​လေ့ကျင့်မှု ကောင်း​လို့ပဲ။ (ပညာ. ၂၂:၆) “ဘုရား​သခင်​ဟာ ငါ့ရဲ့ တရားသူကြီး” ဆိုတဲ့ ဒံယေလ​ရဲ့ နာမည်က မိဘတွေဟာ ဘုရား​ကို ကြောက်ရွံ့သူ​တွေ ဖြစ်ကြောင်း ဖော်ပြတယ်။ (ဒံ. ၁:၆၊ အောက်ခြေမှတ်ချက်) ဒါကြောင့် မိဘ​တို့၊ သားသမီးတွေကို လက်မလျှော့​ပါနဲ့။ စိတ်ရှည်ရှည် သင်ပေးပါ။ (ဧ. ၆:၄) သူတို့နဲ့အတူ ဆုတောင်း​ပါ။ သူတို့​အတွက် ဆုတောင်း​ပေးပါ။ သူတို့ရဲ့ စိတ်နှလုံး​ထဲ ကျမ်းစာ​အမှန်တရား သွတ်သွင်း​ပေးတဲ့​အခါ ယေဟောဝါရဲ့ ကြွယ်ဝတဲ့​ကောင်းချီး ခံစားရ​ပါမယ်။—ဆာ. ၃၇:၅

ဆင်းရဲ​သည်​ဖြစ်စေ၊ ချမ်းသာ​သည်​ဖြစ်စေ သစ္စာရှိရှိ နာခံ​ခဲ့တဲ့ ယောဘ

၁၆၊ ၁၇။ ဘယ်​အပြောင်းအလဲ​ကြီး​တွေ ယောဘ ကြုံတွေ့​ခဲ့​သလဲ။

၁၆ ယောဘ ရင်ဆိုင်​ခဲ့ရတဲ့ အခက်အခဲ​များ။ ယောဘ​ဟာ အပြောင်းအလဲ​ကြီး​တွေ ကြုံတွေ့​ခဲ့တယ်။ စမ်းသပ်မှု မ​ခံရ​ခင်​တုန်းက “အရှေ့​ပြည်သား​တွေ​ထဲမှာ အ​ချမ်းသာ​ဆုံး” ဖြစ်ခဲ့တယ်။ (ယောဘ ၁:၃) ချမ်းသာ​တယ်။ လူသိများ​တယ်။ လေးစား​ခံ​ရတယ်။ (ယောဘ ၂၉:၇-၁၆) ဒါပေမဲ့ ယောဘ ဘဝင်မမြင့်​ဘူး။ ဘုရား မလိုဘူး​လို့ မယူဆ​ခဲ့ဘူး။ သူ့ကို ယေဟောဝါ​က “ငါ့​ကျွန်” လို့ခေါ်​ပြီး “ရိုးဖြောင့်​သူ၊ သမာဓိ​ရှိသူ၊ ဘုရား​သခင်​ကို ကြောက်ရွံ့သူ၊ မကောင်းမှု​ကို ရှောင်​တဲ့​သူ​ပဲ” လို့ ပြောခဲ့တယ်။—ယောဘ ၁:၈

၁၇ အချိန်တို​အတွင်းမှာ ယောဘရဲ့​ဘဝ အကြီးအကျယ် ပြောင်းလဲ​ခဲ့တယ်။ ဆင်းရဲ​တွင်း​နက်​ပြီး မွဲ​ပြာ​ကျ​ခဲ့တယ်။ တရားခံ​က​တော့ ကိုယ်ကျိုး​အတွက် ဘုရား​ကို ကိုးကွယ်​တယ်လို့ မဟုတ်မမှန် စွပ်စွဲ​တဲ့ စာတန်​ပါပဲ။ (ယောဘ ၁:၉၊ ၁၀ ကို​ဖတ်ပါ။) အဲဒီ​စွပ်စွဲချက်​ကို ယေဟောဝါ ပေါ့ပေါ့တန်တန် သဘော​မထား​ဘူး။ သမာဓိ​ရှိကြောင်း သက်သေ​ပြဖို့၊ စိတ်ရင်းမှန်နဲ့ ကိုးကွယ်​ကြောင်း ပြဖို့ ယောဘ​ကို အခွင့်အရေး ပေး​ခဲ့တယ်။

၁၈။ (က) ယောဘရဲ့ သမာဓိ​နဲ့​ပတ်သက်​လို့ ဘယ်​အချက်ကို စိတ်စွဲမှတ်​သလဲ။ (ခ) ယောဘ​နဲ့ ဆက်ဆံပုံ​က ယေဟောဝါ​အကြောင်း ဘာ​ဖော်ပြသလဲ။

၁၈ ဘုရား​ကို အပြစ်တင်​လာ​စေဖို့ စာတန်​က ယောဘ​ကို အကြိမ်ကြိမ် ရက်ရက်စက်စက် တိုက်ခိုက်​ခဲ့တယ်။ (ယောဘ ၁:၁၃-၂၁) နောက်ပိုင်းမှာ နှစ်သိမ့်ပေး​ယောင်ဆောင်​သူ သုံးဦး ရောက်လာပြီး ရက်စက်တဲ့​စကားတွေနဲ့ ယောဘ​ကို ထိုးနှက်​ကြ​တယ်။ ဘုရား​သခင် အပြစ်ပေး​တာ​လို့ ပြောခဲ့​ကြ​တယ်။ (ယောဘ ၂:၁၁။ ၂၂:၁၊ ၅-၁၀) ဒါပေမဲ့ ယောဘ သမာဓိစောင့်​ထိန်း​ခဲ့တယ်။ မဆင်မခြင် ပြော​မိ​တဲ့အခါ​တွေ ရှိပေမဲ့ ယောဘရဲ့ နာကျင်မှု​ကို ယေဟောဝါ နားလည်​ပေးတယ်။ (ယောဘ ၆:၁-၃) စာတန်ရဲ့ အလဲ​ထိုး တိုက်ခိုက်မှု၊ စကားနဲ့ ထိုးနှက်မှု​တွေ ကြုံရ​ပေ​မဲ့ ဘယ်တော့မှ ဘုရား​ကို မစွန့်​တဲ့​သူ၊ အကြီးအကျယ် စိတ်ဓာတ်ကျ​နေ​သူ​လို့ မြင်​ပေးတယ်။ စမ်းသပ်မှု ပြီးသွားတဲ့နောက် ယောဘ​ကို ယေဟောဝါ ကောင်းချီး​နှစ်ဆ ပေး​ခဲ့တယ်။ နောက်ထပ် အနှစ် ၁၄၀ ဆက်​အသက်ရှင်​ခဲ့တယ်။ (ယာ. ၅:၁၁) အဲဒီ​အတောအတွင်း ယေဟောဝါ​ကို ယောဘ အကြွင်းမဲ့ ဆက်​ကိုးကွယ်ဆည်းကပ်​ခဲ့တယ်။ ဘယ်လို သိရ​သလဲ။ ဆောင်းပါး​ရဲ့ အဓိက​ကျမ်းချက်​ကို ယေဇကျေလ ရေးသားချိန်​မှာ ယောဘ သေဆုံး​ခဲ့တာ နှစ်​ရာနဲ့ချီ ရှိနေ​ပြီ။

၁၉၊ ၂၀။ (က) ယောဘရဲ့ ယုံကြည်ခြင်း​နဲ့ နာခံမှု​ကို ဘယ်လို တုပ​နိုင်သလဲ။ (ခ) တခြား​သူတွေနဲ့ ဆက်ဆံ​ရာမှာ ဘုရားရဲ့ ထောက်ထားစာနာမှု​ကို ဘယ်လို တင်ပြ​နိုင်သလဲ။

၁၉ ယောဘရဲ့ ယုံကြည်ခြင်း​နဲ့ နာခံမှု​ကို တုပနိုင်ပုံ။ ဘယ်လို အခြေအနေ​မျိုးမှာ​မဆို ယေဟောဝါ​ကို အဓိက ထား​ကြပါစို့။ အကြွင်းမဲ့ ယုံကြည်ကိုးစား​ပြီး ပြည့်ဝစုံလင်​တဲ့ စိတ်နှလုံး​နဲ့ နာခံ​ကြပါစို့။ အဲဒီလို​နာခံဖို့ ယောဘ​ထက် ပိုများ​တဲ့​အကြောင်းရင်း​တွေ ကျွန်တော်တို့​မှာ ရှိတယ်။ စာတန်​နဲ့ စာတန့်​အကြံအစည်​တွေကို ကျွန်တော်တို့ အများကြီး သိထားကြတယ်။ (၂ ကော. ၂:၁၁) ဆင်းရဲဒုက္ခ​ကို ဘုရား​သခင် ခွင့်ပြုထား​ရတဲ့​အကြောင်းရင်းကို ယောဘ​ကျမ်း​က​နေ သိရတယ်။ ဒံယေလ ပရောဖက်ပြုချက်​တွေကနေ ဘုရား​နိုင်ငံ​တော်​ဟာ ခရစ်တော်​ယေရှု အုပ်ချုပ်​မယ့် အစိုးရ​ဖြစ်ကြောင်း သိထားကြတယ်။ (ဒံ. ၇:၁၃၊ ၁၄) ဒီ​နိုင်ငံ​တော်​က မကြာခင် ဆင်းရဲဒုက္ခ​အားလုံးကို ထာဝစဉ် အဆုံးတိုင်​စေ​မှာ ဖြစ်ကြောင်း​လည်း သိထားကြတယ်။

၂၀ ယောဘရဲ့ အတွေ့အကြုံ​က ဆင်းရဲဒုက္ခ ကြုံနေ​ရတဲ့ ခရစ်ယာန်ချင်း​တွေကို ထောက်ထားစာနာ​ဖို့​လည်း အလေးပေး​ဖော်ပြတယ်။ တချို့​က ယောဘ​လိုပဲ မဆင်မခြင် ပြော​မိ​တဲ့အခါ​တွေ ရှိ​နိုင်တယ်။ (ဒေ. ၇:၇) သူတို့ကို ပြစ်တင်ဝေဖန်​မယ့်အစား နားလည်​စာနာမှု ပြ​ကြ​ရ​အောင်။ ဒီနည်းအားဖြင့် မေတ္တာကရုဏာ​ရှင် ဖခင် ယေဟောဝါ​ကို တုပ​ကြ​တယ်။—ဆာ. ၁၀၃:၈

ယေဟောဝါ “ခွန်အား​ရှိစေ​မယ်”

၂၁။ နောဧ၊ ဒံယေလ၊ ယောဘ​တို့ရဲ့ ဘဝ​မှာ ၁ ပေတရု ၅:၁၀ ပါ​စကား​တွေ ဘယ်လို ထင်ရှား​ခဲ့​သလဲ။

၂၁ နောဧ၊ ဒံယေလ၊ ယောဘ​တို့ဟာ မတူညီ​တဲ့​ခေတ်​ကာလ၊ အလွန်​ကွဲပြား​တဲ့ အခြေအနေ​တွေမှာ အသက်ရှင်​ခဲ့ကြ​ပေ​မဲ့ ရင်ဆိုင်​ရတဲ့ အခက်အခဲတွေကို ခံရပ်​ခဲ့ကြတယ်။ သူတို့ရဲ့ ဘဝဖြစ်ရပ်​တွေ​က “ဆင်းရဲဒုက္ခ တစ်ခဏ​ခံရပြီး​တဲ့အခါ မဟာ​ကရုဏာ​ရှင် ဘုရား​သခင်​ကိုယ်တိုင် ခင်ဗျား​တို့​ကို အပြည့်အဝ လေ့ကျင့်ပေး​လိမ့်မယ်။ . . . ဘုရား​သခင်​က ခင်ဗျား​တို့​ကို မြဲမြံ​စေပြီး ခွန်အား​ရှိစေ​မယ်၊ ကြံ့ကြံ့ခံ ရပ်တည်​စေမယ်” ဆိုတဲ့ တမန်တော် ပေတရု​ရဲ့ စကား​တွေကို အမှတ်ရ​စေတယ်။—၁ ပေ. ၅:၁၀

၂၂။ နောက်​ဆောင်းပါး​မှာ ဘာအကြောင်း ဆွေးနွေးသုံးသပ်​ကြ​မ​လဲ။

၂၂ မိမိရဲ့​ကျေးကျွန်​တွေ မြဲမြံ​ခွန်အား​ရှိအောင် ယေဟောဝါ လုပ်ပေး​မယ်ဆို​တာ ပေတရု​ရဲ့ စကား​တွေ​ကတစ်ဆင့် စိတ်ချ​စေတယ်။ ဒီ​စကား​တွေဟာ ဒီနေ့ခေတ် ဘုရားသခင့်​လူတွေ​နဲ့လည်း သက်ဆိုင်​ပါတယ်။ ကျွန်တော်တို့​အားလုံး ယေဟောဝါ​ဆီကနေ ခွန်အားရ​ရှိချင်ကြတယ်။ ဝတ်ပြုရေး​မှာ မြဲမြံ​ချင်​ကြ​တယ်။ ဒါကြောင့် နောဧ၊ ဒံယေလ၊ ယောဘ​တို့ရဲ့ ယုံကြည်ခြင်း​နဲ့ နာခံမှု​ကို တုပ​ချင်​ကြ​တယ်။ သူတို့ကို သမာဓိစောင့်​ထိန်း​စေတဲ့ အဓိက​အချက်​က​တော့ ယေဟောဝါ​ကို အမှန်တကယ် သိကျွမ်းခြင်း​ဖြစ်ကြောင်း နောက်​ဆောင်းပါး​မှာ တွေ့​ရပါလိမ့်မယ်။ ယေဟောဝါ တောင်းဆို​တဲ့ “အရာအားလုံး​ကို” သူတို့ “နားလည်” ခဲ့ကြတယ်။ (ပညာ. ၂၈:၅) ကျွန်တော်တို့​လည်း အလားတူ ဖြစ်နိုင်​ပါတယ်။

^ စာပိုဒ်၊ 2 ယေဇကျေလ​ဟာ ဘီစီ ၆၁​၇ မှာ ပြည်နှင်ခံရ​တယ်။ ယေဇကျေလ ၈:၁–၁၉:၁၄ ကို ပြည်နှင်ခံ “ခြောက်နှစ်​မြောက်၊” ဘီစီ ၆၁​၂ မှာ ရေးခဲ့တယ်။

^ စာပိုဒ်၊ 5 နောဧ​ရဲ့ ဖခင်၊ ဘုရား​ကို​ကြောက်ရွံ့သူ လာ​မက်​ဟာ ရေလွှမ်းမိုးဘေး မတိုင်ခင် ငါးနှစ်​လောက်မှာ သေဆုံးသွားတယ်။ ရေလွှမ်းမိုးဘေး စတင်ချိန်မှာ နောဧ​ရဲ့ မိခင်​နဲ့ မောင်နှမ​တွေ ရှိခဲ့​မယ်ဆိုရင်​လည်း သူတို့ မလွတ်​မြောက်​ခဲ့​ကြဘူး။

^ စာပိုဒ်၊ 13 ဒံယေလ​ရဲ့ အဆင့်မြင့်​ရာထူး​ရထားတဲ့ မိတ်ဆွေ​သုံးယောက်​လည်း အလားတူ​ပဲ။—ဒံ. ၂:၄၉