မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စွမ်းအားတော် လမ်းပြမှုနောက် လိုက်တဲ့သူဆိုတာ ဘာကို ဆိုလိုသလဲ

စွမ်းအားတော် လမ်းပြမှုနောက် လိုက်တဲ့သူဆိုတာ ဘာကို ဆိုလိုသလဲ

“ဘုရား​သခင်​က ခရစ်တော်​ယေရှု​မှာ​ရှိတဲ့ စိတ်သဘောထား ခင်ဗျား​တို့​မှာ ရှိ​လာအောင် ကူညီပေးပါ​စေ။”—ရော. ၁၅:၅

သီချင်း– ၁၇၊ ၁၃

၁၊ ၂။ (က) ဘုရားတရား​စိတ်ဓာတ်​ကို လူ​များစွာ ဘယ်လို ရှုမြင်ကြ​သလဲ။ (ခ) ဘုရားတရား​စိတ်ဓာတ်​နဲ့ပတ်သက်တဲ့ ဘယ်မေးခွန်းတွေကို သုံးသပ်​ကြ​မ​လဲ။

“စွမ်းအားတော် လမ်းပြမှု​နောက် လိုက်လို့ ပို​ပျော်ရွှင်​တယ်။ နေ့စဉ် စမ်းသပ်မှု​တွေကို အောင်မြင်​စွာ ကိုင်တွယ်ဖြေရှင်း​နိုင်​လာတယ်” လို့ ကနေဒါနိုင်ငံ​က ညီအစ်မ​တစ်ယောက် ပြောတယ်။ ဘရာဇီး​နိုင်ငံ​က ညီအစ်ကို​တစ်ယောက်က​လည်း “စွမ်းအားတော် လမ်းပြမှု​နောက် လိုက်​ဖို့ ကြိုးစား​ခဲ့လို့ အိမ်ထောင်သက် ၂၃ နှစ်လုံး အလွန်​ပျော်ရွှင်​ခဲ့တယ်” လို့ပြောတယ်။ ဖိလစ်ပိုင်​နိုင်ငံ​က ညီအစ်ကို​တစ်ယောက်က “စွမ်းအားတော် လမ်းပြမှု​နောက် လိုက်တဲ့​အတွက် စိတ်ငြိမ်သက်မှု ရတယ်။ ဒါက နောက်ခံ​အမျိုးမျိုး​ရှိတဲ့ ညီအစ်ကို​တွေနဲ့ ဆက်ဆံ​ရာမှာ ကူညီပေးတယ်” လို့ပြောတယ်။

အဲဒီလို​စကား​တွေ​က စွမ်းအားတော် လမ်းပြမှု​နောက် လိုက်ခြင်း​ကို နှစ်​လို့​ဖွယ် ဖြစ်စေတယ်။ ဒါကြောင့် ‘အထက်ပါ အကျိုး​ကျေးဇူး​တွေကို ခံစား​နိုင်​ဖို့ စွမ်းအားတော် လမ်းပြမှု​နောက် လိုက်တဲ့​သူ ဘယ်လို ဖြစ်နိုင်မလဲ’ လို့ ကိုယ့်ကိုယ်ကိုယ် မေးပါ။ ဒါပေမဲ့ အဲဒီမေးခွန်း​ကို မဖြေ​ခင် စွမ်းအားတော် လမ်းပြမှု​နောက် လိုက်​သူ၊ ဘုရားတရား​စိတ်ဓာတ် ရှိသူ​နဲ့ပတ်သက်တဲ့ ကျမ်းစာ​အဆို​ကို ရှင်းလင်း​စွာ နားလည်​ထား​ဖို့ လိုတယ်။ ဒီဆောင်းပါးမှာ မေးခွန်း​သုံးခု​ကို သုံးသပ်​ကြ​မယ်။ (၁) စွမ်းအားတော် လမ်းပြမှု​နောက် လိုက်တဲ့​သူ​ဆိုတာ ဘာကို ဆိုလို​သလဲ။ (၂) ဘုရားတရား​စိတ်ဓာတ် တိုးပွား​နိုင်​ဖို့ ဘယ်​ပုံသက်သေ​တွေ​က ကူညီပေး​မ​လဲ။ (၃) “ခရစ်တော်ရဲ့ စိတ်သဘောထား” ရှိ​ဖို့ ကြိုးစား​တာ​က စွမ်းအားတော် လမ်းပြမှု​နောက် လိုက်​ဖို့ ဘယ်လို ကူညီပေး​မ​လဲ။

စွမ်းအားတော် လမ်းပြမှု​နောက် လိုက်​သူ​ဆိုတာ ဘာကို ဆိုလို​သလဲ

၃။ စိတ်​အလိုလိုက်​သူနဲ့ စွမ်းအားတော် လမ်းပြမှု​နောက် လိုက်​သူ​ကို ကျမ်းစာမှာ ဘယ်လို ခွဲခြားဖော်ပြ​ထား​သလဲ။

“စွမ်းအားတော်​ရဲ့ လမ်းပြမှု​နောက်​ကို လိုက်တဲ့​သူ” နဲ့ “စိတ်​အလိုလိုက်​တဲ့​သူ” ကို တမန်တော် ပေါလု ခွဲခြားဖော်ပြ​ခဲ့တယ်။ (၁ ကောရိန္သု ၂:၁၄-၁၆ ကို​ဖတ်ပါ။) ကွာခြားချက်​က ဘာလဲ။ “စိတ်​အလိုလိုက်​တဲ့​သူ” က “ဘုရားသခင့်​စွမ်းအားတော် ဖော်ပြ​တဲ့​အရာ​တွေကို လက်မခံ​ဘူး။ ဒါတွေဟာ သူ့​အတွက် မိုက်မဲ​တဲ့​အရာ ဖြစ်နေ​တယ်။ . . . ဒါတွေ​ကို . . . သူ​နားမလည်​နိုင်​ဘူး။” “စွမ်းအားတော်​ရဲ့ လမ်းပြမှု​နောက်​ကို လိုက်တဲ့​သူ” က​တော့ “အရာခပ်သိမ်း​ကို စစ်ဆေး​တတ်တယ်။” “ခရစ်တော်ရဲ့ စိတ်သဘောထား ရှိတယ်။” စွမ်းအားတော် လမ်းပြမှု​နောက် လိုက်​ဖို့ ကျွန်တော်တို့ကို ပေါလု အားပေး​တယ်။ စိတ်​အလိုလိုက်​တဲ့​သူနဲ့ စွမ်းအားတော် လမ်းပြမှု​နောက် လိုက်တဲ့​သူတို့ ဘယ်နည်းတွေနဲ့​လည်း ကွာခြား​သေး​သလဲ။

၄၊ ၅။ စိတ်​အလိုလိုက်​သူတွေ​ရဲ့ အကျင့်စရိုက်​တွေ​က ဘာ​တွေလဲ။

စိတ်​အလိုလိုက်​တဲ့​သူရဲ့ သဘောထားကို ဦးစွာ သုံးသပ်ကြည့်ပါ။ လောက,က သွေးသားဆန္ဒ​ကို အဓိက​ထားတယ်။ အဲဒါက “နာခံမှု​မရှိ​သူတွေ​ဆီမှာ ရှင်သန်လှုပ်ရှား​နေ” တဲ့ စိတ်ဓာတ်​ဖြစ်တယ်လို့ ပေါလု ဖော်ပြတယ်။ (ဧ. ၂:၂) အဲဒီ​စိတ်ဓာတ်​က လူ​အများ မိုး​ခါး​ရေ​သောက်​ရင် လိုက်​သောက်​ပါ​ဆိုတဲ့ သဘောထားမျိုး ရှိစေတယ်။ ဒါကြောင့် အများစုက ကိုယ်​မှန်တယ် ထင်​တဲ့​အတိုင်း လုပ်ကြတယ်။ ဘုရားသခင့် စံနှုန်းတွေ​အတိုင်း ကျင့်ကြံ​ဖို့ မကြိုးစား​ကြ​တော့ဘူး။ စိတ်​အလိုလိုက်​တဲ့​သူ​ဟာ ဂုဏ်၊ စည်းစိမ်​အတွက် အလွန်အမင်း ပူပန်​တတ်တယ်။ ကိုယ့်​အခွင့်အရေး​ကို ကာကွယ်​တတ်တယ်။

စိတ်​အလိုလိုက်​သူ​ဖြစ်ကြောင်း ဘယ်လို ခွဲခြား​နိုင်​သေး​သလဲ။ “အပြစ်​ရှိတဲ့ အကျင့်” ကျင့်​တဲ့​သူတွေ ပါတယ်။ (ဂလ. ၅:၁၉-၂၁) ကောရိန္သုအသင်းတော်​ကို ရေးတဲ့ ပထမစာ​မှာ သွေးသားဆန္ဒ​နောက် လိုက်​သူတွေ​ရဲ့ တခြား​အကျင့်စရိုက်​တွေကို ဖော်ပြထားတယ်။ စိတ်ဝမ်း​ခွဲခြင်း၊ ဘက်လိုက်ခြင်း၊ ငြင်းခုံခြင်း၊ တရားစွဲ​ခြင်း၊ ဦးစီးမှု​ကို မ​လေးမြတ်ခြင်း၊ အစားအသောက် လွန်ကြူး​ခြင်းတို့ ပါဝင်တယ်။ သွေးဆောင်မှု​တွေ ကြုံရတဲ့​အခါ စိတ်​အလိုလိုက်​တဲ့​သူက အားနည်း​ပြီး အလျှော့ပေး​တတ်တယ်။ (ပညာ. ၇:၂၁၊ ၂၂) “ဘုရားသခင့် စွမ်းအားတော် မရှိ” တော့​တဲ့​အထိ ယိုယွင်း​သွား​သူတွေ​အကြောင်း ယုဒ ပြောခဲ့တယ်။—ယု. ၁၈၊ ၁၉

၆။ စွမ်းအားတော် လမ်းပြမှု​နောက် လိုက်​သူ​ကို ဘယ်လို သိမြင်​နိုင်သလဲ။

“စွမ်းအားတော်​ရဲ့ လမ်းပြမှု​နောက်​ကို လိုက်တဲ့​သူ” ဆိုတာ​ကော ဘာလဲ။ ဘုရား​သခင်​ကို အဓိက​ထားတယ်။ စိတ်​အလိုလိုက်​သူနဲ့ ဆန့်ကျင်​တယ်။ “ဘုရား​သခင်​ကို အတုယူ” ဖို့ ကြိုးစား​တယ်။ (ဧ. ၅:၁) ကိစ္စရပ်​တွေကို ယေဟောဝါ ရှုမြင်​စဉ်းစား​သလို ရှုမြင်​စဉ်းစား​ဖို့ ကြိုးစား​တယ်။ သူတို့​အတွက် ဘုရား​သခင်​ဟာ တကယ့်​ပုဂ္ဂိုလ် ဖြစ်တယ်။ စိတ်​အလိုလိုက်​တဲ့​သူနဲ့ မတူဘဲ ယေဟောဝါရဲ့ စံနှုန်းတွေ​အတိုင်း ကျင့်ကြံ​နေထိုင်​ဖို့ ကြိုးစား​တယ်။ ​(ဆာ. ၁၁၉:၃၃။ ၁၄၃:၁၀) အပြစ်​ရှိတဲ့​အကျင့်​တွေကို အာရုံမစိုက်​ဘဲ “စွမ်းအားတော်​ကြောင့် ဖြစ်ပေါ်လာတဲ့ အရည်အသွေး​တွေ” တင်ပြ​ဖို့ ကြိုးစား​တယ်။ (ဂ​လ. ၅:၂၂၊ ၂၃) “စွမ်းအားတော် လမ်းပြမှု​နောက် လိုက်ခြင်း” အကြောင်း နားလည်ဖို့ ဒီအချက်ကို စဉ်းစားကြည့်ပါ– စီးပွားရေး​သမား​က စီးပွားရေး​အကြောင်း​ပဲ စဉ်းစား​တယ်။ အဲဒီလိုပဲ စွမ်းအားတော် လမ်းပြမှု​နောက် လိုက်​သူက​လည်း ဘုရားတရား၊ ဘာသာတရား​ကို တန်ဖိုး​ထားတယ်။

၇။ စွမ်းအားတော် လမ်းပြမှု​နောက် လိုက်​သူ​အကြောင်း ကျမ်းစာမှာ ဘာ​ပြော​ထား​သလဲ။

စွမ်းအားတော် လမ်းပြမှု​နောက် လိုက်တဲ့​သူတွေကို ကျမ်းစာမှာ ချီးမွမ်း​ထားတယ်။ မဿဲ ၅:၃ မှာ “ဘုရား​သခင်​ကို မှီခို​ဖို့ လိုအပ်​မှန်း သိမြင်​သူတွေ ပျော်ရွှင်ချမ်းမြေ့​တယ်။ ကောင်းကင်​နိုင်ငံ​ဟာ သူတို့​အတွက် ဖြစ်​လိမ့်မယ်” လို့ပြောတယ်။ ရောမ ၈:၆ မှာ စွမ်းအားတော် လမ်းပြမှု​နောက် လိုက်ခြင်း​ရဲ့ အကျိုး​ကျေးဇူး​တွေကို ဖော်ပြပြီး “အပြစ်​ရှိတဲ့​အရာတွေ​ဆီ စိတ်​ရောက်နေ​တာ​က သေစေ​နိုင်တယ်။ စွမ်းအားတော်​နဲ့​ဆိုင်တဲ့ အရာတွေ​ဆီ စိတ်​ရောက်နေ​တာ​က အသက်ရှင်ခြင်း​နဲ့ ငြိမ်သက်ခြင်း​ကို ရရှိ​စေနိုင်တယ်” လို့ပြော​ထားတယ်။ ဘုရားရေးရာ​ကိစ္စ​တွေကို အာရုံစိုက်​ခြင်းအားဖြင့် ဘုရား​သခင်​နဲ့ သင့်မြတ်​ငြိမ်သက်မှု၊ စိတ်ငြိမ်သက်မှု၊ ထာဝရ​အသက် အလားအလာ ရရှိတယ်။

၈။ ဘုရားတရား​စိတ်ဓာတ် မွေးမြူဖို့၊ ထိန်းသိမ်း​ထား​ဖို့ ဘာကြောင့် ကြိုးစား​ရ​မ​လဲ။

အန္တရာယ်ရှိတဲ့​ဝန်းကျင်​မှာ ကျွန်တော်တို့ နေထိုင်​ကြရတယ်။ စိတ်​အလိုလိုက်​တဲ့ သဘောထား​တွေ ပျံ့နှံ့​နေတဲ့​အတွက် ဘုရားတရား​စိတ်ဓာတ် ရှိ​ဖို့၊ ထိန်းသိမ်းဖို့ ကြိုးစား​ရမယ်။ ဘုရားရေးရာ​စိတ်ဓာတ် ပျောက်​သွား​ရင် ညစ်ညမ်း​တဲ့ လောက “စိတ်ဓာတ်” ဝင်​လာနိုင်တယ်။ အဲဒီလို မဖြစ်အောင် ဘာက ကာကွယ်​ပေး​မ​လဲ။ ဘုရားတရား​စိတ်ဓာတ် ဘယ်လို မွေးမြူ​နိုင်သလဲ။

သင်ယူ​ရမယ့် ပုံသက်သေများ

၉။ (က) ဘုရားတရား​စိတ်ဓာတ် မွေးမြူဖို့ ဘာက ကူညီ​ပေးနိုင်သလဲ။ (ခ) စွမ်းအားတော် လမ်းပြမှု​နောက် လိုက်တဲ့ ဘယ်သူ​တွေရဲ့ ပုံသက်သေ​တွေကို သုံးသပ်​ကြ​မ​လဲ။

ကလေး​တစ်ယောက်​ဟာ မိဘတွေ​ကို ကြည့်ခြင်း၊ မိဘတွေရဲ့ ပုံသက်သေ​ကောင်း​ကို တုပခြင်း​အားဖြင့် ရင့်ကျက်​လာနိုင်တယ်။ အလားတူ​ပဲ ဘုရားတရား​ဘက် သန်စွမ်း​သူတွေကို ကြည့်ခြင်း၊ တုပခြင်း​အားဖြင့် ဘုရားတရား​စိတ်ဓာတ် မွေးမြူ​နိုင်တယ်။ ဒါပေမဲ့ သွေးသားဆန္ဒ​ကို အဓိက​ထားတဲ့​သူတွေက​တော့ သတိပေး​ပုံနမူနာ​တွေ ဖြစ်ကြ​တယ်။ (၁ ကော. ၃:၁-၄) ကျမ်းစာမှာ အဲဒီ​ပုံသက်သေ​နှစ်မျိုး​စလုံး ပါဝင်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ပန်းတိုင်​က စွမ်းအားတော် လမ်းပြမှု​နောက် လိုက်​ဖို့ ဖြစ်တာကြောင့် တုပ​စရာ​ကောင်းတဲ့ ပုံသက်သေ​တွေကို​ပဲ ကြည့်ကြစို့။ ယာကုပ်၊ မာရိ၊ ယေရှု​တို့ရဲ့ ပုံသက်သေ​တွေကို သုံးသပ်​ကြ​ရ​အောင်။

ယာကုပ်ရဲ့ ပုံသက်သေ​တွေကနေ ဘာသင်ယူနိုင်သလဲ (အပိုဒ် ၁၀ ကိုကြည့်ပါ)

၁၀။ စွမ်းအားတော် လမ်းပြမှု​နောက် လိုက်​ကြောင်း ယာကုပ် ဘယ်လို ဖော်ပြ​ခဲ့​သလဲ။

၁၀ အရင်ဆုံး ယာကုပ်​ရဲ့ ပုံသက်သေ​ကို သုံးသပ်ကြည့်ပါ။ ကျွန်တော်တို့ အများစု​လိုပဲ ယာကုပ်​ရဲ့ ဘဝဟာ ခက်ခဲ​တယ်။ စိတ်​အလိုလိုက်​တဲ့၊ မိမိ​ကို သတ်ချင်​နေတဲ့ အစ်ကို ဧသော​ကို သည်းခံ​ခဲ့ရတယ်။ က​လိမ်​ကျတဲ့၊ အမြတ်ထုတ်​ချင်တဲ့ ယောက္ခမ​နဲ့လည်း ဆက်ဆံ​ခဲ့ရတယ်။ ဒါပေမဲ့ ယာကုပ်​ဟာ “စိတ်​အလိုလိုက်​တဲ့” လူတွေ​ကြားမှာ စွမ်းအားတော် လမ်းပြမှု​နောက် လိုက်ခဲ့​တယ်။ အာဗြဟံ​ကို ပေးတဲ့​ကတိ​ကို ယုံကြည်​တယ်။ ယေဟောဝါရဲ့ ရည်ရွယ်ချက် ပြည့်စုံရေး​မှာ အထူး​ကဏ္ဍ​က​နေ ပါဝင်​မယ့် မိသားစုကိုလည်း ပြုစုစောင့်ရှောက်​ခဲ့တယ်။ (က. ၂၈:၁၀-၁၅) ယာကုပ်​ရဲ့စကားနဲ့ လုပ်ရပ်တွေ​က ယေဟောဝါရဲ့ စံနှုန်းတွေနဲ့ အလိုတော်ကို စိတ်စွဲမှတ်​ထားကြောင်း ဖော်ပြတယ်။ ဥပမာ၊ ဧ​သော ခြိမ်းခြောက်​တဲ့အခါ ဘုရား​သခင်​ဆီ ယာကုပ် ဒီလို​ဆုတောင်း​ခဲ့တယ်– “အစ်ကို​ဧ​သော​ရဲ့ လက်​က​နေ ကယ်တင်​ပေးပါ​လို့ ဆုတောင်း​ပါတယ်။ . . . ကိုယ်တော်​က ‘မင်း​ကို ငါ​ကောင်းချီး​ပေးမယ်။ မင်း​ရဲ့​မျိုးနွယ်​ကို ပင်လယ်​သဲ​ပွင့်​တွေလို မရေတွက်​နိုင်အောင် များပြား​စေမယ်’ လို့ပြော​ခဲ့​ပါ​ပြီ။” (က. ၃၂:၆-၁၂) မိမိ​နဲ့ ဘိုးဘေး​တွေကို ပေးထား​တဲ့ ယေဟောဝါရဲ့ ကတိ​ကို ယုံကြည်​ကြောင်း၊ ဘုရားသခင့် အလိုတော်၊ ရည်ရွယ်ချက်​နဲ့အညီ နေထိုင်​လို​စိတ်​ရှိကြောင်း ထင်ရှား​ပါတယ်။

မာရိ​ရဲ့ ပုံသက်သေ​တွေကနေ ဘာသင်ယူနိုင်သလဲ (အပိုဒ် ၁၁ ကိုကြည့်ပါ)

၁၁။ မာရိ စွမ်းအားတော် လမ်းပြမှု​နောက် လိုက်​ကြောင်း ဘာက ဖော်ပြသလဲ။

၁၁ မာရိ​ရဲ့ ပုံသက်သေ​ကိုလည်း သုံးသပ်ကြည့်ပါ။ ယေရှုရဲ့ မိခင်​ဖြစ်ဖို့ မာရိ​ကို ဘာကြောင့် ယေဟောဝါ ရွေးချယ်​ခဲ့​သလဲ။ စွမ်းအားတော် လမ်းပြမှု​နောက် လိုက်​သူ ဖြစ်လို့​ပါပဲ။ ကျွန်တော်တို့ ဘယ်လို သိရ​သလဲ။ ဆွေမျိုး ဇာခရိ​နဲ့ ဧလိရှဗက်​ဆီ သွားလည်​တဲ့အခါ ပြောခဲ့တဲ့ မာရိ​ရဲ့ ချီးမွမ်းစကား​တွေ​က ဘုရားတရား​စိတ်ဓာတ် ရှိကြောင်း အခိုင်အမာ ဖော်ပြတယ်။ (လုကာ ၁:၄၆-၅၅ ကို​ဖတ်ပါ။) ဘုရားသခင့် စကားတော်​ကို အလွန်​နှစ်သက်​ကြောင်း၊ ဟီဘရူး​ကျမ်းစောင်တွေ​နဲ့ အကျွမ်းတဝင်​ရှိကြောင်း ဖော်ပြတယ်။ (က. ၃၀:၁၃။ ၁ ရှ. ၂:၁-၁၀။ မာ​လ. ၃:၁၂) မာရိ​နဲ့ ယောသပ်​တို့ဟာ အိမ်ထောင်ကျ​ခါ​စ ဖြစ်ပေမဲ့ ယေရှု​ကို မွေး​တဲ့​အထိ မပေါင်းသင်း​ဘူး။ အဲဒါက ဘာကို ဖော်ပြသလဲ။ နှစ်ယောက်စလုံး​ဟာ ကိုယ့်​စိတ်​အလို ဖြည့်ဆည်း​ရေး​ထက် ယေဟောဝါ​အလိုတော်ကို ပို​အလေးထား​ကြောင်း ဖော်ပြ​ပါတယ်။ (မ. ၁:၂၅) မာရိ​ဟာ ယေရှု​ဘဝ​မှာ ကြုံခဲ့​တာ​တွေ၊ သူ​ပြောခဲ့တဲ့ စကား​တွေကို ‘စိတ်ထဲ အသေအချာ မှတ်ထား​တယ်။’ (လု. ၂:၅၁) မေရှိယ​နဲ့ပတ်သက်တဲ့ ဘုရားသခင့် ရည်ရွယ်ချက်​ကို တကယ် စိတ်ဝင်စား​ခဲ့တယ်။ မာရိ​ရဲ့ ပုံသက်သေ​က ကျွန်တော်တို့​လည်း ဘုရားသခင့် အလိုတော်ကို ဘဝ​မှာ ဘယ်လို ဦးစားထား​နိုင်​ကြောင်း စဉ်းစား​ဖို့ ကူညီပေးတယ် မဟုတ်လား။

၁၂။ (က) ယေရှုဟာ ဖခင်​နဲ့ ဘယ်လိုနည်းနဲ့ ဆင်တူ​သလဲ။ (ခ) ယေရှုရဲ့ ပုံသက်သေ​ကို ဘယ်လို တုပ​နိုင်သလဲ။ (ဆောင်းပါး​အစမှာ​ပါတဲ့ ပုံကို ကြည့်ပါ။)

၁၂ အသက်ရှင်​ခဲ့​သမျှ​မှာ စွမ်းအားတော် လမ်းပြမှု​နောက် လိုက်တဲ့ အကောင်းဆုံး ပုံသက်သေ​ရှင်​က ဘယ်သူ​လဲ။ ယေရှု​ပါပဲ။ အသက်တာ​နဲ့ အမှုဆောင်လုပ်ငန်း​တစ်လျှောက် ဖခင် ယေဟောဝါ​ကို တုပ​ချင်​ကြောင်း ဖော်ပြခဲ့တယ်။ ယေဟောဝါ​လို စဉ်းစား​တွေးခေါ် လုပ်ဆောင်​ခဲ့တယ်။ ဘုရားသခင့် အလိုတော်​နဲ့ စံနှုန်းတွေ​အတိုင်း နေထိုင်​ခဲ့တယ်။ (ယော. ၈:၂၉။ ၁၄:၉။ ၁၅:၁၀) ဥပမာ၊ ယေဟောဝါရဲ့ ထောက်ထားစာနာမှု​ကို ပရောဖက် ဟေရှာယ ဘယ်လို ဖော်ပြထား​ကြောင်း သတိပြု​ပါ။ အဲဒီ​ဖော်ပြချက်ကို ယေရှုရဲ့ ခံစားချက်​နဲ့ပတ်သက်ပြီး ခရစ်ဝင်ကျမ်း​ရေးသူ မာကု​ရဲ့ ဖော်ပြချက်​နဲ့ နှိုင်းယှဉ်​ကြည့်ပါ။ (ဟေရှာယ ၆၃:၉။ မာကု ၆:၃၄ ကို​ဖတ်ပါ။) အကူအညီ လိုအပ်သူ​တွေကို ကျွန်တော်တို့​လည်း ယေရှု​လိုပဲ ထောက်ထားစာနာ​ဖို့ အသင့်ရှိ​ကြ​သလား။ ယေရှုဟာ သတင်းကောင်း ဟောပြော​သွန်သင်ခြင်း​လုပ်ငန်းမှာ ကိုယ့်ကိုယ်ကိုယ် မြှုပ်နှံ​ခဲ့တယ်။ (လု. ၄:၄၃) အဲဒီ​သဘောထား၊ လုပ်ရပ်အားလုံး​ဟာ စွမ်းအားတော် လမ်းပြမှု​နောက် လိုက်​သူ​ဖြစ်ကြောင်း မှတ်သား​ဖော်ပြတယ်။

၁၃၊ ၁၄။ (က) စွမ်းအားတော် လမ်းပြမှု​နောက် လိုက်နေ​တဲ့ မျက်မှောက်ခေတ် ပုံသက်သေ​ရှင်​တွေဆီကနေ ဘာသင်ယူနိုင်သလဲ။ (ခ) ဥပမာတစ်ခု ပြောပြ​ပါ။

၁၃ ကျမ်းစာ​ပုံသက်သေ​တွေအပြင် ဒီနေ့ခေတ်မှာ​လည်း ခရစ်တော်ရဲ့ စိတ်သဘော​မျိုး တင်ပြ​ဖို့၊ စွမ်းအားတော် လမ်းပြမှု​နောက် လိုက်​ဖို့ ကြိုးစား​နေတဲ့​သူ များစွာ ရှိ​ပါတယ်။ အမှုဆောင်လုပ်ငန်းမှာ သူတို့ရဲ့ ဇွဲ၊ ဧည့်ဝတ်ကျေပွန်မှု၊ ထောက်ထားစာနာမှု၊ တခြား အရည်အသွေးကောင်း​တွေကို သတိပြုမိ​နိုင်ပါတယ်။ ကျွန်တော်တို့​လိုပဲ သူတို့​လည်း ဘုရားရေးရာ အရည်အသွေး​တွေ မွေးမြူဖို့ ကြိုးစား​ရင်း အားနည်းချက်​တွေ၊ မစုံလင်မှု​တွေကို တိုက်လှန်​နေကြ​ရတယ်။ ဘရာဇီး​နိုင်ငံ​က ညီအစ်မ ရေ​ချယ် ဒီလိုပြောတယ်– “လောကရဲ့ ဖက်ရှင်​တွေကို ကြိုက်​လို့ ဣန္ဒြေရှိရှိ မဝတ်စား​ခဲ့ဘူး။ ဒါပေမဲ့ အမှန်တရား သိလာ​တော့ စွမ်းအားတော် လမ်းပြမှု​နောက် လိုက်​ဖို့ ကြိုးစား​ခဲ့တယ်။ ပြောင်းလဲဖို့ မလွယ်​ဘူး။ ဒါပေမဲ့ အခု ပို​ပျော်​နေ​ပြီ။ ဘဝ​ရဲ့ စစ်မှန်တဲ့ ရည်ရွယ်ချက် ရှာတွေ့​နေ​ပြီ။”

၁၄ ဖိလစ်ပိုင်​နိုင်ငံ​က ရေ​လင်း​မှာ အခက်အခဲ နောက်​တစ်မျိုး ရှိတယ်။ ဘဝရှေ့ရေး​အတွက် အဆင့်မြင့်ပညာရေး လိုက်စား​ဖို့၊ အလုပ်​ကောင်းကောင်း ရဖို့ အာရုံစိုက်​ခဲ့တယ်။ “ဘုရားရေးရာ ပန်းတိုင်တွေ ဝေ​ဝါး​လာတယ်။ ဒါပေမဲ့ ဘဝ​မှာ အလုပ်​ထက် အရေးကြီးတဲ့​အရာ​တစ်ခုခု လို​နေတယ်​ဆိုတာ သိလာ​တယ်။ ဒါကြောင့် ယေဟောဝါ​ကို အမှုဆောင်ဖို့ ပြန်​အာရုံစိုက်​ခဲ့ရတယ်” လို့ ပြောတယ်။ အဲဒီအချိန်ကစပြီး ရေ​လင်း​ဟာ မဿဲ ၆:၃၃၊ ၃၄ မှာ​ပါတဲ့ ယေဟောဝါရဲ့ ကတိ​ကို ယုံကြည်​တဲ့ သက်ရှိ​ပုံသက်သေ ဖြစ်လာတယ်။ “ကျွန်မကို ယေဟောဝါ စောင့်ရှောက်​မယ်ဆို​တာ အသေအချာ သိထား​တယ်” လို့ ရေ​လင်း ပြောတယ်။ ကိုယ့်​အသင်းတော်​မှာ အလားတူ ပုံသက်သေ​ရှင်​တွေ ရှိ​နိုင်ပါတယ်။ ခရစ်တော်​နောက် လိုက်နေ​တဲ့ အဲဒီသစ္စာရှိ​သူတွေကို တုပ​ဖို့ လှုံ့ဆော်​ခံ​ရတယ် မဟုတ်လား။—၁ ကော. ၁၁:၁။ ၂ သက်. ၃:၇

“ခရစ်တော်ရဲ့ စိတ်သဘောထား” ရှိပါ

၁၅၊ ၁၆။ (က) ခရစ်တော်​နဲ့ တူ​ဖို့ ဘာ​လုပ်​ရ​မ​လဲ။ (ခ) “ခရစ်တော်ရဲ့ စိတ်သဘောထား” မျိုး​ရှိကြောင်း ဘယ်လို တင်ပြ​နိုင်သလဲ။

၁၅ ခရစ်တော်​ကို ကျွန်တော်တို့​တစ်ဦးစီ ဘယ်လို တုပ​နိုင်သလဲ။ ၁ ကောရိန္သု ၂:၁၆ မှာ “ခရစ်တော်ရဲ့ စိတ်သဘောထား” ရှိ​ခြင်း​အကြောင်း ဖော်ပြထားတယ်။ ရောမ ၁၅:၅ မှာ “ခရစ်တော်​ယေရှု​မှာ​ရှိတဲ့ စိတ်သဘောထား” ရှိ​ခြင်း​အကြောင်း ပြောထားတယ်။ ခရစ်တော်​နဲ့​တူ​ဖို့ ခရစ်တော်ရဲ့ စဉ်းစား​ပုံ၊ ကိုယ်ရည်ကိုယ်သွေး​တွေကို အပြည့်အဝ သိထား​ရမယ်။ ပြီးတော့ ခရစ်တော်ရဲ့ ခြေရာ​အတိုင်း လိုက်လျှောက်​ရမယ်။ ယေရှုရဲ့ စိတ်သဘော​က ဘုရား​သခင်​နဲ့ ဆက်ဆံရေးကို အဓိက​ထားတယ်။ ဒါကြောင့် ယေရှုနဲ့​တူ​ရင် ယေဟောဝါနဲ့ ပို​တူ​လာတယ်။ ဒီ​အချက်​တွေ​က ယေရှု​လို စဉ်းစား​ဖို့ ဘယ်လောက် အရေးကြီးကြောင်း ရှင်းလင်း​စွာ ဖော်ပြတယ်။

၁၆ ယေရှု​လို ဘယ်လို စဉ်းစား​နိုင်သလဲ။ ယေရှုရဲ့ တပည့်​တွေ​က ယေရှုရဲ့ အံ့ဖွယ်အမှု​တွေကို မြင်ခဲ့​ကြ​တယ်။ ဟောပြောချက်တွေ ကြားခဲ့​ကြ​တယ်။ လူပေါင်း​စုံ​နဲ့ ဘယ်လို ဆက်ဆံ​ခဲ့​ကြောင်း တွေ့ခဲ့​ကြ​တယ်။ ဘုရားရေးရာ အခြေခံ​မူတွေ​ကို ဘယ်လို ကျင့်သုံး​ခဲ့​ကြောင်း သတိပြု​ခဲ့ကြတယ်။ “သူ​လုပ်ခဲ့တဲ့​အရာတွေ​နဲ့ ပတ်သက်​လာ​ရင် ကျွန်တော်တို့ဟာ မျက်မြင်​သက်သေ​တွေပဲ” လို့ ပြော​ကြ​တယ်။ (တ. ၁၀:၃၉) ကျွန်တော်တို့​က​တော့ ယေရှု​ကို တိုက်ရိုက် မမြင်​တွေ့​နိုင်​ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ စိတ်​ထဲမှာ ယေရှုရဲ့ ကိုယ်ရည်ကိုယ်သွေး​တွေ အသက်ဝင်​လာ​စေဖို့ ခရစ်ဝင်ကျမ်း​မှတ်တမ်းတွေကို ယေဟောဝါ မေတ္တာပါ​စွာ ပြင်ဆင်ပေး​ထားတယ်။ မဿဲမာကုလုကာယောဟန်​ကျမ်းတွေ​ကို ဖတ်ရှု​တွေးတောခြင်း​အားဖြင့် ခရစ်တော်ရဲ့ စိတ်သဘော​ကို ရရှိနိုင်ပါတယ်။ ဒီနည်းနဲ့ “သူ့​ခြေရာ​ကို ထက်ကြပ်မကွာ လိုက်လျှောက်” နိုင်​ပြီး “ခရစ်တော်​လို စိတ်သဘောထား​နဲ့ ကိုယ့်ကိုယ်ကိုယ် အားဖြည့်ထား” နိုင်ပါတယ်။—၁ ပေ. ၂:၂၁။ ၄:၁

၁၇။ ခရစ်တော်​လို စဉ်းစား​တွေးခေါ်​ခြင်းက ဘယ်လို ကူညီပေး​မ​လဲ။

၁၇ ခရစ်တော်​လို စဉ်းစား​ဖို့ သင်ယူခြင်း​က ကျွန်တော်တို့ကို ဘယ်လို ကူညီပေး​မ​လဲ။ အာဟာရရှိတဲ့ အစားအစာက ခန္ဓာ​ကိုယ်ကို အားရှိ​စေ​သလို ခရစ်တော်ရဲ့ စဉ်းစား​ပုံကို တွေးတောခြင်း​က ဘုရားတရား​စိတ်ဓာတ်​ကို အားရှိ​စေတယ်။ ဘယ်​အခြေအနေ​မှာ ခရစ်တော် ဘယ်လို လုပ်​မယ်ဆို​တာ တဖြည်းဖြည်း သိလာ​တယ်။ ဒါက သိစိတ် ကြည်လင်​စေတဲ့၊ ဘုရားသခင့် မျက်နှာသာ ရစေ​တဲ့ ဆုံးဖြတ်ချက်ကောင်းတွေ ချဖို့ ကူညီပေးတယ်။ အဲဒီ​အကျိုး​ကျေးဇူးတွေ​က “ယေရှု​ခရစ်ကို အတုယူ” ဖို့ အကြောင်းကောင်း​တွေ ဖြစ်မှန်း သဘောတူတ​ယ် မဟုတ်လား။—ရော. ၁၃:၁၄

၁၈။ စွမ်းအားတော် လမ်းပြမှု​နောက် လိုက်​သူ​ဖြစ်​ခြင်း​အကြောင်း ဆွေးနွေးမှု​က​နေ ဘာ​သိရှိ​ခဲ့ရ​သလဲ။

၁၈ စွမ်းအားတော် လမ်းပြမှု​နောက် လိုက်ခြင်း​ဆိုတာ ဘာကို ဆိုလို​မှန်း သုံးသပ်​ခဲ့ကြ​ပြီ။ စွမ်းအားတော် လမ်းပြမှု​နောက် လိုက်​သူတွေ​ရဲ့ ပုံသက်သေ​တွေဆီကနေ သင်ယူ​နိုင်​ကြောင်း​လည်း သိရှိ​ခဲ့ရ​ပြီ။ “ခရစ်တော်ရဲ့ စိတ်သဘောထား” ရှိ​ခြင်းက ဘုရား​သခင်​နဲ့ ဆက်ဆံရေး ခိုင်မာ​လာအောင် ကူညီပေး​ကြောင်း သိခဲ့​ရ​ပြီ။ ဒါပေမဲ့ ကျွန်တော်တို့ စဉ်းစား​သင့်တဲ့ တခြား​ကဏ္ဍ​တွေလည်း ရှိသေးတယ်။ ဥပမာ၊ ကိုယ့်ရဲ့ ဘုရားတရား​စိတ်ဓာတ် ဘယ်လောက် ခိုင်မာ​ကြောင်း ဘယ်လို ဆန်းစစ်​နိုင်သလဲ။ အဲဒီ​စိတ်ဓာတ်​ကို ပျိုးထောင်​ဖို့ ဘာ​လုပ်နိုင်​သေး​သလဲ။ နေ့စဉ် ဘဝ​အပေါ် ဘယ်လို အကျိုးသက်ရောက်​မ​လဲ။ ဒီမေးခွန်း​တွေကို နောက်​ဆောင်းပါး​မှာ အဖြေပေး​သွား​ပါမယ်။