မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘဝအတ္ထုပ္ပတ္တိ

အစပိုင်းမှာ နွမ်းပါးပေမဲ့ နောက်ပိုင်းမှာ ကြွယ်ဝ

အစပိုင်းမှာ နွမ်းပါးပေမဲ့ နောက်ပိုင်းမှာ ကြွယ်ဝ

အမေရိကန်​ပြည်ထောင်စု၊ အင်ဒီးယားနားပြည်နယ်၊ လစ်ဘာတီ​မြို့ငယ်​လေး​က အခန်း​တစ်ခန်း​ပဲ ရှိတဲ့ သစ်လုံး​အိမ်​လေးမှာ ကျွန်တော် မွေးလာတယ်။ အစ်ကိုတစ်ယောက်၊ အစ်မ​နှစ်ယောက် ရှိပြီး ညီနှစ်ယောက်​နဲ့ ညီမလေး​တစ်ယောက် ထပ်​ရလာတယ်။

ကျွန်တော်​နေခဲ့တဲ့ သစ်လုံး​အိမ်

ကျောင်းသားဘဝ​မှာ အပြောင်းအလဲ သိပ်​မရှိပါဘူး။ ပထမတန်း​က​နေ ကျောင်းပြီး​တဲ့​အထိ ဒီ​အတန်းဖော်​တွေနဲ့​ပဲ။ မြို့ထဲမှာ လူအားလုံး​နီးပါး​က ရင်းရင်းနှီးနှီး သိကြတယ်။

ကျွန်တော်တို့ မောင်နှမ ခုနစ်​ယောက်​ရှိပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ လယ်​လုပ်ငန်း​အကြောင်း ကျွန်တော် အတော်​သိလာ

လစ်ဘာတီ​မြို့​ပတ်လည်​မှာ စိုက်ခင်း​တွေ​ချည်း​ပဲ။ ပြောင်းကို အဓိက စိုက်​တယ်။ ကျွန်တော် မွေးလာ​တော့ အဖေ​က လယ်သမား​တစ်ယောက်​ဆီမှာ အလုပ်လုပ်တယ်။ ကျွန်တော် ဆယ်ကျော်သက်​အရွယ် ရောက်တော့ ထွန်စက် မောင်း​တတ်လာပြီး လယ်​အလုပ်ကို အတော်​လုပ်​တတ်​နေ​ပြီ။

ကျွန်တော် မွေးလာ​တုန်းက အဖေ​က အသက် ၅၆ နှစ်၊ အမေက ၃၅ နှစ်။ အဖေ​က ဗလ​ကောင်းပြီး ကျန်းမာသန်စွမ်း​တယ်။ အလုပ်ကြိုးစား​တယ်။ သားသမီးတွေကိုလည်း အလုပ်ကြိုးစား​တတ်အောင် သင်ပေးတယ်။ ငွေ​များများ မရှိပေမဲ့ စားဝတ်နေရေးကို ဖူဖူလုံလုံ ထောက်ပံ့​ပေးတယ်။ အသက် ၉၃ နှစ်မှာ အဖေ ဆုံးသွားတယ်။ အမေက ၈၆ နှစ်မှာ ဆုံး​တယ်။ သူတို့​နှစ်ယောက်စလုံး ယေဟောဝါကို မကိုးကွယ်​ခဲ့ကြ​ဘူး။ မောင်နှမ​တွေ​ထဲမှာ ညီ​တစ်ယောက်​ပဲ အကြီးအကဲ အစီအစဉ် စတင်​တဲ့ ၁၉၇၀ အစောပိုင်းကတည်းက အကြီးအကဲ​အဖြစ် သစ္စာရှိရှိ အမှုဆောင်​နေတယ်။

ငယ်စဉ်ဘဝ

အမေ​ဟာ ဘုရားတရား ကိုင်းရှိုင်းသူ​ပါ။ တနင်္ဂနွေ​နေ့တိုင်း ကျွန်တော်တို့ကို နှစ်ခြင်း​ဘုရားကျောင်း ခေါ်သွားတယ်။ သုံးပါးပေါင်းတစ်ဆူ​အကြောင်း အသက် ၁၂ နှစ်​အရွယ်မှာ စကြားဖူးတာ။ “ယေရှု​က ဘယ်လိုလုပ်ပြီး ခမည်းတော်​ရော သားတော်​ရော ဖြစ်နိုင်မှာလဲ” လို့​မေး​တော့ အမေက “ဒါ သိပ်​နက်နဲ​တယ်။ အမေတို့ နားလည်ဖို့ မလိုဘူး” ဆိုပြီး ဖြေ​တယ်။ ကျွန်တော် တကယ်ပဲ နားမလည်​ခဲ့​ဘူး။ အသက် ၁၄ နှစ်​ရောက်တော့ ချောင်း​ထဲမှာ နှစ်ခြင်းခံ​တယ်။ သုံးပါးပေါင်းတစ်ဆူ​အတွက် ရေထဲ သုံးကြိမ် နှစ်​ခဲ့​တယ်။

၁၉၅၂ တပ်​ထဲ​မဝင်​ခင် အသက် ၁၇ နှစ်မှာ

အထက်တန်းကျောင်း​သား​ဘဝ​မှာ သူငယ်ချင်း​တစ်ယောက်က ကြေးစား လက်ဝှေ့​သမား။ ကျွန်တော့်ကို​လည်း လက်ဝှေ့​ထိုး​ဖို့ ဆွယ်​တယ်။ ဒါနဲ့ လက်ဝှေ့​ထိုး​ကျင့်​ပြီး ဂိုးလ်ဒင်းဂလပ် လက်ဝှေ့​အသင်း​ထဲ ဝင်​လိုက်တယ်။ တစ်ခေါက် နှစ်​ခေါက် ဝင်​ထိုး​ပြီးနောက် သိပ်​မ​ကျွမ်းကျင်​တော့ လက်လျှော့​လိုက်တယ်။ နောက်ပိုင်း စစ်မှုထမ်း​ဖို့ ဆင့်ခေါ်​ခံရပြီး ဂျာမနီကို သွားရတယ်။ အဲဒီမှာ စစ်မှုထမ်း​နေတုန်း ကျွန်တော့်​မှာ ဦးဆောင်​နိုင်စွမ်း​ရှိတယ်လို့ အထက်လူကြီး ထင်​တဲ့​အတွက် အရာခံ​ဗိုလ်သင်တန်း တက်​ခိုင်း​တယ်။ သူတို့က ကျွန်တော့်ကို စစ်တပ်​မှာပဲ ဆက်လုပ်​စေ​ချင်​ကြ​တာ။ ဒါပေမဲ့ စစ်တပ်​ထဲ ဆက်​မနေချင်​လို့ နှစ်နှစ် စစ်မှုထမ်း​ပြီးနောက် ၁၉၅၆ ခုနှစ်မှာ ထွက်​လိုက်တယ်။ သိပ်​မကြာခင်မှာပဲ ထူးခြားတဲ့ တပ်​တစ်ခု​ထဲ ဝင်​လိုက်တယ်။

၁၉၅၄-၁၉၅၆ အမေရိကန်​စစ်တပ်​မှာ နှစ်နှစ် စစ်မှုထမ်း​ခဲ့

ဘဝသစ်​စ

ဒီ​အတောအတွင်း ယောက်ျား​ဝါဒ​ကို သဘောကျ​လာတယ်။ ရုပ်ရှင်​နဲ့ လူမှု​အသိုင်းအဝိုင်းမှာ မြင်ရတဲ့ ယောက်ျား​ဝါဒ​က ကျွန်တော့်ကို အတော် လွှမ်းမိုး​ခဲ့​တယ်။ ကျွန်တော့်​အထင်​တော့ တရားဟော​ဆရာတွေ ယောက်ျား မပီသ​ဘူး။ ဒါပေမဲ့ ကျွန်တော့်​ရဲ့ ရှုမြင်ပုံကို ပြောင်းလဲသွား​စေတဲ့ အရာ​တချို့ကို သိလာတယ်။ တစ်နေ့၊ အနီရောင် အမိုး​ဖွင့်​ကား​နဲ့ သွား​နေတုန်း မိန်းကလေး​နှစ်ယောက် လက်ပြ​နှုတ်ဆက်​တယ်။ သူတို့က အစ်မ​ယောက်ျား​ရဲ့ ညီမတွေ၊ ယေဟောဝါသက်သေတွေ။ သူတို့ဆီက ကင်းမျှော်စင် နဲ့ နိုးလော့! မဂ္ဂဇင်း​တွေ ယူ​ဖူး​တယ်။ ဒါပေမဲ့ ကင်းမျှော်စင်ကို ဖတ်​ရတာ သိပ်​နားမလည်​ခဲ့​ဘူး။ ဒီ​တစ်ကြိမ်​တော့ သူတို့​အိမ်မှာ ကျင်းပတဲ့ အသင်းတော် စာအုပ်ကြီးသင်တန်း တက်ဖို့ ဖိတ်ခေါ်တယ်။ ကြိုးစား​ကြည့်​မယ်လို့ ပြောလိုက်တယ်။ မိန်းကလေးတွေက ပြုံး​ပြီး “ကတိပေး​လား” လို့ မေးတော့ “ကတိ​ပေးပါတယ်” လို့ပြောလိုက်တယ်။

ကတိပေး​မိ​လို့ နောင်တ​ရပေမဲ့ ကတိ​မ​ဖျက်​ချင်​လို့ အဲဒီ​ညမှာ စာအုပ်ကြီးသင်တန်း သွား​တက်တယ်။ ကလေးတွေကို သိပ်​အထင်ကြီး​မိတယ်။ ကျမ်းစာ​အကြောင်း တော်တော် သိကြတာပဲ။ တနင်္ဂနွေ​နေ့တိုင်း အမေနဲ့ ဘုရားကျောင်း လိုက်​တက်​ခဲ့​တာ​တောင် ကျမ်းစာ​အကြောင်း ကျွန်တော် အဲဒီလောက် မသိ​ဘူး။ ဒါနဲ့ ကျမ်းစာ​လေ့လာဖို့ ဆုံးဖြတ်လိုက်တယ်။ အနန္တ​တန်ခိုးရှင် ဘုရားသခင်ရဲ့​နာမည်ဟာ ယေဟောဝါ​ဖြစ်မှန်း သိလာတယ်။ အရင်တုန်းက ယေဟောဝါသက်သေတွေ​အကြာ​င်း အမေ့ကို မေးတော့ “ယေဟောဝါ​ဆိုတဲ့ ရှေး​လူကြီးတစ်ယောက်ကို ကိုးကွယ်​ကြ​တာ” လို့ ဖြေ​တယ်။ အခု​မှ​ပဲ အမှန်အတိုင်း သိရ​တော့​တယ်။

အမှန်တရား​ပဲ​ဆို​တာ သိ​လို့ အမြန် တိုးတက်​လာတယ်။ ပထမဆုံး အစည်းအဝေး တက်ပြီး ကိုးလ​အကြာ ၁၉၅၇၊ မတ်လ​မှာ နှစ်ခြင်းခံခဲ့တယ်။ ဘဝနဲ့​ပတ်သက်တဲ့ ရှုမြင်ပုံ ပြောင်းလဲသွားတယ်။ တကယ့် ယောက်ျား​ပီသ​ခြင်း​အကြောင်း ကျမ်းစာက​နေ သိလာတယ်။ ယေရှုဟာ ပြည့်ဝ​စုံလင်သူ ဖြစ်တယ်။ ဘယ်​ယောက်ျား​မှ ယေရှုရဲ့ အစွမ်း​ခွန်အားကို မယှဉ်နိုင်​ဘူး။ ဒါပေမဲ့ တိုက်ခိုက်မှုတွေမှာ မပါဝင်ဘဲ ကျမ်းစာ ကြိုဟော​ထားတဲ့​အတိုင်း ‘ဒုက္ခ​ခံခဲ့တယ်။’ (ဟေရှာ. ၅၃:၂၊ ၇) ယေရှုရဲ့ နောက်လိုက်စစ်​တွေ​ဟာ “လူအားလုံး​နဲ့ ပြောဆိုဆက်ဆံ​တဲ့အခါ သိမ်မွေ့​တဲ့​သူ” ဖြစ်ရမယ်​ဆို​တာ ကျွန်တော်​သိလာတယ်။—၂ တိ. ၂:၂၄

နောက်​တစ်နှစ် ၁၉၅၈ မှာ ရှေ့ဆောင် စ​လုပ်တယ်။ မကြာခင်မှာပဲ ရှေ့ဆောင် ခဏနား​လိုက်တယ်။ အကြောင်းကတော့ စာအုပ်ကြီး​သင်တန်းတက်​ဖို့ ဖိ​တ်ခဲ့တဲ့ မိန်းကလေး နှစ်ယောက်​ထဲက ဂ​လို​ရီ​ယာ​နဲ့ လက်ထပ်​ဖို့ ဆုံးဖြတ်​လိုက်လို့​ပဲ။ အဲဒီလို ဆုံးဖြတ်​ခဲ့​လို့ ဘယ်တော့မှ နောင်တ​မရဘူး။ ဂ​လို​ရီ​ယာ​ဟာ အရင်က​ရော အခု​ချိန်​ထိ​ပါ ကျွန်တော့်​အတွက် တန်ဖိုးမဖြတ်​နိုင်​တဲ့ ရတနာ​ပါ။ သူ့ကို လက်ထပ်​ခဲ့​လို့ သိပ်ပျော်​တယ်။ သူ့​အကြောင်း ဖတ်ကြည့်ပါ–

“ကျွန်မတို့​က မောင်နှမ ၁၇ ယောက် ရှိတယ်။ အမေက သစ္စာရှိတဲ့ သက်သေခံ​ပါ။ ကျွန်မ အသက် ၁၄ နှစ်မှာ အမေ ဆုံးသွားတယ်။ အဲဒီအချိန်မှာ အဖေ ကျမ်းစာ​စလေ့လာ​တယ်။ အမေ မရှိတဲ့​နောက် အဖေ​က အစ်မ​နဲ့ ကျွန်မကို တစ်​လှည့်​စီ ကျောင်းတက်ခွင့်​ပေးဖို့ ကျောင်းအုပ်ကြီး​ဆီ ခွင့်တောင်း​တယ်။ အဲဒီတုန်းက အစ်မ​က အထက်တန်းကျောင်း တက်​နေတာ။ တစ်​လှည့်​စီ ကျောင်းတက်​ရ​ရင် တစ်ယောက်က အိမ်မှာ​နေပြီး အငယ်​တွေကို ထိန်း​နိုင်မယ်၊ အဖေ အလုပ်​က​ပြန်လာ​ချိန်မှာ ညစာ​အသင့်​ဖြစ်အောင် ပြင်ဆင်​ပေးနိုင်​မယ်။ ကျောင်းအုပ်ကြီး​က သဘောတူတယ်။ ဒီလိုနဲ့ အစ်မ ကျောင်းပြီး​တဲ့​အထိ တစ်​လှည့်​စီ တက်​ကြတယ်။ သက်သေခံ မိသားစု​နှစ်စု ကျွန်မတို့ကို ကျမ်းစာ​သင်ပေးတယ်။ မောင်နှမ ၁၁ ယောက် ယေဟောဝါ​သက်သေ ဖြစ်လာတယ်။ ကျွန်မ အရှက်​ကြီး​ပေ​မဲ့ အမှုဆောင်ထွက်​ရတာ ပျော်​တယ်။ နှစ်တွေ​တစ်လျှောက် ဆမ်က ကူညီပေးတယ်။”

၁၉၅၉၊ ဖေဖော်ဝါရီ​မှာ ဂ​လို​ရီ​ယာ​နဲ့ ကျွန်တော် လက်ထပ်​ပြီး အတူ ရှေ့ဆောင်​လုပ်ကြတယ်။ အဲဒီ​နှစ် ဇူလိုင်​လ​မှာ ကမ္ဘာ့ဌာနချုပ်​မှာ အမှုဆောင်​ချင်​လို့ ဗေသလ​လျှောက်လွှာ တင်​လိုက်တယ်။ ညီအစ်ကို ဆိုင်​မွန် က​ရာ​ကာ လူတွေ့မေးမြန်း​တယ်။ အဲဒီတုန်းက ဗေသလ​မှာ အိမ်ထောင်သည်​တွေကို မ​ခေါ်​ဘူးလို့ ပြောတယ်။ ဒါပေမဲ့ ကျွန်တော်တို့ စိတ်မပျက်​ပါ​ဘူး။ နှစ်ပေါင်း​များစွာ​ကြာ​မှ အဲဒီ​ဆန္ဒ ပြည့်ဝ​ခဲ့​တယ်။

ပိုလိုအပ်တဲ့​နေရာမှာ အမှုဆောင်​ချင်​လို့ ကမ္ဘာ့ဌာနချုပ်​ကို စာရေးခဲ့တယ်။ အာကင်ဆောပြည်နယ်၊ ပိုင်းဘလဖ်မြို့မှာပဲ လိုတယ်လို့ ပြန်စာ​ရတယ်။ အဲဒီတုန်းက ပိုင်း​ဘ​လ​ဖ်​မြို့မှာ လူဖြူ​အသင်းတော်​နဲ့ လူမည်း​အသင်းတော် နှစ်ခု​ပဲ​ရှိတယ်။ ကြေညာသူ ၁၄ ယောက်​ပဲ ရှိတဲ့ လူမည်း​အသင်းတော်ကို စေလွှတ်​ခံရတယ်။

လူမျိုးရေး ခွဲခြားမှုကို ရင်ဆိုင်​ခြင်း

ယေဟောဝါ​သက်သေ အသင်းတော်​တွေ​မှာ လူမျိုးရေး​ခွဲခြားမှု ဘာကြောင့် ရှိနေတာ​လဲ​ဆိုပြီး စဉ်းစား​မိ​နိုင်တယ်။ အဲဒီတုန်းက ရွေးချယ်​စ​ရာ မရှိခဲ့ဘူး။ လူဖြူ​လူမည်း ပေါင်းသင်း​တာ​က ဥပဒေ​နဲ့ မညီ​တဲ့​အပြင် အကြမ်းဖက်မှုတွေလည်း ရှိနေတယ်။ ဒေသများစွာမှာ လူဖြူ​လူမည်း အတူ​ဝတ်ပြု​ရင် နိုင်ငံ​တော်​ခန်းမ ဖျက်ဆီး​ခံရ​နိုင်တယ်။ တကယ်​လည်း ဖြစ်ခဲ့တယ်။ လူဖြူ​ရပ်ကွက်မှာ လူမည်း​သက်သေခံ​တွေ ဟော​ရင် အဖမ်းခံရ၊ အရိုက်​ခံရ​နိုင်တယ်။ ဒါကြောင့် ဟောပြော​နိုင်ဖို့ ဥပဒေ​လိုက်နာ​ရင်း အခြေအနေ​တွေ ပြောင်းလဲ​လာဖို့ မျှော်လင့်​နေ​မိတယ်။

အမှုဆောင်လုပ်ငန်းမှာ အခက်အခဲ​တွေ​ရှိတယ်။ လူမည်း​ရပ်ကွက်မှာ အမှုဆောင်​ရင်း လူဖြူ​အိမ်ကို မတော်တဆ တံခါးခေါက်​မိ​တဲ့အခါ​တွေ ရှိတယ်။ တိုတိုတုတ်တုတ် ဟော​ရ​မလား၊ တောင်းပန်​ပြီး ပြန်​ထွက်သွား​ရ​မလား​ဆို​တာ ချက်ချင်း ဆုံးဖြတ်​ရတယ်။ အဲဒီတုန်းက အဲဒီလို​ပါ​ပဲ။

ရှေ့ဆောင် လုပ်နိုင်ဖို့ ဝင်ငွေ​ရတဲ့​အလုပ် လုပ်ခဲ့​ရတယ်။ အလုပ်​အများစုက တစ်နေ့ သုံး​ဒေါ်လာ​ရတယ်။ ဂ​လို​ရီ​ယာ​က အိမ်တွေမှာ သန့်ရှင်းရေး​လုပ်တယ်။ အလုပ်​တစ်​နေရာမှာ အချိန်​တစ်ဝက်​နဲ့ ပြီး​အောင် ကျွန်တော် ကူလုပ်ပေး​ခွင့်​ရခဲ့တယ်။ အဲဒီမှာ နေ့လယ်​စာ ကျွေး​တယ်။ အေးခဲ​အောင် လုပ်​ထားတဲ့ အသင့်စား​ဗူးကို မပြန်​ခင်မှာ ကျွန်တော်တို့ မျှ​စား​ကြတယ်။ ဂ​လို​ရီ​ယာ​က အပတ်​တိုင်း အိမ်​တစ်အိမ်​မှာ မီး​ပူ​တိုက်​တယ်။ ကျွန်တော်က ခြံရှင်း၊ ပြတင်းပေါက်​ဆေး​ပြီး တခြား​တောက်​တို​မယ်​ရ အလုပ်တွေ လုပ်တယ်။ လူဖြူ​အိမ်​တစ်အိမ်​မှာ ကျွန်တော်တို့ ပြတင်းပေါက် ဆေး​တယ်။ ဂ​လို​ရီ​ယာ​က အတွင်းဘက်​၊ ကျွန်တော်က အပြင်ဘက်က ဆေး​တယ်။ တစ်​နေ​ကုန် ဆေးရတဲ့​အတွက် နေ့လယ်​စာ စား​ရတယ်။ ဂ​လို​ရီယာ​က အိမ်ထဲမှာ စား​ရတယ်။ အိမ်ရှင်​တွေနဲ့​တော့ မဟုတ်ဘူး။ ကျွန်တော်က​တော့ အပြင်ဘက် ဂိုဒေါင်​ထဲမှာ စား​ရတယ်။ ကျွန်တော် ဘယ်လိုမှ သဘောမထားပါဘူး။ စား​လို့ ကောင်းပါတယ်။ မိသားစုကလည်း သဘောကောင်း​တယ်။ ဒီ​စနစ်​ရဲ့ အတွေးအခေါ်​ကြောင့်​သာ အဲဒီလို​ဖြစ်နေတာ။ မှတ်မိ​သေးတယ်၊ တစ်ခါ​က ဓာတ်ဆီ​ဆိုင်​မှာ ကား​ဆီ​ဖြည့်​ပြီးနောက် ဂလိုရီယာ သန့်စင်​ခန်း သုံး​လို့​ရ​မရ မေးကြည့်​တော့ ဝန်ထမ်း​က ကျွန်တော့်ကို သေသေချာချာ ကြည့်ပြီး “သော့ခတ်​ထားတယ်” လို့​ပြောတယ်။

အမှတ်ရ​စ​ရာ ကြင်နာတဲ့​လုပ်ရပ်များ

ဒါပေမဲ့ ညီအစ်ကိုတွေနဲ့ ပေါင်းသင်း​ရတာ၊ အမှုဆောင်​သွား​ရတာ ပျော်​တယ်။ ပိုင်းဘလဖ်ကို စ​ရောက်​တုန်းက အသင်းတော်​အမှုထမ်း​ရဲ့ အိမ်မှာ နေကြတယ်။ သူ့​ဇနီးက မယုံကြည်သူ။ သူ့ကို ဂ​လို​ရီ​ယာ ကျမ်းစာ​သင်ပေးတယ်။ သူတို့ရဲ့ သမီး​နဲ့ သမက်ကို ကျွန်တော်က သင်ပေးတယ်။ သူတို့​သားအမိ ယေဟောဝါကို ဝတ်ပြု​ဖို့ ဆုံးဖြတ်ပြီး နှစ်ခြင်းခံခဲ့တယ်။

လူဖြူ​အသင်းတော်မှာလည်း မိတ်ဆွေတွေ ရှိတယ်။ ကျွန်တော်တို့ကို တိတ်တိတ်လေး ညစာ​ဖိ​တ်​ကျွေး​ကြတယ်။ အဲဒီတုန်းက လူမျိုးရေး​ခွဲခြားမှုနဲ့ အကြမ်းဖက်မှုကို အားပေးတဲ့ ကူကလပ်ကလန် (KKK) အဖွဲ့ သိပ်​သောင်းကျန်း​နေတာ။ ဟ​ယ်​လို​ဝိန်း​တစ်ညမှာ လူတစ်ယောက် KKK အဖွဲ့​တွေ ဝတ်​တဲ့ ဝတ်ရုံ​ဖြူ​ဝတ်​ပြီး အိမ်ရှေ့မှာ ထိုင်နေတာ မှတ်မိ​နေတုန်းပဲ။ ဒါပေမဲ့ ညီအစ်ကို​တွေ မေတ္တာ​ပြဖို့ မတွန့်ဆုတ်​ခဲ့​ဘူး။ နွေရာသီ​တစ်ခုမှာ အစည်းအဝေးကြီး သွားဖို့ ငွေ​လို​နေချိန် ညီအစ်ကို​တစ်ယောက်က ကျွန်တော့်​ရဲ့ ၁၉၅၀ ခုနှစ်​ထုတ် ဖို့ဒ်ကားကို ဝယ်​ဖို့ သဘောတူတယ်။ တစ်လ​ကြာပြီးနောက် တစ်ရက်မှာ နေ​ပူ​ထဲ အမှုဆောင်ထွက်၊ ကျမ်းစာ​သင်အံမှုတွေ သွားပြီး မော​မော​နဲ့ ပြန်လာတယ်။ အိမ်​ရောက်တော့ သိပ်​အံ့သြ​သွားတယ်။ အိမ်ရှေ့မှာ ကျွန်တော်တို့ရဲ့​ကား ရပ်​ထားပါ​လား။ “ခင်ဗျားတို့ရဲ့ ကားကို လက်ဆောင်​အဖြစ် ပြန်ယူ​လိုက်ပါ။ သင့်​ညီအစ်ကို” ဆိုတဲ့ စာတိုလေး ကား​မှန်​ရှေ့မှာ ညှပ်​ထားတယ်။

ကြင်နာမှု​ပါတဲ့ နောက်​လုပ်ရပ်​တစ်ခုကို​လည်း မမေ့နိုင်​ဘူး။ ၁၉၆၂ မှာ နယူးယောက်၊ တောင်လန်ဆင်းမှာ နိုင်ငံ​တော်​ဓမ္မအမှုကျောင်း တက်ဖို့ ဖိတ်ခေါ်​ခံရတယ်။ အသင်းတော်၊ တိုက်နယ်​နဲ့ ခရိုင် ကြီးကြပ်မှူး​တွေကို တစ်လ​ကြာ လေ့ကျင့်​ပေးတဲ့ သင်တန်း​ပဲ။ ဖိတ်ခေါ်စာ​ရချိန်မှာ ကျွန်တော် အလုပ်လက်မဲ့ ဖြစ်နေ​ပြီး ငွေကြေး ခက်ခဲ​နေတယ်။ အဲဒီအချိန်မှာ ပိုင်း​ဘ​လ​ဖ် တယ်လီဖုန်း ကုမ္ပဏီ​တစ်ခု​က အလုပ်​ခေါ်တယ်။ အလုပ်​ရ​ရင်​တော့ ဦးဆုံး လူမည်း​အလုပ်သမား​ဖြစ်​မှာ။ ကျွန်တော့်ကို အလုပ်ခန့်​မယ်​တဲ့။ ဘာ​ဆက်လုပ်​ရမလဲ။ နယူးယောက်ကို သွားဖို့ ပိုက်ဆံ မရှိဘူး။ အလုပ်ဝင်​ပြီး နိုင်ငံ​တော်​ဓမ္မအမှုကျောင်း မတက်တော့ဖို့ စဉ်းစား​ခဲ့​တယ်။ သင်တန်း​မတက်နိုင်ကြောင်း စာရေး​ခါနီး​မှာ မမေ့နိုင်​စရာ ဖြစ်ရပ်​တစ်ခု ဖြစ်ခဲ့တယ်။

တစ်မနက်​မှာ မယုံကြည်သူ​ခင်ပွန်း ရှိတဲ့ ညီအစ်မ​တစ်ယောက် တံခါး​လာ​ခေါက်​ပြီး စာအိတ်​တစ်အိတ် ပေးတယ်။ စာအိတ်​ထဲမှာ ငွေ​အပြည့်​ပဲ။ သူနဲ့ ကလေးတွေ​က ကျွန်တော် နယူးယောက်ကို သွားဖို့ ခရီးစရိတ်​ရအောင် မနက်စောစော ထပြီး ဝါ​ခင်း​ထဲမှာ ပေါင်း​ရှင်း​ခဲ့ကြ​တာ။ “သင်တန်း​သွားပြီး ရသလောက် သင်​ခဲ့​ပါ။ ပြီးရင် ကျွန်မတို့ကို ပြန်​သင်ပေးပါ” လို့​ပြောတယ်။ ဒါနဲ့ နောက်​ငါး​ပတ်​ကြာ​မှ အလုပ်ဝင်​လို့​ရ​မလား​လို့ တယ်လီဖုန်း​ကုမ္ပဏီကို မေးကြည့်​တော့ “မရဘူး” တဲ့။ ကိစ္စ​မရှိပါဘူး။ ဆုံးဖြတ်ပြီးပြီ​ပဲ။ အဲဒီ​အလုပ် လက်မခံ​ခဲ့​တာ ဝမ်းသာ​မိတယ်။

ပိုင်းဘလဖ်မှာ​နေခဲ့တဲ့ အချိန်​အကြောင်း ဂ​လို​ရီ​ယာ ပြောပြ​တယ်– “အမှုဆောင်​ရပ်ကွက်ကို သိပ်ကြိုက်တာပဲ။ သင်အံမှု ၁၅-၂၀ လောက် ရှိတယ်။ မနက်ပိုင်း အမှုဆောင်ထွက်​ပြီး သင်အံမှုတွေ သွား​လိုက်တာ တစ်ခါတလေ ည ၁၁ နာရီ အထိပဲ။ အမှုဆောင်​ရတာ သိပ်ပျော်​တယ်။ အမှန်အတိုင်း ပြော​ရ​ရင် ဒီမှာပဲ ဆက်​အမှုဆောင်​ချင်​တာ။ တိုက်နယ်​လုပ်ငန်းမှာ မပါ​ချင်ဘူး။ ဒါပေမဲ့ ယေဟောဝါ​မှာ တခြား​အစီအစဉ်​ရှိတယ်။” တကယ်​ရှိခဲ့တာ။

နယ်လှည့်​ဘဝ

ပိုင်းဘလဖ်မှာ ရှေ့ဆောင်​လုပ်​နေတုန်း အထူးရှေ့ဆောင် လျှောက်လွှာ​ဖြည့်​ခဲ့​တယ်။ တက္ကဆက် အသင်းတော်​တစ်ခုမှာ အကူအညီ လို​နေလို့ ခရိုင်ကြီးကြပ်မှူး​က ကျွန်တော်တို့ကို အထူးရှေ့ဆောင်​အဖြစ် သွား​စေချင်တယ်။ ကျွန်တော်တို့လည်း သိပ်​မျှော်လင့်​ခဲ့​တာ။ အဲဒီလို ဖြစ်ခဲ့ရင် သိပ်​ကောင်းမှာ။ စောင့်​ပြီး​ရင်း စောင့်​ခဲ့ပေ​မဲ့ အဖွဲ့အစည်း​ဆီက ဘာ​စာ​မှ မလာ​ဘူး။ တစ်နေ့​တော့ စာ​ရောက်လာတယ်။ နယ်လှည့်လုပ်ငန်း လုပ်​ရမယ်တဲ့။ ၁၉၆၅၊ ဇန်နဝါရီ​လ​မှာ​ပေါ့။ အခု အမေရိကန် ဌာနခွဲကော်မတီ ညှိ​နှိုင်း​ရေး​မှူး ညီအစ်ကို လီယန် ဝေ့ဗာလည်း အဲဒီတုန်းက တိုက်နယ်ကြီးကြပ်မှူး​အဖြစ် ခန့်အပ်​ခံရတယ်။

တိုက်နယ်ကြီးကြပ်မှူး လုပ်​ရမယ်ဆို​တော့ စိုးရိမ်​မိတယ်။ ဒီ့အရင် တစ်နှစ်ကျော်​လောက်​က ခရိုင်ကြီးကြပ်မှူး ဂျိမ်း အေ သောမ်ဆင်က ကျွန်တော့်​အရည်အချင်းကို စစ်​ခဲ့​တယ်။ တိုးတက်ဖို့ လို​နေတဲ့ ကဏ္ဍ​တွေကို မေတ္တာပါပါ ထောက်ပြပြီး တိုက်နယ်ကြီးကြပ်မှူး​တစ်ယောက်​မှာ ရှိ​ရမယ့် အရည်အသွေးကောင်း​တွေကို ပြောပြ​တယ်။ တိုက်နယ်​လုပ်ငန်းမှာ ပါဝင်​ပြီး မကြာခင်မှာပဲ အဲဒီ​အကြံပြုချက်​တွေ သိပ်​လိုအပ်​မှန်း သိလာတယ်။ ညီအစ်ကို သောမ်ဆင်ဟာ ကျွန်တော် တွဲ​အမှုဆောင်ခဲ့​ရတဲ့ ဦးဆုံး ခရိုင်ကြီးကြပ်မှူး​ပါ​ပဲ။ ဒီ​သစ္စာရှိ ညီအစ်ကို​ဆီကနေ အများကြီး သင်ယူ​ခဲ့​ရတယ်။

သစ္စာရှိ​ညီအစ်ကို​တွေဆီက ရတဲ့ အကူအညီကို ကျွန်တော် မြတ်နိုး

အဲဒီတုန်းက တိုက်နယ်ကြီးကြပ်မှူး​တွေ​ဟာ လေ့ကျင့်မှု သိပ်​မရကြဘူး။ အသင်းတော်ကို တိုက်နယ်ကြီးကြပ်မှူး လည်ပတ်​တဲ့အခါ သူနဲ့အတူ တစ်ပတ် လိုက်ကြည့်ရတယ်။ နောက်​တစ်ပတ် အသင်းတော်​နောက်​တစ်ခုကို ကျွန်တော် လည်ပတ်​တော့ သူ​လိုက်​ကြည့်​တယ်။ အကြံဉာဏ်​တွေ၊ လမ်းညွှန်ချက်တွေ ပေးတယ်။ ပြီးရင် ကိုယ့်ဟာကိုယ် တိုက်နယ် စ​ပတ်​ရတော့​တယ်။ “ငါတို့ကို တကယ်​ထားခဲ့​ပြီ​လား” လို့ ဂလိုရီယာကို ပြောခဲ့တာ မှတ်မိ​သေးတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ အရေးကြီးတဲ့ အချက်​တစ်ခုကို သိလာတယ်။ ကျွန်တော်တို့​သာ ကူညီ​ပေးတာကို လက်ခံမယ်​ဆိုရင် ကူညီပေးမယ့် ညီအစ်ကို​တွေ အမြဲ​ရှိနေတယ်။ အဲဒီတုန်းက နယ်လှည့်ကြီးကြပ်မှူး ဂျေ အာ ဘရောင်း၊ ဗေသလအိမ်သား ဖရက်ရာ့စ် စတဲ့ ဝါရင့်​ညီအစ်ကို​တွေ​ရဲ့ အကူအညီကို အခုထိ တန်ဖိုးထား​နေတုန်း​ပါ​ပဲ။

အဲဒီတုန်းက လူမျိုးရေး​ခွဲခြားမှု ပြင်းထန်​တယ်။ တစ်ခါ​က တန်​နက်​စီး​ပြည်နယ်၊ မြို့တစ်မြို့​ကို လည်ပတ်​နေတုန်း KKK အဖွဲ့​တွေ ချီတက်​လာတယ်။ နောက်​တစ်ကြိမ် အမှုဆောင်ထွက်​ပြီး အမြန်​ရ စားသောက်​ဆိုင်​မှာ နား​နေတုန်း ကျွန်တော် သန့်စင်​ခန်း​သွား​တော့ တက်တူး​ထိုးထားပြီး ရုပ်​ကြမ်း​ကြမ်း​နဲ့ လူဖြူ​တစ်ယောက် ထပြီး ကျွန်တော့်​နောက် လိုက်​လာတယ်။ ဒါကို​မြင်​တော့ ကျွန်တော်တို့​နှစ်ယောက်စလုံး​ထက် ပို​ထွား​တဲ့ လူဖြူ​ညီအစ်ကို​တစ်ယောက် လိုက်​လာပြီး “ညီအစ်ကို ဟာ့ဒ်၊ အဆင်ပြေ​ရဲ့​လား” လို့​မေးတယ်။ ဒါနဲ့ ရုပ်​ကြမ်း​ကြမ်း​နဲ့ လူဖြူ​လည်း သန့်စင်​ခန်း​တောင် မ​သုံး​တော့​ဘဲ ချက်ချင်း လှည့်ထွက်​သွားတယ်။ တကယ်တော့ လူမျိုးရေး​ခွဲခြားမှု​က လူတစ်ယောက်ရဲ့ အသားအရောင်​နဲ့ မဆိုင်​ဘဲ အာဒံ​ဆီက​ရထားတဲ့ အပြစ်​ကြောင့်​ဆို​တာ နှစ်တွေ​တစ်လျှောက် မြင်ခဲ့ရတယ်။ ညီအစ်ကို​ဆို​တာ ဘယ်​အသားရောင်​ပဲ​ဖြစ်ဖြစ် လိုအပ်​ရင် ကျွန်တော်တို့​အတွက် အသက်စွန့်​ရဲ​သူ​ဖြစ်မှန်း သိလာတယ်။

နောက်ပိုင်း ကြွယ်ဝ

ကျွန်တော်တို့ နယ်လှည့်လုပ်ငန်း​မှာ ၃၃ နှစ်မှာ ပါဝင်ခဲ့တယ်။ ကြွယ်ဝတဲ့ ကောင်းချီးတွေ၊ အားရှိစရာ အတွေ့အကြုံ​တွေ ရခဲ့တဲ့ နှစ်တွေပါပဲ။ နောက်ထပ်​ကောင်းချီး​တစ်ခု ရ​သေးတယ်။ ၁၉၉၇၊ သြဂုတ်​လ​မှာ နှစ်​အကြာကြီး မက်​ခဲ့​ရတဲ့ အိပ်မက် တကယ်​ဖြစ်လာတယ်။ ဦးဆုံးအကြိမ် လျှောက်လွှာတင်​ပြီး ၃၈ နှစ်​ကြာ​မှ အမေရိကန်​ဗေသလ​မှာ အမှုဆောင်ဖို့ ဖိတ်ခေါ်​ခံရတယ်။ နောက်​တစ်လ​မှာ စ​အမှုဆောင်​တယ်။ ဗေသလ​က တာဝန်​ရှိ​ညီအစ်ကို​တွေ ကျွန်တော့်ကို ယာယီ​ပဲ လိုတာ​လို့ ထင်​ခဲ့ပေ​မဲ့ အဲဒီလို မဟုတ်​ခဲ့​ဘူး။

ဂ​လို​ရီ​ယာ​ဟာ အခု​အချိန်​ထိ ကျွန်တော့်​အတွက် ရတနာ​ပါ​ပဲ

ဦးဆုံး လုပ်ငန်းတော်​ဌာန​မှာ တာဝန်​ရတယ်။ အတွေ့အကြုံ အများကြီး ရခဲ့တယ်။ ဌာန​က ညီအစ်ကို​တွေ​ဟာ နိုင်ငံတစ်ဝန်း​က အကြီးအကဲအဖွဲ့​တွေ၊ တိုက်နယ်ကြီးကြပ်မှူး​တွေ​ရဲ့ သိမ်မွေ့​ခက်ခဲတဲ့ မေးခွန်း​တွေကို ဖြေ​ပေး​ရတယ်။ ကျွန်တော့်ကို စိတ်ရှည်ရှည် ကူညီ​လေ့ကျင့်​ပေးခဲ့တဲ့ ညီအစ်ကို​တွေကို ကျေးဇူးတင်​လိုက်တာ။ အခု​နေ အဲဒီမှာ​သာ ပြန်​လုပ်​ခိုင်း​ရင် အစ​က​နေ ပြန်သင်​ရဦး​မှာပဲ။

ဂ​လို​ရီ​ယာ​နဲ့ ကျွန်တော် ဗေသလ​ဘဝကို မြတ်နိုး​တယ်။ မနက်စောစော ထ​တတ်တဲ့​အကျင့်​က ဗေသလ​မှာ အကူအညီ ဖြစ်စေတယ်။ တစ်နှစ်လောက် ကြာပြီးနောက် အုပ်ချုပ်ရေးအဖွဲ့ရဲ့ လုပ်ငန်းတော်​ကော်​မ​တီ​မှာ အကူ​အဖြစ် အမှုဆောင်​တယ်။ ၁၉၉၉ မှာ အုပ်ချုပ်ရေးအဖွဲ့ဝင် ဖြစ်လာတယ်။ ဒီ​တာဝန်​က​နေ အများကြီး သင်ယူ​ခဲ့​ရတယ်။ အဓိက သိလာ​တာ​က​တော့ အသင်းတော်ရဲ့ ဦးခေါင်း​ဟာ လူတစ်ဦး​တစ်ယောက် မဟုတ်ဘဲ ယေရှု​ခရစ်​ဆိုတဲ့ အချက်​ပဲ။

၁၉၉၉ ခုနှစ်​ကစပြီး အုပ်ချုပ်ရေးအဖွဲ့ဝင်​အဖြစ် အမှုဆောင်ခွင့်​ရ

အတိတ်ကို ပြန်တွေး​ကြည့်လိုက်​ရင် ပရောဖက် အာမုတ်​လို ခံစားရတယ်။ ရာသီ​အလိုက် သဖန်းသီး​ဖောက်​တဲ့၊ နိမ့်ကျတဲ့ သိုးကျောင်းသား အာမုတ်ကို ယေဟောဝါ သတိထား​မိ​ပြီး ပရောဖက်​အဖြစ် ခန့်အပ်​ခဲ့​တယ်။ ဘုရားရေးရာ​ဘက် ကြွယ်ဝစေတဲ့ အလုပ်ပါပဲ။ (အာ. ၇:၁၄၊ ၁၅) အင်ဒီးယားနားပြည်နယ်၊ လစ်ဘာတီ​မြို့ငယ်​လေး​က ဆင်းရဲတဲ့ လယ်သမား​သား ကျွန်တော့်ကို​လည်း ယေဟောဝါ သတိထား​မိ​ပြီး ပြော​မကုန်​နိုင်​လောက်အောင် များ​လှတဲ့ ကောင်းချီးတွေ သွန်းလောင်း​ပေးတယ်။ (ပညာ. ၁၀:၂၂) ကျွန်တော့်​ဘဝ အစပိုင်းမှာ ဆင်းရဲနွမ်းပါး​ပေ​မဲ့ နောက်ပိုင်းမှာ​တော့ ဘုရားရေးရာ​ဘက် ကြွယ်ဝ​လာတယ်လို့ ခံစားရတယ်။ အဲဒီလောက် ကြွယ်ဝ​မယ်လို့ တစ်ခါ​မှ မစဉ်းစား​ခဲ့ဖူး​ပါ​ဘူး။