မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘာကြောင့် “အသီးများစွာ သီး” ရ

ဘာကြောင့် “အသီးများစွာ သီး” ရ

“အသီးများစွာ သီး​ပြီး ကျွန်တော့်​တပည့်​ဖြစ်မှန်း သက်သေပြ​ကြ​ပါ။ ဒါဆိုရင် အဖဘုရား ဘုန်းထင်ရှား​လိမ့်မယ်။” —ယော. ၁၅:၈

သီချင်း– ၅၃၊ ၆၀

၁၊ ၂။ (က) ယေရှု မသေဆုံးခင်​ညမှာ တပည့်​တွေကို ဘာ​ပြောခဲ့​သလဲ။ (ဆောင်းပါး​အစမှာ​ပါတဲ့ ပုံကို ကြည့်ပါ။) (ခ) ဟောပြော​ရတဲ့ အကြောင်းရင်းကို စိတ်​စွဲမှတ်​ထားဖို့ ဘာကြောင့် အရေးကြီး​သလဲ။ (ဂ) ဘာအကြောင်း သုံးသပ်ကြ​မ​လဲ။

ယေရှု​က မသေဆုံးခင်​ညမှာ တမန်တော်​တွေနဲ့ အကြာကြီး စကား​ပြောပြီး သူတို့ကို သိပ်​ချစ်ကြောင်း စိတ်ချ​စေခဲ့တယ်။ ရှေ့ဆောင်းပါး​မှာ ဆွေးနွေး​ခဲ့တဲ့​အတိုင်း စပျစ်ပင်​ပုံဥပမာကိုလည်း ပြောခဲ့တယ်။ “အသီးများစွာ သီး” ဖို့၊ နိုင်ငံတော်သတင်းကို ခံနိုင်ရည်ရှိရှိ ဟောပြော​ဖို့ တပည့်​တွေကို အဲဒီ​ပုံဥပမာ​နဲ့ အားပေးခဲ့တယ်။—ယော. ၁၅:၈

တပည့်​တွေ ဘာ​လုပ်ဖို့ လိုအပ်​ကြောင်း​သာမက ဘာကြောင့် လုပ်သင့်တယ်​ဆိုတာကိုပါ ယေရှု ပြောပြခဲ့တယ်။ ဆက်​ဟောပြော​ရတဲ့ အကြောင်းရင်း​တွေကို အသိ​ပေးတယ်။ အဲဒီ​အကြောင်းရင်း​တွေကို သုံးသပ်​ဖို့ ဘာကြောင့် အရေးကြီး​သလဲ။ ဆက်​ဟောပြော​ရတဲ့ အကြောင်းရင်း​တွေကို စိတ်စွဲမှတ်ထားရင် “လူမျိုး​အားလုံး​အတွက် သက်သေ​ဖြစ်စေ” ရာမှာ ခံနိုင်ရည်ရှိလာမှာ ဖြစ်လို့ပဲ။ (မ. ၂၄:၁၃၊ ၁၄) ဟောပြော​ရတဲ့ ကျမ်းစာ​အကြောင်းရင်း လေးခုကို သုံးသပ်ကြည့်​ကြစို့။ ခံနိုင်ရည်ရှိရှိ သီးပွင့်ဖြစ်ထွန်း​နေဖို့ ကူညီပေးမယ့် ဘုရားပေး ဆုလက်ဆောင် လေးမျိုး​အကြောင်းကိုလည်း သုံးသပ်ကြပါမယ်။

ယေဟောဝါကို ဘုန်း​ထင်ရှားစေ

၃။ (က) ယောဟန် ၁၅:၈ မှာ ဟောပြော​ရတဲ့ ဘယ်​အကြောင်းရင်းကို ဖော်ပြ​ထားသလဲ။ (ခ) ယေရှုရဲ့ ပုံဥပမာ​မှာပါတဲ့ စပျစ်သီး​တွေ​က ဘာကို တင်စား​သလဲ။ ဒီ​တင်စားချက်​ဟာ ဘာကြောင့် သင့်လျော်​သလဲ။

ဟောပြော​ရတဲ့ အဓိက​အကြောင်းရင်း​က ယေဟောဝါကို ဘုန်း​ထင်ရှားစေ​ဖို့၊ နာမတော် သန့်ရှင်းမြင့်မြတ်​စေဖို့​ပဲ။ (ယောဟန် ၁၅:၁၊  ကိုဖတ်ပါ။) ယေရှု​က ဖခင်​ယေဟောဝါကို စပျစ်ပင် စိုက်ပျိုး​သူ၊ မိမိကိုယ်ကို စပျစ်ပင်၊ နောက်လိုက်​တွေကို စပျစ်ကိုင်းအဖြစ် တင်စား​ခဲ့​ကြောင်း သတိပြုပါ။ (ယော. ၁၅:၅) စပျစ်သီး​တွေ​က ခရစ်တော်ရဲ့ နောက်လိုက်​တွေ သီးပွင့်​တဲ့ အသီး၊ တစ်နည်းအားဖြင့် နိုင်ငံ​တော်​သတင်း ဟောပြောခြင်းကို တင်စား​တယ်။ ယေရှု​က ‘အသီးများစွာ သီး​ပါ။ ဒါဆိုရင် အဖဘုရား ဘုန်းထင်ရှား​လိမ့်မယ်’ လို့ တမန်တော်​တွေကို ပြောတယ်။ အသီး​ကော​င်း သီး​တဲ့ စပျစ်ပင်​က စိုက်ပျိုး​သူကို ဂုဏ်တက်​စေ​သလို နိုင်ငံတော်သတင်းကို အတတ်နိုင်ဆုံး ဟောပြောခြင်းက ဘုရားသခင်ကို ဘုန်း​ထင်ရှားစေတယ်။—မ. ၂၅:၂၀-၂၃

၄။ (က) ဘုရား​နာမည်ကို ဘယ်နည်းတွေနဲ့ သန့်ရှင်းမြင့်မြတ်​စေ​ကြသလဲ။ (ခ) ဘုရားနာမည် သန့်ရှင်းမြင့်မြတ်​အောင် လုပ်​ခွင့်​ရထား​လို့ ဘယ်လို ခံစားရသလဲ။

ဟောပြောခြင်း​လုပ်ငန်း​က ဘယ်နည်းနဲ့ ဘုရား​နာမည်ကို သန့်ရှင်းမြင့်မြတ်​စေ​သလဲ။ ဘုရားနာမည် ပို​သန့်ရှင်းမြင့်မြတ်​အောင် ဘယ်သူမှ မလုပ်နိုင်ဘူး။ အပြည့်အဝ သန့်ရှင်းမြင့်မြတ်​ပြီးသား​ပဲ။ ဒါပေမဲ့ “ဗိုလ်ခြေ​တို့​ရဲ့​အရှင် ယေဟောဝါ​တစ်ပါး​ပဲ သန့်ရှင်းမြင့်မြတ်​တယ်ဆိုတာ သတိရ [ရှုမြင်] ပါ” လို့ ပရောဖက် ဟေရှာယ ရေးခဲ့တာ သတိပြုပါ။ (ဟေရှာ. ၈:၁၃) ဘုရား​နာမည်ကို တခြား​နာမည်​တွေထက် ကြီးမြတ်​တယ်လို့ ရှုမြင်ခြင်း၊ တခြား​သူတွေကို အဲဒီလို ရှုမြင်​လာအောင် ကူညီပေးခြင်းအားဖြင့် ဘုရား​နာမည်ကို သန့်ရှင်းမြင့်မြတ်​စေ​ကြတယ်။ (မ. ၆:၉) ဥပမာ၊ ယေဟောဝါရဲ့ အရည်အသွေးကောင်း​တွေ၊ လူသားတွေနဲ့​ပတ်သက်ပြီး မ​ပြောင်းလဲတဲ့ ရည်ရွယ်ချက်​အကြောင်း ဟောပြောခြင်းအားဖြင့် စာတန်ရဲ့ အလိမ်​အညာ​တွေကို ဖော်ထုတ်​ပြီး ဘုရား​နာမည်ကို ကာကွယ်​ပေးကြတယ်။ (က. ၃:၁-၅) ယေဟောဝါဟာ “ဂုဏ်တင်မှု၊ ချီးမွမ်းမှုနဲ့ အစွမ်း​ခွန်အား​တွေကို ရထိုက်” ကြောင်း သိလာအောင် ရပ်ကွက်မှာ​ရှိတဲ့ လူတွေကို ကူညီခြင်းအားဖြင့်​လည်း ဘုရား​နာမည်ကို သန့်ရှင်းမြင့်မြတ်​စေ​ကြတယ်။ (ဗျာ. ၄:၁၁) ၁၆ နှစ်​ကြာ ရှေ့ဆောင်​လုပ်ခဲ့တဲ့ ညီအစ်ကို​ရူ​နာ​က “စကြဝဠာ ဖန်ဆင်းရှင်ရဲ့ သက်သေ​ဖြစ်ခွင့် ရထား​လို့ သိပ်ကျေးဇူးတင်တယ်။ အဲဒါက ဆက်​ဟောပြော​ချင်စိတ် ရှိစေတယ်” လို့ ပြောတယ်။

ယေဟောဝါနဲ့ သားတော်ကို ချစ်မြတ်နိုး

၅။ (က) ယောဟန် ၁၅:၉၊ ၁၀ မှာ ဟောပြော​ရတဲ့ ဘယ်​အကြောင်းရင်းကို ဖော်ပြ​ထားသလဲ။ (ခ) ခံနိုင်ရည် လိုအပ်​ကြောင်း ယေရှု ဘယ်လို အလေးပေး​ပြောခဲ့​သလဲ။

ယောဟန် ၁၅:၉၊ ၁၀ ကိုဖတ်ပါ။ နိုင်ငံ​တော်​သတင်း ဟော​ရတဲ့ အရေးကြီး​အကြောင်းရင်း​တစ်ခု​က ယေဟောဝါနဲ့ ယေရှုကို နှစ်နှစ်ကာကာ ချစ်​လို့​ပဲ။ (မာ. ၁၂:၃၀။ ယော. ၁၄:၁၅) ယေရှု​က တပည့်​တွေကို မိမိရဲ့​မေတ္တာ ခံစားရ​ရုံ​သာမက “အမြဲ​ခံစား” ရအောင် ကြိုးစား​ဖို့ ပြောခဲ့တယ်။ အကြောင်းကတော့ ခရစ်တော်ရဲ့ တပည့်စစ် အမြဲ​ဖြစ်နိုင်ဖို့ ခံနိုင်ရည် လိုအပ်​လို့​ပဲ။ ခံနိုင်ရည် လိုအပ်​ကြောင်း ဖော်ပြဖို့ ယောဟန် ၁၅:၉၊ ၁၀ မှာ “အမြဲ” ဆိုတဲ့ စကားလုံးကို အလေးပေးခဲ့တယ်။

၆။ ခရစ်တော်ရဲ့​မေတ္တာကို အမြဲ​ခံစား​လို​ကြောင်း ဘယ်လို ဖော်ပြ​ကြ​မ​လဲ။

ခရစ်တော်ရဲ့ မေတ္တာ အမြဲ​ခံစား​ပြီး မျက်နှာသာ ဆက်​ရ​လို​ကြောင်း ဘယ်လို ဖော်ပြ​ကြ​မ​လဲ။ ယေရှုရဲ့​ပညတ်​တွေကို လိုက်နာခြင်းအားဖြင့်​ပဲ။ ရိုးရိုးလေး ပြော​ရ​ရင်​တော့ ‘ငါ့ကို နာခံ​ပါ’ လို့ ယေရှု ပြော​နေတာ​ပဲ။ “ကျွန်တော်က အဖ​ဘုရားရဲ့ ပညတ်​တွေကို လိုက်နာ​တဲ့​အတွက် အဖ​ဘုရားရဲ့ မေတ္တာကို အမြဲခံစားရတယ်” လို့ပြောပြီး သူလုပ်ခဲ့တာကို လိုက်​လုပ်ဖို့ပဲ တောင်းဆို​ခဲ့​တယ်။ ယေရှု ပုံသက်သေ​ပြခဲ့တယ်။—ယော. ၁၃:၁၅

၇။ နာခံမှုနဲ့ မေတ္တာ ဘယ်လို ဆက်စပ်​သလဲ။

“ကျွန်တော့်​ပညတ်​တွေကို ခံယူပြီး လိုက်နာ​တဲ့​သူဟာ ကျွန်တော့်ကို ချစ်တဲ့​သူ​ပဲ” လို့ တပည့်​တွေကို ပြောပြီး နာခံမှုနဲ့ မေတ္တာ ဆက်စပ်​ပုံကို ယေရှု ဖော်ပြခဲ့တယ်။ (ယော. ၁၄:၂၁) ယေရှုရဲ့​ပညတ်​ဟာ ဘုရားဆီက လာတာဖြစ်လို့ ဟောပြောပါ​ဆိုတဲ့ ယေရှုရဲ့ ပညတ်ကို လိုက်နာခြင်းအားဖြင့် ဘုရားကို ချစ်ကြောင်း ဖော်ပြ​ကြတယ်။ (မ. ၁၇:၅။ ယော. ၈:၂၈) အဲဒီလို ချစ်ကြောင်း ပြ​ရင် ယေဟောဝါနဲ့ ယေရှုလည်း ကျွန်တော်တို့ကို အမြဲချစ်​နေ​ပါ​လိမ့်မယ်။

လူတွေကို သတိပေး

၈၊ ၉။ (က) ဟောပြော​ရတဲ့ နောက်​အကြောင်းရင်း​တစ်ခု​က ဘာလဲ။ (ခ) ယေဇကျေလ ၃:၁၈၊ ၁၉ နဲ့ ၁၈:၂၃ မှာပါတဲ့ ယေဟောဝါရဲ့​စကား​တွေ​က ဆက်​ဟောပြော​ဖို့ ဘာကြောင့် လှုံ့ဆော်ပေး​သလဲ။

ဆက်​ဟောပြော​ရတဲ့ နောက်​အကြောင်းရင်း​တစ်ခု​က လူတွေကို သတိပေးဖို့ ဖြစ်တယ်။ ကျမ်းစာမှာ နောဧကို ‘ဟောပြောသူ’ လို့ ဖော်ပြတယ်။ (၂ ပေတရု ၂:၅ ကိုဖတ်ပါ။) ရေလွှမ်းမိုးဘေး မတိုင်ခင် ဟောပြောခြင်း​လုပ်ငန်းမှာ ရောက်လာ​တော့မယ့် ဖျက်ဆီးခြင်းဘေး​အကြောင်း သတိ​ပေးတာလည်း ပါတယ်။ ဘာကြောင့် အဲဒီလို ပြောနိုင်သလဲ။ ယေရှု ဒီလိုပြောတယ်– “ရေလွှမ်းမိုးဘေး မတိုင်ခင်​တုန်းက လူတွေဟာ နောဧ သင်္ဘော​ထဲ​ဝင်​တဲ့​နေ့​အထိ စား​လိုက်၊ သောက်​လိုက်၊ ထိမ်းမြား​ပေး​စား​လိုက် လုပ်​နေကြတယ်။ ရေလွှမ်းမိုးဘေး ရောက်​ပြီး အားလုံးကို သုတ်သင်ပယ်ရှင်း​လိုက်​ချိန်​အထိ သတိ​မဲ့နေ​ကြတယ်။ လူသား ရောက်ရှိနေချိန်​မှာ​လည်း အဲဒီလိုပဲ ဖြစ်လိမ့်မယ်။” (မ. ၂၄:၃၈၊ ၃၉) လူတွေ အရေး​မ​စိုက်​ပေ​မဲ့ နောဧ သစ္စာရှိရှိ သတိပေး ဟော​ပြောခဲ့တယ်။

နိုင်ငံ​တော်​သတင်း ဟောပြောတာက လူသားတွေနဲ့​ပတ်သက်တဲ့ ဘုရားသခင့်​အလိုတော်​အကြောင်း သိလာအောင် အခွင့်အရေး ပေး​နေတာ ဖြစ်တယ်။ ယေဟောဝါ​လိုပဲ ကျွန်တော်တို့လည်း လူတွေ တုံ့ပြန်​ပြီး “အသက်ဆက်​ရှင်တာကို” လိုလား​ကြတယ်။ (ယေဇ. ၁၈:၂၃) အိမ်​တွေ၊ လူစည်ကားတဲ့​နေရာတွေမှာ ဟောတာက ဘုရား​နိုင်ငံ​တော် ရောက်လာ​တော့မယ်၊ တရားမဲ့လောကကို ဖျက်ဆီး​တော့မယ်​ဆို​တာ သတိပေး​နေတာပါ​ပဲ။—ယေဇ. ၃:၁၈၊ ၁၉။ ဒံ. ၂:၄၄။ ဗျာ. ၁၄:၆၊ ၇

လူလူချင်းကို ချစ်မြတ်နိုး

၁၀။ (က) မဿဲ ၂၂:၃၉ မှာ ဟောပြော​ရတဲ့ ဘယ်​အကြောင်းရင်းကို ဖော်ပြသလဲ။ (ခ) ဖိလိပ္ပိ​မြို့​က ထောင်မှူးကို ပေါလုနဲ့ သိလ ကူညီ​တဲ့​အကြောင်း ရှင်းပြပါ။

၁၀ ဆက်​ဟော​ရတဲ့ နောက်ထပ် အရေးကြီး​အကြောင်းရင်း​တစ်ခု​က​တော့ လူလူချင်းကို ချစ်​လို့​ပါ​ပဲ။ (မ. ၂၂:၃၉) အဲဒီ​မေတ္တာ​က ခံနိုင်ရည်ရှိရှိ ဟောပြော​ဖို့ လှုံ့ဆော်ပေးတယ်။ လူတွေဟာ အခြေအနေ ပြောင်းသွားတဲ့အခါ စိတ်သဘောထား ပြောင်း​သွားနိုင်တယ်။ တမန်တော် ပေါလုနဲ့ သိလ ကြုံ​တွေ့ခဲ့​ရတာကို သုံးသပ်ကြည့်ပါ။ ဖိလိပ္ပိ​မြို့မှာ ဆန့်ကျင်​သူတွေက သူတို့ကို ထောင်ချ​လိုက်တယ်။ ညသန်းခေါင်​မှာ ရုတ်တရက် မြေငလျင် လှုပ်​ပြီး ထောင်​တံခါး ပွင့်​သွားတယ်။ ထောင်သားတွေ ထွက်ပြေး​ကုန်ပြီ​အထင်​နဲ့ ထောင်မှူး ကိုယ့်ကိုယ်ကိုယ် သတ်​သေ​ဖို့ လုပ်တဲ့အခါ ပေါလုက “မလုပ်ပါနဲ့” လို့တားတယ်။ စိတ်​သောကရောက်​နေတဲ့ ထောင်မှူး​က “ကယ်တင်ခြင်း​ရဖို့ ဘာလုပ်ရမလဲ” လို့ မေးတဲ့အခါ “သခင်​ယေရှုကို ယုံကြည်​ပါ။ . . . ကယ်တင်ခြင်း ရ​လိမ့်မယ်” လို့​ဖြေ​တယ်။—တ. ၁၆:၂၅-၃၄

ယေဟောဝါ၊ ယေရှုနဲ့ လူလူချင်းကို ချစ်တဲ့​မေတ္တာ​က ဟောပြော​ဖို့ လှုံ့ဆော်ပေး (အပိုဒ် ၅၊ ၁၀ ကို​ကြည့်ပါ)

၁၁၊ ၁၂။ (က) ထောင်မှူး​ရဲ့ ဖြစ်ရပ်​နဲ့ ဟောပြောခြင်း​လုပ်ငန်း ဘယ်လို ဆက်စပ်နေသလဲ။ (ခ) ဘာကြောင့် ဆက်​ဟောပြော​ချင်​ရသလဲ။

၁၁ ထောင်မှူး​ရဲ့ ဖြစ်ရပ်​နဲ့ ဟောပြောခြင်း​လုပ်ငန်း ဘယ်လို ဆက်စပ်နေသလဲ။ ငလျင်လှုပ်​ပြီးနောက်​မှ ထောင်မှူး စိတ်ပြောင်း​ပြီး အကူအညီ တောင်းခံခဲ့တာကို သတိပြုပါ။ ဒီနေ့လည်း ကျမ်းစာ​သတင်းတရား လက်မခံသူ​တချို့ဟာ ဘဝ​မှာ အဖြစ်ဆိုး​တစ်ခု ကြုံ​လိုက်ရ​တဲ့အခါ စိတ်ပြောင်း​သွားပြီး အကူအညီ တောင်းခံ​လာနိုင်တယ်။ ဥပမာ၊ လူတချို့ မမျှော်လင့်​ဘဲ အလုပ်ပြုတ်​သွားတဲ့အခါ တုန်လှုပ်ချောက်ချား​သွားနိုင်တယ်။ အိမ်ထောင်​ပြိုကွဲ​သွား​လို့ စိတ်ပျက်လက်ပျက် ဖြစ်နေ​နိုင်တယ်။ ရောဂါဆိုး ရှိမှန်း သိလိုက်​ရလို့ ဘာ​လုပ်​ရ​မှန်း​မသိ ဖြစ်နေ​နိုင်တယ်။ ချစ်ရသူ သေဆုံးသွားလို့ ကြေကွဲ​သူတွေလည်း ရှိ​နိုင်တယ်။ အဲဒီလို​ဖြစ်ရပ်​တွေ ကြုံရလို့ စိတ်သောက​ရောက်နေ​သူ​တချို့ဟာ တစ်ချိန်က မစဉ်းစား​မိ​တဲ့ ဘဝရည်ရွယ်ချက်​အကြောင်း စဉ်းစား​လာကြတယ်။ ‘ကယ်တင်​ခံရဖို့ ဘာလုပ်ရမလဲ’ လို့​တောင် တွေးမိ​နိုင်တယ်။ သူတို့ကို ဟောပြောတဲ့​အခါ မျှော်လင့်ခြင်း သတင်းကောင်းကို ဦးဆုံးအကြိမ် နားထောင်​လာနိုင်တယ်။

၁၂ သစ္စာရှိရှိ ဆက်​ဟောပြောနေ​ခြင်းအားဖြင့် လူတွေ​လက်ခံဖို့ အသင့်​ရှိနေ​ချိန်မှာ နှစ်သိမ့်​ပေးနိုင်​မှာ ဖြစ်တယ်။ (ဟေရှာ. ၆၁:၁) အချိန်ပြည့်​သက်တမ်း ၃၈ နှစ် ရှိပြီ​ဖြစ်တဲ့ ရှားလော့ထ်က “အခုခေတ်​မှာ လူတွေ လမ်းပျောက်​နေကြတယ်။ သတင်းကောင်း​ကြား​ဖို့ အခွင့်အရေး ပေး​ရမယ်” လို့​ပြောတယ်။ ရှေ့ဆောင်​သက်တမ်း ၃၄ နှစ်​ရှိတဲ့ အီဗာ​က​လည်း “လူတွေ ပိုပြီး စိတ်ဓာတ်ကျ​လာ​နေတယ်။ သူတို့ကို ကူညီ​ချင်တဲ့​စိတ်​က ဟောပြော​ဖို့ လှုံ့ဆော်ပေးတယ်” လို့ ပြောတယ်။ လူလူချင်းကို ချစ်တဲ့​စိတ်​က ဆက်​ဟောပြော​ဖို့ အကြောင်းကောင်း​ပါ​ပဲ။

ခံနိုင်ရည်ရှိဖို့ ကူညီ​ပေးတဲ့ ဆုလက်ဆောင်​များ

၁၃၊ ၁၄။ (က) ယောဟန် ၁၅:၁၁ မှာ ဘယ်​ဆုလက်ဆောင်​အကြောင်း ဖော်ပြ​ထားသလဲ။ (ခ) ယေရှု​ခံစားရတဲ့ ရွှင်လန်းမှု​မျိုး ဘယ်လို ခံစားရ​မ​လဲ။ (ဂ) ရွှင်လန်းမှုက အမှုဆောင်လုပ်ငန်း​အပေါ် ဘယ်လို သက်ရောက်မှု​ရှိသလဲ။

၁၃ ယေရှု​က မသေဆုံးခင် နောက်ဆုံး​ညမှာ ခံနိုင်ရည်ရှိရှိ သီးပွင့်ဖြစ်ထွန်း​ဖို့ ကူညီပေးမယ့် ဆုလက်ဆောင်​တွေ​အကြောင်း​လည်း တမန်တော်​တွေကို ပြောခဲ့တယ်။ အဲဒီ​ဆုလက်ဆောင်​တွေ​က ဘာတွေလဲ။ ကျွန်တော်တို့ ဘယ်လို အကျိုး​ရ​နေသလဲ။

၁၄ ရွှင်လန်းခြင်း ဆုလက်ဆောင်။ ဟောပြောပါ​ဆိုတဲ့ ယေရှုရဲ့​ပညတ်​က ဝန်ထုပ်ဝန်ပိုး ဖြစ်​သလား။ မဖြစ်ပါဘူး။ စပျစ်ပင်​ပုံဥပမာ​ကို ပြောပြီး​နောက် ယေရှု​က နိုင်ငံ​တော်​သတင်း ဟောပြော​သူတွေ ရွှင်လန်း​ကြ​မယ်လို့ ပြောခဲ့တယ်။ (ယောဟန် ၁၅:၁၁ ကိုဖတ်ပါ။) တကယ်တော့ မိမိ​မှာ​ရှိတဲ့ ရွှင်လန်းမှု​မျိုး ခံစား​ရမယ်လို့ ကတိပေး​နေတာ။ အစပိုင်းမှာ ဖော်ပြသလို ယေရှု​က မိမိကိုယ်ကို စပျစ်ပင်၊ တပည့်​တွေကို စပျစ်​ကိုင်းတွေ​အဖြစ် တင်စား​တယ်။ စပျစ်ပင်​က စပျစ်​ကိုင်း​တွေကို ထောက်ပံ့​ပေးတယ်။ စပျစ်ကိုင်းတွေဟာ စပျစ်ပင်​နဲ့ တွယ်​ဆက်နေ​သ​ရွေ့ ရေ​နဲ့ အာဟာရကို ရရှိတယ်။ ကျွန်တော်တို့လည်း ခရစ်တော်ရဲ့ ခြေ​ရာကို အနီးကပ် လိုက်လျှောက်ပြီး ခရစ်တော်​နဲ့ တစည်းတလုံးတည်း ဖြစ်နေ​သ​ရွေ့ ဖခင်​ရဲ့​အလိုတော်​ဆောင်​ရာမှာ ယေရှု ခံစားရတဲ့ ရွှင်လန်းမှု​မျိုး ခံစား​ရပါလိမ့်မယ်။ (ယော. ၄:၃၄။ ၁၇:၁၃။ ၁ ပေ. ၂:၂၁) အနှစ် ၄၀ ကြာ ရှေ့ဆောင်​လုပ်ခဲ့တဲ့ ဟဲနီက “အမှုဆောင်ထွက်​ပြီး​တိုင်း သိပ်ပျော်​တယ်။ ယေဟောဝါရဲ့​အမှုတော်မှာ ဆက်​ပါဝင်ချင်စိတ် ရှိ​လာတယ်” လို့​ပြောတယ်။ အဲဒီ​ရွှင်လန်းမှုက ခက်ခဲတဲ့​ရပ်ကွက်မှာ​တောင် ဆက်​ဟောပြော​ဖို့ ခွန်အား​ရှိစေတယ်။—မ. ၅:၁၀-၁၂

၁၅။ (က) ယောဟန် ၁၄:၂၇ မှာ ဘယ်​ဆုလက်ဆောင်​အကြောင်း ဖော်ပြ​ထားသလဲ။ (ခ) ငြိမ်သက်ခြင်းက ဆက်​သီးပွင့်​ဖို့ ဘယ်လို ကူညီပေး​သလဲ။

၁၅ ငြိမ်သက်ခြင်း ဆုလက်ဆောင်။ (ယောဟန် ၁၄:၂၇ ကိုဖတ်ပါ။) ယေရှု​က မသေဆုံးခင် နောက်ဆုံး​ည အစောပိုင်း​မှာ “[ကျွန်တော့်​ရဲ့] ငြိမ်သက်ခြင်းကို ပေးခဲ့​မယ်” လို့ တမန်တော်​တွေကို ပြောတယ်။ အဲဒီ​ငြိမ်သက်ခြင်း ဆုလက်ဆောင်​က သီးပွင့်ဖြစ်ထွန်း​ဖို့ ဘယ်လို ကူညီပေး​သလဲ။ ကျွန်တော်တို့ ခံနိုင်ရည်တင်ပြတဲ့​အခါ ယေဟောဝါနဲ့ ယေရှုရဲ့ မျက်နှာသာ ရထားတယ်​ဆိုတဲ့ အသိစိတ်ကြောင့် ငြိမ်သက်မှု ခံစားရတယ်။ (ဆာ. ၁၄၉:၄။ ရော. ၅:၃၊ ၄။ ကော. ၃:၁၅) အချိန်ပြည့်​သက်တမ်း ၄၅ နှစ် ရှိပြီ​ဖြစ်တဲ့ ညီအစ်ကို အူဖ်က “ဟောပြောခြင်း​လုပ်ငန်းမှာ မောပန်း​ပေ​မဲ့ စစ်မှန်တဲ့​ကျေနပ်​မှုနဲ့ ဘဝရည်ရွယ်ချက် ရရှိ​စေတယ်” လို့​ပြောတယ်။ တည်မြဲ​တဲ့​စိတ်ငြိမ်သက်မှု ရထားတာ ကျေးဇူးတင်စရာ​ပါ​ပဲ။

၁၆။ (က) ယောဟန် ၁၅:၁၅ မှာ ဘယ်​ဆုလက်ဆောင်​အကြောင်း ဖော်ပြ​ထားသလဲ။ (ခ) ဘယ်နည်းနဲ့ တမန်တော်​တွေ ယေရှုရဲ့​မိတ်ဆွေ အမြဲ​ဖြစ်နိုင်မလဲ။

၁၆ မိတ်ဆွေ ဆုလက်ဆောင်။ တမန်တော်​တွေကို ရွှင်လန်းမှု “အပြည့်အဝ ခံစား” စေ​လို​တဲ့​အကြောင်း ပြောပြီး​နောက် ကိုယ်ကျိုးစွန့်​မေတ္တာ​ပြဖို့ အရေးကြီးကြောင်း ယေရှု ရှင်းပြ​တယ်။ (ယော. ၁၅:၁၁-၁၃) “ခင်ဗျားတို့ကို မိတ်ဆွေ​လို့ ခေါ်​မယ်” ဆိုပြီး ဆက်ပြောတယ်။ ယေရှုရဲ့ မိတ်ဆွေ​ဖြစ်​ရတာ အဖိုးတန် လက်ဆောင်​ပါ​ပဲ။ ယေရှုရဲ့ မိတ်ဆွေ ဆက်ဖြစ်နေဖို့ တမန်တော်​တွေ ဘာလုပ်ရမလဲ။ “အသီး သီး​မြဲ​သီး​နေ” ရမယ်။ (ယောဟန် ၁၅:၁၄-၁၆ ကိုဖတ်ပါ။) အစောပိုင်း နှစ်နှစ်​လောက်​တုန်းက တမန်တော်​တွေကို ယေရှု​က “‘ကောင်းကင်​နိုင်ငံ နီး​နေ​ပြီ’ ဆိုပြီး ဟောပြော​ကြ​ပါ” လို့ ညွှန်ကြားခဲ့တယ်။ (မ. ၁၀:၇) နောက်ဆုံး​ညမှာ​လည်း သူတို့​စခဲ့တဲ့​အလုပ်ကို ခံနိုင်ရည်ရှိရှိ ဆက်​လုပ်ဖို့ အားပေးခဲ့တယ်။ (မ. ၂၄:၁၃။ မာ. ၃:၁၄) ယေရှုရဲ့​မိန့်မှာချက်ကို လိုက်နာ​ဖို့ ခက်​ပေ​မဲ့ သူတို့ အောင်မြင်​နိုင်ပါတယ်။ ယေရှုရဲ့ မိတ်ဆွေ ဆက်​ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ နောက်ထပ် ဆုလက်ဆောင်​တစ်ခု​ရဲ့ အကူအညီ လို​သေးတယ်။

၁၇၊ ၁၈။ (က) ယောဟန် ၁၅:၁၆ မှာ ဘယ်​ဆုလက်ဆောင်​အကြောင်း ဖော်ပြ​ထားသလဲ။ (ခ) အဲဒီ​ဆုလက်ဆောင်​က ယေရှုရဲ့ တပည့်​တွေကို ဘယ်လို ကူညီပေး​သလဲ။ (ဂ) အခုအချိန်မှာ ဘယ်​ဆုလက်ဆောင်​တွေ​က ခွန်အား​ရှိစေသလဲ။

၁၇ ဖြေကြားခံရတဲ့ ဆုတောင်းချက် ဆုလက်ဆောင်။ ယေရှု​က “ကျွန်တော့်​နာမည်ကို အမှီပြု​ပြီး အဖ​ဘုရားဆီ တောင်း​သမျှ ရ​လိမ့်မယ်” လို့ ပြောခဲ့တယ်။ (ယော. ၁၅:၁၆) ဒီ​ကတိ​ဟာ တမန်တော်​တွေကို သိပ်​အားရှိစေ​မှာပဲ။ * ခေါင်းဆောင် ယေရှု မကြာခင် သေဆုံးတော့မှာကို သူတို့ ကောင်းကောင်း​နားမလည်​ကြ​ဘူး။ ဒါပေမဲ့ အကူအညီ​မဲ့ မနေ​ပါ​ဘူး။ နိုင်ငံ​တော်​သတင်း ဟောပြော​ရမယ့် မိန့်မှာချက်ကို လိုက်နာ​နိုင်ဖို့ သူတို့ အသနားခံ ဆုတောင်း​သမျှကို ယေဟောဝါ ဖြေကြား​ဖို့ အသင့်​ပဲ။ သိပ်​မကြာခင်မှာပဲ သူတို့ရဲ့ ဆုတောင်းချက်ကို ယေဟောဝါ အဖြေ​ပေးခဲ့တယ်။—တ. ၄:၂၉၊ ၃၁

ဆုတောင်းချက်​တွေကို ယေဟောဝါ ဖြေကြား​မယ်ဆို​တာ စိတ်ချ​နိုင် (အပိုဒ် ၁၈ ကို​ကြည့်ပါ)

၁၈ ဒီနေ့လည်း အလားတူ​ပါ​ပဲ။ ခံနိုင်ရည်ရှိရှိ သီးပွင့်ဖြစ်ထွန်း​မယ်ဆိုရင် ယေရှုရဲ့ မိတ်ဆွေ ဖြစ်ခွင့်​ရမယ်။ ဟောပြောခြင်း​လုပ်ငန်းမှာ ကြုံရတဲ့ အခက်အခဲတွေကို ကျော်လွှား​နိုင်ဖို့ ဆုတောင်းချက်​တွေကိုလည်း ယေဟောဝါ ဖြေကြား​မယ်ဆို​တာ စိတ်ချ​နိုင်တယ်။ (ဖိ. ၄:၁၃) ဆုတောင်းချက်​တွေ ဖြေကြား​ခံရလို့၊ ယေရှုရဲ့ မိတ်ဆွေ ဖြစ်ခွင့်​ရလို့ ကျေးဇူးတင်စရာ​ပါ​ပဲ။ ယေဟောဝါ​ပေးတဲ့ ဒီလက်ဆောင်​တွေ​က ဆက်​သီးပွင့်ဖြစ်ထွန်း​ဖို့ ကူညီပေးတယ်။—ယာ. ၁:၁၇

၁၉။ (က) ဟောပြောခြင်း​လုပ်ငန်းမှာ ဘာကြောင့် ဆက်​ပါဝင်​ရမလဲ။ (ခ) ဘုရားပေး တာဝန်ကို ပြီးမြောက်​အောင် လုပ်ဆောင်ဖို့ ဘာက ကူညီပေး​သလဲ။

၁၉ ဒီဆောင်းပါးမှာ လေ့လာခဲ့တဲ့​အတိုင်း ယေဟောဝါကို ဘုန်းထင်ရှား​စေပြီး နာမတော် သန့်ရှင်းမြင့်မြတ်​စေဖို့၊ ယေဟောဝါနဲ့ ယေရှုကို ချစ်ကြောင်း ပြဖို့၊ လူတွေကို သတိပေးဖို့၊ လူလူချင်းကို ချစ်ကြောင်း ပြဖို့ ကျွန်တော်တို့ ဆက်​ဟောပြော​နေကြတယ်။ ရွှင်လန်းခြင်း၊ ငြိမ်သက်ခြင်း၊ မိတ်ဆွေဖြစ်ခွင့်​ရခြင်း၊ ဆုတောင်းချက်​တွေ ဖြေကြား​ခံရ​ခြင်း ဆုလက်ဆောင်​တွေကလည်း ဘုရားပေး​တာဝန်ကို ပြီးမြောက်​အောင် လုပ်ဆောင်ဖို့ ခွန်အား​ရှိစေတယ်။ “အသီးများစွာ သီး” နိုင်ဖို့ ကျွန်တော်တို့ စိတ်​စွမ်း​ရှိသမျှ လုပ်ဆောင်​နေတာကို ယေဟောဝါ တွေ့​တဲ့အခါ အလွန်​ပျော်ရွှင်ပါလိမ့်မယ်။

^ စာပိုဒ်၊ 17 တမန်တော်​တွေနဲ့ စကား​ပြော​ချိန်မှာ ဆုတောင်းချက်​တွေ ဖြေကြား​ခံရမယ့်​အကြောင်း ယေရှု အထပ်ထပ်​ပြောခဲ့တယ်။—ယော. ၁၄:၁၃။ ၁၅:၇၊ ၁၆။ ၁၆:၂၃