မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင့်ရန်သူကို သိပါ

သင့်ရန်သူကို သိပါ

“စာတန်ရဲ့ အကြံအစည်​တွေကို ကျွန်တော်တို့ မသိတာမှ မဟုတ်တာ။” —၂ ကော. ၂:၁၁

သီချင်း– ၁၅၀၊ ၃၂

၁။ ဧဒင်​မှာ ကျွန်တော်တို့ရဲ့ ရန်သူ​အကြောင်း ယေဟောဝါ ဘာပြောသလဲ။

မြွေ စကား​မပြော​နိုင်မှန်း အာဒံ သိတယ်။ မြွေ​က​တစ်ဆင့် ဧဝကို စကားပြော​သူဟာ နာမ်ဝိညာဉ်​ပုဂ္ဂိုလ်​ဖြစ်မှန်း အာဒံ ရိပ်မိမှာပဲ။ (က. ၃:၁-၆) အဲဒီ​ဝိညာဉ်​ပုဂ္ဂိုလ်​ကို အာဒံနဲ့ ဧဝ လုံးဝ မသိ​ဘူး။ ဒါတောင် မေတ္တာရှင် ကောင်းကင်ဖခင်ကို ကျောခိုင်း​ပြီး ဘုရားကို ဆန့်ကျင်​ရာမှာ သူစိမ်း​နဲ့ ပူးပေါင်း​ဖို့ အာဒံ တမင်​ရွေးချယ်ခဲ့တယ်။ (၁ တိ. ၂:၁၄) အာဒံနဲ့ ဧဝကို လမ်းလွဲစေတဲ့ အဲဒီ​ဆိုးညစ်​တဲ့ ရန်သူ​အကြောင်း ယေဟောဝါ ချက်ချင်း ဖော်ထုတ်​ပြီး နောက်ဆုံး ဖျက်ဆီး​ပစ်​မယ်လို့ ကတိ​ပေးခဲ့တယ်။ အဲဒီ​နာမ်ဝိညာဉ်​ပုဂ္ဂိုလ်​မှာ ဘုရားသခင်ကို ချစ်တဲ့​သူတွေကို ဆန့်ကျင်​နိုင်​တဲ့​တန်ခိုး အချိန်​အတိုင်းအတာ​တစ်ခု​အထိ ရှိမယ်လို့​လည်း သတိပေးခဲ့တယ်။—က. ၃:၁၅

၂၊ ၃။ မေရှိယ မရောက်ခင် စာတန်​အကြောင်း ဘာကြောင့် အနည်း​အကျဉ်း​ပဲ ပြော​ထားသလဲ။

မိမိကို ဆန့်ကျင်တဲ့ ကောင်းကင်တမန်​ရဲ့ နာမည်ကို ယေဟောဝါ လုံးဝ မဖော်ထုတ်ခဲ့ဘူး။ * ဧဒင်​ပုန်ကန်မှု​ပြီးနောက် နှစ်ပေါင်း ၂,၅၀​၀ ကြာ​မှ အဲဒီ​ရန်သူ​အကြောင်း ဖော်ပြတယ်။ (ယောဘ ၁:၆) ဟီဘရူးကျမ်း​စောင်​ထဲက ၁ ရာဇဝင်ချုပ်၊ ယောဘ၊ ဇာခရိ ကျမ်းသုံး​စောင်​မှာပဲ “ခုခံ​သူ” လို့ အဓိပ္ပာယ်​ရှိတဲ့ စာတန်​အကြောင်း ပါတယ်။ မေရှိယ မတိုင်ခင်​မှာ ဒီ​ရန်သူ​အကြောင်း ဘာကြောင့် အနည်း​အကျဉ်း​ပဲ ဖော်ပြထားတာ​လဲ။

ယေဟောဝါ​က ဟီဘရူးကျမ်း​စောင်​ထဲမှာ စာတန်​နဲ့ စာတန့်​လုပ်ဆောင်​မှုတွေ​အကြောင်း အများကြီး မဖော်ပြ​ဘူး။ ဟီဘရူး​ကျမ်းစောင်တွေကို ရေးသား​စေတဲ့ အဓိက​ရည်ရွယ်ချက်​က မေရှိယ ဘယ်သူဘယ်ဝါ​ဖြစ်ကြောင်း ဖော်ပြဖို့၊ ဘုရားလူမျိုးကို မေရှိယ​ဆီ လမ်းပြ​ပေးဖို့ ဖြစ်တယ်။ (လု. ၂၄:၄၄။ ဂ​လ. ၃:၂၄) အဲဒီ​ရည်ရွယ်ချက် ပြည့်စုံ​ပြီး မေရှိယ ရောက်လာတဲ့အခါ စာတန်​နဲ့ အပေါင်းပါ ကောင်းကင်တမန်တွေအကြောင်း ဖော်ပြဖို့ မေရှိယ​နဲ့ တပည့်​တွေကို ယေဟောဝါ အသုံးပြု​ခဲ့​တယ်။ * ဒါဟာ သင့်လျော်ပါတယ်။ စာတန်​နဲ့ နောက်လိုက်​တွေကို ဖျက်ဆီး​ဖို့ ယေရှုနဲ့ ဘိသိက်ခံ​တွေကို ယေဟောဝါ အသုံးပြု​မှာ ဖြစ်လို့ပဲ။—ရော. ၁၆:၂၀။ ဗျာ. ၁၇:၁၄။ ၂၀:၁၀

၄။ မာရ်နတ်ကို ဘာကြောင့် အလွန်အမင်း ကြောက်စရာ မလို​သလဲ။

တမန်တော် ပေတရု​က စာတန်​မာရ်နတ်ကို “ဟိန်းဟောက်​နေတဲ့ ခြင်္သေ့” အဖြစ် ဖော်ပြထားပြီး ယောဟန်​က “မြွေ၊” “နဂါး​ကြီး” လို့ ခေါ်ထားတယ်။ (၁ ပေ. ၅:၈။ ဗျာ. ၁၂:၉) ဒါပေမဲ့ မာရ်နတ်ကို အလွန်အမင်း ကြောက်စရာ မလို​ပါ​ဘူး။ သူ့​တန်ခိုး​ဟာ အကန့်အသတ်​ရှိတယ်။ (ယာကုပ် ၄:၇ ကိုဖတ်ပါ။) ယေဟောဝါ၊ ယေရှုနဲ့ သစ္စာရှိ ကောင်းကင်တမန်တွေ ကျွန်တော်တို့ကို ကူညီ​ပေးနေတယ်။ သူတို့ရဲ့ အကူအညီ​နဲ့ ရန်သူကို ခုခံ​တွန်းလှန်နိုင်​ပါတယ်။ ဒါပေမဲ့ အရေးကြီး​မေးခွန်း သုံးခု​ရဲ့ အဖြေကို သိ​ဖို့​လိုတယ်– စာတန်​က ဘယ်​အတိုင်းအတာ​ထိ ဩဇာ​လွှမ်းမိုး​သလဲ။ လူတစ်ဦးစီကို ဘယ်လို ဩဇာ​လွှမ်းမိုး​သလဲ။ သူ့​တန်ခိုး ဘယ်လောက် အကန့်အသတ်​ရှိသလဲ။ အဲဒီမေးခွန်းတွေကို သုံးသပ်​ရင်း သင်ခန်းစာ​တွေကိုလည်း ဆွေးနွေးကြပါမယ်။

စာတန့် ဩဇာ​လွှမ်းမိုးမှု အတိုင်းအတာ

၅၊ ၆။ လူသားတွေ အလိုအပ်ဆုံး အပြောင်းအလဲ​တွေကို လူ့အစိုးရ​တွေ ဘာကြောင့် မ​လုပ်ပေး​နိုင်ကြ​သလဲ။

ကောင်းကင်တမန် အတော်များများ​လည်း စာတန်​ဘက် ပါသွား​ကြတယ်။ ရေလွှမ်းမိုးဘေး မတိုင်ခင် လူ့​သမီး​တွေနဲ့ အကျင့်ပျက်​ဖို့ တချို့ကို စာတန်​ဆွဲဆောင်​နိုင်ခဲ့တယ်။ နဂါး​က ကောင်းကင်​ကြယ် သုံးပုံတစ်ပုံကို မိမိ​နဲ့အတူ ဆွဲချ​သွားတယ်လို့ ကျမ်းစာမှာ အဲဒီ​အကြောင်း ပုံဆောင်​ဖော်ပြထားတယ်။ (က. ၆:၁-၄။ ယု. ၆။ ဗျာ. ၁၂:၃၊ ၄) အဲဒီ​ကောင်းကင်တမန်တွေ ဘုရားသခင့်​မိသားစုကို စွန့်ခွာ​ခြင်းအားဖြင့် စာတန့်​ထိန်းချုပ်မှု​အောက် ရောက်​သွားကြတယ်။ သူတို့က ပရမ်းပတာ​အုပ်စု​တော့ မဟုတ်ဘူး။ စာတန်​ဟာ ဘုရားသခင့်​နိုင်ငံတော်ကို အတုခိုး​ပြီး ကိုယ့်ကိုယ်ကိုယ် ဘုရင်​မြှောက်​ထားတယ်။ မျက်မြင်မရ နယ်ပယ်​မှာ နတ်ဆိုးတွေကို အစိုးရ​တွေ​အဖြစ် ဖွဲ့စည်း​ပြီး အခွင့်အာဏာ ပေးထားတယ်။ လောက အုပ်စိုးရှင်​တွေ​အဖြစ် ခန့်​ထားတယ်။—ဧ. ၆:၁၂

စာတန်​က မိမိရဲ့ နာမ်ဝိညာဉ် အဖွဲ့အစည်း​အားဖြင့် လူ့အစိုးရ​အားလုံးကို ထိန်းချုပ်​ထားတယ်။ ယေရှုကို “ကမ္ဘာ့​တိုင်းနိုင်ငံ​တွေ” ပြပြီး “ဒီ​တိုင်းနိုင်ငံ​တွေကို အုပ်စိုးပိုင်ခွင့်​ရော ဘုန်းစည်းစိမ်​အားလုံးကိုပါ မင်းကို ငါ​ပေးမယ်။ ဒါတွေကို ငါ​ပိုင်​တဲ့​အတွက် ပေးချင်တဲ့​သူကို ပေး​လို့​ရတယ်” လို့ ပြောတာကို ကြည့်ခြင်းအားဖြင့် သိနိုင်တယ်။ (လု. ၄:၅၊ ၆) စာတန့် ဩဇာ​လွှမ်းမိုးမှု ရှိနေ​ပေ​မဲ့ အစိုးရ​များစွာဟာ ပြည်သူ့အကျိုး အတော်အတန် သယ်ပိုး​ကြတယ်။ စိတ်ရင်းမှန်​သူတွေလည်း ရှိကြတယ်။ ဒါပေမဲ့ ဘယ်​လူ့​အုပ်စိုးရှင်​မှ လူသားတွေ အလိုအပ်ဆုံး အပြောင်းအလဲ​တွေကို လုပ်ပေး​နိုင်စွမ်း မရှိဘူး။—ဆာ. ၁၄၆:၃၊ ၄။ ဗျာ. ၁၂:၁၂

၇။ အစိုးရ​တွေကိုသာ​မက မှားယွင်းတဲ့​ဘာသာရေး​နဲ့ စီးပွားရေး​စနစ်ကို စာတန် ဘယ်လို အသုံးပြု​နေသလဲ။ (ဆောင်းပါး​အစမှာ​ပါတဲ့ ပုံကို ကြည့်ပါ။)

စာတန်​နဲ့ နတ်ဆိုးတွေဟာ “လူ​နေထိုင်​ရာ မြေတစ်ပြင်​လုံးကို” လှည့်စား​ဖို့ အစိုးရ​တွေကိုသာ​မက မှားယွင်းတဲ့ ဘာသာရေး​နဲ့ စီးပွားရေး​စနစ်ကို​လည်း အသုံးပြု​နေတယ်။ (ဗျာ. ၁၂:၉) မှားယွင်းတဲ့ ဘာသာရေး​ကိုသုံးပြီး ယေဟောဝါ​အကြောင်း စာတန် လိမ်ညာ​ပြောတယ်။ ဘုရားရဲ့​နာမည်ကို လူတွေ မေ့သွား​အောင်​လည်း လုပ်နေတယ်။ (ယေ. ၂၃:၂၆၊ ၂၇) ရလဒ်အနေနဲ့ စိတ်​ရိုးဖြောင့်​သူတွေဟာ ဘုရားသခင်ကို ကိုးကွယ်​နေတယ်လို့ ထင်ပေမဲ့ နတ်ဆိုးတွေကို ကိုးကွယ်​နေကြတယ်။ (၁ ကော. ၁၀:၂၀။ ၂ ကော. ၁၁:၁၃-၁၅) စီးပွားရေး​စနစ်​အားဖြင့်​လည်း အ​လိမ်​အ​ညာ​တွေကို စာတန် ဖြန့်​နေတယ်။ ဥပမာ၊ ငွေ​ရှိမှ၊ ပစ္စည်းဥစ္စာ များများရှိမှ ပျော်ရွှင်​မယ်လို့ ဒီ​စနစ်​က သင်ပေးနေတယ်။ (ပညာ. ၁၈:၁၁) အဲဒီ​အလိမ်အညာကို ယုံ​တဲ့​သူတွေဟာ ဘုရားသခင်​အစား “စည်းစိမ်” ကို ကိုးကွယ်​နေကြတယ်။ (မ. ၆:၂၄) ပစ္စည်းဥစ္စာ စွဲလမ်း​တဲ့​စိတ်​က ဘုရားကို ချစ်တဲ့​စိတ် တဖြည်းဖြည်း ပျောက်​သွား​စေနိုင်တယ်။—မ. ၁၃:၂၂။ ၁ ယော. ၂:၁၅၊ ၁၆

၈၊ ၉။ (က) အာဒံ၊ ဧဝ၊ ပုန်ကန်တဲ့ ကောင်းကင်တမန်တွေ​ဆီကနေ ဘယ်​သင်ခန်းစာ နှစ်ခု သင်ယူ​နိုင်သလဲ။ (ခ) စာတန့် ဩဇာ​လွှမ်းမိုးမှု အတိုင်းအတာကို သိထားခြင်း​က​နေ ဘာအကျိုး​ရသလဲ။

အာဒံ၊ ဧဝ၊ ပုန်ကန်တဲ့ ကောင်းကင်တမန်တွေရဲ့ ပုံနမူနာ​က အရေးကြီး​သင်ခန်းစာ နှစ်ခု သင်ပေးတယ်။ ပထမ၊ ရွေးချယ်​စ​ရာ နှစ်​ဘက်​ရှိတယ်။ ယေဟောဝါ​ဘက်​နဲ့ စာတန့်​ဘက်။ တစ်ဘက်ကို ရွေးချယ်​ရမယ်။ (မ. ၇:၁၃) ဒုတိယ၊ စာတန်​နဲ့ ပူးပေါင်း​သူတွေ​ရမယ့် အကျိုးကျေးဇူး​က အကန့်အသတ် ရှိတယ်။ အာဒံနဲ့ ဧဝ​တို့ဟာ အကောင်းအဆိုး ဆုံးဖြတ်ပိုင်ခွင့် ရခဲ့ကြတယ်။ နတ်ဆိုးတွေက လူ့အစိုးရ​တွေကို အတိုင်းအတာ​တစ်ခု​အထိ ဩဇာ​လွှမ်းမိုးခွင့် ရထား​ကြတယ်။ (က. ၃:၂၂) ဒါပေမဲ့ စာတန့်​ဘက် ရပ်တည်​ရင် ဆိုးကျိုး​တွေ​ပဲ အမြဲ​ရမယ်။ စစ်မှန်တဲ့​ကောင်းကျိုး မရှိဘူး။—ယောဘ ၂၁:၇-၁၇။ ဂလ. ၆:၇၊ ၈

စာတန့်​ဩဇာ​လွှမ်းမိုးမှု အတိုင်းအတာကို သိထားခြင်း​က​နေ ဘာအကျိုး​ရသလဲ။ လောက​အာဏာပိုင်​တွေ​အပေါ် အမြင်မှန်​ရှိစေတယ်။ ဟောပြောခြင်း​လုပ်ငန်းမှာ ပါဝင်ဖို့ လှုံ့ဆော်ပေးတယ်။ အစိုးရ​အာဏာပိုင်တွေကို လေးစားဖို့ ယေဟောဝါ လိုလား​မှန်း ကျွန်တော်တို့ သိကြတယ်။ (၁ ပေ. ၂:၁၇) ဘုရား​စံနှုန်းတွေနဲ့ မဆန့်ကျင်​သ​ရွေ့ အစိုးရ​ဥပဒေတွေကို နာခံဖို့​လည်း ဘုရား​မျှော်လင့်​တယ်။ (ရော. ၁၃:၁-၄) ဒါပေမဲ့ ဘယ်​ပါတီ၊ ဘယ်​လူ့ခေါင်းဆောင်ကိုမှ မထောက်ခံ​ဘဲ နိုင်ငံရေးမှာ ကြားနေ​ရမယ်။ (ယော. ၁၇:၁၅၊ ၁၆။ ၁၈:၃၆) ယေဟောဝါရဲ့ နာမည်​နဲ့ ဂုဏ်သတင်း ထိခိုက်အောင် စာတန်​လုပ်ဆောင်နေတဲ့​အတွက် ဘုရား​နဲ့ပတ်သက်တဲ့ အမှန်တရားအကြောင်း တခြား​သူတွေကို သင်ပေးဖို့ ကျွန်တော်တို့ ပို​လှုံ့ဆော်​ခံရတယ်။ ဘုရားသခင့်​နာမည်ကို ဂုဏ်ယူဝင့်ကြွား​စွာ ခံယူ၊ အသုံးပြုကြတယ်။ ဘုရားကို​ချစ်တာက ငွေ၊ ပစ္စည်းဥစ္စာ​တွေကို တက်​မက်​စွဲလမ်း​တာ​ထက် ပို​အကျိုးရှိ​မှန်း သိထားကြတယ်။—ဟေရှာ. ၄၃:၁၀။ ၁ တိ. ၆:၆-၁၀

လူတစ်ဦးစီကို စာတန် ဘယ်လို ဩဇာ​လွှမ်းမိုး​သလဲ

၁၀-၁၂။ (က) ကောင်းကင်တမန်တွေကို သွေးဆောင်​ဖို့ ဘယ်ငါးစာကို စာတန် သုံးခဲ့​တာ ဖြစ်နိုင်သလဲ။ (ခ) သစ္စာမဲ့​တဲ့ ကောင်းကင်တမန်တွေ​ဆီကနေ ဘာသင်ယူနိုင်သလဲ။

၁၀ လူတစ်ဦးစီကို ဩဇာ​လွှမ်းမိုး​ဖို့ ထိရောက်တဲ့ နည်းလမ်းတွေကို စာတန် အသုံးပြု​နေတယ်။ ဥပမာ၊ သူ့​အလိုအတိုင်း လိုက်လုပ်ဖို့ ငါး​စာ​နဲ့ မျှားတယ်။ အ​ကြမ်း​နည်း သုံးပြီးတော့လည်း လက်အောက်​ခံစေ​တယ်။

၁၁ ကောင်းကင်တမန်များ​စွာကို မိမိ​ဘက်​ပါ​အောင် ဘယ်လို ထိထိရောက်ရောက် မျှားခဲ့သလဲ။ မမျှားခင် သူတို့​အကြောင်း တော်တော် အချိန်​ယူ​လေ့လာ​ခဲ့​မှာပဲ။ ကောင်းကင်တမန်​တချို့ ငါးစာကို ဟပ်​လိုက်တယ်။ ဆိုလိုတာ​က လူ့​မိန်းမတွေနဲ့ အကျင့်ပျက်​ခဲ့​ကြတယ်။ ဒီလိုနဲ့ လူတွေကို အနိုင်ကျင့်​တဲ့ လူထွားကြီး​တွေ မွေးဖွား​လာတယ်။ (က. ၆:၁-၄) ကောင်းကင်တမန်တွေကို သွေးဆောင်​ဖို့ လိင်အကျင့်ပျက်ခြင်းကို စာတန် သုံးခဲ့​သလို လူတွေကို လွှမ်းမိုး​ချုပ်ကိုင်​နိုင်​တဲ့ အခွင့်အာဏာ​ပေးမယ်ဆိုတဲ့ ကတိကိုလည်း သုံးခဲ့တယ်။ စာတန့် ရည်ရွယ်ချက်​က “မိန်းမ​ရဲ့​မျိုးနွယ်” မပေါ်လာအောင် တားဆီး​ဖို့​ပဲ။ (က. ၃:၁၅) ဒါပေမဲ့ ရေလွှမ်းမိုးဘေး​အားဖြင့် အဲဒီ​အကြံအစည်​အားလုံးကို ယေဟောဝါ ဖျက်ဆီး​ခဲ့​တယ်။

စာတန်က ကျွန်တော်တို့ကို အကျင့်ပျက်ခြင်း၊ မာနစိတ်၊ မှော်အတတ်တွေနဲ့ ထောင်ဖမ်း (အပိုဒ် ၁၂၊ ၁၃ ကို​ကြည့်ပါ)

၁၂ ကျွန်တော်တို့ ဘာသင်ယူနိုင်သလဲ။ အကျင့်ပျက်မှု ထောင်ချောက်​နဲ့ အတ္တစိတ်​အန္တရာယ်ကို ဘယ်တော့မှ လျှော့မတွက်​ပါနဲ့။ စာတန့်​ဘက်​ပါသွား​တဲ့ ကောင်းကင်တမန်တွေဟာ ဘုရားသခင်​ရှေ့မှာ နှစ်ပေါင်း​များစွာ အမှုဆောင်ခဲ့ကြတယ်။ အဲဒီလို ဝန်းကျင်​ကောင်းမှာ​တောင် ကောင်းကင်တမန်များ​စွာ​ဟာ မကောင်းတဲ့ ဆန္ဒ​တွေ အမြစ်တွယ်၊ ကြီးထွား​ခွင့် ပြုခဲ့​ကြတယ်။ ကျွန်တော်တို့လည်း ဘုရားသခင့် အဖွဲ့အစည်းရဲ့ မြေကြီး​ဆိုင်ရာ အပိုင်းမှာ အမှုဆောင်​နေတာ ဆယ်​စု​နှစ်များ​စွာ ရှိပြီ ဖြစ်နိုင်တယ်။ အဲဒီလို သန့်ရှင်းတဲ့​ဝန်းကျင်​မှာ​တောင် မသန့်ရှင်းတဲ့ ဆန္ဒ​တွေ အမြစ်တွယ်​လာနိုင်တယ်။ (၁ ကော. ၁၀:၁၂) စိတ်​နှလုံးကို အမြဲ​ဆန်းစစ်​ဖို့၊ အကျင့်ပျက်​အတွေးအခေါ်​တွေကို ငြင်းပယ်ဖို့၊ မာနစိတ်ကို ချိုးနှိမ်​ဖို့ သိပ်​အရေးကြီးတယ်။—ဂ​လ. ၅:၂၆။ ကောလောသဲ ၃:၅ ကိုဖတ်ပါ။

၁၃။ စာတန် အသုံးပြုတဲ့ နောက်​ငါး​စာ​က ဘာလဲ။ ဘယ်လို ရှောင်နိုင်သလဲ။

၁၃ စာတန်​သုံး​နေတဲ့ နောက်​ငါး​စာ​တစ်ခု​က​တော့ မှော်အတတ်ကို စူးစမ်း​ချင်စိတ် ဖြစ်တယ်။ မှားယွင်းတဲ့ ဘာသာရေး​နဲ့ ဖျော်ဖြေရေး​လုပ်ငန်း​အားဖြင့် နတ်ဆိုးတွေကို စိတ်ဝင်စား​လာအောင် စာတန် သွေးဆောင်​နေတယ်။ ရုပ်ရှင်၊ ဂိမ်း၊ တခြား​မီဒီယာ​တွေ​က နတ်ဆိုးပညာကို စိတ်လှုပ်ရှားစရာ​အဖြစ် ရှုမြင်​စေ​ကြတယ်။ အဲဒီ​ထောင်ချောက်​ထဲ မ​ရောက်အောင် ဘယ်လို ရှောင်နိုင်သလဲ။ လက်ခံနိုင်စရာ၊ လက်မခံနိုင်စရာ ဖျော်ဖြေရေး စာရင်း​တစ်ခု ပေးဖို့ ဘုရားသခင့် အဖွဲ့အစည်း​ဆီကနေ မမျှော်လင့်သင့်ဘူး။ ကျွန်တော်တို့​ယောက်​တိုင်း​က ဘုရားစံနှုန်းတွေ​နဲ့အညီ သိစိတ်ကို လေ့ကျင့်ပေးဖို့ လိုအပ်တယ်။ (ဟီ. ၅:၁၄) ဘုရားသခင်ကို “ဟန်ဆောင်မှု ကင်း” တဲ့ မေတ္တာနဲ့ ချစ်​မယ်ဆိုရင် ပညာရှိရှိ ရွေးချယ်​ပါ​လိမ့်မယ်။ (ရော. ၁၂:၉) ‘ငါ​ရွေးချယ်​တဲ့ ဖျော်ဖြေမှုက အရေခြုံ​ဟန်ဆောင်​သူ ဖြစ်စေသလား။ ငါ​ရွေးချယ်​တဲ့ ဖျော်ဖြေမှုကို ကျမ်းစာသင်သား၊ ပြန်လည်ပတ်မှုတွေ မြင်ရင် သွန်သင်တဲ့​အတိုင်း ကျင့်​နေတယ်လို့ ထင်ကြ​မလား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးပါ။ အပြော​နဲ့ အလုပ် ညီ​ခြင်းအားဖြင့် စာတန့် ထောင်ချောက်ကို ရှောင်​ဖို့ ပို​လွယ်ကူစေတယ်။—၁ ယော. ၃:၁၈

စာတန်က အစိုးရတားမြစ်ပိတ်ပင်မှု၊ ကျောင်းနေဖက်တွေရဲ့ ဖိအား၊ မိသားစု ဆန့်ကျင်မှု စတဲ့အကြမ်းနည်းသုံးဖို့ ကြိုးစား (အပိုဒ် ၁၄ ကို​ကြည့်ပါ)

၁၄။ အကြမ်းနည်းကို စာတန် ဘယ်လို သုံး​သလဲ။ ကျွန်တော်တို့ ဘယ်လို ရင်ဆိုင်ဖြေရှင်း​နိုင်သလဲ။

၁၄ စာတန်​က ယေဟောဝါအပေါ် ကျွန်တော်တို့ရဲ့ သစ္စာစောင့်သိမှုကို ချိုးဖောက်​ဖို့ အကြမ်းနည်းကို​လည်း သုံး​တယ်။ ဥပမာ၊ ဟောပြောခြင်း​လုပ်ငန်းကို ပိတ်ပင်​ဖို့ အစိုးရ​တွေကို ကြိုးကိုင်​နိုင်တယ်။ ကျမ်းစာမှာ​ပါတဲ့ ကိုယ်ကျင့်တရား စံနှုန်းတွေ​အတိုင်း နေထိုင်တာကို လှောင်ပြောင်​ဖို့ အလုပ်ဖော်​တွေ၊ ကျောင်းနေဖက်​တွေကို သွေးထိုး​ပေးနိုင်တယ်။ (၁ ပေ. ၄:၄) စိတ်ရင်း​ကောင်းတဲ့ မိသားစုဝင်​တွေကို သုံးပြီး အစည်းအဝေး မတက်တော့အောင် တားဆီး​နိုင်တယ်။ (မ. ၁၀:၃၆) ဒါတွေကို ဘယ်လို ရင်ဆိုင်ဖြေရှင်း​နိုင်သလဲ။ ပထမ၊ စာတန် အဲဒီလို တိုက်ခိုက်​လာနိုင်​မှန်း မျှော်လင့်​ထားရမယ်။ (ဗျာ. ၂:၁၀။ ၁၂:၁၇) ဒုတိယ၊ အဲဒီလို​တိုက်ခိုက်​မှုတွေ​ရဲ့ နောက်ကွယ်​က အရေးကိစ္စကို သတိရနေ​ရမယ်။ အဆင်ပြေ​မှ ယေဟောဝါကို ကျွန်တော်တို့ ဝတ်ပြု​မယ်၊ ဖိအားပေး​ခံရတဲ့အခါ ဘုရားကို ကျောခိုင်း​သွားလိမ့်မယ်လို့ စာတန် စွပ်စွဲ​ထားတယ်။ (ယောဘ ၁:၉-၁၁။ ၂:၄၊ ၅) နောက်ဆုံး၊ ရင်ဆိုင်​နိုင်​တဲ့ ခွန်အား​ပေးဖို့ ယေဟောဝါကို အားကိုး​ရမယ်။ ကျွန်တော်တို့ကို ဘုရားသခင် ဘယ်တော့မှ စွန့်ပစ်​မှာ မဟုတ်​ကြောင်း သတိရပါ။—ဟီ. ၁၃:၅

စာတန့်​တန်ခိုး ဘယ်လောက် အကန့်အသတ်​ရှိသလဲ

၁၅။ စာတန်​က ကျွန်တော်တို့ကို အလို​မတူဘဲ အတင်း​ဖိအားပေး​လို့ ရနိုင်​သလား။ ရှင်းပြပါ။

၁၅ စာတန်​ဟာ လူတွေကို အလို​မတူဘဲ အတင်း​ဖိအားပေး​လို့ မရဘူး။ (ယာ. ၁:၁၄) လူများစွာက မသိ​လို့ စာတန့်​အကြိုက် လိုက်လုပ်​နေကြတာ။ အမှန်တရား သိလာပြီး​နောက်မှာ​တော့ ဘယ်သူ့ကို ကိုးကွယ်​မ​လဲ​ဆို​တာ ရွေးချယ်​ကြတယ်။ (တ. ၃:၁၇။ ၁၇:၃၀) ဘုရားအလိုတော် ထမ်းဆောင်ဖို့ စိတ်ပိုင်းဖြတ်​ထားမယ်ဆိုရင် ကျွန်တော်တို့ရဲ့ သမာဓိကို စာတန် ဘယ်လိုမှ မချိုးဖျက်​နိုင်​ဘူး။—ယောဘ ၂:၃။ ၂၇:၅

၁၆၊ ၁၇။ (က) စာတန်​နဲ့ နတ်ဆိုးတွေမှာ တခြား ဘယ်​ကန့်သတ်ချက်​တွေ ရှိသလဲ။ (ခ) ယေဟောဝါ​ဆီ အသံထွက် ဆုတောင်းဖို့ ဘာကြောင့် မကြောက်​သင့်သလဲ။

၁၆ စာတန်​နဲ့ နတ်ဆိုးတွေမှာ တခြား​ကန့်သတ်ချက်​တွေ ရှိသေးတယ်။ ဥပမာ၊ လူတွေရဲ့ စိတ်​နှလုံးကို သူတို့ သိ​နိုင်တယ်လို့ ကျမ်းစာမှာ လုံးဝ မဖော်ပြထားဘူး။ ယေဟောဝါနဲ့ ယေရှု​ပဲ သိနိုင်တယ်။ (၁ ရှ. ၁၆:၇။ မာ. ၂:၈) ဒါဆို စကားပြောတာ၊ အသံထွက် ဆုတောင်းတာကို မာရ်နတ်​နဲ့ နတ်ဆိုးတွေ ကြား​ပြီး နှောင့်ယှက်​မှာ စိုးရိမ်​ဖို့ လိုသလား။ မလို​ပါ​ဘူး။ ဘာကြောင့်လဲ။ မာရ်နတ် တွေ့​မှာ​စိုး​ပြီး ယေဟောဝါရဲ့ လုပ်ငန်းမှာ မပါဝင်ဘဲ မနေကြ​သလို မာရ်နတ် ကြားမှာ​စိုး​ပြီး အသံထွက် ဆုမတောင်းတာမျိုး မဖြစ်သင့်ဘူး။ အသံထွက် ဆုတောင်း​ခဲ့တဲ့ ဘုရားသခင့် ကျေးကျွန်​တွေ​အကြောင်း ကျမ်းစာမှာ ဖော်ပြထားတယ်။ မာရ်နတ်​ကြားမှာကို ကြောက်​ခဲ့​တယ်​ဆိုတဲ့ မှတ်တမ်း မရှိဘူး။ (၁ ဘု. ၈:၂၂၊ ၂၃။ ယော. ၁၁:၄၁၊ ၄၂။ တ. ၄:၂၃၊ ၂၄) ဘုရားအလိုတော်​နဲ့အညီ အတတ်နိုင်ဆုံး ပြုမူပြောဆို​မယ်ဆိုရင် ကျွန်တော်တို့ကို နတ်ဆိုးတွေ ထာဝစဉ် ဒုက္ခ​ပေးဖို့ ယေဟောဝါ ခွင့်ပြုမှာ​မဟုတ်​ကြောင်း စိတ်ချ​နိုင်ပါတယ်။ဆာလံ ၃၄:၇ ကိုဖတ်ပါ။

၁၇ ကျွန်တော်တို့ရဲ့ ရန်သူကို သိ​ဖို့ လို​ပေ​မဲ့ ကြောက်ဖို့​တော့ မလိုဘူး။ မစုံလင်​တဲ့ လူသားတွေတောင် စာတန်ကို ယေဟောဝါရဲ့ အကူအညီ​နဲ့ အောင်​နိုင်ပါတယ်။ (၁ ယော. ၂:၁၄) သူ့ကို ခုခံတွန်းလှန်​ရင် ကျွန်တော်တို့​ဆီကနေ ထွက်ပြေး​သွားပါလိမ့်မယ်။ (ယာ. ၄:၇။ ၁ ပေ. ၅:၉) လူငယ်တွေဟာ စာတန်ရဲ့ အထူး​ပစ်မှတ် ဖြစ်ပုံရတယ်။ သူတို့ ဘယ်လို ခုခံတွန်းလှန်​နိုင်မလဲ။ နောက်​ဆောင်းပါး​မှာ ဆွေးနွေးကြပါမယ်။

^ စာပိုဒ်၊ 2 ကောင်းကင်တမန်​တချို့​မှာ ကိုယ်ပိုင်နာမည် ရှိကြောင်း ကျမ်းစာ ဖော်ပြတယ်။ (သူကြီး. ၁၃:၁၈။ ဒံ. ၈:၁၆။ လု. ၁:၁၉။ ဗျာ. ၁၂:၇) ကြယ်​တစ်လုံးစီကို ယေဟောဝါ နာမည်​ပေးထားတယ်။ (ဆာ. ၁၄၇:၄) ဒါကြောင့် စာတန်​ဖြစ်သွားတဲ့ ကောင်းကင်တမန် အပါအဝင် ကောင်းကင်တမန်​အားလုံးမှာ ကိုယ်ပိုင်နာမည်​တွေ ရှိမယ်လို့ ကောက်ချက်ချ​နိုင်ပါတယ်။

^ စာပိုဒ်၊ 3 ဟီဘရူး​ကျမ်းစောင်တွေမှာ စာတန်​ဆိုတဲ့ နာမည်ကို ၁၈ ကြိမ်​ပဲ ဖော်ပြထားပြီး ခရစ်ယာန် ဂရိ​ကျမ်းစောင်တွေမှာ အကြိမ် ၃၀ ကျော် ဖော်ပြထားတယ်။