မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင် ဘယ်ကို မျှော်ကြည့်နေသလဲ

သင် ဘယ်ကို မျှော်ကြည့်နေသလဲ

“ကောင်းကင်မှာ နန်းထိုင်​တဲ့ ကိုယ်တော့်​ကို ကျွန်တော် မျှော်ကြည့်​နေပါတယ်။”—ဆာ. ၁၂၃:၁

သီချင်း– ၁၄၃၊ ၁၂၄

၁၊ ၂။ ယေဟောဝါကို မျှော်ကြည့်​ခြင်း​မှာ ဘာ​ပါဝင်​သလဲ။

“အလွန်​ခက်ခဲကျပ်တည်း” တဲ့အချိန်​မှာ ကျွန်တော်တို့ အသက်ရှင်နေ​ရတယ်။ ကမ္ဘာပေါ် စစ်မှန်တဲ့​ငြိမ်သက်မှု မ​ရ​သေး​သ​ရွေ့ ဘဝဟာ ပို​ခက်ခဲ​လာပါလိမ့်မယ်။ (၂ တိ. ၃:၁) ဒါကြောင့် ‘အကူအညီ​နဲ့ လမ်းညွှန်မှု ရဖို့ ဘယ်​ကို မျှော်ကြည့်​နေသလဲ’ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် မေးသင့်တယ်။ “ယေဟောဝါ​ဆီ” လို့ ဖြေနိုင်​ရင်​တော့ အကောင်းဆုံးပါပဲ။

ယေဟောဝါ​ဆီ မျှော်ကြည့်​ခြင်း​မှာ ဘာ​ပါဝင်​သလဲ။ ဘဝ​အခက်အခဲတွေ ရင်ဆိုင်​ရချိန်မှာ ယေဟောဝါကိုပဲ မျှော်ကြည့်​နေ​ကြောင်း ဘယ်လို သေချာ​စေနိုင်​မလဲ။ အကူအညီ လိုအပ်ချိန်​မှာ ယေဟောဝါကို မျှော်ကြည့်​ဖို့​ လို​ကြောင်း ဆာလံဆရာ အသိအမှတ်ပြု​ခဲ့​တ​ယ်။ (ဆာလံ ၁၂၃:၁-၄ ကိုဖတ်ပါ။) ယေဟောဝါ​ဆီ မျှော်​ကြည့်တာ​ကို ကျွန်​တစ်ယောက် သခင်​ကို မျှော်​ကြည့်တာ​နဲ့ နှိုင်းယှဉ်​ထားတယ်။ ဆာလံဆရာ ဘာကို ဆိုလို​နေတာလဲ။ ကျွန်ဟာ အစားအစာ​နဲ့ အကာအကွယ်​ရဖို့​လောက်​သာ မဟုတ်ဘဲ သခင့်​ဆန္ဒ​ကို နားလည်ပြီး ဖြည့်ဆည်း​ပေးနိုင်​ဖို့ သခင်​ကို မျှော်ကြည့်​ရမယ်။ အဲဒီလိုပဲ ကျွန်တော်တို့လည်း ယေဟောဝါရဲ့ အလိုတော်ကို သိ​ပြီး လိုက်လျှောက်​နိုင်ဖို့ ကျမ်းစာ နေ့တိုင်း​ဖတ်​ရမယ်။ ဒါမှသာ အကူအညီ လိုအပ်ချိန်​မှာ ယေဟောဝါ ကူညီ​ပေးပါလိမ့်မယ်။—ဧ. ၅:၁၇

၃။ ဘာက ယေဟောဝါ​ဆီကနေ အာရုံ​လွဲသွား​စေနိုင်သလဲ။

ယေဟောဝါကို အမြဲ​မျှော်ကြည့်​ဖို့ အရေးကြီးကြောင်း သိ​ပေ​မဲ့ တစ်ခါတလေ အာရုံလွဲ​သွားနိုင်တယ်။ ယေရှုရဲ့ မိတ်ဆွေ မာ​သ​လ​ည်း “ဧည့်ဝတ်ပြု​ဖို့​အတွက် ဗျာများ” ပြီး အာရုံလွဲ​ခဲ့​တ​ယ်။ (လု. ၁၀:၄၀-၄၂) ယေရှု​တစ်ယောက်​လုံး ရှိနေတာ​တောင် အဲဒီလို ဖြစ်ခဲ့တယ်​ဆိုရင် ကျွန်တော်တို့လည်း ဖြစ်​နိုင်တာ မဆန်းပါဘူး။ ဘာက ယေဟောဝါ​ဆီကနေ အာရုံ​လွဲသွား​စေနိုင်သလဲ။ တခြား​သူတွေရဲ့ လုပ်ရပ်​က ဘယ်လို အာရုံ​လွဲသွား​စေနိုင်​ကြောင်း၊ ယေဟောဝါကို ဘယ်လို ဆ​က်​အာရုံစိုက်​နိုင်​ကြောင်း ဒီ​ဆောင်းပါး​မှာ ဆွေးနွေးပါမယ်။

အခွင့်ထူး ဆုံးရှုံး​သွားတဲ့ သစ္စာရှိ​သူ

၄။ ကတိထားရာပြည်​ထဲ ဝင်ခွင့် မောရှေ ဆုံးရှုံး​ခဲ့တာကို ကျွန်တော်တို့ ဘာကြောင့် အံ့ဩ​မိ​နိုင်သလဲ။

မောရှေ​ဟာ လမ်းညွှန်မှု​ရဖို့ ယေဟောဝါကို မျှော်ကြည့်​တ​ယ်။ “မမြင်​ရတဲ့​အရှင်ကို မြင်​နေရ​သလိုပဲ သူ တည်မြဲ​တည်ကြည်​ခဲ့​တ​ယ်။” (ဟီဘရူး ၁၁:၂၄-၂၇ ကိုဖတ်ပါ။) “ယေဟောဝါ တရင်းတနှီး သိကျွမ်း​ခဲ့​တဲ့ မောရှေ​လို ပရောဖက်​မျိုး အစ္စရေး​ပြည်မှာ နောင်​ဘယ်တော့မှ မ​ပေါ်​တော့​ဘူး” လို့ ကျမ်းစာမှာ ပြောတယ်။ (တရား. ၃၄:၁၀) ယေဟောဝါနဲ့ ဒီလောက်​ရင်းနှီးတဲ့ ဆက်ဆံရေး ရှိတာ​တောင် မောရှေ​ဟာ ကတိထားရာပြည်​ထဲ ဝင်ခွင့် ဆုံးရှုံး​ခဲ့​တ​ယ်။ (တော. ၂၀:၁၂) ဘာကြောင့်လဲ။

၅-၇။ အီဂျစ်ပြည်​က​နေ အစ္စရေးတွေ ထွက်လာပြီး မကြာခင်မှာ ဘာ​ပြဿနာ ပေါ်လာ​သလဲ။ မောရှေ ဘယ်လို ကိုင်တွယ်​ခဲ့သလဲ။

အီဂျစ်ပြည်​က​နေ အစ္စရေးတွေ ထွက်လာပြီး နှစ်လ မပြည့်​ခင်၊ ဆိုင်းနိုင်း​တောင်ကို မရောက်ခင် ပြဿနာ​ကြီး​တစ်ခု ပေါ်လာတယ်။ ရေ​မရှိလို့ လူတွေ မောရှေ​ကို အပြစ်တင်​လာကြတယ်။ အခြေအနေ​ပိုဆိုး​လာတော့ “ဒီလူတွေ​ကို ဘယ်လိုလုပ်​ရမလဲ။ ကျွန်တော့်ကို ကျောက်ခဲ​နဲ့ ပေါက်​တော့​မှာ​ပဲ” လို့ ယေဟောဝါကို မောရှေ​ပြောတယ်။ (ထွ. ၁၇:၄) ဒါနဲ့ ယေဟောဝါ​က ရှင်းလင်း​တဲ့ ညွှန်ကြားချက်​တွေ ပေးတယ်။ ဟော​ရပ်​အရပ်​က ကျောက်ဆောင်​ကို တောင်ဝှေး​နဲ့ ရိုက်​ရင် ရေ​တွေ ပန်း​ထွက်လာ​မယ်​တဲ့။ “မောရှေလည်း မှာ​ထားတဲ့​အတိုင်း အစ္စရေး​အကြီးအကဲတွေ​ရှေ့မှာ လုပ်တယ်။” အစ္စရေးတွေ ရေ​ရသွားလို့ ပြဿနာ ပြေလည်​သွားတယ်။—ထွ. ၁၇:၅၊ ၆

“အစ္စရေးတွေ မောရှေ​ကို ရန်ရှာ​တဲ့​အတွက်၊ ‘ငါ​တို့နဲ့​အတူ ယေဟောဝါ​ရှိသလား မရှိဘူး​လား’ ဆိုပြီး ယေဟောဝါကို အကဲစမ်း​တဲ့​အတွက် အဲဒီ​အရပ်​ကို မာ​ဆာ​နဲ့ မေ​ရိ​ဘ လို့​နာမည်​ပေးတယ်” ဆိုပြီး ကျမ်းစာ​ပြောတယ်။ (ထွ. ၁၇:၇) “အကဲစမ်း​ခြင်း၊” “ရန်ရှာ​ခြင်း” လို့ အဓိပ္ပာယ်​ရတဲ့ အဲဒီ​နာမည်​တွေ​ပေးတာ သင့်တော်​ပါတယ်။

မေ​ရိ​ဘ​အရပ်မှာ ဖြစ်ခဲ့တာ​ကို ယေဟောဝါ ဘယ်လို သဘော​ထားသလဲ။ မောရှေ​ကို ပုန်ကန်​တာ မဟုတ်ဘဲ မိမိရဲ့ ဘုရား​အဖြစ်​ကို စိန်ခေါ်​နေတာ​လို့ သဘော​ထားတယ်။ (ဆာလံ ၉၅:၈၊ ၉ ကိုဖတ်ပါ။) အစ္စရေးတွေ သိပ်​မှားတယ်။ ဘာပဲ​ဖြစ်ဖြစ် ဒီ​တစ်ကြိမ်​မှာ​တော့ မောရှေ​ဟာ ယေဟောဝါရဲ့ လမ်းညွှန်ချက်ကို ရှာပြီး ဂရုတစိုက် လိုက်လျှောက်​ခဲ့​တ​ယ်။

၈။ နှစ်ပေါင်း ၄၀ တောကန္တာရ ခရီးဆုံး​ခါနီး​မှာ ဘာ​ပြဿနာ ပေါ်လာ​သလဲ။

နှစ်ပေါင်း ၄၀ လောက် ကြာပြီးနောက် တောကန္တာရ ခရီးဆုံး​ခါနီး​မှာ အလားတူ​ပြဿနာ ပေါ်လာ​ပြန်တယ်။ မေ​ရိ​ဘ​လို့ အမည်တွင်​လာမယ့်​နေရာ​နား ရောက်​လာကြတယ်။ ဒါဟာ ကတိထားရာပြည် နယ်စပ်​နား၊ ကာဒေရှ​အရပ်မှာ​ရှိတဲ့ နောက်​မေ​ရိ​ဘ ဖြစ်တယ်။ * ဒီ​မှာလည်း ရေ​မရှိလို့ အစ္စရေးတွေ ညည်းညူ​ကြ​ပြန်တယ်။ (တော. ၂၀:၁-၅) ဒီ​တစ်ခါ​မှာ​တော့ မောရှေ ကြီးလေး​တဲ့​အမှား လုပ်​မိတယ်။

၉။ မောရှေ ဘယ်​ညွှန်ကြားချက် ရခဲ့​သလဲ။ ဘာလုပ်ခဲ့သလဲ။ (ဆောင်းပါး​အစမှာ​ပါတဲ့ ပုံကို ကြည့်ပါ။)

ဒီ​ပုန်ကန်မှုကို မောရှေ ဘယ်လို ကိုင်တွယ်​ခဲ့သလဲ။ ဒီ​တစ်ကြိမ်​မှာလည်း ယေဟောဝါရဲ့ လမ်းညွှန်မှုကို ရှာ​တ​ယ်။ ဒါပေမဲ့ ဒီ​တစ်ကြိမ်​မှာ​တော့ ယေဟောဝါ​က ကျောက်ဆောင်​ကို ရိုက်​ဖို့ မပြောဘူး။ တောင်ဝှေး​ကို ကို​င်၊ ကျောက်ဆောင်​ရှေ့မှာ လူတွေကို စု​ပြီး ကျောက်ဆောင်​ကို အမိန့်ပေး​ဖို့​ပဲ ပြောတယ်။ (တော. ၂၀:၆-၈) ဒါပေမဲ့ မောရှေ​က ကျောက်ဆောင်​ကို အမိန့်​မပေး​ဘဲ “ဟေ့ သူပုန်​တွေ၊ နားထောင်ကြ​စမ်း။ မင်းတို့​က ဒီ​ကျောက်ဆောင်ထဲ​က​နေ ရေ​ထွက်​အောင် ငါတို့ကို လုပ်​ခိုင်း​နေတာ မဟုတ်လား” လို့ ဒေါသတကြီး​ပြောပြီး ကျောက်ဆောင်​ကို တစ်ချက်​မ​က နှစ်ချက် ရိုက်​လိုက်တယ်။—တော. ၂၀:၁၀၊ ၁၁

၁၀။ မောရှေ​ရဲ့ လုပ်ရပ်​ကို ယေဟောဝါ ဘယ်လို တုံ့ပြန်​သလဲ။

၁၀ မောရှေ​ကို ယေဟောဝါ သိပ်​အမျက်ထွက်​တ​ယ်။ (တရား. ၁:၃၇။ ၃:၂၆) ဘာကြောင့်လဲ။ အကြောင်းရင်း​တစ်ခုက​တော့ ညွှန်ကြားချက် အသစ်​တွေ​ကို မောရှေ မ​လိုက်လို့ ဖြစ်နိုင်တယ်။

၁၁။ ကျောက်ဆောင်​ကို မောရှေ ရိုက်တာ​က ယေဟောဝါရဲ့ အံ့ဖွယ်အမှု မဟုတ်ဘူးလို့ ဘာကြောင့် ထင်​သွား​စေနိုင်သလဲ။

၁၁ ဖြစ်နိုင်ချေ နောက်​တစ်ခု​ရှိတယ်။ ပထမ​မေ​ရိ​ဘ​အရပ်​က ကျောက်သား​ဟာ မာကျော​တဲ့ နှမ်း​ဖတ်​ကျောက်သား​ဖြစ်တယ်။ ဘယ်လောက်​ပြင်းပြင်း ရိုက်​ပါ​စေ ရေ​ထွက်လာ​ဖို့ အကြောင်း​မရှိဘူး။ ဒါပေမဲ့ ဒုတိယ မေ​ရိ​ဘ​အရပ်​က​တော့ ပျော့ပျောင်း​တဲ့ ထုံး​ကျောက်သား​ဖြစ်တယ်။ ထုံး​ကျောက်​ရဲ့ သဘာဝ​အရ မြေအောက်​မှာ ရေ​ကြော ရှိ​နိုင်တယ်။ မောရှေ​က ကျောက်ဆောင်​ကို အမိန်​ပေးမယ့်​အစား နှစ်ချက်​ရိုက်​လိုက်တဲ့အခါ ယေဟောဝါ​ကြောင့် မဟုတ်ဘဲ သဘာဝ​အရ ရေ​ထွက်လာ​တာလို့ အစ္စရေးတွေ ထင်​သွားနိုင်တယ်။ *

မောရှေ ပုန်ကန်​ခဲ့​ပုံ

၁၂။ မောရှေ​နဲ့ အာရုန်​ကို ယေဟောဝါ အမျက်ထွက်​ရတဲ့ နောက်​အကြောင်းရင်း​က ဘာလဲ။

၁၂ မောရှေ​နဲ့ အာရုန်​ကို ယေဟောဝါ အမျက်ထွက်​တဲ့ နောက်​အကြောင်းရင်း​တစ်ခု ရှိသေးတယ်– “မင်းတို့က ဒီ​ကျောက်ဆောင်ထဲ​က​နေ ရေ​ထွက်​အောင် ငါတို့ကို လုပ်​ခိုင်း​နေတာ မဟုတ်လား” လို့ လူတွေကို မောရှေ ပြောခဲ့တာ သတိပြုပါ။ “ငါ​တို့” ဆိုတဲ့ စကားက သူနဲ့ အာရုန်​ကို ရည်ညွှန်း​တာ ဖြစ်နိုင်တယ်။ ဘယ်လိုပဲ​ဖြစ်ဖြစ် အဲဒီ​စကားတွေက အံ့ဖွယ်အမှု လုပ်ပေးတဲ့ ယေဟောဝါကို တော်​တော်​မလေးစား​ရာ ရောက်တယ်။ “သူတို့က မေ​ရိ​ဘ စမ်းရေ​နား​မှာ ဘုရားကို စိတ်ဆိုးအောင် လုပ်ကြ​ပြန်တယ်။ သူတို့​ကြောင့် မောရှေ ထိခိုက်​နစ်နာ​ခဲ့​ရတယ်။ သူတို့ ဒေါသထွက်​အောင်​လုပ်​တော့ မောရှေလည်း မဆင်မခြင် ပြောမိတယ်” ဆိုတဲ့ ဆာလံ ၁၀၆:၃၂၊ ၃၃ က အဲဒီ​အချက်ကို ထောက်ခံတယ်။ * (တော. ၂၇:၁၄) မောရှေ​ဟာ ယေဟောဝါကို ဂုဏ်တင်​ဖို့ ပျက်ကွက်​ခဲ့​တဲ့​အတွက် ‘မင်းတို့​နှစ်ယောက်စလုံး ငါ့​အမိန့်​ကို လွန်ဆန်​ခဲ့​တ​ယ်’ လို့ မောရှေ​နဲ့ အာရုန်​ကို ယေဟောဝါ​ပြောတယ်။ (တော. ၂၀:၂၄) တကယ့်​ကြီးလေး​တဲ့​အပြစ်​ပါ​ပဲ။

၁၃။ မောရှေ​ကို ယေဟောဝါ​စီရင်​တာ တရား​မျှတတယ်​လို့ ဘာကြောင့် ပြောနိုင်သလဲ။

၁၃ မောရှေ​နဲ့ အာရုန်​ဟာ ယေဟောဝါရဲ့ လူမျိုးကို ဦးဆောင်နေတဲ့​အတွက် ပိုပြီး​တာဝန်​ရှိတယ်။ (လု. ၁၂:၄၈) အရင်တုန်းက​လ​ည်း ယေဟောဝါဟာ ပုန်ကန်မှု​ကြောင့် အစ္စရေး​မျိုးဆက်​တစ်ခုလုံးကို ကတိထားရာပြည်​ထဲ ဝင်ခွင့် မပေးခဲ့​ဘူး။ (တော. ၁၄:၂၆-၃၀၊ ၃၄) အခု​လ​ည်း မောရှေ​ရဲ့ ပုန်ကန်မှု​အတွက် ထပ်တူ​စီရင်​တာ တရား​မျှတ​ပါတယ်။ တခြား​ပုန်ကန်​သူတွေလို​ပဲ မောရှေလည်း ကတိထားရာပြည်​ထဲ ဝင်ခွင့် ဆုံးရှုံး​ခဲ့​တ​ယ်။

ပြဿနာ အရင်းခံ

၁၄၊ ၁၅။ ယေဟောဝါကို မောရှေ ဘာကြောင့် ပုန်ကန်​မိ​သွားတာ​လဲ။

၁၄ မောရှေ ဘာကြောင့် ပုန်ကန်​မိ​သွားတာ​လဲ။ ဆာလံ ၁၀၆:၃၂၊ ၃၃ မှာ “သူတို့က မေ​ရိ​ဘ စမ်းရေ​နား​မှာ ဘုရားကို စိတ်ဆိုး​အောင် လုပ်ကြ​ပြန်တယ်။ သူတို့​ကြောင့် မောရှေ ထိခိုက်​နစ်နာ​ခဲ့​ရတယ်။ သူတို့ ဒေါသထွက်​အောင်​လုပ်​တော့ မောရှေလည်း မဆင်မခြင် ပြောမိတယ်” လို့ ဆိုတယ်။ အစ္စရေးတွေ​က ယေဟောဝါကို စိတ်ဆိုး​အောင်​လုပ်​ပေ​မဲ့ တကယ်ဒေါသ​ထွက်တာ​က မောရှေ ဖြစ်သွားတယ်။ ဒေါသ​ကြောင့် ချုပ်တည်းမှု မရှိဘဲ မဆင်မခြင် ပြောမိတယ်။

၁၅ မောရှေ​ဟာ တခြား​သူတွေရဲ့ လုပ်ရပ်​ကြောင့် ယေဟောဝါကို ဆ​က်​မမျှော်​ကိုး​ဘဲ အာရုံလွဲ​သွားခဲ့တယ်။ ပထမအကြိမ်​တုန်း​က​တော့ မောရှေ မှန်မှန်ကန်ကန် လုပ်ဆောင်ခဲ့တယ်။ (ထွ. ၇:၆) ဒါပေမဲ့ ပုန်ကန်တဲ့ အစ္စရေးတွေ​နဲ့ ဆယ်စုနှစ်ချီ ဆက်ဆံ​ခဲ့​ရတော့ စိတ်ပန်းလူပန်း ဖြစ်ပြီး ယေဟောဝါကို ဂုဏ်တင်​ဖို့​ထက် ကိုယ့်​ခံစားချက်ကို ရှေ့တန်း​တင်​လိုက်​တာ ဖြစ်နိုင်တယ်။

၁၆။ မောရှေ​ရဲ့ လုပ်ရပ်​အကြောင်း ဘာကြောင့် စဉ်းစား​သင့်သလဲ။

၁၆ မောရှေ​လို သစ္စာရှိ​တဲ့ ပရောဖက်​တောင် အာရုံလွဲ​ပြီး အပြစ်​လုပ်​မိတယ်​ဆိုရင် ကျွန်တော်တို့လည်း အဲဒီလို ဖြစ်သွား​နိုင်တယ်။ မောရှေ​လို​ပဲ ကျွန်တော်တို့လည်း ယေဟောဝါ ကတိ​ပေးထားတဲ့ ကမ္ဘာသစ်​ထဲ​ဝင်​ဖို့ လက်တစ်ကမ်း​ပဲ လို​တော့​တ​ယ်။ (၂ ပေ. ၃:၁၃) ဒီ​အခွင့်ထူး​ကို ဘယ်သူမှ လက်မလွှတ်​ချင်​ကြဘူး။ ဒါကြောင့် ယေဟောဝါကို ဆ​က်​မျှော်ကိုး​ပြီး အလိုတော်​ဆောင်ဖို့ အမြဲ ကြိုးစား​နေရမယ်။ (၁ ယော. ၂:၁၇) မောရှေ​ရဲ့ အမှား​က​နေ ဘာတွေ သင်ယူ​နိုင်သလဲ။

တခြား​သူတွေရဲ့​လုပ်ရပ်​ကြောင့် အာရုံမလွဲ​ပါ​စေ​နဲ့

၁၇။ စိတ်ပျက်​တဲ့အခါ အရှုံးမပေး​ဖို့ ဘာက ကူညီပေး​မလဲ။

၁၇ စိတ်ပျက်​တဲ့အခါ အရှုံးမပေး​ပါ​နဲ့။ ပြဿနာ​တစ်ခုတည်းကို ထပ်ခါထပ်ခါ ကြုံနေ​ရတယ်​ဆိုရင်တောင် “မွန်မြတ်တဲ့​အရာတွေကို လက်မလျှော့​ဘဲ ဆက်လုပ်​ကြစို့။ လက်မလျှော့​ဘူးဆိုရင် အချိန်တန်​တဲ့အခါ အသီးအပွင့်​တွေ​ကို ရိတ်သိမ်း​ရလိမ့်မယ်။” (ဂ​လ. ၆:၉။ ၂ သက်. ၃:၁၃) စိတ်ပျက်​စ​ရာ အခြေအနေတွေ၊ စရိုက်​မတူ​တဲ့ ပြဿနာတွေ ကြုံရတဲ့​အခါ ဒေါသ ထိန်း​ပြီး နှုတ်​ကို ချုပ်တည်း​သလား။ (ပညာ. ၁၀:၁၉။ ၁၇:၂၇။ မ. ၅:၂၂) တခြား​သူတွေ ကိုယ့်ကို စိတ်ဆိုး​အောင် လုပ်တဲ့​အခါ ယေဟောဝါရဲ့ ‘အမျက်တော်ကို အခွင့်ပေး’ လိုက်ပါ။ (ရောမ ၁၂:၁၇-၂၁ ကိုဖတ်ပါ။) အမျက်တော်ကို အခွင့်ပေး​ခြင်း၊ သင့်တော်​တဲ့အချိန်​မှာ ဘုရား အရေးယူ လုပ်ဆောင်တာ​ကို စိတ်ရှည်​စွာ စောင့်ဆိုင်းခြင်း​က ဘုရားကို ရိုသေ​လေးစားကြောင်း ပြရာ​ရောက်တယ်။ မ​စောင့်ဆိုင်း​ဘဲ တစ်နည်းနည်းနဲ့ လက်စားချေ​လိုက်မယ်​ဆိုရင်​တော့ ယေဟောဝါကို မလေးစား​ရာ ရောက်​ပါလိမ့်မယ်။

၁၈။ လမ်းညွှန်ချက်တွေ လိုက်လျှောက်​ရာ​မှာ ဘာကို သတိရ​သင့်သလဲ။

၁၈ နောက်ဆုံး​လမ်းညွှန်ချက်တွေကို ဂရုတစိုက် လိုက်လျှောက်ပါ။ ယေဟောဝါ​ပေးတဲ့ နောက်ဆုံး လမ်းညွှန်ချက်တွေကို သစ္စာရှိ​ရှိ လိုက်လျှောက်​နေ​သလား။ ဒါဆိုရင် အရင်က လုပ်ခဲ့တဲ့​နည်းတွေကို​ပဲ အမြဲ​အားကိုး​နေ​မှာ မဟုတ်ဘူး။ အဲဒီအစား အဖွဲ့အစည်း​က​တစ်ဆင့် ယေဟောဝါ​ပေးတဲ့ လမ်းညွှန်ချက်​အသစ်​တွေ​ကို ချက်ချင်း လိုက်လျှောက်ပါ​လိမ့်မယ်။ (ဟီ. ၁၃:၁၇) တစ်ချိန်တည်းမှာ “ကျမ်းစာမှာ ရေးထား​တာ​ထက် မ​လွန်” ဖို့ သတိပြုပါ​လိမ့်မယ်။ (၁ ကော. ၄:၆) ဒီနည်းအားဖြင့် ယေဟောဝါကို ဆ​က်​မျှော်ကိုး​နိုင်ပါတယ်။

တခြား​သူတွေရဲ့ အမှား​ကို မောရှေ တုံ့ပြန်ပုံ​က​နေ ဘာသင်ခန်းစာ ရသလဲ (အပိုဒ် ၁၉ ကို​ကြည့်ပါ)

၁၉။ တခြား​သူတွေရဲ့ အမှား​ကြောင့် ယေဟောဝါနဲ့ ဆက်ဆံရေး မပျက်စီး​အောင် ဘယ်လို​ရှောင်နိုင်​မလဲ။

၁၉ တခြား​သူတွေရဲ့ အမှား​ကြောင့် ယေဟောဝါနဲ့ ဆက်ဆံရေး မပျက်စီး​ပါ​စေ​နဲ့။ ယေဟောဝါကို ဆ​က်​မျှော်ကိုး​မယ်​ဆိုရင် တခြား​သူတွေရဲ့ လုပ်ရပ်​ကြောင့် ဒေါသထွက်​မှာ၊ ဘုရားနဲ့ ဆက်ဆံရေး ပျက်စီး​သွားမှာ မဟုတ်ဘူး။ အထူးသဖြင့် ဘုရား​အဖွဲ့အစည်း​မှာ မောရှေ​လို တာဝန်ကြီးတွေ ရထား​မယ်​ဆိုရင် ပို​ဂရုစိုက်​သင့်တယ်။ “ကယ်တင်ခြင်း​ရဖို့ ကြောက်ရွံ့​တုန်လှုပ်​တဲ့​စိတ်နဲ့ ဆက်ကြိုးစား​နေ” ရမှာ​ဖြစ်ပေမဲ့ ယေဟောဝါဟာ ယောက်​တိုင်း​ကို တင်းကျပ်​တဲ့ တရားသေ​စည်းမျဉ်း​နဲ့ တရားမစီရင်​ဘူး​ဆိုတာကို သတိရ​သင့်တယ်။ (ဖိ. ၂:၁၂) တာဝန်များ​များ​ရလေ စာရင်းရှင်း​ဖို့ ပို​တာဝန်​ရှိ​လေ​ပဲ။ (လု. ၁၂:၄၈) ယေဟောဝါကို တကယ်​ချစ်​မယ်​ဆိုရင် ဘာကမှ တိုက်မိ​လဲ​စေမှာ​မဟုတ်ဘူး၊ ဘုရားရဲ့​မေတ္တာ မခံစားရ​အောင် တားဆီး​နိုင်မှာ မဟုတ်ဘူး။—ဆာ. ၁၁၉:၁၆၅။ ရော. ၈:၃၇-၃၉

၂၀။ ဘာလုပ်ဖို့ စိတ်ပိုင်းဖြတ်​ထားသင့်သလဲ။

၂၀ ခက်ခဲတဲ့​အချိန်မှာ အသက်​ရှင်​နေရတဲ့အတွက် “ကောင်းကင်မှာ နန်းထိုင်​တဲ့” ဘုရားကို ဆ​က်​မျှော်ကြည့်​နေကြပါ​စို့။ ဒါမှ ဘုရားရဲ့ အလိုတော်ကို သိနိုင်​မယ်။ တခြား​သူတွေရဲ့ လုပ်ရပ်​ကြောင့် ယေဟောဝါနဲ့ ဆက်ဆံရေး အထိ​ခိုက်​မခံ​ပါ​နဲ့။ မောရှေ​ရဲ့ ဖြစ်ရပ်က သင်ခန်းစာ​ပါ​ပဲ။ ကိုယ့်​ဝန်းကျင်​မှာ ရှိသူတွေရဲ့ မစုံလင်မှုတွေကို လွန်လွန်​ကဲ​ကဲ မတုံ့ပြန်​ဘဲ “မျက်နှာသာ​မရမချင်း ယေဟောဝါ​ဘုရားကို မျှော်ကြည့်​နေ” ဖို့ စိတ်ပိုင်းဖြတ်​ထားကြ​ပါ​စို့။—ဆာ. ၁၂၃:၁၊ ၂

^ အပိုဒ်၊ 8 ဒုတိယ​မေ​ရိ​ဘ​ဟာ ကာဒေရှ​အရပ်မှာ တည်​ရှိတယ်။ မာ​ဆာ​လို့​လည်း​ခေါ်တဲ့ ရေ​ဖိ​ဒိမ်​အရပ်​က မေ​ရိ​ဘ​နဲ့ မတူဘူး။ ဒါပေမဲ့ နှစ်​နေရာ​စ​လုံး​မှာ ဖြစ်ခဲ့တဲ့ ပြဿနာ​ကြောင့် မေ​ရိ​ဘ​လို့ အမည်တွင်​ခဲ့​တ​ယ်။—ကမ္ဘာသစ် ဘာသာပြန်ကျမ်း နောက်ဆက်တွဲ ခ​၃ မြေပုံ​ကို ကြည့်ပါ။

^ အပိုဒ်၊ 11 “ဂျူး​အဆို​တစ်ခု​အရ ‘ဒီ​ကျောက်​ထဲမှာ ရေ​ရှိတယ်ဆိုတာ မောရှေ သိ​နေတယ်။ အံ့ဖွယ်​နည်းနဲ့​သာ တကယ် တန်ခိုး​ရထား​ရင် တခြား​ကျောက်​က​နေ ရေ​ထွက်​အောင် လုပ်​ပေးပါစေ’ လို့ ပုန်ကန်​သူတွေ ပြောခဲ့​ကြတယ်” ဆိုပြီး ပါမောက္ခ ဂျွန် အေ ဘက် ပြောတယ်။ ဒါက​တော့ အဆို​တစ်ခုပါပဲ။

^ အပိုဒ်၊ 12 ၁၉၈​၇၊ အောက်တိုဘာ ၁၅ ရက်ထုတ် ကင်းမျှော်စင် (အင်္ဂလိပ်) “စာရှုသူများ​ထံ​မှ မေးခွန်းလွှာ” ကို ကြည့်ပါ။