မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘ယေဟောဝါဘုရားဘက် ဘယ်သူ ရပ်တည်မလဲ’

‘ယေဟောဝါဘုရားဘက် ဘယ်သူ ရပ်တည်မလဲ’

“ယေဟောဝါ​ဘုရားကို ကြောက်ရွံ့​ရိုသေပါ။ ဘုရားကိုပဲ ဝတ်ပြုပါ။ ဘုရားကိုပဲ တွယ်တာ​နေပါ။”—တရား. ၁၀:၂၀

သီချင်း– ၂၈၊ ၃၂

၁၊ ၂။ (က) ယေဟောဝါ​ဘက် ရပ်တည်​တာ ဘာကြောင့် ပညာရှိ​သလဲ။ (ခ) ဒီ​ဆောင်းပါး​မှာ ဘာအကြောင်း ဆွေးနွေးကြမလဲ။

ယေဟောဝါကို တွယ်တာ​နေတာ​က ပညာရှိ​ရာ​ရောက်တယ်။ ဘုရားသခင်​ထက် တန်ခိုး၊ ဉာဏ်ပညာ၊ မေတ္တာ ကြီးမားတဲ့​သူ မရှိဘူး။ ဘုရား​ဘက် မ​ရပ်တည်​ချင်သူ ရှိပါ့မလား။ (ဆာ. ၉၆:၄-၆) ဒါပေမဲ့ ယေဟောဝါကို ဝတ်ပြုသူ​တချို့ ဘုရား​ဘက် ရပ်တည်​ဖို့ ပျက်ကွက်​ခဲ့ကြတယ်။

ယေဟောဝါ​ဘက် ရပ်တည်​တ​ယ်လို့ ပြောပြီး ဘုရားမ​နှစ်သက်တဲ့ လမ်းစဉ်​လိုက်​သူတချို့​အကြောင်း ဒီ​ဆောင်းပါး​မှာ ဆွေးနွေးပါမယ်။ အဲဒီ​မှတ်တမ်းတွေ​မှာပါတဲ့ သင်ခန်းစာ​က ယေဟောဝါကို အပြည့်အဝ သစ္စာစောင့်သိ​ဖို့ ကျွန်တော်တို့ကို ကူညီ​ပေးနိုင်တယ်။

စိတ်နှလုံးကို ယေဟောဝါ စစ်ဆေး

၃။ ကာ​အိ​န​ကို ယေဟောဝါ ဘာကြောင့် ကူညီ​ပေးချင်​တာလဲ။ ဘာ​ပြောခဲ့​သလဲ။

ကာ​အိ​န​ရဲ့​ဖြစ်ရပ်ကို သုံးသပ်​ကြည့်ပါ။ သူဟာ ယေဟောဝါ​တစ်ပါးတည်းကို ဝတ်ပြု​ပေ​မဲ့ သူ့​ဝတ်ပြုမှု​ကို ဘုရား လက်မခံ​ဘူး။ အကြောင်းကတော့ သူ့​စိတ်ထဲ ဆိုးညစ်​မှု​တွေ အမြစ်တွယ်​နေတာကို မြင်​လို့​ပဲ။ (၁ ယော. ၃:၁၂) ယေဟောဝါက ကာ​အိ​န​ကို ကူညီပေး​ချင်တဲ့​အတွက် “မင်း​သာ အခု​က​စပြီး ကောင်းတာ​လုပ်​မယ်​ဆိုရင် မျက်နှာသာ​ပြန်​ရမှာပဲ။ ကောင်းတာ​မ​လုပ်ရင်​တော့ အပြစ်​က မင်းကို ခုန်အုပ်​ချင်​လို့ တံခါးဝ​မှာ ချောင်း​နေတယ်။ အပြစ်​ကို မင်း အနိုင်ယူ​လိုက်ပါ” လို့ ပြောတယ်။ (က. ၄:၆၊ ၇) “နောင်တ​ယူပြီး ငါ့​ဘက် မားမားမတ်မတ် ရပ်တည်​မယ်​ဆိုရင် ငါလည်း မင်း​ဘက် ရပ်တည်​မယ်” လို့ ကာ​အိ​န​ကို ယေဟောဝါ ပြော​နေတာ။

၄။ ယေဟောဝါ​ဘက် ရပ်တည်​ဖို့ အခွင့်အရေး​ရပေမဲ့ ကာ​အိ​န ဘာလုပ်ခဲ့သလဲ။

ကာ​အိ​န အတွေးအခေါ်​ကို ပြုပြင်​မှ​သာ ယေဟောဝါရဲ့ မျက်နှာသာ ပြန်ရနိုင်​မယ်။ ဒါပေမဲ့ ကာ​အိ​န နားမထောင်ဘူး။ မှားယွင်းတဲ့ အတွေးအခေါ်​နဲ့ တစ်ကိုယ်ကောင်းစိတ်​ကြောင့် အမှား​လုပ်ခဲ့တယ်။ (ယာ. ၁:၁၄၊ ၁၅) ကာ​အိ​န ငယ်ငယ်တုန်းက ယေဟောဝါကို ဆန့်ကျင်​ဖို့ စဉ်း​တောင်​စဉ်းစား​ဖူး​မှာ မဟုတ်ဘူး။ ဒါပေမဲ့ သတိ​ပေးတာကို နားမထောင်​ဘဲ ဘုရားကို ပုန်ကန်​ပြီး ညီ​ကို သတ်​လိုက်တယ်။

၅။ ဘာတွေ​က ယေဟောဝါရဲ့ မျက်နှာသာ ဆုံးရှုံး​စေနိုင်သလဲ။

ကာ​အိ​န​လို​ပဲ ဒီနေ့ခေတ် ခရစ်ယာန်တွေ​လ​ည်း ယေဟောဝါကို ဝတ်ပြု​တ​ယ်လို့ ပြော​ပေ​မဲ့ လမ်းမှား လိုက်သွား​နိုင်တယ်။ (ယု. ၁၁) ဥပမာ၊ အကျင့်ပျက် စိတ်ကူး၊ လောဘ​ကြီးတဲ့ အတွေး၊ ခရစ်ယာန်ချင်း​တစ်ယောက်ကို မုန်းတီး​တဲ့​စိတ် ရှိနေ​နိုင်တယ်။ (၁ ယော. ၂:၁၅-၁၇။ ၃:၁၅) အဲဒါတွေ​က အပြစ်​လုပ်မိ​စေနိုင်တယ်။ လောလောဆယ် အမှုဆောင်လုပ်ငန်းမှာ တက်ကြွ​ပြီး အသင်းတော် အစည်းအဝေးတွေ မှန်မှန်​တက်​နေ​နိုင်တယ်။ ကိုယ့်​အတွေး​နဲ့ လုပ်ရပ်​ကို တခြား​သူတွေ သတိထားမိမှာ မဟုတ်ပေ​မဲ့ ယေဟောဝါ​က​တော့ မိမိ​ဘက် စိတ်နှလုံး​အကြွင်းမဲ့ ရပ်တည်​နေ​မနေ ကောင်းကောင်း​သိတယ်။ယေရမိ ၁၇:၉၊ ၁၀ ကိုဖတ်ပါ။

၆။ အပြစ်​လုပ်ချင်စိတ်​ကို အနိုင်ယူဖို့ ယေဟောဝါ ဘယ်လို ကူညီပေး​သလဲ။

ယေဟောဝါ​က ကျွန်တော်တို့ကို လွယ်လွယ်​နဲ့ လက်မလျှော့​ပါဘူး။ မိမိ​နဲ့ ဝေးကွာ​သူတွေကို “ငါ့​ဆီ ပြန်လာ​ကြ။ ငါလည်း မင်းတို့​ဆီ ပြန်လာမယ်” လို့ ကမ်းလှမ်း​တ​ယ်။ (မာလ. ၃:၇) အထူးသဖြင့် အားနည်းချက်တွေကို တိုက်လှန်​နေရ​ချိန်မှာ မကောင်းမှု​ကို ငြင်းပယ်​စေချင်တယ်။ (ဟေရှာ. ၅၅:၇) အဲဒီလိုသာ​လုပ်ရင် အပြစ်​လုပ်ချင်စိတ်​ကို “အနိုင်ယူ” ဖို့ ဘုရားရေးရာ​ပိုင်း၊ စိတ်ပိုင်း၊ ရုပ်ပိုင်း​မှာ ယေဟောဝါ ခွန်အားပေး​ပြီး ကျွန်တော်တို့​ဘက် ရပ်တည်​ပေးပါလိမ့်မယ်။—က. ၄:၇

“လှည့်စား​မခံ​ကြပါ​နဲ့”

၇။ ယေဟောဝါနဲ့ ရင်းနှီးတဲ့​ဆက်ဆံရေးကို ရှောလမုန် ဘယ်လို ဆုံးရှုံး​ခဲ့သလဲ။

ဘုရင်​ရှောလမုန်​ရဲ့ ဖြစ်ရပ်​က​နေ များစွာ​သင်ယူနိုင်တယ်။ ငယ်ရွယ်စဉ်​မှာ ယေဟောဝါရဲ့ လမ်းညွှန်မှုကို သူ​ရှာဖွေခဲ့​တ​ယ်။ ဒါကြောင့် ဘုရားသခင်က သူ့ကို ဉာဏ်ပညာ​ပေး​ပြီး ဂျေရုဆလင်​မှာ ခမ်းနား​တဲ့ ဗိမာန်တော် တည်ဆောက်ခွင့်​ပေးတယ်။ ဒါပေမဲ့ ရှောလမုန်​ဟာ ယေဟောဝါနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ဆုံးရှုံး​ခဲ့​တယ်။ (၁ ဘု. ၃:၁၂။ ၁၁:၁၊ ၂) ဘုရင်တွေ “စိတ်နှလုံး လမ်းမ​လွဲ​ရလေ​အောင် မိဖုရား​အများကြီး မထား” ဖို့ ပညတ်တရား​မှာ တိတိကျကျ တားမြစ်​ထားတယ်။ (တရား. ၁၇:၁၇) ရှောလမုန် မနာခံ​ဘဲ မိဖုရား ၇၀​၀၊ မောင်းမ ၃၀​၀ သိမ်း​ယူခဲ့တယ်။ (၁ ဘု. ၁၁:၃) မိဖုရား​အများစုက အစ္စရေး​လူမျိုး မဟုတ်ဘူး။ မှားယွင်းတဲ့​ဘုရားတွေ ကိုးကွယ်​ကြတယ်။ ဒါကြောင့် တိုင်းတစ်ပါး မိန်းမတွေကို မယူ​နဲ့​ဆိုတဲ့ ဘုရားသခင့်​ပညတ်​ကိုလည်း သူ မနာခံ​ခဲ့​ဘူး။—တရား. ၇:၃၊ ၄

၈။ ယေဟောဝါကို ရှောလမုန် ဘယ်လောက်​အထိ ပြစ်မှား​ခဲ့သလဲ။

ရှောလမုန်​ဟာ ယေဟောဝါရဲ့ တောင်းဆိုချက်​တွေ​က​နေ တဖြည်းဖြည်း သွေဖည်​လာပြီး နောက်ဆုံးမှာ ကြီးလေး​တဲ့​အမှား လုပ်ခဲ့တယ်။ ဘုရားမ အာရှတရက်​နဲ့ ခေမုရှ​ဘုရားအတွက် ယဇ်​ပလ္လင်​တွေ တည်ခဲ့တယ်။ မိဖုရား​တွေ​နဲ့အတူ မှားယွင်းတဲ့ ဝတ်ပြုရေး​မှာ ပါဝင်ခဲ့တယ်။ ဂျေရုဆလင်​မြို့မှာ သူကိုယ်တိုင်​ဆောက်​ခဲ့​တဲ့ ယေဟောဝါ ဗိမာန်တော်​ရဲ့ အရှေ့ဘက် တောင်ပေါ်မှာ ယဇ်​ပလ္လင်​တွေ တည်ခဲ့တယ်။ (၁ ဘု. ၁၁:၅-၈။ ၂ ဘု. ၂၃:၁၃) ဗိမာန်တော်မှာ ပူဇော်သက္ကာတွေ ဆက်သ​နေသရွေ့ မိမိရဲ့ မနာခံမှု​ကို ယေဟောဝါ လျစ်လျူရှု​ပေးလိမ့်မယ်​လို့ ကိုယ့်ကိုယ်ကိုယ် လှည့်စား​ခဲ့​ပုံ​ရတယ်။

၉။ ဘုရားသခင့် သတိပေး​ချက်​တွေ​ကို ရှောလမုန် လျစ်လျူရှု​တဲ့​အတွက် ဘာ​ရလဒ် ရခဲ့​သလဲ။

အမှား​လုပ်တာကို ယေဟောဝါ ဘယ်တော့မှ လျစ်လျူ​မ​ရှု​ပါဘူး။ “ရှောလမုန်က အိပ်မက်​မှာ နှစ်ကြိမ်​ရောက်လာတဲ့​အရှင် . . . ယေဟောဝါ​ဆီကနေ စိတ်​ယိုင်​သွားတဲ့​အတွက် သူ့ကို ယေဟောဝါ အကြီးအကျယ် အမျက်ထွက်​တ​ယ်။ တခြား​ဘုရားတွေ​နောက် မလိုက်​ဖို့ ယေဟောဝါ သတိ​ပေးခဲ့ပေမဲ့ သူ မနာခံ​ဘူး” လို့ ကျမ်းစာမှာ ပြောထားတယ်။ ရလဒ်အနေနဲ့ ဘုရားသခင့် မျက်နှာသာ​နဲ့ ထောက်မမှုကို ဆုံးရှုံး​ခဲ့​ရတယ်။ ရှောလမုန်​ရဲ့ နောက်ပိုင်း​မင်းဆက်တွေ လက်ထက်မှာ အစ္စရေး​နိုင်ငံ ပြိုကွဲ​ခဲ့​ပြီး ဘေးဆိုးများ​စွာ ကြုံခဲ့​ရတယ်။—၁ ဘု. ၁၁:၉-၁၃

၁၀။ ဘယ်သူတွေ​က ယေဟောဝါနဲ့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးကို ဖျက်ဆီး​ပစ်​နိုင်သလဲ။

၁၀ ရှောလမုန်​လို​ပဲ ယေဟောဝါရဲ့ စံနှုန်းတွေကို နားမလည်​သူ၊ မလေးစား​သူတွေနဲ့ မိတ်ဖွဲ့​တာ​ဟာ ဘုရားရေးရာ​ဘက် အန္တရာယ်​ရှိစေ​နိုင်တယ်။ တချို့က အသင်းတော်​နဲ့ ပူးပေါင်း​နေပေမဲ့ ဘုရားရေးရာ​ဘက် အားနည်းသူတွေ၊ တချို့ကတော့ ယေဟောဝါကို မကိုးကွယ်တဲ့ ဆွေမျိုး၊ အိမ်နီးချင်း၊ အလုပ်ဖော်၊ ကျောင်းနေဖက်​တွေ ဖြစ်နိုင်တယ်။ ယေဟောဝါရဲ့ စံနှုန်းတွေကို မလေးစား​တဲ့ မိတ်ဆွေတွေ​က ဘုရားနဲ့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးကို ဖျက်ဆီး​ပစ်​နိုင်တယ်။

သင့်​အပေါင်းအသင်း​တွေ​က ယေဟောဝါနဲ့ ဆက်ဆံရေး​အပေါ် ဘယ်လို သက်ရောက်မှု​ရှိသလဲ (အပိုဒ် ၁၁ ကို​ကြည့်ပါ)

၁၁။ အပေါင်းအသင်း​ကောင်း ဟုတ်မဟုတ် သိနိုင်ဖို့ ဘာက ကူညီပေး​မလဲ။

၁၁ ၁ ကောရိန္သု ၁၅:၃၃ ကိုဖတ်ပါ။ အသင်းတော် ပြင်ပ​မှာလည်း မကောင်းမှု​ကို ရှောင်​တဲ့ လူကောင်း​တွေ အများကြီး​ရှိပါတယ်။ သင့်​မိတ်ဆွေတွေ​က အဲဒီလို လူမျိုး​ဆိုရင် အပေါင်းအသင်း​ကောင်း​လို့ ပြောနိုင်မလား။ ကိုယ့်ကိုယ်ကိုယ် မေးကြည့်ပါ– ‘ငါ့အပေါင်းအသင်း​တွေ​က ယေဟောဝါနဲ့ ဆက်ဆံရေး​အပေါ် ဘယ်လို အကျိုးသက်ရောက်​သလဲ။ တိုးတက်စေ​မလား။ သူတို့စိတ်ထဲမှာ ဘာတွေ​ရှိသလဲ။ ဖက်ရှင်၊ ငွေကြေး၊ အီလက်ထရောနစ် ပစ္စည်း၊ ဖျော်ဖြေရေး၊ ပစ္စည်းဥစ္စာတွေ​အကြောင်း​ပဲ ပြောလေ့ရှိ​သလား။ တခြား​သူတွေကို ဝေဖန်​တဲ့​စကားတွေ၊ ညစ်ညမ်း​တဲ့ ပြက်လုံး​တွေ ပြောလေ့ရှိ​သလား။’ “စိတ်ထဲ​ရှိတာ​တွေ​ပဲ နှုတ်​က​ထွက်​တတ်တယ်” လို့ ယေရှု သတိ​ပေးတယ်။ (မ. ၁၂:၃၄) သင့်​အပေါင်းအသင်း​တွေ​က ယေဟောဝါနဲ့ ဆက်ဆံရေးကို ပျက်စီးစေနိုင်​မှန်း သိတယ်​ဆိုရင် ပေါင်းသင်းမှု​ကို လျှော့ချ​လိုက်ပါ။ လိုအပ်​ရင် အဆက်ဖြတ်​လိုက်ပါ။—ပညာ. ၁၃:၂၀

အကြွင်းမဲ့ ဆည်းကပ်မှု​ကို ယေဟောဝါ တောင်းဆို

၁၂။ (က) အီဂျစ်ပြည်​က​နေ ထွက်လာပြီး​နောက် မကြာခင်မှာ အစ္စရေးတွေကို ယေဟောဝါ ဘာ​ပြောသလဲ။ (ခ) အကြွင်းမဲ့ ဆည်းကပ်မှု​ကို ဘုရား​တောင်းဆိုတဲ့​အခါ အစ္စရေးတွေ ဘယ်လို တုံ့ပြန်​ကြသလဲ။

၁၂ အီဂျစ်ပြည်​က​နေ အစ္စရေးတွေ လွတ်​လာပြီး မကြာခင်မှာ ဖြစ်ခဲ့တာ​က​နေ သင်ခန်းစာ ယူ​နိုင်ပါတယ်။ ဆိုင်းနိုင်း​တောင်​ရှေ့မှာ လူတွေ စုရုံးတဲ့​အခါ ယေဟောဝါ​က တိမ်ထုကြီး၊ မိုးခြိမ်းသံ၊ လျှပ်စီး၊ မီးခိုး​တွေ​နဲ့ တံပိုးမှုတ်သံ​တွေ အဆက်မပြတ် ထွက်ပေါ်​စေခြင်း​အားဖြင့် မိမိ​ရောက်ရှိနေ​ကြောင်း ပြခဲ့တယ်။ (ထွ. ၁၉:၁၆-၁၉) အဲဒီအချိန်မှာ ယေဟောဝါ​က ‘မိမိ​တစ်ပါးတည်းကိုပဲ ကိုးကွယ်ဆည်းကပ်​ဖို့ တောင်းဆိုတဲ့​ဘုရား’ ဖြစ်ကြောင်း ပြောခဲ့တယ်။ မိမိကို ချစ်​ပြီး ပညတ်​လိုက်နာ​သူတွေကို ခိုင်မြဲ​တဲ့​မေတ္တာ​ပြမယ်လို့ ကတိ​ပေးတယ်။ (ထွက်မြောက်ရာ ၂၀:၁-၆ ကိုဖတ်ပါ။) တကယ်တော့ ဘုရားက “ငါ့​ဘက် ရပ်တည်​ရင် ငါလည်း မင်းတို့​ဘက် ရပ်တည်​မယ်” လို့ ပြော​နေတာ​ပဲ။ သင်​ဆိုရင် ဘယ်လို တုံ့ပြန်​မလဲ။ အစ္စရေးတွေ​လို​ပဲ တုံ့ပြန်​မှာ သေချာ​တယ်။ သူတို့က “‘ယေဟောဝါ​ဘုရား မိန့်မှာ​သမျှ လိုက်နာ​ပါ့​မယ်’ ဆိုပြီး တစ်သံ​တည်း ဖြေ​ကြတယ်။” (ထွ. ၂၄:၃) မကြာ​ပါဘူး။ အစ္စရေးတွေရဲ့ သစ္စာစောင့်သိမှု စမ်းသပ်ခံရ​တ​ယ်။

၁၃။ ဘယ်​အခြေအနေတွေ​က အစ္စရေးတွေရဲ့ သစ္စာစောင့်သိမှုကို စမ်းသပ်​ခဲ့သလဲ။

၁၃ မိုးတိမ်၊ လျှပ်စီး​နဲ့ တခြား အံ့ဖွယ်​နိမိတ်တွေ​ကို အစ္စရေးတွေ ကြောက်လို့ ဆိုင်းနိုင်း​တောင်ပေါ်မှာ သူတို့​ကိုယ်စား ယေဟောဝါနဲ့ စကားပြော​ပေးဖို့ မောရှေ​ကို တောင်းဆိုခဲ့တယ်။ (ထွ. ၂၀:၁၈-၂၁) တောင်ထိပ်မှာ မောရှေ တော်​တော်​ကြာ​သွားတယ်။ အစ္စရေး​တွေဟာ ခေါင်းဆောင်​မရှိလို့ တော​ထဲမှာ အားကိုးရာမဲ့ ဖြစ်သွားကြ​ပုံ​ပဲ။ မောရှေ​ကို​ပဲ သိပ်​အားကိုးကြ​ပုံ​ရတယ်။ ဒါကြောင့် “ကျုပ်တို့ကို ဦးဆောင်​ခေါ်​သွားမယ့် ဘုရား​တစ်ဆူ လုပ်ပေး​စမ်း​ပါ။ အီဂျစ်ပြည်​က​နေ ကျုပ်တို့ကို ခေါ်ထုတ်​လာတဲ့ မောရှေ​တစ်ယောက် ဟို​မှာ ဘာဖြစ်​နေမှန်း မသိ​ဘူး” လို့ အာရုန်​ကို ပြောကြတယ်။—ထွ. ၃၂:၁၊ ၂

၁၄။ အစ္စရေးတွေ ကိုယ့်ကိုယ်ကိုယ် ဘယ်လို လှည့်စား​ခဲ့သလဲ။ ယေဟောဝါ ဘယ်လို တုံ့ပြန်​သလဲ။

၁၄ ရုပ်တု​ကိုးကွယ်ခြင်း​ဟာ ယေဟောဝါကို ပြစ်မှား​ရာ​ရောက်​ကြောင်း လူတွေ သိတယ်။ (ထွ. ၂၀:၃-၅) ဒါပေမဲ့ ရွှေ​နွားရုပ်​ကို ကိုးကွယ်​ခဲ့ကြတယ်။ ဒါတောင် ယေဟောဝါ​ဘက် ရပ်တည်​နေတယ်လို့ ကိုယ့်ကိုယ်ကိုယ် လှည့်စား​ခဲ့ကြတယ်။ အာရုန်​က နွားရုပ်​ကိုးကွယ်မှု​ကို “ယေဟောဝါ​ဘုရားအတွက် ပွဲတော်” လို့ ခေါ်​ခဲ့​တ​ယ်။ ယေဟောဝါ ဘယ်လို တုံ့ပြန်​သလဲ။ သစ္စာဖောက်​တ​ယ်လို့ ခံစား​ရပြီး လူတွေ “ဖောက်ပြန်​ကုန်ပြီ။ ငါ​မိန့်မှာ​ထားတဲ့​လမ်းစဉ်​က​နေ လွဲသွား” ပြီလို့ မောရှေ​ကို ပြောတယ်။ “အမျက်ထွက်” ပြီး လူမျိုးတစ်မျိုး​အဖြစ် ဖွဲ့စည်း​ခါ​စ အစ္စရေးတွေကို ဖျက်ဆီးဖို့​တောင် စဉ်းစား​ခဲ့​တ​ယ်။—ထွ. ၃၂:၅-၁၀

၁၅၊ ၁၆။ ယေဟောဝါ​ဘက် ရပ်တည်​ကြောင်း မောရှေ​နဲ့ အာရုန် ဘယ်လို ပြခဲ့ကြသလဲ။ (ဆောင်းပါး​အစမှာ​ပါတဲ့ ပုံကို ကြည့်ပါ။)

၁၅ ယေဟောဝါဟာ ကရုဏာ​ရှင်​ဖြစ်လို့ အစ္စရေးတွေကို မဖျက်ဆီး​ဖို့ ဆုံးဖြတ်​လိုက်တယ်။ သစ္စာ​ရှိသူတွေကို မိမိ​ဘက် ရပ်တည်​ဖို့ အခွင့်အရေး​တစ်ခု ပေးခဲ့တယ်။ (ထွ. ၃၂:၁၄) ရုပ်တု​ရှေ့ လူတွေ ထိန်း​မနိုင်သိမ်း​မ​ရ အော်ဟစ်၊ သီဆို​ကခုန်​နေတာကို တွေ့တဲ့​အခါ ရွှေနွားရုပ်​ကို မောရှေ အမှုန့်​ခြေ​ပစ်လိုက်တယ်။ ပြီးတော့ “ယေဟောဝါ​ဘုရား​ဘက် ရပ်တည်​ချင်တဲ့​သူတွေ ကျွန်တော့်​ဆီ လာ​ကြ” လို့​ပြောတဲ့အခါ “လေဝိ​အမျိုးသား​အားလုံး သူ့​ဆီ လာကြတယ်။”—ထွ. ၃၂:၁၇-၂၀၊ ၂၆

၁၆ ရုပ်တု​လုပ်ပေးတဲ့ အာရုန်​က​တော့ နောင်တ​ယူပြီး တခြား​လေဝိသားတွေ​နဲ့အတူ ယေဟောဝါ​ဘက် ရပ်တည်​တယ်။ အမှား​လုပ်​သူတွေနဲ့ သူတို့ သီးခြား​နေခဲ့တယ်။ ဒါက ပညာရှိ ဆုံးဖြတ်ချက်​ပါ​ပဲ။ အဲဒီ​နေ့မှာ ရုပ်တု​ကိုးကွယ်မှု​ကြောင့် လူ​ထောင်နဲ့​ချီ သေဆုံးခဲ့တယ်။ ယေဟောဝါ​ဘက် ရပ်တည်​သူတွေကို​တော့ ကောင်းချီး​ပေးမယ်လို့ ဘုရား ကတိ​ပေးတယ်။—ထွ. ၃၂:၂၇-၂၉

၁၇။ ရွှေ​နွားရုပ်​နဲ့ပတ်သက်တဲ့ ပေါလုရဲ့​စကားတွေက ဘာသင်ပေးသလဲ။

၁၇ တမန်တော်​ပေါလုက နွားရုပ်​တု​အကြောင်း ပြောပြီး “ဒါတွေ​အားလုံးဟာ ကျွန်တော်တို့​အတွက် ပုံနမူနာပဲ။ . . . ရုပ်တု မကိုးကွယ်​ကြပါ​နဲ့။ သူတို့​ထဲ​က​တချို့ဟာ ရုပ်တု​ကိုးကွယ်​ခဲ့ကြတယ်။ . . . [ဒီ​ပုံနမူနာ​တွေဟာ] လောက​စနစ်​တွေ အဆုံး​မှာ အသက်ရှင်​တဲ့ ကျွန်တော်တို့​အတွက် သတိပေး​ချက်​အဖြစ် ကျမ်းစာမှာ ရေး​ထားတာ။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် တည်ကြည်တယ်လို့ ထင်နေရင် မလဲ​သွား​အောင် သတိ​ထားပါ” လို့ သတိ​ပေးတယ်။ (၁ ကော. ၁၀:၆၊ ၇၊ ၁၁၊ ၁၂) စစ်မှန်တဲ့ ဝတ်ပြုသူတွေ​တောင် မှားယွင်းတဲ့ လုပ်ရပ်တွေ လုပ်မိ​နိုင်​ကြောင်း ပေါလု ထောက်​ပြတယ်။ သွေးဆောင်မှု​ကို အလျှော့ပေး​လိုက်​သူတွေဟာ ယေဟောဝါနဲ့ ဆက်ဆံရေးကောင်း ရှိနေတုန်းပဲ​လို့ ထင်​နိုင်တယ်။ ဒါပေမဲ့ ယေဟောဝါရဲ့ မိတ်ဆွေ​ဖြစ်ချင်​ရုံ၊ သစ္စာ​ရှိတယ်လို့ ပြောရုံနဲ့ ယေဟောဝါ နှစ်သက်​လက်ခံသူ မဖြစ်နိုင်ဘူး။—၁ ကော. ၁၀:၁-၅

၁၈။ ဘာက ယေဟောဝါနဲ့ ဝေးကွာ​သွား​စေနိုင်သလဲ။ ဘာအကျိုးဆက်​တွေ ရနိုင်သလဲ။

၁၈ ဆိုင်းနိုင်း​တောင်ပေါ်မှာ မောရှေ ကြာနေလို့ အစ္စရေးတွေ စိတ်သောက​ရောက်​ခဲ့​သလို ဒီနေ့ခေတ် ခရစ်ယာန်တွေ​လ​ည်း ယေဟောဝါရဲ့ တရား​စီရင်​ရာ​နေ့​နဲ့ ကမ္ဘာသစ် ရောက်​ဖို့ နှောင့်နှေး​နေ​ပုံ​ရလို့ စိတ်သောက ရောက်​နိုင်တယ်။ အဲဒီ​ကတိတွေ ပြည့်စုံဖို့ အဝေးကြီး လိုသေးတယ်၊ ပြည့်စုံ​မှာ မဟုတ်ပါဘူးလို့ စဉ်းစား​လာနိုင်တယ်။ သတိ​မထားဘူးဆို​ရင် ယေဟောဝါရဲ့ အလိုတော်​ထက် သွေးသား​ဆန္ဒတွေကို ဦးစားပေး​မိ​နိုင်တယ်။ ယေဟောဝါနဲ့ တဖြည်းဖြည်း ဝေးကွာ​လာပြီး နောက်ဆုံး တစ်ခါ​မှ​မစဉ်းစား​ဖူး​တဲ့ အပြစ်တွေ လုပ်မိ​နိုင်တယ်။

၁၉။ ဘယ်​အခြေခံ​အမှန်တရားကို ဘယ်တော့မှ မမေ့​သင့်သလဲ။ ဘာကြောင့်လဲ။

၁၉ စိတ်နှလုံး အကြွင်းမဲ့ နာခံမှု၊ ဆည်းကပ်မှု​ကို ယေဟောဝါ တောင်းဆို​ထားကြောင်း ဘယ်တော့မှ မမေ့​သင့်​ဘူး။ (ထွ. ၂၀:၅) ယေဟောဝါကို ဝတ်​မပြု​တော့​တာ​က စာတန့်​အလိုကို ဖြည့်ဆည်း​ပေးတာ​နဲ့​တူ​ပြီး ဆိုးကျိုး​တွေ​ပဲ ရစေ​နိုင်တယ်။ “ယေဟောဝါရဲ့ ခွက်နဲ့ နတ်ဆိုးတွေရဲ့​ခွက် နှစ်ခုစလုံး​ကို သောက်​လို့​မရဘူး။ ‘ယေဟောဝါရဲ့ စားပွဲ’ နဲ့ နတ်ဆိုးတွေရဲ့​စားပွဲ နှစ်ခုစလုံး​မှာ သုံးဆောင်​လို့​မရဘူး” လို့ ပေါလု သတိ​ပေးတယ်။—၁ ကော. ၁၀:၂၁

ယေဟောဝါကို တွယ်တာ​နေပါ

၂၀။ ခြေလှမ်းမှား​သွား​ရင်တောင် ယေဟောဝါ ဘယ်လို ကူညီ​ပေးနိုင်သလဲ။

၂၀ ကာ​အိ​န၊ ရှောလမုန်၊ ဆိုင်းနိုင်း​တောင်​က အစ္စရေးတွေ​အကြောင်း ကျမ်းစာ​မှတ်တမ်းတွေ​မှာ ဆင်တူချက်​တစ်ခု ရှိတယ်။ သူတို့​အားလုံး ‘နောင်တ​ရပြီး ဘုရားသခင်​ဆီ ပြန်လှည့်​လာ’ ဖို့ အခွင့်အရေး​ရခဲ့ကြတယ်။ (တ. ၃:၁၉) ခြေလှမ်းမှား​သူတွေကို ယေဟောဝါ လွယ်လွယ်​နဲ့ လက်မလျှော့​တာ ထင်ရှားတယ်။ အာရုန်​ကို ယေဟောဝါ ခွင့်လွှတ်​ခဲ့​တ​ယ်။ ဒီနေ့ခေတ်မှာ ကျမ်းစာ​မှတ်တမ်း၊ ကျမ်းစာအခြေပြု စာပေ၊ ခရစ်ယာန်ချင်း တစ်ယောက်ရဲ့ အကြံပြုချက်​တွေ​က​တစ်ဆင့် ယေဟောဝါ သတိပေး​နိုင်တယ်။ သတိပေး​ချက်​တွေ​ကို နားထောင်​မယ်​ဆိုရင် ယေဟောဝါရဲ့ ကရုဏာ ခံစားရ​ပါလိမ့်မယ်။

၂၁။ ယေဟောဝါအပေါ် သစ္စာစောင့်သိမှု စမ်းသပ်​ခံရတဲ့အခါ ဘာလုပ်ဖို့ စိတ်ပိုင်းဖြတ်​ထားသင့်သလဲ။

၂၁ ယေဟောဝါရဲ့ မဟာ​ကရုဏာ​မှာ ရည်ရွယ်ချက်​ရှိတယ်။ (၂ ကော. ၆:၁) “ဘုရားတရားမဲ့​တာတွေ၊ လောကရဲ့ မကောင်းတဲ့ အလိုဆန္ဒတွေကို ငြင်းပယ်” ဖို့ အခွင့်အရေး ရရှိ​စေတယ်။ (တိတု ၂:၁၁-၁၄ ကိုဖတ်ပါ။) “လက်ရှိ လောက​စနစ်​မှာ” အသက်ရှင်​နေသရွေ့ ယေဟောဝါအပေါ် အကြွင်းမဲ့ ဆည်းကပ်မှု​ကို စမ်းသပ်တဲ့ အခြေအနေတွေ ရင်ဆိုင်​ရလိမ့်မယ်။ “ယေဟောဝါ​ဘုရားကို ကြောက်ရွံ့​ရိုသေပါ။ ဘုရားကိုပဲ ဝတ်ပြုပါ။ ဘုရားကိုပဲ တွယ်တာ​နေပါ” ဆိုတဲ့​အချက်ကို အမှတ်ရ​ပြီး ယေဟောဝါ​ဘက် မားမားမတ်မတ် ရပ်တည်​ဖို့ အမြဲ​အသင့်ရှိနေ​ကြပါစို့။—တရား. ၁၀:၂၀