မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ရက်ရောစွာ ပေးကမ်းသူတွေ ပျော်ရွှင်ကြ

ရက်ရောစွာ ပေးကမ်းသူတွေ ပျော်ရွှင်ကြ

“ပေးကမ်းခြင်းက ပိုပျော်​ရွှင်​စေတယ်။”—တ. ၂၀:၃၅

သီချင်း– ၇၆၊ ၁၁၀

၁။ ယေဟော​ဝါ ရက်ရော​ကြောင်း ဘာက ဖော်ပြသလဲ။

ယေဟောဝါဟာ ဘာကိုမှ စ​မဖန်ဆင်း​​ခင် တစ်ဦးတည်း ရှိခဲ့ပေမဲ့ ကိုယ့်အတွက်ပဲ မစဉ်းစားဘူး။ အသိဉာဏ်​ရှိ ဖန်ဆင်း​ရာတွေ​ဖြစ်တဲ့ နာမ်ဝိညာဉ်​သတ္တဝါတွေနဲ့ လူသားတွေကို အသက်ဆု ပေးခဲ့တယ်။ “ပျော်ရွှင်တဲ့ ဘုရား” ယေဟော​ဝါဟာ ပေးကမ်း​ရတာကို နှစ်သက်တယ်။ (၁ တိ. ၁:၁၁။ ယာ. ၁:၁၇) ကျွန်တော်တို့ကိုလည်း ပျော်ရွှင်​စေချင်တဲ့​အတွက် ရက်ရော​ဖို့ သင်ပေးတယ်။—ရော. ၁:၂၀

၂၊ ၃။ (က) ပေးကမ်းခြင်းက ဘာကြောင့် ပျော်ရွှင်​စေ​သလဲ။ (ခ) ဘာအကြောင်း ဆွေးနွေး​သုံးသပ်ကြ​မလဲ။

ဘုရားသခင်က လူကို မိမိ​ပုံသဏ္ဌာန်​အတိုင်း ဖန်ဆင်း​​ထားတယ်။ (က. ၁:၂၇) ဒါကြောင့် ဘုရားသခင့် အရည်အသွေးတွေကို ကျွန်တော်တို့ တင်ပြ​နိုင်တယ်။ ပျော်ရွှင်​ကျေနပ်မှု ရဖို့ တခြား​သူတွေကို စိတ်ဝင်စားခြင်း၊ ရက်ရက်ရောရော ပေးကမ်းခြင်း​အားဖြင့် ယေဟော​ဝါရဲ့ ပုံသက်သေကို တုပ​ဖို့ လိုတယ်။ (ဖိ. ၂:၃၊ ၄။ ယာ. ၁:၅) ဘာကြောင့်လဲ​ဆိုတော့ ယေဟော​ဝါ​က လူတွေကို အဲဒီလို​နည်းနဲ့ ပုံစံပြု​ထားလို့​ပဲ။ ကျွန်တော်တို့ မစုံလင်ပေမဲ့ ယေဟော​ဝါရဲ့ ရက်ရောမှု​ကို တုပ​နိုင်ပါတယ်။

ရက်ရက်ရောရော ပေးကမ်း​နိုင်ပုံ​အကြောင်း ကျမ်းစာမှာ ဖော်ပြ​ထားတယ်။ တချို့ကို သုံးသပ်ကြည့်​ကြစို့။ ရက်ရောမှု​က ဘုရားမျက်နှာသာ ဘယ်လို​ရရှိ​စေ​ကြောင်း၊​ ဒီအရည်အသွေး မွေးမြူခြင်းက ဘုရားပေး​ တာဝန်ကို ကျေပွန်​ဖို့ ဘယ်လို ကူညီပေး​ကြောင်း လေ့လာ​ကြပါမယ်။ ရက်ရောမှု​က ပျော်ရွှင်မှုနဲ့ ဘယ်လို​ ဆက်စပ်​နေ​ကြောင်း၊ အဲဒီ​အရည်အသွေးကို မွေးမြူ​ဖို့ ဘာကြောင့်​ လိုအပ်​ကြောင်း​ကိုလည်း ဆန်းစစ်​ကြပါမယ်။

ဘုရားသခင့် မျက်နှာသာ ရရှိ​နိုင်ပုံ

၄၊ ၅။ ဘယ်​ရက်ရောမှု ပုံသက်သေ​တွေကို ယေဟော​ဝါနဲ့ ယေရှု ချမှတ်​ခဲ့သလဲ။

ယေဟော​ဝါ​က လူသားတွေ မိမိကို တုပ​စေချင်တယ်။ ဒါကြောင့် ကျွန်တော်တို့ ရက်ရော​တဲ့အခါ ဘုရား ပျော်ရွှင်တယ်။ (ဧ. ၅:၁) ကျွန်တော်တို့ ဖန်ဆင်း​​ခံရတဲ့​ပုံစံ​နဲ့ သဘာဝ​ပတ်ဝန်းကျင် လှပ​ကြွယ်ဝမှုတွေက လူသားတွေကို ဘုရား ပျော်ရွှင်​စေ​ချင်​မှန်း ထင်ရှားတယ်။ (ဆာ. ၁၀၄:၂၄။ ၁၃၉:၁၃-၁၆) တခြား​သူတွေကို ပျော်ရွှင်​စေတဲ့​အခါ ဘုရားကို ဂုဏ်တင်ရာ​ရောက်တယ်။

ခရစ်ယာန်စစ်တွေဟာ ပြည့်ဝ​စုံလင်တဲ့ ရက်ရောမှု ပုံနမူနာ​ရှင် ခရစ်တော်ကို တုပ​ကြတယ်။ ‘လူသားဟာ သူတစ်ပါး​ကို စေခိုင်း​ဖို့ လာတာ မဟုတ်ဘူး။ သူတစ်ပါး​အစေ​ကို​ခံ​ပြီး လူအများ​အတွက် ရွေးဖိုး​အဖြစ် အသက်ကို​ပေးဖို့ ရောက်လာတာ’ လို့ ယေရှု​ကိုယ်တိုင် ပြောခဲ့တယ်။ (မ. ၂၀:၂၈) ‘ခရစ်တော်​ယေရှုမှာ​ရှိတဲ့ အဲဒီ​စိတ်သဘောထား​ကို ခင်ဗျားတို့လည်း မွေးမြူ​ကြပါ။ အရာရာကို သူ​စွန့်လွှတ်​ခဲ့​တယ်။ ကျွန်​အဖြစ်ကို ခံယူ​ခဲ့​တယ်’ လို့ ခရစ်ယာန်တွေ​ကို တမန်တော် ပေါလု ပြောတယ်။ (ဖိ. ၂:၅၊ ၇) ‘ယေရှုရဲ့ ပုံသက်သေကို အခု​ထက် ပို​တုပ​နိုင်​ဦး​မလား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးသင့်တယ်။၁ ပေတရု ၂:၂၁ ကိုဖတ်ပါ။

၆။ ရှမာရိလူ ပုံဥပမာမှာ ယေရှု ဘာသင်ပေးသလဲ။ (ဆောင်းပါး​အစမှာ​ပါတဲ့ ပုံကို ကြည့်ပါ။)

ယေဟော​ဝါနဲ့ ခရစ်တော်ရဲ့ ပြည့်ဝ​စုံလင်တဲ့ ပုံသက်သေကို တုပခြင်း၊ တခြားသူ​တွေရဲ့ အကျိုးကို စိတ်ဝင်စားခြင်း၊ သူတို့ရဲ့ လိုအပ်ရာတွေကို ဖြည့်ဆည်း​ပေးခြင်း​အားဖြင့် ယေဟော​ဝါရဲ့ မျက်နှာသာ ရနိုင်တယ်။ တခြား​သူတွေ၊ ကိုယ်​နဲ့ နောက်ခံ မတူ​သူတွေကို​တောင် နည်းလမ်း​ရှာ ကူညီပေး​သင့်​ကြောင်း ရှမာရိလူ ပုံဥပမာမှာ တပည့်တွေ​ကို ယေရှု ရှင်းလင်းစွာ ဖော်ပြခဲ့တယ်။ (လုကာ ၁၀:၂၉-၃၇ ကိုဖတ်ပါ။) ဂျူး​တစ်ယောက်က “ကျွန်တော်​ချစ်​ရမယ့် လူသားချင်းဟာ ဘယ်သူ​လဲ” ဆိုပြီး မေးလို့ ရှမာရိလူ ပုံဥပမာ​ကို ယေရှု ပြောခဲ့တာ​ဖြစ်တယ်။ ယေရှုရဲ့ အဖြေ​က ကျွန်တော်တို့လည်း ဘုရားမျက်နှာသာ ရ​ချင်​ရင် ရှမာရိလူ​လိုပဲ​ ရက်ရော​စွာ ပေးကမ်း​ရမယ်ဆိုတာ ဖော်ပြတယ်။

၇။ တစ်ကိုယ်ကောင်းဆန်​ခြင်း၊ မဆန်ခြင်းဟာ စကြဝဠာ​အရေးကိစ္စ​နဲ့ ဘယ်လို ဆက်စပ်နေ​သလဲ။

ခရစ်ယာန်တွေ ရက်ရော​သင့်တဲ့ အကြောင်းရင်း​တစ်ခုက​တော့ ဧဒင်မှာ စာတန်​ပေါ်ပေါက်​စေခဲ့တဲ့ အရေးကိစ္စ​နဲ့ ဆက်စပ်​နေလို့ပဲ။ ဘယ်လို​နည်းနဲ့လဲ။ ဘုရားကို နာခံတာထက် ကိုယ့်ကိုယ်ကိုယ် အာရုံစိုက်​ရင်၊ ကိုယ့်​အကျိုးကို​သာ ဦးစား​ထားရင် ပိုပျော်မယ်လို့ အာဒံနဲ့ ဧဝကို စာတန် ပြောခဲ့တယ်။ ဧဝဟာ ဘုရား​လို ဖြစ်ချင်တဲ့ တစ်ကိုယ်ကောင်းစိတ်​အတိုင်း လုပ်ခဲ့တယ်။ အာဒံလည်း ဘုရား​ထက် ဧဝ စိတ်​ကျေနပ်​အောင် လုပ်ခြင်း​အားဖြင့် တစ်ကိုယ်ကောင်းစိတ် ရှိကြောင်း ပြခဲ့တယ်။ (က. ၃:၄-၆) သူတို့​ဆုံးဖြတ်ချက်​ရဲ့ ဆိုးကျိုးတွေကို ထင်ထင်ရှားရှား မြင်​နေရတယ်။ တစ်ကိုယ်ကောင်းဆန်​ခြင်း​ဟာ ပျော်ရွှင်မှု မရ​စေ​ဘဲ ဆိုးကျိုး​တွေ​ပဲ ရစေ​နိုင်တယ်။ ဘုရားသခင့် နည်းလမ်း​သာ အကောင်းဆုံး​ဖြစ်တာ​ကို ယုံကြည်​ကြောင်း ရက်ရော​ခြင်းအားဖြင့် တင်ပြ​နိုင်တယ်။

ဘုရားပေး​တာဝန်ကို ကျေပွန်ခြင်း

၈။ တခြား​သူတွေ​အတွက် အာဒံနဲ့ ဧဝ ဘာကြောင့် စဉ်းစား​သင့်သလဲ။

အာဒံနဲ့ ဧဝဟာ ဧဒင်မှာ နှစ်ယောက်​တည်း ရှိခဲ့ပေမဲ့ တခြားသူ​တွေရဲ့ အကျိုးကို ထည့်​စဉ်းစားသင့်တယ်။ သူတို့ကို ယေဟော​ဝါ ကောင်းချီး​ပေးပြီး သားသမီးတွေ အများကြီး​မွေး​ဖို့၊ ကမ္ဘာမြေကို ပြည့်စေပြီး အုပ်ထိန်း​ဖို့ တာဝန်​ပေးခဲ့တယ်။ (က. ၁:၂၈) ဖန်ဆင်း​ရာတွေရဲ့ အကျိုးကို ဖန်ဆင်း​ရှင် အလွန်​စိတ်ဝင်စား​သလို မမွေးသေးတဲ့ သားသမီးတွေရဲ့ ပျော်ရွှင်မှု​ကို အာဒံနဲ့ ဧဝ စိတ်ဝင်စား​သင့်တယ်။ လူ့​မိသားစု တစ်စုလုံးရဲ့ ကောင်းကျိုး​အတွက် ဧဒင်ဥယျာဉ်​​ကို တစ်​ကမ္ဘာလုံး တိုးချဲ့​ရမယ်။ အဲဒီ​ကြီးမားတဲ့​တာဝန်ကို တိုးပွား​လာတဲ့ မိသားစုနဲ့​အတူ ပူးပေါင်း​လုပ်ဆောင်​ရမယ်။

၉။ ဧဒင်ဥယျာဉ်​​ကို ချဲ့ထွင်​ခြင်းက ဘာကြောင့် ပျော်ရွှင်မှု ခံစားရ​စေ​မလဲ။

စုံလင်တဲ့ လူသားတွေဟာ ဧဒင်ဥယျာဉ်​ ချဲ့ထွင်​ခြင်း​လုပ်ငန်းမှာ ယေဟော​ဝါနဲ့ အပြည့်အဝ ပူးပေါင်း​လုပ်ဆောင်​ပြီး ဘုရားသခင့်​အနားယူရာ​ထဲ ဝင်ခွင့်​ရ​ကြ​မယ်။ (ဟီ. ၄:၁၁) သိပ်ပျော်စရာ​ကောင်းတဲ့ အလုပ်​ဖြစ်မှာ​ပဲ။ တခြားသူ​တွေရဲ့ အကျိုး​အတွက် ကိုယ့်ကိုယ်ကိုယ် ပေးဆက်ခြင်းက​နေ ကောင်းချီးနဲ့ ကျေနပ်ပျော်ရွှင်မှု ခံစားရ​ကြပါလိမ့်မယ်။

၁၀၊ ၁၁။ ဟောပြောခြင်းနဲ့ တပည့်ဖြစ်စေခြင်း တာဝန်ကို ဘယ်လို ကျေပွန်​နိုင်သလဲ။

၁၀ ဒီနေ့လည်း ယေဟော​ဝါ​က မိမိ​လူမျိုးကို ဟောပြောခြင်းနဲ့ တပည့်ဖြစ်စေခြင်း​တာဝန် ပေးအပ်​ထားတယ်။ အဲဒီ​တာဝန်ကို ကျေပွန်​အောင် ထမ်းဆောင်ဖို့ တခြားသူ​တွေရဲ့ အကျိုးကို စိတ်ရင်းမှန်နဲ့ စိတ်ဝင်စား​ရမယ်။ စိတ်ရင်းမှန်​ရှိ​မှ၊ တစ်နည်းအားဖြင့် ဘုရားနဲ့ လူသားချင်း​ကို ချစ်တဲ့​မေတ္တာ​ရှိ​မှ ဒီ​လုပ်ငန်းမှာ ခံနိုင်ရည်ရှိ​နိုင်မယ်။

၁၁ ပထမရာစု​တုန်း​က ပေါလုနဲ့ တခြား​ခရစ်ယာန်တွေဟာ အမှန်တရား​မျိုးစေ့ စိုက်ပျိုးခြင်း၊ ရေလောင်းခြင်း​မှာ ပါဝင်​ခဲ့လို့ “ဘုရားသခင်ရဲ့ လုပ်ဖော်ဆောင်ဖက်” ဖြစ်ခဲ့ကြ​တယ်။ (၁ ကော. ၃:၆၊ ၉) ဒီနေ့ခေတ်မှာ ကျွန်တော်တို့လည်း ကိုယ့်အချိန်၊ ခွန်အား၊ အစွမ်းအစတွေ​ကို ဘုရား​စေခိုင်း​ထားတဲ့ ဟောပြောခြင်း​လုပ်ငန်းမှာ ရက်ရက်ရောရော ပေးဆက်ခြင်းအားဖြင့် “ဘုရားသခင်ရဲ့ လုပ်ဖော်ဆောင်ဖက်” ဖြစ်နိုင်တယ်။ တကယ့် အခွင့်ထူးကြီးပါပဲ။

အမှန်တရား သိလာအောင်ကူညီ​ပေးခြင်း​က အလွန်ပျော်ရွှင်​ကျေနပ်​စေ (အပိုဒ် ၁၂ ကို​ကြည့်ပါ)

၁၂၊ ၁၃။ တပည့်ဖြစ်စေခြင်း​လုပ်ငန်းရဲ့ ကောင်းချီးတွေ​က ဘာတွေလဲ။

၁၂ ဟောပြောခြင်းနဲ့ တပည့်ဖြစ်စေခြင်း​လုပ်ငန်းမှာ အချိန်နဲ့ ခွန်အားကို ရက်ရော​စွာ ပေးဆက်ခြင်းက ပျော်ရွှင်​စေတယ်။ ကျမ်းစာသင်အံမှု ရှိသူတွေ အဲဒီလိုပဲ ခံစားရတယ်။ ကျမ်းစာ​သင်သားက အမှန်တရားကို လက်ခံ၊ ယုံကြည်ခြင်း တိုးများလာ​ပြီး ဘဝမှာ အပြောင်းအလဲတွေ လုပ်​လာတဲ့​အပြင် တခြား​သူတွေကို အမှန်တရား စ​ဝေမျှ​လာတဲ့အခါ သူတို့ သိပ်​ပျော်ရွှင်​ကြတယ်။ ဟောပြောခြင်း​လုပ်ငန်းမှာ တပည့် ၇၀ ရလဒ်ကောင်းတွေ​ရပြီး “ဝမ်းသာ​အားရ” ပြန်လာတဲ့​အခါ ယေရှုလည်း အလွန်​ပျော်ရွှင်ခဲ့တယ်။—လု. ၁၀:၁၇-၂၁

၁၃ သတင်းကောင်း​က လူတွေရဲ့ အသက်တာကို ပို​ကောင်း​လာ​စေ​ကြောင်း ကမ္ဘာတစ်ဝန်းမှာ​ရှိတဲ့ ကြေညာသူတွေ မြင်ရတဲ့အခါ ဝမ်းမြောက်​ကြတယ်။ ဟောပြောသူ ပိုလိုအပ်တဲ့ ဥရောပ​အရှေ့ပိုင်း​ကို ပြောင်းရွှေ့​အမှုဆောင်တဲ့ တစ်ကိုယ်ရေ ညီအစ်မ အယ်နာ​အကြောင်း သုံးသပ်​ကြည့်ပါ။ * “ဒီမှာ ကျမ်းစာသင်အံမှု အများကြီး​ရတဲ့​အတွက် သိပ်ကြိုက်တယ်။ အမှုဆောင်လုပ်ငန်းမှာ သိပ်ပျော်တယ်။ အိမ်​ပြန်​ရောက်တဲ့အခါ ကိုယ့်​ပြဿနာ​ထက် ကျမ်းစာသင်သား​တွေရဲ့ အခက်အခဲတွေ၊ စိုးရိမ်​ပူပန်မှုတွေ​အကြောင်း​ပဲ စဉ်းစားမိ​တယ်။ သူတို့ကို အားပေးဖို့၊ လက်တွေ့ကျကျ ကူညီ​ပေးဖို့ နည်းလမ်း​ရှာတယ်။ ‘ရယူခြင်း​ထက် ပေးကမ်းခြင်းက ပိုပျော်​ရွှင်​စေ’ မှန်း စိတ်ချ​လာတယ်” လို့ ပြောတယ်။—တ. ၂၀:၃၅

ရပ်ကွက်မှာ အိမ်တိုင်းစေ့ သွားခြင်းက သတင်းကောင်းကို တုံ့ပြန်​ဖို့ လူတွေကို အခွင့်အရေး​ပေး​ရာ​ရောက် (အပိုဒ် ၁၄ ကို​ကြည့်ပါ)

၁၄။ သတင်းကောင်းကို လူ​နည်းနည်း​ပဲ တုံ့ပြန်​ရင်တောင် အမှုဆောင်လုပ်ငန်းမှာ ဘယ်နည်းနဲ့ ပျော်ရွှင်​နိုင်သလဲ။

၁၄ ကျွန်တော်တို့လည်း လူတွေ နားမထောင်​ရင်တောင် သတင်းကောင်းကို တုံ့ပြန်​ဖို့ အခွင့်အရေး ပေးခြင်း​အားဖြင့် ပျော်ရွှင်မှု ရနိုင်တယ်။ ကျွန်တော်တို့ရဲ့ တာဝန်ဟာ ပရောဖက် ယေဇကျေလ​ရဲ့ တာဝန်နဲ့ ဆင်တူ​တယ်။ “သူတို့ နားထောင်​သည်​ဖြစ်စေ၊ နားမထောင်​သည်​ဖြစ်စေ ငါ​ပြော​ခိုင်းတဲ့အတိုင်း မင်း​ပြောရမယ်” လို့ သူ့ကို ယေဟော​ဝါ မိန့်မှာတယ်။ (ယေဇ. ၂:၇။ ဟေရှာ. ၄၃:၁၀) သတင်းကောင်းကို လူတချို့ လက်မခံ​ရင်တောင် ကျွန်တော်တို့ရဲ့ ကြိုးစားမှု​ကို ယေဟော​ဝါ တန်ဖိုး​ထားတယ်။ (ဟီဘရူး ၆:၁၀ ကိုဖတ်ပါ။) “ကျွန်တော်တို့​က စိုက်ပျိုး​တယ်၊ ရေလောင်း​တယ်။ ပြီးနောက် လူတွေ စိတ်ဝင်စား​လာ​အောင် ကူညီ​ပေးဖို့ ယေဟော​ဝါ​ဆီ ဆုတောင်း​​တယ်” လို့ ညီအစ်ကို​တစ်ယောက် ပြောတယ်။—၁ ကော. ၃:၆

ပျော်ရွှင်​နိုင်ပုံ

၁၅။ လူတွေ ကောင်းကောင်း​တုံ့ပြန်​မှ ရက်ရောမှု ပြသင့်​သလား။ ရှင်းပြပါ။

၁၅ ယေဟော​ဝါ​လို​ပဲ ယေရှုလည်း ကျွန်တော်တို့ကို ပျော်ရွှင်​စေချင်တယ်။ ဒါကြောင့် ရက်ရော​ဖို့ ဒီလို​အားပေးတယ်– “ပေးကမ်း​တတ်တဲ့​အကျင့် လုပ်ပါ။ ခင်ဗျားတို့ကို ပြန်ပေး​ကမ်း​ကြ​လိမ့်မယ်။ ခင်ဗျားတို့ရဲ့ အင်္ကျီ​အိတ်ထဲ ရက်ရက်ရောရော ထည့်ပေး​ရုံ​မ​က ဖိ​သိပ်​လှုပ်ခါ​ပြီး ပြည့်လျှံ​နေ​အောင် ပေး​ကြ​လိမ့်မယ်။ ကိုယ်ချိန်​ပေးလိုက်တဲ့ ပမာဏ​အတိုင်း ပြန်​ရမှာ​ဖြစ်လို့ပဲ။” (လု. ၆:၃၈) ရက်ရော​စွာ ပေးကမ်းတာကို လူတိုင်း ကောင်းကောင်း တုံ့ပြန်​မှာ မဟုတ်ဘူး။ ဒါပေမဲ့ တချို့ကတော့ ကိုယ့်​ရက်ရောမှု​ကို တွေ့ပြီး ရက်ရော​တတ်လာ​ပါလိမ့်မယ်။ ဒါကြောင့် လူတွေ ကျေးဇူးတင်​သည်​ဖြစ်စေ၊ မတင်သည်ဖြစ်စေ ပေးကမ်း​တတ်တဲ့​အကျင့် လုပ်ပါ။ ရက်ရော​တဲ့ လုပ်ရပ်​လေး​တစ်ခုက ဘယ်လောက်ထိ တာသွား​မယ်​ဆိုတာ မသိနိုင်​ဘူး။

၁၆။ ရက်ရောမှု​ပြဖို့ ဘာက လှုံ့ဆော်​ပေး​သင့်သလဲ။

၁၆ အမှန်တကယ် ရက်ရော​သူတွေဟာ တစ်ခုခု​ပြန်​ရဖို့ မမျှော်လင့်​ကြဘူး။ “စားသောက်ပွဲ တည်ခင်း​တဲ့အခါ နွမ်းပါးသူ​တွေ၊ မသန်စွမ်း​သူတွေ၊ ခြေမသန်​သူတွေ၊ မျက်မမြင်တွေကို ဖိတ်ပါ။ သူတို့ဟာ ကျေးဇူး​ပြန်​မဆပ်နိုင်​သူတွေ​ဖြစ်လို့ ခင်ဗျား ပျော်ရွှင်​ချမ်းမြေ့​ရလိမ့်မယ်” လို့ ယေရှု သင်ပေးတယ်။ (လု. ၁၄:၁၃၊ ၁၄) ‘ရက်ရော​တဲ့​သူဟာ ကောင်းချီး​ခံစားရ​လိမ့်မယ်’ လို့ ကျမ်းရေးသူ​တစ်ယောက် ပြောတယ်။ နောက်တစ်ယောက်ကလည်း “နိမ့်ကျ​သူကို စာနာမှု​ပြ​တဲ့​သူဟာ ပျော်ရွှင်​ချမ်းမြေ့​တယ်” လို့ ပြောတယ်။ (ပညာ. ၂၂:၉။ ဆာ. ၄၁:၁) မှန်ပါတယ်၊ တခြား​သူတွေကို ကူညီပေး​ခြင်းကနေ ပျော်ရွှင်မှု ခံစားရ​နိုင်ပါတယ်။

၁၇။ ဘယ်လို ပေးကမ်းမှု​မျိုး​က ပျော်ရွှင်​စေ​မလဲ။

၁၇ “ရယူခြင်း​ထက် ပေးကမ်းခြင်းက ပိုပျော်​ရွှင်​စေ​တယ်” ဆိုတဲ့ ယေရှုရဲ့​စကားကို ပေါလု ကိုးကား​ချိန်မှာ ရုပ်ပစ္စည်း ပေးကမ်းတာကို​ပဲ ဆိုလို​နေတာ မဟုတ်ဘူး။ လိုအပ်​နေ​သူတွေကို အားပေး၊ လမ်းညွှန်၊ ကူညီ​ပေးခြင်းကိုပါ ဆိုလိုတယ်။ (တ. ၂၀:၃၁-၃၅) ကိုယ့်အချိန်၊ ခွန်အား၊ မေတ္တာနဲ့ ဂရုစိုက်မှု​တို့ကို ရက်ရက်ရောရော ပေးဖို့ အပြောနဲ့ရော အလုပ်နဲ့ပါ ပေါလု သင်ပေးခဲ့တယ်။

၁၈။ ရက်ရောမှု​နဲ့ပတ်သက်ပြီး သုတေသီတွေ ဘာ​ပြောသလဲ။

၁၈ ပေးကမ်းခြင်းက လူတွေကို ပျော်ရွှင်​စေ​ကြောင်း လူမှု​သိပ္ပံ သုတေသီတွေ တွေ့ရှိခဲ့ကြတယ်။ “တခြား​သူတွေကို ကြင်နာမှု​ပြတာက ထူးထူးခြားခြား ပျော်ရွှင်​စေတယ်” လို့ ဆောင်းပါး​တစ်ခုမှာ ဖော်ပြတယ်။ တခြား​သူတွေကို ကူညီခြင်းက “လူ့အခြေခံ လိုအပ်ချက်တွေကို ဖြည့်ဆည်း​ပေးပြီး ဘဝကို ပို​အဓိပ္ပာယ်​ရှိစေတယ်” လို့ သုတေသီတွေ ပြောကြတယ်။ ဒါကြောင့် ကျန်းမာရေး ပို​ကောင်း​ဖို့၊ ပိုပျော်​ရွှင်​ဖို့ လူမှု​အကျိုး​ပြုလုပ်ငန်း​တွေမှာ​ စေတနာ့ဝန်ထမ်း​လုပ်ပါ​ဆိုပြီး အားပေး​ကြတယ်။ ဒါတွေ​က ကျမ်းစာကို မေတ္တာရှင်​ ယေဟော​ဝါရဲ့ စကားတော်​အဖြစ် လက်ခံသူ​တွေ​အတွက် မထူးဆန်း​ပါဘူး။—၂ တိ. ၃:၁၆၊ ၁၇

ရက်ရောမှု​ကို ဆ​က်​မွေးမြူပါ

၁၉၊ ၂၀။ ဘာကြောင့် ရက်ရောမှု ပြ​ချင်​သလဲ။

၁၉ တခြားသူ​တွေရဲ့ အကျိုး​ထက် ကိုယ့်​အကျိုးကို ဦးစား​ထားသူတွေ ပတ်လည်မှာ ရက်ရော​တဲ့​သဘော ဆက်ရှိ​ဖို့ ခက်​နိုင်တယ်။ ဒါပေမဲ့ အရေးကြီးဆုံး ပညတ်​နှစ်ခု​က ယေဟော​ဝါကို စိတ်စွမ်း၊ ကိုယ်စွမ်း၊ ဉာဏ်စွမ်း၊ ခွန်အား​ရှိသမျှနဲ့ ချစ်​ဖို့၊ လူလူချင်းကို ကိုယ်နဲ့ထပ်တူ ချစ်​ဖို့ ဖြစ်တယ်လို့ ယေရှု ပြောတယ်။ (မာ. ၁၂:၂၈-၃၁) ဒီ​ဆောင်းပါး​မှာ တွေ့ခဲ့​ရတဲ့​အတိုင်း ယေဟော​ဝါကို ချစ်တဲ့​သူတွေဟာ ကိုယ်တော့်​ကို တုပ​ကြတယ်။ ယေဟော​ဝါနဲ့ ယေရှု​က တခြား​သူတွေကို ပေးကမ်း​ကြတယ်။ တကယ်​ပျော်ရွှင်​ချင်​ရင် အဲဒီလို​ပေးကမ်း​ဖို့ ကျွန်တော်တို့ကို တိုက်တွန်း​ထားတယ်။ ဘုရားနဲ့ရော လူတွေနဲ့​ပါ ဆက်ဆံ​တဲ့အခါ ရက်ရောမှု ပြမယ်​ဆိုရင် ယေဟော​ဝါကို ဂုဏ်တင်ရာ​ရောက်​ပြီး ကိုယ်တိုင်နဲ့ တခြား​သူတွေ အကျိုး​ရပါလိမ့်မယ်။

၂၀ သင်ဟာ တခြား​သူတွေ၊ အထူးသဖြင့် ယုံကြည်​သူ​ချင်း​တွေကို အတတ်နိုင်ဆုံး ရက်ရော​စွာ ပေးကမ်း​နေ​သူ ဖြစ်ပါလိမ့်မယ်။ (ဂ​လ. ၆:၁၀) အဲဒီလို ဆက်လုပ်​နေရင် လူတွေရဲ့ မေတ္တာနဲ့ ကျေးဇူးတင်​လေးမြတ်မှု ခံစား​ရပြီး ပိုပျော်​ရွှင်​ရပါလိမ့်မယ်။ “ရက်ရော​တဲ့​သူဟာ ကြီးပွား​လိမ့်မယ်။ သူတစ်ပါး​ကို လန်းဆန်း​စေတဲ့​သူဟာ ကိုယ်တိုင် လန်းဆန်း​ရလိမ့်မယ်” လို့ ပညာအလိမ္မာ ၁၁:၂၅ မှာ ပြောတယ်။ ခရစ်ယာန်အသက်တာ​မှာ​ရော အမှုဆောင်​လုပ်ငန်းမှာပါ ကိုယ်ကျိုး​မငဲ့ဘဲ ရက်ရော​စွာ ပေးကမ်းနိုင်တဲ့ နည်းလမ်း​များစွာ ရှိပါတယ်။ နည်းလမ်း​တချို့ကို နောက်ဆောင်းပါးမှာ ဆွေးနွေး​ပါမယ်။

^ အပိုဒ်၊ 13 အမည်​လွှဲ။