မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မှန်ကန်တဲ့ အချက်အလက်တွေကို သင် သိရဲ့လား

မှန်ကန်တဲ့ အချက်အလက်တွေကို သင် သိရဲ့လား

“အကြောင်းစုံကို နားမထောင်သေးဘဲနဲ့ ပြန်ပြောတဲ့​သူဟာ မိုက်မဲရုံမက အရှက်ခွဲခြင်းကိုပါ ခံရ​တတ်တယ်။”—ပညာ. ၁၈:၁၃

သီချင်း– ၁၂၆၊ ၉၅

၁၊ ၂။ (က) အရေးပါတဲ့ ဘယ်အရည်အသွေးကို မွေးမြူ​ရမလဲ။ ဘာကြောင့်လဲ။ (ခ) ဒီ​ဆောင်းပါး​မှာ ဘာအကြောင်း ဆွေးနွေးကြမလဲ။

ခရစ်ယာန်စစ်တွေ​အနေနဲ့ အချက်အလက်တွေ​ကို ဆန်းစစ်​ပြီး မှန်မှန်ကန်ကန် ကောက်ချက်ချ​နိုင်တဲ့ အရည်အသွေး မွေးမြူဖို့ လိုတယ်။ (ပညာ. ၃:၂၁-၂၃။ ၈:၄၊ ၅) အဲဒီ​အရည်အသွေး မရှိရင် ကျွန်တော်တို့ရဲ့ အတွေးအခေါ်​ကို ဖျက်ဆီးဖို့ ကြိုးစား​နေတဲ့ စာတန်နဲ့ လောကရဲ့​ရန်​ကို ကာကွယ်​နိုင်မှာ မဟုတ်ဘူး။ (ဧ. ၅:၆။ ကော. ၂:၈) မှန်ကန်တဲ့ အချက်အလက်တွေ​ကို သိထားမှပဲ မှန်မှန်ကန်ကန် ကောက်ချက်ချ​နိုင်မယ်။ “အကြောင်းစုံကို နားမထောင်သေးဘဲနဲ့ ပြန်ပြောတဲ့​သူဟာ မိုက်မဲရုံမက အရှက်ခွဲခြင်းကိုပါ ခံရ​တတ်တယ်” လို့ ပညာအလိမ္မာ ၁၈:၁၃ မှာ ပြောတယ်။

မှန်ကန်တဲ့ အချက်အလက်တွေ ရဖို့၊ မှန်မှန်ကန်ကန် ကောက်ချက်ချ​နိုင်ဖို့ အတားအဆီး​ဖြစ်စေတဲ့ အခက်အခဲ​တချို့ကို ဒီ​ဆောင်းပါး​မှာ ဆွေးနွေးပါမယ်။ အချက်အလက်တွေ​ကို မှန်ကန်စွာ ဆန်းစစ်​နိုင်အောင် ကူညီ​ပေးမယ့် လက်တွေ့​ကျ ကျမ်းစာ​မူတွေ၊ ပုံနမူနာ​တွေကိုလည်း ဆွေးနွေး​သွားပါမယ်။

“ပြောသမျှ” မယုံ​နဲ့

၃။ ပညာအလိမ္မာ ၁၄:၁၅ မှာပါတဲ့ ကျမ်းစာမူကို ဘာကြောင့် ကျင့်သုံးဖို့ လိုသလဲ။ (ဆောင်းပါး​အစမှာ​ပါတဲ့ ပုံကို ကြည့်ပါ။)

ဒီနေ့ခေတ်မှာ အင်တာနက်၊ တီဗီ၊ တခြား​မီဒီယာတွေ​ကနေ အချက်အလက်တွေ အဆက်မပြတ် ရ​နေတယ်။ လူများစွာဟာ အသိမိတ်ဆွေ​တွေ​ဆီက အီးမေးလ်၊ မက်ဆေ့ခ်ျ၊ သတင်း​မှတ်တမ်းတွေ ဒလဟော ရ​နေကြတယ်။ မှားယွင်းတဲ့၊ မတိကျတဲ့ အချက်အလက်တွေ အလွယ်တကူ ပျံ့သွား​နိုင်​လို့ သတိ​ရှိဖို့၊ ကြားတဲ့​အရာကို အသေအချာ ဆန်းစစ်​ဖို့ လိုတယ်။ ဘယ်​ကျမ်းစာမူ​က ကူညီ​ပေးနိုင်သလဲ။ “ရိုး​အ​တဲ့​သူက ပြောသမျှ ယုံတတ်တယ်။ အမြော်အမြင်​ရှိသူက​တော့ ခြေလှမ်းတိုင်း​ကို စဉ်းစားဆင်ခြင်တတ်တယ်” လို့ ပညာအလိမ္မာ ၁၄:၁၅ မှာ ပြောတယ်။

၄။ ဖိလိပ္ပိ ၄:၈၊ ၉ က ဖတ်​တဲ့​အရာကို စိစစ်​နိုင်ဖို့ ဘယ်လို ကူညီပေး​သလဲ။ တိကျ​မှန်ကန်တဲ့ အချက်အလက် ရဖို့ ဘာကြောင့် အရေးကြီး​သလဲ။ (“ မှန်ကန်တဲ့ အချက်အလက်တွေ ရဖို့ အကူအညီ​များ”​ လေးထောင့်​ကွက်​ကိုလည်း ကြည့်ပါ။)

ဆုံးဖြတ်ချက်ကောင်း ချ​နိုင်ဖို့ တိကျ​မှန်ကန်တဲ့ အချက်အလက်တွေ လိုအပ်တယ်။ ဒါကြောင့် ကိုယ်​ဖတ်မယ့် အချက်အလက်​ကို အသေအချာ စိစစ်​ရွေးချယ်​ရမယ်။ (ဖိလိပ္ပိ ၄:၈၊ ၉ ကိုဖတ်ပါ။) သံသယဖြစ်ဖွယ် အင်တာနက်​သတင်းတွေ၊ အထောက်အထား မခိုင်လုံတဲ့ အီးမေးလ်​မှတ်တမ်းတွေ ဖတ်​ရင်း​နဲ့​ပဲ အချိန်​မဖြုန်းပါနဲ့။ အထူးသဖြင့် အယူဖောက်ပြန်သူတွေရဲ့ ဝက်ဘ်ဆိုက်တွေကို ရှောင်​ဖို့ အရေးကြီးတယ်။ သူတို့ရဲ့ အဓိက​ရည်ရွယ်ချက်​က ဘုရားလူမျိုးကို ဖြိုခွဲ​ဖို့၊ အမှန်တရားကို အထင်အမြင် မှား​စေဖို့​ပဲ။ မမှန်တဲ့ အချက်အလက်တွေ​က မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေ ချ​စေ​လိမ့်မယ်။ မမှန်တဲ့ သတင်း​အချက်အလက်တွေ​က ကျွန်တော်တို့ရဲ့ စိတ်နှလုံးကို ဘယ်လောက် အကျိုးသက်ရောက်​နိုင်တယ်ဆိုတာ လျှော့​မ​တွက်​လိုက်ပါ​နဲ့။—၁ တိ. ၆:၂၀၊ ၂၁

၅။ ဘယ်​သတင်း​မှား​ကို အစ္စရေးတွေ နားထောင်​ခဲ့သလဲ။ ဒါက သူတို့ကို ဘယ်လို ထိခိုက်​ခဲ့သလဲ။

သတင်း​မှား​ကို ယုံ​မိရင် ဒုက္ခရောက်​နိုင်တယ်။ ဥပမာ၊ မောရှေ​လက်ထက်​တုန်း​က ကတိထားရာပြည်​ကို စူးစမ်း​ဖို့ လွှတ်လိုက်တဲ့ သူလျှို ၁၂ ယောက်​ထဲ​က ၁၀ ယောက် သတင်းဆိုး ပြန်လာ​ပြောတဲ့အခါ ဘာဖြစ်​ခဲ့​ကြောင်း စဉ်းစားကြည့်ပါ။ (တော. ၁၃:၂၅-၃၃) သူတို့ရဲ့ ချဲ့ကား​ပြောဆိုမှု​က ယေဟော​ဝါရဲ့ လူတွေကို စိတ်ဓာတ်ကျ​စေ​ခဲ့တယ်။ (တော. ၁၄:၁-၄) ဘာကြောင့်လဲ။ သူလျှို​အများစု ပြောတာ​ဆိုတော့ မှန်မယ်လို့ ထင်သွားကြတာ ဖြစ်နိုင်တယ်။ ယောရှုနဲ့ ကာလက် ပြောတဲ့ သတင်း​အမှန်​ကို​တော့ လက်မခံကြဘူး။ (တော. ၁၄:၆-၁၀) မှန်ကန်တဲ့ အချက်အလက်တွေ ရယူ​ပြီး ယေဟော​ဝါကို ယုံကြည်​ကိုးစားမယ့်​အစား သတင်းဆိုး​ကို ယုံ​ခဲ့ကြတယ်။ အတော်​မိုက်မဲတာပဲ။

၆။ ယေဟော​ဝါရဲ့​လူမျိုး​အကြောင်း မဖြစ်နိုင်တာတွေ ကြားရတဲ့​အခါ ဘာကြောင့် မထိတ်လန့်​သင့်သလဲ။

ယေဟော​ဝါ​လူမျိုးနဲ့​ပတ်သက်တဲ့ သတင်းတွေ​ ရတဲ့​အခါ အထူး​သတိထားဖို့ လိုတယ်။ ဘုရားသခင့် သစ္စာရှိ​ကျေးကျွန်တွေ​ကို စာတန် စွပ်စွဲ​နေ​ကြောင်း ဘယ်တော့မှ မမေ့ပါနဲ့။ (ဗျာ. ၁၂:၁၀) ဆန့်ကျင်​သူတွေက ကျွန်တော်တို့ကို “မဟုတ်မမှန် စွပ်စွဲ” ကြလိမ့်မယ်လို့ ယေရှု သတိပေး​တယ်။ (မ. ၅:၁၁) အဲဒီ​သတိပေး​ချက်​ကို အလေးအနက်​ထားမယ်​ဆိုရင် ယေဟော​ဝါရဲ့​လူမျိုး​အကြောင်း မဖြစ်နိုင်တာတွေ ကြားရတဲ့အခါ ထိတ်လန့်​သွားမှာ မဟုတ်ဘူး။

၇။ အီးမေးလ်၊ မက်ဆေ့ခ်ျ မ​ပို့​ခင် ဘာကို စဉ်းစားရမလဲ။

သင်ဟာ အသိမိတ်ဆွေ​တွေ​ဆီ အီးမေးလ်၊ မက်ဆေ့ခ်ျ​ပို့​တာ ဝါသနာ​ပါတဲ့​သူလား။ ဒါဆို သတင်း​မီဒီယာ​မှာ အသစ်​တင်ထားတဲ့ သတင်း​တစ်ပုဒ် တွေ့​တဲ့အခါ၊​ အကြောင်းအရာ​တစ်ခုခုကို ကြားတဲ့​အခါ ဦးဦးဖျားဖျား​ သတင်းပေး​ချင်မှာပဲ။ ဒါပေမဲ့ တစ်ယောက်ယောက်​ဆီ အီးမေးလ်၊ မက်ဆေ့ခ်ျ မ​ပို့​ခင် ‘ငါ​အခု​ပို့မယ့်​သတင်းက တကယ်​မှန်ရဲ့လား၊ စိတ်ချ​ရရဲ့လား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးပါ။ မသေချာ​ဘူးဆိုရင် ညီအစ်ကို/မတွေ​ကြား မရည်ရွယ်​ဘဲ သတင်း​မှား ဖြန့်​သလို ဖြစ်သွား​နိုင်တယ်။ ဒါကြောင့်​ မသေချာ​ဘူးဆိုရင် ပို့မယ့်​အစား ဖျက်​လိုက်ပါ။

၈။ နိုင်ငံ​တချို့မှာ ဆန့်ကျင်​သူတွေ ဘာ​လုပ်ခဲ့ကြသလဲ။ ဘယ်လို​နည်း​အားဖြင့် မရည်ရွယ်​ဘဲ သူတို့နဲ့ တွဲ​လုပ်​သလို ဖြစ်သွား​နိုင်သလဲ။

အီးမေးလ်တွေ၊ မက်ဆေ့ခ်ျတွေကို မြန်မြန်ဆန်ဆန် ပို့ခြင်းရဲ့ နောက်​အန္တရာယ်​တစ်ခု ရှိသေးတယ်။ နိုင်ငံ​တချို့မှာ ကျွန်တော်တို့ရဲ့ လုပ်ငန်းကို ကန့်သတ်၊ ပိတ်ပင်​ထားတယ်။ အဲဒီ​နိုင်ငံမှာ​ရှိတဲ့ ဆန့်ကျင်​သူတွေက ကျွန်တော်တို့ ကြောက်စိတ်ဝင်​အောင်၊ အချင်းချင်း မယုံ​သင်္ကာ​ဖြစ်အောင် တမင် သတင်းဖြန့်​နိုင်တယ်။ အရင် ဆိုဗီယက်​ပြည်ထောင်စုမှာ ဘာဖြစ်​ခဲ့​တယ်​ဆိုတာ သုံးသပ်​ကြည့်ပါ။ ကေဂျီဘီလို့​ခေါ်တဲ့ လျှို့ဝှက်​​ရဲအဖွဲ့က အထင်ကရ​ညီအစ်ကို​တချို့ သစ္စာဖောက်​သွား​ပြီလို့ သတင်းလွှင့်​တယ်။ * သတင်း​မှား​ကို ယုံသူ​တချို့ ယေဟော​ဝါရဲ့ အဖွဲ့အစည်း​နဲ့ လမ်းခွဲ​လိုက်ကြတယ်။ ဝမ်းနည်း​စရာပါပဲ။ နောက်ပိုင်း အများစုက ပြန်လှည့်​လာပေမဲ့ တချို့ကတော့ ယုံကြည်ခြင်း​သင်္ဘော​ပျက်​ပြီး ပြန်လှည့်​မလာကြဘူး။ (၁ တိ. ၁:၁၉) အဲဒီလို အဖြစ်ဆိုး​ကို ဘယ်လို ရှောင်နိုင်​မလဲ။ မှားယွင်းတဲ့၊ အထောက်အထား မခိုင်လုံတဲ့ သတင်းတွေ မဖြန့်ပါနဲ့။ အယုံမလွယ်ပါနဲ့။ မ​ရိုး​အပါ​နဲ့။ မှန်ကန်တဲ့ အချက်အလက်တွေ​ဖြစ်ကြောင်း သေချာစေပါ။

မပြည့်စုံတဲ့ အချက်အလက်​များ

၉။ တိကျ​မှန်ကန်တဲ့ အချက်အလက်​ရဖို့ အခက်အခဲ နောက်​တစ်ခုက ဘာလဲ။

အမှန်​တစ်ဝက်​ပဲ ပါတဲ့၊ အချက်အလက် မပြည့်စုံတဲ့ သတင်းတွေကလည်း မှန်မှန်ကန်ကန် ကောက်ချက်​ချဖို့ ခက်ခဲ​စေတယ်။ အကြောင်းအရာ​တစ်ခုက ၁၀ ရာခိုင်နှုန်း​ပဲ မှန်တယ်​ဆိုရင် အထင်မှား​ဖို့ ၁၀၀ ရာခိုင်နှုန်း သေချာတယ်။ ဒါဆို အမှန်​တစ်ဝက်​ပဲ ပါတဲ့ သတင်းတွေ​ကြောင့် အထင်မှား​တာ​မျိုး မဖြစ်​ရအောင် ဘယ်လို ရှောင်နိုင်​မလဲ။—ဧ. ၄:၁၄

၁၀။ အစ္စရေးတွေ ကိုယ့်ညီအစ်ကို​တွေကို စစ်တိုက်​ခါနီး​ဖြစ်ခဲ့​ရတာ ဘာကြောင့်လဲ။ ဘယ်လို ရှောင်နိုင်​ခဲ့ကြသလဲ။

၁၀ ယောရှု​ခေတ်​တုန်း​က ဂျော်ဒန်​မြစ် အနောက်ဘက်​ကမ်း​မှာ​နေတဲ့ အစ္စရေးတွေ ဘာဖြစ်​ခဲ့​တယ်​ဆိုတာ သုံးသပ်​ကြည့်ပါ။ (ယောရှု ၂၂:၉-၃၄) ဂျော်ဒန်​မြစ်​နား​မှာ ခမ်းနား​တဲ့ ပူဇော်ရာပလ္လင်​ကြီး​တစ်ခုကို ဂျော်ဒန်​မြစ် အရှေ့ဘက်မှာ နေတဲ့ ရုဗင်​အနွယ်၊ ဂဒ်​အနွယ်​နဲ့ မနာရှေ​အနွယ်​တစ်ဝက်​တို့ တည်​ကြ​ပြီဆို​ပြီး သတင်းရ​တယ်။ အဲဒီ​အထိ​တော့ သတင်းက မှန်တယ်။ ဒါပေမဲ့ မပြည့်စုံတဲ့ အချက်အလက်တွေ​အရ ယေဟော​ဝါကို ပုန်ကန်ပြီလို့​ထင်ပြီး သူတို့ကို တိုက်​ဖို့ စုဝေး​လာကြတယ်။ (ယောရှု ၂၂:၉-၁၂ ကိုဖတ်ပါ။) မ​တိုက်​ခင် အချက်အလက်​အားလုံး ရဖို့ စိတ်ချ​ရတဲ့ ကိုယ်စားလှယ်တွေ​ကို လွှတ်​လိုက်လို့ တော်​သေးတယ်။ ရုဗင်၊ ဂဒ်နဲ့ မနာရှေ​အနွယ်​တစ်ဝက်​ဟာ ပူဇော်သက္ကာတွေ ဆက်သဖို့ ပူဇော်​ရာပလ္လင် ဆောက်​တာ မဟုတ်ဘဲ သက်သေ​ဖြစ်စေဖို့ ဆောက်​တာ​ဖြစ်မှန်း သိလိုက်​ရတယ်။ သူတို့လည်း ယေဟော​ဝါရဲ့ သစ္စာရှိ​ကျေးကျွန်​တွေ​ဖြစ်တာ​ကို နောင်တစ်ချိန်မှာ လူတိုင်း သိနိုင်ဖို့ ဆောက်ခဲ့တာ။ မပြည့်စုံတဲ့ အချက်အလက်​ပေါ် မူတည်​ပြီး ကိုယ့်ညီအစ်ကို​တွေကို မ​သတ်​မိ​တဲ့​အတွက်၊ မှန်ကန်တဲ့​အချက်အလက်တွေ​ရဖို့ အချိန်​ယူ​ခဲ့​တဲ့​အတွက် အစ္စရေးတွေ ကျေးဇူးတင်​ကြမှာပဲ။

၁၁။ (က) မေဖိဗောရှက် ဘယ်လို မတရား​ဆက်ဆံ​ခံခဲ့ရ​သလဲ။ (ခ) ဒီ​မတရားမှု မလုပ်မိအောင် ဒါဝိဒ် ဘယ်လို ရှောင်နိုင်​သလဲ။

၁၁ ကျွန်တော်တို့လည်း အမှန်​တစ်ဝက်​ပဲ ပါတဲ့၊ မပြည့်စုံတဲ့ သတင်း​အချက်အလက်တွေ​ကြောင့် မတရား​ခံရ​တာ​မျိုး ဖြစ်နိုင်တယ်။ ဘုရင်​ဒါဝိဒ်​နဲ့ မေဖိဗောရှက်​တို့အကြောင်း သုံးသပ်​ကြည့်ပါ။ ဒါဝိဒ်​က မေဖိဗောရှက်​ကို အဘိုး​ရှောလုရဲ့ မြေယာ​အားလုံး ပြန်ပေး​ပြီး ရက်ရောမှု​နဲ့ ကြင်နာမှု​ ပြခဲ့​တယ်။ (၂ ရှ. ၉:၆၊ ၇) ဒါပေမဲ့ နောက်ပိုင်း မေဖိဗောရှက်​အကြောင်း မကောင်း​သတင်း ကြားခဲ့တယ်။ သတင်း​မှန်​မမှန် မ​စစ်ဆေး​ဘဲ မေဖိဗောရှက် ပိုင်ဆိုင်သမျှကို ဒါဝိဒ် ပြန်​သိမ်း​လိုက်တယ်။ (၂ ရှ. ၁၆:၁-၄) မေဖိဗောရှက်​နဲ့ စကားပြန်​ပြောတော့​မှ မှား​မှန်း​သိ​ပြီး သူ့​ပိုင်ဆိုင်ရာ​တချို့ကို ပြန်​ပေးတယ်။ (၂ ရှ. ၁၉:၂၄-၂၉) မပြည့်စုံတဲ့ အချက်အလက်​ကို အခြေခံပြီး အလျင်စလို ဆုံးဖြတ်​မယ့်​အစား အချက်အလက်​အားလုံး ရဖို့ ဒါဝိဒ် အချိန်​ယူ​ခဲ့​မယ်​ဆိုရင် ဒီ​မတရားမှု မလုပ်မိအောင် ရှောင်နိုင်​ခဲ့​မှာ​ပဲ။

၁၂၊ ၁၃။ (က) မဟုတ်မမှန် စွပ်စွဲ​ခံရတဲ့အခါ ယေရှု ဘယ်လို တုံ့ပြန်​သလဲ။ (ခ) တစ်ယောက်ယောက်​က ကျွန်တော်တို့​အကြောင်း မဟုတ်မမှန် သတင်းဖြန့်​ထားရင် ဘာ​လုပ်နိုင်သလဲ။

၁၂ သင်ဟာ မဟုတ်မမှန် စွပ်စွဲ​ခံ​နေရတယ် ဆိုရင်​ကော။ ယေရှုနဲ့ နှစ်ခြင်း​ဆရာ ယောဟန်လည်း အဲဒီလို ခံခဲ့ရ​တယ်။ (မဿဲ ၁၁:၁၈၊ ၁၉ ကိုဖတ်ပါ။) အချက်အလက်​အမှား​ကို ယေရှု ဘယ်လို ကိုင်တွယ်​ခဲ့သလဲ။ အချိန်ကုန်​ခံ၊ အပင်ပန်းခံ​ပြီး လိုက်​ဖြေရှင်း​မနေဘူး။ အချက်အလက် အမှန်၊ တစ်နည်းအားဖြင့် သူ့ရဲ့​အလုပ်နဲ့ သွန်သင်ချက်တွေကို ကြည့်ဖို့​ပဲ လူတွေကို အားပေးခဲ့တယ်။ “ဉာဏ်ပညာဟာ ဖြောင့်မတ်တယ်​ဆိုတာကို လုပ်ရပ်တွေ​နဲ့ သက်သေပြ​လိမ့်မယ်” လို့ ယေရှု​ပြောတယ်။—မ. ၁၁:၁၉

၁၃ ကျွန်တော်တို့​အားလုံး အဖိုးတန် သင်ခန်းစာ သင်ယူ​နိုင်ပါတယ်။ တစ်ခါတလေ မတရား​ပြော​ခံရ၊ ဝေဖန်​ခံရနိုင်​တယ်။ အဲဒီအခါ တရား​မျှတမှု​ကို တမ်းတ​မိ​မှာ​ပဲ။ နာမည်ပျက်​သွားတာကို ပြန်​အဖတ်ဆယ်​ချင်မှာပဲ။ ကျွန်တော်တို့ လုပ်နိုင်တာက​တော့ တစ်ယောက်ယောက်​က ကိုယ့်အကြောင်း မဟုတ်မမှန် သတင်းဖြန့်​ထားရင်​တောင် အဲဒါတွေကို ဘယ်သူမှ မယုံ​အောင် လုပ်ရပ်​နဲ့ သက်သေပြ​နိုင်တယ်။ ယေရှုရဲ့​အဖြစ်​မှာ​လို​ပဲ ကျွန်တော်တို့ရဲ့ ခရစ်ယာန်​အမူအကျင့်ကောင်းတွေက အမှန်​တစ်ဝက် သတင်းတွေ၊ စွပ်စွဲချက်တွေ​ကို ပယ်ဖျက်​ပေးနိုင်တယ်။

သင်ဟာ ကိုယ့်ကိုယ်ကိုယ်အားကိုးလွန်း​သူလား

၁၄၊ ၁၅။ ကိုယ့်​သိ​နားလည်​နိုင်စွမ်း​ကို အားကိုးခြင်းက ဘယ်လိုနည်းနဲ့ ထောင်ချောက်​ဖြစ်နိုင်သလဲ။

၁၄ မှန်မှန်ကန်ကန် ကောက်ချက်ချ​နိုင်ဖို့ အခက်အခဲ​တစ်ခုက စိတ်ချ​ရတဲ့ အချက်အလက် မရရှိ​ခြင်း​ပဲ။ လူ့မစုံလင်မှုကလည်း နောက်​အခက်အခဲ​တစ်ခု​ဖြစ်တယ်။ ယေဟော​ဝါကို ဆယ်စုနှစ်​များစွာ သစ္စာရှိ​ရှိ အမှုဆောင်ခဲ့​သူ ဆိုရင်​ကော။ ကောင်းကောင်း စဉ်းစားတွေးခေါ်​နိုင်၊ ပိုင်းခြားဆုံးဖြတ်​နိုင်မှာ​ပဲ။ ဒါပေမဲ့ အဲဒါကလည်း ထောင်ချောက်​ဖြစ်သွား​နိုင်တယ်။

၁၅ ကိုယ့်​သိနားလည်မှုကို​ပဲ အလွန်​အားကိုး​တာ​က ထောင်ချောက်​ဖြစ်သွား​နိုင်တယ်။ ကိုယ့်​ခံစားချက်​နဲ့ ကိုယ်ပိုင်​အယူအဆတွေက အတွေးအခေါ်​ကို လွှမ်းမိုး​လာနိုင်တယ်။ အချက်အလက်​အားလုံး မသိ​ရင်တောင် အခြေအနေ​ကို​ကြည့်ပြီး နားလည်​မှာ​ပါလို့ ယူဆ​လာနိုင်တယ်။ ဒါဟာ သိပ်​အန္တရာယ်​ရှိတယ်။ ကိုယ့်​သိ​နားလည်​နိုင်စွမ်း​ကို အားမကိုး​ဖို့ ကျမ်းစာမှာ ရှင်းရှင်းလင်းလင်း သတိပေး​ထားတယ်။—ပညာ. ၃:၅၊ ၆။ ၂၈:၂၆

၁၆။ အပိုဒ်​ထဲ​က ဇာတ်လမ်း​အရ စားသောက်​ဆိုင်​တစ်ဆိုင်​မှာ ဘာ​ဖြစ်ခဲ့သလဲ။ မျိုး​ကျော် ချက်ချင်း ဘယ်လို ကောက်ချက်ချ​လိုက်​သလဲ။

၁၆ ဒီ​ဇာတ်လမ်း​လေး​ကို စဉ်းစားကြည့်ပါ။ တစ်ညနေမှာ ဝါရင့်​အကြီးအကဲ မျိုးကျော်ဟာ အကြီးအကဲ ထွ​န်း​ထွ​န်း​ကို သူစိမ်း​အမျိုးသမီး​တစ်ယောက်နဲ့ စားသောက်​ဆိုင်​မှာ ထိုင်နေတာ တွေ့​လိုက်တယ်။ မျိုး​ကျော် လန့်​သွားတယ်။ ထွန်းထွန်း​နဲ့ အဲဒီ​အမျိုး​သမီးဟာ ရယ်လိုက်မောလိုက်၊ ဖက်လဲ​တ​ကင်း​နဲ့ သိပ်ပျော်​နေကြ​ပုံ​ပဲ။ မျိုး​ကျော် စိတ်​အနှောင့်အယှက် ဖြစ်သွားတယ်။ ထွ​န်း​ထွ​န်း​တို့ လင်မယား ကွဲ​ကြ​တော့​မလား။ ထွ​န်း​ထွ​န်းရဲ့ ဇနီး ဘယ်လို​လုပ်မလဲ။ သားသမီးတွေ​ကော။ ဒီလို​ကြေကွဲစရာ ဇာတ်လမ်းတွေကို မျိုး​ကျော် မြင်ဖူး​ထားတယ်။ သင်​သာ ဒီ​မြင်ကွင်း​ကို မြင်​လိုက်ရမယ်​ဆိုရင် ဘယ်လို​ထင်​မလဲ။

၁၇။ နောက်ပိုင်း မျိုး​ကျော် ဘာသိ​လိုက်ရ​သလဲ။ ကျွန်တော်တို့ ဘာသင်ခန်းစာ ရသလဲ။

၁၇ ဇနီး​အပေါ် ထွ​န်း​ထွ​န်း သစ္စာ​မရှိဘူးလို့ မျိုး​ကျော် အလျင်​စလို ကောက်ချက်ချ​လိုက်​ပေ​မဲ့ မှန်ကန်တဲ့ အချက်အလက်​အားလုံး သိလို့လား။ ညမှာ​ပဲ ထွ​န်း​ထွ​န်း​ကို ဖုန်းဆက်​လိုက်တယ်။ အဲဒီ​အမျိုး​သမီးဟာ တခြား​မြို့ကနေ လာလည်တဲ့ ထွ​န်း​ထွ​န်းရဲ့ ညီမ​ဖြစ်နေမှန်း သိလိုက်​ရလို့ မျိုး​ကျော် အတော်​စိတ်အေး​သွားမှာပဲ။ မောင်နှမ​နှစ်ယောက် မတွေ့တာ နှစ်​နဲ့​ချီ​ကြာပြီ။ အခုလည်း ဒီမြို့ကို ဖြတ်သွား​ရင်း စားသောက်​ဆိုင်​မှာ နာရီ​ပိုင်း​လောက်​ပဲ တွေ့​ဖို့ အချိန်​ရတယ်။ ဇနီးက​တော့ စားသောက်​ဆိုင်​ကို မလိုက်​နိုင်​ဘူး။ သူ့ရဲ့ အထင်မှား​မှု​အကြောင်း တခြား​သူတွေကို မပြောမိလို့ တော်​သေးတယ်။ ဘာသင်ခန်းစာ ရသလဲ။ ခရစ်ယာန်​အသက်တာမှာ ဘယ်လောက်​ပဲ အတွေ့အကြုံ​များ​ပါစေ​ အတွေ့အကြုံ​တစ်ခုတည်း​နဲ့ မလုံလောက်​ဘူး။ အချက်အလက်​အမှန်​ကို ရယူဖို့ အရေးကြီးတယ်။

၁၈။ စရိုက်​မတူတာ​က ကျွန်တော်တို့ရဲ့ အကဲဖြတ်မှု​ကို ဘယ်လို ထိခိုက်​စေနိုင်သလဲ။

၁၈ ကိစ္စရပ်တွေကို မှန်မှန်ကန်ကန် အကဲဖြတ်ဖို့ အခက်အခဲ နောက်​တစ်ခုက​တော့ အသင်းတော်​ထဲ​က ညီအစ်ကို​တစ်ယောက်နဲ့ စရိုက်​မတူတာ ဖြစ်နိုင်တယ်။ စရိုက်​မတူတာ​ကို​ပဲ အမြဲ​တွေး​နေမယ်ဆိုရင် ညီအစ်ကို​ကို သံသယဝင်​လာနိုင်တယ်။ သူနဲ့​ပတ်သက်တဲ့ မကောင်း​သတင်း ကြားလိုက်​တာ​နဲ့ ချက်ချင်း ယုံမိနိုင်တယ်။ သင်ခန်းစာ​က ဘာလဲ။​ ညီအစ်ကို/မတွေ​အပေါ် မကောင်းတဲ့​စိတ် သိုထား​ရင် အချက်အလက်​အမှန်​ကို မဆန်းစစ်​ဘဲ မှားယွင်းစွာ ကောက်ချက်ချ​မိ​နိုင်တယ်။ (၁ တိ. ၆:၄၊ ၅) မနာလိုစိတ် အမြစ်​မ​တွယ်​အောင် သတိ​ထားခြင်းက မှန်မှန်ကန်ကန် အကဲဖြတ်​နိုင်ဖို့ ကျွန်တော်တို့ကို ကူညီ​ပေးပါလိမ့်မယ်။ ဒါကြောင့်​ မကောင်းတဲ့​စိတ်တွေကို ဝင်ခွင့်​ပြုမယ့်​အစား ညီအစ်ကို/မတွေကို ချစ်​ပြီး ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်ဖို့ တာဝန်​ရှိတယ်ဆိုတာ အသိအမှတ်ပြု​ကြပါစို့။ကောလောသဲ​ ၃:၁၂-၁၄ ကိုဖတ်ပါ။

ကျမ်းစာ​မူတွေ​က ကာကွယ်ပေး

၁၉၊ ၂၀။ (က) အချက်အလက်တွေ​ကို တိကျ​မှန်ကန်စွာ အကဲဖြတ်​နိုင်ဖို့ ဘယ်​ကျမ်းစာ​မူတွေ​က ကူညီပေး​မလဲ။ (ခ) နောက်ဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးကြမလဲ။

၁၉ ဒီနေ့ခေတ်မှာ အချက်အလက်​အမှန်တွေကို ရယူ​ပြီး တိကျ​မှန်ကန်စွာ အကဲဖြတ်ဖို့ သိပ်​ခက်တယ်။ ဘာကြောင့်လဲ​ဆိုတော့ မမှန်တဲ့ အချက်အလက်တွေ၊ အမှန်​တစ်ဝက်​ပဲ ပါတဲ့ သတင်း​မှတ်တမ်းတွေ ပြည့်နေ​ပြီး ကိုယ်တိုင်လည်း မစုံလင်​လို့​ပဲ။ ဒီ​အခက်အခဲ​ကို ဖြေရှင်းဖို့ ဘာက ကူညီ​ပေးနိုင်​မလဲ။ ကျမ်းစာ​မူတွေကို သိ​ပြီး ကျင့်သုံး​ရမယ်။ မူ​တစ်ခုက​တော့ အကြောင်းစုံကို နားမထောင်​ဘဲ ပြန်ပြောခြင်းက မိုက်မဲရုံမက အရှက်ပါ ကွဲစေ​တယ်​ဆိုတဲ့ မူ​ပဲ။ (ပညာ. ၁၈:၁၃) နောက်​မူ​တစ်ခုက မ​မေးမြန်း၊ မ​စူးစမ်း​ဘဲ ပြောသမျှ မယုံ​ဖို့ ကူညီပေး​တယ်။ (ပညာ. ၁၄:၁၅) နောက်​တစ်ခုက ခရစ်ယာန်​အသက်တာမှာ ဘယ်လောက်​ပဲ အတွေ့အကြုံ​ရင့်နေပါစေ ကိုယ့်​သိ​နားလည်​နိုင်စွမ်း​ကို အားမကိုး​ဖို့ သတိပေး​တယ်။ (ပညာ. ၃:၅၊ ၆) စိတ်ချ​ရတဲ့ ရင်းမြစ်​က​လာတဲ့ အချက်အလက်တွေ​ကို အခြေခံပြီး မှန်မှန်ကန်ကန် ကောက်ချက်ချ​နိုင်ဖို့၊ ဆုံးဖြတ်ချက်ကောင်း ချ​နိုင်ဖို့ ကျမ်းစာ​မူတွေ​က ကူညီ​ပေးပါလိမ့်မယ်။

၂၀ နောက်​အခက်အခဲ​တစ်ခု ရှိသေးတယ်။ အပြင်ပန်း​ကို ကြည့်ပြီး အကဲဖြတ်​လို​ခြင်း ဖြစ်တယ်။ အဲဒီ​ကဏ္ဍ​မှာ ဖြစ်​လေ့​ရှိတဲ့ အန္တရာယ်တွေ​အကြောင်း၊ အဲဒါတွေကို ရှောင်​ဖို့ ဘာက ကူညီ​ပေးနိုင်ကြောင်း နောက်ဆောင်းပါးမှာ ဆွေးနွေး​ကြပါမယ်။

^ အပိုဒ်၊ 8 ၂၀၀​၄ နှစ်ချုပ်​စာအုပ် br-2 စာမျက်နှာ ၂၀-၂၂၊ ၂၀၀​၈ နှစ်ချုပ်​စာအုပ် (အင်္ဂလိပ်) စာမျက်နှာ ၁၃၃-၁၃၅ ကို​ကြည့်ပါ။