မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အပြင်ပန်းကို ကြည့်ပြီး အကဲမဖြတ်ပါနဲ့

အပြင်ပန်းကို ကြည့်ပြီး အကဲမဖြတ်ပါနဲ့

“အပြင်ပန်း​ကို​ပဲ​ကြည့်ပြီး အကဲမဖြတ်​ပါ​နဲ့​တော့။ မှန်မှန်ကန်ကန် အကဲဖြတ်​ကြပါ။”—ယော. ၇:၂၄

သီချင်း– ၁၄၂၊ ၁၂၃

၁။ ယေရှုနဲ့​ပတ်သက်ပြီး ဟေရှာယ ဘာ​ကြိုဟော​သလဲ။ အဲဒါက ဘာကြောင့် အားရှိစေ​သလဲ။

သခင်ယေရှု​ခရစ်​နဲ့ပတ်သက်တဲ့ ဟေရှာယ ပရောဖက်ပြုချက်​က ကျွန်တော်တို့ကို စိတ်သက်သာရာ ရစေတယ်။ ယေရှုဟာ “အပြင်ပန်း​ကို​ပဲ ကြည့်ပြီး တရား​မစီရင်​ဘူး။ ကြားတဲ့​စကားကိုပဲ မူတည်ပြီး ဆုံးမ​မှာ မဟုတ်ဘူး။ နိမ့်ကျ​သူတွေကို မျှမျှတတ တရား​စီရင်​မယ်” လို့ ဟေရှာယ ကြိုဟော​တယ်။ (ဟေရှာ. ၁၁:၃၊ ၄) ဒါက ဘာကြောင့် အားရှိစေ​သလဲ။ ဘက်လိုက်မှု၊ ခွဲခြားဆက်ဆံမှု ပြည့်နေတဲ့ လောကမှာ အသက်ရှင်​နေရလို့​ပဲ။ အပြင်ပန်း​ကို​ပဲ ကြည့်ပြီး စီရင်​မှာ မဟုတ်တဲ့၊ ပြည့်ဝ​စုံလင်တဲ့ တရားသူကြီး​ကို ကျွန်တော်တို့​အားလုံး တောင့်တ​နေကြတယ်။

၂။ ဘာလုပ်ဖို့ ယေရှု မိန့်မှာ​ထားသလဲ။ ဒီ​ဆောင်းပါး​မှာ ဘာအကြောင်း ဆွေးနွေးကြမလဲ။

နေ့တိုင်း တခြား​သူတွေကို ကျွန်တော်တို့ အကဲဖြတ်​တတ်ကြတယ်။ ဒါပေမဲ့ မစုံလင်သူတွေ​ဖြစ်တဲ့အတွက် ယေရှု​လို ပြည့်ဝစုံလင်​စွာ အကဲမဖြတ်​နိုင်​ဘူး။ အပြင်ပန်း​ကို ကြည့်ပြီး​တော့​ပဲ အကဲဖြတ်​တတ်ကြတယ်။ ဒါပေမဲ့ ယေရှု မြေကြီးပေါ် ရှိတုန်းက “အပြင်ပန်း​ကို​ပဲ​ကြည့်ပြီး အကဲမဖြတ်​ပါ​နဲ့​တော့။ မှန်မှန်ကန်ကန် အကဲဖြတ်​ကြပါ” လို့ မိန့်မှာခဲ့တယ်။ (ယော. ၇:၂၄) အပြင်ပန်း​ကို ကြည့်ပြီး အကဲမဖြတ်​စေ​ချင်​တာ ထင်ရှား​ပါတယ်။ လူတွေ ကြည့်လေ့​ရှိတဲ့ အပြင်ပန်း ကဏ္ဍ​သုံးခုကို ဒီ​ဆောင်းပါး​မှာ ဆွေးနွေးပါမယ်။ အဲဒါတွေက​တော့ လူမျိုး၊ ချမ်းသာ​ကြွယ်ဝမှု၊ အသက်အရွယ်​တို့​ဖြစ်တယ်။ ကဏ္ဍ​တစ်ခုစီ​မှာ ယေရှုရဲ့ မိန့်မှာချက်ကို နာခံ​နိုင်မယ့် လက်တွေ့​ကျ​နည်းတွေ​ကိုလည်း သုံးသပ်​သွားပါမယ်။

လူမျိုးကို ကြည့်ပြီး အကဲဖြတ်ခြင်း

၃၊ ၄။ (က) လူမျိုးခြား​တွေ​နဲ့ပတ်သက်တဲ့ မိမိ​အမြင်​ကို ပြန်​ဆန်းစစ်​ဖို့ တမန်တော်​ပေတရု​ကို ဘာက လှုံ့ဆော်​ခဲ့သလဲ။ (ဆောင်းပါး​အစမှာ​ပါတဲ့ ပုံကို ကြည့်ပါ။) (ခ) ဘယ်​အမှန်တရား​အသစ်​ကို နားလည်​လာဖို့ ပေတရု​ကို ယေဟော​ဝါ ကူညီ​ခဲ့သလဲ။

ကဲသရိ​မြို့​က လူမျိုးခြား ကော်နေလိ​အိမ်ကို တမန်တော် ပေတရု ဖိတ်ခေါ်​ခံရတဲ့အခါ ပေတရုရဲ့​စိတ်ထဲ အတွေး​များစွာ ဝင်​လာ​မှာ​ပဲ။ (တ. ၁၀:၁၇-၂၉) လူမျိုးခြား​တွေဟာ မသန့်ရှင်း​ဘူးလို့ မိမိ​ခေတ်​က ဂျူးတွေလိုပဲ ပေတရု ငယ်စဉ်ကတည်းက ယုံကြည်​ခဲ့​တယ်။ ဒါပေမဲ့ အဲဒီ​ယုံကြည်ချက်ကို ပြန်​ဆန်းစစ်​စေတဲ့ ဖြစ်ရပ်တွေ ပေတရု ကြုံခဲ့ရ​တယ်။ ဥပမာ၊ အံ့ဖွယ်​စိတ်အာရုံ​တစ်ခု ပေတရု မြင်တယ်။ (တ. ၁၀:၉-၁၆) စိတ်အာရုံမှာ မသန့်ရှင်းတဲ့ တိရစ္ဆာန်တွေ အပြည့်​ပါတဲ့ ပိတ်ထည်​ကြီး​တစ်ခု ကျ​လာပြီး “ပေတရု၊ ထပြီး သတ်စားပါ” ဆိုတဲ့ ကောင်းကင်က​အသံ​ကို ကြားခဲ့​ရတယ်။ ပေတရု လုံးဝ​ငြင်း​ပေမဲ့​ “ဘုရားသခင် စင်ကြယ်​စေပြီး​သား​အရာကို ညစ်ညူးတယ်လို့ မပြောပါနဲ့​တော့” ဆိုတဲ့ အသံ​ကို ကြားရတယ်။ စိတ်​အာရုံ​ မြင်ပြီး​သွားတဲ့အခါ ဘာ​ပြော​ချင်​မှန်း သူ​စဉ်းစားမရ ဖြစ်ခဲ့တယ်။ အဲဒီနောက် ကော်နေလိ လွှတ်လိုက်တဲ့​သူတွေ ရောက်လာတယ်။ သန့်ရှင်းသော စွမ်းအားတော်ရဲ့ လမ်းညွှန်မှု ရရှိ​ပြီးနောက် သူတို့နဲ့အတူ ကော်နေလိရဲ့ အိမ်ကို ပေတရု လိုက်သွား​တယ်။

အပြင်ပန်း​ကိုသာ ကြည့်ပြီး ပေတရု ဆုံးဖြတ်​ခဲ့ရင် ကော်နေလိရဲ့​အိမ်ထဲ လုံးဝ ဝင်​မှာ မဟုတ်ဘူး။ ဂျူးတွေဟာ လူမျိုးခြားတွေရဲ့ အိမ်ထဲ ဝင်​လေ့​မရှိလို့​ပဲ။ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်​နေတဲ့ ခွဲခြား​စိတ် ရှိနေတာ​တောင် ပေတရု ဘာကြောင့် ဝင်​သွားတာ​လဲ။ မြင်ရတဲ့ စိတ်အာရုံ​နဲ့ သန့်ရှင်းသော စွမ်းအားတော်ရဲ့ တိုက်တွန်းမှု​ကြောင့်ပါပဲ။ ကော်နေလိ ပြောတာကို နားထောင်​ပြီးနောက် “ဘုရားသခင် မျက်နှာမလိုက်​မှန်း ကျွန်တော် ကောင်းကောင်း သဘောပေါက်​သွားပြီ။ ဘယ်​လူမျိုး​ဖြစ်ဖြစ် ဘုရားသခင်ကို ကြောက်ရွံ့​ရိုသေပြီး မှန်ရာ​လုပ်​မယ်​ဆိုရင် ဘုရားရဲ့​နှစ်သက်​လက်ခံမှုကို ရတာပဲ” လို့ ပေတရု ပြောတယ်။ (တ. ၁၀:၃၄၊ ၃၅) အတော်​အဓိပ္ပာယ်​လေးနက်​တဲ့ နားလည်မှု အသစ်ပါပဲ။ မျက်နှာမလိုက်​ခြင်းနဲ့​ပတ်သက်တဲ့ ဒီအမှန်​တရား​က ခရစ်ယာန်​အားလုံးကို ဘယ်လို အကျိုးသက်ရောက်​မလဲ။

၅။ (က) ခရစ်ယာန်​အားလုံးကို ယေဟော​ဝါ ဘာ​နားလည်စေ​ချင်​သလဲ။ (ခ) အမှန်တရားကို သိပေမဲ့ ကျွန်တော်တို့မှာ ဘယ်​စိတ် ကိန်းအောင်း​နေနိုင်သလဲ။

ယေဟော​ဝါဟာ မိမိ​မျက်နှာမလိုက်​ကြောင်း ခရစ်ယာန်​အားလုံး နားလည်​လာဖို့ ပေတရု​က​တစ်ဆင့် ကူညီပေး​ခဲ့​တယ်။ လူမျိုး၊ မျိုးနွယ်၊ နိုင်ငံ၊ ဘာသာစကား ကွဲပြားမှုတွေ​က ဘုရားအတွက် အရေး​မပါဘူး။ ဘုရားကို ကြောက်ရွံ့​ပြီး မှန်ရာ​လုပ်တဲ့ ဘယ်​အမျိုးသား/သမီးကို​မဆို​ ဘုရား နှစ်သက်​လက်ခံတယ်။ (ဂ​လ. ၃:၂၆-၂၈။ ဗျာ.​ ၇:၉၊ ၁၀) အဲဒီ​အချက် မှန်ကန်ကြောင်း သင် လက်ခံ​မှာ သေချာတယ်။ ဒါပေမဲ့ ခွဲခြား​စိတ် ပြင်းထန်တဲ့​ နိုင်ငံ၊​ မိသားစုမှာ သင်​ကြီးပြင်း​လာတယ်​ဆိုရင်​ကော။ ကိုယ့်ကိုယ်ကိုယ် မျက်နှာမလိုက်​သူ​လို့ ထင်ပေမဲ့ ရင်ထဲမှာ ခွဲခြား​စိတ် ကိန်းအောင်း​နေ​နိုင်တယ်။ ယေဟော​ဝါ မျက်နှာမလိုက်​ကြောင်း ဖော်ပြခွင့်​ရခဲ့တဲ့ ပေတရု​တောင် နောက်ပိုင်းမှာ ခွဲခြား​စိတ် ပြန်​ပေါ်လာတယ်။ (ဂ​လ. ၂:၁၁-၁၄) ယေရှုရဲ့​စကားကို နားထောင်ပြီး အပြင်ပန်း​ကို မကြည့်ဖို့ ဘာက ကူညီ​ပေးနိုင်သလဲ။

၆။ (က) ခွဲခြား​စိတ်​ကို စိတ်နှလုံး​ထဲ​ကနေ အမြစ်ပါ​မကျန် ထုတ်ပစ်ဖို့ ဘာက ကူညီ​ပေးနိုင်သလဲ။ (ခ) တာဝန်​ရှိ ညီအစ်ကို​တစ်ယောက်ရဲ့ မှတ်ချက်​က ဘာ​ဖော်ပြသလဲ။

ကျွန်တော်တို့မှာ ခွဲခြား​တဲ့ သဘောထား၊ ခံစားချက် ရှိမရှိ သိဖို့ ကျမ်းစာ​သုံးပြီး အသေအချာ ဆန်းစစ်​ရမယ်။ (ဆာ. ၁၁၉:၁၀၅) ကိုယ့်ကိုယ်ကိုယ် မမြင်ပေမဲ့ ကိုယ့်​ဆီမှာ ခွဲခြား​စိတ် ရှိနေတာကို မြင်​တဲ့ တခြားသူ​တွေရဲ့ မေတ္တာပါ အကူအညီ​လည်း လိုအပ်တယ်။ (ဂ​လ. ၂:၁၁၊ ၁၄) အဲဒီ​သဘောထား အရိုးစွဲ​နေလို့ ကိုယ့်​ဆီမှာ ရှိလို့​ရှိ​မှန်း​တောင် သတိ​မထားမိတာ ဖြစ်နိုင်တယ်။​ ဥပမာ၊ သိပ်​တော်​တဲ့ အချိန်ပြည့်​အမှုဆောင် ဇနီးမောင်နှံ​အတွက် မှတ်ချက်​ရေးခဲ့တဲ့ တာဝန်​ရှိ ညီအစ်ကို​တစ်ယောက်​အကြောင်း​ သုံးသပ်​ကြည့်ပါ။ ယော​က်ျား​ဖြစ်သူဟာ တခြား​သူတွေ အထင်သေးလေ့​ရှိတဲ့ မျိုးနွယ်စု​ငယ်​လေး​က ဖြစ်တယ်။ အဲဒီ​မျိုးနွယ်စု​အပေါ် ကိုယ်တိုင် ခွဲခြား​စိတ်​ရှိနေတာကို တာဝန်​ရှိ​ညီအစ်ကို သတိ​မထား​မိ​ဘူး။ မှတ်ချက်​ကောင်း အများကြီး ရေး​ပြီးနောက် နိဂုံး​မှာ “သူဟာ အဲဒီ​မျိုးနွယ်စု​က ဖြစ်ပေမဲ့ သူ့ရဲ့ အ​ပြု​အမူ၊ အ​နေ​အ​ထိုင်​က အဲဒီ​မျိုးနွယ်​ဖြစ်​တိုင်း ညစ်ပတ်၊ အောက်တန်းကျတာ မဟုတ်​ကြောင်း တခြား​သူတွေကို နားလည်စေတယ်” လို့ ရေး​လိုက်တယ်။ ဆိုလိုချင်တာကို သဘောပေါက်​သလား။ ဘာ​တာဝန်ပဲ ရထား​ပါစေ စိတ်နှလုံးထဲမှာ ခွဲခြား​စိတ် အစ​အ​န​လေး​တောင် ကျန်​နေ​မနေ သိနိုင်ဖို့ ကိုယ့်ကိုယ်ကိုယ် အသေအချာ ဆန်းစစ်​ပြီး အကူအညီကို လိုလိုလားလား လက်ခံ​ရမယ်။ နောက်ထပ် ဘာလုပ်နိုင်​သေး​သလဲ။

၇။ စိတ်နှလုံးကို ကျယ်ကျယ်ဖွင့်​ထားကြောင်း ဘယ်လို ပြနိုင်သလဲ။

စိတ်နှလုံးကို ကျယ်ကျယ်ဖွင့်​ထားမယ်​ဆိုရင် ခွဲခြား​စိတ်​နေရာမှာ မေတ္တာနဲ့ အစားထိုး​နိုင်​ပါလိမ့်မယ်။ (၂ ကော. ၆:၁၁-၁၃၊ အောက်ခြေမှတ်ချက်) ကိုယ်​နဲ့ လူမျိုး​တူ၊ နိုင်ငံ​တူ၊ ဘာသာစကား​တူ​သူတွေကို​ပဲ အပေါင်းအသင်း လုပ်​သလား။ ဒါဆိုရင် စိတ်နှလုံးကို ကျယ်ကျယ်​ဖွင့်လိုက်ပါ။ သင်နဲ့ နောက်ခံ​မတူ​သူတွေကို အမှုဆောင်လုပ်ငန်းမှာ အတူ​တွဲ​ဖို့၊ အိမ် ဒါမှမဟုတ် ပေါင်းသင်းမှု​ကို လာဖို့ ဖိတ်ခေါ်ပါ။ (တ. ၁၆:၁၄၊ ၁၅) အဲဒီလိုလုပ်​မယ်​ဆိုရင် သင့်​စိတ်ထဲမှာ ခွဲခြား​စိတ်​အတွက် နေရာ​မရှိတော့​လောက်​အောင် မေတ္တာတွေ ပြည့်လျှံ​နေပါ​လိမ့်မယ်။ အပြင်ပန်း​ကို ကြည့်ပြီး အကဲဖြတ်လေ့​ရှိတဲ့ တခြား​ကဏ္ဍတွေ ရှိသေးတယ်။ ချမ်းသာ​ကြွယ်ဝမှု​အကြောင်း​ သုံးသပ်ကြည့်​ကြစို့။

ဆင်းရဲ​ချမ်းသာ​ကို ကြည့်ပြီး အကဲဖြတ်ခြင်း

၈။ ဝတ်ပြုရာ ၁၉:၁၅ အရ ချမ်းသာ​တာ၊ ဆင်းရဲ​တာ​က ကျွန်တော်တို့ရဲ့ အကဲဖြတ်မှု​ကို ဘယ်လို သက်ရောက်မှု ရှိ​နိုင်သလဲ။

ချမ်းသာ​ကြွယ်ဝမှု​ဟာ တခြား​သူတွေ​အပေါ် ရှုမြင်ပုံကို သက်ရောက်မှု​ရှိ​နိုင်တဲ့ နောက်​အကြောင်းရင်း​တစ်ခု​ဖြစ်တယ်။ “ဆင်းရဲသား​မို့လို့​ဆိုပြီး မျက်နှာသာ မပေး​မိ​စေ​နဲ့။ ချမ်းသာ​လို့​ဆိုပြီး မျက်နှာမလိုက်​နဲ့။ လူ​လူ​ချင်း မျှမျှတတ စီရင်ပါ” လို့ ဝတ်ပြုရာ ၁၉:၁၅ မှာ ပြောထားတယ်။ လူတစ်ယောက် ချမ်းသာ​တာ၊ ဆင်းရဲ​တာ​က သူနဲ့​ပတ်သက်တဲ့ ကိုယ့်​အမြင်​ကို ဘယ်လို သက်ရောက်မှု ရှိ​နိုင်သလဲ။

၉။ ဘယ်​ဝမ်းနည်းစရာ အမှန်တရားကို ရှောလမုန် မှတ်တမ်းတင်​ခဲ့သလဲ။ ဒါက ဘာသင်ပေးသလဲ။

မစုံလင်သူတွေနဲ့​ပတ်သက်တဲ့ ဝမ်းနည်းစရာ အမှန်တရား​တစ်ခုကို မှတ်တမ်းတင်​ဖို့ ရှောလမုန်​ကို သန့်ရှင်းသော စွမ်းအားတော် လှုံ့ဆော်​ခဲ့​တယ်။ “ဆင်းရဲသားကို အိမ်နီးချင်းတွေ​က​တောင် မုန်း​တတ်တယ်။ သူဌေး​မှာ​တော့ မိတ်ဆွေ ပေါများ​တတ်တယ်” လို့ ပညာအလိမ္မာ ၁၄:၂၀ မှာ ရှောလမုန် ပြောတယ်။ ဒီ​ကျမ်းချက်​က ဘာသင်ပေးသလဲ။ ကျွန်တော်တို့ သတိ​မထားဘူးဆို​ရင် ချမ်းသာတဲ့ ညီအစ်ကိုတွေနဲ့​ပဲ ပေါင်းသင်း​ချင်​ပြီး ဆင်းရဲတဲ့ ညီအစ်ကိုတွေကို​တော့ ရှောင်ဖယ်​လာနိုင်တယ်။ ဆင်းရဲ​ချမ်းသာ​​အပေါ်​ မူတည်ပြီး လူတစ်ယောက်ရဲ့ တန်ဖိုးကို ပိုင်းဖြတ်တာ ဘာကြောင့် အန္တရာယ်​ရှိသလဲ။

၁၀။ ဘယ်​ပြဿနာ​အကြောင်း ယာကုပ် ဖော်ပြခဲ့သလဲ။

၁၀ ဆင်းရဲ​ချမ်းသာ​အပေါ် မူတည်ပြီး တခြား​သူတွေကို အကဲဖြတ်​မယ်​ဆိုရင် အသင်းတော်မှာ လူတန်းစား ခွဲခြားမှုတွေ ဖြစ်လာနိုင်တယ်။ ဒီ​ပြဿနာ​က ပထမရာစု အသင်းတော်​တချို့ကို ကွဲပြား​စေခဲ့​ကြောင်း တပည့်တော် ယာကုပ်​ ပြောတယ်။ (ယာကုပ် ၂:၁-၄ ကိုဖတ်ပါ။) ဒီနေ့ အသင်းတော်​တွေ​မှာလည်း အဲဒီ​သဘောထား မဝင်လာအောင် သတိထား​ရမယ်။ အပြင်ပန်း​ကို ကြည့်ပြီး အကဲဖြတ်​တတ်တဲ့ သဘောထားကို ဘယ်လို တိုက်လှန်​နိုင်မလဲ။

၁၁။ လူတစ်ယောက်ရဲ့ ပစ္စည်းဥစ္စာ ပိုင်ဆိုင်မှု​က ယေဟော​ဝါနဲ့ ဆက်ဆံရေး​အပေါ် ဘယ်လို အကျိုးသက်ရောက်​သလဲ။ ရှင်းပြပါ။

၁၁ ညီအစ်ကို/မတွေကို ယေဟော​ဝါ မြင်​သလို မြင်ရမယ်။ လူတစ်ယောက်ကို ယေဟော​ဝါ တန်ဖိုး​ထားတာဟာ ဆင်းရဲ​ချမ်းသာ​နဲ့ မဆိုင်​ဘူး။ ယေဟော​ဝါနဲ့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးဟာ ပစ္စည်းဥစ္စာ ဘယ်လောက် ရှိတယ်ဆိုတဲ့​အပေါ် အခြေ​မခံ​ဘူး။ “ချမ်းသာတဲ့​သူတွေ ကောင်းကင်​နိုင်ငံ​ဝင်​ဖို့ သိပ်​ခက်တယ်” လို့ ယေရှု ပြောတာ မှန်ပေမဲ့ မဝင်နိုင်​ဘူးလို့​တော့ မပြောခဲ့ဘူး။ (မ. ၁၉:၂၃) အဲဒီလိုပဲ “နွမ်းပါး​သူတို့၊ ခင်ဗျားတို့ဟာ ပျော်ရွှင်​ချမ်းမြေ့​သူတွေ​ပဲ။ ဘုရားသခင်ရဲ့ နိုင်ငံတော်​ဟာ ခင်ဗျားတို့ရဲ့​နိုင်ငံ ဖြစ်လို့ပါ” ဆိုပြီး ယေရှု ပြောတယ်။ (လု. ၆:၂၀) ဒါက ဆင်းရဲသား​အားလုံး အထူး​ကောင်းချီး​ရပြီး ယေရှုရဲ့ သွန်သင်ချက်ကို လက်ခံ​မယ်​လို့ မဆိုလို​ဘူး။ ဆင်းရဲ​သား​များစွာ လက်မခံ​ခဲ့​ကြဘူး။ ဆိုလိုတာ​က ပစ္စည်းဥစ္စာ ပိုင်ဆိုင်မှု​အပေါ် မူတည်ပြီး ယေဟော​ဝါနဲ့ ဆက်ဆံရေးကို အကဲဖြတ်​လို့ မရဘူး။

၁၂။ ချမ်းသာသူ၊ ဆင်းရဲသူ​တွေကို ကျမ်းစာမှာ ဘယ်လို ညွှန်ကြား​ထားသလဲ။

၁၂ ယေဟော​ဝါကို ချစ်​ပြီး စိတ်နှလုံး​အကြွင်းမဲ့ အမှုဆောင်​နေတဲ့ ဆင်းရဲ​ချမ်းသာမရွေး ညီအစ်ကို/မများ​စွာ​ကို ရရှိ​ထားတာ ကောင်းချီးပါပဲ။ ‘မတည်မြဲ​တဲ့ စည်းစိမ်​ကို အားမကိုး​ဘဲ ဘုရားသခင်ကိုသာ အားကိုး​ဖို့’ ချမ်းသာတဲ့​သူတွေကို ကျမ်းစာမှာ ညွှန်ကြား​ထားတယ်။ (၁ တိမောသေ ၆:၁၇-၁၉ ကိုဖတ်ပါ။) တစ်ချိန်တည်းမှာ ငွေ​မတပ်မက်ဖို့လည်း ဘုရားသခင့်​လူမျိုး​အားလုံးကို သတိပေး​ထားတယ်။ (၁ တိ. ၆:၉၊ ၁၀) ညီအစ်ကို/မတွေကို ယေဟော​ဝါ မြင်​သလို မြင်​မယ်​ဆိုရင် ပစ္စည်းဥစ္စာ ပိုင်ဆိုင်မှု​ပေါ် မူတည်ပြီး အကဲဖြတ်​မှာ မဟုတ်ပါဘူး။ ဒါဆို အသက်အရွယ်​ကော ဘယ်လို​လဲ။ အသက်အရွယ်ကို​ကြည့်ပြီး အကဲဖြတ်​လို့ ရမလား။ ကြည့်ကြစို့။

အသက်အရွယ်ကို ကြည့်ပြီး အကဲဖြတ်ခြင်း

၁၃။ အသက်​ကြီးသူတွေနဲ့​ပတ်သက်ပြီး ကျမ်းစာက ဘာသင်ပေးသလဲ။

၁၃ အသက်ကြီးသူ​တွေကို လေးစားဖို့ ကျမ်းစာမှာ မကြာခဏ တိုက်တွန်း​ထားတယ်။ ဝတ်ပြုရာ ၁၉:၃၂ မှာ “ဆံပင်​ဖြူတဲ့​သူကို ရိုသေပါ။ သက်ကြီးရွယ်အို​ကို လေးစားပါ။ ဘုရားသခင်ကို ကြောက်ရွံ့ပါ” လို့ ပြောတယ်။ ပညာအလိမ္မာ ၁၆:၃၁ မှာလည်း “ဖြောင့်မတ်တဲ့​လမ်းစဉ်​မှာ ရှိနေမယ်​ဆိုရင် ဖြူတဲ့​ဆံပင်ဟာ အလှ​သရဖူ​ပဲ” လို့ ပြောတယ်။ အသက်ကြီးတဲ့ အမျိုးသားတွေကို ပြင်းပြင်းထန်ထန် ဝေဖန်​ပြစ်တင်တာမျိုး မ​လုပ်ဖို့၊ ဖခင်​လို သဘော​ထားဖို့ တိမောသေကို ပေါလု တိုက်တွန်းခဲ့တယ်။ (၁ တိ. ၅:၁၊ ၂) အသက်ကြီးတဲ့ အမျိုးသားတွေ​အပေါ် တိမောသေ အခွင့်အာဏာ အတော်အတန်​ရှိပေမဲ့ ထောက်ထား​စာနာ​စွာ၊ လေးစား​စွာ ဆက်ဆံ​ရမယ်။

၁၄။ ကိုယ့်ထက် အသက်ကြီးတဲ့​သူကို ဆုံးမ​ဖို့ ဘယ်​အချိန်မှာ လိုအပ်​လာနိုင်သလဲ။

၁၄ အဲဒီ​မူ​က ဘယ်လောက် တာသွား​သလဲ။ ဥပမာ၊ အသက်ကြီးသူ​တစ်ယောက် တမင်တကာ အပြစ်​လုပ်တယ်​ဆိုရင်၊ ယေဟော​ဝါ မနှစ်သက်တာကို အားပေး​ထောက်ခံတယ်​ဆိုရင် ဒီအတိုင်း လွှတ်ထား​သင့်​သလား။ ယေဟော​ဝါ​က အပြင်ပန်း​ကို​ကြည့်ပြီး အကဲမဖြတ်​ဘူး။ တမင်တကာ အပြစ်​လုပ်​သူကို အသက်ကြီးလို့​ဆိုပြီး ခွင့်လွှတ်မှာ မဟုတ်ဘူး။ “အပြစ်ကျူးလွန်​တဲ့​သူဟာ အသက်​တစ်ရာ​ ရှိနေရင်တောင် ကျိန်ခြင်း​ခံရလိမ့်မယ်” ဆိုတဲ့ ဟေရှာယ ၆၅:၂၀ မှာပါတဲ့ မူကို သတိပြုပါ။ ယေဇကျေလ​ရဲ့ စိတ်အာရုံ​မှာလည်း အလားတူ မူကို ဖော်ပြ​ထားတယ်။ (ယေဇ. ၉:၅-၇) အဓိက​ကတော့ အသက်​အကြီးဆုံး​အရှင် ယေဟော​ဝါ​ဘုရားကို အမြဲ လေးစားမှု​ပြ​ရမယ်။ (ဒံ. ၇:၉၊ ၁၀၊ ၁၃၊ ၁၄) ဒါဆိုရင် ဘယ်​အသက်အရွယ်​ပဲ ဖြစ်ပါစေ ဆုံးမမှု လိုအပ်​နေ​သူကို ပဲ့ပြင်​ဖို့ စိုးရိမ်​ကြောက်ရွံ့​နေမှာ မဟုတ်ဘူး။—ဂ​လ. ၆:၁

လူငယ်​ညီအစ်ကိုတွေကို သင် လေးစားမှု ပြသလား (အပိုဒ် ၁၅ ကို​ကြည့်ပါ)

၁၅။ လူငယ်​ညီအစ်ကိုတွေကို လေးစားခြင်းနဲ့​ပတ်သက်ပြီး တမန်တော်​ပေါလု​ဆီကနေ ဘာ​သင်ယူ​ရသလဲ။

၁၅ အသင်းတော်မှာ​ရှိတဲ့ လူငယ်​ညီအစ်ကိုတွေကော။ သူတို့ကို သင် ဘယ်လို သဘောထား​သလဲ။ “ငယ်ရွယ်သူ​ဖြစ်နေလို့​ဆိုပြီး မင်းကို ဘယ်သူမှ အထင်မသေး​ပါစေနဲ့။ အဲဒီအစား အပြောအဆို၊ အ​ပြု​အမူ၊ ချစ်ခြင်း၊ ယုံကြည်ခြင်း၊ စင်ကြယ်ခြင်းတွေမှာ သစ္စာ​ရှိသူတွေ​အတွက် စံနမူနာ​ကောင်း ဖြစ်ရမယ်” လို့ လူငယ်​တိမောသေ​ဆီ တမန်တော်​ပေါလု ရေးခဲ့တယ်။ (၁ တိ. ၄:၁၂) အဲဒီ​စကားတွေကို ပေါလု ရေးသား​ချိန်မှာ တိမောသေဟာ အသက် ၃၀ ကျော်​ခါ​စ ဖြစ်နိုင်တယ်။ ဒါပေမဲ့ တာဝန်ကြီးတွေ​ကို ပေါလု ပေးအပ်ခဲ့တယ်။ ဘယ်လို​အကြောင်းရင်း​ကြောင့် အဲဒီလို ရေးခဲ့တာ ဖြစ်ပါစေ ဆိုလိုချင်တာ ရှင်း​ပါတယ်။ အသက်အရွယ်ကိုပဲ ကြည့်ပြီး လူငယ်​ညီအစ်ကိုတွေကို အကဲမဖြတ်​သင့်​ဘူး။ သခင်ယေရှု​တောင် အသက် ၃၀ လောက်​မှာ မြေကြီးပေါ် အမှုဆောင်လုပ်ငန်း စတင်​ခဲ့​ကြောင်း သတိရပါ။

၁၆၊ ၁၇။ (က) ညီအစ်ကို​တစ်ယောက် အသင်းတော်​အမှုထမ်း၊ အကြီးအကဲ​အဖြစ် အရည်အချင်း ပြည့်​မပြည့် အကြီးအကဲတွေ ဘယ်လို အကဲဖြတ်​သလဲ။ (ခ) ကိုယ့်​အမြင် ဒါမှမဟုတ် ယဉ်ကျေးမှု ရှုထောင့်တွေက ကျမ်းစာနဲ့ ဘယ်လို ဆန့်ကျင်​နိုင်သလဲ။

၁၆ ယဉ်ကျေးမှု​တချို့မှာ လူငယ်တွေကို အထင်သေး​တတ်ကြတယ်။ ဒါကြောင့် အသင်းတော် အကြီးအကဲ​တွေဟာ အရည်အချင်း​ပြည့်မီ​တဲ့ လူငယ်​ညီအစ်ကိုတွေကို အမှုထမ်း ဒါမှမဟုတ် အကြီးအကဲ​အဖြစ် ထောက်ခံဖို့ တွန့်ဆုတ်​နေ​နိုင်တယ်။ ဒါပေမဲ့ အသင်းတော်​အမှုထမ်း၊ အကြီးအကဲ​အဖြစ် ထောက်ခံ​နိုင်ဖို့ အသက်အရွယ် အတိအကျ​ကို ကျမ်းစာမှာ မဖော်​ပြ​ထားကြောင်း အကြီးအကဲ​အားလုံး အမှတ်​ရသင့်တယ်။ (၁ တိ. ၃:၁-၁၀၊ ၁၂၊ ၁၃။ တိ. ၁:၅-၉) အကြီးအကဲ​တစ်ယောက်က ယဉ်ကျေးမှုကို အခြေခံပြီး စည်းမျဉ်း​သတ်မှတ်​မယ်​ဆိုရင် ကျမ်းစာ​အတိုင်း လိုက်နေ​တာ မဟုတ်ဘူး။ လူငယ်တွေကို ကိုယ့်​အမြင်၊ ကိုယ့်​ယဉ်ကျေးမှု ရှုထောင့်​နဲ့ မဟုတ်ဘဲ ကျမ်းစာ​ရှုထောင့်နဲ့ပဲ​ တိုင်းတာ အကဲဖြတ်​သင့်တယ်။—၂ တိ. ၃:၁၆၊ ၁၇

၁၇ အဲဒီလို ကျမ်းစာနဲ့မညီတဲ့ ယဉ်ကျေးမှုတွေက အရည်အချင်း ပြည့်မီ​တဲ့ ညီအစ်ကိုတွေကို ထောက်ခံဖို့ အတားအဆီး​ဖြစ်စေ​နိုင်ကြောင်း သုံးသပ်​ကြည့်ပါ။ နိုင်ငံ​တစ်နိုင်ငံ​မှာ အရည်အချင်း ပြည့်မီ​တဲ့ အသင်းတော်​အမှုထမ်း​ကို တာဝန်ကြီးတွေ ပေးအပ်​ထားတယ်။ ဒီ​လူငယ်ဟာ အကြီးအကဲ​တစ်ယောက်​အတွက် ကျမ်းစာ​တောင်းဆိုချက်​တွေကို အတိုင်းအတာ တစ်ခု​အထိ ပြည့်မီ​ကြောင်း အကြီးအကဲတွေ သဘောတူပေမဲ့ ခန့်အပ်ဖို့​တော့ မထောက်ခံ​ကြဘူး။ အသက်ကြီးတဲ့ အကြီးအကဲ​တချို့က အဲဒီ​လူငယ် အကြီးအကဲ​ဖြစ်ဖို့ သိပ်​ငယ်လွန်းတယ်​ဆိုပြီး လုံးဝ မထောက်ခံ​ကြဘူး။ အပြင်ပန်း​ကို​ကြည့်ပြီး ဒီ​လူငယ်​ကို မထောက်ခံ​ကြ​တာ ဝမ်းနည်းစရာပါပဲ။ ဒါဟာ အဖြစ်အပျက်​တစ်ခု​ပဲ ရှိသေးတယ်။ မှတ်ချက်တွေအရ ကမ္ဘာ့ဒေသ အတော်များများမှာ ဒီလို​သဘောထား ရှိနေတယ်။ ကိုယ့်​ယဉ်ကျေးမှု၊ ကိုယ့်​အမြင်​ထက် ကျမ်းစာကို မှီခို​အားထား​ဖို့ သိပ်​အရေးကြီးတယ်။ ဒါဟာ အပြင်ပန်း​ကို​ပဲ ကြည့်ပြီး အကဲမဖြတ်​ပါ​နဲ့​ဆိုတဲ့ ယေရှုရဲ့ စကားကို နာခံ​နိုင်တဲ့ နည်းပါပဲ။

ဖြောင့်မတ်​စွာ ဝေဖန်​အကဲဖြတ်ပါ

၁၈၊ ၁၉။ တခြား​သူတွေကို ယေဟော​ဝါ မြင်​သလို မြင်နိုင်ဖို့ ဘာလိုအပ်​သလဲ။

၁၈ ကျွန်တော်တို့ မစုံလင်ပေမဲ့ မျက်နှာမလိုက်​တဲ့ ယေဟော​ဝါ​လို တခြား​သူတွေကို မြင်တတ်ဖို့ သင်ယူ​နိုင်ပါတယ်။ (တ. ၁၀:၃၄၊ ၃၅) ဒါပေမဲ့ ကိုယ့်​ဘက်က မပြတ်​ကြိုးစား​ဖို့၊ ကျမ်းစာ​သတိပေးချက်တွေ​ကို အမြဲလို​က်​နာ​ဖို့ လိုအပ်တယ်။ အဲဒီ​သတိပေးချက်တွေ​အတိုင်း လိုက်နာခြင်း​အားဖြင့် အပြင်ပန်း​ကို​ပဲ ကြည့်ပြီး အကဲမဖြတ်​ပါ​နဲ့​ဆိုတဲ့ ယေရှုရဲ့ စကားကို နာခံ​ရာ​မှာ တိုးတက်​လာပါလိမ့်မယ်။—ယော. ၇:၂၄

၁၉ မကြာခင် ဘုရင်​ယေရှုခရစ်ဟာ အပြင်ပန်း​ကို​ပဲ ကြည့်ပြီး၊ ကြားတဲ့​စကားကိုပဲ မူတည်ပြီး တရား​စီရင်​မှာ မဟုတ်ဘဲ ဖြောင့်မတ်​စွာ တရား​စီရင်ပါ​တော့မယ်။ (ဟေရှာ.​ ၁၁:၃၊ ၄) ကောင်းမွန်​လှတဲ့​ အဲဒီအချိန်ကို​ ကျွန်တော်​တို့​ စောင့်မျှော်​နေ​ကြပါတယ်။