မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စိတ်ရှည်ခြင်း—မျှော်လင့်ချက်ဖြင့် ခံနိုင်ရည် တင်ပြခြင်း

စိတ်ရှည်ခြင်း—မျှော်လင့်ချက်ဖြင့် ခံနိုင်ရည် တင်ပြခြင်း

နောက်ဆုံး​ကာလမှာ ဖိစီးမှု ပိုများ​လာတဲ့​အတွက် ယေဟော​ဝါရဲ့ လူမျိုးဟာ အရင်ကထက် စိတ်ရှည်​ဖို့​လိုအပ်တယ်။ (၂ တိ. ၃:၁-၅) စိတ်မရှည်တဲ့​သူ၊ ကိုယ့်ကိုယ်ကိုယ်​ချစ်တဲ့​သူ၊ ညှိနှိုင်းလို့​မရ​တဲ့​သူ၊ ချုပ်တည်းခြင်း​မရှိသူတွေ​အလယ်မှာ ကျွန်တော်တို့ အသက်​ရှင်​နေကြတယ်။ ဒါကြောင့် ‘ငါလည်း စိတ်မရှည်တဲ့​သူ ဖြစ်​နေပြီလား။ လောကရဲ့ စိတ်မရှည်တဲ့​သဘောထား ငါ့ကို ကူးစက်​နေပြီလား။ စစ်မှန်တဲ့ စိတ်ရှည်ခြင်း​ဆိုတာ ဘာလဲ။ ဒီ​အရေးကြီးတဲ့ အရည်အသွေး အမြဲ​ရှိနိုင်ဖို့ ဘာလုပ်ရမလဲ’ လို့ ခရစ်ယာန်တိုင်း ကိုယ့်ကိုယ်ကိုယ် မေးသင့်တယ်။

စိတ်ရှည်ခြင်း​ဆိုတာ ဘာလဲ

ကျမ်းစာ​အရ စိတ်ရှည်ခြင်း​ဆိုတာ အခြေအနေ​တစ်ခုကို သည်းခံ​နေခြင်း​ထက်မက ပါဝင်တယ်။ စိတ်ရှည်​တဲ့​သူဟာ အခြေအနေ​ကောင်း​လာမယ်လို့ မျှော်လင့်​ရင်း ခံနိုင်ရည် တင်ပြ​တယ်။ ကိုယ့်အတွက်ပဲ မစဉ်းစားဘူး။ တခြား​သူတွေ၊ ကိုယ့်ကို မတရား​ဆက်ဆံ​သူတွေ၊ စိတ်ဆိုး​အောင်​လုပ်​သူတွေ​အတွက်​တောင် ထည့်​စဉ်းစားပေးတယ်။ သူတို့နဲ့ ဆက်ဆံရေး ပြန်ကောင်း​လာမယ်လို့ မျှော်လင့်တယ်။ ဒါကြောင့် “စိတ်ရှည်ခြင်း” ကို မေတ္တာ​ကနေ ပေါက်ဖွား​လာတဲ့ ဦးဆုံး​အရည်အသွေး​အဖြစ် ကျမ်းစာမှာ ဖော်ပြတယ်။ * (၁ ကော. ၁၃:၄) “စိတ်ရှည်ခြင်း” ဟာ “စွမ်းအားတော်​ကြောင့် ဖြစ်ပေါ်လာတဲ့ အရည်အသွေးတွေ” မှာလည်း ပါတယ်။ (ဂ​လ. ၅:၂၂၊ ၂၃) ဒီ​အရည်အသွေးကို မွေးမြူဖို့ ဘာလိုအပ်​သလဲ။

စိတ်ရှည်ခြင်း မွေးမြူ​နိုင်ပုံ

စိတ်ရှည်ခြင်း အရည်အသွေးကို မွေးမြူဖို့ ယေဟော​ဝါရဲ့ စွမ်းအားတော် အကူအညီ တောင်းခံ​ရမယ်။ ​ဘုရားက ယုံကြည်​ကိုးစား​တဲ့​သူတွေကို စွမ်းအားတော် ပေးတယ်။ (လု. ၁၁:၁၃) စွမ်းအားတော်​က အစွမ်းထက်ပေမဲ့ ကိုယ့်​ဘက်က ဆုတောင်း​ချက်​တွေ​နဲ့အညီ လုပ်ဆောင်ဖို့ လိုတယ်။ (ဆာ. ၈၆:၁၀၊ ၁၁) နေ့တိုင်း စိတ်ရှည်ခြင်း​အားဖြင့် စိတ်ထဲ ဒီ​သဘောထား အမြစ်စွဲ​နေဖို့ အတတ်နိုင်ဆုံး ကြိုးစား​ရမယ်။ အမြဲ​တော့ မအောင်မြင်​နိုင်​ဘူး။ အောင်မြင်​ဖို့ ဘာက ကူညီပေး​မလဲ။

ယေရှုရဲ့ ပြည့်ဝ​စုံလင်တဲ့ ပုံသက်သေကို ဆန်းစစ် တုပ​ခြင်း​အားဖြင့် စိတ်ရှည်​သူတွေ ဖြစ်လာ​နိုင်ပါတယ်။ တမန်တော် ပေါလုက “စိတ်ရှည်ခြင်း” ပါဝင်တဲ့ “စရိုက်သစ်” အကြောင်း ရေး​ပြီး “ခင်ဗျားတို့​ရင်ထဲမှာ ခရစ်တော်ရဲ့ ငြိမ်သက်ခြင်း စိုးမိုးပါစေ” လို့ ပြောတယ်။ (ကော. ၃:၁၀၊ ၁၂၊ ၁၅) အဲဒီ​ငြိမ်သက်ခြင်း “စိုးမိုး” နိုင်ဖို့ ယေရှုရဲ့ ပုံသက်သေကို တုပပါ။ ဘုရားသခင်က ကျွန်တော်တို့ စိုးရိမ်​နေတဲ့ ကိစ္စတွေကို သတ်မှတ်​ထားတဲ့​အချိန်မှာ တည့်မတ်​ပေးမယ်ဆိုတာ အပြည့်အဝ ယုံကြည်ပါ။ ဒါဆိုရင် ပတ်ဝန်းကျင်မှာ ဘာတွေ​ပဲ​ဖြစ်နေ​ပါစေ အမြဲ​စိတ်ရှည်​တဲ့​သူ ဖြစ်နိုင်​ပါလိမ့်မယ်။—ယော. ၁၄:၂၇။ ၁၆:၃၃

ဘုရား ကတိပြု​ထားတဲ့ ကမ္ဘာသစ်​ကို အမြန်​ရောက်စေချင်ပေမဲ့ ယေဟော​ဝါရဲ့ စိတ်ရှည်ခြင်း​အကြောင်း တွေးတော​ဆင်ခြင်ခြင်း​အားဖြင့် ပို​စိတ်ရှည်​တတ်လာမယ်။ “နှောင့်နှေးတယ်လို့ လူတချို့ ထင်ပေမဲ့ တကယ်တော့ ယေဟော​ဝါဟာ မိမိ​ကတိ​နဲ့​ပတ်သက်လာရင် မနှောင့်​နှေး​ပါဘူး။ ဘုရားသခင် စိတ်ရှည်​ရတဲ့ အကြောင်းရင်း​က ဘယ်သူ့ကိုမှ မပျက်စီးစေချင်လို့၊ လူအားလုံးကို နောင်တ​ရစေချင်လို့ပါ” ဆိုပြီး ကျမ်းစာမှာ ပြောတယ်။ (၂ ပေ. ၃:၉) ယေဟော​ဝါရဲ့ စိတ်ရှည်ခြင်း​အကြောင်း စဉ်းစားမယ်​ဆိုရင် တခြား​သူတွေ​အပေါ် ပို​စိတ်ရှည်​ဖို့ လှုံ့ဆော်​ခံရ​ပါ​မယ်။ (ရော.​ ၂:၄) စိတ်ရှည်​ဖို့ လိုအပ်တဲ့ အခြေအနေ​တချို့က ဘာတွေလဲ။

စိတ်ရှည်​ဖို့ လိုအပ်တဲ့ အခြေအနေ​များ

စိတ်ရှည်​ဖို့ လိုအပ်တဲ့ အခြေအနေတွေ နေ့တိုင်း ကြုံရ​တတ်တယ်။ ဥပမာ၊ ကိုယ့်မှာ အရေးတကြီး ပြောချင်တာ​ရှိပေမဲ့ တခြား​သူတွေကို ကြားဖြတ်​မပြော​မိအောင် စိတ်ရှည်​ဖို့ လိုတယ်။ (ယာ. ၁:၁၉) ယုံကြည်သူချင်းတွေရဲ့ စိတ်​ကသိကအောက် ဖြစ်စရာ အကျင့်​တချို့ကို သည်းခံ​ပေးဖို့ လိုအပ်​နိုင်တယ်။ အကဲဆတ်​လွန်း​မယ့်​အစား ကျွန်တော်တို့ရဲ့ အားနည်းချက်တွေကို ယေဟော​ဝါနဲ့ ယေရှု ဘယ်လို တုံ့ပြန်​တယ်​ဆိုတာ စဉ်းစားသင့်တယ်။ ကျွန်တော်တို့ရဲ့ အသေးအဖွဲ ချို့ယွင်းချက်တွေကို ပုံ​ကြီး​မ​ချဲ့​ဘူး။ အဲဒီအစား အရည်အသွေးကောင်း​တွေကို အာရုံစိုက်​ပြီး တိုးတက်ဖို့ ကြိုးစားတာ​ကို စိတ်ရှည်ရှည် စောင့်​ပေးတယ်။—၁ တိ. ၁:၁၆။ ၁ ပေ. ၃:၁၂

စိတ်ရှည်ခြင်း​ကို စမ်းသပ်မှု​ဖြစ်စေတဲ့ နောက်​အခြေအနေ​တစ်ခုက​တော့ ကိုယ့်​အမှား​ကို တစ်ယောက်ယောက်​က ထောက်ပြ​တဲ့အခါ​မျိုးမှာ ဖြစ်နိုင်တယ်။ ချက်ချင်း စိတ်ဆိုး​ပြီး ဆင်ခြေပေး​မိ​နိုင်တယ်။ ဒါပေမဲ့ ကျမ်းစာမှာ “စိတ်ရှည်​တာ​က စိတ်​မောက်မာတာ​ထက် ပိုကောင်းတယ်။ ထစ်ခနဲဆို မကျေမချမ်း မဖြစ်​နဲ့။ မကျေမချမ်း ဖြစ်တာဟာ ဉာဏ်​တိမ်​သူတွေရဲ့ ရင်ထဲမှာ ကိန်းအောင်း​နေတတ်​တယ်” လို့ ပြောတယ်။ (ဒေ. ၇:၈၊ ၉) စွပ်စွဲချက်​က လုံးဝ မှား​နေတယ်​ဆိုရင်တောင် တစ်ခုခု မတုံ့ပြန်​ခင် စိတ်ရှည်ရှည်​ထားပြီး စဉ်းစားပါ။ ယေရှုလည်း ကဲ့ရဲ့​ခံရတဲ့အခါ အဲဒီလို စိတ်ရှည်​ခဲ့​တယ်။—မ. ၁၁:၁၉

အထူးသဖြင့် မိဘတွေဟာ သားသမီးတွေရဲ့ ဉာဉ်​ဆိုး​တွေကို ကိုင်တွယ်​တဲ့အခါ စိတ်ရှည်​ရမယ်။ စကင်ဒီနေးဗီးယား​ဗေသလ​မှာ အမှုဆောင်​နေတဲ့ မက်သီးယပ်​အကြောင်း စဉ်းစားကြည့်ပါ။ ယုံကြည်ချက်​ကြောင့် ကျောင်းမှာ သူ​ကဲ့ရဲ့​ခံခဲ့ရ​တယ်။ အစပိုင်း​တော့ မိဘတွေ မသိကြဘူး။ ဒါပေမဲ့ အမှန်တရား​အပေါ် သံသယဝင်​လာတာကို​တော့ သတိထား​မိတယ်။ အတော်​စိတ်ရှည်​ဖို့ လိုတယ်လို့ ဖခင်​ဖြစ်​သူ ယီလစ်​ပြောတယ်။ “ဘုရားက ဘယ်သူ​လဲ။ ကျမ်းစာ​ဟာ တကယ်ပဲ ဘုရားရဲ့ စကားလား။ ကျမ်းစာမှာ​ပါတာတွေက တကယ်ပဲ ဘုရား တောင်းဆို​ထားတာလား။ အဖေ​တို့​လို မယုံကြည်​ရင်​ကော ဘာလို့ အပြစ်တင်​ခံရမှာ​လဲ” လို့ မက်သီးယပ် မေးလေ့​ရှိတယ်။

“တစ်ခါတလေ မက်သီးယပ်က မိဘကို အာခံ​တာ မဟုတ်ပေမဲ့ သူ​လိုက်နာ​ရ​ခက်တယ်လို့ ယူဆ​တဲ့ အမှန်တရားတွေကို မေးခွန်း​ထုတ်လေ့​ရှိတယ်” လို့ ယီလစ်​ပြောတယ်။ ယီလစ် ဘာလုပ်ခဲ့သလဲ။ “သားအဖ​နှစ်ယောက် အတူ​ထိုင်ပြီး အကြာကြီး စကားပြော​ကြတယ်။ သူ့ရဲ့​ခံစားချက်​နဲ့ ရှုမြင်ပုံ​တွေကို သိလာအောင် နားထောင်​ပေးပြီး တစ်ခါတလေ မေးခွန်းတွေ မေးတယ်။ အကြောင်းအရာကို ပြန်​မဆွေးနွေး​ခင် အချိန်​ယူ စဉ်းစားခိုင်းတယ်။ သူ့​မေးခွန်းတွေကို ပြန်ဖြေ​နိုင်ဖို့ ကိုယ်တိုင် အချိန်​ယူရ​တဲ့​အခါတွေလည်း ရှိတယ်။ အဲဒီလို ပုံမှန်​စကားပြော​ဖြစ်တဲ့အခါ ရွေးဖိုး၊ ဘုရားသခင့်​အချုပ်အခြာ အာဏာ၊ ယေဟော​ဝါရဲ့ မေတ္တာ​စတဲ့ သွန်သင်ချက်တွေကို မက်သီးယပ် တဖြည်းဖြည်း နားလည်​လက်ခံ​လာတယ်။ အချိန်​ယူ​ရပေမဲ့၊ ခက်​ပေ​မဲ့ ယေဟော​ဝါကို​ချစ်တဲ့ သူ့ရဲ့​မေတ္တာ တိုးများလာ​တယ်။ လက်မလျှော့​ဘဲ စိတ်ရှည်ရှည် ကူညီပေး​ခဲ့လို့ ကျွန်တော်တို့ သိပ်ပျော်တယ်” ဆိုပြီး ယီလစ်​ပြောတယ်။

သားဖြစ်သူကို စိတ်ရှည်ရှည် ကူညီပေး​ရင်း သူတို့​ဇနီးမောင်နှံဟာ ယေဟော​ဝါကို ယုံကြည်​ကိုးစား​ကြတယ်။ “သားကို​ချစ်လွန်းလို့ ယေဟော​ဝါရဲ့ အကူအညီကို ခါတိုင်း​ထက် ပို​တောင်းခံ​တယ်” လို့ ယီလစ် ပြောတယ်။ အဲဒီလို စိတ်ရှည်​ခဲ့​ကြ​လို့ ကျေးဇူးတင်စရာ​ပါပဲ။

ခရစ်ယာန်စစ်တွေဟာ ဘုရားရေးရာ​ဘက် ကူညီ​ပေးရာမှာ​သာမက ဖျားနာ​နေတဲ့ မိသားစုဝင်တွေ၊ မိတ်ဆွေတွေကို ပြုစု​စောင့်ရှောက်​ရာ​မှာလည်း စိတ်ရှည်မှု ပြ​ရမယ်။ စကင်ဒီနေးဗီးယား​မှာ​နေတဲ့ အယ်လင်ရဲ့​အဖြစ်ကို သုံးသပ်​ကြည့်ပါ။ *

လွန်ခဲ့တဲ့​ရှစ်နှစ်​က အယ်လင်ရဲ့​ခင်ပွန်းဟာ နှစ်ကြိမ်​ လေဖြတ်​ပြီး ဦးနှောက်​ထိ​သွားတဲ့​အတွက် ဝမ်းသာ​တာ၊ ဝမ်းနည်းတာတွေ မသိတော့ဘူး။ အယ်လင်​အတွက် သိပ်​ခက်တယ်။ “အတော်​စိတ်ရှည်​ပြီး အကြိမ်ကြိမ် ဆုတောင်း​​ခဲ့​ရတယ်။ ‘အစွမ်း​ခွန်အား​ပေးတဲ့ ဘုရားသခင်​ကြောင့် အရာရာကို စွမ်းဆောင်​နိုင်တယ်’ ဆိုတဲ့ ဖိလိပ္ပိ ၄:၁၃ က ကျွန်မ​အကြိုက်ဆုံး ကျမ်းချက်​ပဲ” လို့ အယ်လင် ပြောတယ်။ ယေဟော​ဝါ​ပေးတဲ့ ခွန်အား​နဲ့ အကူအညီ​ကြောင့်​သာ ခံနိုင်ရည်ရှိရှိ စိတ်ရှည်​ခဲ့​တာ​ပါ။—ဆာ. ၆၂:၅၊ ၆

ယေဟော​ဝါရဲ့ စိတ်ရှည်ခြင်း​ကို တုပပါ

စိတ်ရှည်​ရာ​မှာ အကောင်းဆုံး ပုံသက်သေ​ဟာ ယေဟော​ဝါပါပဲ။ (၂ ပေ. ၃:၁၅) ယေဟော​ဝါ စိတ်ရှည်​ကြောင်း ဖော်ပြတဲ့ ကျမ်းစာ​မှတ်တမ်း များစွာ​ရှိတယ်။ (နေ. ၉:၃၀။ ဟေရှာ. ၃၀:၁၈) ဥပမာ၊ သောဒုံ​မြို့ကို ဖျက်ဆီးဖို့ ဆုံးဖြတ်တာကို အာဗြဟံ မေးခွန်းထုတ်​တဲ့အခါ ယေဟော​ဝါ ဘယ်လို တုံ့ပြန်​သလဲ။ အာဗြဟံ​ပြောတာကို ကြား​မ​ဖြတ်​ဘဲ စိတ်ရှည်ရှည် နားထောင်​ပေးတယ်။ အာဗြဟံ​ စိုးရိမ်​နေတဲ့​ကိစ္စ​ကို ပြန်ပြော​ပြီး မြို့ထဲမှာ ဖြောင့်မတ်သူ ဆယ်ယောက်​ရှိရင်တောင် မဖျက်ဆီး​ဘူးလို့ ကတိ​ပေးတယ်။ (က. ၁၈:၂၂-၃၃) ယေဟော​ဝါဟာ အမြဲ စိတ်ရှည်ရှည် နားထောင်​ပေးတယ်။ ဘယ်တော့မှ လွန်လွန်​ကဲ​ကဲ မတုံ့ပြန်​ဘူး။

စိတ်ရှည်ခြင်း​ဟာ ခရစ်ယာန်တိုင်း ဝတ်ဆင်​သင့်တဲ့ စရိုက်သစ်​တစ်ခုပါပဲ။ စိတ်ရှည်ခြင်း​ကို ကြိုးစား​မွေးမြူ​မယ်​ဆိုရင် ဂရုစိုက်​ပြီး စိတ်ရှည်​တဲ့ ယေဟော​ဝါ​ဘုရားကို ဂုဏ်တင်ရာ​ရောက်သလို “ယုံကြည်ခြင်း၊ စိတ်ရှည်ခြင်း​ကြောင့် ကတိတော်ကို အမွေ​ရခဲ့​သူတွေ” ထဲ​မှာလည်း ပါဝင်​ခွင့်​ရပါလိမ့်မယ်။—ဟီ. ၆:၁၀-၁၂

^ အပိုဒ်၊ 4 မေတ္တာ​အရည်အသွေးကို စွမ်းအားတော်​ကြောင့် ဖြစ်ပေါ်လာတဲ့ အရည်အသွေး ကိုးခု​အကြောင်း ဖော်ပြတဲ့ ဦးဆုံး​ဆောင်းပါး​မှာ ဆွေးနွေး​ထားတယ်။

^ အပိုဒ်၊ 15 အမည်​လွှဲ။