မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မှန်တဲ့စကားကို ပြောပါ

မှန်တဲ့စကားကို ပြောပါ

“အချင်းချင်း မှန်သော​စကား​ကိုပဲ ပြော​ကြပါ။”—ဇာ. ၈:၁၆

သီချင်း​– ၅၆၊ ၁၂၄

၁၊ ၂။ လူတွေကို အန္တရာယ်​အ​ပေး​ဆုံး​အရာက ဘာလဲ။ ဘယ်သူ စ​ခဲ့သလဲ။

တယ်လီဖုန်း၊ မီးလုံး၊ ကား၊ ရေခဲ​သေတ္တာ​တွေဟာ နေ့စဉ်​ဘဝကို အဆင်ပြေစေတဲ့ တီထွင်မှု​တချို့​ ဖြစ်တယ်။ သေနတ်၊ မြေ​မြှုပ်​ဗုံး၊ ဆေးလိပ်၊ အဏုမြူ​ဗုံးတွေကတော့ အသက်​အန္တရာယ်​ဖြစ်စေတဲ့ တီထွင်မှု​တွေ ဖြစ်တယ်။ ဒါပေမဲ့​ လူတွေကို အန္တရာယ်​အ​ပေး​ဆုံး​အရာ​တစ်ခု ရှိတယ်။ အဲဒါ​က လိမ်လည်​ခြင်း၊ တခြား​သူကို လှည့်ဖြား​ဖို့ မဟုတ်​မမှန် ပြောဆိုခြင်း​ပါပဲ။ ဦးဆုံး​လိမ်ညာ​သူက ဘယ်သူ​လဲ။ “မာရ်နတ်” ကို “မုသားရဲ့​အဖ” လို့ ယေရှု​ခရစ် ပြောခဲ့​တယ်။ (ယောဟန် ၈:၄၄ ကိုဖတ်ပါ။) ဘယ်​အချိန်​မှာ ဦးဆုံး လိမ်ညာ​ခဲ့သလဲ။

လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်း​များစွာတုန်းက အာဒံ​နဲ့ ဧဝဟာ ဖန်ဆင်း​ရှင် ပြင်ဆင်​ပေးတဲ့ ဧဒင်​ဥယျာဉ်​မှာ နေထိုင်ခဲ့​ကြတယ်။ “အကောင်းအဆိုး သိကျွမ်းရာ​အပင်ရဲ့ အသီးကို” စား​ရင် သေမယ်လို့ ဘုရား​ မှာ​ထားတယ်။ ဒါကို စာတန်​ သိပြီး​ “မင်းတို့ လုံးဝ သေမှာ မဟုတ်​ဘူး။ တကယ်တော့ အဲဒီ​အသီးကို စားတဲ့​နေ့မှာပဲ မျက်စိပွင့်​လာမယ်၊ အကောင်း​အဆိုးကို သိလာပြီး ဘုရား​လို ဖြစ်လာမယ်​ဆိုတာ ဘုရား​သခင်​ သိတယ်” လို့ မြွေ​က​တစ်ဆင့် ဧဝကို ပြော​တယ်။ ဒါဟာ ဦးဆုံး​ လိမ်လည်မှု​ပါပဲ။—က. ၂:၁၅-၁၇။ ၃:၁-၅

၃။ စာတန့်​လိမ်ညာမှု​ကို ယုတ်မာတယ်လို့ ဘာကြောင့် ပြောနိုင်သလဲ။ ဘာ​အကျိုးဆက် ရသလဲ။

ဧဝ ယုံပြီး စား​လိုက်ရင် သေမယ်​ဆိုတာ သိရက်နဲ့ လိမ်ပြောတဲ့​အတွက်​ စာတန်​ သိပ်​ယုတ်မာ​တယ်။ အာဒံ​နဲ့ ဧဝဟာ ဘုရား​စကား​ နားမထောင်လို့ သေခဲ့​ရတယ်။ (က. ၃:၆။ ၅:၅) ‘လူအားလုံးလည်း’ အပြစ်​ကြောင့် “သေဆုံး​ကြရတယ်။” “သေခြင်းက ဘုရင်​တစ်ပါး​လို ကြီးစိုးခဲ့​တယ်။ အာဒံ​ အပြစ်​ကျူးလွန်​ခဲ့​သလို မကျူးလွန်​တဲ့​သူတွေကို​တောင် ကြီးစိုးခဲ့​တယ်။” (ရော. ၅:၁၂၊ ၁၄) လူတွေဟာ ဘုရား​ရည်ရွယ်​ခဲ့​တဲ့ ပြည့်ဝ​စုံလင်တဲ့ ထာဝရ​အသက်​အစား ‘အနှစ် ၇၀၊ သန်မာ​လှ​ရင်​တော့ အနှစ် ၈၀’ ပဲ အသက်ရှင်​ကြရတယ်။ ဒါတောင် ဘဝဟာ “ဒုက္ခတွေ၊ ဝမ်းနည်းစရာတွေနဲ့ပဲ ပြည့်နေ” တယ်။ (ဆာ. ၉၀:၁၀) စာတန့်​လိမ်ညာမှုရဲ့ အကျိုးဆက်​ပါပဲ။

၄။ (က) ဘယ်​မေးခွန်းတွေ သုံးသပ်ကြ​မလဲ။ (ခ) ဆာလံ ၁၅:၁၊ ၂ အရ ဘယ်သူတွေ​ပဲ ယေဟော​ဝါရဲ့ မိတ်ဆွေ ဖြစ်နိုင်သလဲ။

စာတန်​မှာ ‘အမှန်တရား မရှိ​တဲ့အတွက်​ အမှန်တရား​မှာ တည်မြဲ​မနေဘူး’ လို့ ယေရှု​ ပြော​တယ်။ စာတန်​ဟာ “လူ​နေထိုင်​ရာ မြေတစ်ပြင်လုံး​ကို လှည့်စား” နေတုန်းပါပဲ။ (ဗျာ. ၁၂:၉) သူ့ရဲ့ လှည့်ဖြားမှု​ကို ကျွန်တော်​တို့ မခံ​ချင်​ကြဘူး။ အာဒံ​နဲ့ ဧဝ​လို ယေဟော​ဝါနဲ့ ဆက်ဆံရေး​ကောင်း မပျက်စီး​ချင်​ကြဘူး။ ဒါကြောင့်​ မေးခွန်း​သုံးခုကို သုံးသပ်ကြည့်​ကြစို့– လူတွေကို စာတန်​ ဘယ်လို လှည့်ဖြား​နေသလဲ။ လူတွေ ဘာကြောင့် လိမ်ညာ​ကြသလဲ။ အမြဲ “ဟုတ်​တိုင်း​မှန်ရာ ပြော” ကြောင်း ဘယ်လို ပြ​နိုင်သလဲ။ဆာလံ​ ၁၅:၁၊ ၂ ကိုဖတ်ပါ။

လူတွေကို စာတန်​ လှည့်ဖြား​ပုံ

၅။ လူတွေကို စာတန်​ ဘယ်လို လှည့်ဖြား​နေသလဲ။

စာတန်​ရဲ့ လှည့်ဖြားမှု မခံရအောင် ကျွန်တော်​တို့ ရှောင်​နိုင်တယ်။ ‘စာတန်​ရဲ့ အကြံအစည်​တွေကို မသိတာမှ မဟုတ်​တာ’ လို့ တမန်တော် ပေါလု​ ပြော​တယ်။ (၂ ကော. ၂:၁၁) မှားယွင်းတဲ့ ဘာသာ​ရေး၊ အကျင့်​ပျက်​ခြစား​တဲ့ နိုင်ငံရေးနဲ့ လောဘ​ကြီးတဲ့ စီးပွားရေး​အပါအဝင် တစ်လောက​လုံးကို စာတန်​ ထိန်းချုပ်​ထားတယ်။ (၁ ယော. ၅:၁၉) “လိမ်ညာ​ပြောဆို” ဖို့ အာဏာ​ရှိသူတွေကို စာတန်​နဲ့ နတ်ဆိုး​တွေ သွေးထိုး​ပေး​ကြတယ်။ (၁ တိ. ၄:၁၊ ၂) ဥပမာ၊ စီးပွားရေး​သမား​တွေ​က အန္တရာယ်​ရှိတဲ့ ကုန်ပစ္စည်း​တွေ ထုတ်ပြီး ကြော်ငြာတွေ​နဲ့ လိမ်လည်​လှည့်စား​နေ​တယ်။

၆၊ ၇။ (က) ဘာသာ​ရေး​ခေါင်းဆောင်​တွေရဲ့ လိမ်ညာမှု​က ဘာကြောင့် အပြစ်​ကြီး​သလဲ။ (ခ) ဘာသာ​ရေး​ခေါင်းဆောင်​တွေ ပြောတဲ့ အ​လိမ်​အ​ညာ​တချို့​က ဘာတွေလဲ။

ဘာသာ​ရေး​ခေါင်းဆောင်​တွေရဲ့ လိမ်လည်မှုဟာ အပြစ်​အကြီးဆုံး​ပဲ။ သူတို့ရဲ့ သွန်သင်ချက်​အမှား​တွေကို ယုံပြီး ဘုရား​ မနှစ်သက်တာကို လုပ်မိတဲ့​အခါ​ လူတွေ ထာဝရ​အသက် ဆုံးရှုံးနိုင်​လို့​ပဲ။ (ဟော. ၄:၉) ယေရှု​ခေတ်​က ဘာသာ​ရေး​ခေါင်းဆောင်တွေလည်း လူတွေကို လှည့်ဖြားခဲ့တယ်။ ဒါကြောင့်​ “သူတော်ကောင်း ယောင်ဆောင်တဲ့ ကျမ်းတတ်​နဲ့ ဖာရိရှဲ​တို့၊ အဖြစ်​ဆိုး ကြုံ​ရလိမ့်မယ်။ ခင်ဗျား​တို့​က လူတစ်ယောက် ဘာသာ​ပြောင်းဝင်​လာ​အောင် ကုန်း​တစ်တန်၊ ရေ​တစ်တန် သွား​တတ်ကြတယ်။ ဘာသာ​ပြောင်းဝင်​လာတဲ့အခါ​ ကိုယ့်ထက် နှစ်ဆ ဂေဟင်နာ [ထာဝရ​ဖျက်ဆီးခြင်း] ရောက်​ထိုက်​သူ ဖြစ်စေ​ကြတယ်” လို့ ယေရှု​ တဲ့တိုး​ပြောခဲ့​တယ်။ (မ. ၂၃:၁၅၊ အောက်ခြေမှတ်ချက်) ဘာသာ​ရေး​ခေါင်းဆောင်​တွေကို ယေရှု​ ပြင်းပြင်းထန်ထန်​ ရှုတ်ချခဲ့​တယ်။ သူတို့ရဲ့ အဖေဟာ ‘လူ့​အသက်​သတ်​တဲ့ မာရ်နတ်’ ပါပဲ။—ယော. ၈:၄၄

ပါစတာ၊ ဘုန်းကြီး၊ ရဗ္ဗိ၊ ဆာ​မိ စတဲ့ ဘွဲ့​နာမည်​ခံ​ယူ​ထားတဲ့ ဘာသာ​ရေး​ခေါင်းဆောင် များစွာ​ရှိတယ်။ သူတို့ဟာ ဖာရိရှဲတွေလိုပဲ ကျမ်းစာ အမှန်တရားကို မသွန်သင်​ဘဲ “အ​လိမ်​အ​ညာ​စကား​တွေကို” သွန်သင်ပေး​ကြတယ်။ (ရော. ၁:၁၈၊ ၂၅) မီးငရဲ၊ ဝိညာဉ်​မသေ၊ လူ​ဝင်စား​စတဲ့ သွန်သင်ချက်​အမှား​တွေ​အပြင် လိင်​တူ​လက်ထပ်​တာ​ကို ဘုရား​လက်ခံတယ်​ဆိုတဲ့ အယူအဆ​အမှား​ကို လက်ခံ​အားပေးကြတယ်။

၈။ နိုင်ငံရေး​ခေါင်းဆောင်​တွေ ဘယ်လို လိမ်ညာ​ကြ​ဦး​မလဲ။ ကျွန်တော်​တို့ ဘယ်လို တုံ့ပြန်​သင့်သလဲ။

နိုင်ငံရေး​ခေါင်းဆောင်တွေလည်း  လူတွေကို လှည့်ဖြား​ကြတယ်။ သူတို့​ပြောဦးမယ့် အကြီးမားဆုံး လိမ်ညာ​မှု​တစ်ခုက “ငြိမ်းချမ်းပြီ၊ လုံခြုံပြီ” ဆိုတဲ့ ကြွေးကြော်ချက်​ပဲ။ အဲဒီ​အချိန်​မှာ​ပဲ ‘မျှော်လင့်​မထားတဲ့ ပျက်စီးခြင်း​ဘေး​က သူတို့​အပေါ် ရုတ်တရက် ရောက်လာ​လိမ့်မယ်။’ ဒီ​စနစ်ရဲ့ အခြေအနေမှန်​အကြောင်း​ နိုင်ငံရေး​ခေါင်းဆောင်​တွေ လျှော့ပေါ့​ပြောတာကို မယုံ​သင့်​ဘူး။ “ယေဟော​ဝါရဲ့​နေ့​ဟာ ည​အချိန်​မှာ သူခိုး​လာ​သလို လာ​လိမ့်​မယ်”​ ဆိုတာ​ ကျွန်တော်​တို့ “ကောင်း​ကောင်း သိထား” ကြတယ်။​—၁ သက်. ၅:​၁-၄

လူတွေ ဘာကြောင့် လိမ်ညာ​ကြသလဲ

၉၊ ၁၀။ (က) လူတွေ ဘာကြောင့် လိမ်ညာ​ကြသလဲ။ အကျိုးဆက်​က ဘာတွေလဲ။ (ခ) ယေဟော​ဝါနဲ့​ပတ်သက်ပြီး ဘာကို အမှတ်ရ​သင့်သလဲ။

တီထွင်မှု​အသစ်​ကို လူကြိုက်များ​လာတဲ့အခါ​ အများကြီး ထုတ်လုပ်​ကြတယ်။ လိမ်ညာမှု​လည်း အဲဒီ​လိုပဲ။ ဩဇာ​အာဏာ​ရှိသူတွေ​လောက်​ပဲ လိမ်ညာ​ကြ​တာ မဟုတ်​ဘူး။ စာရေး​ဆရာ ဘတ်တာချာဂျီက ‘ဘာကြောင့် လိမ်ညာ​ကြ’ ဆောင်းပါး​မှာ “လိမ်ညာမှုဟာ လူတွေ​ဆီမှာ အမြစ်စွဲ​နေပြီ” လို့ ရေးခဲ့တယ်။ လူတွေဟာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့၊ အပြစ်​တွေကို ဖုံးဖို့၊ စီးပွားရေး အကျိုးအမြတ်​ရဖို့ လိမ်လည်​ကြတယ်။ “သူစိမ်း၊ အလုပ်ဖော်၊ မိတ်ဆွေ၊ ချစ်ရ​သူတွေကို​တောင် ကိစ္စ​ကြီးငယ်မရွေး လိမ်ညာ​ကြတယ်” ဆိုပြီး ဆောင်းပါး​မှာ ဆ​က်​ဖော်ပြတယ်။

၁၀ လိမ်ညာမှုရဲ့  အကျိုးဆက်​က  ဘာတွေလဲ။ ယုံကြည်မှု၊ ခင်မင်မှု ပျက်​သွားနိုင်တယ်။ ဥပမာ၊ ဇနီး​ဖြစ်​သူ အကျင့်​ပျက်​တာ​ကို ဖုံးကွယ်​ထားမှန်း ယောက်ျား​သိတဲ့​အခါ​ သိပ်​စိတ်ထိခိုက်​သွားမှာပဲ။ ယောက်ျား​က သားမယား​ကို ကွယ်ရာ​မှာ နှိပ်စက်​ပြီး လူ​ရှေ့မှာ​တော့ သူတော်ကောင်း​ယောင်ဆောင်တာလည်း စိတ်ပျက်​စ​ရာ​ပဲ။ သူတို့က လူတွေကို လှည့်စား​နိုင်ပေမဲ့ ယေဟော​ဝါကို​တော့ မလှည့်စား​နိုင်မှန်း ကျွန်တော်​တို့ သိ​သင့်တယ်။ ဘုရား​ရှေ့မှာ “အရာ​အားလုံးဟာ ဖုံးကွယ်​မနေ​ဘဲ အထင်အရှား မြင်​နေ​ရတယ်။”—ဟီ. ၄:၁၃

၁၁။ အာနနိ​နဲ့ ရှဖိရေ​တို့ရဲ့ မကောင်းတဲ့ ပုံသက်သေကနေ ဘာသင်ယူနိုင်သလဲ။ (ဆောင်းပါး​အစမှာ​ပါတဲ့ ပုံကို ကြည့်ပါ။)

၁၁ ဥပမာ၊ ပထမ​ရာစု​တုန်း​က ဘုရား​ကို လိမ်​ပြောဖို့ အာနနိ​နဲ့ ရှဖိရေ​ကို စာတန်​ သွေးထိုးခဲ့​တယ်။ တမန်တော်တွေကို သူတို့ လှည့်​စားတယ်။ မြေရောင်းလို့​ရတဲ့ ငွေ​တချို့​ကို​ပဲ တမန်တော်တွေ​ဆီ အပ်တယ်။ သိပ်​ရက်ရော​တယ်​ဆိုတဲ့ နာမည်​ကောင်း လိုချင်လို့ အားလုံးပေး​တယ်​ဆိုပြီး လိမ်ပြော​တယ်။ ဒါပေမဲ့​ သူတို့​လိမ်ပြောတာကို ယေဟော​ဝါ သိ​ပြီး ဒဏ်ပေး​ခဲ့​တယ်။—တ. ၅:၁-၁၀

၁၂။ နောင်တ​မယူ​တဲ့ လိမ်ညာ​သူတွေ ဘာ​ဖြစ်သွား​မလဲ။ ဘာကြောင့်လဲ။

၁၂ လိမ်ညာတာ​ကို ယေဟော​ဝါ ဘယ်လို သဘောထား​သလဲ။ စာတန်​ကို​သာမက နောင်တ​မယူ​တဲ့ လိမ်လည်​သူတွေကို “မီး​အိုင်” ထဲ ချပစ်​ပါလိမ့်မယ်။ (ဗျာ. ၂၀:၁၀။ ၂၁:၈။ ဆာ. ၅:၆) လိမ်ညာ​သူတွေဟာ “ဘုရား​ရဲ့​အမြင်မှာ ရွံမုန်း​စ​ရာ​အကျင့်​ ကျင့်​သူတွေ” နဲ့ တန်းတူပဲ။—ဗျာ. ၂၂:၁၅၊ အောက်ခြေမှတ်ချက်။

၁၃။ ယေဟော​ဝါ​အကြောင်း​ ဘာ​သိရသလဲ။ အဲဒါ​က ဘာလုပ်ဖို့ လှုံ့ဆော်​ပေး​သလဲ။

၁၃ “ဘုရား​သခင်​ဟာ လူတွေ​လို မ​လိမ်​တတ်” ဘူး။ “ဘုရား​သခင်​ဘက်က မုသား​ပြောဖို့​ဆိုတာ မဖြစ်နိုင်ဘူး။” (တော. ၂၃:၁၉။ ဟီ. ၆:၁၈) “လိမ်​တတ်တဲ့​လျှာ” ကို ယေဟော​ဝါ မုန်းတယ်။ (ပညာ. ၆:၁၆၊ ၁၇) ဘုရား​ရဲ့ မျက်နှာသာ​ရ​ချင်​ရင် မှန်ရာကိုပဲ ပြောရမယ်။ ဒါကြောင့်​ ကျွန်တော်​တို့ “အချင်းချင်း မ​လိမ်​ကြ” ဘူး။—ကော. ၃:၉

“မှန်သော​စကား​ကိုပဲ ပြော​ကြပါ”

၁၄။ (က) ခရစ်ယာန်​အစစ်​နဲ့ အတုရဲ့ ကွာခြားချက်ဟာ ဘာလဲ။ (ခ) လုကာ ၆:၄၅ မှာပါတဲ့ မူကို ရှင်းပြပါ။

၁၄ ခရစ်ယာန်​အစစ်​နဲ့ အတုရဲ့ ကွာခြားချက်ဟာ ဘာလဲ။ ခရစ်ယာန်စစ်တွေက “မှန်သော​စကား​ကိုပဲ ပြော” ကြတယ်။ (ဇာခရိ ၈:၁၆၊ ၁၇ ကိုဖတ်ပါ။) ‘ဘုရား​သခင်​ရဲ့ အမှု​ဆောင်​သူတွေ​ဖြစ်မှန်း မှန်သော​စကား​ကို ပြောခြင်း​အားဖြင့် ဖော်ပြတယ်’ လို့ ပေါလု​ ပြော​တယ်။ (၂ ကော. ၆:၄၊ ၇) “စိတ်ထဲ​ရှိသမျှ နှုတ်​ကနေ ထွက်လာ​တတ်” တယ်​လို့ ယေရှု​ ပြော​တယ်။ (လု. ၆:၄၅) လူတစ်ယောက်ရဲ့ စိတ်ထဲမှာ ကောင်းတာ​ရှိရင် နှုတ်​ကနေ ကောင်းတဲ့​စကား​ပဲ ထွက်​လာမယ်။ သူစိမ်း၊ အလုပ်ဖော်၊ မိတ်ဆွေ၊ ချစ်ရ​သူတွေကို မှန်ရာ​ပဲ ပြောမယ်။ အရာရာမှာ ရိုးသား​ဖို့ ကြိုးစား​နိုင်ပုံ ဥပမာ​တချို့​ကို သုံးသပ်ကြည့်​ကြစို့။

ဒီ​ညီအစ်မ​ငယ်​မှာ ဘာ​ပြဿနာ ရှိနေသလဲ (အပိုဒ် ၁၅၊ ၁၆ ကို​ကြည့်ပါ)

၁၅။ (က) ရှေ့​တစ်မျိုး၊ ကွယ်ရာ​တစ်မျိုး လုပ်ခြင်းက ဘာကြောင့် မှား​သလဲ။ (ခ) မကောင်းတဲ့ ရွယ်တူချင်း​တွေရဲ့ ဖိအား​ကို ဘယ်လို တွန်းလှန်​နိုင်မလဲ။ (အောက်ခြေမှတ်ချက်ကို ကြည့်ပါ။)

၁၅ သင်ဟာ ရွယ်တူတွေ​ကြား ဝင်ဆံ့ချင်တဲ့ လူငယ်​တစ်ယောက်​လား။ ဒါဆို လူငယ်​တချို့​လို ရှေ့​တစ်မျိုး၊ ကွယ်ရာ​တစ်မျိုး မလုပ်​မိအောင် ကြိုးစားပါ။ သူတို့က မိသား​စုနဲ့ အသင်း​တော်မှာ​တော့ ကိုယ်ကျင့်တရား စင်ကြယ်​ဟန်ဆောင်ပြီး လောက​လူငယ်တွေ​ကြားမှာ၊ လူမှု​မီဒီယာ​မှာ​တော့ လုံးဝ တခြား​စီ​ဖြစ်နေကြတယ်။ ညစ်ညမ်း​တဲ့​စကား​တွေ ပြော၊ ဣန္ဒြေမဲ့​စွာ ဝတ်ဆင်၊ မကောင်းတဲ့ သီချင်း​တွေ နားထောင်၊ အရက်မူး၊ မူးယစ်​ဆေးသုံး၊ ခိုးကြောင်ခိုးဝှက် ရည်းစား​ထား​စတဲ့ မကောင်းတာတွေ လုပ်ကြတယ်။ ဘုရား​ကိုရော မိဘ​နဲ့ ညီအစ်ကို/မ​တွေကို​ပါ လိမ်ညာ​နေ​ကြတယ်။ (ဆာ. ၂၆:၄၊ ၅) ကျွန်တော်​တို့​က ဘုရား​ကို ‘နှုတ်​နဲ့​ပဲ ရိုသေပြီး စိတ်​ကတော့ ဝေး’ နေရင် ဘုရား​ သိတယ်။ (မာ. ၇:၆) ‘အပြစ်​လုပ်​သူတွေကို စိတ်ထဲမှာ အားမကျ​နဲ့။ ယေဟော​ဝါကိုသာ အမြဲ ကြောက်ရွံ့​ရိုသေပါ’ ဆိုတဲ့ ကျမ်း​စကား​ကို လိုက်နာတာ ပညာရှိ​ရာ​ရောက်တယ်။—ပညာ. ၂၃:၁၇ *

၁၆။ အချိန်​ပြည့်​လုပ်ငန်း​အတွက်​ လျှောက်လွှာ​မှာ မေးခွန်းတွေကို ဘယ်လို ဖြည့်​သင့်သလဲ။

၁၆ မှန်မှန်ရှေ့ဆောင်​အဖြစ်​ အမှု​ဆောင်​ချင်​သလား။ ဗေသလ​စတဲ့ အထူး​အချိန်​ပြည့်​လုပ်ငန်း တစ်မျိုးမျိုးမှာ ပါဝင်ချင်​သလား။ လျှောက်လွှာ​ဖြည့်​တဲ့အခါ​ ကျန်းမာ​ရေး၊ ဖျော်ဖြေရေး၊ အကျင့်​စာရိတ္တ​နဲ့​ပတ်သက်တဲ့ မေးခွန်း​တွေကို ရိုးသား​မှန်ကန်စွာ ဖြေဖို့ အရေး​ကြီးတယ်။ (ဟီ. ၁၃:၁၈) မသန့်ရှင်းတဲ့ သံသယဖြစ်ဖွယ် အကျင့်​တွေ လုပ်ခဲ့ဖူး​ပြီး အကြီးအကဲ​တွေကို မပြော​ဘဲ​ထား​သလား။ သိစိတ် ကြည်လင်​စွာ အမှု​ဆောင်​နိုင်အောင် သူတို့ရဲ့ အကူအညီကို ရ​ယူပါ။—ရော. ၉:၁။ ဂ​လ. ၆:၁

၁၇။ ညီအစ်ကို​တွေ​အကြောင်း​ မေးမြန်း​လာ​ရင် ဘာ​လုပ်သင့်သလဲ။

၁၇ ဟောပြောခြင်း​လုပ်ငန်းကို ပိတ်ပင်​ထားတဲ့​နိုင်ငံမှာ အာဏာပိုင်တွေ​က ညီအစ်ကို​တွေ​အကြောင်း​ မေးမြန်း​လာ​ရင် ဘာ​လုပ်သင့်သလဲ။ သိသမျှ​အားလုံး ပြော​သင့်​သလား။ ရောမ​ဘုရင်​ခံ စစ်​မေးတဲ့အခါ​ ယေရှု​ ဘာလုပ်ခဲ့သလဲ။ “နှုတ်ဆိတ်​နေရတဲ့​အချိန်​နဲ့ စကား​ပြော​ရတဲ့​အချိန်​ ရှိတယ်” ဆိုတဲ့ ကျမ်းစာမူ​အတိုင်း တစ်ခါတလေ ဘာမှ ပြန်​မပြောခဲ့ဘူး။ (ဒေ. ၃:၁၊ ၇။ မ. ၂၇:၁၁-၁၄) အဲဒီ​လို​အခြေအနေ​မျိုးမှာ ညီအစ်ကို​တွေ အန္တရာယ်​မဖြစ်အောင် သတိ​ပညာရှိ​တာ အကောင်းဆုံး​ပဲ။—ပညာ. ၁၀:၁၉။ ၁၁:၁၂

နှုတ်ဆိတ်​ရမယ့်​အချိန်​နဲ့ သိသမျှ​အားလုံး ပြော​ရမယ့်​အချိန်​ကို ဘယ်လို သိနိုင်​မလဲ (အပိုဒ် ၁၇၊ ၁၈ ကို​ကြည့်ပါ)

၁၈။ ညီအစ်ကို​တွေ​အကြောင်း​ အကြီးအကဲ​တွေ မေးတဲ့အခါ​ ဘာ​လုပ်သင့်သလဲ။

၁၈ အသင်း​တော်မှာ တစ်ယောက်ယောက် ကြီးလေး​တဲ့​အပြစ်​ ကျူးလွန်တာကို သင် သိထားတယ်​ဆိုရင်​ကော။ ကိုယ်ကျင့်တရား စင်ကြယ်​ရေး​အတွက်​ တာဝန်​ရှိတဲ့ အကြီးအကဲ​တွေ​က သင့်ကို မေးမြန်း​လာနိုင်တယ်။ အထူးသဖြင့် ဒီ​ကိစ္စမှာ ဆွေမျိုး​မိတ်ဆွေ​တွေ ပါဝင်​ပတ်သက်​နေရင် ဘယ်လို​လုပ်မလဲ။ “သစ္စာ​ရှိတဲ့​သက်သေက မှန်တာကို ပြော​တတ်တယ်။” (ပညာ. ၁၂:၁၇။ ၂၁:၂၈) အကြီးအကဲ​တွေကို သင် သိသမျှ​အားလုံး ပြောပြဖို့ တာဝန်​ရှိတယ်။ ထိမ်ချန်​ထားတာ၊ ဗ​လောင်း​ဗ​လဲ​ပြောတာ​မျိုး မ​လုပ်သင့်​ဘူး။ အချက်အလက်​အားလုံးကို သူတို့ သိ​ပိုင်ခွင့် ရှိတယ်။ ဒါမှ ယေဟော​ဝါနဲ့ ဆက်ဆံရေး ပြန်ကောင်း​လာ​အောင် အမှား​ကျူးလွန်​သူကို ဘယ်လို ကူညီ​ပေး​ရမယ်ဆိုတာ သိ​နိုင်မယ်။—ယာ. ၅:၁၄၊ ၁၅

၁၉။ နောက်​ဆောင်းပါး​မှာ ဘာ​အကြောင်း​ ဆွေးနွေးကြမလဲ။

၁၉ ‘စိတ်ရင်းနဲ့ ဟုတ်​တိုင်း​မှန်ရာ ပြောဆိုတာကို ယေဟော​ဝါ နှစ်သက်​တယ်’ ဆိုပြီး ဒါဝိဒ်​ပြော​တယ်။ (ဆာ. ၅၁:၆) မှန်ရာကို စိတ်ရင်းနဲ့​ပြောဖို့ အရေး​ကြီးကြောင်း ဒါဝိဒ် သိတယ်။ ခရစ်ယာန်စစ်တွေဟာ အမြဲ “မှန်သော​စကား​ကိုပဲ ပြော” ရမယ်။ ဘုရား​ရဲ့ အမှု​ဆောင်​တွေ​ဖြစ်ကြောင်း ဖော်ပြ​နိုင်တဲ့ နောက်​တစ်နည်း​က အမှု​ဆောင်​လုပ်ငန်းမှာ အမှန်တရား သွန်သင်ပေး​ခြင်း​ပါပဲ။ အဲဒီ​အကြောင်း​ နောက်​ဆောင်းပါး​မှာ ဆွေးနွေးကြမယ်။

^ အပိုဒ်၊ 15 လူငယ်များ​အမေး—မေးခွန်း ၁၀ ခု​အတွက်​ အဖြေ​များ ဘရိုရှာ​မှာပါတဲ့ မေးခွန်း ၆ “ရွယ်တူချင်း​တွေရဲ့ ဖိအား​ကို ဘယ်လို တွန်းလှန်​နိုင်မလဲ” ဆောင်းပါးကို ကြည့်ပါ။