မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အမှန်တရားကို သင်ပေးပါ

အမှန်တရားကို သင်ပေးပါ

“အို ယေဟော​ဝါ၊ . . . နှုတ်တော်ထွက်​စကား​ရဲ့ အနှစ်သာရဟာ အမှန်တရားပါ။” —ဆာ. ၁၁၉:၁၅၉၊ ၁၆၀

သီချင်း​– ၂၉၊ ၅၃

၁၊ ၂။ (က) ဘယ်​လုပ်ငန်းကို ယေရှု​ အဓိက အာရုံစိုက်ခဲ့​သလဲ။ ဘာကြောင့်လဲ။ (ခ) “ဘုရား​သခင်​ရဲ့ လုပ်ဖော်ဆောင်ဖက်တွေ” အဖြစ်​ အောင်မြင်​ချင်​ရင် ဘာလုပ်ရမလဲ။

ယေရှု​ခရစ်ဟာ လက်သမား၊ သွန်သင်သူ ဆရာသမား ဖြစ်တယ်။ (မာ. ၆:၃။ ရော. ၁၅:၈) နှစ်ခုစလုံး​ကို ကျွမ်းကျင်​စွာ တတ်မြောက်တယ်။ လက်သမား​တစ်ယောက်​အနေနဲ့ ကုန်​ကြမ်း​ကနေ ကုန်​ချော​ဖြစ်လာအောင် ကိရိယာတွေကို ဘယ်လို သုံး​ရမယ်ဆိုတာ သိတယ်။ သွန်သင်သူ​အနေနဲ့ မိမိ​ရဲ့ ကျမ်းစာ​အသိပညာကို သုံးပြီး သာမန်​လူတွေကို ကျမ်းစာ​အမှန်တရား နားလည်​လာ​အောင် ကူညီ​ပေး​တယ်။ (မ. ၇:၂၈။ လု. ၂၄:၃၂၊ ၄၅) ယေရှု​ဟာ အသက် ၃၀ အရွယ်မှာ လက်သမား​အလုပ်ကို ရပ်နား​ပြီး သွန်သင်သူ ဖြစ်လာတယ်။ ဒါဟာ အရေး​ကြီးဆုံး​လုပ်ငန်း ဖြစ်မှန်း သိလို့​ပဲ။ မြေကြီးပေါ်​လာ​ရတဲ့ အဓိက​အကြောင်း​ရင်းဟာ နိုင်ငံတော်​သတင်းကောင်း ဟောပြောဖို့​ဖြစ်တယ်။ (မ. ၂၀:၂၈။ လု. ၃:၂၃။ ၄:၄၃) ဟောပြောခြင်း​လုပ်ငန်းကို အဓိက​အာရုံစိုက်ခဲ့​သလို တခြား​သူတွေကိုလည်း ဒီ​လုပ်ငန်းမှာ ပါဝင်​စေချင်တယ်။—မ. ၉:၃၅-၃၈

ကျွန်တော်​တို့​က လက်သမား​တွေ မဟုတ်​ပေမဲ့ သတင်းကောင်း သွန်သင်​ပေးသူ​တွေ ဖြစ်တယ်။ ဒီ​လုပ်ငန်းမှာ ဘုရား​သခင်​ ပါဝင်​နေတဲ့​အတွက်​ အရေး​ကြီးတယ်။ ကျွန်တော်​တို့ဟာ “ဘုရား​သခင်​ရဲ့ လုပ်ဖော်ဆောင်ဖက်တွေ” ပါ။ (၁ ကော. ၃:၉။ ၂ ကော. ၆:၄) “နှုတ်တော်ထွက်​စကား​ရဲ့ အနှစ်သာရဟာ အမှန်တရား” ဖြစ်မှန်း ကျွန်တော်​တို့ သိတယ်။ (ဆာ. ၁၁၉:၁၅၉၊ ၁၆၀) ဒါကြောင့်​ “အမှန်တရား​နဲ့​ဆိုင်တဲ့ တရားစကား​ကို ပိုင်ပိုင်နိုင်နိုင် သွန်သင်​ရှင်းပြ” ချင်ကြတယ်။ (၂ တိမောသေ ၂:၁၅ ကိုဖတ်ပါ။) အဲဒီ​လို ဖြစ်နိုင်ဖို့ ယေဟော​ဝါ၊ ယေရှု​၊ နိုင်ငံတော်​နဲ့​ပတ်သက်တဲ့ အမှန်တရားတွေကို သွန်သင်ရာ​မှာ အဓိက​ကိရိယာ​ဖြစ်တဲ့ ကျမ်းစာကို ကျွမ်းကျွမ်းကျင်ကျင် သုံး​တတ်အောင် လေ့ကျင့်​နေရမယ်။ အမှု​ဆောင်​လုပ်ငန်းမှာ အောင်မြင်​ချင်​ရင် အဖွဲ့အစည်း ပြင်ဆင်​ပေးထားတဲ့ တခြား​ကိရိယာတွေကို​လည်း သုံး​တတ်အောင် သင်ယူဖို့ လိုတယ်။ အဲဒါ​တွေကို သွန်သင်ခြင်း​ကိရိယာ​များ​ကဏ္ဍ​မှာ တွေ့နိုင်တယ်။

၃။ အမှု​ဆောင်​လုပ်ငန်းမှာ ဘာကို အာရုံစိုက်​သင့်သလဲ။ တမန်တော် ၁၃:၄၈ က ဘယ်လို ကူညီ​ပေး​သလဲ။

ဟောပြောခြင်း​ကိရိယာလို့ မ​ခေါ်​ဘဲ သွန်သင်ခြင်း​ကိရိယာလို့ ဘာကြောင့် ခေါ်တာလဲ။ “ဟောပြော” တယ်​ဆိုတာ သတင်းကောင်း ဟောပြောတာကို ဆိုလိုတယ်။ “သွန်သင်” တယ်​ဆိုတာ ဟောတဲ့​သတင်းတရား စိတ်နှလုံး​ထဲ​ရောက်​ပြီး ကျင့်သုံး​လာဖို့ ရှင်းပြ​ခြင်း​ကို ဆိုလိုတယ်။ ကျန်ရှိတဲ့​အချိန်​အတွင်း ကျမ်းစာသင်အံမှု​စ​ဖို့၊ အမှန်တရား သင်ပေးဖို့ ကျွန်တော်​တို့ အဓိက အာရုံစိုက်​သင့်တယ်။ ဒီ​နည်း​အားဖြင့် “ထာဝရ​အသက်​ရဖို့ စိတ်ရင်းမှန်” တဲ့​သူတွေကို ရှာဖွေ​ပြီး ယုံကြည်သူ​ဖြစ်လာအောင် ကူညီ​ပေး​နိုင်မယ်။တမန်တော် ၁၃:၄၄-၄၈ ကိုဖတ်ပါ။

၄။ “ထာဝရ​အသက်​ရဖို့ စိတ်ရင်းမှန်” သူတွေကို ဘယ်လို ရှာ​မလဲ။

“ထာဝရ​အသက်​ရဖို့ စိတ်ရင်းမှန်” သူတွေကို ဘယ်လို သိနိုင်​မလဲ။ သိနိုင်တဲ့ တစ်ခုတည်းသော​နည်း​ကတော့ ပထမ​ရာစု​တုန်း​ကလို သက်သေခံခြင်း​ပါပဲ။ “မြို့​တစ်မြို့၊ ရွာ​တစ်ရွာ​ထဲ ဝင်​တဲ့အခါ​ ထိုက်တန်​သူကို ရှာ” ပါ​ဆိုပြီး ယေရှု​မိန့်မှာ​တဲ့​အတိုင်း လုပ်ဆောင်​သင့်တယ်။ (မ. ၁၀:၁၁) စိတ်ရင်း​မမှန်​သူ၊ မာန​ကြီးသူ၊ ဘုရား​ကို ဂရုမစိုက်​သူတွေ သတင်းကောင်းကို လက်ခံ​လာမယ်လို့ ကျွန်တော်​တို့ မမျှော်လင့်​ဘူး။ စိတ်ရင်းမှန်​သူ၊ နှိမ့်ချ​သူ၊ အမှန်တရား ဆာငတ်​သူတွေကို​ပဲ ရှာကြတယ်။ ကျွန်တော်​တို့ရဲ့ လုပ်ငန်းကို ယေရှု​ လုပ်ခဲ့တဲ့ လက်သမား​အလုပ်နဲ့ နှိုင်းယှဉ်​နိုင်တယ်။ ပရိဘောဂ၊ တံခါး​၊ ထမ်းပိုး စ​တာ​တွေ လုပ်ဖို့ ဘယ်​သစ်​အမျိုးအစား သုံး​မယ်​ဆိုတာ ရွေး​ရတယ်။ ပြီးနောက် လိုအပ်တဲ့ ကိရိယာ​နဲ့ ကျွမ်းကျင်မှု​ကို သုံးပြီး အဲဒါ​တွေ လုပ်တယ်။ စိတ်ရင်းမှန်​သူတွေကို တပည့်ဖြစ်​စေ​ရာ​မှာလည်း အလားတူ လုပ်ဆောင်​ရမယ်။—မ. ၂၈:၁၉၊ ၂၀

၅။ သွန်သင်ခြင်း​ကိရိယာ​များ ကဏ္ဍ​ထဲ​က ကိရိယာ​တွေ​အကြောင်း​ ဘာ​သိရသလဲ။ ဥပမာ​ပေးပါ။ (ဆောင်းပါး​အစမှာ​ပါတဲ့ ပုံကို ကြည့်ပါ။)

ကိရိယာ​တစ်ခုစီဟာ တစ်မျိုးစီ အသုံးဝင်တယ်။ ဥပမာ၊ ယေရှု​ သုံးခဲ့​တဲ့ လက်သမား​ကိရိယာတွေကို စဉ်းစား​ကြည့်ပါ။ * သစ်သားတွေကို တိုင်းတာ​ဖို့၊ အမှတ်အသား လုပ်ဖို့၊ ဖြတ်ဖို့၊ ဖောက်​ဖို့၊ ပုံဖော်​ဖို့၊ ချိန်ညှိ​ဖို့ ကိရိယာ​တွေ လိုတယ်။ အဲဒီ​လိုပဲ သွန်သင်ခြင်း​​ကိရိယာ​တွေ​ထဲ​က ကိရိယာ​တစ်ခုစီဟာ သူ့​နေရာ​နဲ့​သူ အသုံးဝင်တယ်။ အဲဒီ​ကိရိယာ​တွေ အသုံးပြုပုံကို ကြည့်ကြစို့။

ကျွန်တော်​တို့​အကြောင်း​ မိတ်ဆက်​ပေးတဲ့ ကိရိယာ​များ

၆၊ ၇။ (က) လိပ်စာကတ်​တွေကို ဘယ်လို သုံး​သလဲ။ (ခ) အစည်း​အဝေး​ဖိတ်စာ​တွေကို ဘာ​အတွက်​ သုံး​ကြသလဲ။

လိပ်စာကတ်​များ။ ဒီ​ကတ်​တွေဟာ သေးငယ်​ပေ​မဲ့ ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်​ဖို့၊ jw.org ဝက်ဘ်ဆိုက်ကို ညွှန်ပြ​ဖို့ သုံးနိုင်​တဲ့ ထိရောက်တဲ့​ကိရိယာ ဖြစ်တယ်။ လူတွေဟာ ဝက်ဘ်ဆိုက်​က​တစ်ဆင့် ကျွန်တော်​တို့​အကြောင်း​ ပို​သိလာပြီး ကျမ်းစာသင်အံမှု တောင်းခံ​လာနိုင်တယ်။ ဝက်ဘ်ဆိုက်​ကနေ ကျမ်းစာသင်အံမှု ၄၀၀,၀၀၀ ကျော် တောင်းခံ​ထားတယ်။ နေ့စဉ် ရာနဲ့ချီ တောင်းခံ​နေ​ကြတယ်။ အဲဒီ​ကတ်​တွေကို အမြဲ​ဆောင်ထား​ပြီး အခွင့်အရေး​ရတဲ့အခါ​ သက်သေခံနိုင်​ပါတယ်။

ဖိတ်စာ​များ။ အစည်းအဝေး​ဖိတ်စာ​မှာ “သင့်ကို ဖိတ်ခေါ်​ပါတယ်။ ယေဟော​ဝါသက်သေတွေ​နဲ့ ကျမ်းစာ​လေ့လာ​ကြည့်ပါ၊” “အစည်းအဝေး​တွေ” မှာ ဖြစ်စေ၊ “ယေဟော​ဝါ​သက်သေတစ်ယောက်” နဲ့​ဖြစ်စေ လေ့လာ​နိုင်တယ်လို့ ရေးထားတယ်။ ဒီ​ဖိတ်စာ​က ကျွန်တော်​တို့​အကြောင်း​ သိစေ​သလို “ဘုရား​သခင်​ကို မှီခို​ဖို့ လိုအပ်​မှန်း သိမြင်​သူတွေ” ကို ကျမ်းစာ​လေ့လာဖို့​လည်း ဖိတ်ခေါ်​ထားတယ်။ (မ. ၅:၃) လူတွေဟာ ကျမ်းစာ​သင်အံမှု လက်ခံ​သည်​ဖြစ်စေ၊ လက်မခံသည်​ဖြစ်စေ အစည်းအဝေး​ လာ​တက်​နိုင်တယ်။ လာ​တက်တဲ့အခါ​ ကျမ်းစာ​အကြောင်း​ ဘယ်လောက် သိလာ​နိုင်မှန်း သဘောပေါက်​လာပါလိမ့်မယ်။

၈။ တစ်ခါ​လောက်​ အစည်းအဝေး​လာ​တက်ဖို့ ဘာကြောင့် အရေး​ကြီး​သလဲ။ ဥပမာ​ပေးပါ။

အစည်းအဝေး​ကို တစ်ခါ​လောက် လာ​တက်​ကြည့်ပါ​လို့ လူတွေကို ဖိတ်ခေါ်​သင့်တယ်။ ဘာကြောင့်လဲ။ အစည်းအဝေး​တွေမှာ ယေဟောဝါသက်သေတွေရဲ့ ဘုရား​ရေးရာ​ဘက် ကြွယ်ဝမှု​နဲ့ မှားယွင်းတဲ့​ဘာသာ​ရဲ့ ဘုရား​ရေးရာ​ဘက် ငတ်ပြတ်​မှု​ကို မြင်​လာပါလိမ့်မယ်။ (ဟေရှာ. ၆၅:၁၃) လွန်ခဲ့တဲ့​နှစ်​အနည်းငယ်​မှာ အမေရိကန်​နိုင်ငံက ရေး​နဲ့ လင်​ဒါဆို​တဲ့ မောင်နှံ​တစ်စုံ အဲဒါ​ကို သတိပြုမိတယ်။ သူတို့ဟာ ဘုရား​ကို​ယုံပြီး ဘုရား​ရေးရာ လိုအပ်ချက်​ကို သိတဲ့​အတွက်​ မြို့ထဲမှာ​ရှိတဲ့ ချာ့ခ်ျ​အားလုံးကို လိုက်​တက်တယ်။ ချာ့ခ်ျ​တွေ၊ အသင်း​တွေ အများကြီး​ရှိတယ်။ ချာ့ခ်ျ​တစ်ခုနဲ့ ပူးပေါင်း​ဖို့ အချက်​နှစ်ခု ရှိရမယ်​လို့ အစ​ကတည်းက သူတို့ ဆုံးဖြတ်​ထားတယ်။ ပထမ​၊ ဘုရား​ကျောင်း​တက်​ချိန်မှာ တစ်ခုခု သင်ယူ​နိုင်ရမယ်။ ဒုတိယ၊ အသင်း​သား​တွေဟာ ဘုရား​ကို ကိုယ်စား​ပြုသူတွေ ပီသရမယ်။ နှစ်တွေ​ကြာသွားပေမဲ့ စိတ်ပျက်​ခဲ့​ရတယ်။ ဘာမှ မသိလာဘူး။ အသင်း​သားတွေရဲ့ အသွင်အပြင်ကလည်း လေးစား​စရာ မကောင်း​ဘူး။ နောက်ဆုံး​ချာ့ခ်ျ​ကနေ ထွက်လာ​ပြီးနောက် လင်​ဒါက အလုပ်​သွားပြီး ရေး​က အိမ်​ပြန်လာတယ်။ အိမ်ပြန်​လမ်းမှာ နိုင်ငံတော်​ခန်းမ​ရှေ့ ဖြတ်သွား​ရင်း ဒီ​ကိုလည်း ဝင်ကြည့်​ဦး​မယ်​လို့ တွေးမိတယ်။ အကောင်းဆုံး အတွေ့အကြုံ​ပါပဲ။ လူတိုင်း ဖော်ရွေ​ပြီး သပ်သပ်ရပ်ရပ် ဝတ်​ထား​ကြတယ်။ ရှေ့ဆုံး​တန်း​မှာ ရေး ဝင်​ထိုင်​လိုက်တယ်။ သိလာတာတွေကို သိပ်​ကြိုက်​သွားတယ်။ “ခင်ဗျား​တို့နဲ့​အတူ​ ဘုရား​သခင်​ တကယ်​ရှိတာပဲ” လို့ ဦးဆုံး​အကြိမ် အစည်းအဝေး​တက်​သူ ပြော​သလို​ပါပဲ။ (၁ ကော. ၁၄:၂၃-၂၅) အဲဒီ​အချိန်​က​စပြီး တနင်္ဂနွေ​နေ့တိုင်း အစည်းအဝေး​တက်ပြီး နောက်ပိုင်း ကြားရက်​အစည်းအဝေး​တွေကို ပုံမှန်​တက်တယ်။ လင်ဒါလည်း လိုက်​တက်တယ်။ အသက် ၇၀ ဝန်းကျင်​ဖြစ်ပေမဲ့ ကျမ်းစာ​လေ့လာပြီး နှစ်ခြင်းခံခဲ့​ကြတယ်။

စကား​စမြည်​စတင်​စေတဲ့ ကိရိယာ​များ

၉၊ ၁၀။ (က) ဝေစာတွေကို သုံးဖို့ ဘာကြောင့် လွယ်​သလဲ။ (ခ) ဘုရား​သခင့် နိုင်ငံတော်​ဆိုတာ ဘာလဲ ဝေစာ​ကို ဘယ်လို သုံး​မလဲ။

ဝေစာများ။ စကား​စမြည်​စ​ဖို့ ကူညီ​ပေးတဲ့ ဝေစာ​ရှစ်​မျိုး ရှိတယ်။ အဲဒါ​တွေကို ၂၀၁၃ မှာ စတင်​ထုတ်ဝေ​ပြီး သန်း​ငါး​ထောင်​လောက် ပုံနှိပ်ခဲ့ပြီ။ ဝေစာ​အားလုံး ပုံစံတူ​တဲ့​အတွက်​ တစ်ခုကို သုံး​တတ်​ရင် အားလုံးကို သုံး​နိုင်မယ်။ ဘယ်လို သုံးနိုင်မလဲ။

၁၀ ဘုရား​သခင့် နိုင်ငံတော်​ဆိုတာ ဘာလဲ ဝေစာ​ကို သုံး​ရင် ဝေစာ​အရှေ့​မှာပါတဲ့ “ဘယ်လို ထင်သလဲ” ဆိုတဲ့ မေးခွန်း​ကို မေးပါ။ ပြီးတော့ အဖြေ​သုံးခု​ထဲ​က တစ်ခု​ကို ရွေး​ခိုင်းပါ။ အမှားအမှန်​ကို မပြော​ဘဲ အတွင်းဘက်မှာ​ပါတဲ့ “ကျမ်းစာ​အဆို” ကို ဖွင့်ပြီး ဒံယေလ ၂:၄၄၊ ဟေရှာယ ၉:၆ တို့ကို ဖတ်ပြပါ။ နောက်ဆုံး၊ ဝေစာ​နောက်ကျော​မှာပါတဲ့ “စဉ်းစား​ကြည့်ပါ” ခေါင်းစဉ်​အောက်​က “ဘုရား​သခင့်​နိုင်ငံတော် အုပ်ချုပ်မှု​အောက်မှာ ဘယ်လို အသက်ရှင်​ရမလဲ” ဆိုတဲ့ မေးခွန်း​ကို ဖတ်ပြပါ။ ဒါက နောက်​တစ်ကြိမ် ဆွေးနွေးမှု​အတွက်​ လမ်းခင်း​ပေးတာ​ပဲ။ နောက်​တစ်ကြိမ် တွေ့​တဲ့အခါ​ သတင်းကောင်း ဘရိုရှာ အခန်း ၇ ကို ဆွေးနွေး​နိုင်တယ်။ အဲဒီ​ဘရိုရှာ​ဟာ ကျမ်းစာသင်အံမှု စ​ဖို့ ကူညီ​ပေးတဲ့ ကိရိယာ​ဖြစ်တယ်။

စိတ်ဝင်စားမှု နှိုးဆွတဲ့ ကိရိယာ​များ

၁၁။ မဂ္ဂဇင်း​တွေဟာ ဘယ်သူတွေနဲ့ သက်ဆိုင်​သလဲ။ ကျွန်တော်​တို့ ဘာ​သိထားဖို့ လိုသလဲ။

၁၁ မဂ္ဂဇင်း​များ။ ကင်းမျှော်စင် နဲ့ နိုးလော့! ဟာ​ ကမ္ဘာ​မှာ  အ​ဖြန့်ဝေ​ရ​ဆုံး၊  ဘာသာ​အပြန်​ရ​ဆုံး စာစောင်​တွေ ဖြစ်တယ်။ မျက်နှာဖုံး​အကြောင်း​အရာဟာ နေရာတိုင်းက​လူတွေနဲ့ သက်​ဆိုင်တယ်။ ဘဝမှာ အရေး​ကြီးဆုံး​အရာကို စိတ်ဝင်စား​လာ​စေတဲ့ ကိရိယာ​တွေ​ပါပဲ။ ဦးဆုံး၊ ဘယ်​စာစောင်​ကို ဘယ်သူတွေ​အတွက်​ ရည်ရွယ်တယ်​ဆိုတာ သိဖို့ လိုတယ်။

၁၂။ (က) နိုးလော့! က ဘယ်သူတွေ​အတွက်​လဲ။ အဓိက​ရည်ရွယ်ချက်ဟာ ဘာလဲ။ (ခ) ဒီ​ကိရိယာ​ကြောင့် ဘာ​အောင်မြင်မှု​တွေ ရဖူးသလဲ။

၁၂ နိုးလော့! ဟာ ကျမ်းစာ​အကြောင်း​ သိပ်​မသိ​သူ၊ ခရစ်ယာန်​သွန်သင်ချက်တွေ​အကြောင်း​ လုံးဝ မသိ​သူ၊ ဘာသာ​ရေး​ကို မယုံကြည်သူ​တွေ​အတွက်​ ဖြစ်တယ်။ နိုးလော့! ရဲ့ အဓိက​ရည်ရွယ်ချက်ဟာ ဘုရား​သခင်​ရှိကြောင်း ယုံကြည်​လာစေဖို့ပါ။ (ရော. ၁:၂၀။ ဟီ. ၁၁:၆) ကျမ်းစာဟာ ‘တကယ် ဘုရား​သခင်​ရဲ့ တရား​စကား​’ ဖြစ်ကြောင်းလည်း စိတ်ချ​စေတယ်။ (၁ သက်. ၂:၁၃) ၂၀၁၈ အတွက်​ မျက်နှာဖုံး​အကြောင်း​အရာ သုံးခု​က “ပျော်ရွှင်မှု ရစေတဲ့​လမ်း၊” “မိသား​စု​အောင်မြင်​ရေး လျှို့ဝှက်​ချက် ၁၂ ချက်၊” “ဝမ်းနည်းပူဆွေး​သူများ​အတွက်​ အကူအညီ” တို့​ဖြစ်တယ်။

၁၃။ (က) ကင်းမျှော်စင် လူထု​စာစောင်​က ဘယ်သူတွေ​အတွက်​လဲ။ (ခ) ဒီ​ကိရိယာ​ကြောင့် ဘာ​အောင်မြင်မှု​တွေ ရဖူးသလဲ။

၁၃ ကင်းမျှော်စင် လူထု​စာစောင်ဟာ ဘုရား​နဲ့ ကျမ်းစာကို အတော်အတန် လေးစား​သူတွေ၊ ကျမ်းစာ​အကြောင်း​ အနည်း​အကျဉ်း သိထား​ပေမဲ့ သိပ်​နားမ​လည်​သူတွေ​အတွက်​ ဖြစ်တယ်။ (ရော. ၁၀:၂။ ၁ တိ. ၂:၃၊ ၄) ၂၀၁၈ အတွက်​ မျက်နှာဖုံး​အကြောင်း​အရာ သုံးခု​က “ကျမ်းစာဟာ အခု​ချိန်မှာ လက်တွေ့​ကျသေးရဲ့လား၊” “အနာဂတ်မှာ ဘာ​ဖြစ်လာမလဲ၊” “ဘုရား​ သင့်ကို ဂရုစိုက်​သလား” တို့​ဖြစ်တယ်။

လှုံ့ဆော်မှု​ဖြစ်စေတဲ့ ကိရိယာ​များ

၁၄။ (က) သွန်သင်ခြင်း​ကိရိယာ​များ​ကဏ္ဍ​ထဲ​က ဗီဒီယို​လေးခုဟာ ဘာ​ရည်ရွယ်ချက်​အတွက်​လဲ။ (ခ) ဒီ​ကိရိယာ​ကြောင့် ဘာ​အောင်မြင်မှု​တွေ ရဖူးသလဲ။

၁၄ ဗီဒီယိုများ။ ယေရှု​ခေတ်မှာ လက်သမား​တစ်ယောက်ဟာ လက်​သုံး​ကိရိယာတွေကို​ပဲ သုံး​ရတယ်။ ဒီနေ့​ခေတ်မှာ​တော့ လွှ၊ လွန်၊ ကော်​ဖတ်​စား​စက်၊ သံရိုက်​စက်​စတဲ့ စက်ကိရိယာ​တွေ ရှိနေပြီ။ ကျွန်တော်​တို့​မှာ​ ပုံနှိပ်​စာပေ​တွေ​အပြင် ဗီဒီယိုတွေလည်း ရှိတယ်။ သွန်သင်ခြင်း​ကိရိယာ​များ​ကဏ္ဍ​မှာ ရှိတဲ့ ဗီဒီယို​လေးခု​ကတော့ ကျမ်းစာကို ဘာကြောင့် လေ့လာ​သင့်သလဲ၊ ကျမ်းစာ​လေ့လာမှု​ကို ဘယ်လို လုပ်ကြ​သလဲ၊ နိုင်ငံတော်​ခန်းမ​မှာ ဘာတွေ လုပ်ဆောင်ကြ​သလဲ၊ ယေဟော​ဝါ​သက်သေ​တွေ​က ဘယ်သူတွေလဲ တို့​ဖြစ်တယ်။ နှစ်​မိနစ်​ထက်နည်း​တဲ့ ဒီ​ဗီဒီယို​တွေ​ကို ဦးဆုံး​တွေ့ဆုံချိန်​မှာ သုံး​နိုင်တယ်။ ပို​ရှည်​တဲ့ ဗီဒီယိုတွေကို​တော့ ပြန်လည်ပတ်မှု​တွေ၊ အချိန်​ ပို​ပေးနိုင်​သူတွေ​အတွက်​ သုံး​နိုင်တယ်။ ဒီကိရိယာ​တွေဟာ ကျမ်းစာ​လေ့လာဖို့၊ အစည်းအဝေး​တွေ တက်ဖို့ လှုံ့ဆော်​ပေး​နိုင်တယ်။

၁၅။ ကိုယ့်​ဘာသာ​စကား​နဲ့ ဗီဒီယိုကြည့်ရတဲ့အတွက်​ ဘာ​အကျိုး ရနိုင်သလဲ။ ဥပမာ​ပေးပါ။

၁၅ ညီအစ်မ​တစ်ယောက်ဟာ မိုက်ခရိုနီရှား​ကနေ ပြောင်းလာတဲ့ ယာ့ပီ​စကား​ပြော အမျိုးသမီး​တစ်ယောက်နဲ့ တွေ့​တဲ့အခါ​ ကျမ်းစာကို ဘာကြောင့် လေ့လာ​သင့်သလဲ ဗီဒီယိုကို ပြ​လိုက်တယ်။ “ကျွန်မတို့ စကား​နဲ့​ပါလား။ အံ့ဩ​လိုက်တာ။ ဒီ​လူ​ရဲ့ လေယူ​လေသိမ်း​က ကျွန်မတို့​ကျွန်းသား​မှန်း သိသာတယ်” လို့​ပြော​တယ်။ jw.org မှာ ယာ့ပီ​စကား​နဲ့ တင်​ထားတာ မှန်သမျှကို ကြည့်မယ်၊ ဖတ်မယ်လို့ ပြော​တယ်။ (တမန်တော် ၂:၈၊ ၁၁ နဲ့ နှိုင်းယှဉ်ပါ။) အဲဒီ​ဗီဒီယိုကို​ပဲ အမေရိကန်​နိုင်ငံက ညီအစ်မ​တစ်ယောက်ဟာ နိုင်ငံ​ခြား​မှာ​ရှိတဲ့ တူလေး​ဆီ သူ့​ဘာသာ​စကား​နဲ့ လင့်ခ် (အင်တာ​နက်​လိပ်စာ) ပို့ပေး​လိုက်တယ်။ ဗီဒီယို​ကြည့်ပြီးနောက် “လောက​ကြီး​ကို မာရ်နတ် ထိန်းချုပ်​ထားတယ်​ဆိုတဲ့ အပိုင်းကို သဘောကျ​လို့ ကျမ်းစာသင်အံမှု တောင်းခံ​လိုက်တယ်” လို့ ညီအစ်မ​ဆီ စာ​ပြန်ပို့တယ်။ ကျွန်တော်​တို့ရဲ့ လုပ်ငန်းကို ပိတ်ပင်​ထားတဲ့​နိုင်ငံမှာ သူနေတယ်။

အမှန်တရား သွန်သင်​ပေးတဲ့ ကိရိယာ​များ

၁၆။ (က) ဘုရား​သခင့်​စကား​ နားထောင်ကာ ထာဝစဉ်​အသက်ရှင်ပါ ဘရိုရှာရဲ့ ရည်ရွယ်ချက်ဟာ ဘာလဲ။ (ခ) သတင်းကောင်း ဘရိုရှာရဲ့ ရည်ရွယ်ချက်ဟာ ဘာလဲ။ (ဂ) ယနေ့​ခေတ်မှာ ယေဟော​ဝါ​ဘုရား​သခင့် အလိုတော်ကို ဘယ်သူတွေ ဆောင်ရွက်​နေကြ​သလဲ ဘရိုရှာရဲ့ ရည်ရွယ်ချက်ဟာ ဘာလဲ။

၁၆ ဘရိုရှာများ။ စာကောင်းကောင်း မဖတ်​တတ်​သူတွေ၊ ကိုယ့်​ဘာသာ​စကား​နဲ့ စာပေ​ မရနိုင်​သူတွေကို အမှန်တရား ဘယ်လို သင်ပေး​နိုင်မလဲ။ ဘုရား​သခင့်​စကား​ နားထောင်ကာ ထာဝစဉ်​အသက်ရှင်ပါ ဘရိုရှာ ရှိတယ်။ * ကျမ်းစာသင်အံမှု စ​ဖို့ လူမျိုး​အားလုံး​အတွက်​ သတင်းကောင်း ဘရိုရှာ ရှိတယ်။ စာစောင်​ နောက်ကျော​က အကြောင်း​အရာ ၁၄ ခု​ကို ပြပြီး စိတ်ဝင်စား​တဲ့​တစ်ခုကို ရွေး​ခိုင်း​နိုင်တယ်။ အဲဒီ​အခန်း​နဲ့ သင်အံမှု စ​နိုင်တယ်။ ပြန်လည်ပတ်မှု​တွေ​မှာ ဒီ​နည်းကို စမ်းကြည့်ပါ။ တတိယ​ဘရိုရှာက​တော့ ယနေ့​ခေတ်မှာ ယေဟော​ဝါ​ဘုရား​သခင့် အလိုတော်ကို ဘယ်သူတွေ ဆောင်ရွက်​နေကြ​သလဲ ဖြစ်တယ်။ အဖွဲ့အစည်း​အကြောင်း​ ပို​သိလာစေဖို့ ရည်ရွယ်​ထားတယ်။ သင်အံမှု​မှာ ဒီ​စာစောင် သုံးနိုင်​ပုံကို ၂၀၁၇၊ မတ်လ ခရစ်ယာန်​အသက်တာနဲ့ အမှု​ဆောင်​လုပ်ငန်း လေ့ကျင့်ခန်း​စာစောင် မှာ ကြည့်ပါ။

၁၇။ (က) သင်အံမှု​မှာ သုံးတဲ့ စာအုပ်​တွေရဲ့ ရည်ရွယ်ချက်ဟာ ဘာလဲ။ (ခ) နှစ်ခြင်းခံတဲ့​သူတွေ ဘာ​ဆက်လုပ်​ရမလဲ။ ဘာကြောင့်လဲ။

၁၇ စာအုပ်များ။ ဘရိုရှာ​တွေ​နဲ့ သင်အံမှု စ​ပြီးနောက် သမ္မာကျမ်းစာ သွန်သင်ရာ​များ စာအုပ်ကို အချိန်​မရွေး ပြောင်း​သုံး​နိုင်တယ်။ ဒီ​စာအုပ်ဟာ အခြေခံ ကျမ်းစာ​သွန်သင်ချက်တွေကို သိလာ​စေတယ်။ စာအုပ်​ပြီးနောက် သင်သား တိုးတက်​လာတယ်​ဆိုရင် ဘုရား​မေတ္တာတော် ခံစား​နေနိင်ပုံ စာအုပ်နဲ့ ဆက်သင်ပါ။ ဒီ​စာအုပ်​က နေ့စဉ်​အသက်တာမှာ ကျမ်းစာ​မူတွေ ကျင့်သုံး​နိုင်ပုံ​ကို သင်ပေးတယ်။ နှစ်ခြင်းခံ​ပြီးနောက်မှာတောင် စာအုပ်​နှစ်အုပ်စလုံး ပြီး​တဲ့​အထိ ဆက်သင်​ပေးပါ။ ဒါမှ​ အမှန်တရား​မှာ အခိုင်အမာ အမြစ်စွဲ​နိုင်​ပါလိမ့်မယ်။ကောလောသဲ ၂:၆၊ ၇ ကိုဖတ်ပါ။

၁၈။ (က) အမှန်တရား သွန်သင်​သူတွေ ဘာလုပ်ဖို့ ၁ တိမောသေ ၄:၁၆ မှာ အားပေးထား​သလဲ။ (ခ) သွန်သင်ခြင်း​ကိရိယာ​တွေ သုံးတဲ့ ရည်ရွယ်ချက်​က ဘာလဲ။

၁၈ ကျွန်တော်​တို့ဟာ လူတွေကို ထာဝရ​အသက် ရစေ​နိုင်တဲ့ “အမှန်တရား​နဲ့​ဆိုင်တဲ့ သတင်းကောင်း” အပ်နှင်း​ခံရတယ်။ (ကော. ၁:၅။ ၁ တိမောသေ ၄:၁၆ ကိုဖတ်ပါ။) ဒါကြောင့်​ သွန်သင်ခြင်း​ကိရိယာ​များ​ကဏ္ဍ​မှာ လိုအပ်ရာ​မှန်သမျှ ပြင်ဆင်​ပေး​ထားတယ်။ (“ သွန်သင်​ခြင်း​ကိရိယာ​များ”​ ကို​ကြည့်ပါ။) အဲဒီ​ကိရိယာ​တွေကို ကျွမ်းကျင်​စွာ သုံး​တတ်အောင် ကြိုးစား​ပါ။ ဘယ်​ကိရိယာ​ကို ဘယ်​အချိန်​မှာ သုံး​ရမယ်ဆိုတာ ကိုယ်ပိုင် ဆုံးဖြတ်​နိုင်တယ်။ ကျွန်တော်​တို့ရဲ့ ရည်ရွယ်ချက်​က စာပေ​တွေ ဝေငှ​ဖို့၊ စိတ်မဝင်စား​သူတွေဆီ စာပေ​တွေ ထားခဲ့​ဖို့​လောက်​သာ မဟုတ်​ဘူး။ စိတ်​ရိုး​ဖြောင့်၊ နှိမ့်ချ​ပြီး အမှန်တရား ဆာငတ်​သူတွေ၊ “ထာဝရ​အသက်​ရဖို့ စိတ်ရင်းမှန်” သူတွေကို တပည့်​ဖြစ်စေ​ဖို့​ပါပဲ။—တ. ၁၃:၄၈။ မ. ၂၈:၁၉၊ ၂၀

^ အပိုဒ်၊ 5 ၂၀၁၀၊ ဩဂုတ် ၁ ရက်ထုတ် ကင်းမျှော်စင် လက်သမား” ဆောင်းပါး​နဲ့ “လက်သမား​သေတ္တာ” လေးထောင့်ကွက်​ကို ကြည့်ပါ။

^ အပိုဒ်၊ 16 စာ​မတတ်​သူ​အတွက်​ ရုပ်ပုံတွေ​ပဲ အဓိက​ပါတဲ့ ဘုရား​သခင့်​စကား​ နားထောင်ပါ ဘရိုရှာ​ကို သုံး​နိုင်တယ်။