မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘဝ​အတ္ထုပ္ပတ္တိ

ကျွန်တော့်ဆုံးဖြတ်ချက်ကို ယေဟောဝါ ကြွယ်ဝစွာ ကောင်းချီးပေး

ကျွန်တော့်ဆုံးဖြတ်ချက်ကို ယေဟောဝါ ကြွယ်ဝစွာ ကောင်းချီးပေး

၁၉၃၉ ခုနှစ်မှာ​ပေါ့။ ကျွန်တော်​တို့ ည​သန်းခေါင်မှာ အိပ်ရာ​ထပြီး အမေရိကန်၊ မစ်ဆူရီ​ပြည်နယ် အနောက်​တောင်ဘက်၊ ဂျိုပလင်​မြို့လေးဆီ တစ်​နာရီ​ကျော် ကားမောင်း​သွားတယ်။ ရပ်ကွက်​ထဲ​ရောက်တော့ အိမ်တံခါး​တွေ​အောက်​ကနေ ဝေစာတွေ ထည့်ပေး​ကြတယ်။ ပြီးနောက် ကား​ဆီ ပြန်လာပြီး တခြား​အုပ်စု​တွေ​နဲ့ ဆုံမယ့် စု​ရပ်​ကို မောင်း​သွားတယ်။ အရုဏ်​တက်ချိန်လောက် ဖြစ်နေပြီ။ နေ​မထွက်ခင် အမှု​ဆောင်​သွားပြီး ရပ်ကွက်​ကနေ ချက်ချင်း ပြန်ထွက်​လာကြတာ ဘာကြောင့်လဲ။ နောက်​မှ ပြောပြ​ပါ့​မယ်။

၁၉၃၄ မှာ ကျွန်တော်​ မွေးလာတယ်။ အဲဒီ​တုန်းက မိဘတွေ​ဖြစ်တဲ့ ဖရက်​နဲ့ အက်​နာ မိုလိုဟန်​တို့ ကျမ်းစာ​ကျောင်းသား (ယေဟော​ဝါ​သက်သေ) တွေ ဖြစ်တာ အနှစ် ၂၀ ကျော်ပြီ။ ယေဟော​ဝါကို ချစ်​လာ​အောင် သူတို့ သင်ပေး​ကြတယ်။ ကျွန်တော်​တို့​မိသား​စုဟာ ကဲန်စပ်​ပြည်နယ် အရှေ့တောင်ဘက်၊ ပါစင်​မြို့လေးမှာ နေ​တယ်။ အသင်း​တော်မှာ အားလုံးနီးပါး ဘိသိက်ခံ​တွေ​ပဲ။ အစည်းအဝေး​နဲ့ အမှု​ဆောင်မှာ မိသား​စု​လိုက် ပါဝင်​ကြတယ်။ စနေနေ့ မွန်းလွဲပိုင်း​တွေ​မှာ လမ်းပေါ် သက်သေခံ​ကြတယ်။ တစ်ခါတလေ မောပေမဲ့ အဖေက အမှု​ဆောင်​ပြီး​တိုင်း ရေခဲမုန့် ဝယ်ကျွေးလေ့​ရှိတယ်။

အသင်း​တော်​ရပ်ကွက် သိပ်ကျယ်​တယ်။ ရွာ​တွေ၊ ယာ​ခင်း​တွေ များတယ်။ လယ်သမား​တွေကို စာပေ​ဝေငှ​ရင် ခြံထွက်​သီးနှံ၊ ကြက်​ဥ၊ ကြက်​တွေ လက်ဆောင်​ပြန် ရတယ်။ အဖေက စာပေ​တွေ​အတွက်​ အလှူငွေ ကြို​ထည့်​ထားလို့ လက်ဆောင်​ရတာ​တွေဟာ အိမ်​စားဖို့ ဖြစ်သွားတယ်။

သက်သေခံခြင်း ကင်ပိန်း

မိဘတွေ​မှာ ဟောပြောခြင်း​လုပ်ငန်း​သုံး ဓာတ်စက်​တစ်လုံး ရှိတယ်။ ကျွန်တော်​ သိပ်ငယ်သေးလို့ ဓာတ်စက်​မ​သုံး​တတ်​ပေမဲ့ ပြန်လည်ပတ်မှု​တွေ၊ ကျမ်းစာသင်အံမှု​တွေ​မှာ ညီအစ်ကို​ ရပ်သဖော့ရဲ့ ဟောပြောချက်ကို မိဘတွေ ဖွင့်ပြ​တဲ့အခါ​ ကူ​ပေး​ရတယ်။

အသံချဲ့စက်​ကား​ရှေ့မှာ အဖေ၊ အမေနဲ့​အတူ

၁၉၃၆ မှာ အဖေက အိမ်စီး​ကားရဲ့ အမိုးပေါ် အသံချဲ့စက်​ကြီး တပ်​လိုက်တယ်။ ဒီ​ကား​က သတင်းကောင်း ပျံ့နှံ့​စေ​ရာ​မှာ သိပ်​ထိ​ရောက်တယ်။ အရင်ဆုံး လူတွေ အာရုံစိုက်​လာ​အောင် တေးသံသာ ဖွင့်ပြီးမှ ကျမ်းစာ​ဟောပြောချက်​တွေ ဖွင့်လေ့​ရှိတယ်။ အဲဒီ​နောက် စိတ်ဝင်စား​သူတွေကို စာပေ​ ဝေငှတယ်။

ကဲန်စပ်​ပြည်နယ်၊ ချယ်ရီဗေး​ရွာလေးရဲ့ ပန်းခြံ​မှာ အသံချဲ့စက်​ကား ရပ်​ဖို့ ရဲ​က ခွင့်​မပြုဘူး။ အပြင်မှာ​ပဲ ရပ်​ခိုင်းတယ်။ တနင်္ဂနွေ​နေ့တွေမှာ လူတွေ အေးအေးဆေးဆေး လာရောက် အပန်းဖြေ​ကြလို့ပဲ။ ဘာပဲ​ဖြစ်ဖြစ် လူတွေ ကောင်းကောင်း​ကြားနိုင်လို့ ကားကို ပန်းခြံ​အပြင်ဘက် မျက်နှာ​ချင်း​ဆိုင်​မှာ ရပ်​ပြီး ဟောပြောချက်​တွေ ဖွင့်​ပြတယ်။ အဲဒီ​လို​အချိန်​တွေမှာ အဖေ၊ အစ်ကို ဂျယ်ရီ​တို့နဲ့ ရှိနေ​ရလို့ သိပ်​ပျော်​ခဲ့​ရတယ်။

၁၉၃၀ ပြည့်လွန်​နှစ်တွေ​နှောင်းပိုင်း၊ ဆန့်ကျင်မှု​များတဲ့ ရပ်ကွက်တွေမှာ အထူးကင်ပိန်း လုပ်ကြတယ်။ အစပိုင်းမှာ ပြောခဲ့​သလို ည​သန်းခေါင်မှာ အိပ်ရာထ၊ ဝေစာ​နဲ့ စာအုပ်ငယ်တွေ​ကို အိမ်တံခါး​အောက်​ကနေ ထည့်ပေး​ကြတယ်။ အဲဒီ​နောက် ဘယ်သူများ အဖမ်းခံရပြီလဲ​ဆိုတာ သိဖို့ မြို့ပြင်မှာ ပြန်​စု​ကြတယ်။

အဲဒီ​နှစ်တွေ​အတွင်း စိတ်လှုပ်ရှားစရာ အမှု​ဆောင်​လုပ်ငန်း တစ်ခုကတော့ ကြော်ငြာ​ချီတက်​ပွဲ​ပါပဲ။ ဆိုင်းဘုတ်​ပြား​တွေ လည်မှာဆွဲ​ပြီး မြို့​အနှံ့ လမ်းလျှောက်​ရတယ်။ တစ်ကြိမ်​မှာ သူငယ်ချင်းတွေက “ဝတ်ပြုရေးသည် ထောင်ချောက်​နှင့် မ​သမာ​နည်းဖြင့် စီးပွား​ရှာ​မှု​တစ်ခု ဖြစ်သည်” ဆိုတဲ့ ဆိုင်းဘုတ်​ချိတ်ဆွဲ​ပြီး လမ်းလျှောက်​တာ မှတ်မိ​သေးတယ်။ တစ်မိုင်​လောက် လျှောက်ပြီး အိမ်​ပြန်လာ​ကြတယ်။ ဆန့်ကျင်သူ မရှိ​ဘဲ စိတ်ဝင်စားသူ​များစွာ တွေ့ခဲ့တယ်။

အစောပိုင်း အစည်းအဝေး​ကြီး​များ

ကျွန်တော်​တို့​မိသား​စု အစည်းအဝေး​ကြီး တက်ဖို့ ကဲန်စပ်​ပြည်နယ်​ကနေ တက္ကဆက်​ကို သွားလေ့​ရှိတယ်။ မစ်ဆူရီ–ကဲန်စပ်–တက္ကဆက် ရထားလိုင်းမှာ အဖေ အလုပ်လုပ်​တော့ ဆွေမျိုးတွေ​ဆီ အလည်​သွားဖို့၊ အစည်းအဝေး​ကြီး​တွေ တက်ဖို့ ရထား အခမဲ့​စီး​ခွင့်ရတယ်။ အမေ့​အစ်ကို ဖရက် ဝစ်မာ​နဲ့ ဇနီး ယူလာလီက တက္ကဆက်​ပြည်နယ်၊ တမ်ပယ်​မြို့မှာ နေတယ်။​ ဦးလေး​ဖရက်​က လူငယ်​ဘဝ၊ ၁၉၀၀ ပြည့်လွန်​နှစ်တွေ အစောပိုင်းမှာ အမှန်တရား​သိ​ပြီး နှစ်ခြင်းခံခဲ့​တာ။ အမေနဲ့ မောင်နှမ​တွေကို သက်သေခံခဲ့တယ်။ တက္ကဆက်​အလယ်ပိုင်း​မှာ ဇုန်​အမှု​ထမ်း (အခု တိုက်နယ်ကြီးကြပ်မှူး) အဖြစ်​ အမှု​ဆောင်တယ်။ အဲဒီ​က​ညီအစ်ကို​တွေ သူ့ကို ကောင်းကောင်း​သိကြတယ်။ ဦးလေး​ဟာ သဘော​ကောင်းပြီး ပျော်ပျော်​နေ​တတ်တယ်။ အမှန်တရား​မှာ ထက်သန်​ပြီး ကျွန်တော့်​အတွက်​ ပုံသက်သေကောင်း​ပါပဲ။

၁၉၄၁ မှာ အစည်းအဝေး​ကြီး​တက်ဖို့ မစ်ဆူရီ​ပြည်နယ်၊ စိန့်လူးဝစ်​မြို့ကို မိသား​စု​လိုက် ရထား​စီး​သွားကြတယ်။ ညီအစ်ကို ရပ်သဖော့ရဲ့ “ဘုရင့်​သားသမီး​များ” ဟောပြောချက်ကို နားထောင်ဖို့ လူငယ်တွေကို ရှေ့ဆုံး​တန်း​မှာ ထိုင်​ခိုင်းတယ်။ လူငယ် ၁၅,၀၀၀ ကျော်​လောက် ရှိတယ်။ ဟောပြောချက်​နိဂုံး​မှာ ညီအစ်ကို ရပ်​သဖော့​နဲ့ အကူ​တွေ​က လူငယ်​တစ်ယောက်စီကို ကလေးများ စာအုပ်သစ် လက်ဆောင်​ပေးလို့ ဝမ်းသာ​ခဲ့​ရတယ်။

၁၉၄၃၊ ဧပြီ​မှာ ကဲန်စပ်​ပြည်နယ်၊ ကော်ဖီဗေး​မြို့မှာ “နှိုးဆော်​သံ” အစည်းအဝေး​ပွဲ တက်ခဲ့တယ်။ အဲဒီ​မှာ သီအိုကရက်တစ် ဓမ္မအမှု​ကျောင်း စတင်​ကျင်းပတော့မယ့်​အကြောင်း​ ကြေညာတယ်။ ကျောင်းမှာ​သုံးဖို့ သင်ခန်းစာ ၅၂ ခု​ပါတဲ့ စာအုပ်​ငယ် ထုတ်ဝေ​တယ်။ နှစ်ကုန်ပိုင်း​မှာ ကျွန်တော်​ ဦးဆုံး​အကြိမ် ကျောင်းသား​ကျတယ်။ ကျွန်တော့်​အတွက်​ ထူးခြား​တဲ့ အစည်းအဝေး​ပွဲ​ပါပဲ။ အနီးအနားက အေးစက်​နေတဲ့ ကန်မှာ​ တခြား​သူ​တွေ​နဲ့​အတူ​ နှစ်ခြင်းခံခဲ့တယ်။

ဗေသလ​မှာ အမှု​ဆောင်​ချင်​ခဲ့

၁၉၅၁ မှာ အထက်တန်း​ကျောင်း ပြီးသွား​တော့ အနာဂတ်​အတွက်​ ဆုံးဖြတ်​ရတော့မယ်။ အစ်ကို​ဂျယ်ရီ အမှု​ဆောင်ဖူးတဲ့ ဗေသလ​မှာ ကျွန်တော်​ သိပ်​အမှု​ဆောင်​ချင်တယ်။ ဒါကြောင့်​ ဘရွတ်ကလင်​ရုံး​ကို လျှောက်လွှာတင်​လိုက်တယ်။ အဲဒီ​ဆုံးဖြတ်ချက်​ကြောင့် ကောင်းချီး​များစွာ ရခဲ့တယ်။ လျှောက်လွှာ​ကို လက်ခံ​လိုက်ပြီး ၁၉၅၂၊ မတ် ၁၀ မှာ ဗေသလ​ကို ဖိတ်ခေါ်​ခံရတယ်။

မဂ္ဂဇင်း၊ စာပေ​တွေ ထုတ်ဝေတဲ့ ပုံနှိပ်တိုက်​မှာ အမှု​ဆောင်ချင်ပေမဲ့ စားပွဲထိုး​အဖြစ်​ တာဝန်​ရပြီး နောက်ပိုင်း စားဖို​ဆောင်​မှာ လုပ်​ရတယ်။ အများကြီး သင်ယူ​ခဲ့​ရ​ပါတယ်။ ပုံနှိပ်တိုက်​မှာ​တော့ လုံးဝ မ​လုပ်လိုက်​ရ​ဘူး။ စား​ဖို​ဆောင်​မှာ အလှည့်ကျ လုပ်​ရလို့ အကျိုး​ရှိတယ်။ ဗေသလ​ စာကြည့်တိုက်​မှာ အေးအေးဆေးဆေး ကိုယ်ပိုင်လေ့လာမှု လုပ်​နိုင်ခဲ့တယ်။ ဒါကြောင့်​ ယုံကြည်ခြင်း ခိုင်ခံ့​လာပြီး ဖြစ်နိုင်သရွေ့ ဗေသလ​မှာ အမှု​ဆောင်မယ်​ဆိုတဲ့ ဆုံးဖြတ်ချက် ခိုင်မာ​လာတယ်။ ဂျယ်ရီ​ကတော့ ၁၉၄၉ မှာ ဗေသလ​ကထွက်၊ ပက်ထရစ်ရှာနဲ့ လက်ထပ်​ပြီး ဘရွတ်ကလင်​နား​မှာ အခြေချတယ်။ ဗေသလ​ရောက်​စ​နှစ်တွေမှာ သူတို့ ကျွန်တော့်ကို အားပေး​ကူညီ​ကြတယ်။

ဗေသလ​ရောက်​ပြီး မကြာခင်မှာ ဗေသလ​ဧည့်ဟောပြောသူ ညီအစ်ကို​စာရင်းကို ထပ်​တိုး​ဖို့ စီစဉ်​ကြတယ်။ စာရင်း​မှာပါတဲ့ ညီအစ်ကို​တွေဟာ ဘရွတ်ကလင်​ကနေ မိုင် ၂၀၀​ လောက်​ဝေး​တဲ့ အသင်း​တော်တွေဆီ သွားပြီး လူထု​ဟောပြောချက် ပေး​ရတယ်။ အမှု​ဆောင်မှာ ပါဝင်​ရတယ်။ စာရင်း​ထဲမှာ ကျွန်တော်​လည်း ပါတယ်။ တစ်နာရီ​ကြာ လူထု​ဟောပြောချက်ကို ဦးဆုံး​အကြိမ် ကြောက်​ကြောက်​နဲ့ ဟောခဲ့​ရတယ်။ အသင်း​တော်တွေကို ရထား​နဲ့ သွား​နေ​ကျ။ တစ်ခေါက်၊ ၁၉၅၄၊ တနင်္ဂနွေ​နေ့ မွန်းလွဲပိုင်း​မှာ ရထား​စီး​ပြီး နယူးယောက်ကို ပြန်လာတယ်။ ဗေသလ​ကို ညနေ​စောစော ပြန်ရောက်​ဖို့​ပဲ။ ဒါပေမဲ့​ ဆောင်းတွင်း​ဆိုတော့ နှင်း​မုန်တိုင်း ကျ​ပြီး လျှပ်စစ်​ရထား စက်​ရပ်​သွားတယ်။ တနင်္လာ​နေ့ မနက် ၅ နာရီ​မှ နယူးယောက်​ဘူတာ​ကို ရောက်တယ်။ အဲဒီ​ကနေ ဘရွတ်ကလင်​ကို မြေအောက်​ရထား စီး​ပြီး ပြန်လာတယ်။ စား​ဖို​ဆောင်​ကို တန်း​သွားပြီး အလုပ်ဝင်​ရတယ်။ နည်းနည်း နောက်ကျ​ပြီး တစ်ညလုံး မအိပ်​ရလို့ မော​နေပေမဲ့ ညီအစ်ကို/မ​တွေ၊ လူသစ်တွေ​နဲ့ ဆုံခဲ့​ရလို့ ပျော်​ပါတယ်။

WBBR အသံလွှင့်ရုံ​မှာ အသံလွှင့်​ဖို့ ပြင်ဆင်​နေ

ဗေသလ​ကို ရောက်ခါစ​နှစ်တွေမှာ ရေဒီယို​အသံလွှင့်ရုံ WBBR မှာ ပါဝင်ဖို့ ဖိတ်ခေါ်​ခံရတယ်။ အဲဒီ​တုန်းက အမှတ် ၁၂၄၊ ကိုလံဘီယာ​ဟိုက် ဒုတိယ​ထပ်​မှာ ရှိတယ်။ အပတ်စဉ် ထုတ်လွှင့်​တဲ့ ကျမ်းစာ​လေ့လာမှု အစီ​အစဉ်မှာ ဇာတ်ကောင်​တစ်ယောက် နေရာ​ကနေ ပါဝင်​ရတယ်။ သက်တမ်းရင့် ဗေသလ​အိမ်သား ညီအစ်ကို အေအိတ်ခ်ျ မက်မီလန်က အစီ​အစဉ်မှာ ပုံမှန်​ပါဝင်​တယ်။ ညီအစ်ကို​မက်ဟာ ခံနိုင်ရည်ရှိရှိ ဘုရား​အမှု​ဆောင်​ရာ​မှာ ဗေသလ​လူငယ်တွေ​အတွက်​ ပုံသက်သေကောင်း​ပါပဲ။

အမှု​ဆောင်မှာ ဝေ​တဲ့ WBBR လက်ကမ်း​စာစောင်

၁၉၅၈ မှာ ဂိလဒ်​ကျောင်းဆင်း​တွေ​နဲ့​ဆက်စပ်​တဲ့ တာဝန်​ ရခဲ့တယ်။ ကျောင်းဆင်း​တွေ​အတွက်​ ဗီဇာ​နဲ့ ခရီးစဉ်​တွေကို စီစဉ်​ပေး​ရတယ်။ အဲဒီ​တုန်းက လေကြောင်း​ခရီးစဉ်​တွေ စျေးကြီးလွန်းလို့ အာဖရိက​နဲ့ အာရှ​ကို သွားမယ့် ကျောင်းဆင်း​အများစုဟာ သင်္ဘော​နဲ့ သွားရတယ်။ နောက်ပိုင်း လေကြောင်း​ခရီးစ​ရိတ် သက်သာ​လာတော့ သာသနာပြု​အများစု လေယာဉ်​နဲ့ သွားကြတယ်။

ဂိလဒ်​ကျောင်းဆင်းပွဲ မတိုင်ခင် ကျောင်းဆင်း​လက်မှတ်​တွေ ပြင်ဆင်​နေ

အစည်းအဝေး​ကြီး ခရီးစဉ်​များ

၁၉၆၁ အပြည်ပြည်ဆိုင်ရာ အစည်းအဝေး​ကြီး​တွေ​အတွက်​ အမေရိကန်​ကနေ ဥရောပ လေကြောင်း​ခရီးစဉ်​တွေကို ၁၉၆၀ မှာ စီစဉ်​ပေး​ရတယ်။ နယူးယောက်​ကနေ ဂျာမနီ၊ ဟမ်ဘာ့ဂ်ကို လေယာဉ်​စီး​ပြီး ကျွန်တော်​ သွား​တက်တယ်။ အစည်းအဝေး​ကြီး​ပြီးတော့ ဗေသလ ညီအစ်ကို သုံးဦး​နဲ့​အတူ​ ဂျာမနီ​ကနေ အီတလီ​ကို ကား​ငှား​သွားပြီး ရောမ​ဌာနခွဲ​ကို သွားလည်​ကြတယ်။ အဲဒီ​ကနေ ပြင်သစ်​ ပေရနီဇ်​တောင်တန်းကို သွားလည်တယ်။ လုပ်ငန်း​ပိတ်ပင်​ထားတဲ့ စပိန်​ကိုလည်း ရောက်ခဲ့တယ်။ စာပေ​တချို့​ကို လက်ဆောင်​ပုံစံ ထုပ်​ပြီး ဘာစီလိုနာ​က ညီအစ်ကိုတွေကို ပေးခဲ့​တယ်။ သူတို့နဲ့ တွေ့ရတာ စိတ်လှုပ်ရှားစရာ​ပဲ။ အဲဒီ​နောက် အမ်စတာဒမ်​မြို့ကနေ နယူးယောက်ကို လေယာဉ်​စီး​ပြီး ပြန်လာတယ်။

၁၉၆၂ မှာ အပြည်ပြည်ဆိုင်ရာ အစည်းအဝေး​ကြီး​တွေ တက်မယ့် ကိုယ်စားလှယ် ၅၈၃ ယောက်​အတွက်​ သွားလာ​ရေး စီစဉ်​ပေး​ရတယ်။ အဲဒါ​ကတော့ ၁၉၆၃၊ “ထာဝရ​သတင်းကောင်း” အစည်းအဝေး​ပဲ။ ကိုယ်စားလှယ်​တွေဟာ ဥရောပ၊ အာရှ၊ တောင်ပစိဖိတ်၊ ဟာဝိုင်ယီကျွန်း ဟို​နို​လူ​လူ​မြို့​နဲ့ ကယ်လီ​ဖိုးနီးယား​ပြည်နယ် ပါစာဒီနာ​မြို့တွေမှာ တက်​ကြ​မှာ။ ကျမ်းစာ​နယ်မြေ လည်ပတ်မှု​အတွက်​ လက်ဘနွန်နဲ့ ဂျော်ဒန်​ကိုလည်း ဝင်​ကြ​မှာ။ ကျွန်တော်​တို့​ဌာန​က လေယာဉ်​လက်မှတ်၊ ဟိုတယ်​အပြင် ဗီဇာ​တွေ စီစဉ်​ပေး​ရတယ်။

ခရီးသွားဖော်​အသစ်

၁၉၆၃ ခုနှစ် ထူးခြား​ရတဲ့ နောက်​အကြောင်း​ရင်း ရှိသေးတယ်။ ကျွန်တော့်​ထက် သုံးနှစ်​စော​ပြီး ဗေသလ​ကို ရောက်နေတဲ့ လီလာ ရိုဂျာနဲ့ ဇွန် ၂၉ မှာ လက်ထပ်​လိုက်တယ်။ သူဟာ မစ်ဆူရီ​ပြည်နယ်ကပါ။ လက်ထပ်​ပြီး တစ်ပတ်​မှာ ကမ္ဘာလုံး​ကျွတ် ခရီးစဉ် သွားရတယ်။ ဂရိ၊ အီဂျစ်၊ လက်ဘနွန်တို့ကို ရောက်ခဲ့တယ်။ ဘေရွတ်​မြို့ကနေ ဂျော်ဒန်​ကို သွားတယ်။ အဲဒီ​မှာ လုပ်ငန်း ပိတ်ပင်​ထားပြီး ယေဟော​ဝါ​သက်သေတွေကို ပြည်ဝင်ခွင့် မပေး​လို့ ကိုယ့်​အလှည့်​မှာ ဘာဖြစ်မလဲလို့ တွေးမိတယ်။ ဒါပေမဲ့​ လေဆိပ်လည်း ရောက်​ရော လူအုပ်​က “ယေဟော​ဝါ​သက်သေတွေကို ကြိုဆို​ပါတယ်” ဆိုတဲ့ စာတန်း​ကိုင်ပြီး စောင့်​နေတာ တွေ့ရလို့ အံ့ဩ​ဝမ်းသာ​သွားတယ်။ ကျမ်းစာ​နယ်မြေ​ကို လည်ပတ်​ပြီး ရှေးခေတ်​ဘိုးဘေး​တွေ နေခဲ့​တဲ့ နေရာ၊ ယေရှု​နဲ့ တမန်တော်တွေ ဟောခဲ့​တဲ့ နေရာ၊ ခရစ်ယာန်​ဘာသာ​ အစပြုခဲ့တဲ့ နေရာတွေကို တွေ့ရတယ်။—တ. ၁၃:၄၇

လီလာဟာ ၅၅ နှစ်လုံး ကျွန်တော့်ကို သစ္စာရှိ​ရှိ ထောက်မ​ပေး​တယ်။ လုပ်ငန်း​ပိတ်ပင်​ထားတဲ့ စပိန်၊ ပေါ်တူဂီ​ကို အကြိမ်ကြိမ် လည်ပတ်ခွင့် ရတယ်။ မိတ်ဆွေတွေကို အားပေး​နိုင်ပြီး စာပေ​တွေ၊ လိုအပ်တာတွေကို သယ်သွား​ပေး​နိုင်ခဲ့တယ်။ စပိန်​နိုင်ငံ၊ ကာဒစ်မှာ ထောင်ကျ​နေတဲ့ ညီအစ်ကို​တွေ​ဆီ​တောင် သွားလည်​နိုင်ခဲ့တယ်။ အားရှိစရာ ဟောပြောချက် ပေးနိုင်​ခဲ့လို့ ပျော်​လိုက်တာ။

ပက်ထရစ်​ရှာ၊ ဂျယ်ရီ မိုလိုဟန်​တို့နဲ့​အတူ​ ၁၉၆၉ ခုနှစ် “မြေကြီးပေါ် ငြိမ်သက်ခြင်း” အစည်းအဝေး​ကြီး​ကို သွားစဉ်

၁၉၆၃ က​စပြီး အာဖရိက၊ ဩစတြေးလျ၊ ဗဟို​နဲ့ တောင်အမေရိက၊ ဥရောပ၊ အာရှ၊ ဟာဝိုင်ယီ၊ န​ယူးဇီ​လန်၊ ပွာတိုရီကို အပြည်ပြည်ဆိုင်ရာ အစည်းအဝေး​ကြီး ခရီးစဉ်​တွေ​အတွက်​ စီစဉ်ခွင့်​ရတယ်။ လီလာနဲ့ ကျွန်တော်​ဟာ ၁၉၈၉၊ ပိုလန်​နိုင်ငံ၊ ဝါဆော​မြို့​အပါအဝင် အစည်းအဝေး​ကြီး​များစွာ တက်ခွင့်​ရခဲ့တယ်။ အဲဒီ​အစည်းအဝေး​ကို ရုရှား​က ညီအစ်ကို​များစွာ လာကြတယ်။ သူတို့​အတွက်​ ဦးဆုံး​အကြိမ်​ပါပဲ။ အများစုဟာ ယုံကြည်ချက်​ကြောင့် ဆိုဗီယက် အကျဉ်းထောင်​တွေ​မှာ နှစ်ပေါင်းများစွာ အကျဉ်း​ကျ​ခဲ့​သူတွေ​ဖြစ်တယ်။

ကမ္ဘာ​တစ်ဝန်း​က ဌာနခွဲ​တွေကို လည်ပတ်​ပြီး ဗေသလ​မိသား​စုဝင်​တွေ၊ သာသနာပြုတွေကို အားပေး​ရတာ အခွင့်ထူးပါပဲ။ နောက်ဆုံး​လည်ပတ်​ခဲ့​တဲ့ ဌာနခွဲ​ကတော့ တောင်ကိုရီးယားပါ။ စူဝမ်​မြို့မှာ ထောင်ကျ​နေတဲ့ ညီအစ်ကို ၅၀ နဲ့ တွေ့ခဲ့​ရတယ်။ အားလုံး အပြုသဘော​ရှိပြီး အမှု​ဆောင်​လုပ်ငန်းမှာ ပြန်​ပါဝင်ဖို့ စောင့်မျှော်နေ​ကြတယ်။ သူတို့နဲ့ ဆုံရတာ အားရှိစရာ​ပဲ။—ရော. ၁:၁၁၊ ၁၂

တိုးတက်မှု​က ပျော်ရွှင်​စေ

နှစ်တွေ​တစ်လျှောက် လူမျိုးတော်ကို ယေဟော​ဝါ ကောင်းချီး​ပေး​ပုံကို မြင်ခဲ့​ရတယ်။ ကျွန်တော်​ နှစ်ခြင်းခံတဲ့ ၁၉၄၃ မှာ ကြေညာသူ ၁၀၀,၀၀၀ လောက်​ပဲ ရှိပေမဲ့ အခု နိုင်ငံ​ပေါင်း ၂၄၀ မှာ ယေဟော​ဝါ​သက်သေ ရှစ်​သန်း​ကျော် ရှိနေပြီ။ ဒီလို​တိုးတက်မှုမှာ ဂိလဒ်​ကျောင်းဆင်း​တွေရဲ့ လုပ်အား​ များစွာ ပါဝင်​တယ်။ သာသနာပြု​များစွာနဲ့ အနီးကပ်​လုပ်ဆောင်ခွင့်၊ တာဝန်ကျ​နိုင်ငံ​ကို သွား​နိုင်ဖို့ ကူညီ​ပေး​ခွင့်​ရလို့ သိပ်​ပျော်​တယ်။

လူငယ်​ဘဝ​တုန်း​က ဗေသလ​လျှောက်လွှာတင်​ဖို့ ဆုံးဖြတ်​ခဲ့​တာ သိပ်​မှန်တယ်။ ယေဟော​ဝါ ကြွယ်ဝ​စွာ ကောင်းချီး​ပေး​တယ်။ ဗေသလ​မှာ အမှု​ဆောင်ခွင့်​အပြင် ဘရွတ်ကလင် အသင်း​တော်​တွေ​နဲ့ ပူးပေါင်းပြီး မိတ်ဆွေစစ်​တွေ ရခဲ့လို့ ပျော်​လိုက်တာ။

လီလာရဲ့ ထောက်မမှု​နဲ့ ဆ​က်​အမှု​ဆောင်​နေ​ပါတယ်။ အခု အသက် ၈၄ နှစ် ရှိပေမဲ့ ဌာနခွဲ စာပေးစာယူ​လုပ်ငန်းမှာ ပါဝင်ခွင့်​ရ​နေတုန်းပါပဲ။

ယနေ့ လီလာနဲ့​အတူ

ယေဟော​ဝါရဲ့ အဖွဲ့အစည်း​မှာ ပါဝင်ခွင့်​ရတာ၊ “ဖြောင့်မတ်သူနဲ့ ဆိုးညစ်သူ၊ ဘုရား​အမှု​ဆောင်သူ​နဲ့ ဘုရား​အမှု​ မဆောင်​သူရဲ့ ကွာခြားချက်ကို မင်းတို့ မြင်ရဦးမယ်” ဆိုတဲ့ မာလခိ ၃:၁၈ ပြည့်စုံ​နေတာကို မြင်ခွင့်​ရတာ ကောင်းချီးပါပဲ။ နေ့တိုင်း စာတန့်​စနစ် ပို​ဆိုး​လာပြီး လူတွေ မျှော်လင့်ချက်​မဲ့၊ စိတ်ပျက်​နေ​ကြတယ်။ ဒါပေမဲ့​ ယေဟော​ဝါရဲ့ လူမျိုး​ကတော့ ခက်ခဲ​ကျပ်တည်း​တဲ့​ကာလမှာ​တောင် ပျော်ရွှင်​ပြီး အနာဂတ်​မျှော်လင့်ချက် ရှိ​ကြတယ်။ သတင်းကောင်း ဟောပြောခွင့်လည်း ရထား​ကြတယ်။ (မ. ၂၄:၁၄) မကြာခင် ဘုရား​နိုင်ငံတော်​က ဒီ​စနစ်ဆိုး​ကို ဖျက်ဆီး​ပြီး ကမ္ဘာသစ်​ကောင်းချီးတွေ ယူဆောင်​လာ​ပါတော့မယ်။ အဲဒီ​နေ့ကို ကျွန်တော်​တို့ စောင့်မျှော်နေ​ကြတယ်။ အဲဒီ​အချိန်​ကျရင် ယောက်​တိုင်း ကျန်းမာ​ပျော်ရွှင်စွာ ထာဝစဉ် အသက်ရှင်​ကြ​ရပါလိမ့်မယ်။