မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခေါင်းဆောင် ခရစ်တော်ကို ယုံကြည်စိတ်ချပါ

ခေါင်းဆောင် ခရစ်တော်ကို ယုံကြည်စိတ်ချပါ

“ခင်ဗျား​တို့​မှာ ခရစ်တော်​ဆိုတဲ့ ခေါင်းဆောင် တစ်ယောက်ပဲ ရှိတယ်။”—မ. ၂၃:၁၀

သီချင်း​– ၁၆၊ ၁၄

၁၊ ၂။ မောရှေ သေဆုံး​ပြီးနောက် ဘယ်​အပြောင်းအလဲ​တွေကို ယောရှု ရင်ဆိုင်​ရသလဲ။

“ငါ့​ကျွန်​မောရှေ သေဆုံး​သွားပြီ။ ဒါကြောင့်​ မင်း​က အစ္စရေးလူမျိုးနဲ့​အတူ​ ဂျော်ဒန်​မြစ်ကို ဖြတ်ကူး​ပြီး ငါ​ပေးမယ့်​ပြည်​ထဲ ဝင်​ဖို့ အသင့်ပြင်ပါ” ဆိုပြီး ယောရှု​ကို ယေဟော​ဝါ မိန့်မှာတယ်။ (ယောရှု ၁:၁၊ ၂) နှစ်ပေါင်း ၄၀ နီးပါး မောရှေ​ရဲ့ နောက်လိုက်​လုပ်ခဲ့တဲ့ ယောရှု​အတွက်​ အပြောင်းအလဲ​ကြီး​ပါပဲ။

အစ္စရေးတွေကို မောရှေ နှစ်ပေါင်းများစွာ ဦးဆောင်ခဲ့​တယ်။ အခုတော့ ယောရှု ဦးဆောင်​ရတော့မယ်။ လူတွေ ဘယ်လို တုံ့ပြန်မလဲလို့ ယောရှု တွေးမိမှာပဲ။ (တရား. ၃၄:၈၊ ၁၀-၁၂) စာအုပ်​တစ်အုပ်​က ယောရှု ၁:၁၊ ၂ ကို ရည်ညွှန်း​ပြီး “ခေါင်းဆောင် အကူးအပြောင်း​ကာလဟာ နိုင်ငံရဲ့ တည်ငြိမ်​အေးချမ်းမှု​အတွက်​ အစိုး​ရိမ်​ရ​ဆုံး​ကာလ​ပါပဲ” လို့​ပြော​တယ်။

၃၊ ၄။ ယောရှုရဲ့ ယုံကြည်​ကိုးစားမှု​ကို ဘုရား​သခင်​ ဘယ်လို ကောင်းချီး​ပေး​သလဲ။ ကျွန်တော်​တို့ ဘယ်လို တွေးမိ​နိုင်သလဲ။

ယောရှု စိုးရိမ်ပေမဲ့ ယေဟော​ဝါကို ယုံကြည်​ကိုးစားပြီး လမ်းညွှန်ချက်တွေကို ချက်ချင်း လိုက်နာခဲ့တယ်။ (ယောရှု ၁:၉-၁၁) ဒါကြောင့်​ ယေဟော​ဝါ ကောင်းချီး​ပေးပြီး ကောင်းကင်​တမန်​က​တစ်ဆင့် ယောရှုနဲ့ အစ္စရေးတွေကို ဦးဆောင်ခဲ့​တယ်။ အဲဒီ​ကောင်းကင်​တမန်​ကတော့ ဘုရား​သားဦး နှုတ်​ကပတ်​တော် ဖြစ်နိုင်တယ်။—ထွ. ၂၃:၂၀-၂၃။ ယော. ၁:၁

ယေဟော​ဝါရဲ့ ကူညီ​မှုကြောင့် အစ္စရေး​တွေဟာ ခေါင်းဆောင် အပြောင်းအလဲ​ကာလ​ကို အောင်မြင်​စွာ ကျော်ဖြတ်​နိုင်ခဲ့တယ်။ ကျွန်တော်​တို့လည်း အပြောင်းအလဲ​ကာလမှာ အသက်ရှင်နေ​ရတယ်။ ‘အရှိန်အဟုန်​နဲ့ တိုးတက်​နေတဲ့ ဘုရား​အဖွဲ့အစည်း​မှာ ခန့်အပ်ခံ ခေါင်းဆောင် ယေရှု​ကို ယုံကြည်​စိတ်ချ​သင့်တဲ့ အကြောင်း​ရင်း​တွေ ရှိသလား’ လို့ တွေးမိ​နိုင်တယ်။ (မဿဲ ၂၃:၁၀ ကိုဖတ်ပါ။) အတိတ်​ခေတ် အပြောင်းအလဲ​ကာလတွေမှာ ယေဟော​ဝါ ဘယ်လို ဦးဆောင်ခဲ့​ကြောင်း သုံးသပ်ကြည့်​ကြစို့။

ဘုရား​လူမျိုးကို ခါနန်ပြည်​ထဲ ဦးဆောင်​ခေါ်​ခြင်း

၅။ ယေရိခေါမြို့​နား​မှာ ယောရှု ဘာ​ကြုံခဲ့​သလဲ။ (ဆောင်းပါး​အစမှာ​ပါတဲ့ ပုံကို ကြည့်ပါ။)

ဂျော်ဒန်​မြစ်ကို ဖြတ်​ပြီး မကြာခင်မှာ မမျှော်လင့်တဲ့​ဖြစ်ရပ်ကို ယောရှု ကြုံရတယ်။ ယေရိခေါမြို့​နား​မှာ ဓား​ကိုင်ထား​သူ​တစ်ယောက်နဲ့ ဆုံတယ်။ ဘယ်သူ​မှန်း မသိ​လို့ “ခင်ဗျား​က ကျွန်တော်​တို့​ဘက်ကလား၊ ရန်သူ့ဘက်​က​လား” လို့​မေးတဲ့အခါ​ ဘုရား​လူမျိုးကို ကာကွယ်​ပေးမယ့် “ယေဟော​ဝါရဲ့ ဗိုလ်ချုပ်” ဖြစ်မှန်း သိလိုက်​ရတယ်။ (ယောရှု ၅:၁၃-၁၅ ကိုဖတ်ပါ။) တခြား​မှတ်တမ်းတွေ​မှာ ယောရှု​ကို ယေဟော​ဝါ တိုက်ရိုက်​စကား​ပြော​တယ်​လို့ ရေးထားပေမဲ့ အရင်တုန်းက​လို​ပဲ ကောင်းကင်​တမန်​က​တစ်ဆင့် ပြော​နေတာ။—ထွ. ၃:၂-၄။ ယောရှု ၄:၁၊ ၁၅။ ၅:၂၊ ၉။ တ. ၇:၃၈။ ဂ​လ. ၃:၁၉

၆-၈။ (က) ယေဟော​ဝါရဲ့ လမ်းညွှန်ချက်​တချို့​က ဘာကြောင့် အဓိပ္ပာယ်​မရှိ​ပုံ​ပေါက်​နိုင်သလဲ။ (ခ) လမ်းညွှန်ချက်တွေ​က ပညာရှိ​ပြီး အချိန်​ကိုက်​ဖြစ်ကြောင်း ဘယ်လို သိရသလဲ။ (အောက်ခြေမှတ်ချက်​ကိုလည်း ကြည့်ပါ။)

ယေရိခေါ​မြို့ကို ဘယ်လို သိမ်း​ရမယ်ဆိုတာ ယောရှု​ကို ကောင်းကင်​တမန် အတိအကျ ညွှန်ကြားတယ်။ အစပိုင်းမှာ ညွှန်ကြားချက်​တချို့​က လက်တွေ့​မကျ​ဘူးလို့ ထင်​ရနိုင်တယ်။ ဥပမာ၊ ယော​က်ျား​အားလုံးကို အရေဖျားဖြတ်​ခိုင်းတဲ့​အတွက်​ အနာ​ကြောင့် ရက်​အတော်ကြာ တိုက်ပွဲ​ဝင်နိုင်​မှာ မဟုတ်​ဘူး။ ဒီ​အချိန်​ဟာ တကယ်ပဲ အရေဖျားဖြတ်​သင့်တဲ့​အချိန်​လား။—က. ၃၄:၂၄၊ ၂၅။ ယောရှု ၅:၂၊ ၈

‘ရန်သူတွေ လာ​တိုက်​ရင် မိသား​စုကို ဘယ်လို ကာကွယ်​မလဲ’ လို့ စစ်သားတွေ တွေးမိမှာပဲ။ အဲဒီ​အချိန်​မှာ  မျှော်လင့်မထားတာ  ဖြစ်လာတယ်။​ ယေရိခေါ​မြို့​သားတွေ​က လာ​တိုက်မယ့်​အစား “အစ္စ​ရေး​တွေ​ကို ကြောက်လို့ မြို့တံခါး​ကို လုံလုံခြုံခြုံ ပိတ်ထား​တယ်။” (ယောရှု ၆:၁) မမျှော်လင့်တဲ့ ဒီအပြောင်း​အလဲ​ကြောင့် ဘုရား​လမ်းညွှန်ချက်တွေကို ပို​ယုံကြည်​စိတ်ချ​လာကြတယ်။

ယေရိခေါ​မြို့ကို တိုက်ခိုက်မယ့်​အစား မြို့ကို တစ်ရက်​ တစ်ကြိမ်၊ ခြောက်ရက် လှည့်ပတ်​ချီတက်​ဖို့၊​ ခုနစ်​ရက်​မြောက်​နေ့မှာ​တော့ ခုနစ်ကြိမ် လှည့်ပတ်​ချီတက်​ဖို့ မိန့်မှာတယ်။ ‘အချိန်​ကုန်၊ လူ​ပန်း​ရုံ​ပဲ ရှိမယ်’ လို့ စစ်သား​တချို့​ တွေးမိမှာပဲ။ ဒါပေမဲ့​ အစ္စရေး​တို့ရဲ့ မျက်မြင်​မရ ခေါင်းဆောင် ယေဟော​ဝါ​ကတော့ ကိုယ်​ဘာ​လုပ်နေတယ်​ဆိုတာ ကောင်းကောင်း သိတယ်။ သူ့ရဲ့​လမ်းညွှန်ချက်တွေကို လိုက်ရင် အစ္စရေးတွေရဲ့ ယုံကြည်​ခြင်း ခိုင်ခံ့​လာမယ့်​အပြင် ရန်သူတွေကိုလည်း တိုက်ခိုက်​ဖို့ လို​မှာ မဟုတ်​ဘူး။—ယောရှု ၆:၂-၅။ ဟီ. ၁၁:၃၀ *

၉။ ဘုရား​အဖွဲ့အစည်း​က​လာတဲ့ လမ်းညွှန်ချက်တွေကို ဘာကြောင့် လိုက်နာသင့်​သလဲ။ ဥပမာ​ပေးပါ။

ဒီ​မှတ်တမ်းကနေ ဘာသင်ယူနိုင်သလဲ။ အဖွဲ့အစည်းရဲ့ လုပ်ဆောင်မှု​တချို့​ကို အပြည့်အဝ နားမလည်​တဲ့အခါ​တွေ ရှိ​နိုင်တယ်။ ဥပမာ၊ ကိုယ်ပိုင်လေ့လာမှု၊ အမှု​ဆောင်​လုပ်ငန်း၊ အစည်းအဝေး​တွေမှာ အီလက်ထရောနစ် ပစ္စည်း​တွေ သုံးတာ​ကို အစပိုင်းမှာ သိပ်​မကြိုက်တာ ဖြစ်နိုင်တယ်။ အခုတော့ အကျိုးကျေးဇူးတွေကို သိလာ​ပါပြီ။ ဒီလို​အပြောင်းအလဲ​တွေရဲ့ အကျိုး​ရလဒ်​တွေကို မြင်တဲ့အခါ​ ယုံကြည်ခြင်း၊ စည်းလုံးမှု တိုးများ​လာတယ်။

ပထမ​ရာစုမှာ ခရစ်တော်ရဲ့ ဦးဆောင်မှု

၁၀။ အရေဖျားဖြတ်​ခြင်း​ကိစ္စ ပေါ်လာတဲ့​အခါ​ ကိစ္စရပ်​တွေကို ဘယ်သူ လမ်းညွှန်​ပေး​သလဲ။

၁၀ ကော်နေလိ ခရစ်ယာန်​ဖြစ်လာပြီး ၁၃ နှစ်လောက်​အကြာမှာ ဂျူး​တချို့​က အရေဖျားဖြတ်​ခြင်း​ကို အလေးပေး​နေကြတုန်းပဲ။ (တ. ၁၅:၁၊ ၂) ဒီ​ကိစ္စ​ကို အန္တိအုတ်​မြို့မှာ အငြင်းပွား​တဲ့အခါ​ ဂျေရု​ဆလင်​မှာ​ရှိတဲ့ အုပ်ချုပ်ရေးအဖွဲ့​ဆီ ပေါလု​ သွား​မေးမြန်း​ဖို့ စီစဉ်​ပေး​ကြတယ်။ ဒီ​လမ်းညွှန်ချက်ရဲ့ နောက်ကွယ်မှာ ဘယ်သူ​ရှိနေသလဲ။ “ဗျာဒိတ်တော်​ရလို့ ကျွန်တော်​သွားတာပါ” လို့ ပေါလု​ ပြော​တယ်။ အငြင်းပွားမှု​ကို အုပ်ချုပ်ရေးအဖွဲ့ ဖြေရှင်း​နိုင်ဖို့ ခရစ်တော် လမ်းညွှန်​နေတာ ထင်ရှား​ပါတယ်။—ဂလ.​ ၂:၁-၃

ပထမ​ရာစုမှာ ခရစ်တော်ရဲ့ ဦးဆောင်မှု ထင်ရှား​ (အပိုဒ် ၁၀၊ ၁၁ ကို​ကြည့်ပါ)

၁၁။ (က) အရေဖျားဖြတ်​စ​ရာ မလိုဘူးလို့ ဆုံးဖြတ်​ပြီးတာတောင် ဂျူး​ခရစ်ယာန်​တွေ ဘာဆက်​လုပ်ကြ​သလဲ။ (ခ) ဂျေရု​ဆလင်​မြို့​က အကြီးအကဲ​တွေကို ပေါလု​ ဘယ်လိုနည်းနဲ့ ထောက်မ​သလဲ။ (အောက်ခြေမှတ်ချက်​ကိုလည်း ကြည့်ပါ။)

၁၁ အုပ်ချုပ်ရေး​အဖွဲ့ဟာ ဂျူး​မဟုတ်​တဲ့ ခရစ်ယာန်​တွေ အရေဖျားဖြတ်​စ​ရာ​မလိုဘူးလို့ ခရစ်တော်ရဲ့ လမ်းညွှန်ချက်​အရ ဆုံးဖြတ်​ခဲ့​တယ်။ (တ. ၁၅:၁၉၊ ၂၀) ဒီလို​ဆုံးဖြတ်ပြီး နှစ်​နဲ့​ချီ​ကြာ​တာ​တောင် ဂျူး​ခရစ်ယာန်များ​စွာ​က ကလေးတွေကို အရေဖျားဖြတ်​ပေးနေ​တုန်း​ပဲ။ ဂျေရု​ဆလင်​မြို့​က အကြီးအကဲ​တွေဟာ ပေါလု​ မောရှေ​ပညတ်ကို မလိုက်နာ​ဘူးဆိုတဲ့ ကော​လာ​ဟ​လ ကြားတဲ့​အခါ​ မမျှော်လင့်​ထားတာ​တစ်ခု လုပ်ဖို့ ညွှန်ကြားတယ်။ * (တ. ၂၁:၂၀-၂၆) “ပညတ်တရားကို လိုက်နာ​မှန်း” လူတွေ သိအောင် လူ​လေးယောက်ကို ဗိမာန်​တော်​ဆီ ခေါ်သွား​ခိုင်းတယ်။ တကယ့်​ပြဿနာ​က အရေဖျားဖြတ်​ခြင်း​အကြောင်း​ ကောင်းကောင်း​နားမလည်​တဲ့ ဂျူး​ခရစ်ယာန်​တွေ​ပဲ​ဆိုပြီး ပေါလု​ စောဒက​မ​တက်ခဲ့​ဘူး။ စည်းလုံးမှု တိုးများ​စေချင်တဲ့ အကြီးအကဲ​တွေ ပြောတဲ့​အတိုင်း နှိမ့်ချ​စွာ လုပ်ဆောင်ခြင်း​အားဖြင့် ထောက်မ​ခဲ့​တယ်။ ‘မိမိ​သေခြင်း​အားဖြင့် မောရှေ​ပညတ်ကို ပယ်ဖျက်​ပြီး နှစ်ပေါင်းများစွာ ကြာ​တာ​တောင် အရေဖျားဖြတ်​ခြင်း​ပြဿနာကို ယေရှု​ ဘာကြောင့် ခွင့်ပြု​ထားတာ​လဲ’ လို့ ကျွန်တော်​တို့ တွေးမိ​နိုင်တယ်။—ကော. ၂:၁၃၊ ၁၄

၁၂။ အရေဖျားဖြတ်​ခြင်း​ပြဿနာကို ယေရှု​ ဘာကြောင့် ဒီလောက်​ကြာကြာ ခွင့်ပြု​ထားတာ​လဲ။

၁၂ နားလည်မှု​အသစ်​ကို လက်ခံဖို့ ဂျူး​ခရစ်ယာန်​တချို့​အတွက်​ အချိန်​လိုခဲ့တယ်။ (ယော. ၁၆:၁၂) အရေဖျားဖြတ်​ခြင်း​ဟာ ဘုရား​နဲ့ အထူး​ဆက်ဆံရေး​ရှိကြောင်း ဖော်ပြတဲ့ လက္ခဏာ မဟုတ်​တော့​မှန်း လက်ခံဖို့ ခက်​နေ​ကြတယ်။ (က. ၁၇:၉-၁၂) တချို့​ကျတော့ နှိပ်စက်​ခံရမှာ ကြောက်​ပြီး ဂျူးတွေ​နဲ့ ကွဲပြား​စွာ မ​ရပ်တည်​ရဲ​ကြဘူး။ (ဂ​လ. ၆:၁၂) အချိန်​တန်​တဲ့အခါ​မှာ​တော့ ခရစ်တော်ဟာ ပေါလု​ရေး​တဲ့ ကျမ်းစောင်​တွေ​က​တစ်ဆင့် ထပ်ဆင့်​လမ်းညွှန်တယ်။—ရော. ၂:၂၈၊ ၂၉။ ဂ​လ. ၃:၂၃-၂၅

အသင်း​တော်ကို ခရစ်တော် ဦးဆောင်​နေဆဲ

၁၃။ ဒီနေ့ခေတ်​ ခရစ်တော်ရဲ့ ဦးဆောင်မှုကို လေးမြတ်​ဖို့ ဘာက ကူညီ​ပေးနိုင်​သလဲ။

၁၃ အဖွဲ့အစည်းရဲ့ အပြောင်းအလဲ​တချို့​ကို ကျွန်တော်​တို့ အပြည့်အဝ နားမလည်​တဲ့အခါ​ အရင်တုန်းက ခရစ်တော် ဦးဆောင်​ပုံကို ပြန်​စဉ်းစား​သင့်တယ်။ ယောရှု​ခေတ်မှာ​ဖြစ်စေ၊ ပထမ​ရာစု​ခေတ်မှာ​ဖြစ်စေ ခရစ်တော်ဟာ ဘုရား​လူမျိုးကို ကာကွယ်ဖို့၊ ယုံကြည်ခြင်း ခိုင်ခံ့​စေဖို့၊ စည်းလုံး​နေ​စေဖို့ လမ်းညွှန်ချက်တွေ အမြဲ​ပေးခဲ့​တယ်။—ဟီ. ၁၃:၈

၁၄-၁၆။ “သစ္စာနဲ့ သတိ​ပညာ​ရှိတဲ့ ကျွန်” ဆီကရတဲ့ လမ်းညွှန်ချက်တွေ​က ကျွန်တော်​တို့ရဲ့​အကျိုးကို ခရစ်တော် ဂရုစိုက်​ကြောင်း ဘယ်လို ဖော်ပြသလဲ။

၁၄ “သစ္စာနဲ့ သတိ​ပညာ​ရှိတဲ့ ကျွန်” က​တစ်ဆင့် အချိန်​တန် လမ်းညွှန်ချက်တွေ ပေးနေ​တာ​က ကျွန်တော်​တို့ရဲ့​အကျိုးကို ယေရှု​ မေတ္တာပါပါ ဂရုစိုက်​နေ​ကြောင်း ဖော်ပြတယ်။ (မ. ၂၄:၄၅) သားသမီး​လေးယောက်​ရှိတဲ့ မာ့ခ်​က “အသင်း​တော် အားနည်း​အောင် မိသား​စု​တွေကို စာတန်​ တိုက်ခိုက်​နေ​တယ်။ မိသား​စု​ဝတ်ပြုမှု​ ပတ်စဉ်​လုပ်ပါ​ဆိုတဲ့ အားပေးချက်​က မိသား​စုကို ကာကွယ်​စောင့်ရှောက်​ဖို့ အိမ်ထောင်ဦးစီး​တွေကို သတိပေး​လိုက်တာပဲ” လို့​ပြော​တယ်။

၁၅ ခရစ်တော်ရဲ့ ဦးဆောင်​ပုံ​က ကျွန်တော်​တို့ကို ယုံကြည်​ခြင်း ခိုင်ခံ့​စေ​ချင်​ကြောင်း နားလည်​စေတယ်။ “စ​နေ၊ တနင်္ဂနွေ​နေ့တွေမှာ လယ်ကွင်း​စုဆုံမှု​အတွက်​ အုပ်စု​လေး​တွေ ခွဲ​လိုက်တာ​ကို အစပိုင်းမှာ တချို့​ မကြိုက်ကြဘူး” လို့ အကြီးအကဲ ပက်ထရစ် ပြော​တယ်။ ဒါပေမဲ့​ ယောက်​တိုင်း​ကို ယေရှု​ စိတ်ဝင်စား​ကြောင်း ဒီအစီ​အစဉ်​က ဖော်ပြတယ်။ အခု​ဆို ရှက်တတ်တဲ့၊ အမှု​ဆောင်မှာ သိပ်​မပါဝင်​တဲ့ ညီအစ်ကို/မ​တွေဟာ တန်ဖိုး​ရှိတယ်၊ အသုံးဝင်တယ်​လို့ ခံစား​ရပြီး အမှု​ဆောင်မှာ ပို​ပါဝင်လာ​ကြတယ်။

၁၆ ကမ္ဘာပေါ်မှာ အရေး​ကြီးဆုံး​ဖြစ်တဲ့ ဟောပြောခြင်း​လုပ်ငန်းကို အာရုံစိုက်​နိုင်အောင်လည်း ခရစ်တော် ကူညီ​ပေးနေ​တယ်။ (မာကု ၁၃:၁၀ ကိုဖတ်ပါ။) အကြီးအကဲ​ဖြစ်​ခါ​စ အန်ဒရေ​ဟာ အဖွဲ့အစည်းရဲ့ အပြောင်းအလဲ​တွေကို အမြဲ အာရုံစိုက်​တယ်။ “ဌာနခွဲ​တွေ​မှာ လူလျှော့​လိုက်တာ​က လက်ရှိ​အချိန်​ရဲ့ အရေး​ကြီးမှုကို သိရှိ​စေပြီး ဟောပြောခြင်း​လုပ်ငန်းမှာ ပို​အာရုံစိုက်​ဖို့ ကူညီ​ပေး​တယ်” လို့ သူပြောတယ်။

ခရစ်တော်ရဲ့ လမ်းညွှန်ချက်ကို သစ္စာရှိ​ရှိ ထောက်ခံပါ

၁၇၊ ၁၈။ လက်ရှိ​အပြောင်းအလဲ​တွေ​နဲ့​အညီ အလိုက်သင့် လုပ်ဆောင်ခြင်း​ရဲ့ အကျိုးကျေးဇူး​ကို ဘာကြောင့် စဉ်းစား​သင့်သလဲ။

၁၇ နန်းထိုင်​ဘုရင်​ ယေရှု​ခရစ်ရဲ့ ဦးဆောင်မှု​က အခုရော၊ အနာဂတ်​မှာပါ အကျိုး​ပြုပါ​လိမ့်မယ်။ လက်ရှိ​အပြောင်း​အလဲ​တွေ​နဲ့​အညီ အလိုက်သင့် လုပ်ဆောင်ခြင်း​ရဲ့ အကျိုးကျေးဇူး​ကို အာရုံစိုက်ပါ။ ပတ်စဉ်​အစည်း​အဝေး​နဲ့ အမှု​ဆောင် အပြောင်းအလဲ​တွေ​ကနေ အကျိုး​ရ​ပုံကို မိသား​စု​ဝတ်ပြုမှု​မှာ ဆွေးနွေးပါ။

ယေဟော​ဝါရဲ့ အဖွဲ့အစည်း​နဲ့ အမီလိုက်​ဖို့ မိသား​စုနဲ့ တခြား​သူတွေကို သင် ကူညီ​နေ​သလား (အပိုဒ် ၁၇၊ ၁၈ ကို​ကြည့်ပါ)

၁၈ အဖွဲ့အစည်း​က​လာတဲ့  လမ်းညွှန်ချက်တွေကို လိုက်နာ​ခြင်းက အကျိုး​ဖြစ်ထွန်း​စေ​ကြောင်း အမှတ်​ရမယ်​ဆိုရင် ဝမ်းမြောက်​ဝမ်းသာ​ လိုက်နာ​ဖို့ လွယ်ကူ​ပါလိမ့်မယ်။ ဥပမာ၊ စာပေ​ပုံနှိပ်ခြင်း​ကို လျှော့ချ​ပြီး ခေတ်​သစ်​နည်းပညာ​တွေကို ပို​သုံး​ခြင်းက ငွေ​ချွေတာ​ရာ​ရောက်တဲ့​အပြင် သတင်းကောင်း ပို​ပျံ့နှံ့​စေတယ်။ ဒါကြောင့်​ အီလက်​ထရောနစ်​စာပေ​နဲ့ မီဒီယာ​ကဏ္ဍကို ပို​အသုံးပြုပါ။ ဒီ​နည်း​အားဖြင့် အဖွဲ့အစည်းရဲ့ ငွေကြေး​ဥစ္စာ​ကို အမြော်အမြင်​ရှိ​ရှိ သုံး​စေချင်တဲ့ ခရစ်တော်ကို ထောက်မ​နိုင်ပါတယ်။

၁၉။ ခရစ်တော်ရဲ့ လမ်းညွှန်ချက်ကို ဘာကြောင့် ထောက်မ​သင့်​သလဲ။

၁၉ ခရစ်တော်ရဲ့ လမ်းညွှန်ချက်ကို ထောက်မမယ်​ဆိုရင်​ တခြား​သူတွေရဲ့ ယုံကြည်ခြင်းကို ခိုင်ခံ့​စေပြီး ပို​စည်းလုံး​စေတယ်။ ကမ္ဘာ​တစ်ဝန်း ဗေသလအိမ်သား လျှော့ချ​တာ​နဲ့​ပတ်သက်ပြီး အန်ဒရေ​က “ဒီ​အပြောင်း​အလဲ​ကို လက်ခံခဲ့​တဲ့ ဗေသလ​အိမ်သား​တွေရဲ့ စိတ်ဓာတ်က​ ကျွန်တော့် ယုံကြည်​စိတ်ချမှု​နဲ့ လေးစား​မှုကို တိုးများ​စေတယ်။ ဘယ်​တာဝန်ကို​မဆို လက်ခံခြင်း​အားဖြင့် ယေဟော​ဝါရဲ့ ကောင်းကင်​ရထား​နဲ့ အမီလိုက်​နေ​ကြတယ်” လို့​ပြော​တယ်။

ခေါင်းဆောင်ကို ယုံကြည်​စိတ်ချပါ

၂၀၊ ၂၁။ (က) ခေါင်းဆောင် ခရစ်တော်ကို ဘာကြောင့် ယုံကြည်​စိတ်ချ​နိုင်သလဲ။ (ခ) နောက်​ဆောင်းပါး​မှာ ဘာ​အကြောင်း​ ဆွေးနွေးကြမလဲ။

၂၀ ခေါင်းဆောင် ယေရှု​ခရစ်ဟာ မကြာခင် “အပြီးသတ်​အောင်ပွဲခံ” ပြီး “အံ့ဩစရာ​တွေ လုပ်ဆောင်” ပါတော့မယ်။ (ဗျာ. ၆:၂။ ဆာ. ၄၅:၄) ထမြောက်​လာမယ့်​သူတွေကို သွန်သင်​ပြီး တစ်ကမ္ဘာလုံးကို ပရဒိသု​ဖြစ်စေ​ရမယ့် ကမ္ဘာသစ်​အသက်တာ​အတွက်​ အခု​ကတည်းက ကျွန်တော်​တို့ကို ပြင်ဆင်​ပေးနေ​တယ်။

၂၁ ဘာ​အပြောင်းအလဲ​ပဲ ကြုံရပါစေ ဘိသိက်ခံ​ဘုရင်​ကို အကြွင်းမဲ့​ကိုးစားမယ်​ဆိုရင် ကမ္ဘာသစ်​ထဲ ကျွန်တော်​တို့ကို ဦးဆောင်​သွားပါလိမ့်မယ်။ (ဆာလံ ၄၆:၁-၃ ကိုဖတ်ပါ။) ဘဝမှာ မမျှော်လင့်​ထားတဲ့ အပြောင်းအလဲ​တွေ ကြုံရတဲ့​အခါ​ ခက်ခဲ​နိုင်တယ်။ အဲဒီ​အခါ​ စိတ်​ငြိမ်သက်မှု၊ ယေဟော​ဝါအပေါ် အပြည့်အဝ ယုံကြည်​စိတ်ချမှု​ကို ဘယ်လို ဆ​က်​ထိန်း​နိုင်မလဲ။ နောက်​ဆောင်းပါး​မှာ ဆွေးနွေး​ကြပါမယ်။

^ အပိုဒ်၊ 8 ရှေးဟောင်း​သုတေသီ​တွေ​က ယေရိခေါမြို့ အပျက်အယွင်း​ပုံ​တွေ​ထဲမှာ ဂျုံစပါး အမြောက်အမြား​ကို တွေ့ရှိခဲ့ကြတယ်။ ဒါက မြို့ဟာ အကြာကြီး ပိတ်ဆို့​မခံရ​ကြောင်း၊ အစာရေစာ မ​ပြတ်လပ်​ခဲ့​ကြောင်း ဖော်ပြတယ်။ အစ္စရေး​တွေ ပြည်​ကို ဝင်ရောက်​သိမ်းပိုက်​တာ အချိန်​ကောင်း​ပါပဲ။ ယေရိခေါမြို့​ထဲ​ကနေ ဘာမှ ယူ​ခွင့်​မရှိ​ပေမဲ့ ရိတ်သိမ်းချိန်​ဖြစ်လို့ လယ်ကွင်း​တွေ​မှာ စားစရာတွေ အ​လျှံ​အ​ပယ် ရှိနေတယ်။—ယောရှု ၅:၁၀-၁၂