မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင် သိပါသလား

သင် သိပါသလား

သတေဖန် နှိပ်စက်​ခံရချိန်မှာ ဘာကြောင့် ဒီလောက်တောင် တည်ငြိမ်​နိုင်တာလဲ။

ရန်လို​နေတဲ့ လူအုပ်​ရှေ့ သတေဖန် ရောက်နေတယ်။ တရားရုံးချုပ် အဖွဲ့ဝင် ၇၁ ယောက်ဟာ အစ္စရေးမှာ သြဇာ​အာဏာ​အရှိဆုံး​ပုဂ္ဂိုလ်​တွေ ဖြစ်တယ်။ ပုရောဟိတ်မင်း ကယာဖက သူတို့ကို ဆင့်ခေါ်​ထားတယ်။ ကယာဖဟာ အစောပိုင်း လ​အနည်းငယ်​တုန်း​က ယေရှု​ကို သေဒဏ်​စီရင်​ရာ​မှာ ဦးဆောင်ခဲ့​သူ​ဖြစ်တယ်။ (မ. ၂၆:၅၇၊ ၅၉။ တ. ၆:၈-၁၂) မမှန်တဲ့​သက်သေ တစ်ယောက်​ပြီး​တစ်ယောက်​ ခေါ်ထုတ်​လာချိန်​မှာ အံ့သြစရာ​တစ်ခုကို သူတို့ သတိထား​မိ​ကြတယ်။ သတေဖန်ရဲ့ မျက်နှာဟာ “ကောင်းကင်​တမန်ရဲ့ မျက်နှာ​လို ဖြစ်နေ” တယ်။—တ. ၆:၁၃-၁၅

ထိတ်လန့်ဖွယ် အခြေအနေ​မှာ သတေဖန် ဘာကြောင့် ဒီလောက်​ တည်ငြိမ်​နိုင်တာလဲ။ တရားရုံးချုပ် မရောက်ခင်​ကတည်းက သတေဖန်ဟာ ဘုရား​သခင့် စွမ်းအား​တော်​ရပြီး ဘုရား​အမှု​တော်မှာ အပြည့်အဝ ပါဝင်​နေ​သူ​ဖြစ်တယ်။ (တ. ၆:၃-၇) အဲဒီ​စွမ်းအား​တော်​က သတေဖန် စစ်ဆေး​မေးမြန်း​ခံရချိန်မှာ ကူညီ​ပေးပြီး ပြန်​အမှတ်ရ​စေခဲ့တယ်။ (ယော. ၁၄:၁၆) တမန်တော် အခန်းကြီး ၇ မှာ ပါတဲ့​အတိုင်း သတေဖန် ရဲရဲရင့်ရင့် ထုချေ​တဲ့အခါ​ သန့်ရှင်းသော စွမ်းအား​တော်​က ဟီဘရူးကျမ်း​စောင်​ထဲ​က ကျမ်းချက် ၂၀ ကျော်​ကို ပြန်​အမှတ်ရ​စေခဲ့တယ်။ (ယော. ၁၄:၂၆) ဘုရား​ရဲ့ ညာဘက်မှာ ယေရှု​ ရပ်နေတဲ့ စိတ်အာရုံ မြင်ရတဲ့အခါ​ သတေဖန်ရဲ့ ယုံကြည်ခြင်း ပို​ခိုင်ခံ့​လာတယ်။—တ. ၇:၅၄-၅၆၊ ၅၉၊ ၆၀

ကျွန်တော်​တို့လည်း အနာဂတ်မှာ ခြိမ်းခြောက်​ခံရ၊ နှိပ်စက်​ညှဉ်းပန်း ခံရ​နိုင်တယ်။ (ယော. ၁၅:၂၀) ကျမ်းစာ ပုံမှန်​ဖတ်ပြီး အမှု​ဆောင်မှာ တက်တက်ကြွကြွ ပါဝင်​နေရင် ယေဟော​ဝါရဲ့ စွမ်းအား​တော် ရရှိ​ပါလိမ့်မယ်။ ဆန့်ကျင်မှု ကြုံရ​ချိန်မှာ တည်တည်​ငြိမ်ငြိမ် ခံရပ်​ဖို့ ခွန်အား​ရရှိ​ပါလိမ့်မယ်။—၁ ပေ. ၄:၁၂-၁၄