မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါကို ယုံကြည်ကိုးစားပြီး အသက်ရှင်ပါ

ယေဟောဝါကို ယုံကြည်ကိုးစားပြီး အသက်ရှင်ပါ

“ယေဟော​ဝါကို စိတ်နှလုံး​အကြွင်းမဲ့ ယုံကြည်​ကိုး​စားပါ။ ကိုယ့်ရဲ့​သိ​နားလည်​နိုင်စွမ်း​ကို အားမကိုး​နဲ့။”—ပညာ. ၃:၅

သီချင်း​– ၃၊ 

၁။ ကျွန်တော်​တို့​အားလုံး ဘာကြောင့် နှစ်သိမ့်မှု လိုအပ်​သလဲ။

ကျွန်တော်​တို့​အားလုံး နှစ်သိမ့်မှု လိုအပ်​ကြတယ်။ စိုးရိမ်​တာ၊ စိတ်ဓာတ်ကျ​တာ၊ မကျန်းမာ​တာတွေကို အမြဲ​ကြုံနေ​ရတယ်။ အိုမင်း​လာလို့၊ ရောဂါ​ရလို့၊ ချစ်ရသူ သေဆုံးသွားလို့ စိတ်​ကြေကွဲ​နေ​ကြတယ်။ အကြမ်းဖက်မှု​တွေ တိုးများ​နေပြီး တချို့​က ရန်လို​မုန်း​ထား​ခံ​နေ​ရတယ်။ ဒီလို “အလွန်​ ခက်ခဲ​ကျပ်တည်း” မှု​တွေ​က “နောက်ဆုံး​ကာလ” မှာ အသက်ရှင်နေ​ရ​ကြောင်း၊ ကမ္ဘာသစ် ပို​နီး​လာ​ကြောင်း ဖော်ပြ​နေတယ်။ (၂ တိ. ၃:၁) ဒါပေမဲ့​ ကျွန်တော်​တို့​က ယေဟော​ဝါရဲ့ ကတိ​တွေ ပြည့်စုံမယ့်​အချိန်​ကို စောင့်​လာတာ အတော်​ကြာနေ​ပြီး ပြဿနာ​တွေ ပို​ကြုံနေ​ရတာ ဖြစ်နိုင်တယ်။ ဘယ်​ကနေ နှစ်သိမ့်မှု ရနိုင်မလဲ။

၂၊ ၃။ (က) ဟဗက္ကုတ်​အကြောင်း​ ဘာ​သိရသလဲ။ (ခ)  ဟဗက္ကုတ်ကျမ်း​ကို ဘာကြောင့် လေ့လာ​ကြ​မလဲ။

အဖြေ​ရဖို့ ဟဗက္ကုတ်ကျမ်း​ကို သုံးသပ်​ကြည့်ရအောင်။ ဟဗက္ကုတ်ရဲ့ အသက်တာနဲ့ လုပ်ဆောင်မှု​အကြောင်း​ အသေးစိတ် မသိ​ရပေမဲ့ သူ့​နာမည်​တပ်ထားတဲ့ ကျမ်းစောင်​က အားပေးမှု ဖြစ်စေတယ်။ ဟဗက္ကုတ်​ဆိုတာ “အားပါးတရ ပွေ့ဖက်ခြင်း” လို့ အဓိပ္ပာယ်​ရနိုင်တယ်။ ယေဟော​ဝါရဲ့ နှစ်သိမ့်​ပွေ့ဖက်မှု၊ ဘုရား​လူမျိုးရဲ့ ယုံကြည်​အားထား​မှု​တို့ကို ဆိုလို​နိုင်တယ်။ ဘုရား​သခင်​ကို ဟဗက္ကုတ် မေးခွန်းတွေ မေးခဲ့တယ်။ အဲဒီ​မေးခွန်း​တွေကို ဟဗက္ကုတ်ကျမ်း​မှာ ထည့်​ရေး​ဖို့ ယေဟော​ဝါ လမ်းညွှန်​ခဲ့​တဲ့​အတွက်​ ကျွန်တော်​တို့လည်း အကျိုး​ရ​နိုင်​တယ်။—ဟဗ. ၂:၂

စိတ်ဓာတ်​ကျနေ​တဲ့ ဟဗက္ကုတ်​နဲ့ ယေဟော​ဝါ အပြန်အလှန် ပြောတဲ့​စကား​မှာ​ပဲ ဟဗက္ကုတ်​အကြောင်း​ တွေ့နိုင်တယ်။ ဒီ​ကျမ်းစောင်​ဟာ “ကျွန်တော်​တို့ကို ခံနိုင်​ရည်နဲ့ နှစ်သိမ့်မှု​ပေးတဲ့၊” “မျှော်လင့်ချက်​ရှိစေ” တဲ့ ကျမ်းစာရဲ့ အစိတ်အပိုင်း​ဖြစ်တယ်။ (ရော. ၁၅:၄) ဟဗက္ကုတ်ကျမ်း​ကနေ ဘယ်လို အကျိုး​ရနိုင်သလဲ။ ယေဟော​ဝါကို ယုံကြည်​ကိုးစားခြင်း​ဟာ ဘာကို​ဆိုလို​ကြောင်း နားလည်စေ​နိုင်တယ်။ အခက်အခဲ​တွေ​ကြား စိတ်တည်ငြိမ်မှု ရ​နိုင်ကြောင်း စိတ်ချ​စေတယ်။ ဟဗက္ကုတ်ကျမ်း​ကို အသေးစိတ် လေ့လာ​ကြည့်ကြစို့။

ယေဟော​ဝါ​ဆီ ဆုတောင်း​ပါ

၄။ ဟဗက္ကုတ် ဘာကြောင့် စိတ်ဓာတ်ကျ​သလဲ။

ဟဗက္ကုတ် ၁:၂၊ ၃ ကိုဖတ်ပါ။ ဟဗက္ကုတ်ဟာ အလွန်​ခက်ခဲတဲ့​အချိန်​မှာ အသက်ရှင်​ခဲ့​တယ်။ ပတ်ဝန်းကျင်မှာ ကြမ်းတမ်းတဲ့ လူဆိုးတွေ​ပဲ ရှိနေလို့ အလွန်​စိတ်​ဆင်းရဲ​နေတဲ့ ဟဗက္ကုတ်ဟာ ‘ဒီ​ဆိုးသွမ်းမှု ဘယ်တော့ အဆုံးတိုင်​မလဲ။ ယေဟော​ဝါ ဘာကြောင့် ဒီလောက်​ကြာကြာ ခွင့်ပြု​ထား​ရသလဲ’ လို့ တွေးမိတယ်။ ကိုယ့်လူမျိုး ကျူးလွန်​တဲ့ မတရားမှု၊ ဖိနှိပ်မှုတွေကိုပဲ တွေ့​နေရလို့ အကူအညီ​မဲ့​နေပြီ​လို့ ခံစား​နေတယ်။ ဒါကြောင့်​ အရေး​ယူ​ပေးဖို့ ယေဟော​ဝါကို ဆုတောင်း​တယ်။ ဒါပေမဲ့​ ယေဟော​ဝါ ဂရုမစိုက်​ဘူး၊ အရေး​ယူ​မှာ မဟုတ်​ဘူးလို့ ထင်​မိ​မှာ​ပဲ။ သင်​ကော အဲဒီ​လို ခံစား​ဖူး​သလား။

၅။ ဟဗက္ကုတ်ကျမ်း​မှာ ဘယ်​အရေး​ကြီး​သင်ခန်းစာ ပါသလဲ။ (ဆောင်းပါး​အစမှာ​ပါတဲ့ ပုံကို ကြည့်ပါ။)

ယေဟော​ဝါကို ဟဗက္ကုတ် အယုံအကြည်မဲ့​သွား​ပြီလား။ ဘုရား​ကတိ​တွေကို မယုံ​တော့​ဘူး​လား။ လုံးဝ မဟုတ်​ပါဘူး။ ပြဿနာ​တွေ၊ စိုးရိမ်မှုတွေကို လူတွေ​ဆီ မဟုတ်​ဘဲ ယေဟော​ဝါ​ဆီ ပုံအပ်​တာ​ကို ကြည့်ရင် သိနိုင်​တယ်။ ဘုရား​သခင့် အချိန်​ဇယား​ကို မသိလို့၊ ဆိုးသွမ်းမှု​ကို ဘုရား​ ဘာကြောင့် ခွင့်ပြု​ထားမှန်း မသိလို့ စိတ်သောက​ရောက်​နေတာပါ။ အဲဒါ​တွေကို ရေး​ဖို့ ဟဗက္ကုတ်​ကို ယေဟော​ဝါ လမ်းညွှန်​ခြင်းက စိုးရိမ်မှု​တွေ၊ သံသယတွေကို ဘုရား​ဆီ ပြောပြဖို့ မဝံ့မရဲ​မဖြစ်သင့်ဘူး​ဆိုတဲ့ အရေး​ကြီး​သင်ခန်းစာ သင်ပေးတယ်။ ဘုရား​က မိမိ​ဆီ ရင်ဖွင့်​ဆုတောင်း​ဖို့ မေတ္တာပါပါ ဖိတ်ခေါ်​ထားတယ်။ (ဆာ. ၅၀:၁၅။ ၆၂:၈) “ယေဟော​ဝါကို စိတ်နှလုံး​အကြွင်းမဲ့ ယုံကြည်​ကိုးစား” ဖို့၊ “ကိုယ့်ရဲ့​သိ​နားလည်​နိုင်စွမ်း​ကို အားမကိုး” ဖို့ ပညာအလိမ္မာ ၃:၅ မှာ တိုက်တွန်း​တယ်။ အဲဒီ​စကား​တွေကို ဟဗက္ကုတ် လိုက်နာ​ခဲ့​ပုံ​ရတယ်။

၆။ ဆုတောင်း​ဖို့ ဘာကြောင့် အရေး​ကြီး​သလဲ။

ဟဗက္ကုတ်ဟာ မိတ်ဆွေ၊ ဖခင်​ဖြစ်တဲ့ ယေဟော​ဝါနဲ့ ရင်းနှီးအောင် အစပြု​လုပ်ဆောင်ခဲ့တယ်။ ကိုယ့်​အခြေအနေကို အစိုးရိမ်လွန်​ပြီး ကိုယ့်​သိ​နားလည်​နိုင်စွမ်း​ကို အားကိုးမယ့်​အစား ယေဟော​ဝါ​​ဆီ​ ရင်ဖွင့်​ ဆုတောင်း​ခဲ့တယ်။ ကျွန်တော်​တို့​အတွက်​ ပုံသက်သေကောင်း​ပါပဲ။ ဆုတောင်း​သံ​ကို နားထောင်တဲ့​အရှင် ယေဟော​ဝါ​က မိမိ​ဆီ ရင်ဖွင့်​ဆုတောင်း​ဖို့ ဖိတ်ခေါ်​ထားတယ်။ (ဆာ. ၆၅:၂) အဲဒီ​လို​ဆုတောင်း​ရင် ယေဟော​ဝါရဲ့ မေတ္တာ​ပါတဲ့ လမ်းညွှန်မှုကို ရရှိ​နိုင်မယ်။ (ဆာ. ၇၃:၂၃၊ ၂၄) ကြုံတွေ့​ရတဲ့ အခက်အခဲ​တွေ​နဲ့​ပတ်သက်ပြီး ဘုရား​ရဲ့ ရှုမြင်ပုံကို နားလည်​လာမယ်။ ရင်ဖွင့်​ဆုတောင်း​ခြင်းက ဘုရား​သခင်​ကို အကြွင်းမဲ့​ကိုးစား​ကြောင်း ဖော်ပြတယ်။

ယေဟော​ဝါရဲ့​စကား​ကို နားထောင်ပါ

၇။ ဟဗက္ကုတ်ရဲ့ စိုးရိမ်​သောကတွေ​ကို ယေဟော​ဝါ ဘယ်လို​ တုံ့ပြန်​သလဲ။

ဟဗက္ကုတ် ၁:၅-၇ ကိုဖတ်ပါ။ ဟဗက္ကုတ်ဟာ စိုးရိမ်​မှုတွေကို ယေဟော​ဝါ​ဆီ အပ်​ထားပြီး​နောက် ဘယ်လိုများ ကူညီ​ပေး​မလဲ​လို့ တွေးမိမှာပဲ။ စာနာ​နားလည်မှု​ရှိတဲ့​ဖခင် ယေဟော​ဝါ​က ဟဗက္ကုတ်ရဲ့ ညည်းညူမှု​ကို အပြစ်​မတင်​ခဲ့​ဘူး။ သူ​စိတ်ထိခိုက်​ပြီး ခံစား​နေရမှန်း သိတယ်။​ ခေါင်းမာ​တဲ့ ဂျူးတွေကို မကြာခင် အပြစ်​ပေးတော့မယ်၊ ဆိုးသွမ်းတဲ့​ခေတ်ရဲ့ အဆုံးနီးပြီ ဆိုတာ ဟဗက္ကုတ်​ကို ယေဟော​ဝါ ဦးဆုံး​အသိ​ပေးခဲ့တယ်။

၈။ ယေဟော​ဝါရဲ့ တုံ့ပြန်မှု​ကို ဟဗက္ကုတ် ဘာကြောင့် အံ့သြခဲ့သလဲ။

ယေဟော​ဝါဟာ လုပ်ဆောင်ဖို့ အသင့်​ရှိကြောင်း ဟဗက္ကုတ်​ကို ဖော်ပြတယ်။ လူဆိုးတွေကို ပြစ်ဒဏ်​ပေးတော့မယ်။ “မင်းတို့​လက်ထက်မှာ” လို့​ပြောတာက ဟဗက္ကုတ်​နဲ့ တစ်ခေတ်တည်းသား​တွေ လက်ထက်မှာ ကျိန်းသေဖြစ်မယ်​ဆိုတာ ဖော်ပြတယ်။ ယေဟော​ဝါ ဒီလို တုံ့ပြန်မယ်လို့ ဟဗက္ကုတ် မျှော်လင့်​မထားဘူး။ ဂျူးတွေ​ပဲ ပို​ဒုက္ခရောက်​တော့​မှာ။ * ဗာဗုလုန်​တွေဟာ ယေဟော​ဝါရဲ့ စံနှုန်းတွေကို သိထားတဲ့ မိမိ​လူမျိုး​ထက် ပို​ရက်စက်​ကြမ်းကြုတ်​တယ်။ မိမိ​လူမျိုးကို အပြစ်​ပေးဖို့ ဒီလောက်​ရက်စက်​သူတွေကို ယေဟော​ဝါ ဘာကြောင့် သုံး​မှာ​လဲ။ သင်​သာ ဟဗက္ကုတ်​ဆိုရင် ဘယ်လို ခံစား​ရမလဲ။

၉။ ဟဗက္ကုတ် ဘာတွေ ထပ်​မေးခဲ့​သလဲ။

ဟဗက္ကုတ် ၁:၁၂-၁၄၊ ၁၇ ကိုဖတ်ပါ။ လူဆိုးတွေကို တရား​စီရင်​ဖို့ ဗာဗုလုန်တွေကို ယေဟော​ဝါ သုံးမယ်​ဆိုတာ ဟဗက္ကုတ် သိ​ပြီး စိတ်ရှုပ်​နေပေမဲ့ မိမိ​အတွက်​ “ကျောက်ဆောင်” ဆက်ဖြစ်​ပေးပါလို့ တောင်းဆိုခဲ့တယ်။ (တရား. ၃၂:၄။ ဟေရှာ. ၂၆:၄) ဘုရား​သခင်​ရဲ့ မေတ္တာနဲ့ ကြင်နာမှု​ကို ဟဗက္ကုတ်​ ယုံကြည်​ကိုးစား​မြဲ​ဖြစ်လို့ ယေဟော​ဝါ​ဆီ ထပ်​အသနားခံ​တယ်။ ဘုရား​သခင်​ဟာ “သန့်ရှင်းတဲ့​အရှင်”​ ဖြစ်တယ်။​ “ကိုယ်တော့်​မျက်လုံး​တွေဟာ သန့်စင်​လွန်း​လို့ ဆိုးညစ်​တဲ့​အရာကို ကြည့်​မနေနိုင်​ဘူး။” ဒါဆို ယုဒပြည်ရဲ့​အခြေအနေ ပို​ဆိုး​လာတာကို ဘုရား​ ဘာကြောင့် ခွင့်ပြု​ထားသလဲ။ ဘာကြောင့် ချက်ချင်း အရေး​မယူ​သလဲ။ နေရာတိုင်းမှာ ဆိုးသွမ်းမှု​တွေ ဒီလောက်​များနေ​တာ​ကို ဘာကြောင့် သည်းခံ​ပြီး “နှုတ်ဆိတ်​နေ” တာလဲ။

၁၀။ ဟဗက္ကုတ်​လို​ပဲ တစ်ခါတလေ ဘယ်လို ခံစား​မိ​နိုင်သလဲ။

၁၀ တစ်ခါတလေ ကျွန်တော်​တို့လည်း ဟဗက္ကုတ်​လို ခံစား​မိ​နိုင်တယ်။ ယေဟော​ဝါ​ပြောတာကို နားထောင်တယ်။ မျှော်လင့်ချက်​ပေးတဲ့ ကျမ်းစာကို ယုံကြည်မှု​အပြည့်​နဲ့ ဖတ်ရှု​လေ့လာ​တယ်။ အဖွဲ့အစည်းရဲ့ သွန်သင်မှု​တွေ​က​တစ်ဆင့် ဘုရား​ကတိ​တွေ​အကြောင်း​ သိလာတယ်။ ဒါပေမဲ့​ ‘ဒုက္ခတွေ ဘယ်တော့ အဆုံးတိုင်​မလဲ’ လို့ စဉ်းစား​မရ ဖြစ်နိုင်တယ်။ ဒါဆိုရင် ဟဗက္ကုတ်​ဆီက ဘာ​သင်ယူ​နိုင်​သေး​သလဲ။

ယေဟော​ဝါကို စောင့်ဆိုင်းပါ

၁၁။ ယေဟော​ဝါ​ပြောတာကို နားထောင်​ပြီးနောက် ဟဗက္ကုတ် ဘယ်လို ဆုံးဖြတ်​ခဲ့သလဲ။

၁၁ ဟဗက္ကုတ် ၂:၁ ကိုဖတ်ပါ။ ယေဟော​ဝါနဲ့ စကား​ပြော​လိုက်​ရလို့ ဟဗက္ကုတ် စိတ်တည်ငြိမ်​လာတယ်။ ဒါကြောင့်​ ယေဟော​ဝါ အရေး​ယူ​လုပ်ဆောင်မယ့်​အချိန်​ကို စိတ်ချ​စွာ စောင့်ဆိုင်းဖို့ ဆုံးဖြတ်​လိုက်တယ်။ ဒါပေမဲ့​ ကောက်​ကာ​ငင်​ကာ ဆုံးဖြတ်လိုက်​တာ မဟုတ်​ဘူး။ “အဲဒီ​နေ့ကို ကျွန်တော်​ တိတ်တဆိတ် စောင့်နေ​ပါ့​မယ်” လို့ နောက်ပိုင်းမှာ ထပ်​ပြောတယ်။ (ဟဗ. ၃:၁၆) ယေဟော​ဝါရဲ့ တခြား​သစ္စာရှိ​ကျေးကျွန်တွေလည်း အလားတူ စိတ်ရှည်ခဲ့​တယ်။ ဒါက လက်​မလျှော့​ဘဲ ဆက်​စောင့်​ဖို့ ကျွန်တော်​တို့ကို အားပေးမှု ဖြစ်စေတယ်။—မိ. ၇:၇။ ယာ. ၅:၇၊ ၈

၁၂။ ဟဗက္ကုတ်​ဆီက ဘာသင်ခန်းစာ​တွေ ရသလဲ။

၁၂ ဟဗက္ကုတ်ရဲ့ ဆုံးဖြတ်ချက်​က ဘာသင်ပေးသလဲ။ ပထမ၊​ ဘယ်​စမ်းသပ်မှု​ပဲ ကြုံရပါစေ ယေဟော​ဝါ​ဆီ မပြတ်​ဆုတောင်း​ရမယ်။ ဒုတိယ၊ ကျမ်းစာနဲ့ အဖွဲ့​အစည်း​က​တစ်ဆင့် ယေဟော​ဝါ ပြောတာကို နားထောင်​ရမယ်။ တတိယ၊ ကျွန်တော်​တို့ရဲ့ ဒုက္ခတွေကို သတ်မှတ်​ထားတဲ့​အချိန်​မှာ ဘုရား​ ဖြေရှင်း​ပေးမယ်​ဆိုတာ အပြည့်အဝ ယုံကြည်ပြီး စိတ်ရှည်​စွာ စောင့်ဆိုင်း​ရမယ်။ ဒါဆိုရင် ဟဗက္ကုတ်​လို​ပဲ တည်တည်ငြိမ်ငြိမ် ခံရပ်နိုင်​ပါလိမ့်မယ်။ မျှော်လင့်ချက်​က စိတ်ရှည်​ဖို့၊ အခက်အခဲ​တွေ​ကြား ပျော်ရွှင်ဖို့၊ ယေဟော​ဝါ လုပ်ဆောင်​မှာ​ကို စိတ်ချဖို့ ကူညီ​ပေးပါလိမ့်မယ်။—ရော. ၁၂:၁၂

၁၃။ ဟဗက္ကုတ်​ကို ယေဟော​ဝါ ဘယ်လို နှစ်သိမ့်​ပေး​သလဲ။

၁၃ ဟဗက္ကုတ် ၂:၃ ကိုဖတ်ပါ။ စောင့်မယ်​ဆိုတဲ့ ဟဗက္ကုတ်ရဲ့ ဆုံးဖြတ်ချက်ကို ယေဟော​ဝါ သိပ်​နှစ်သက်​တယ်။ ဟဗက္ကုတ်ရဲ့ စိတ်ပျက်​စ​ရာ အခြေအနေကို ယေဟော​ဝါ ကောင်းကောင်းသိ​တဲ့​အတွက်​ မကြာခင် အရေး​ယူ​လုပ်ဆောင်မယ်​ဆိုပြီး ကြင်နာစွာ အသိ​ပေးတယ်။ ဟဗက္ကုတ်ရဲ့ စိတ်​သောကတွေ သက်သာ​ပါတော့မယ်။ “စိတ်ရှည်ပါ။ ငါ့ကို​ ယုံကြည်​ကိုး​စားပါ။ နှောင့်နှေး​ပုံ​ပေါက်​ရင်တောင် မင်းရဲ့​ဆုတောင်း​ချက်ကို ငါ​ဖြေပေး​မယ်” လို့ ဘုရား​သခင်​ ပြော​နေ​သလိုပဲ။ ကတိ​တွေကို ပြည့်စုံ​စေဖို့ အချိန်​သတ်မှတ်​ထားကြောင်း အသိ​ပေးပြီး ဆက်​စောင့်ပါလို့ အားပေးတယ်။ ဟဗက္ကုတ် စိတ်ပျက်​ရမှာ မဟုတ်​ပါဘူး။

ယေဟောဝါအတွက် အတတ်နိုင်ဆုံး အမှုဆောင်ဖို့ ဘာကြောင့် စိတ်ပိုင်းဖြတ်ထားသလဲ (အပိုဒ် ၁၄ ကိုကြည့်ပါ)

၁၄။ ဒုက္ခ​ကြုံရ​ချိန်မှာ ဘာလုပ်ဖို့ စိတ်​ဆုံးဖြတ်ထား​သင့်သလဲ။

၁၄ ကျွန်တော်​တို့လည်း ယေဟော​ဝါကို စိတ်ရှည်​စွာ စောင့်ဆိုင်းမယ်၊ ဘုရား​ပြောတာကို အာရုံစိုက် နားထောင်မယ်​ဆိုရင် အခက်အခဲ​တွေ​ကြား ယုံကြည်​စိတ်ချမှု၊ စိတ်တည်ငြိမ်မှု ရရှိ​ပါလိမ့်မယ်။ ဘုရား​ မဖော်ပြသေးတဲ့ “အချိန်​ကာလ​တွေ” ကို အာရုံမစိုက်​ဘဲ ဘုရား​ကို ယုံကြည်​ကိုးစား​ဖို့ ယေရှု​ တိုက်တွန်း​တယ်။ (တ. ၁:၇) ဒါကြောင့်​ လက်မလျှော့​ဘဲ နှိမ့်ချ​စွာ၊ ယုံကြည်​စွာ၊ စိတ်ရှည်​စွာ စောင့်ဆိုင်း​သင့်တယ်။ ယေဟော​ဝါ​အတွက်​ အတတ်နိုင်ဆုံး အမှု​ဆောင်ခြင်း​အားဖြင့် အချိန်​ကို ပညာရှိရှိ အသုံးပြု​သင့်တယ်။—မာ. ၁၃:၃၅-၃၇။ ဂ​လ. ၆:၉

ယေဟော​ဝါကို ယုံကြည်​ကိုးစား​သူတွေ အသက်​ရ

၁၅၊ ၁၆။ (က) ဟဗက္ကုတ်ကျမ်း​မှာ ဘာ​ကတိ​တွေ ပါသလဲ။ (ခ) အဲဒီ​ကတိ​တွေ​က ဘာသင်ပေးသလဲ။

၁၅ “ဖြောင့်မတ်​သူကတော့ မိမိ​ရဲ့​သစ္စာတရား​ကြောင့် အသက်ရှင်​လိမ့်မယ်၊” “ကမ္ဘာမြေဟာ ယေဟော​ဝါရဲ့ ဂုဏ်​ကျက်သရေ​အကြောင်း​ သိကျွမ်း​သူတွေနဲ့ ပြည့်​နေမယ်” ဆိုပြီး ယေဟော​ဝါ ကတိပြု​ထားတယ်။ (ဟဗ. ၂:၄၊ ၁၄) ဘုရား​သခင်​ကို စိတ်ရှည်​စွာ ယုံကြည်​ကိုးစား​သူတွေ အသက်ဆု ရပါလိမ့်မယ်။

၁၆ ဟဗက္ကုတ် ၂:၄ မှာပါတဲ့ ကတိ​ကို အပေါ်ယံ​ကြည့်ရင်​တော့ သာမန်​ဖော်ပြချက်​လို့ ထင်​စ​ရာ​ပဲ။ ဒါပေမဲ့​ အဲဒီ​ကတိ ထူးခြား​လွန်း​လို့ တမန်တော်​ပေါလု​ သုံးကြိမ် ကိုးကားခဲ့​တယ်။ (ရော. ၁:၁၇။ ဂလ. ၃:၁၁။ ဟီ. ၁၀:၃၈) ဖြောင့်မတ်​သူဟာ ဘာ​အခက်အခဲ​တွေ​ပဲ ကြုံရပါစေ ယုံကြည်ခြင်း​ရှိတဲ့​အတွက်​ ဘုရား​ရည်ရွယ်ချက်​တွေ ပြည့်စုံတာ​ကို မြင်ရ​ပါလိမ့်မယ်။ ယေဟော​ဝါ​က လက်ရှိ​အခြေအနေ​ထက် အနာဂတ်ကို အာရုံစိုက်​စေချင်တယ်။

၁၇။ ဟဗက္ကုတ်ကျမ်း​မှာ ဘယ်လို အာမခံ​ထားသလဲ။

၁၇ နောက်ဆုံး​ကာလမှာ အသက်ရှင်​နေတဲ့ ကျွန်တော်​ တို့​အားလုံး ဟဗက္ကုတ်ကျမ်း​ကနေ သင်ယူ​နိုင်ပါတယ်။ ယေဟော​ဝါ​က မိမိ​ကို ယုံကြည်​ကိုးစား​တဲ့ ဖြောင့်မတ်​သူတွေကို အသက်​ပေးမယ်လို့ ကတိပြု​ထားတယ်။ ဘယ်လို အခက်အခဲ၊ စိုးရိမ်​ပူပန်မှု​တွေ ကြုံရပါစေ ဘုရား​သခင်​ကို ဆက်​ယုံကြည်​ကိုးစား​ကြပါစို့။ ကျွန်တော်​တို့ကို ထောက်မ၊ ကယ်တင်မယ်​လို့ ဟဗက္ကုတ်​က​တစ်ဆင့် ယေဟော​ဝါ ကတိ​ပေးတယ်။ မိမိ​ကို ယုံကြည်​ကိုးစား​ဖို့၊ ကမ္ဘာမြေကို ဘုရား​နိုင်ငံ​တော် အုပ်ချုပ်မယ့်​အချိန်​ကို စိတ်ရှည်​စွာ စောင့်​ဖို့ အားပေးတယ်။ အဲဒီ​အချိန်​ကျရင် တစ်​ကမ္ဘာလုံး​မှာ ယေဟော​ဝါကို ဝတ်ပြုတဲ့ စိတ်နူးညံ့​သူတွေ ပြည့်​နေပါ​လိမ့်မယ်။—မ. ၅:၅။ ဟီ. ၁၀:၃၆-၃၉

ယေဟော​ဝါကို ရွှင်လန်းစွာ ယုံကြည်​ကိုး​စားပါ

၁၈။ ယေဟော​ဝါရဲ့ စကား​တွေက ဟဗက္ကုတ်​အပေါ် ဘယ်လို အကျိုး​သက်ရောက်​သလဲ။

၁၈ ဟဗက္ကုတ် ၃:၁၆-၁၉ ကိုဖတ်ပါ။ ယေဟော​ဝါရဲ့ စကား​တွေက ဟဗက္ကုတ်​အပေါ် အကြီးအကျယ် အကျိုး​သက်​ရောက်ခဲ့တယ်။ ရှေးခေတ် လူမျိုးတော်​အတွက်​ ယေဟော​ဝါ လုပ်ဆောင်ပေး​ခဲ့​တာတွေကို ပြန်​စဉ်းစား​တဲ့အခါ​ ယုံကြည်ခြင်း ပြန်​ခိုင်မာ​လာတယ်။ မကြာခင် ယေဟော​ဝါ အရေး​ယူ​လုပ်ဆောင်​မှာ​ကို သူ​သိတယ်။ ဒါကြောင့်​ တစ်ခဏ​ ဒုက္ခခံ​ရ​ရင်တောင် နှစ်သိမ့်မှု ခံစား​ရတယ်။ ဟဗက္ကုတ်​မှာ​ သံသယတွေ မရှိ​တော့ဘူး။ ယေဟော​ဝါရဲ့ ကယ်တင်​နိုင်စွမ်း​ကို အပြည့်အဝ ယုံကြည်​လာတယ်။ အခန်းငယ် ၁၈ မှာပါတဲ့ ဟဗက္ကုတ်ရဲ့ စကား​က ယုံကြည်​ခြင်းကို ထိထိမိမိ​ ဖော်ပြတဲ့ ကျမ်းစကား​ပါပဲ။ ကျမ်းပညာရှင်​တချို့​က အခန်းငယ် ၁၈ ကို “ကျွန်တော်​ကတော့ ဘုရား​သခင်​ကြောင့် အားရ​ရွှင်လန်းစွာ ခုန်ပေါက်မယ်။ ဘုရား​သခင်​ကြောင့် ရွှင်လန်းစွာ ဝိုင်းပတ်​ကခုန်မယ်” လို့ အဓိပ္ပာယ်​ဖွင့်​ကြတယ်။ ကျွန်တော်​တို့​အားလုံး​အတွက်​ အလွန်​ အားရှိစရာ​ပါပဲ။ ယေဟော​ဝါဟာ ကတိပေး​ရုံ​သာမက ကတိ​တွေ ပြည့်စုံ​အောင် အလျင်အမြန် လုပ်ဆောင်နေ​ကြောင်း စိတ်ချ​စေတယ်။

၁၉။ ယေဟော​ဝါ​ဆီက နှစ်သိမ့်မှု​ကို ဟဗက္ကုတ်​လို ဘယ်လို ရနိုင်မလဲ။

၁၉ ဟဗက္ကုတ်ကျမ်း​ကနေ သင်ယူ​ရတဲ့ အဓိက​သင်ခန်းစာ​ကတော့ ယေဟော​ဝါကို ယုံကြည်​ကိုးစား​ဖို့​ပါပဲ။ (ဟဗ. ၂:၄) ယေဟော​ဝါနဲ့ ဆက်ဆံရေး ခိုင်မြဲ​နေ​မှ အဲဒီ​လို ယုံကြည်​ကိုးစားမှု ဆက်ရှိ​နိုင်မယ်။ ဒါကြောင့်​ (၁) စွဲစွဲမြဲမြဲ ဆုတောင်း​ပါ။ စိုးရိမ်​ပူပန်မှုတွေကို ယေဟော​ဝါ​ဆီ ရင်ဖွင့်​ပါ။ (၂) ကျမ်းစာနဲ့ အဖွဲ့အစည်း​က​လာတဲ့ လမ်းညွှန်ချက်တွေကို အာရုံ​စိုက် နားထောင်ပါ။ (၃) ယေဟော​ဝါကို သစ္စာရှိ​စွာ၊ စိတ်ရှည်​စွာ စောင့်ဆိုင်းပါ။ ဟဗက္ကုတ် အဲဒီ​လို လုပ်ဆောင်​ခဲ့တယ်။ သူ့​ကျမ်းစောင်​ကို စိတ်ဓာတ်ကျ​စရာတွေ​နဲ့ အစပြု​ထားပေမဲ့ ယုံကြည်​စိတ်ချမှု၊ အားရ​ရွှင်လန်းမှု​နဲ့ နိဂုံးချုပ်​ထားတယ်။ ဒါကြောင့်​ ယေဟော​ဝါရဲ့ ပွေ့ဖက်မှု ခံစား​ရဖို့ ဟဗက္ကုတ်ရဲ့ ပုံသက်သေကို လိုက်လျှောက်​ကြပါစို့။ ဒုက္ခတွေ ပြည့်နေတဲ့ လောက​မှာ အကောင်းဆုံး နှစ်သိမ့်မှု​ပါပဲ။

^ အပိုဒ်၊ 8 ဟဗက္ကုတ် ၁:၅ မှာပါတဲ့ “မင်းတို့” ဆိုတဲ့ အများ​ကိန်း​က ယုဒ​တစ်ပြည်လုံး​ပေါ် ဘေးဆိုး​ကျရောက်မယ့်​အကြောင်း​ ဖော်ပြတယ်။