မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများထံမှ မေးခွန်းလွှာ

စာရှုသူများထံမှ မေးခွန်းလွှာ

တမန်တော် ပေါလုဟာ ဘယ်​သဘော​နဲ့ “တတိယ​ ကောင်းကင်ဘုံ​ဆီ၊” “ပရဒိသု​ဆီ” ချီဆောင်​ ခံခဲ့ရ​သလဲ။—၂ ကော. ၁၂:၂-၄

၂ ကောရိန္သု ၁၂:၂၊ ၃ မှာ ပေါလုက “တတိယ​ကောင်းကင်ဘုံ​ဆီ” ချီဆောင်​ခံရတဲ့ လူတစ်ယောက်​အကြောင်း ပြောခဲ့တယ်။ သူ ဘယ်သူ​လဲ။ ကောရိန္သုအသင်းတော်​ဆီ ရေး​တဲ့​စာမှာ မိမိကို တမန်တော်​အဖြစ် ဘုရားသခင် အသုံးပြု​နေ​ကြောင်း ပေါလု အလေးပေး​ပြောခဲ့တယ်။ (၂ ကော. ၁၁:၅၊ ၂၃) အဲဒီနောက် “သခင်​ပေးတဲ့ စိတ်အာရုံ​နဲ့ ဗျာဒိတ်​တော်​အကြောင်း” ပြောတယ်။ စကားစပ်​မှာ တခြား​ညီအစ်ကို​တွေ​အကြောင်း မပါဘူး။ ဒါကြောင့် စိတ်အာရုံ​နဲ့ ဗျာဒိတ်တော် ရရှိ​သူဟာ မိမိ​ကိုယ်တိုင်​ဖြစ်ကြောင်း ပေါလု ရည်ညွှန်း​နေတာ ဖြစ်နိုင်တယ်။—၂ ကော. ၁၂:၁၊ ၅

ဒါကြောင့် ‘တတိယ​ကောင်းကင်ဘုံ​ဆီ ချီဆောင်​ခံခဲ့ရ​သူ၊’ ‘ပရဒိသု​ဆီ ချီဆောင်​ခံခဲ့ရ​သူ’ ဟာ ပေါလု​ကိုယ်တိုင်​ပါပဲ။ (၂ ကော. ၁၂:၂-၄) “ဗျာဒိတ်တော်” ဆိုတဲ့ စကားလုံးက အနာဂတ်မှာ ဖြစ်မယ့်​အရာတွေကို ဖော်ပြတယ်။

ပေါလု​မြင်​တဲ့ “တတိယ​ကောင်းကင်” ဆိုတာ ဘာလဲ။

ကျမ်းစာမှာ “ကောင်းကင်” ဆိုတာ ပကတိ မိုးကောင်းကင်ကို ဆိုလို​နိုင်တယ်။ (က. ၁၁:၄။ ၂၇:၂၈။ မ. ၆:၂၆) တခြား​အဓိပ္ပာယ်တွေလည်း ရှိတယ်။ တစ်ခါတလေ လူ့​အုပ်ချုပ်မှုကို ရည်ညွှန်းတယ်။ (ဒံ. ၄:၂၀-၂၂) ဘုရား​နိုင်ငံတော်​က​တစ်ဆင့် ဘုရား​အုပ်ချုပ်မှု​ကိုလည်း ရည်ညွှန်း​နိုင်တယ်။—ဗျာ. ၂၁:၁

တတိယ​ကောင်းကင်” ကို ပေါလု မြင်တယ်။ ဘာကို ဆိုလိုသလဲ။ ကျမ်းစာမှာ တစ်ခုခုကို အလေးပေးဖို့၊ လေးနက်မှု၊ ခိုင်မာမှုကို ဖော်ပြဖို့ သုံးကြိမ် ပြောလေ့ရှိ​တယ်။ (ဟေရှာ. ၆:၃။ ယေဇ. ၂၁:၂၇။ ဗျာ. ၄:၈) တတိယ​ကောင်းကင်” လို့ ပြောတဲ့အခါ ယေရှု​ခရစ်​နဲ့ ၁၄၄,၀၀၀ အုပ်ချုပ်​မယ့် မေရှိယ​နိုင်ငံရဲ့ သာလွန်​မြင့်မြတ်မှုကို ပေါလု အလေးပေး ပြောခဲ့တာ​ဖြစ်တယ်။ တမန်တော် ပေတရု ရေးခဲ့​သလို ဘုရားသခင် ကတိ​ပေးထားတဲ့ “ကောင်းကင်သစ်” ကို ကျွန်တော်တို့ စောင့်မျှော်နေ​ကြတယ်။—၂ ပေ. ၃:၁၃

ပေါလု​ပြောတဲ့ “ပရဒိသု” ကော။

“ပရဒိသု” ဆိုတဲ့ စကားလုံးက အဓိပ္ပာယ်​အမျိုးမျိုး ရှိ​နိုင်တယ်။ (၁) “ပရဒိသု” ဟာ လူသားတွေရဲ့ မူလ​စံအိမ် ဖြစ်တဲ့အတွက် ရောက်လာတော့မယ့် ပကတိ မြေကြီး​ပရဒိသုကို ဆိုလို​နိုင်တယ်။ (၂) ကမ္ဘာသစ်မှာ ဘုရား​လူမျိုး ရရှိမယ့် အထူး​ဆက်ဆံရေးကို ဆိုလို​နိုင်တယ်။ (၃) ကောင်းကင်မှာ တည်ရှိတဲ့ သိပ်​ကောင်းတဲ့​အခြေအနေ၊ ဗျာဒိတ် ၂:၇ မှာပါတဲ့ “ဘုရားသခင့်​ပရဒိသု” ကို ဆိုလို​နိုင်တယ်။—၂၀၁၅၊ ဇူလိုင် ၁၅ ရက်ထုတ် ကင်းမျှော်စင် စာ. ၅၊ ပိုဒ်. ၈ ကို​ကြည့်ပါ။

၂ ကောရိန္သု ၁၂:၄ မှာ မိမိ​ကြုံတွေ့​တာ​ကို ဖော်ပြတဲ့​အခါ အဲဒီ​သုံးချက်​စ​လုံး​ကို ပေါလု​ဆိုလို​နေတာ ဖြစ်နိုင်တယ်။

အကျဉ်းချုပ်–

၂ ကောရိန္သု ၁၂:၂ မှာပါတဲ့ “တတိယ​ကောင်းကင်” ဟာ ယေရှု​ခရစ်​နဲ့ ၁၄၄,၀၀၀ အုပ်ချုပ်တဲ့ မေရှိယနိုင်ငံ၊ “ကောင်းကင်သစ်” ဖြစ်ပုံရ​တယ်။— ၂ ပေ. ၃:၁၃

ဘုရား​နိုင်ငံဟာ သာလွန်​မြင့်မြတ်တဲ့ အုပ်ချုပ်မှု​ဖြစ်တဲ့အတွက် “တတိယ​ကောင်းကင်” ဖြစ်တယ်။

စိတ်အာရုံမှာ ပေါလု “ချီဆောင်​ခံခဲ့ရ” တဲ့ “ပရဒိသု” ဟာ (၁) မြေကြီးပေါ် တည်ရှိ​လာမယ့် ပကတိ​ပရဒိသု၊ (၂) အဲဒီအချိန်မှာ ရှိ​လာမယ့်၊ လက်ရှိ ပုံဆောင်​ပရဒိသု​ထက် ပို​ကြီးမားကျယ်ပြန့်​တဲ့ ပုံဆောင်​ပရဒိသု၊ (၃) ကမ္ဘာသစ်​နဲ့​အတူ ကောင်းကင်မှာ တစ်ချိန်​တည်း တည်ရှိမယ့် “ဘုရားသခင့်​ပရဒိသု” တို့ကို ဆိုလို​ပုံ​ရတယ်။

ဒါကြောင့် ကမ္ဘာသစ်ဟာ ကောင်းကင်သစ်​နဲ့ မြေကြီး​သစ် ပူးပေါင်း​ထားခြင်း ဖြစ်လိမ့်မယ်။ အဲဒါက ကောင်းကင်​နိုင်ငံ အစိုးရ​နဲ့ မြေကြီး​ပရဒိသုမှာ ယေဟောဝါကို ဝတ်​ပြုမယ့် လူသားထု​ပါဝင်တဲ့ အစီအစဉ်​သစ် ဖြစ်ပါလိမ့်မယ်။