မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘဝအတ္ထုပ္ပတ္တိ

ကျွန်တော်တို့ကို ‘ယေဟောဝါ ကြင်ကြင်နာနာ ဆက်ဆံတယ်’

ကျွန်တော်တို့ကို ‘ယေဟောဝါ ကြင်ကြင်နာနာ ဆက်ဆံတယ်’

ကျွန်တော်​နဲ့ ဇနီး ဒန်ယဲလ်ဟာ ဟိုတယ်​မှာ စာရင်း​ပေးနေ​တုန်း ဧည့်ကြို​က “နယ်ခြား​စောင့်​ရဲတွေ​ကို ဖုန်းဆက်​အကြောင်းကြား​ပေးပါ ဆရာ” လို့ ပြောတယ်။ ၁၉၇၀ ကတည်းက ကျွန်တော်တို့ရဲ့ လုပ်ငန်းကို ပိတ်ပင်​ထားတဲ့ အနောက်​အာဖရိက၊ ဂါဘွန်းကို ရောက်​တာ နာရီ​ပိုင်း​လောက်​ပဲ ရှိသေးတယ်။

အကင်းပါး​တဲ့ ဒန်ယဲလ်က “ရဲတွေ​ကို ခေါ်​မနေ​နဲ့​တော့။ ဟို​မှာ ရောက်နေပြီ” လို့ တိုးတိုး​လေး ပြောတယ်။ ချက်ချင်း ဟိုတယ်​ရှေ့ကို ကား​တစ်စီး ရောက်လာပြီး ကျွန်တော်တို့ နှစ်ယောက်စလုံး​ကို ဖမ်း​သွားတယ်။ ဒန်ယဲလ် အသိ​ပေးတာ မြန်​လို့ စာရွက်စာတမ်း​တချို့ကို ညီအစ်ကို​တစ်ယောက်​ဆီ အချိန်မီ အပ်​နိုင်ခဲ့တယ်။

သတ္တိ​ရှိပြီး ဘုရားကို​ချစ်တဲ့ ဇနီး​ရထားတာ သိပ်​ကောင်းတာ​ပဲ​လို့ ရဲစခန်း​ကို သွား​ရင်း စဉ်းစားနေ​မိတယ်။ ဒါဟာ ဒန်ယဲလ်နဲ့​အတူ ကြုံခဲ့​တဲ့ ဖြစ်ရပ်တွေ​ထဲ​က တစ်ခုပါပဲ။ ဟောပြောခြင်း​လုပ်ငန်း ပိတ်ပင်​ထားတဲ့ နိုင်ငံ​ကို ကျွန်တော်တို့ လည်ပတ်​ရတဲ့ အကြောင်းရင်းကို ရှင်းပြပါ​ရစေ။

အမှန်တရား နားလည်အောင် ယေဟောဝါ ကြင်နာစွာ ကူညီပေး

၁၉၃၀ ပြည့်နှစ်၊ ပြင်သစ်​မြောက်ပိုင်း ခွာ​မြို့ငယ်​လေးမှာ ကျွန်တော် မွေးလာတယ်။ မိသားစုက ကက်သလစ်​ဘာသာဝင်တွေပါ။ အပတ်​တိုင်း မစ္ဆား​ပွဲကို မိသားစု​လိုက် တက်​ကြတယ်။ အဖေက ချာ့ချ်​မှာ ထက်သန်တယ်။ ကျွန်တော် အသက် ၁၄ နှစ်မှာ ချာ့ချ်​ရဲ့ အရေခြုံ​ဟန်ဆောင်မှု​တစ်ခုကို တွေ့​လိုက်ရတယ်။

ဒုတိယ​ကမ္ဘာစစ်​အတွင်း ဂျာမန်​စစ်တပ်​တွေ ပြင်သစ်​ကို သိမ်း​လိုက်တဲ့အခါ ဘုန်းတော်ကြီး​က နာဇီနဲ့​ပူးပေါင်းတဲ့ ဗင်ချီ​အစိုးရကို ထောက်ခံဖို့ အားပေးတယ်။ သူ့​စကား​ကြောင့် ကျွန်တော်တို့ လန့်​သွားကြတယ်။ ပြင်သစ်​က လူအများစု​လို​ပဲ မဟာမိတ်​တွေ ထုတ်လွှင့်​တဲ့ ဘီဘီစီ ရေဒီယို​သတင်းကို ကျွန်တော်တို့ ခိုး​နားထောင်​ကြတယ်။ နောက်တော့ ဘုန်းတော်ကြီးက​ ဘက်​ပြောင်း​သွားပြီး ၁၉၄၄၊ စက်တင်ဘာလမှာ မဟာမိတ်​တွေ​အတွက် ကျေးဇူးတော်​ချီးမွမ်း​ပွဲ ကျင်းပ​ပေးတယ်။ ဒါကြောင့် ဘုန်းတော်ကြီးတွေကို ကျွန်တော် မယုံ​တော့​ဘူး။

စစ်​ပြီး​လို့ မကြာခင်မှာ အဖေ ဆုံးသွားတယ်။ အစ်မ​က အိမ်ထောင်​ကျ​ပြီး ဘယ်လ်ဂျီယံ​မှာ သွား​နေ​တော့ အမေကို​ ကြည့်ဖို့ ကျွန်တော့်​တာဝန် ဖြစ်လာတယ်။ အထည်​စက်ရုံ​မှာ အလုပ်​ရတယ်။ အလုပ်ရှင်​နဲ့ သူ့​သားတွေ​က ထက်သန်တဲ့ ကက်သလစ်​တွေ။ ဒီ​အလုပ်မှာ ကျွန်တော့်​အတွက် အလားအလာ​ကောင်း ရှိပေမဲ့ မကြာခင် စမ်းသပ်မှု ကြုံ​ရတော့မယ်။

သက်သေခံ ဖြစ်လာတဲ့ အစ်မ ဆီမုန်က ၁၉၅၃ မှာ ကျွန်တော်တို့​ဆီ လာလည်တယ်။ ငရဲ၊ သုံးပါး​ပေါင်း​တစ်ဆူ၊ ဝိညာဉ်​မသေနိုင် စတဲ့ ကက်သလစ်​သွန်သင်ချက်တွေ မှား​ကြောင်း ကျမ်းစာ​သုံးပြီး ပြော​ပြတယ်။ ကက်သလစ်​ကျမ်းစာကို မ​သုံး​ဘူးဆိုပြီး အစပိုင်းမှာ ကျွန်တော် စောဒကတက်​ပေမဲ့ သူပြောတာ မှန်​ကြောင်း သိလာတယ်။ နောက်ပိုင်း ကင်းမျှော်စင် အဟောင်း​တွေ ယူလာ​ပေး​တော့ ညဘက်​တွေ​မှာ ဖတ်​ဖြစ်တယ်။ အမှန်တရား​ဖြစ်မှန်း သဘောပေါက်​လာပေမဲ့ ယေဟောဝါ​ဘက် ရပ်တည်​ရင် အလုပ်ပြုတ်​မှာ စိုးရိမ်​မိတယ်။

ကျမ်းစာနဲ့ ကင်းမျှော်စင် ဆောင်းပါး​တွေကို လ​အတော်ကြာ ကိုယ့်ဘာသာကိုယ် ဆ​က်​လေ့လာတယ်။ နောက်ဆုံး နိုင်ငံတော်​ခန်းမ​ကို သွားဖို့ ဆုံးဖြတ်​လိုက်တယ်။ အသင်းတော်ရဲ့ မေတ္တာနဲ့ နွေးထွေးမှု​ကြောင့် စိတ်ထိမိ​သွားတယ်။ အတွေ့အကြုံရင့် ညီအစ်ကို​တစ်ယောက်နဲ့ ခြောက်လ​ကြာ ကျမ်းစာ​လေ့လာပြီး​နောက် ၁၉၅၄၊ စက်တင်ဘာ​မှာ နှစ်ခြင်းခံ​လိုက်တယ်။ မကြာခင် အမေနဲ့ ညီမလေးလည်း သက်သေခံ​ဖြစ်လာတာ မြင်ရလို့ ပျော်​လိုက်တာ။

အချိန်ပြည့်​လုပ်ငန်းမှာ ယေဟောဝါကို အားကိုးခြင်း

ကျွန်တော်​တက်ခွင့်​ရ​လိုက်တဲ့ ၁၉၅၈၊ နယူးယောက် အပြည်ပြည်ဆိုင်ရာ အစည်းအဝေးကြီး မတိုင်ခင် အပတ်​အနည်းငယ်​မှာ အမေ ဆုံးသွားတယ်။ ပြန်​ရောက်တော့ မိသားစု​တာဝန် မရှိတော့လို့ အလုပ်​ထွက်ပြီး ရှေ့ဆောင်​စ​လုပ်တယ်။ မကြာခင် ထက်သန်တဲ့ ရှေ့ဆောင် ညီအစ်မ ဒန်ယဲလ်နဲ့ စေ့စပ်​လိုက်ပြီး ၁၉၅၉၊ မေ​လ​မှာ လက်ထပ်ခဲ့​တယ်။

ဒန်ယဲလ်ဟာ အိမ်နဲ့​ဝေး​တဲ့ ဘရစ်တနီ​ ကျေးလက်​ဒေသမှာ အချိန်ပြည့် အမှုဆောင်​နေသူပါ။ အဲဒီ​ဒေသမှာ​ ကက်သလစ် ကျေးရွာ​တွေ​ဆီ စက်ဘီး​နဲ့​သွားပြီး သတ္တိရှိရှိ ဟောတယ်။ ကျွန်တော့်​လို​ပဲ အဆုံး​နီးပြီ​ဆိုတဲ့ အရေးကြီး​သဘောထား ရှိတယ်။ (မ. ၂၅:၁၃) သူ့ရဲ့ ကိုယ်ကျိုးစွန့်​စိတ်​က အချိန်ပြည့်​လုပ်ငန်းမှာ ကျွန်တော်တို့ ဆ​က်​ပါဝင်ဖို့ ကူညီ​ပေးတယ်။

လက်ထပ်​ပြီး ရက်​အနည်းငယ်​မှာ တိုက်နယ်​လုပ်ငန်းမှာ ပါဝင်ဖို့ တာဝန်​ရတယ်။ ဘဝကို ရိုးရိုးရှင်းရှင်း နေတတ်​လာတယ်။ ဦးဆုံး​လည်ပတ်​ခဲ့​တဲ့ အသင်းတော်မှာ ကြေညာသူ ၁၄ ယောက်​ပဲ​ရှိပြီး တည်း​စ​ရာ​နေရာ မပေးနိုင်​ကြ​လို့ နိုင်ငံတော်​ခန်းမရဲ့ စင်မြင့်​ပေါ်မှာ အိပ်ခဲ့​ရတယ်။ သက်သောင့်သက်သာ မရှိပေမဲ့ ခါး​အတွက်တော့ အတော်​ကောင်းတယ်။

ကားလေးနဲ့ အသင်းတော်တွေဆီ လည်ပတ်

အလုပ်များ​တဲ့ နယ်လှည့်​လုပ်ငန်းမှာ ဒန်ယဲလ် ကျင့်သား​ရအောင်  နေတတ်​လာတယ်။  အစီအစဉ်​မရှိဘဲ  အကြီးအကဲ အစည်း​အဝေးတွေ လုပ်​ရတဲ့အခါ​တိုင်း မ​ညည်းညူ​ဘဲ ကား​လေး​ထဲ စောင့်နေ​တတ်တယ်။ တိုက်နယ်​လုပ်ငန်းမှာ နှစ်နှစ်ပဲ လုပ်ခဲ့​ရတယ်။ အဲဒီနှစ်နှစ်​အတွင်း အိမ်ထောင်သည်​အနေနဲ့ ပွင့်ပွင့်လင်းလင်း ပြောဆိုဖို့၊ ပူးပေါင်း​လုပ်ဆောင်ဖို့ အရေးကြီး​မှန်း သိလာတယ်။​—ဒေ. ၄:၉

တာဝန်​အသစ်​မှာ ပျော်ရွှင်

၁၉၆၂ မှာ နယူးယောက်၊ ဘရွတ်ကလင်​မှာ ကျင်းပတဲ့ ၃၇ ကြိမ်​မြောက် ဆယ်​လ​ကြာ ဂိလဒ်​သင်တန်း တက်ဖို့ ဖိတ်ခေါ်​ခံရတယ်။ သင်တန်းသား ၁၀၀ ထဲမှာ မောင်နှံစုံ ၁၃ တွဲ​ပါတယ်။ ကျွန်တော်တို့ ဇနီးမောင်နှံ အတူ​တက်ခွင့်​ရလို့ ပျော်​လိုက်တာ။ ဖရက်ဒရစ် ဖရန့်စ်၊ ယူလီဇက် ဂလပ်စ်နဲ့ အလက်ဇန္ဒား အိတ်ချ် မက်မီလန်တို့လို ယုံကြည်ခြင်း​ခိုင်ခံ့​သူတွေနဲ့ ပေါင်း​ခွင့်​ရခဲ့​တာ​ကို အမှတ်​ရ​နေတုန်းပဲ။

ဂိလဒ်သင်တန်း အတူတက်ခွင့်ရလို့ အလွန်ပျော်

သင်တန်း​ကာလ​အတွင်း ကျွန်တော်တို့ရဲ့ အကဲခတ်​စွမ်းရည်ကို တိုးတက်အောင်​လုပ်ဖို့ အားပေး​ခံရတယ်။ စနေနေ့​မွန်းလွဲပိုင်း သင်တန်း​ချိန်​ပြီးနောက် နယူးယောက်​မြို့ကို လည်ပတ်​ကြည့်ရှု​တဲ့ အစီအစဉ်​ရှိတယ်။ ကျွန်တော်တို့ မြင်တွေ့ခဲ့​ရာတွေကို တနင်္လာ​နေ့​ကျရင် ရေးဖြေ​စစ်ဆေး​ကြ​မှာ။ စနေနေ့​ညနေပိုင်း ဗေသလ​ကို မော​မော​နဲ့ ပြန်​ရောက်လာလေ့​ရှိပေမဲ့ ဗေသလ​က စေတနာ့​ဝန်ထမ်း ဧည့်လမ်းညွှန်​က ရေးဖြေ​အတွက် အဓိက​အချက်တွေကို ပြန်​မှတ်မိ​အောင် မေးခွန်းတွေ မေးလေ့​ရှိတယ်။ စနေနေ့​တစ်ရက်​ မွန်းလွဲပိုင်း မြို့ထဲ​လျှောက်ပြီး နက္ခတ်တာရာ​ခန်းမ​ကို သွားလည်​ကြတယ်။ ဥက္ကာ​ပျံ၊ ဥက္ကာ​ခဲ​အကြောင်း လေ့လာ​ကြတယ်။ အမေရိကန် သဘာဝ​သမိုင်း ပြတိုက်​မှာ မိကျောင်း​ခေါင်း​တို​နဲ့ မိကျောင်းရဲ့ ကွာခြားချက်ကို လေ့လာ​ကြတယ်။ ဗေသလ​ကို ပြန်​ရောက်တဲ့အခါ ဧည့်လမ်းညွှန်​က “ဥက္ကာ​ပျံ​နဲ့ ဥက္ကာ​ခဲ ဘာကွာ​သလဲ” လို့ မေးတော့​ ဒန်ယဲလ်က ပင်ပန်း​နေ​တဲ့အတွက်​ “ဥက္ကာ​ခဲ​တွေရဲ့ သွား​က ပို​ရှည်တယ်” လို့ ဖြေလိုက်​တယ်။

အာဖရိကမှာရှိတဲ့ သစ္စာရှိ ညီအစ်ကို/မတွေဆီ လည်ပတ်ရတာ ပျော်စရာ

ကျွန်တော်တို့ ပြင်သစ်​ဌာနခွဲ​မှာ တာဝန်ကျ​လို့ အံ့ဩ​ခဲ့​ရတယ်။ အဲဒီမှာ ၅၃ နှစ်​ကျော် အမှုဆောင်ခဲ့ကြတယ်။ ၁၉၇၆ မှာ​ ဌာနခွဲ​ကော်မတီ​ညှိနှိုင်းရေးမှူး​အဖြစ် တာဝန်​ခန့်အပ်​ခံရတယ်။ ဟောပြောခြင်း​လုပ်ငန်း ပိတ်ပင်၊ ကန့်သတ်​ခံ​ထားရတဲ့ အာဖရိက​နဲ့ အရှေ့အလယ်ပိုင်း နိုင်ငံတွေ​ဆီ လည်ပတ်​ဖို့ တာဝန်​ရတယ်။ ဒီလိုနဲ့ ဆောင်းပါး​အစမှာ ဖော်ပြ​ထားတဲ့ ဂါဘွန်းကို ရောက်​ခဲ့​တာ။ အမှန်အတိုင်း ပြော​ရ​ရင် အဲဒီလို မမျှော်လင့်​ထားတဲ့ အရေးပေါ် အခြေအနေ​တွေ ကြုံရတဲ့​အခါ ဘာလုပ်​ရ​မှန်း​မသိ ဖြစ်နေ​တတ်တယ်။ ဒါပေမဲ့ ဒန်ယဲလ်ရဲ့ အကူအညီ​နဲ့ တာဝန်​တိုင်း​ကို အဆင်ပြေပြေ ကိုင်တွယ်​နိုင်ခဲ့တယ်။

၁၉၈၈၊ ပဲရစ်မြို့ “ဘုရားရေးရာ တရားမျှတမှု” အစည်းအဝေးကြီးမှာ ညီအစ်ကို သီအိုဒေါရ် ဂျဲရက်စ်ရဲ့ ဟောပြောချက်ကို ဘာသာပြန်ပေးနေ

စမ်းသပ်မှု​ကြီး​ကို အတူ​ရင်ဆိုင်

ဗေသလ​ဘဝကို ကျွန်တော်တို့ သိပ်​ကြိုက်တယ်။ ဂိလဒ်​သင်တန်း မ​တက်​ခင် ငါးလ​အလို​မှ အင်္ဂလိပ်​စကား သင်ယူ​ခဲ့​တဲ့ ဒန်ယဲလ်ဟာ သိပ်​တော်​တဲ့ ဘာသာပြန်​ဖြစ်လာတယ်။ ဗေသလ​အလုပ်မှာ ပျော်​သလို အသင်းတော်​နဲ့ ပူးပေါင်း​ရလို့ ပို​ပျော်တယ်။ တစ်ခေါက် ည​ဉ့်​နက်​ကြီး​မှာ ဒန်ယဲလ်နဲ့​အတူ ပဲရစ်​မြို့ မြေအောက်​ရထား စီး​ခဲ့​ကြ​တာ မှတ်မိ​သေးတယ်။ ပင်ပန်းပေမဲ့ တိုးတက်​နေတဲ့ သင်သားတွေကို ကျမ်းစာသင်​ပေး​ရလို့ သိပ်​ပျော်တယ်။ ဝမ်းနည်းစရာက ဒန်ယဲလ် ရုတ်တရက် ကျန်းမာရေး ချို့တဲ့​လာတဲ့​အတွက် အရင်​လို အမှု​မဆောင်နိုင်​တော့​ဘူး။

၁၉၉၃ မှာ ဒန်ယဲလ် ရင်​သား​ကင်ဆာ​ ရှိ​မှန်း သိလိုက်​ရတယ်။ ခွဲစိတ်​ရတယ်။ ကင်ဆာ​ဆေး သွင်း​ရတယ်။ ကုသမှု​က ပြင်းတယ်။ ၁၅ နှစ်​အကြာမှာ ကင်ဆာ ပြန်​ပေါ်လာတယ်။ ဒီ​တစ်ခါ ပို​ဆိုးတယ်။ ဒါပေမဲ့ ဘာသာပြန်​အလုပ်ကို သိပ်​မြတ်နိုးတဲ့​အတွက် နည်းနည်း ထူထူထောင်ထောင် ဖြစ်တာ​နဲ့ အလုပ်​ပြန်​လုပ်တယ်။

အတော်​နေမကောင်း​ဖြစ်ပေမဲ့ ဗေသလ​က​ထွက်​ဖို့ ကျွန်တော်တို့ တစ်ခါ​မှ မစဉ်းစားခဲ့​ဘူး။ ဒါပေမဲ့ ဗေသလ​မှာ နေမကောင်း​ဖြစ်​ရတာ မလွယ်​ပါဘူး။ အထူးသဖြင့် ကိုယ့်​အခြေအနေ ဘယ်လောက်​ဆိုး​မှန်း တခြား​သူတွေ မသိတဲ့​အခါမှာ​ပေါ့။ (ပညာ. ၁၄:၁၃) အသက် ၈၀ နား နီး​နေတာ​တောင် မျက်နှာ​ချို​ပြီး ကျက်သ​ရေ​ရှိတဲ့ ဒန်ယဲလ်ဟာ လူ​မမာ​လို့ မထင်​ရ​ဘူး။ သူ့ကိုယ်သူ သနား​နေမယ့်​အစား တခြား​သူတွေကို ကူညီ​ပေးတယ်။ နားထောင်ပေး​တာ​က ဒုက္ခ​ရောက်နေတဲ့​သူတွေကို စိတ်သက်သာ​စေ​မှန်း သူ​သိတယ်။ (ပညာ. ၁၇:၁၇) ဆရာဝန်​လောက်​တော့ မတတ်ကျွမ်း​ပေမဲ့ ကင်ဆာ​ရောဂါ​ကို မကြောက်ဖို့ ညီအစ်မ​တွေကို ကိုယ့်​အတွေ့အကြုံ​နဲ့ ကူညီ​အားပေးတယ်။

အခက်အခဲ​သစ်​တွေ ထပ်​ကြုံရ​သေးတယ်။ အချိန်ပြည့် အလုပ်​မ​လုပ်နိုင်​တော့​ပေမဲ့ ကျွန်တော့်ကို နည်းအမျိုးမျိုးနဲ့ ထောက်မ​ပေးတယ်။ သူ ကူညီ​လို့​သာ ကျွန်တော်ဟာ ဌာနခွဲ​ကော်မတီ ညှိနှိုင်းရေးမှူး​အဖြစ် ၃၇ နှစ်​ကြာ အမှုဆောင်​နိုင်​ခဲ့​တာ။ ဥပမာ၊ နေ့တိုင်း ကိုယ့်​အခန်းမှာ နေ့လယ်​စာ စား​ပြီး ခဏနား​နိုင်အောင် အဆင်သင့် ပြင်​ထား​ပေးတယ်။—ပညာ. ၁၈:၂၂

စိုးရိမ်​ပူပန်မှုတွေကို ကိုင်တွယ်​ဖြေရှင်းခြင်း

ဒန်ယဲလ်မှာ အကောင်းမြင်​စိတ် ရှိတယ်။ အသက်ကို တန်ဖိုး​ထားတယ်။ ကင်ဆာ​ရောဂါ တတိယ​အကြိမ် ပြန်​ပေါ်လာ​ချိန်မှာတော့ ကျွန်တော်တို့ ဘာမှ မတတ်နိုင်​တော့​သလို ခံစား​ရတယ်။ ကင်ဆာ​ဆေး​နဲ့ ဓာတ်​ရောင်ခြည်​ကုထုံး​တွေ​ကြောင့် အားယုတ်​ပြီး တစ်ခါတလေ လမ်း​တောင် မလျှောက်​နိုင်ဘူး။ သိပ်​တော်​တဲ့ ဘာသာပြန်​တစ်ယောက်က ပြော​ချင်တဲ့​စကားလုံး ရှာ​မရ ဖြစ်နေတာကို မြင်ရလို့ ကျွန်တော် ရင်​ကွဲ​မတတ် ခံစား​ရတယ်။

ဘာမှ မတတ်နိုင်​ဘူးလို့ ခံစား​ရပေမဲ့ ယေဟောဝါ​က ကျွန်တော်​တို့ ခံနိုင်​တာ​ထက် ပို​ခွင့်မပြု​ဘူးဆိုတဲ့ ယုံကြည်​စိတ်နဲ့ အမြဲ ဆုတောင်းခဲ့တယ်။ (၁ ကော. ၁၀:၁၃) ဗေသလ ဆေး​ဝန်ထမ်း​တွေရဲ့ အကူအညီ၊ ကျမ်းစာနဲ့ ညီအစ်ကို/မ​တွေရဲ့ ထောက်မမှုကို ကျေး​ဇူ​တင်​လို့ မဆုံး​ဘူး။

ဘယ်​ကုထုံး​က  သင့်တော်​သလဲ​ဆိုတာ  လမ်းညွှန်​ပေးပါလို့ ယေဟောဝါ​ဆီ ဆု​တောင်းလေ့ရှိတယ်။ ဘာ​ကုသမှု​မှ မယူ​တဲ့အချိန် ရှိခဲ့တယ်။ ၂၃ နှစ်​ကြာ ကုပေး​တဲ့ ဆရာဝန်​တောင် ကင်ဆာ​ဆေး​သွင်း​ပြီး​တိုင်း ဒန်ယဲလ် ဘာကြောင့် သတိလစ်​သွား​မှန်း အဖြေရှာ​မရဘူး။ ကုထုံး​နောက်​တစ်မျိုး​ကိုလည်း မ​ညွှန်း​ပေးနိုင်​ဘူး။ ကူကယ်​ရာ​မဲ့သလို ခံစားခဲ့​ရတယ်။ ဘာ​ဖြစ်လာမလဲ​လို့ တွေးပူ​ခဲ့​ရတယ်။ အဲဒီအချိန်မှာ ကင်ဆာ​ဆရာဝန် နောက်​တစ်ယောက်က ကုပေး​ဖို့ သဘောတူတယ်။ စိုးရိမ်မှုတွေကို ဖြေရှင်း​နိုင်ဖို့ လွတ်မြောက်​ရာ​လမ်း​ကို ယေဟောဝါ ပြင်ဆင်​ပေးလိုက်​သလို​ပါပဲ။

‘နေ့ရက်တိုင်းဟာ သူ့​စိုးရိမ်​စ​ရာ​နဲ့​သူ ရှိနေမယ်’ လို့ ယေရှု ပြော​သလို တစ်နေ့​တာ​ရဲ့ ပူပန်စရာ​ကို ဖြေရှင်း​နိုင်ဖို့​ပဲ ကျွန်တော်တို့ ကြိုးစားတယ်။ (မ. ၆:၃၄) အပြုသဘော​နဲ့ ဟာသဉာဉ် ရှိတာကလည်း အကူအညီ​ဖြစ်တယ်။ နှစ်​လ​လောက် ကင်ဆာ​ဆေး မသွင်း​ရတော့ “အခု​လောက် နေလို့​ကောင်းတာ တစ်ခါ​မှ မရှိဖူးဘူး” လို့ မ​ပွင့်​တ​ပွင့် ပြုံး​ပြီး ဒန်ယဲလ် ပြော​ရှာတယ်။ (ပညာ. ၁၇:၂၂) နာကျင်​နေတဲ့​ကြား​က နိုင်ငံတော်​သီချင်း​အသစ်တွေ အားပါးတရ သီဆို လေ့ကျင့်​တာ​ကို သဘော​ကျတယ်။

သူ့ရဲ့ အကောင်းမြင်​စိတ်​က ကျွန်တော့်ရဲ့ အားနည်းချက်​ကို ကိုင်တွယ်​နိုင်အောင် ကူညီ​ပေးတယ်။ ရိုးရိုးသားသား​ပြော​ရ​ရင် အိမ်ထောင်သက် ၅၇ နှစ်လုံး ကျွန်တော့် လိုအပ်ရာ​အမျိုးမျိုးကို သူ ဖြည့်ဆည်း​ပေးခဲ့တာ။ ကြက်​ဥ​ကြော်​နည်း​တောင် ကျွန်တော့်ကို မသင်​ပေး​ဘူး။ ဒါကြောင့် သူ နေမကောင်း​ဖြစ်​တော့ ပန်းကန်​ဆေး၊ အဝတ်​လျှော်၊ ချက်ပြုတ်​တတ်အောင် သင်ယူ​ခဲ့​ရတယ်။ ကျွန်တော့်​ကြောင့် ဖန်ခွက်​တချို့ ကွဲ​သွား​ပေမဲ့ သူ​ပျော်​အောင် လုပ်ပေး​ရတာကို သိပ်​ကြည်နူးတယ်။ *

ယေဟောဝါရဲ့ ကြင်နာမှု​ကြောင့် ကျေးဇူးတင်

နောက်ကြောင်း ပြန်​ကြည့်လိုက်တဲ့​အခါ ကျန်းမာရေး မကောင်းတာ၊  အသက်ကြီး​တာ​တွေ​ကနေ  သင်ခန်းစာ​တွေ  ရခဲ့တယ်။ ပထမ၊ ချစ်​ရတဲ့ အိမ်ထောင်ဖက်​ကို မေတ္တာ​မပြ​နိုင်တဲ့​အထိ အလုပ်​မများ​သင့်​ဘူး။ ကျန်းမာသန်စွမ်း​နေချိန်မှာ ချစ်ရ​သူတွေကို ဂရုစိုက်​စောင့်ရှောက်​ရမယ်။ (ဒေ. ၉:၉) ဒုတိယ၊ နေ့စဉ် ကောင်းချီးတွေကို မမြင်နိုင်​တော့​တဲ့​အထိ အသေးအဖွဲ​ကိစ္စ​တွေ​အတွက် အစိုး​ရိမ် မလွန်​သင့်​ဘူး။—ပညာ. ၁၅:၁၅

အချိန်ပြည့်​လုပ်ငန်းမှာ ပါဝင်​ခဲ့​တဲ့ အသက်တာကို ပြန်​တွေးကြည့်​တဲ့အခါ ယေဟောဝါရဲ့ ကောင်းချီးတွေကို မထင်မှတ်​ထားတဲ့ နည်းတွေနဲ့ ခံစားခဲ့​ရတယ်။ ‘ကျွန်တော့်ကို ယေဟောဝါ ကြင်ကြင်နာနာ ဆက်ဆံတယ်’ လို့ ပြောခဲ့တဲ့ ဆာလံ​ဆရာလို ခံစားရ​ပါတယ်။—ဆာ. ၁၁၆:၇

^ အပိုဒ်၊ 32 ဒီ​ဆောင်းပါး ပြင်ဆင်​နေတုန်း အသက် ၇၈ နှစ်မှာ ညီအစ်မ ဒန်ယဲလ် ကွယ်လွန်​သွားတယ်။