မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လူငယ်တို့၊ ကျေနပ်ပျော်ရွှင်တဲ့ ဘဝကို ပိုင်ဆိုင်နိုင်

လူငယ်တို့၊ ကျေနပ်ပျော်ရွှင်တဲ့ ဘဝကို ပိုင်ဆိုင်နိုင်

“ကိုယ်တော်​ကြောင့် အသက်​လမ်း​ကို ကျွန်တော် သိရှိ​ရတယ်။”—ဆာ. ၁၆:၁၁

သီချင်း– ၁၃၃၊ ၈၉

၁၊ ၂။ ဘဝမှာ ပြောင်းလဲဖို့ ဖြစ်နိုင်ကြောင်း တိုနီရဲ့ ဖြစ်ရပ်က ဘယ်လို​ ဖော်ပြသလဲ။

တို​နီ​ဆိုတဲ့ ဖတဆိုး​ကျောင်းသားလေးဟာ အထက်တန်း​ကျောင်း​ကနေ ထွက်​ဖို့ စဉ်းစားနေတယ်။ ကျောင်းစာ​ကို စိတ်မဝင်စား​ဘူး။ စ​နေ၊ တနင်္ဂနွေ​နေ့​တွေ​ဆို ရုပ်ရှင်​ကြည့်လိုက်၊ သူငယ်ချင်းတွေ​နဲ့ လျှောက်လည်လိုက်​နဲ့။ ရန်ဖြစ်၊ ဆေးစွဲ​နေတာ မဟုတ်ပေမဲ့ ဘဝ​ရည်ရွယ်ချက် မဲ့​နေတာ။ ဘုရား ရှိတာ​ကိုလည်း မယုံ​ဘူး။ တစ်နေ့ သက်သေခံ​မောင်နှံ​နဲ့ တွေ့ပြီး မေးခွန်းတွေ မေးခဲ့တယ်။ သူတို့က သက်ရှိ​များ​၏ မူလအစ—မေးသင့်​မေးထိုက်သော မေးခွန်း​ငါးခု၊ သက်ရှိ​များသည် ဖန်ဆင်း​ခံရခြင်းလော ဆိုတဲ့ ဘရိုရှာ​နှစ်စောင် ပေးခဲ့တယ်။

သက်သေခံ​မောင်နှံ ပြန်လည်ပတ်​တဲ့အခါ တို​နီ စိတ်ပြောင်း​လဲ​နေပြီ။ စာစောင်​တွေကို ဖတ်​လွန်း​လို့ စာရွက်​တွေ​တောင် ကြေ​နေပြီ။ “ဘုရားသခင် ရှိရမယ်” လို့ တို​နီ ပြောတယ်။ ကျမ်းစာ​လေ့လာမှု လက်ခံ​ပြီး တဖြည်းဖြည်း ဘဝ​အမြင် ပြောင်း​သွားတယ်။ စာ​ညံ့​တဲ့ တို​နီ​ဟာ စာ​အတော်​ဆုံး ကျောင်းသား​ဖြစ်လာတယ်။ ကျောင်းအုပ်​က​တောင် “မင်းရဲ့ စိတ်ဓာတ်​တွေ ပြောင်း​ပြီး အဆင့်​တွေ တက်လာ​တာ ယေဟောဝါသက်သေတွေ​နဲ့ ပေါင်းလို့လား” လို့ တ​အံ့​တ​ဩ မေးတယ်။ တို​နီ​က ဟုတ်တယ်လို့ ဖြေပြီး ကောင်းကောင်း သက်သေခံ​လိုက်တယ်။ အခု​ဆို အထက်တန်း​ကျောင်း ပြီး​လို့ မှန်မှန်ရှေ့ဆောင်၊ အသင်းတော်​အမှုထမ်း​အဖြစ် အမှုဆောင်​နေပြီ။ သိပ်​ကောင်းတဲ့​ဖခင် ယေဟောဝါကို ရထားလို့ ပျော်ရွှင်​နေတယ်။—ဆာ. ၆၈:၅

ယေဟောဝါကို နာခံ​ရင် အောင်မြင်မယ်

၃။ လူငယ်တွေကို ယေဟောဝါ ဘာ​အကြံပေး​ထားသလဲ။

တိုနီရဲ့​ဖြစ်ရပ်က လူငယ်တွေကို ယေဟောဝါ စိတ်ဝင်စား​ကြောင်း ဖော်ပြတယ်။ သင့်ကို စစ်မှန်တဲ့ အောင်မြင်မှု​နဲ့ ကျေနပ်ဖွယ်​ကောင်းတဲ့ ဘဝ ပိုင်ဆိုင်​စေချင်တယ်။ ဒါကြောင့် “လူငယ်​ဘဝမှာ ကြီးမြတ်တဲ့ ဖန်ဆင်းရှင်ကို သတိရပါ” လို့ အကြံ​ပေးထားတယ်။ (ဒေ. ၁၂:၁) ဒီနေ့​ခေတ်မှာ အဲဒီလို​လုပ်ဖို့ အမြဲ​မလွယ်​ပါဘူး။ ဒါပေမဲ့ လုပ်နိုင်ပါတယ်။ ဘုရားသခင့် အကူအညီ​နဲ့ လူငယ်​ဘဝမှာ​သာမက ဘဝတစ်လျှောက်လုံး အောင်မြင်​နိုင်ပါတယ်။ ကတိထားရာပြည်​ကို အောင်မြင်ခဲ့တဲ့ အစ္စရေး​တွေ၊ ဂေါလျတ်ကို ရင်ဆိုင်ခဲ့​တဲ့ ဒါဝိဒ်​ဆီကနေ ဘာ​သင်ယူနိုင်တယ်​ဆိုတာ သုံးသပ်​ကြည့်ကြစို့။

၄၊ ၅။ ခါနန်​လူတွေကို အောင်မြင်ခဲ့တဲ့ အစ္စရေး​တွေ၊ ဂေါလျတ်ကို ရင်ဆိုင်ခဲ့​တဲ့ ဒါဝိဒ်​ဆီကနေ ဘယ်​အဖိုးတန် သင်ခန်းစာ သင်ယူ​နိုင်သလဲ။ (ဆောင်းပါး​အစမှာ​ပါတဲ့ ပုံကို ကြည့်ပါ။)

အစ္စရေး​တွေ ကတိထားရာပြည်​ထဲ ဝင်ခါနီးမှာ တိုက်ရည်ခိုက်ရည် ကျွမ်းကျင်​အောင် စစ်ရေး လေ့ကျင့်​ဖို့ ဘုရား မ​မိန့်မှာ​ဘူး။ (တရား. ၂၈:၁၊ ၂) ပညတ်​တွေကို နာခံဖို့၊ ဘုရားကို ယုံကြည်​ကိုးစား​ဖို့​ပဲ မှာတယ်။ (ယောရှု ၁:၇-၉) လူ့​အမြင်အရ ကြည့်ရင် အဲဒီ​အကြံဉာဏ်ဟာ အဓိပ္ပာယ် မရှိဘူး။ ဒါပေမဲ့ ခါနန်​တွေကို တိုက်ခိုက်​ရာ​မှာ ယေဟောဝါ ဆက်တိုက် အောင်ပွဲရ​စေတဲ့​အတွက် အကောင်းဆုံး အကြံဉာဏ်​ဖြစ်ခဲ့တယ်။ (ယောရှု ၂၄:၁၁-၁၃) ဘုရားကို နာခံဖို့ ယုံကြည်ခြင်း လိုအပ်တယ်။ ယုံကြည်ခြင်းက အမြဲ အောင်မြင်​စေတယ်။ အချိန်တွေ ပြောင်းလဲသွား​ပေမဲ့ အဲဒီ​အမှန်​တရားဟာ ဒီနေ့​အထိ မပြောင်းလဲပါဘူး။

စစ်သူကြီး ဂေါလျတ်ဟာ အရပ် ကိုးပေ​ခွဲ မြင့်​ပြီး လက်နက်​အပြည့်အစုံ ရှိတယ်။ (၁ ရှ. ၁၇:၄-၇) ဒါဝိဒ်​မှာ​တော့ လောက်​လွှဲ​နဲ့ ယေဟောဝါကို ယုံကြည်ခြင်း​ပဲ ရှိတယ်။ ယုံကြည်ခြင်း မရှိသူတွေ အမြင်မှာ ဒါဝိဒ် သိပ်​မိုက်မဲ​တယ်။ တကယ်တော့ ဂေါလျတ်​က​သာ မိုက်မဲတာပါ။—၁ ရှ. ၁၇:၄၈-၅၁

၆။ အခု ဘာ​အကြောင်း ဆွေးနွေးကြမလဲ။

ဘဝကို ပျော်ရွှင်​အောင်မြင်​စေတဲ့ အချက်လေး​ချက်​ကို ရှေ့​ဆောင်းပါး​မှာ ဆွေးနွေးခဲ့​တယ်။ ဘုရားရေးရာ လိုအပ်ချက်​ကို ဖြည့်ဆည်းခြင်း၊ ဘုရားပေး မိတ်ဆွေတွေကို တန်ဖိုး​ထားခြင်း၊ အကျိုး​ရှိတဲ့ ပန်းတိုင်တွေ ချမှတ်ခြင်း၊ ဘုရား​လူမျိုး​အဖြစ် လွတ်လပ်မှုကို မြတ်နိုးခြင်း​တို့​ဖြစ်တယ်။ အခု ဆာလံ ၁၆ မှာပါတဲ့ မူ​တချို့ကို ဆွေးနွေးကြစို့။

ဘုရားရေးရာ လိုအပ်ချက်​ကို ဖြည့်ဆည်းပါ

၇။ (က) ဘုရားတရား​စိတ်ဓာတ်ရှိ​သူကို သင် ဘယ်လို ဖော်ပြ​မလဲ။ (ခ) ဒါ​ဝိဒ်ရဲ့ “ဝေစု” က ဘာလဲ။ အဲဒီကနေ သူ​ဘယ်လို အကျိုး​ရသလဲ။

ဘုရားတရား​စိတ်ဓာတ်ရှိ​သူဟာ ဘုရားကို ယုံကြည်တယ်။ ကိစ္စရပ်​တွေကို ဘုရား ရှုမြင်သလို ရှုမြင်တယ်။ ဘုရားရဲ့​လမ်းညွှန်မှုကို ရှာပြီး နာခံတယ်။ (၁ ကော. ၂:၁၂၊ ၁၃) ဒါဝိဒ်ဟာ ပုံသက်သေကောင်း​ပါပဲ။ “ယေဟောဝါဟာ ကျွန်တော်​ရတဲ့ ဝေစု၊ ကျွန်တော်​ရတဲ့ ခွဲတမ်း၊ ကျွန်တော်​သောက်​တဲ့ ခွက်​ပဲ” လို့ သီဆိုခဲ့တယ်။ (ဆာ. ၁၆:၅) အဲဒီ “ဝေစု” ထဲမှာ သူ​ခိုလှုံ​တဲ့ ဘုရားနဲ့ ဆက်ဆံရေး​ကောင်း ရှိ​ခြင်း ပါဝင်​တယ်။ (ဆာ. ၁၆:၁) ရလဒ်အနေနဲ့ “ကျွန်တော် အတိုင်းမသိ ရွှင်လန်း​နေတယ်” လို့ ဒါဝိဒ် ပြောတယ်။ မှန်ပါတယ်။ ဘုရားနဲ့ ရင်းနှီး​တာ​ထက် ဒါဝိဒ်​ကို ပို​ပျော်ရွှင်​စေ​တာ မရှိတော့​ပါဘူး။ဆာလံ ၁၆:၉၊ ၁၁ ကိုဖတ်ပါ။

၈။ ဘာတွေ​က ကျေနပ်ဖွယ်​ကောင်းတဲ့ ဘဝကို ရစေ​သလဲ။

ဘဝမှာ အပျော်အပါး၊ စည်းစိမ်​ချမ်းသာ​ကို အဓိက​ထားသူတွေဟာ ဒါဝိဒ် ခံစား​ရတဲ့ ရွှင်လန်းမှု​ကို မရကြဘူး။ (၁ တိ. ၆:၉၊ ၁၀) “စစ်မှန်တဲ့ ကျေနပ်မှု​ဆိုတာ ကိုယ်​ရရှိတဲ့​အရာတွေ​အပေါ် မ​မူတည်​ဘူး။ ကောင်းမြတ်တဲ့ ဆုကျေးဇူး မှန်သမျှ​ရဲ့​အရှင် ယေဟောဝါ​ဘုရားကို ပေးတဲ့​အရာ​အပေါ် မူတည်တယ်” လို့ ကနေဒါက ညီအစ်ကို​တစ်ယောက် ပြောတယ်။ (ယာ. ၁:၁၇) ယေဟောဝါကို ယုံကြည်ခြင်း၊ ဘုရား အမှုဆောင်ခြင်းက ဘဝကို အဓိပ္ပာယ်​ရှိစေတယ်။ ကျေနပ်မှု ရစေတယ်။ ယုံကြည်ခြင်း တိုးများ​အောင် သင် ဘာ​လုပ်နိုင်သလဲ။ ကျမ်းစာ ဖတ်ရှုခြင်း၊ ဖန်ဆင်းရာတွေကို ကြည့်ရှုခြင်း၊ သင့်ကို​ချစ်တဲ့ မေတ္တာ​အပါအဝင် ဘုရား​အရည်အသွေးတွေ​အကြောင်း စဉ်းစားခြင်း​အားဖြင့် ဘုရားအတွက် အချိန်ပေး​ရမယ်။—ရော. ၁:၂၀။ ၅:၈

၉။ ကျမ်းစာရဲ့ ပုံသွင်းမှု​ကို ဘယ်လို ခွင့်ပြု​နိုင်သလဲ။

ဘုရားသခင်က တစ်ခါတလေ ဖခင်​တစ်ယောက်လို ဆုံးမခြင်း​အားဖြင့် မေတ္တာ​ပြလေ့​ရှိတယ်။ အဲဒီလို​ဆုံးမမှုကို ဒါဝိဒ် လက်ခံတယ်။ “အကြံဉာဏ်​ပေးတဲ့ ယေဟောဝါကို ချီးမွမ်း​မယ်။ ည​အချိန်မှာ အနက်ရှိုင်းဆုံး ခံစားချက်တွေ​က ကျွန်တော့်ကို တည့်မတ်​ပေးတယ်” လို့ ပြောတယ်။ (ဆာ. ၁၆:၇) ဘုရားရဲ့ အတွေးအခေါ်​ကို တွေးတော​ဆင်ခြင်ပြီး ဘုရား​အတွေးအခေါ်​မျိုး ရှိအောင် သူ​ကြိုးစားတယ်။ မိမိကို ဘုရား​အတွေးအခေါ် ပုံသွင်း​ဖို့ ခွင့်ပြုခဲ့တယ်။ သင်လည်း အဲဒီလို​လုပ်မယ်ဆိုရင် ဘုရားကို ချစ်တဲ့ မေတ္တာ၊ နာခံ​ချင်စိတ် တိုးများ​လာမယ်။ ရင့်ကျက်တဲ့ ခရစ်ယာန် ဖြစ်လာမယ်။ “ရှာဖွေ​လေ့လာပြီး တွေးတော​ဆင်ခြင်တဲ့​အခါ ကိုယ့်​အတွက်​များ ဘုရားသခင် ရေးထား​သလား​လို့ ထင်ရတယ်” ဆိုပြီး ညီအစ်မ ခရစ်စတင်း ပြောတယ်။

၁၀။ ဟေရှာယ ၂၆:၃ အရ ဘုရားရေးရာ​အမြင် ရှိ​ခြင်းက ဘာ​အကျိုး​တွေ ရစေ​သလဲ။

၁၀ ဘဝမှာ ဘုရားရေးရာ​အမြင် ရှိ​ခြင်းက အသိပညာ၊ ထိုးထွင်း​ဉာဏ် ရှိစေတယ်။ ဒီ​လောက​နဲ့ အနာဂတ်ကို ဘုရား ရှုမြင်သလို ရှုမြင်​စေတယ်။ ဘုရား ဘာကြောင့် အသိပညာနဲ့ ထိုးထွင်း​ဉာဏ် ပေးထား​တာလဲ။ ဘဝမှာ မှန်ကန်တဲ့ ဦးစားထားရာ​တွေ ချမှတ်​စေ​ချင်​လို့၊ ပညာရှိ ဆုံးဖြတ်ချက်တွေ ချ​စေ​ချင်​လို့၊ အနာဂတ်ကို ယုံကြည်​စိတ်ချမှု​အပြည့်​နဲ့ စောင့်မျှော်​စေချင်လို့ပါ။ (ဟေရှာယ ၂၆:၃ ကိုဖတ်ပါ။) “ယေဟောဝါနဲ့ ရင်းနှီးခြင်းက အရာရာကို အမြင်မှန် ရှိစေတယ်” လို့ အမေရိကန်​နိုင်ငံက ညီအစ်ကို ဂျော်ရွှာ ပြောတယ်။ မှန်​လိုက်တာ။

မိတ်ဆွေစစ်​တွေ ဖွဲ့ပါ

၁၁။ မိတ်ဆွေစစ်​ဖွဲ့ခြင်း​ရဲ့ လျှို့ဝှက်ချက်​ကို ဒါဝိဒ် ဘယ်လို ဖော်ပြသလဲ။

၁၁ ဆာလံ ၁၆:၃ ကိုဖတ်ပါ။ မိတ်ဆွေစစ်​တွေ ရနိုင်တဲ့ လျှို့ဝှက်ချက်​ကို ဒါဝိဒ် သိတယ်။ ယေဟောဝါကို ချစ်တဲ့​သူတွေနဲ့ ပေါင်းသင်း​ရလို့ သူ “ပျော်ရွှင်​ကြည်နူး” တယ်။ “သန့်ရှင်း​သူတွေ” လို့ ပြော​ထားတဲ့​အတွက် သူတို့ဟာ ကိုယ်ကျင့်တရား စင်ကြယ်သူ၊ ဖြောင့်မှန်​သူတွေ ဖြစ်တယ်။ မိတ်ဆွေ ရွေးချယ်တာနဲ့​ပတ်သက်ပြီး ဒါဝိဒ်​က “ကျွန်တော်ဟာ ကိုယ်တော့်​ကို ကြောက်ရွံ့ရိုသေသူတွေ၊ အမိန့်တော် စောင့်ထိန်း​သူတွေရဲ့ မိတ်ဆွေ​ပါပဲ” လို့ ရေးတယ်။ (ဆာ. ၁၁၉:၆၃) ရှေ့​ဆောင်းပါး​မှာ တွေ့ခဲ့​တဲ့​အတိုင်း သင်လည်း ယေဟောဝါကို ကြောက်ရွံ့​နာခံသူ​တွေ​အလယ်မှာ မိတ်ဆွေစစ်​တွေ တွေ့​နိုင်ပါတယ်။ အဲဒီ​ထဲမှာ အသက်အရွယ် အမျိုးမျိုး ပါဝင်​နိုင်တယ်။

၁၂။ ဒါဝိဒ်​နဲ့ ယောနသန်ရဲ့ ရင်းနှီးမှု​က ဘယ်​အပေါ် အခြေခံ​သလဲ။

၁၂ ဒါဝိဒ်ဟာ ရွယ်တူတွေ​နဲ့​ပဲ မိတ်ဆွေ မ​ဖွဲ့​ခဲ့​ဘူး။ ဒါ​ဝိဒ်ရဲ့ အရင်းနှီးဆုံး​မိတ်ဆွေ ဖြစ်လာတဲ့ “ကြီးမြတ်သူ” ရဲ့ နာမည်ကို သင် မှတ်မိသလား။ ယောနသန်ပါ။ သူတို့ရဲ့ မိတ်ဆွေ​နှောင်ကြိုး​အကြောင်း ကျမ်းစာမှာ ရေးဖွဲ့​ထားတယ်။ ယောနသန်ဟာ ဒါဝိဒ်​ထက် အသက် ၃၀ ပို​ကြီး​တာ သင် သိသလား။ သူတို့ရဲ့ ရင်းနှီးမှု​ဟာ ဘယ်​အပေါ် အခြေခံ​သလဲ။ ဘုရားကို ယုံကြည်ခြင်း၊ အချင်းချင်း လေးစားခြင်း၊ ဘုရားသခင့် ရန်သူတွေကို သတ္တိရှိရှိ တိုက်ခိုက်​တာ​ကို မြင်တွေ့ခြင်းတို့​အပေါ် အခြေခံတယ်။—၁ ရှ. ၁၃:၃။ ၁၄:၁၃။ ၁၇:၄၈-၅၀။ ၁၈:၁

၁၃။ မိတ်ဆွေ​တိုးများ​အောင် ဘယ်လို လုပ်နိုင်မလဲ။ ဥပမာ​ပေးပါ။

၁၃ ဒါဝိဒ်​နဲ့ ယောနသန်​လို​ပဲ ကျွန်တော်တို့လည်း ယေဟောဝါကို ချစ်​ပြီး ယုံကြည်တဲ့​သူတွေကို ချစ်​မြတ်နိုးခြင်းက​နေ “ပျော်ရွှင်​ကြည်နူး” မှု ရရှိ​ကြတယ်။ နှစ်ပေါင်းများစွာ ဘုရား​အမှုဆောင်ခဲ့တဲ့ ကီရာက “နောက်ခံ၊ ယဉ်ကျေးမှု မတူတဲ့ ကမ္ဘာ​တစ်ဝန်း​က ညီအစ်ကို/မ​တွေ​နဲ့ မိတ်ဆွေဖွဲ့​ထားတယ်” လို့ ပြောတယ်။ သင်လည်း အဲဒီလို မိတ်ဆွေ​တိုးများ​အောင် လုပ်မယ်ဆိုရင် ကျမ်းစာနဲ့ စွမ်းအားတော်ရဲ့ စည်းလုံးစေ​နိုင်စွမ်း​ကို မြင်ရ​ပါလိမ့်မယ်။

အကျိုး​ရှိတဲ့ ပန်းတိုင်တွေ ချပါ

၁၄။ (က) အကျိုး​ရှိတဲ့ ပန်းတိုင်တွေ ချဖို့ ဘာက ကူညီ​ပေးနိုင်​သလဲ။ (ခ) ဘုရားရေးရာ ပန်းတိုင်တွေနဲ့​ပတ်သက်ပြီး လူငယ်​တချို့ ဘယ်လို ခံစား​နေရ​သလဲ။

၁၄ ဆာလံ ၁၆:၈ ကိုဖတ်ပါ။ ဒါဝိဒ်​ဘဝမှာ ဘုရား အမှုဆောင်ဖို့​က အဓိက​ပဲ။ သင်လည်း ဘုရား အမှုဆောင်တာ​ကို အဓိက​ထားပြီး ဘုရားရေးရာ​ပန်းတိုင်တွေ ချမယ်​ဆိုရင် ကျေနပ်စရာ​ဘဝ ပိုင်ဆိုင်​ရပါလိမ့်မယ်။ “ပန်းတိုင်​ရောက်အောင် ကြိုးစားတယ်။ ပန်းတိုင် ရောက်တဲ့အခါ ကိုယ့်​တိုးတက်မှုတွေ​အတွက် သိပ်​ကျေနပ်တယ်” လို့ ညီအစ်ကို စတီဗင် ပြောတယ်။ တိုင်းတစ်ပါး​မှာ အမှုဆောင်​နေတဲ့ ဂျာမနီ​က လူငယ်​တစ်ယောက်လည်း “အသက်ကြီး​လာတဲ့အခါ အတိတ်ကို ပြန်တွေး​ပြီး ကိုယ်ကျိုး​အတွက်ပဲ လုပ်ခဲ့​ပါလား​လို့ နောင်တ မရ​ချင်ဘူး” ဆိုပြီး ပြောတယ်။ သင်လည်း အလားတူ ခံစားရ​မှာပါ။ ဒါဆို ဘုရားကို ဂုဏ်တင်ဖို့၊ တခြား​သူတွေကို ကူညီဖို့ ကိုယ့်​အစွမ်းအစတွေကို အသုံးပြုပါ။ (ဂ​လ. ၆:၁၀) ဘုရားရေးရာ​ပန်းတိုင်တွေ ချပြီး အကူအညီ​အတွက် ယေဟောဝါ​ဆီ ဆုတောင်းပါ။ အဲဒီလို ဆုတောင်းချက်တွေကို ဘုရား ဖြေကြား​ပေးပါလိမ့်မယ်။—၁ ယော. ၃:၂၂။ ၅:၁၄၊ ၁၅

၁၅။ ဘာ​ပန်းတိုင်တွေ ချ​နိုင်သလဲ။ (“ လက်တွေ့ကျ ပန်းတိုင်များ” လေးထောင့်ကွက်​ကို ကြည့်ပါ။)

၁၅ သင် ဘာ​ပန်းတိုင်တွေ ချ​နိုင်သလဲ။ အစည်းအဝေးတွေမှာ ကိုယ်ပိုင်​စကားနဲ့ မှတ်ချက်​ပေးဖို့၊ ရှေ့ဆောင်​လုပ်ဖို့၊ ဗေသလ​မှာ အမှုဆောင်ဖို့ ပန်းတိုင် ထား​နိုင်တယ်။ ဘာသာခြား​စကားပြော လယ်ကွင်း​မှာ အမှုဆောင်ဖို့ ဘာသာစကား​အသစ် သင်ယူနိုင်တယ်။ အချိန်ပြည့်​အမှုဆောင်​နေတဲ့ လူငယ် ဘာ​ရက်​က “ယေဟောဝါကို အစွမ်း​ရှိသမျှ ပေး​နေတယ်​ဆိုတဲ့ ခံစားချက်​နဲ့ နေ့တိုင်း နိုးထ​လာ​ရတာက တခြား​ဘာနဲ့မှ မတူဘူး” လို့ ပြောတယ်။

ဘုရားပေး လွတ်လပ်မှုကို မြတ်နိုးပါ

၁၆။ ယေဟောဝါရဲ့ ဖြောင့်မတ်တဲ့ စံနှုန်းတွေကို ဒါဝိဒ် ဘယ်လို သဘောထား​သလဲ။ ဘာကြောင့်လဲ။

၁၆ ဆာလံ ၁၆:၂၊  ကိုဖတ်ပါ။ ရှေ့​ဆောင်းပါး​မှာ သိခဲ့ရတဲ့​အတိုင်း ဘုရားသခင့် ဖြောင့်မတ်တဲ့ ပညတ်၊ မူတွေ​က ကောင်းတာကို ချစ်​ဖို့၊ မကောင်းတာကို မုန်း​ဖို့ ကူညီပေးခြင်း​အားဖြင့် လွတ်လပ်​စေတယ်။ (အာ. ၅:၁၅) “ကောင်းကျိုးချမ်းသာ မှန်သမျှ” ယေဟောဝါ​ဆီက လာ​ကြောင်း ဆာလံဆရာ ဒါဝိဒ် အသိအမှတ်ပြု​တယ်။ “ကောင်းကျိုးချမ်းသာ” လို့ ပြန်ဆို​ထားတဲ့ မူရင်း​စကားလုံးဟာ ကိုယ်ကျင့်တရား စင်ကြယ်၊ ကောင်းမြတ်ခြင်း​ကိုလည်း ဆိုလိုတယ်။ ယေဟောဝါ လုပ်ဆောင်သမျှဟာ ကောင်းမြတ်တယ်။ ကောင်းမြတ်​တာ​မှန်သမျှ ဘုရားဆီက လာတယ်။ ဘုရားရဲ့ ကောင်းမြတ်မှုကို ဒါဝိဒ် ကြိုးစား​တုပ​ခဲ့တယ်။ မကောင်း​ဘူးလို့ ဘုရား သတ်မှတ်​ထားတဲ့ အရာတွေကို မုန်း​တတ်အောင် ကြိုးစားတယ်။ အဲဒီ​အထဲမှာ ရုပ်တု​ကိုးကွယ်ခြင်း ပါဝင်​တယ်။ အဲဒီ​အကျင့်​က လူတွေကို နိမ့်ကျ​စေပြီး ယေဟောဝါ​သာ ရထိုက်တဲ့ ဂုဏ်တင်မှု​ကို တခြား​အရာတွေ​ဆီ ပေးလိုက်​ရာ​ရောက်တယ်။—ဟေရှာ. ၂:၈၊ ၉။ ဗျာ. ၄:၁၁

၁၇၊ ၁၈။ (က) မှားယွင်းတဲ့ ဝတ်ပြုရေးရဲ့ ဆိုးကျိုး​ကို ဒါဝိဒ် ဘယ်လို ဖော်ပြသလဲ။ (ခ) လူတွေကို ဘာက “ဒုက္ခ​ပင်လယ်​ဝေ” စေ​သလဲ။

၁၇ ကျမ်းစာ​ခေတ်​က မှားယွင်းတဲ့ ဝတ်ပြုရေးမှာ လိင်​အကျင့်​ယိုယွင်းမှု ပါဝင်​လေ့​ရှိတယ်။ (ဟော. ၄:၁၃၊ ၁၄) အပြစ်​ရှိတဲ့ သွေးသား​အတွက် နှစ်သက်စရာ​ကောင်းတဲ့ ဝတ်ပြုမှု​ပုံစံ​ဖြစ်တယ်။ အဲဒါက တည်မြဲ​တဲ့ ပျော်ရွှင်မှု မဖြစ်စေ​ဘူး။ “တခြား​ဘုရားတွေ​နောက် လိုက်သွား​သူတွေ ဒုက္ခ​ပင်လယ်​ဝေ​ကြရတယ်” လို့ ဒါဝိဒ် ပြောတယ်။ သူ​တို့​ရဲ့ ကလေးတွေကို​တောင် မှားယွင်းတဲ့ ဘုရားတွေဆီ ယဇ်​ပူဇော်​ကြတယ်။ (ဟေရှာ. ၅၇:၅) အဲဒီလို အကြင်နာ​မဲ့တဲ့ လုပ်ရပ်​ကို ယေဟောဝါ ရွံမုန်းတယ်။ (ယေ. ၇:၃၁) သင်​သာ အဲဒီ​ခေတ်မှာ အသက်ရှင်​ခဲ့​ပြီး ယေဟောဝါကို ယုံကြည်​နာခံတဲ့ မိဘတွေ ရ​ထားမယ်​ဆိုရင် သိပ်​ကျေးဇူးတင်​မိ​မှာ​ပဲ။

၁၈ ဒီနေ့​ခေတ်မှာလည်း မှားယွင်းတဲ့ ဝတ်ပြုရေး​တွေ​က လိင်​အကျင့်​ယိုယွင်းခြင်း၊ လိင်​တူ​ဆက်ဆံခြင်း​တွေကို ခွင့်ပြု​ထား​ကြတယ်။ ဒါကို ကိုယ်ကျင့်တရား လွတ်လပ်မှု​လို့ ယူဆ​ကြပေမဲ့ နောက်ဆုံး​ရလဒ်​က ကျမ်းစာ​ခေတ်​က အတိုင်း​ပါပဲ။ (၁ ကော. ၆:၁၈၊ ၁၉) လူတွေ “ဒုက္ခ​ပင်လယ်​ဝေ” နေ​ကြတယ်။ လူငယ်တို့၊ ကောင်းကင်​ဖခင်ရဲ့ စကားကို နားထောင်ပါ။ ဘုရားကို နာခံ​တာ အကောင်းဆုံး​ပဲ​ဆိုတာ အပြည့်အဝ ယုံကြည်​စိတ်ချပါ။ ခဏတာ ခံစား​ရတဲ့ ပျော်ရွှင်မှု​ထက် ရေရှည်​ခံစား​ရမယ့် ဆိုးကျိုး​ကို ထည့်​စဉ်းစားပါ။ (ဂ​လ. ၆:၈) “လွတ်လပ်မှုကို ကိုယ်​ကြိုက်​သလို သုံး​လို့​ရပေမဲ့ တလွဲသုံး​ရင်​တော့ ကျေနပ်မှု ရမှာ​မဟုတ်ဘူး” လို့ ဂျော်ရွှာ ပြောတယ်။

၁၉၊ ၂၀။ ယေဟောဝါကို ယုံကြည်​နာခံတဲ့ လူငယ်တွေ​အတွက် ဘယ်​ကောင်းချီးတွေ စောင့်ကြို​နေသလဲ။

၁၉ “ခင်ဗျားတို့​သာ ကျွန်တော့်​စကားကို အမြဲ​လိုက်နာ​ရင် ကျွန်တော့်​တပည့်​အစစ် ဖြစ်​ရုံ​မ​က အမှန်တရားကိုပါ သိ​ရလိမ့်မယ်။ အဲဒီ​အမှန်တရားက ခင်ဗျားတို့ကို လွတ်မြောက်​စေ​လိမ့်မယ်” လို့ နောက်လိုက်​တွေကို ယေရှု ပြောတယ်။ (ယော. ၈:၃၁၊ ၃၂) အဲဒီ​လွတ်လပ်မှု​ထဲမှာ မှားယွင်းတဲ့​ဘာသာရေး၊ အသိ​ပညာမဲ့​မှု၊ အယူသီးမှု​တွေ​ကနေ လွတ်မြောက်ခြင်း ပါဝင်​တယ်။ “ဘုရားသခင့် သားသမီးတွေရဲ့ ဘုန်းအသရေ​နဲ့​ပြည့်စုံတဲ့ လွတ်လပ်မှု” ရရှိခြင်းလည်း ပါဝင်​တယ်။ (ရော. ၈:၂၁) ‘ခရစ်တော်ရဲ့​စကားကို အမြဲ​လိုက်နာ” ခြင်းအားဖြင့် အဲဒီ​လွတ်လပ်မှုကို အခု​ကတည်းက ခံစား​နိုင်ပါတယ်။ ဒီ​နည်း​အားဖြင့် သင်ယူ​ရုံ​သာ​မဟုတ်ဘဲ လက်တွေ့​ကျင့်သုံးခြင်း​အားဖြင့် ‘အမှန်တရားကို သိ’ လာပါလိမ့်မယ်။

၂၀ လူငယ်တို့၊ ဘုရားပေး လွတ်လပ်မှုကို မြတ်နိုးပါ။ ပညာရှိရှိ သုံးပါ။ ဒီ​နည်း​အားဖြင့် အနာဂတ်​အတွက် အုတ်မြစ်​ကောင်း​ချပါ။ “လူငယ်​ဘဝမှာ လွတ်လပ်မှုကို ပညာရှိရှိ သုံး​ခြင်းက သင့်တော်​တဲ့ အလုပ်အကိုင် ရှာ​တဲ့အခါ၊ အိမ်ထောင်ပြု​မလား၊ တစ်ကိုယ်ရေ​နေ​မလား စတဲ့ ဆုံးဖြတ်ချက်​ကြီး​တွေ ချတဲ့အခါ ကူညီ​ပေးပါလိမ့်မယ်” လို့ လူငယ်​ညီအစ်ကို​တစ်ယောက် ပြောတယ်။

၂၁။ “စစ်မှန်တဲ့​အသက်” ရစေတဲ့ လမ်းပေါ် ဘယ်လို ဆက်လျှောက်​နိုင်မလဲ။

၂၁ ဒီ​လောက​စနစ်ဟောင်း​မှာ ဇိမ်ကျ​တဲ့​ဘဝ​ဆိုတာ​ မရေ​ရာ​တဲ့​အပြင် မတည်မြဲ​ဘူး။ မနက်ဖြန် ဘာဖြစ်မယ်​ဆိုတာ မသိနိုင်​ဘူး။ (ယာ. ၄:၁၃၊ ၁၄) ဒါကြောင့် “စစ်မှန်တဲ့​အသက်” ဖြစ်တဲ့ ထာဝရ​အသက် ရစေတဲ့ လမ်းပေါ် ဆက်လျှောက်​တာ​ဟာ ပညာရှိ​လမ်းစဉ် ဖြစ်တယ်။ (၁ တိ. ၆:၁၉) အဲဒီ​လမ်းပေါ် လျှောက်ဖို့ ဘုရား အတင်း မ​တိုက်တွန်း​ဘူး။ ကိုယ်ပိုင် ရွေးချယ်​ရမယ်။ ယေဟောဝါကို သင့်ရဲ့ “ဝေစု” ဖြစ်စေပါ။ ဘုရား​ပေးထားတဲ့ “ကောင်းမွန်​ရာတွေ” ကို တန်ဖိုး​ထားပါ။ (ဆာ. ၁၀၃:၅) ပျော်ရွှင်မှု၊ ထာဝစဉ် ကြည်နူးမှု​ကို ယေဟောဝါ ပေးနိုင်ကြောင်း ယုံကြည်ပါ။—ဆာ. ၁၆:၁၁