မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင် ဘာတွေ လုပ်ဆောင်ခဲ့ပြီလဲ

ဘုရားသခင် ဘာတွေ လုပ်ဆောင်ခဲ့ပြီလဲ

တစ်စုံတစ်ယောက်ကို သိကျွမ်းချင်ရင် လုပ်ဆောင်ခဲ့တာတွေ၊ ကျော်လွှားခဲ့တဲ့အခက်အခဲတွေ သိထားတာ ကောင်းတယ်။ အလားတူပဲ ဘုရားသခင်ကို သိကျွမ်းချင်ရင် ဘုရားလုပ်ဆောင်ခဲ့ပြီးတာတွေကို သိအောင် လေ့လာရမယ်။ လောလောဆယ် ကျွန်တော်တို့ အကျိုးခံစားရဖို့၊ နောင်ရေး သာယာစေဖို့ အတိတ်က ဘုရား လုပ်ဆောင်ပေးထားသမျှကို သိလိုက်ရရင် အံ့ဩသွားပါလိမ့်မယ်။

ကျွန်တော်တို့အကျိုးအတွက် အရာခပ်သိမ်းကို ဘုရား ဖန်ဆင်းခဲ့

ယေဟောဝါဘုရားဟာ ကြီးမြတ်တဲ့ဖန်ဆင်းရှင်ပါ။ “ဘုရားသခင်ကို မမြင်ရပေမဲ့ ဖန်ဆင်းထားရာတွေကို ကြည့်ပြီး . . . ကိုယ်တော်ဟာ ဘုရားသခင် ဖြစ်ကြောင်း လောကကို ဖန်ဆင်းချိန်ကတည်းက အထင်အရှား သိမြင်နိုင်တယ်။” (ရောမ ၁:၂၀) “ဘုရားသခင်ဟာ ကမ္ဘာမြေကို တန်ခိုးနဲ့ ဖန်ဆင်းတဲ့အရှင်၊ ကမ္ဘာမြေကို ဉာဏ်ပညာနဲ့ အခိုင်အမာ တည်စေတဲ့အရှင်၊ မိုးကောင်းကင်ကို သိနားလည်နိုင်စွမ်းနဲ့ ဖြန့်မိုးတဲ့အရှင်ပဲ။” (ယေရမိ ၁၀:၁၂) အံ့ဖွယ်ဖန်ဆင်းရာတွေကလည်း ကျွန်တော်တို့ကို ဘုရား စိတ်ဝင်စားကြောင်း ဖော်ပြတယ်။

ယေဟောဝါက လူသားတွေကို “မိမိပုံသဏ္ဌာန်အတိုင်း” ဖန်ဆင်းတဲ့အချက်က ကျွန်တော်တို့ဘဝကို အဓိပ္ပာယ် ရှိစေပုံကို သုံးသပ်ကြည့်ပါ။ (ကမ္ဘာဦး ၁:၂၇) ဘုရားရဲ့ အနှိုင်းမဲ့ အရည်အသွေးတွေကို အနည်းအကျဉ်း တင်ပြနိုင်အောင် ဖန်ဆင်းထားတယ်။ ဘုရားကို ဝတ်ပြုလိုစိတ်၊ ဒါမှမဟုတ် ဘုရားရဲ့ ရှုမြင်ပုံ၊ စံနှုန်းတွေကို နားလည်နိုင်စွမ်း ထည့်သွင်းပေးထားတယ်။ အဲဒီစံနှုန်းတွေအတိုင်း နေထိုင်မယ်ဆိုရင် ဘဝအဓိပ္ပာယ် ရှိမယ်၊ ပိုပျော်ရွှင်မယ်။ ဒီ့ပြင် ဘုရားနဲ့ ရင်းနှီးကျွမ်းဝင်ချင်တဲ့စိတ်လည်း ပေးထားတယ်။

ကမ္ဘာမြေကို ဖန်ဆင်းထားပုံက ဘုရား ကျွန်တော်တို့ကို ဘယ်လို သဘောထားကြောင်း သိနိုင်တယ်။ တမန်တော်ပေါလုရဲ့ စကားအရ “ဘုရားသခင်က [ကျွန်တော်] တို့ကို အစားအစာ အလျှံပယ်ပေးဖို့၊ ရွှင်လန်းဝမ်းမြောက်စေဖို့ မိုးကောင်းကင်ကနေ မိုးရွာစေတယ်၊ အသီးအနှံတွေ ဖြစ်ထွန်းစေတဲ့ ရာသီဥတုကို ပေးတယ်။ ဒီနည်းနဲ့ [ကျွန်တော်] တို့အတွက် ကောင်းမှုပြုပြီး မိမိတည်ရှိကြောင်း မပျက်မကွက် သက်သေခံနေတယ်။” (တမန်တော် ၁၄:၁၇) ကျွန်တော်တို့ ရှင်သန်ရေးအတွက် လိုအပ်တာထက် ပိုပေးထားတယ်။ ဘဝကို ပျော်မွေ့နိုင်ဖို့ မျိုးပေါင်းစုံလင်စွာ အလျှံပယ် ပြင်ဆင်ပေးထားတယ်။ ကျွန်တော်တို့အတွက် ဘုရားသခင် ရည်ရွယ်ပေးထားတာတွေ ဒီထက်မက ရှိသေးတယ်။

လူတွေ ထာဝစဉ် အသက်ရှင်နေထိုင်နိုင်ဖို့ ကမ္ဘာမြေကို ယေဟောဝါ ဖန်ဆင်းထားတယ်။ “ကမ္ဘာမြေကိုတော့ လူသားတွေအတွက် ပေးထားတယ်၊” “ကမ္ဘာမြေကို အကြောင်းမဲ့ ဖန်ဆင်းတာ မဟုတ်ဘဲ သတ္တဝါတွေ နေထိုင်ဖို့ ဖန်ဆင်းခဲ့” တယ်လို့ ကျမ်းစာမှာ ဆိုထားတယ်။ (ဆာလံ ၁၁၅:၁၆။ ဟေရှာယ ၄၅:၁၈) ဘယ်သူတွေ ဘယ်လောက်ကြာကြာ နေထိုင်ကြမလဲ။ “ဖြောင့်မတ်သူတွေဟာ ကမ္ဘာမြေကို ပိုင်ဆိုင်ပြီး ထာဝစဉ် နေထိုင်ရလိမ့်မယ်။”—ဆာလံ ၃၇:၂၉

ဒါကြောင့် ပထမလူမောင်နှံ အာဒံနဲ့ ဧဝကို ဖန်ဆင်းပြီး မြေကြီးပရဒိသုမှာ နေရာချပေးတယ်။ “ဥယျာဉ်ကို ထွန်ယက်စိုက်ပျိုးပြီး ထိန်းသိမ်းစောင့်ရှောက်ခိုင်းတယ်။” (ကမ္ဘာဦး ၂:၈၊ ၁၅) “သားသမီးတွေ အများကြီး မွေးကြ။ ကမ္ဘာမြေကို ပြည့်စေပြီး အုပ်ထိန်းကြ” ဆိုပြီး စိတ်လှုပ်ရှားစရာတာဝန်နှစ်ခုကိုလည်း ပေးအပ်ခဲ့တယ်။ (ကမ္ဘာဦး ၁:၂၈) ဒါကြောင့် အာဒံနဲ့ ဧဝတို့မှာ ကမ္ဘာမြေပေါ် အဆုံးမဲ့အသက်နဲ့ နေထိုင်ဖို့ မျှော်လင့်ချက် ရှိခဲ့တယ်။ ဝမ်းနည်းစရာကတော့ ဘုရားသခင်ကို မနာခံတဲ့အတွက် “ကမ္ဘာမြေကို ပိုင်ဆိုင်” မယ့် “ဖြောင့်မတ်သူတွေ” ဖြစ်ခွင့် ဆုံးရှုံးသွားကြတယ်။ ဒါပေမဲ့ သူတို့ရဲ့လုပ်ရပ်ကြောင့် ကမ္ဘာမြေနဲ့ ကျွန်တော်တို့အတွက် ဘုရားရည်ရွယ်ချက် ပြောင်းလဲမသွားကြောင်း လေ့လာကြပါမယ်။ ဘုရား ပြုလုပ်ပေးခဲ့တဲ့အရာတစ်ခုအကြောင်း အရင် သုံးသပ်ကြည့်ရအောင်။

ဘုရားသခင်က သမ္မာကျမ်းစာ ပြင်ဆင်ပေးထား

ကျမ်းစာကို ဘုရားသခင့်စကားတော်လို့လည်း သိကြတယ်။ ယေဟောဝါက ကျမ်းစာကို ဘာကြောင့် ပြင်ဆင်ပေးသလဲ။ အဓိကအကြောင်းရင်းကတော့ ဘုရားအကြောင်း ကျွန်တော်တို့ လေ့လာနိုင်ဖို့ပါပဲ။ (ပညာအလိမ္မာ ၂:၁-၅) ဘုရားနဲ့ပတ်သက်တဲ့ မေးခွန်းမှန်သမျှကို ကျမ်းစာမှာ အဖြေမပေးထားတာ မှန်ပါတယ်။ ဘယ်စာအုပ်ကမှလည်း မဖြေနိုင်ဘူး။ (ဒေသနာ ၃:၁၁) ဒါပေမဲ့ ကျမ်းစာမှာ ဖော်ပြထားရာတွေက ဘုရားသခင်အကြောင်း သိလာအောင် ကူညီပေးတယ်။ လူတွေနဲ့ ဆက်ဆံပုံကိုကြည့်ပြီး ဘယ်လို ဘုရားမျိုးလဲဆိုတာ သိနိုင်တယ်။ ဘယ်လို လူတွေကို နှစ်သက်တယ်၊ မနှစ်သက်ဘူးဆိုတာ သိနိုင်တယ်။ (ဆာလံ ၁၅:၁-၅) ဝတ်ပြုရေး၊ ကိုယ်ကျင့်တရား၊ ရုပ်ဝတ္ထုပစ္စည်းတွေကို ဘုရားသခင် ဘယ်လို ရှုမြင်ကြောင်း သိနိုင်တယ်။ ကျမ်းစာမှာ မှတ်တမ်းတင်ထားတဲ့ သားတော် ယေရှုခရစ်ရဲ့ စကားတွေ၊ လုပ်ရပ်တွေက ယေဟောဝါရဲ့ ဂုဏ်ရည်တော်ကို အပီပြင်ဆုံး ဖော်ပြပေးတယ်။—ယောဟန် ၁၄:၉

ကျမ်းစာကို ယေဟောဝါ ပြင်ဆင်ပေးတဲ့ နောက်အကြောင်းရင်း တစ်ခုက သာယာပျော်ရွှင်တဲ့ဘဝ ပိုင်ဆိုင်နိုင်ပုံကို သိစေဖို့ပါပဲ။ သာယာတဲ့မိသားစု ရနိုင်ပုံ၊ ရောင့်ရဲနိုင်ပုံ၊ စိုးရိမ်ပူပန်မှု ဖြေရှင်းနိုင်ပုံတို့ကို ကျမ်းစာကတစ်ဆင့် ယေဟောဝါ ပြောပြတယ်။ ဆင်းရဲဒုက္ခ ဘာကြောင့် ဒီလောက်များရသလဲ၊ အနာဂတ်မှာ ဘာတွေ ဖြစ်မလဲဆိုတဲ့ ဘဝနဲ့ပတ်သက်တဲ့ အရေးကြီးမေးခွန်းတွေကိုလည်း ကျမ်းစာမှာ အဖြေပေးထားကြောင်း နောက်ဆောင်းပါးမှာ ရှင်းပြထားပါတယ်။ ဘုရားရဲ့ မူလရည်ရွယ်ချက် ပြည့်စုံလာစေဖို့ လုပ်ဆောင်ခဲ့ပြီးရာတွေအကြောင်းလည်း ရှင်းပြထားတယ်။

ကျမ်းစာဟာ ဘုရားပြင်ဆင်ပေးတဲ့ အလွန်ထူးခြားတဲ့ကျမ်း ဖြစ်ကြောင်း တခြားနည်းများစွာနဲ့လည်း ဖော်ပြသေးတယ်။ နှစ်ပေါင်း ၁,၆၀၀ အတွင်း လူ ၄၀ လောက်က ရေးသားခဲ့ကြပေမဲ့ အဓိကအကြောင်း တစ်ခုတည်း ဖြစ်နေတာက ကျမ်းစာအာဘော်ရှင်ဟာ ဘုရားသခင် ဖြစ်နေလို့ပါပဲ။ (၂ တိမောသေ ၃:၁၆) ရှေးခေတ်စာအုပ်တွေနဲ့ မတူဘဲ ကျမ်းစာကို ခေတ်အဆက်ဆက် အတိအကျ ကူးရေးထိန်းသိမ်းခဲ့ကြောင်း ရှေးကျတဲ့ ကျမ်းစာလက်ရေးစာမူထောင်ချီက အတည်ပြုတယ်။ ဘာသာပြန်ခြင်း၊ ဖြန့်ဝေခြင်း၊ ဖတ်ရှုခြင်း မပြုဖို့ တားဆီးမှုတွေကိုလည်း ကျော်လွှားခဲ့ရတယ်။ ဒီနေ့ဆိုရင် အဖြန့်ဝေရဆုံး၊ ဘာသာအပြန်ရဆုံး ဖြစ်နေပြီ။ ကျမ်းစာတည်ရှိမှုက “ဘုရားသခင်ရဲ့ နှုတ်ထွက်စကားကတော့ ထာဝစဉ် တည်မြဲတယ်” ဆိုတဲ့ အထောက်အထားပါပဲ။—ဟေရှာယ ၄၀:၈

ဘုရားသခင်က မိမိရည်ရွယ်ချက် ဖြစ်လာမယ်လို့ အာမခံထား

ဘုရား နောက်ထပ် လုပ်ဆောင်ပေးခဲ့ရာကတော့ ကျွန်တော်တို့အတွက် ရည်ရွယ်တော်မူချက် ပြည့်စုံရမယ်ဆိုတဲ့ အာမခံချက်ပါပဲ။ အစပိုင်းမှာ ဖော်ပြထားသလို ဘုရားရည်ရွယ်ချက်က ကမ္ဘာမြေပေါ်မှာ လူတွေ ထာဝစဉ် နေထိုင်ဖို့ ဖြစ်တယ်။ ဒါပေမဲ့ အာဒံက ဘုရားစကား မနာခံဘဲ အပြစ်ကျူးလွန်တဲ့အခါ ကိုယ်တိုင်ရော နောင်လာနောက်သားတွေပါ ထာဝစဉ် အသက်ရှင်ခွင့် ဆုံးရှုံးသွားကြတယ်။ “အပြစ်ဟာ လူတစ်ယောက်ကြောင့် လူ့လောကထဲ ရောက်လာတယ်။ အပြစ်ကြောင့် သေခြင်းလည်း ပေါ်ပေါက်လာတယ်။ ဒါကြောင့် လူအားလုံးဟာ အပြစ်ရှိသူတွေ ဖြစ်သွားတဲ့အတွက် သေဆုံးကြရတယ်။” (ရောမ ၅:၁၂) လူ့မနာခံမှုကြောင့် ဘုရားရည်ရွယ်ချက် မပြည့်စုံတော့မယ့်ပုံ ပေါက်နေတယ်။ ယေဟောဝါ ဘယ်လို ဖြေရှင်းသလဲ။

ယေဟောဝါဟာ မိမိအရည်အသွေးတွေနဲ့အညီ လုပ်ဆောင်တယ်။ တရားမျှတမှုကြောင့် အာဒံနဲ့ ဧဝကို မိမိတို့ရဲ့ လုပ်ရပ်အတွက် တာဝန်ယူခိုင်းတယ်။ ဒါပေမဲ့ မေတ္တာကြောင့် နောင်လာနောက်သားတွေအကျိုးအတွက် စီစဉ်ပေးထားတယ်။ ဉာဏ်ပညာကြောင့် ဒီအခြေအနေကို ချင့်ချိန်သုံးသပ်ပြီး ဖြေရှင်းနည်းကို ချက်ချင်း ထုတ်ပြန်ခဲ့တယ်။ (ကမ္ဘာဦး ၃:၁၅) သားတော် ယေရှုခရစ်အားဖြင့် အပြစ်နဲ့ သေခြင်းကနေ လွတ်မြောက်စေဖို့ စီစဉ်ခဲ့တယ်။ အဲဒီမှာ ဘာပါဝင်သလဲ။

လူတွေကို အာဒံရဲ့ ပုန်ကန်မှု ဆိုးကျိုးတွေကနေ ရွေးနုတ်ဖို့၊ အသက်ရမယ့်နည်းလမ်းအကြောင်း သင်ပေးဖို့၊ “လူအများအတွက် ရွေးဖိုးအဖြစ် အသက်ကို ပေးဖို့” a ယေရှုကို ကမ္ဘာမြေပေါ် ယေဟောဝါ စေလွှတ်ခဲ့တယ်။ (မဿဲ ၂၀:၂၈။ ယောဟန် ၁၄:၆) ယေရှုဟာ အာဒံလို စုံလင်သူတစ်ဦး ဖြစ်လို့ ရွေးဖိုး ပေးနိုင်ခဲ့တယ်။ အာဒံနဲ့ မတူတာကတော့ သေတဲ့အထိ အပြည့်အဝ နာခံခဲ့တယ်။ ယေရှု မသေထိုက်တဲ့အတွက် ကောင်းကင်အသက်တာကို ယေဟောဝါ ရှင်ပြန်ထမြောက်စေခဲ့တယ်။ အာဒံ ပျက်ကွက်ခဲ့တာကို ယေရှု လုပ်နိုင်ခဲ့ပြီ။ ထာဝရအသက် ရနိုင်တဲ့အလားအလာကို နာခံတဲ့လူသားတွေဆီ လက်ဆင့်ကမ်းပေးနိုင်ပြီ။ “လူတစ်ယောက်ရဲ့ မနာခံမှုကြောင့် လူများစွာ အပြစ်ရှိသူတွေ ဖြစ်လာတယ်။ အလားတူ လူတစ်ယောက်ရဲ့ နာခံမှုကြောင့် လူများစွာ ဖြောင့်မတ်သူတွေ ဖြစ်လာတယ်။” (ရောမ ၅:၁၉) ယေရှုရဲ့ ရွေးဖိုးပူဇော်သကာအားဖြင့် ကမ္ဘာမြေပေါ် လူသားတွေ ထာဝစဉ် နေထိုင်ဖို့ ရည်ရွယ်ချက်ကို ပြည့်စုံစေမယ်။

အာဒံ့မနာခံမှုကြောင့်  ပေါ်လာတဲ့ပြဿနာတွေ  ဖြေရှင်းပုံကနေ ယေဟောဝါအကြောင်း အများကြီး သိရတယ်။ ယေဟောဝါ အစပြုလုပ်ဆောင်ထားတာကို မပြည့်စုံအောင် ဘာကမှ တားဆီးလို့ မရကြောင်း သိရတယ်။ ဘုရားနှုတ်ထွက်စကား “ကျိန်းသေ အောင်မြင်မယ်။” (ဟေရှာယ ၅၅:၁၁) ကျွန်တော်တို့ကို ယေဟောဝါ ဘယ်လောက် ချစ်ကြောင်းလည်း သဘောပေါက်ကြတယ်။ “ဘုရားသခင်က တစ်ဦးတည်းသောသားကို ဒီလောကဆီ စေလွှတ်ပြီး သူ့အားဖြင့် အသက်လမ်း ဖွင့်ပေးခဲ့တယ်။ ဒါကြောင့် ကျွန်တော်တို့ကို ဘုရားသခင် ဘယ်လောက် ချစ်မှန်း ပေါ်လွင်ထင်ရှားတယ်။ ကျွန်တော်တို့ရဲ့ အပြစ်အတွက် အပြစ်ဖြေရာ ပူဇော်သက္ကာအဖြစ် သားတော်ကို စေလွှတ်ခဲ့တာဟာ ကျွန်တော်တို့ကို ဘုရားသခင် ချစ်လို့ပါ။ ကျွန်တော်တို့က ဘုရားသခင်ကို ချစ်ခဲ့လို့ မဟုတ်ပါဘူး။”—၁ ယောဟန် ၄:၉၊ ၁၀

“ဘုရားသခင်က ကျွန်တော်တို့အားလုံးအတွက် သားတော်ရင်းကိုတောင် မချန်ဘဲ ပေးပြီးပြီဆိုမှတော့” ကတိတော်အတိုင်း ‘အရာခပ်သိမ်းကို ကျွန်တော်တို့လက်ထဲ မပေးဘဲ မနေဘူး’ ဆိုတာ သေချာတယ်။ (ရောမ ၈:၃၂) ကျွန်တော်တို့အတွက် ဘာလုပ်ပေးမယ်လို့ ဘုရား ကတိပေးထားသလဲ။ ဆက်ဖတ်ကြည့်ပါ။

ဘုရားသခင် ဘာတွေ လုပ်ဆောင်ခဲ့ပြီလဲ ယေဟောဝါက လူတွေကို ကမ္ဘာမြေပေါ် ထာဝစဉ် အသက်ရှင်ဖို့ ဖန်ဆင်းခဲ့တယ်။ ဘုရားအကြောင်း သိနိုင်ဖို့ ကျမ်းစာကိုလည်း ပေးထားတယ်။ ယေရှုခရစ်အားဖြင့် ရွေးဖိုးကိုလည်း ယေဟောဝါ ပြင်ဆင်ပေးတဲ့အတွက် ရည်ရွယ်တော်မူချက်အတိုင်း ဖြစ်လာမယ်ဆိုတာ သေချာတယ်

a ရွေးဖိုးအကြောင်း ထပ်သိချင်ရင် ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ ပျော်စရာဘဝ ထာဝရ စံစားကြ စာအုပ် သင်ခန်းစာ ၂၇ ကို ကြည့်ပါ။ www.pr418.com/my မှာလည်း ကြည့်နိုင်ပါတယ်။