မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အသက်ရှင်ရကျိုးနပ်

အသက်ရှင်ရကျိုးနပ်

ဖိုင်ဇယ်ဟာ ဇနီး ဆုံး​သွားပြီး တစ်နှစ်​အကြာမှာ နှလုံး အကြီးစား​ခွဲစိတ်​ဖို့ လိုအပ်​လာတယ်။ သူ ဒီလို​ပြောတယ်– “ယောဘ​ကျမ်း​ကို ဖတ်တဲ့အခါ ယေဟောဝါ​က အကြောင်း​ရှိလို့သာ ကျမ်းစာမှာ ထည့်​ထားမှန်း သိလာတယ်။ ကိုယ်​နဲ့ ခံစားချက်​ချင်း တူတဲ့​သူတွေ​အကြောင်း ကျမ်းစာမှာ ဖတ်​လိုက်ရ​တဲ့အခါ စိတ်သက်သာရာ ရလာတယ်။ အသက်ရှင်​ရ​ကျိုး နပ်​နေဆဲ​ပါပဲ။”

တာ​ရှာ​ဟာ မိခင် ဆုံးသွား​ချိန်မှာ ငယ်​သေးတယ်။ သူ ဒီလို​ပြောတယ်– “ဖန်ဆင်းရှင်ကို သိထားတဲ့​အတွက် ဘဝ​ရည်ရွယ်ချက်၊ မျှော်လင့်ချက် ရှိတယ်။ အခက်အခဲ​တွေ ကြုံ​ရပေမဲ့ ပျော်​နိုင်တယ်။ တစ်ရက်​ပြီး တစ်ရက် ဖြတ်ကျော်​သွား​နိုင်အောင် ယေဟောဝါ ထောက်မ​ကူညီပေး​နိုင်ပါတယ်။”

ရှေ့​ဆောင်းပါးတွေမှာ ဖော်ပြခဲ့တဲ့​အတိုင်း စိတ်ထိခိုက်​စ​ရာ အခြေအနေ အမျိုးမျိုး​ကြောင့် မခံရပ်​နိုင်တော့ဘူး​လို့ ခံစား​ရနိုင်တယ်။ ထမ်း​ထားရတဲ့ ဝန်​တွေ​ကြောင့် အသက်ရှင်နေ​ရ​ကျိုး နပ်​ရဲ့​လား၊ ငါ့ကို ဂရုစိုက်​တဲ့​သူ​ကော ရှိရဲ့လား​လို့ တွေးမိ​နိုင်တယ်။ ကိုယ့်​ဒုက္ခတွေကို ဘုရား ဂရုစိုက်​တယ်​ဆိုတာ ယုံကြည်​စိတ်ချပါ။ သင့်ကို ဘုရား တန်ဖိုး​ထားပါ​တယ်။

ဆာလံ ၈၆ ကို ရေး​တဲ့​သူက “ဒုက္ခ​ရောက်တဲ့အခါ ဆုတောင်းမယ်။ ကိုယ်တော် ပြန်ဖြေ​မှာ​ပဲ” လို့ ယုံကြည်​စိတ်ချ​စွာ ပြောခဲ့တယ်။ (ဆာလံ ၈၆:၇) ‘ငါ “ဒုက္ခ​ရောက်တဲ့အခါ” ဘုရား ငါ့ကို ဘယ်လို ပြန်ဖြေ​သလဲ’ ဆိုတာ သိချင်​ပါလိမ့်မယ်။

ဘုရားက ပြဿနာတွေကို ချက်ချင်း မဖယ်ရှား​ပေးပေမဲ့ ပြဿနာ ဖြေရှင်း​နိုင်အောင် စိတ်​ငြိမ်သက်မှု ပေးမယ်လို့ ကျမ်းစာ အာမခံ​ထားတယ်– “ဘာမှ မစိုးရိမ်​ဘဲ အရာရာမှာ ကျေးဇူးတော်ကို ချီးမွမ်း​ကြပါ၊ ဆုတောင်းကြပါ၊ တိုးလျှိုး​အသနားခံ​ကြပါ၊ ဘုရားသခင်​ဆီ အသနားခံ​ကြပါ။ ဒါဆိုရင် လူ့ဉာဏ်​နဲ့ မမီနိုင်တဲ့ ဘုရားသခင့်​ငြိမ်သက်ခြင်းက . . . ခင်ဗျားတို့ရဲ့ စိတ်နှလုံး​နဲ့ အတွေးအခေါ်​ကို စောင့်ရှောက်​ပေးပါလိမ့်မယ်။” (ဖိလိပ္ပိ ၄:၆၊ ၇၊ အောက်ခြေမှတ်ချက်) ဘုရား ဂရုစိုက်​ကြောင်း ယုံကြည်​စိတ်ချ​စေတဲ့ အောက်ပါ​ကျမ်းပိုဒ်​တွေကို သုံးသပ်​ကြည့်ပါ။

သင့်ကို ဘုရား ဂရုစိုက်​တယ်

“စာငှက်​တစ်ကောင်​ကို​မှ ဘုရားသခင် မမေ့ဘူး။ . . . ခင်ဗျားတို့ဟာ စာငှက်လေးတွေထက် ပို​တန်ဖိုး​ရှိပါတယ်။”လုကာ ၁၂:၆၊ ၇

စဉ်းစား​ကြည့်ပါ။ ဘာမှ အရေးမပါတဲ့ ငှက်​ကလေးတွေကိုတောင် ဘုရား ဂရုစိုက်​တယ်။ စာငှက်​တစ်ကောင်​ကိုတောင် ဘုရား မမေ့ဘူး။ အားလုံးဟာ တန်ဖိုးရှိတဲ့​သတ္တဝါ​တွေ ဖြစ်တယ်။ လူသားတွေကို စာငှက်လေးတွေထက် ဘုရား ပို​တန်ဖိုး​ထားပါ​တယ်။ ကမ္ဘာမြေပေါ်က ဖန်ဆင်းရာတွေ​ထဲမှာ အထူးခြားဆုံး​ဖြစ်တဲ့ လူသားတွေဟာ ဘုရား “ပုံသဏ္ဌာန်​အတိုင်း” ဖန်ဆင်း​ခံ​ထားရတဲ့​အတွက် ဘုရား​ရဲ့ အရည်အသွေး​ကောင်းတွေကို မွေးမြူ​နိုင်တယ်၊ တင်ပြ​နိုင်စွမ်း ရှိကြတယ်။—ကမ္ဘာဦး ၁:၂၆၊ ၂၇

“အို ယေဟောဝါ၊ ကိုယ်တော်​က ကျွန်တော့်ကို အသေအချာ စစ်ဆေးတယ်။ ကျွန်တော့်ကို သိတယ်။ . . . ကျွန်တော် ဘာတွေ တွေး​နေမှန်း အဝေးကနေ သိမြင်​တယ်။ အို ဘုရားသခင်၊ ကျွန်တော့်ကို အသေအချာ စစ်ဆေး​လှည့်ပါ။ ကျွန်တော့်​စိတ်​ကို သိမြင်​လှည့်ပါ။”ဆာလံ ၁၃၉:၁၊ ၂၊ ၂၃

စဉ်းစား​ကြည့်ပါ။ သင့်ကို ဘုရား ကောင်းကောင်း သိထားတယ်။ သင့်​ခံစားချက်တွေ၊ စိုးရိမ်​ပူပန်မှုတွေကို သိတယ်။ သင့်​အခြေအနေကို လူ​လူ​ချင်း နားမလည်​နိုင်ပေမဲ့ ဘုရားက သင့်ကို ဂရုစိုက်​ပြီး ကူညီ​ပေးချင်တယ်။ ဒါကြောင့် အသက်ရှင်​ရ​ကျိုး နပ်​ပါတယ်။

ဘဝ​အဓိပ္ပာယ် ရှိ

“ယေဟောဝါ​ဘုရား၊ ကျွန်တော် ဆုတောင်းတာကို ကြားလှည့်ပါ။ ကျွန်တော့်ရဲ့ အော်ဟစ်​အကူအညီ​တောင်း​သံ​ဟာ ရှေ့တော်​ကို ရောက်​ပါစေ။ . . . နား​ကို စွင့်ပေး​ပါ။ ကျွန်တော် ခေါ်တဲ့​အခါ အမြန်​ထူး​လှည့်ပါ။ . . . ခိုကိုးရာမဲ့​သူတွေ ဆုတောင်းတာကို အာရုံစိုက်​ပေးလိမ့်မယ်။”ဆာလံ ၁၀၂:၁၊ ၂၊ ၁၇

စဉ်းစား​ကြည့်ပါ။ လူသားတွေ ဆင်းရဲဒုက္ခ စတင်​ခံစားရ​ကတည်း​က ကျ​ခဲ့​တဲ့ မျက်ရည်စက်​တိုင်း​ကို ယေဟောဝါ မှတ်သား​ထားတယ်။ (ဆာလံ ၅၆:၈) သင့်​မျက်ရည်တွေ​လည်း ပါတယ်။ သင့်ကို ဘုရား တန်ဖိုး​ထားတဲ့​အတွက် ကြုံခဲ့​ရတဲ့ ဒုက္ခတွေ၊ ကျခဲ့ရတဲ့ မျက်ရည်တွေ​ကို ဘုရား မှတ်သား​ထားပါ​တယ်။

“မစိုးရိမ်​နဲ့။ ငါဟာ မင်းရဲ့​ဘုရားသခင်ပါ။ မင်းကို ခိုင်ခံ့​စေမယ်၊ ကူညီ​ပေးမယ်။ . . . မင်းရဲ့ ဘုရား ယေဟောဝါဟာ . . . ‘မကြောက်​နဲ့။ ငါ​ကူညီမယ်’ လို့ ပြောတဲ့​အရှင်​ပဲ။”ဟေရှာယ ၄၁:၁၀၊ ၁၃

စဉ်းစား​ကြည့်ပါ။ ဘုရားက သင့်ကို ကူညီဖို့ အသင့်​ရှိတယ်။ လဲကျ​သွား​ရင် ဘုရား ပြန်ထူ​မပေး​လိမ့်မယ်။

ပို​ကောင်းတဲ့ အနာဂတ် မျှော်လင့်ချက်

“ဘုရားသခင်က လူ့​လောက​ကို အလွန်​ချစ်တယ်။ ဒါကြောင့် မိမိရဲ့​သားကို ယုံကြည်​သက်ဝင်​သူ​တိုင်း ဖျက်ဆီး​မခံရ​ဘဲ ထာဝရ​အသက် ရနိုင်ဖို့ အဲဒီ​တစ်ဦးတည်းသော သားကိုတောင် ပေးအပ်ခဲ့​တယ်။”ယောဟန် ၃:၁၆

စဉ်းစား​ကြည့်ပါ။ သင့်အတွက် သားတော် ယေရှုကို အသေခံ​စေဖို့ တလိုတလား ပေးတဲ့​အထိ သင့်ကို ဘုရား အလွန်​ချစ်တယ်။ ယေရှု အသေခံ​ပေးခဲ့​လို့ ပျော်ရွှင်​ချမ်းမြေ့​တဲ့၊ အဓိပ္ပာယ်​ရှိတဲ့ ဘဝ​အသက်တာကို ထာဝစဉ် ပိုင်ဆိုင်​စေမယ့် မျှော်လင့်ချက် ရှိလာ​တာ​ပါ။ *

စိတ်ဓာတ်ကျ​ပြီး မခံရပ်​နိုင်တော့ဘူး​လို့ ခံစား​ရနိုင်​ပေမဲ့ ဘုရား​စကားတော်ကို အသေအချာ လေ့လာပါ။ ဘုရား ကတိ​ပေးထားတဲ့ မျှော်လင့်ချက်​မှာ ယုံကြည်ခြင်း ခိုင်မာစေပါ။ ဒါဆိုရင် ပျော်ရွှင်​လာမယ်။ အသက်ရှင်​ရ​ကျိုး နပ်​တယ်လို့ စိတ်ချ​လာပါလိမ့်မယ်။

^ ယေရှုရဲ့ ရွေးဖိုး ပူဇော်​သကာ​ကနေ အကျိုး​ခံစားရ​နိုင်ပုံ​အကြောင်း ပို​သိဖို့ www.pr418.com/my လူအားလုံးနဲ့​ဆိုင်တဲ့ ယေရှုရဲ့ သေခြင်း ဗီဒီယိုကို ကြည့်ပါ။ ကျွန်တော်တို့​အကြောင်း > အောက်မေ့ရာပွဲမှာ ကြည့်ပါ။