မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာရန် ဆောင်းပါး ၂

အသင်းတော်မှာ ယေဟောဝါကို ချီးမွမ်းပါ

အသင်းတော်မှာ ယေဟောဝါကို ချီးမွမ်းပါ

“လူစုလူဝေး​အလယ်မှာ ကိုယ်တော့်​ကို ချီးမွမ်း​ပါ့​မ​ယ်။” —ဆာ. ၂၂:၂၂

သီချင်း ၅၉ ယေဟောဝါကို အတူ ချီးမွမ်းကြ

အကြို​သုံးသပ်ချက် *

၁။ ယေဟောဝါနဲ့​ပတ်သက်ပြီး ဒါဝိဒ် ဘယ်လို ခံစား​ရသလဲ။ အဲဒါက ဘာလုပ်ဖို့ လှုံ့ဆော်ပေး​သလဲ။

ဘုရင် ဒါဝိဒ်​က “ယေဟောဝါဟာ ကြီးမြတ်​ပြီး ချီးမွမ်းခံထိုက်​ဆုံး​အရှင်​ပါ” လို့ ရေးခဲ့တယ်။ (ဆာ. ၁၄၅:၃) ယေဟောဝါကို ချစ်တဲ့​မေတ္တာ​က ‘လူစုလူဝေး​အလယ်မှာ ချီးမွမ်း’ ဖို့ ဒါဝိဒ်​ကို လှုံ့ဆော်​ပေးတယ်။ (ဆာ. ၂၂:၂၂။ ၄၀:၅) သင်လည်း ယေဟောဝါကို ချစ်​ပြီး “ကျွန်တော်တို့ရဲ့​ဘိုးဘေး အစ္စရေး ကိုးကွယ်တဲ့ ဘုရားသခင် ယေဟောဝါ၊ ကိုယ်တော့်​ကို အစဉ်​ထာဝရ ချီးမွမ်းကြ​ပါစေ” ဆိုတဲ့ ဒါ​ဝိဒ်ရဲ့ စကားကို သဘောတူ​ပါလိမ့်မယ်။—၁ ရာ. ၂၉:၁၀-၁၃

၂။ (က) ယေဟောဝါကို ဘယ်လို ချီးမွမ်း​နိုင်သလဲ။ (ခ) မှတ်ချက်​ပေးဖို့ တချို့ ဘာကြောင့် ခက်​နေကြ​သလဲ။ ဘာ​အကြောင်း သုံးသပ်ကြ​မလဲ။

ဒီနေ့၊ အစည်းအဝေးတွေမှာ မှတ်ချက်​ပေးခြင်း​အားဖြင့် ယေဟောဝါကို ကျွန်တော်တို့ ချီးမွမ်း​နေ​ကြတယ်။ ဒါပေမဲ့ ညီအစ်ကို/မ​များစွာဟာ မှတ်ချက်​ပေးဖို့ ခက်​နေ​ကြတယ်။ ကြောက်စိတ်ကြောင့် တွန့်ဆုတ်​နေ​ကြတယ်။ ဒီ​ကြောက်စိတ်​ကို ဘယ်လို ကျော်လွှား​နိုင်မလဲ။ ဘယ်​လက်တွေ့ကျ အကြံပြုချက်တွေက တည်ဆောက်မှု ဖြစ်စေတဲ့ မှတ်ချက်​တွေ​ပေးဖို့ ကူညီ​ပေးနိုင်​သလဲ။ ဦးဆုံး၊ အစည်းအဝေးတွေမှာ မှတ်ချက်​ပေး​ရတဲ့ အကြောင်းရင်း လေးခုကို သုံးသပ်​ကြည့်ကြစို့။

အစည်းအဝေးတွေမှာ ဘာကြောင့် မှတ်ချက်​ပေး​ကြ

၃-၅။ (က) ဟီဘရူး ၁၃:၁၅ အရ အစည်းအဝေးတွေမှာ ဘာကြောင့် မှတ်ချက်​ပေး​ကြသလဲ။ (ခ) မှတ်ချက်တွေကို တစ်​ပုံစံ​တည်း ပေး​ရမလား။ ရှင်းပြပါ။

ယေဟောဝါ​က မိမိကို ချီးမွမ်းဖို့ ကျွန်တော်တို့​အားလုံးကို အခွင့်ထူး ပေးထားတယ်။ (ဆာ. ၁၁၉:၁၀၈) အစည်းအဝေးတွေမှာ မှတ်ချက် ပေးတာက ဘုရားဆီ “ပူဇော်သက္ကာ” ဆက်သတာ​နဲ့ တူတယ်။ အဲဒီ​ပူဇော်သက္ကာ​ကို ကျွန်တော်တို့​ကိုယ်စား ဘယ်သူကမှ ဆက်သ​ပေးလို့ မရဘူး။ (ဟီဘရူး ၁၃:၁၅ ကိုဖတ်ပါ။) ယေဟောဝါ​က အားလုံး​ဆီကနေ ပူဇော်သက္ကာ တစ်မျိုးတည်း ဆက်သဖို့ တောင်းဆို​သလား။ မတောင်းဆိုပါဘူး။

ကျွန်တော်တို့မှာ စွမ်းရည်တွေ၊ အခြေအနေ​တွေ မတူ​ကြောင်း ယေဟောဝါ သိတယ်။ ကျွန်တော်တို့ တတ်နိုင်​တဲ့ ပူဇော်သက္ကာတွေကို တန်ဖိုး​ထားတယ်။ အစ္စရေးတွေဆီ​ကနေ လက်ခံခဲ့​တဲ့ ပူဇော်သက္ကာ အမျိုးအစားတွေကို သုံးသပ်​ကြည့်ပါ။ အစ္စရေး​တချို့က သိုး​တွေ၊ ဆိတ်​တွေ တတ်​နိုင်တယ်။ ဆင်းရဲတဲ့​သူတွေကတော့ “ချိုး​နှစ်ကောင် ဒါမှမဟုတ် ခိုကလေး​နှစ်ကောင်” ကိုပဲ ပူဇော်​နိုင်တယ်။ ငှက်​နှစ်ကောင် မတတ်နိုင်​ရင် “ဂျုံနု​တစ်​ဧဖာ​ရဲ့ ဆယ်​ပုံ​တစ်​ပုံ” ကိုလည်း ယေဟောဝါ လက်ခံတယ်။ (ဝတ်. ၅:၇၊ ၁၁) ဂျုံမှုန့်​ဟာ စျေး​အ​ပေါ​ဆုံး​ဖြစ်တယ်။ ဒါပေမဲ့ “ဂျုံနု” ဖြစ်​မှ ယေဟောဝါ လက်ခံတယ်။

ဒီနေ့လည်း အလားတူပဲ။ ကြင်နာ​တတ်တဲ့ ဘုရားက ကျွန်တော်တို့ မှတ်ချက်​ပေးတဲ့​အခါ အာပေါလု​လို အပြောကောင်း​ဖို့၊ ပေါလု​လို ထိထိမိမိ ပြောတတ်ဖို့ မတောင်းဆိုပါဘူး။ (တ. ၁၈:၂၄။ ၂၆:၂၈) တတ်နိုင်​သ​လောက် မှတ်ချက် ပေးတာကိုပဲ လိုလားတယ်။ ဒင်္ဂါး​နှစ်ပြား လှူ​တဲ့ မုဆိုးမကို သတိရပါ။ အတတ်နိုင်ဆုံး ပေးခဲ့​လို့ သူ့ကို ယေဟောဝါ တန်ဖိုး​ထားတယ်။—လု. ၂၁:၁-၄

မှတ်ချက်​ပေးခြင်း​က ကိုယ်တိုင်နဲ့ နားထောင်​သူတွေကို အကျိုးပြု (အပိုဒ် ၆-၇ ကို​ကြည့်ပါ) *

၆။ (က) ဟီဘရူး ၁၀:၂၄၊ ၂၅ အရ မှတ်ချက်​တွေ​က သင့်​အပေါ် ဘယ်လို အကျိုး​သက်ရောက်​နိုင်သလဲ။ (ခ) အားရှိစရာ မှတ်ချက်​တွေ​အတွက် ကျေးဇူးတင်ကြောင်း ဘယ်လို ပြ​နိုင်သလဲ။

မှတ်ချက်​တွေ​အားဖြင့် ကျွန်တော်တို့ အချင်းချင်း အားပေးကြတယ်။ (ဟီဘရူး ၁၀:၂၄၊ ၂၅ ကိုဖတ်ပါ။) အစည်းအဝေး​မှာ မှတ်ချက်​အမျိုးမျိုး ကြားရ​တာ​ကို ကျွန်တော်တို့ နှစ်သက်​ကြတယ်။ ကလေး​တစ်ယောက်ရဲ့ မှတ်ချက် ရိုးရိုးလေး​ကို သဘောကျ​မိ​သလို တစ်ယောက်ယောက်​က ရှာဖွေ​တွေ့ရှိတဲ့ အချက်​တစ်ခုကို မှတ်ချက်​ပေးတဲ့​အခါလည်း ကျွန်တော်တို့ အားရှိ​သွားတယ်။ ရှက်တတ်​ပေမဲ့၊ ဘာသာစကား​အသစ် သင်​နေတုန်း ဖြစ်ပေမဲ့ “သတ္တိမွေး” ပြီး မှတ်ချက်​ပေးတဲ့​သူတွေကို လေးစား​မိတယ်။ (၁ သက်. ၂:၂) သူတို့ကို ကျေးဇူးတင်ကြောင်း ဘယ်လို ပြ​နိုင်သလဲ။ တစ်နည်း​က အစည်းအဝေး​ပြီးနောက် မှတ်ချက်​အတွက် ကျေးဇူးတင်ကြောင်း ပြော​နိုင်တယ်။ နောက်​တစ်နည်း​က ကိုယ်တိုင် မှတ်ချက်​ပေးခြင်း ဖြစ်တယ်။ ဒီ​နည်းနဲ့ အပြန်အလှန် အားပေး​ခွင့်​ရ​ကြတယ်။—ရော. ၁:၁၁၊ ၁၂

၇။ မှတ်ချက်​ပေးတဲ့​အခါ ကိုယ်တိုင် ဘယ်လို အကျိုး​ရသလဲ။

မှတ်ချက်​ပေးတဲ့​အခါ ကိုယ်တိုင် အကျိုး​ခံစားရ​တယ်။ (ဟေရှာ. ၄၈:၁၇) ပထမ၊ အစည်းအဝေး​မှာ မှတ်ချက်​ပေးမယ်လို့ ပန်းတိုင်​ထားတာ​က ကောင်းကောင်း ပြင်ဆင်​ဖို့ လှုံ့ဆော်​ပေးတယ်။ ကောင်းကောင်း ပြင်ဆင်​တဲ့အခါ ကျမ်းစာ​အကြောင်း ပို​နားလည်​လာတယ်။ ပို​နားလည်​လေ ပို​ကျင့်သုံး​နိုင်​လေ​ပဲ။ ဒုတိယ၊ ကိုယ်တိုင်​ပါဝင်တဲ့​အတွက် ပို​ပျော်​လာပါလိမ့်မယ်။ တတိယ၊ ကိုယ်​မှတ်ချက်​ပေးလိုက်တဲ့ အကြောင်းအရာကို အစည်းအဝေး​ပြီးနောက် အတော်ကြာကြာ မှတ်မိ​နေပါ​လိမ့်မယ်။

၈၊ ၉။ (က) မာလခိ ၃:၁၆ အရ ကျွန်တော်တို့ မှတ်ချက်​ပေးတဲ့​အခါ ယေဟောဝါ ဘယ်လို ခံစား​ရသလဲ။ (ခ) တချို့က ဘာလုပ်ဖို့ ကြောက်နေ​ကြသလဲ။

ယုံကြည်ချက်​အကြောင်း ထုတ်ပြော​တဲ့အခါ ယေဟောဝါ နှစ်သက်တယ်။ အစည်းအဝေး​မှာ ကျွန်တော်တို့ မှတ်ချက်​ပေးတာကို ယေဟောဝါ နားထောင်ပြီး အလွန်​တန်ဖိုး​ထားတယ်။ (မာလခိ ၃:၁၆ ကိုဖတ်ပါ။) ကျွန်တော်တို့ရဲ့ ကြိုးစားမှု​ကို ကောင်းချီး​ပေးခြင်း​အားဖြင့် တန်ဖိုး​ထားကြောင်း ဖော်ပြတယ်။—မာ​လ. ၃:၁၀

အစည်းအဝေးတွေမှာ မှတ်ချက်​ပေးဖို့ အကြောင်းကောင်း​တွေ ရှိပါတယ်။ ဒါပေမဲ့ တချို့က လက်ထောင်​ဖို့ ကြောက်​တာ​ဖြစ်နိုင်တယ်။ သင် အဲဒီလို​ဖြစ်နေရင် စိတ်ဓာတ်​မကျပါနဲ့။ အစည်းအဝေးတွေမှာ ပို​မှတ်ချက်​ပေးဖို့ ကူညီ​ပေးမယ့် ကျမ်းစာမူ​တချို့၊ ဥပမာ​တချို့၊ လက်တွေ့ကျ အကြံပြုချက်​တချို့ကို သုံးသပ်​ကြည့်ကြစို့။

ကြောက်စိတ်​ကို အနိုင်ယူ​ခြင်း

၁၀။ (က) ကျွန်တော်တို့​အများစု ဘာကို စိုးရိမ်​တတ်ကြ​သလဲ။ (ခ) မှတ်ချက်​ပေးဖို့ ကြောက်​တာ​က ဘာကြောင့် ကောင်းတဲ့​လက္ခဏာ ဖြစ်နိုင်သလဲ။

၁၀ လက်ထောင်​ဖို့ စဉ်းစား​လိုက်​ရုံ​နဲ့​တင် သင် စိုးရိမ်​မိ​သလား။ အဲဒီလို ခံစား​ရတာ သင်​တစ်ယောက်တည်း မဟုတ်ပါဘူး။ ကျွန်တော်တို့​အားလုံး မှတ်ချက်​ပေးတဲ့​အခါ ကြောက်​တတ်ကြတယ်။ အဲဒါကို ကျော်လွှား​နိုင်ဖို့ ကြောက်​ရတဲ့ အကြောင်းရင်းကို သိဖို့ လိုတယ်။ ကိုယ်​ပြောချင်တာ​ကို မေ့သွား​မှာ၊ မှားသွား​မှာ ကြောက်​တာ​လား။ တခြား​သူတွေရဲ့ မှတ်ချက်​လောက် မကောင်း​မှာ​ကို စိုးရိမ်​တာ​လား။ ဒါတွေဟာ ကောင်းတဲ့​လက္ခဏာတွေ​ပါ။ ဒါက သင်ဟာ နှိမ့်ချမှု ရှိပြီး တခြား​သူတွေကို ကိုယ့်ထက် သာတယ်လို့ ရှုမြင်​ကြောင်း ဖော်ပြရာ​ရောက်တယ်။ အဲဒီ​အရည်အသွေးတွေကို ယေဟောဝါ နှစ်သက်တယ်။ (ဆာ. ၁၃၈:၆။ ဖိ. ၂:၃) ယေဟောဝါ​က အစည်းအဝေး​မှာ မိမိကို ချီးမွမ်းဖို့၊ ညီအစ်ကို/မ​တွေကို အားပေးဖို့ လိုလားတယ်။ (၁ သက်. ၅:၁၁) သင့်ကို ချစ်​ပြီး လိုအပ်တဲ့ သတ္တိ​ကို ပေးပါလိမ့်မယ်။

၁၁။ ဘယ်​ကျမ်းစာ သတိပေး​ချက်​က အကူအညီ​ဖြစ်စေ​သလဲ။

၁၁ ကျမ်းစာ သတိပေး​ချက်​တချို့ကို သတိပြု​ကြည့်ပါ။ ကျွန်တော်တို့​အားလုံး စကား​မှား​တတ်ကြတယ်၊ ပြောဆိုပုံ မှား​တတ်ကြတယ်​လို့ ကျမ်းစာ​ပြောတယ်။ (ယာ. ၃:၂) ပြည့်ဝ​စုံလင်​ဖို့ ယေဟောဝါ မမျှော်လင့်​သလို ညီအစ်ကို/မ​တွေ​လ​ည်း မမျှော်လင့်​ကြပါဘူး။ (ဆာ. ၁၀၃:၁၂-၁၄) သူတို့ဟာ ကျွန်တော်တို့ရဲ့ မိသားစုဝင်​တွေ​ဖြစ်ပြီး ကျွန်တော်တို့ကို ချစ်​ကြတယ်။ (မာ. ၁၀:၂၉၊ ၃၀။ ယော. ၁၃:၃၅) ဖြေ​ချင်​တာ တစ်ခု၊ ဖြေလိုက်​တာ တစ်ခု ဖြစ်သွား​ရင်တောင် နားလည်​ပေး​ကြတယ်။

၁၂-၁၃။ နေဟမိ​နဲ့ ယောန​ဆီကနေ ဘာ​သင်ယူ​ရသလဲ။

၁၂ ကြောက်စိတ်​ကို ကျော်လွှား​နိုင်ဖို့ ကူညီ​ပေးတဲ့ ကျမ်းစာ​နမူနာ​တချို့ကို သုံးသပ်​ကြည့်ပါ။ နန်းတော်မှာ အမှုထမ်း​နေတဲ့ နေဟမိ​ဟာ ဂျေရုဆလင် မြို့ရိုး​နဲ့ ဂိတ်​တံခါးတွေ ပျက်စီး​နေမှန်း ကြားရ​လို့ ဝမ်းနည်း​နေတယ်။ (နေ. ၁:၁-၄) ဘာကြောင့် မျက်နှာညှိုး​နေတာလဲ​လို့ ဘုရင် မေးတဲ့အခါ နေဟမိ ဘယ်လောက် စိုးရိမ်​သွားမယ်​ဆိုတာ မြင်ယောင်​ကြည့်ပါ။ ဒါပေမဲ့ ချက်ချင်း ဆုတောင်းပြီး အဖြေပေး​လိုက်တယ်။ ရလဒ်အနေနဲ့ ဘုရင်​က ဘုရားလူမျိုးကို များစွာ ကူညီ​ပေးခဲ့တယ်။ (နေ. ၂:၁-၈) ယောန​အကြောင်းလည်း စဉ်းစား​ကြည့်ပါ။ နိန​ဝေ​မြို့သား​တွေကို ဟော​ခိုင်းတဲ့​အခါ ကြောက်​ပြီး အဝေး​ကို ထွက်ပြေး​တ​ယ်။ (ယောန ၁:၁-၃) ဒါပေမဲ့ ယေဟောဝါရဲ့ အကူအညီ​ကြောင့် နိန​ဝေ​မြို့သား​တွေကို ပြန်​ဟောတဲ့​အခါ ကောင်းကျိုး​များစွာ ရရှိခဲ့တယ်။ (ယောန ၃:၅-၁၀) ဒါကြောင့် မှတ်ချက်​မပေးခင် ဆုတောင်းဖို့ နေဟမိ​ဆီက သင်ယူ​ရတယ်။ ဘယ်လောက်​ပဲ ကြောက်​ပါစေ ဆ​က်​အမှုဆောင်​နိုင်အောင် ယေဟောဝါ ကူညီ​ပေးနိုင်ကြောင်း ယောန​ဆီက သင်ယူ​ရတယ်။ အသင်းတော်မှာ မှတ်ချက်​ပေးတာဟာ နိန​ဝေ​မြို့သား​တွေကို သွား​ဟော​ရတာ​လောက် ကြောက်စရာ မကောင်း​ပါဘူး။

၁၃ အစည်းအဝေးတွေမှာ မှတ်ချက်​ပေးဖို့ ဘယ်​လက်တွေ့ကျ အကြံပြုချက်တွေက ကူညီ​ပေးနိုင်​သလဲ။ တချို့ကို သုံးသပ်​ကြည့်ကြစို့။

၁၄။ အစည်းအဝေးတွေ​အတွက် ဘာကြောင့် ကောင်းကောင်း ပြင်ဆင်​သင့်သလဲ။ ဘယ်​အချိန်မှာ ပြင်ဆင်​နိုင်သလဲ။

၁၄ အစည်းအဝေး​တိုင်း​အတွက် ပြင်ဆင်ပါ။ ကြို​စီစဉ်​ပြီး ကောင်းစွာ ပြင်ဆင်​တဲ့အခါ မှတ်ချက်​ပေးဖို့ ယုံကြည်မှု ပို​ရှိလာ​ပါလိမ့်မယ်။ (ပညာ. ၂၁:၅) ယောက်တိုင်းမှာ ပြင်ဆင်​ဖို့ အစီအစဉ်​အမျိုးမျိုး ရှိကြတယ်။ အသက် ၈၀ ဝန်းကျင် မုဆိုးမ အဲလ်​ဝိစ်​က ကင်းမျှော်စင် ကို သီတင်းပတ်​ရဲ့​အစမှာ ကြိုပြင်​လေ့​ရှိတယ်။ “ကြို​လေ့လာ​ထားရင် အစည်းအဝေး​မှာ ပို​ပျော်တယ်” လို့ သူပြောတယ်။ အချိန်ပြည့်​အလုပ် လုပ်တဲ့ ဂျွိုင်း​က စနေနေ့​မှာ ကင်းမျှော်စင် လေ့လာဖို့ အချိန်ဖယ်​ထားတယ်။ “အစည်းအဝေး မတိုင်ခင် တစ်ရက်မှာ လေ့လာ​ထား​တော့ ပို​မှတ်​မိတယ်” လို့ ပြောတယ်။ “တစ်ထိုင်​တည်း အားလုံး​လေ့လာတာ​ထက် တစ်ပတ်​အတွင်း နည်းနည်း​စီ လေ့လာတာ​ကို ပို​ကြိုက်တယ်” ဆိုပြီး အလုပ်များ​တဲ့ ရှေ့ဆောင် အကြီးအကဲ အို​က်ခ် ပြောတယ်။

၁၅။ အစည်းအဝေး​အတွက် ဘယ်လို ကောင်းစွာ ပြင်ဆင်​နိုင်သလဲ။

၁၅ အစည်းအဝေး​အတွက် ကောင်းစွာ ပြင်ဆင်ခြင်း​မှာ ဘာတွေ ပါဝင်​သလဲ။ သန့်ရှင်းသော စွမ်းအားတော်​ရဖို့ ယေဟောဝါ​ဆီ ဆုတောင်းခြင်းနဲ့ အစ​ပြုပါ။ (လု. ၁၁:၁၃။ ၁ ယော. ၅:၁၄) ခေါင်းစဉ်၊ ခေါင်းစဉ်​ငယ်၊ ဥပမာ၊ ရုပ်ပုံ၊ လေးထောင့်ကွက်​တွေကို ခြုံငုံ​သုံးသပ်ပါ။ အပိုဒ်​တွေကို လေ့လာတဲ့​အခါ ကိုးကား​ထားတဲ့ ကျမ်းချက်တွေကို ဖတ်ပါ။ အကြောင်းအရာကို၊ အထူးသဖြင့် မှတ်ချက်​ပေးချင်တဲ့ အချက်ကို တွေးတော​ဆင်ခြင်ပါ။ ကောင်းကောင်း ပြင်ဆင်​လေ ပို​အကျိုး​ရလေ၊ မှတ်ချက်​ပေးဖို့ ပိုလွယ်​လေ​ပါပဲ။—၂ ကော. ၉:၆

၁၆။ ဘယ်နည်း​ပညာ​တွေကို သင် ရနိုင်သလဲ။ အဲဒါတွေကို ဘယ်လို အသုံးပြု​နေသလဲ။

၁၆ ဖြစ်နိုင်ရင် သင့်​ဘာသာစကားနဲ့ ပြင်ဆင်ပေးထားတဲ့ ဒီဂျစ်တယ် နည်းပညာ​တွေကို သုံးပါ။ အစည်းအဝေးတွေ​အတွက် ပြင်ဆင်​ရာ​မှာ ကူညီ​ပေးဖို့ ဒီဂျစ်တယ် နည်းပညာ​တွေကို အဖွဲ့အစည်း​က​တစ်ဆင့် ယေဟောဝါ ပြင်ဆင်​ပေးထားတယ်။ JW Library® app မှာပါတဲ့ လေ့လာရန် ဆောင်းပါး​တွေကို ကိုယ့်ရဲ့ ဖုန်း၊ တက်ဘလက်​ထဲ ကူးယူ​နိုင်တယ်။ ပြီးနောက် အချိန်မရွေး၊ နေရာ​မရွေး ဖတ်နိုင်၊ နားထောင်​နိုင်တယ်။ တချို့က နေ့လယ် အလုပ်​နားချိန်၊ ကျောင်း​နားချိန်၊ သွားလာ​ချိန်​တွေ​မှာ သုံး​ကြတယ်။ ကင်းမျှော်စင် စာကြည့်တိုက်၊ ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက် မှာ ကိုယ်​သိချင်​တာတွေကို အလွယ်တကူ ရှာဖွေ​လေ့လာ​နိုင်တယ်။

ဘယ်​အချိန်မှာ အစည်းအဝေး​အတွက် ပြင်ဆင်​ဖို့ သင် စီစဉ်​ထားသလဲ (အပိုဒ် ၁၄-၁၆ ကို​ကြည့်ပါ) *

၁၇။ (က) မှတ်ချက်များ​များ ပြင်ဆင်​ထားတာ ဘာကြောင့် ကောင်း​သလဲ။ (ခ) ယေဟောဝါရဲ့ မိတ်ဆွေ​ဖြစ်ပါ—မှတ်ချက်​ပေးဖို့ ပြင်ဆင်ပါ ဗီဒီယိုက​နေ ဘာသင်ယူနိုင်သလဲ။

၁၇ မှတ်ချက်များ​များ ပြင်ဆင်​ထားပါ။ ဘာကြောင့်လဲ​ဆိုတော့ လက်ထောင်​တာ​နဲ့ သင်တန်းမှူး​က သင့်ကို ခေါ်ချင်​မှ ခေါ်​မှာ ဖြစ်လို့ပဲ။ လက်ထောင်​တဲ့ တခြား​သူတွေလည်း ရှိ​နိုင်တယ်။ အစည်းအဝေး အချိန်မီ​ပြီး​ဖို့ သင်တန်းမှူး​က တချို့​အပိုဒ်​မှာ မှတ်ချက်​ပေးမယ့်​သူ အရေအတွက်​ကို ကန့်သတ်​ထား​နိုင်တယ်။ ဒါကြောင့် အစပိုင်းမှာ မ​ခေါ်​ရင် စိတ်မဆိုး​ပါ​နဲ့။ စိတ်ဓာတ်​မကျပါနဲ့။ မှတ်ချက်များများ ပြင်ဆင်​ထားမယ်​ဆိုရင် အခွင့်အရေး ပို​ရနိုင်တယ်။ ကျမ်းချက်​ဖတ်တာ​လ​ည်း မှတ်ချက်​ပေးတာ​ဖြစ်တယ်။ ဒါပေမဲ့ ဖြစ်နိုင်မယ်​ဆိုရင် ကိုယ်ပိုင်​စကားနဲ့ မှတ်ချက်​ပေးဖို့ ပြင်ဆင်​ထား​နိုင်တယ်။ *

၁၈။ ဘာကြောင့် မှတ်ချက်တို​လေး​တွေ ပေး​သင့်သလဲ။

၁၈ မှတ်ချက် တို​တို​လေး ပေးပါ။ လိုရင်းတိုရှင်း မှတ်ချက်​လေး​တွေ​က အားပေးမှု​ဖြစ်စေ​နိုင်တယ်။ စက္ကန့် ၃၀ ထက် မပို​တဲ့ မှတ်ချက်တို​လေး​တွေ ပေးဖို့ ပန်းတိုင်​ထားပါ။ (ပညာ. ၁၀:၁၉။ ၁၅:၂၃) သင်ဟာ အစည်းအဝေးတွေမှာ မှတ်ချက်​ပေး​လာတာ နှစ်ပေါင်းများစွာ ကြာနေ​ပြီဆို​ရင် မှတ်ချက်တို​လေး​တွေ ပေးခြင်း​အားဖြင့် ပုံသက်သေ​ကောင်း ပြနိုင်တယ်။ ရှုပ်ထွေး​တဲ့ မှတ်ချက်​အရှည်ကြီး ဖြေ​မ​ယ်​ဆိုရင် တခြား​သူတွေက သင့်​လောက် ဖြေနိုင်​မှာ မဟုတ်ဘူး​ဆိုပြီး တွန့်ဆုတ်​သွားနိုင်တယ်။ အဲဒီအပြင် မှတ်ချက်တို​တို​ပေးရင် လူများများ ပါဝင်ဖို့ အချိန်​ရစေတယ်။ ဦးဆုံး​မှတ်ချက်​ပေးတဲ့​သူ ဖြစ်ရင် ရိုးရှင်း​ပြီး တိုက်ရိုက်​ကျ​တဲ့​အဖြေ ပေး​သင့်တယ်။ အပိုဒ်​ထဲ​က အချက်​အားလုံး မ​ဖြေပါ​နဲ့။ အဓိက​အချက်ကို ဆွေးနွေး​ပြီးနောက် ထပ်​ဆောင်း​အချက်တွေကို မှတ်ချက်​ပေး​နိုင်တယ်။—“ ဘာတွေ မှတ်ချက်​ပေးနိုင်​သလဲ” လေးထောင့်ကွက်​ကို ကြည့်ပါ။

၁၉။ သင့်ကို သင်တန်းမှူး ဘယ်လို ကူညီ​ပေးနိုင်​သလဲ။ သင် ဘာလုပ်ဖို့ လိုသလဲ။

၁၉ ဘယ်​အပိုဒ်​ကို မှတ်ချက်​ပေးမယ်​ဆိုတာ သင်တန်းမှူး​ကို အသိပေး​ထားပါ။ အစည်းအဝေး မစ​ခင် သင်တန်းမှူး​ကို ကြိုပြော​ထား​နိုင်တယ်။ ကိုယ်​ဖြေ​မ​ယ့်​အပိုဒ် ရောက်တဲ့အခါ သင်တန်းမှူး မြင်​အောင် ချက်ချင်း လက်ကို မြင့်မြင့်​ထောင်​ပါ။

၂၀။ အသင်းတော် အစည်းအဝေး​က မိတ်ဆွေ​တွေ စုဆုံ​ပြီး စားသောက်​ကြ​တဲ့​ပွဲနဲ့ ဘယ်လို တူသလဲ။

၂၀ အသင်းတော် အစည်းအဝေးတွေကို မိတ်ဆွေတွေနဲ့ စုဆုံ​ပြီး စားသောက်​ကြ​တဲ့​ပွဲ​လို့ ရှုမြင်​သင့်တယ်။ မိတ်ဆွေ​တချို့က အတူ​စု​စားဖို့ သင့်ကို ဖိ​တ်​ပြီး စားစရာ တစ်ခုခု​ယူလာ​ဖို့ ပြောတယ်​ဆိုပါစို့။ ဘာလုပ်မလဲ။ စိုးရိမ်​မိ​နိုင်ပေမဲ့ အားလုံး​ကြိုက်​မ​ယ့် စားစရာ​ကို အတတ်နိုင်ဆုံး ချက်ပြုတ်​သွားမှာပဲ။ အိမ်ရှင် ယေဟောဝါ​က အစည်းအဝေးတွေမှာ အကောင်းဆုံး အစားအသောက်​တွေကို အလျှံပယ် ပြင်ဆင်​ပေးထားတယ်။ (ဆာ. ၂၃:၅။ မ. ၂၄:၄၅) ကိုယ်​အတတ်နိုင်ဆုံး လက်ဆောင် ရိုးရိုးလေး ယူလာ​တာ​ကို ဘုရား နှစ်သက်တယ်။ ဒါကြောင့် ကောင်းစွာ ပြင်ဆင်​ပြီး တတ်နိုင်​သလောက် ပါဝင်ပါ။ ဒီ​နည်း​အားဖြင့် ယေဟောဝါရဲ့ စားပွဲမှာ စားသောက်​ရုံ​သာမက တခြား​သူတွေကို ဝေမျှ​ခွင့်​လ​ည်း ရပါလိမ့်မယ်။

သီချင်း ၂ နာမတော် ယေဟောဝါ

^ အပိုဒ်၊ 5 ဆာလံဆရာ ဒါဝိဒ်လို​ပဲ ကျွန်တော်တို့​အားလုံး ယေဟောဝါကို ချစ်​ပြီး ချီးမွမ်း​နေ​ကြတယ်။ အသင်းတော်​လိုက် ဝတ်ပြုတဲ့​အခါ ဘုရားကို ချစ်ကြောင်း ဖော်ပြဖို့ အထူး​အခွင့်အရေး ရစေတယ်။ ဒါပေမဲ့ တချို့က အစည်းအဝေး​မှာ မှတ်ချက်​ပေးဖို့ ခက်​နေတယ်။ အဲဒီ​အခက်အခဲကို ကျော်လွှား​နိုင်ဖို့ ဒီ​ဆောင်းပါး​က ကူညီပေး​နိုင်ပါတယ်။

^ အပိုဒ်၊ 17 jw.org ထဲ​က သမ္မာကျမ်းစာ သွန်သင်ချက်များ > ကလေးများ အပိုင်းမှာ​ပါတဲ့ ယေဟောဝါရဲ့ မိတ်ဆွေ​ဖြစ်ပါ—မှတ်ချက်​ပေးဖို့ ပြင်ဆင်ပါ ဗီဒီယိုကို ကြည့်ပါ။

^ အပိုဒ်၊ 63 ပုံ​အညွှန်း– ကင်းမျှော်စင် သင်တန်း​မှာ ပျော်ရွှင်စွာ ပါဝင်​နေ​သူများ။

^ အပိုဒ်၊ 65 ပုံ​အညွှန်း– ရှေ့​စာမျက်နှာပါ ကင်းမျှော်စင် သင်တန်း​မှာ ပါဝင်​သူတချို့။ အခြေအနေ​တွေ မတူ​ကြပေမဲ့ အစည်းအဝေး​အတွက် ပြင်ဆင်​ဖို့ အချိန်ဖယ်​ထား​ကြ။