မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာရန် ဆောင်းပါး ၆

သမာဓိ စောင့်ထိန်းပါ

သမာဓိ စောင့်ထိန်းပါ

“သေတဲ့အထိ ကျုပ်ရဲ့​သမာဓိကို မစွန့်​ဘူး။”—ယောဘ ၂၇:၅

သီချင်း ၃၄ သမာဓိ​ရှိ​ရှိ လျှောက်လှမ်းခြင်း

အကြို​သုံးသပ်ချက် *

၁။ သက်သေခံ သုံးယောက် ယေဟောဝါ​ဘက် ဘယ်လို ရပ်တည်​ကြသလဲ။

ယေဟောဝါသက်သေတွေ ကြုံတွေ့​နေရတဲ့ ဖြစ်ရပ် သုံးခုကို မြင်ယောင်​ကြည့်ပါ။ (၁) ဆရာက ကျောင်းသား​အားလုံးကို ပွဲနေ့​တစ်ခုမှာ ပါဝင်ဖို့ ပြောတယ်။ ဒီ​ပွဲနေ့​ကို ဘုရား မကြိုက်​မှန်း သက်သေခံ​ကျောင်းသူ သိတဲ့​အတွက် လေးလေးစားစား ငြင်း​လိုက်တယ်။ (၂) ရှက်တတ်တဲ့ လူငယ်​တစ်ယောက် တစ်အိမ်တက်ဆင်း ဟောပြောနေ​တယ်။ နောက်​တစ်အိမ်​ဟာ ယေဟောဝါ​သက်သေတွေကို လှောင်ပြောင်​တတ်တဲ့ ကျောင်းနေဖက်ရဲ့​အိမ် ဖြစ်မှန်း သိပေမဲ့ အရဲစွန့်​ပြီး တံခါးခေါက်​လိုက်တယ်။ (၃) မိသားစုကို ခက်ခက်ခဲခဲ ရှာဖွေ​ကျွေးမွေး​နေတဲ့ ဖခင်​တစ်ယောက်ကို တစ်နေ့မှာ သူဌေး​က မရိုးသားတာ၊ ဥပဒေ​နဲ့ မညီ​တာ​တစ်ခု လုပ်​ခိုင်းတယ်။ ငြင်း​လိုက်ရင် အလုပ်ပြုတ်​သွား​နိုင်မှန်း သိပေမဲ့ ဘုရား​တောင်းဆိုတဲ့​အတိုင်း ရိုးသား​ပြီး ဥပဒေ​နာခံရ​မှာ​ဖြစ်ကြောင်း သူဌေး​ကို ရှင်းပြ​လိုက်တယ်။—ရော. ၁၃:၁-၄။ ဟီ. ၁၃:၁၈

၂။ ဘယ်မေးခွန်းတွေကို ဆွေးနွေးကြမလဲ။ ဘာကြောင့်လဲ။

အဲဒီ​သုံးယောက်မှာ ဘယ်​အရည်အသွေးတွေကို သင် တွေ့​သလဲ။ ရဲစွမ်းသတ္တိ၊ ရိုးသားမှု စတဲ့ အရည်အသွေးတွေကို သတိပြုမိ​မှာ​ပဲ။ ဒါပေမဲ့ အ​ပေါ်လွင်​ဆုံး အရည်အသွေး​ကတော့ သမာဓိ​ရှိ​ခြင်း​ပါပဲ။ သုံးယောက်စလုံး​ဟာ ယေဟောဝါကို သစ္စာ​စောင့်သိ​ကြတယ်။ ဘုရားသခင့် စံနှုန်းတွေကို အလျှော့မပေး​ကြဘူး။ သမာဓိ​စောင့်ထိန်း​တဲ့​အတွက် အဲဒီလို လုပ်နိုင်​ခဲ့​ကြ​တာ။ သုံးယောက်စလုံး အဲဒီ​အရည်အသွေး တင်ပြတဲ့​အတွက် ယေဟောဝါ ဂုဏ်ယူ​မှာ သေချာတယ်။ ကျွန်တော်တို့လည်း ကောင်းကင်ဖခင်ကို ဂုဏ်ယူ​စေချင်တယ်။ ဒါကြောင့် ဒီမေးခွန်းတွေကို ဆွေးနွေးကြစို့– သမာဓိ​ရှိတယ်ဆိုတာ ဘာလဲ။ သမာဓိ​ရှိဖို့ ဘာကြောင့် လိုသလဲ။ ခက်ခဲတဲ့ ဒီ​အချိန်မှာ သမာဓိ​စောင့်ထိန်း​မယ်​ဆိုတဲ့ စိတ်ပိုင်းဖြတ်ချက်ကို ဘယ်လို ခိုင်မာ​စေနိုင်​မလဲ။

သမာဓိ​ရှိတယ်ဆိုတာ ဘာလဲ

၃။ (က) သမာဓိ​ရှိ​ခြင်း​ဆိုတာ ဘာကို ဆိုလိုသလဲ။ (ခ) သမာဓိ​ရှိခြင်းရဲ့ အဓိပ္ပာယ်​ကို နားလည်ဖို့ ဘယ်​ဥပမာ​တွေ​က ကူညီပေး​သလဲ။

ဘုရားသခင့် ကျေးကျွန်တွေ​အတွက် သမာဓိ​ရှိတယ်ဆိုတာ ယေဟောဝါကို ပုဂ္ဂိုလ်​တစ်ဦး​အဖြစ် စိတ်နှလုံး​အကြွင်းမဲ့ ချစ်ခြင်း၊ ဆည်းကပ်ခြင်း၊ ဆုံးဖြတ်ချက် မှန်သမျှ​မှာ ဘုရား​အလိုတော်ကို အဓိက​ထားခြင်း ဖြစ်တယ်။ “သမာဓိ” ဆိုတဲ့ ကျမ်းစာ​စကားလုံးရဲ့ အခြေခံ​အဓိပ္ပာယ်​က စုံလင်ခြင်း၊ အနာအဆာ​ကင်း​ခြင်း၊ အပြည့်အဝ​ဖြစ်​ခြင်း​ကို ဆိုလိုတယ်။ ဥပမာ၊ အစ္စရေး​တွေ တိရစ္ဆာန် ပူဇော်​တဲ့အခါ အနာအဆာ​ကင်း​ဖို့ * ယေဟောဝါ တောင်းဆိုတယ်။ (ဝတ်. ၂၂:၂၁၊ ၂၂) ခြေကျိုး၊ နားရွက်ပဲ့၊ မျက်စိကန်း၊ ရောဂါ​ရှိတဲ့ တိရစ္ဆာန်တွေကို မ​ပူဇော်​ရ​ဘူး။ ယေဟောဝါ​အတွက် ပူဇော်​တဲ့ တိရစ္ဆာန်တွေ​ဟာ ကိုယ်အင်္ဂါ​စုံ​ပြီး အနာအဆာ​ကင်း​ရမယ်။ (မာ​လ. ၁:၆-၉) အနာအဆာ​ကင်း​ဖို့ ယေဟောဝါ ဘာကြောင့် အလေးထား​မှန်း နားလည်​နိုင်ပါတယ်။ ကျွန်တော်တို့ဟာ အသီး​ဖြစ်ဖြစ်၊ စာအုပ်​ဖြစ်ဖြစ် တစ်ခုခု ဝယ်​တဲ့အခါ အနာအဆာ​ပါတာ၊ မပြည့်စုံတာကို လိုချင်​မှာ မဟုတ်ဘူး။ အနာအဆာ​ကင်း​ပြီး အပြည့်အစုံ​ပါတာ​ကိုပဲ လိုချင်ကြတယ်။ အဲဒီလိုပဲ ယေဟောဝါလည်း ကျွန်တော်တို့ရဲ့ မေတ္တာနဲ့ သစ္စာစောင့်သိမှုကို အပြည့်အဝ လိုချင်​တယ်။

၄။ (က) မစုံလင်ပေမဲ့ ဘာကြောင့် သမာဓိ​စောင့်သိ​နိုင်သလဲ။ (ခ) ဆာလံ ၁၀၃:၁၂-၁၄ အရ ကျွန်တော်တို့ဆီက​နေ ယေဟောဝါ ဘာ​မျှော်လင့်​သလဲ။

သမာဓိ​ရှိဖို့ ပြည့်ဝ​စုံလင်​ရမယ်လို့ ယူဆ​သင့်​သလား။ ပြည့်ဝ​စုံလင်​ဖို့ နေ​နေသာ​သာ အပြစ်​အနာအဆာ များလွန်းတယ်လို့ ကျွန်တော်တို့ ခံစား​မိ​နိုင်တယ်။ ဒါပေမဲ့ အဲဒီလို မခံစား​သင့်တဲ့ အကြောင်းရင်း နှစ်ခု​ကို သုံးသပ်ကြည့်​ပါ။ ပထမ၊ ကျွန်တော်တို့ရဲ့ အပြစ်​အနာအဆာ​တွေကို ယေဟောဝါ အာရုံမစိုက်​ဘူး။ “အို ယေဟောဝါ၊ ယေဟောဝါ၊ ကိုယ်တော်​သာ အမှားတွေကို စောင့်ကြည့်​နေရင် ဘယ်သူ ခံရပ်​နိုင်မှာလဲ” လို့ ကျမ်းစာမှာ ပြောတယ်။ (ဆာ. ၁၃၀:၃) ကျွန်တော်တို့ မစုံလင်​မှန်း၊ အပြစ်သားတွေ ဖြစ်မှန်း ဘုရား သိ​ပြီး ရက်ရက်ရောရော ခွင့်လွှတ်​ပေးတယ်။ (ဆာ. ၈၆:၅) ဒုတိယ၊ ကျွန်တော်တို့ရဲ့ ကန့်သတ်ချက်​တွေကို ယေဟောဝါ သိ​ပြီး မတတ်​နိုင်တာကို မမျှော်လင့်​ဘူး။ (ဆာလံ ၁၀၃:၁၂-၁၄ ကိုဖတ်ပါ။) ဒါဆို ဘယ်လိုနည်းနဲ့ စုံလင်၊ ပြည့်ဝ​ပြီး အနာအဆာ ကင်း​နိုင်မလဲ။

၅။ သမာဓိ​ရှိဖို့ မေတ္တာ ဘာကြောင့် လိုသလဲ။

ယေဟောဝါရဲ့ ကျေးကျွန်တွေ သမာဓိ​ရှိ​ရတဲ့ အကြောင်းရင်းဟာ မေတ္တာ​ရှိလို့ပဲ။ ကောင်းကင်ဖခင်ကို ချစ်တဲ့ မေတ္တာ၊ ဆည်းကပ်မှုဟာ စုံလင်၊ ပြည့်ဝ​ပြီး အနာအဆာ ကင်း​ရမယ်။ စမ်းသပ်​ခံရချိန်မှာ မေတ္တာ​ဆက်ရှိ​နေမယ်​ဆိုရင် သမာဓိ​ရှိနေတာ ဖြစ်တယ်။ (၁ ရာ. ၂၈:၉။ မ. ၂၂:၃၇) အစပိုင်းမှာ ဖော်ပြခဲ့တဲ့ သက်သေခံ သုံးယောက်​အကြောင်း ပြန်​စဉ်းစား​ကြည့်ပါ။ ကျောင်းသူလေး​ဟာ ကျောင်း​က​လုပ်တဲ့ ပွဲ​မှာ မပျော်​ချင်​လို့လား။ လူငယ်လေး​ဟာ ကျောင်းနေဖက်ရဲ့ အိမ်တံခါး​ရှေ့မှာ လှောင်ပြောင်​ခံ​ချင်​လို့လား။ ဖခင်​ဖြစ်သူ​က​လည်း အလုပ်ပြုတ်​ချင်​လို့လား။ မဟုတ်ပါဘူး။ ကောင်းကင်ဖခင် ယေဟောဝါရဲ့ ဖြောင့်မတ်တဲ့ စံနှုန်းတွေကို သူတို့​သိ​ပြီး ဘုရား နှစ်သက်တဲ့​အရာတွေကို ဦးစား​ထား​ကြလို့ပဲ။ ဘုရားကို ချစ်တဲ့ မေတ္တာဟာ ဆုံးဖြတ်ချက် မှန်သမျှ​မှာ ဘုရားကို ဦးစား​ထားဖို့ လှုံ့ဆော်​ပေးတယ်။ ဒီနည်း​အားဖြင့် သမာဓိ​ရှိကြောင်း ပြ​ကြတယ်။

သမာဓိ​ရှိဖို့ ဘာကြောင့် လိုအပ်

၆။ (က) သမာဓိ​ရှိဖို့ ဘာကြောင့် လိုသလဲ။ (ခ) အာဒံနဲ့ ဧဝဟာ သမာဓိ​စောင့်သိဖို့ ဘယ်လို ပျက်ကွက်ခဲ့​သလဲ။

သမာဓိ​ရှိဖို့ ဘာကြောင့် လိုသလဲ။ ယေဟောဝါကို​ရော သင့်ကိုပါ စာတန် စိန်ခေါ်​ထားလို့​ပဲ။ ပုန်ကန်တဲ့ အဲဒီ​ကောင်းကင်တမန်ဟာ ဧဒင်​ဥယျာဉ်မှာ ကိုယ့်ကိုယ်ကိုယ် “ခုခံ​သူ” လို့ အဓိပ္ပာယ်​ရှိတဲ့ စာတန် ဖြစ်စေတယ်။ ယေဟောဝါဟာ တစ်ကိုယ်ကောင်းဆန်​ပြီး မရိုးသားတဲ့ အုပ်စိုးရှင် ဖြစ်တယ်လို့ စွပ်စွဲ​ခြင်းအားဖြင့် ဘုရားကို အသရေ​ဖျက်​တယ်။ ဝမ်းနည်းစရာက အာဒံနဲ့ ဧဝဟာ စာတန်​ဘက် ပါသွားပြီး ယေဟောဝါကို ပုန်ကန်​ခဲ့​ကြတယ်။ (က. ၃:၁-၆) ဧဒင်​ဥယျာဉ်မှာ ယေဟောဝါကို ချစ်တဲ့ မေတ္တာ တိုးများ​အောင် လုပ်နိုင်တဲ့ အခွင့်အရေး​များစွာ ရှိတယ်။ ဒါပေမဲ့ စာတန် သွေးဆောင်​ချိန်မှာ သူတို့ရဲ့ မေတ္တာဟာ ပြည့်ဝ​စုံလင်မှု မရှိခဲ့ဘူး။ ဒါဆို ယေဟောဝါကို ချစ်လို့ သစ္စာစောင့်သိ​မယ့်​သူတွေ ရှိပါဦး​မလား​ဆိုတဲ့ မေးခွန်း ပေါ်လာတယ်။ ဆိုလိုတာ​က လူတွေ သမာဓိ​စောင့်သိ​နိုင်​ပါ့မလား။ ယောဘ​ကိစ္စမှာ အဲဒီ​မေးခွန်း ပေါ်လာတယ်။

၇။ ယောဘ ၁:၈-၁၁ အရ ယောဘရဲ့ သမာဓိကို ယေဟောဝါနဲ့ စာတန် ဘယ်လို သဘောထား​သလဲ။

အစ္စရေး​တွေ အီဂျစ်​ပြည်မှာ ရှိနေတုန်း ယောဘ အသက်ရှင်ခဲ့​တာ​ဖြစ်တယ်။ ယောဘရဲ့ သမာဓိဟာ ထူးခြားတယ်။ ကျွန်တော်တို့​လို​ပဲ မစုံလင်သူ၊ အမှား မကင်း​သူ​ဖြစ်ပေမဲ့ သမာဓိ​ရှိတဲ့​အတွက် ယောဘ​ကို ယေဟောဝါ ချစ်တယ်။ အဲဒီအချိန်မှာ လူ့​သမာဓိ​နဲ့​ပတ်သက်ပြီး ယေဟောဝါကို စာတန် ကဲ့ရဲ့​ထားပြီး ဖြစ်ပုံရ​တယ်။ ဒါကြောင့် ယောဘ​ကို ကြည့်ပါလို့ စာတန်ကို ယေဟောဝါ ပြောတယ်။ ယောဘရဲ့ အသက်တာ​က စာတန်ဟာ မုသာကောင်​ဖြစ်ကြောင်း ပြ​နေတယ်။ ဒါနဲ့ စာတန်​က ယောဘရဲ့ သမာဓိကို စမ်းသပ်​ခွင့်ပြု​ဖို့ တောင်းဆိုတယ်။ မိတ်ဆွေ ယောဘ​ကို ယေဟောဝါ ယုံကြည်​စိတ်ချ​တဲ့​အတွက် စမ်းသပ်ခွင့် ပြု​လိုက်တယ်။ယောဘ ၁:၈-၁၁ ကိုဖတ်ပါ။

၈။ ယောဘ​ကို စာတန် ဘယ်လို တိုက်ခိုက်​သလဲ။

စာတန်ဟာ ရက်စက်တဲ့ လူသတ်သမား​ဖြစ်တယ်။ ယောဘရဲ့ ပိုင်ဆိုင်ရာတွေကို တိုက်ခိုက်​တဲ့​အနေနဲ့ စည်းစိမ်​ပြုတ်​အောင်​လုပ်ပြီး ကျွန်တွေကို သတ်​တယ်။ နာမည်ပျက်​အောင် လုပ်တယ်။ ယောဘရဲ့ မိသားစုကို တိုက်ခိုက်​တဲ့​အနေနဲ့ သားသမီး ဆယ်ယောက်​ကို သတ်​လိုက်တယ်။ ယောဘရဲ့ ကိုယ်ခန္ဓာ​ကို တိုက်ခိုက်​တဲ့​အနေနဲ့ နာကျင်​တဲ့ အနာစိမ်း​တွေ ခြေ​ဆုံး​ခေါင်း​ဆုံး ပေါက်​စေတယ်။ ဇနီးဖြစ်သူ​က စိတ်​ဆင်းရဲလွန်းလို့ ဘုရားကို ကျိန်ဆဲ​ပြီး သေ​လိုက်​ဖို့ ပြောတယ်။ ယောဘ​ကိုယ်တိုင်လည်း သေချင်​ခဲ့​ပေမဲ့ သမာဓိ ဆက်​စောင့်ထိန်း​တယ်။ အဲဒီအခါ စာတန်​က ယောဘရဲ့ မိတ်ဆွေ သုံးယောက်ကို သုံးပြီး တိုက်ခိုက်​ပြန်တယ်။ သူတို့က ယောဘ​ကို နှစ်သိမ့်မယ့်​အစား ရက်ရက်စက်စက် ပြစ်တင်​ဝေဖန်​ကြတယ်။ ဒီလို​ဒုက္ခတွေ ကြုံ​ရအောင် ဘုရား လုပ်တာ၊ ယောဘရဲ့ သမာဓိကို ဘုရား ဂရုမစိုက်​ဘူးလို့ ပြောတယ်။ ယောဘဟာ ဆိုးညစ်သူ​ဖြစ်လို့ ဒုက္ခတွေ ခံထိုက်​တယ်လို့​တောင် ပြော​ကြတယ်။—ယောဘ ၁:၁၃-၂၂။ ၂:၇-၁၁။ ၁၅:၄၊ ၅။ ၂၂:၃-၆။ ၂၅:၄-၆

၉။ စမ်းသပ်မှုတွေ ကြုံ​ရပေမဲ့ ယောဘ ဘာ​မ​လုပ်ခဲ့ဘူး​လဲ။

ယောဘ ဘယ်လို တုံ့ပြန်​သလဲ။ ပြည့်ဝ​စုံလင်သူ မဟုတ်တဲ့​အတွက် မိတ်ဆွေ အတုအယောင်​တွေကို ဒေါသ​နဲ့ မဆင်မခြင် ပြောမိတယ်။ ဘုရား​ထက်​တောင် ပို​ဖြောင့်မတ်​ကြောင်း ပြဖို့ ကြိုးစားတယ်။ (ယောဘ ၆:၃။ ၁၃:၄၊ ၅။ ၃၂:၂။ ၃၄:၅) ဒါပေမဲ့ အဆိုးရွားဆုံး အခြေအနေ​မှာ​တောင် ယေဟောဝါ​ဘုရားကို ယောဘ ကျောမခိုင်း​ဘူး။ မိတ်ဆွေ အတုအယောင်​တွေရဲ့ အ​လိမ်​အ​ညာ​တွေကို မယုံဘူး။ “ခင်ဗျားတို့ကို ဖြောင့်မတ်တယ်​လို့ ပြောဖို့​ဆိုတာ ဝေလာ​ဝေး​ပဲ။ သေတဲ့အထိ ကျုပ်ရဲ့​သမာဓိကို မစွန့်​ဘူး” လို့ ပြောတယ်။ (ယောဘ ၂၇:၅) ယောဘ အလျှော့မပေး​ဘူး။ ကျွန်တော်တို့လည်း အဲဒီလို လုပ်နိုင်ပါတယ်။

၁၀။ ယောဘ​နဲ့​ပတ်သက်ပြီး စာတန် ပေါ်ပေါက်​စေတဲ့ ကိစ္စမှာ သင် ဘယ်လို ပတ်သက်​နေသလဲ။

၁၀ ကျွန်တော်တို့​ယောက်​တိုင်း​ကိုလည်း စာတန် အဲဒီလို စွပ်စွဲ​နေတယ်။ သင်နဲ့ ဘယ်လို ပတ်သက်​နေသလဲ။ ယေဟောဝါကို တကယ် မချစ်​ဘူး၊ ကိုယ့်ကိုယ်ကိုယ် ကယ်ဖို့ ဘုရားကို စွန့်မယ်၊ သမာဓိ စောင့်ထိန်း​မှာ မဟုတ်ဘူးလို့ သင့်ကို စာတန် ပြော​နေတယ်။ (ယောဘ ၂:၄၊ ၅။ ဗျာ. ၁၂:၁၀) သင် ဘယ်လို ခံစား​ရသလဲ။ စိတ်ထိခိုက်​တယ် မဟုတ်လား။ ဒါပေမဲ့ ဒီ​အချက်ကို စဉ်းစား​ကြည့်ပါ– သင့်ကို ယေဟောဝါ ယုံကြည်​စိတ်ချ​လို့ အခွင့်အရေးကြီး ပေးထားတယ်။ သင့်ရဲ့ သမာဓိကို စမ်းသပ်ဖို့ စာတန်ကို ခွင့်​ပေးထားတယ်။ သင် သမာဓိ စောင့်ထိန်း​မယ်၊ စာတန်ဟာ မုသာကောင်​ဖြစ်ကြောင်း သက်သေထူမယ်​ဆိုတာ ယေဟောဝါ စိတ်ချ​တယ်။ ကူညီ​ပေးမယ်လို့လည်း ကတိ​ပေးထားတယ်။ (ဟီ. ၁၃:၆) စကြဝဠာ အချုပ်အခြာအာဏာရှင်​ရဲ့ ယုံကြည်​စိတ်ချမှု ရထားတာ အခွင့်ထူးပါပဲ။ သမာဓိ​ရှိဖို့ ဘာကြောင့် အရေးကြီးကြောင်း နားလည်​ပြီလား။ သမာဓိ​ရှိ​မှ စာတန်ရဲ့ လိမ်ညာမှု​တွေကို ချေပ​နိုင်မယ်၊ အဖ​ဘုရားရဲ့ နာမည်ကောင်း​ကို ထိန်းသိမ်း​ပြီး ဘုရားရဲ့ အုပ်ချုပ်​ပုံကို ထောက်ခံ​နိုင်မယ်။ ဒါဆို သမာဓိ​ရှိ​ခြင်း​ဆိုတဲ့ အရည်အသွေးကို ဘယ်လို မွေးမြူ​နိုင်မလဲ။

အခု​အချိန်မှာ သမာဓိ စောင့်ထိန်း​နိုင်ပုံ

၁၁။ ယောဘ​ဆီကနေ ဘာသင်ယူနိုင်သလဲ။

၁၁ ဒီ “နောက်ဆုံး​ကာလ” မှာ ဘုရား​ကျေးကျွန်တွေကို စာတန် မီးကုန်ယမ်းကုန် တိုက်ခိုက်​နေတယ်။ (၂ တိ. ၃:၁) ကျွန်တော်တို့ ဘယ်လို သမာဓိ စောင့်ထိန်း​နိုင်သလဲ။ ယောဘ​ဆီက အများကြီး သင်ယူ​နိုင်ပါတယ်။ ယောဘဟာ စမ်းသပ်မှု မကြုံ​ခင်​ကတည်းက သမာဓိ စောင့်ထိန်း​တယ်​ဆိုတဲ့ မှတ်တမ်းကောင်း ရှိတယ်။ ယောဘ​ဆီကနေ သင်ယူနိုင်တဲ့ သင်ခန်းစာ သုံးခုကို သုံးသပ်ကြည့်​ပါ။

သမာဓိ စောင့်ထိန်းမယ်ဆိုတဲ့ စိတ်ပိုင်းဖြတ်ချက်ကို ခိုင်မာစေနိုင်တဲ့ နည်းတချို့က ဘာတွေလဲ (အပိုဒ် ၁၂ ကိုကြည့်ပါ) *

၁၂။ (က) ယောဘ ၂၆:၇၊ ၈၊ ၁၄ အရ ယေဟောဝါကို ယောဘ ဘယ်လို ကြောက်ရွံ့ရိုသေ​လာသလဲ။ (ခ) ကျွန်တော်တို့လည်း ဘုရားကို ဘယ်လို ကြောက်ရွံ့ရိုသေ​လာနိုင်သလဲ။

၁၂ ယောဘဟာ ယေဟောဝါကို ကြောက်ရွံ့ရိုသေ​စိတ် မွေးမြူခြင်း​အားဖြင့် မေတ္တာ တိုးများ​စေခဲ့တယ်။ ယေဟောဝါရဲ့ အံ့ဖွယ်​ဖန်ဆင်းရာတွေကို ယောဘ အချိန်​ယူ တွေးတောခဲ့​တယ်။ (ယောဘ ၂၆:၇၊ ၈၊ ၁၄ ကိုဖတ်ပါ။) ကမ္ဘာ၊ ကောင်းကင်၊ မိုးတိမ်၊ မိုးခြိမ်းသံ​တွေ​အကြောင်း တွေးမိ​တဲ့အခါ ဘုရားကို ကြောက်ရွံ့ရိုသေ​လာတယ်။ ဒါပေမဲ့ ဖန်ဆင်းရာတွေ​အကြောင်း အနည်းငယ်​ပဲ သိထားတယ်​ဆိုတာ ဝန်ခံတယ်။ ယောဘဟာ ယေဟောဝါရဲ့ စကားတွေကို​လည်း လေးမြတ်တယ်။ ‘မိန့်မှာချက်​တွေကို တန်ဖိုး​ထားပါ​တယ်’ လို့ ပြောခဲ့တယ်။ (ယောဘ ၂၃:၁၂) ယေဟောဝါကို ကြောက်ရွံ့ရိုသေ​တယ်။ ဘုရားကို ချစ်​ပြီး ဘုရားရဲ့ နှစ်သက်မှု​ကို ရချင်တယ်။ အဲဒါက သမာဓိ စောင့်ထိန်း​မယ်​ဆိုတဲ့ စိတ်ပိုင်းဖြတ်ချက်ကို ပို​ခိုင်မာ​စေတယ်။ ကျွန်တော်တို့လည်း ယောဘ​လို လုပ်ဖို့ လိုတယ်။ ယောဘ​ခေတ်​က လူတွေ​ထက် အံ့ဖွယ် ဖန်ဆင်းရာတွေ​အကြောင်း ကျွန်တော်တို့ ပို​သိထားတယ်။ ယေဟောဝါ​အကြောင်း နားလည်အောင် ကူညီ​ပေးတဲ့ ကျမ်းစာ​တစ်အုပ်လုံး​လည်း ရထားတယ်။ သိလာ​တာ​တွေ​က ဘုရားကို ကြောက်ရွံ့ရိုသေ​လာ​စေပြီး ဘုရားကို ချစ်​ဖို့၊ နာခံဖို့၊ သမာဓိ စောင့်ထိန်း​ဖို့ လှုံ့ဆော်​ပေးပါလိမ့်မယ်။—ယောဘ ၂၈:၂၈

ညစ်ညမ်းရုပ်ပုံတွေကို ငြင်းပယ်ခြင်းအားဖြင့် သမာဓိ စောင့်ထိန်းမယ်ဆိုတဲ့ စိတ်ပိုင်းဖြတ်ချက်ကို ခိုင်မာစေနိုင် (အပိုဒ် ၁၃ ကိုကြည့်ပါ) *

၁၃-၁၄။ (က) ယောဘ ၃၁:၁ အရ နာခံမှု​ရှိကြောင်း ယောဘ ဘယ်လို ပြခဲ့သလဲ။ (ခ) ယောဘရဲ့ ပုံသက်သေကို ကျွန်တော်တို့ ဘယ်လို လိုက်လျှောက်​နိုင်သလဲ။

၁၃ ယောဘဟာ နာခံမှု​ပြခြင်းအားဖြင့် သမာဓိ​စောင့်ထိန်းခဲ့​တယ်။ သမာဓိ​ရှိဖို့ နာခံမှု လိုအပ်​ကြောင်း ယောဘ သိတယ်။ တကယ်တော့ နာခံမှု​ရှိ​လေ သမာဓိ စောင့်ထိန်း​မယ်​ဆိုတဲ့ စိတ်ပိုင်းဖြတ်ချက် ပို​ခိုင်မာ​လေ​ပဲ။ ယောဘဟာ နေ့စဉ်​ဘဝမှာ ဘုရားကို နာခံဖို့ ကြိုးစားတယ်။ ဥပမာ၊ လိင်​ခြား​သူတွေနဲ့ အ​နေ​အ​ထိုင် ဆင်ခြင်တယ်။ (ယောဘ ၃၁:၁ ကိုဖတ်ပါ။) အိမ်ထောင်သည် တစ်ယောက်​အနေနဲ့ ကိုယ့်​ဇနီးက​လွဲ​ပြီး တခြား​မိန်းမတွေကို စိတ်ဝင်စား​တာ မသင့်တော်မှန်း သိတယ်။ ကျွန်တော်တို့လည်း လိင်ဆိုင်ရာ သွေးဆောင်မှု ပေါများ​လှတဲ့ လောကမှာ အသက်ရှင်​နေရ​တယ်။ ယောဘ​လို​ပဲ ကိုယ့်​အိမ်ထောင်ဖက် မဟုတ်​သူကို မသင့်တော်တဲ့ စိတ်ဝင်စားမှု မပြဖို့၊ ညစ်ညမ်း​ရုပ်ပုံ​မှန်သမျှကို မကြည့်ဖို့ ကြိုးစား​မလား။ (မ. ၅:၂၈) နေ့တိုင်း ချုပ်တည်းမှု တင်ပြဖို့ ကြိုးစားမယ်​ဆိုရင် သမာဓိ​စောင့်ထိန်း​မယ်​ဆိုတဲ့ စိတ်ပိုင်းဖြတ်ချက် ပို​ခိုင်မာ​လာပါလိမ့်မယ်။

ပစ္စည်းဥစ္စာအပေါ် မျှတတဲ့အမြင် ရှိခြင်းအားဖြင့် သမာဓိ စောင့်ထိန်းမယ်ဆိုတဲ့ စိတ်ပိုင်းဖြတ်ချက်ကို ခိုင်မာစေနိုင် (အပိုဒ် ၁၄ ကိုကြည့်ပါ) *

၁၄ ယောဘဟာ ပစ္စည်းဥစ္စာနဲ့​ပတ်သက်ရင်လည်း ယေဟောဝါကို နာခံတယ်။ ပစ္စည်းဥစ္စာကို ယုံကြည်​ကိုးစား​တာ​ဟာ ပြစ်ဒဏ်​ခံထိုက်​တဲ့ အမှား​ပဲ​ဆိုတာ သိတယ်။ (ယောဘ ၃၁:၂၄၊ ၂၅၊ ၂၈) ကျွန်တော်တို့လည်း ရုပ်​ဝါဒ​ဆန်​တဲ့ လောကမှာ အသက်ရှင်​နေရ​တယ်။ ကျမ်းစာမှာ ပြော​ထား​သလို ငွေနဲ့ ပစ္စည်းဥစ္စာ​အပေါ် မျှတတဲ့​အမြင် ရှိမယ်ဆိုရင် သမာဓိ စောင့်ထိန်း​မယ်​ဆိုတဲ့ စိတ်ပိုင်းဖြတ်ချက် ပို​ခိုင်မာ​လာပါလိမ့်မယ်။—ပညာ. ၃၀:၈၊ ၉။ မ. ၆:၁၉-၂၁

မျှော်လင့်ချက် ရှင်သန်နေစေခြင်းအားဖြင့် သမာဓိ စောင့်ထိန်းမယ်ဆိုတဲ့ စိတ်ပိုင်းဖြတ်ချက်ကို ခိုင်မာစေနိုင် (အပိုဒ် ၁၅ ကိုကြည့်ပါ) *

၁၅။ (က) ဘယ်​မျှော်လင့်ချက်​က သမာဓိ စောင့်ထိန်း​ဖို့ ယောဘ​ကို ကူညီပေး​သလဲ။ (ခ) ယေဟောဝါ ပေးတဲ့ မျှော်လင့်ချက်ကို ဘာကြောင့် စိတ်စွဲမှတ်​ထားသင့်​သလဲ။

၁၅ ယောဘဟာ ဘုရား ဆုချ​မယ်​ဆိုတဲ့ မျှော်လင့်ချက်ကို အာရုံစိုက်​ခြင်းအားဖြင့် သမာဓိ စောင့်ထိန်းခဲ့​တယ်။ မိမိရဲ့ သမာဓိကို ယေဟောဝါ အရေးစိုက်​ကြောင်း၊ နောက်ဆုံးမှာ ဆုချ​မှာ ဖြစ်ကြောင်း ယောဘ ယုံကြည်​စိတ်ချ​တယ်။ (ယောဘ ၃၁:၆) အဲဒီ​ယုံကြည်​စိတ်ချမှု​က သမာဓိ စောင့်ထိန်း​ဖို့ ကူညီ​ပေးတယ်။ ယောဘရဲ့ သမာဓိကို ယေဟောဝါ နှစ်သက်​လွန်း​လို့ မစုံလင်သူ ဖြစ်နေစဉ်​မှာ​တောင် ကြွယ်ဝ​စွာ ဆုချ​တယ်။ (ယောဘ ၄၂:၁၂-၁၇။ ယာ. ၅:၁၁) မကြာခင် အဲဒီထက် ပို​ကြီးမားတဲ့ ကောင်းချီးတွေ ပေးပါဦး​မယ်။ သင်​ကော သင့်ရဲ့ သမာဓိကို ယေဟောဝါ ဆုချ​မယ်​လို့ အခိုင်အမာ မျှော်လင့်​သလား။ ဘုရားသခင် မပြောင်းလဲပါဘူး။ (မာ​လ. ၃:၆) ကျွန်တော်တို့ရဲ့ သမာဓိကို တန်ဖိုး​ထားကြောင်း အမှတ်ရနေ​မယ်​ဆိုရင် စိတ်ထဲမှာ အနာဂတ် မျှော်လင့်ချက် ရှင်သန်​နေပါလိမ့်မယ်။—၁ သက်. ၅:၈၊ ၉

၁၆။ ဘာလုပ်ဖို့ စိတ်ပိုင်းဖြတ်​ထားသင့်​သလဲ။

၁၆ သမာဓိကို ဘယ်တော့မှ မစွန့်ဖို့ စိတ်ပိုင်းဖြတ်​ထားပါ။ တစ်ခါတလေ ကိုယ်​တစ်ယောက်တည်းပဲ​ဆိုပြီး စိတ်​အားငယ်​မိ​နိုင်ပေမဲ့ ဘယ်တော့မှ တစ်ယောက်တည်း မဟုတ်ပါဘူး။ ကမ္ဘာတစ်ဝန်းမှာ သစ္စာရှိ​ရှိ သမာဓိ စောင့်ထိန်း​သူ သန်းပေါင်း​များစွာ ရှိပါတယ်။ သေခြင်းနဲ့ ရင်ဆိုင်​ရချိန်မှာ​တောင် သမာဓိ စောင့်ထိန်းခဲ့​တဲ့ ရှေး​သစ္စာရှိ အမျိုးသား/သမီးတွေလည်း ရှိပါတယ်။ (ဟီ. ၁၁:၃၆-၃၈။ ၁၂:၁) “သေတဲ့အထိ ကျုပ်ရဲ့​သမာဓိကို မစွန့်​ဘူး” ဆိုတဲ့ ယောဘရဲ့ စကားအတိုင်း အသက်ရှင်ဖို့ စိတ်ပိုင်းဖြတ်​ကြပါစို့။ သမာဓိ စောင့်ထိန်းခြင်း​အားဖြင့် ယေဟောဝါကို ထာဝစဉ် ဂုဏ်တင်​ကြပါစို့။

သီချင်း ၁၂၄ သစ္စာမြဲပါ

^ အပိုဒ်၊ 5 သမာဓိ ရှိတယ်ဆိုတာ ဘာလဲ။ အဲဒီ​အရည်အသွေးကို ယေဟောဝါ ဘာကြောင့် တန်ဖိုး​ထားသလဲ။ ကျွန်တော်တို့ တစ်ဦးစီ​အတွက် ဘာကြောင့် အရေးကြီး​သလဲ။ ဒီဆောင်းပါး​မှာ အဲဒီ​မေးခွန်းတွေကို ဖြေဆို​ပေးပါမယ်။ နေ့တိုင်း သမာဓိ​စောင့်ထိန်း​မယ်​ဆိုတဲ့ စိတ်ပိုင်းဖြတ်ချက်ကို ဘယ်လို ခိုင်မာ​စေနိုင်ကြောင်းလည်း နားလည်​လာပါလိမ့်မယ်။ အဲဒီလို ခိုင်မာစေခြင်းက ကောင်းချီး​များစွာ ရစေပါ​လိမ့်မယ်။

^ အပိုဒ်၊ 3 ဟီဘရူး​စကားမှာ တိရစ္ဆာန်တွေ​အတွက် သုံးတဲ့ “အနာအဆာ​ကင်း​ခြင်း” နဲ့ လူတွေ​အတွက် သုံးတဲ့ “သမာဓိ​ရှိ​ခြင်း” ဆိုတဲ့ စကားလုံးဟာ ဆက်စပ်နေ​တယ်။

^ အပိုဒ်၊ 50 ပုံအညွှန်း– ယေဟောဝါရဲ့ အံ့ဖွယ် ဖန်ဆင်းခြင်း လက်ရာတွေအကြောင်း သားသမီးတချို့ကို ယောဘ သင်ပေးနေ။

^ အပိုဒ်၊ 52 ပုံအညွှန်း– ညီအစ်ကိုတစ်ယောက်က အလုပ်ဖော်တွေ ညစ်ညမ်းရုပ်ပုံကြည့်ဖို့ ခေါ်တာကို ငြင်းဆိုနေ။

^ အပိုဒ်၊ 54 ပုံအညွှန်း– မလိုအပ်တဲ့၊ မတတ်နိုင်တဲ့၊ ဈေးကြီးတဲ့ တီဗီအကြီး ဝယ်ဖို့ တိုက်တွန်းတာကို ငြင်းဆိုနေ။

^ အပိုဒ်၊ 56 ပုံအညွှန်း– ပရဒိသု မျှော်လင့်ချက်အကြောင်း အချိန်ယူပြီး ဆုတောင်းတွေးတောနေ။