မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာရန် ဆောင်းပါး ၇

ယေဟောဝါရဲ့ နှစ်သက်မှု ရဖို့ နူးညံ့သိမ်မွေ့ခြင်းကို ရှာပါ

ယေဟောဝါရဲ့ နှစ်သက်မှု ရဖို့ နူးညံ့သိမ်မွေ့ခြင်းကို ရှာပါ

‘နူးညံ့​သိမ်မွေ့​တဲ့ မြေကြီးသား​အပေါင်း​တို့၊ ယေဟောဝါကို ရှာ​ကြ။ နူးညံ့​သိမ်မွေ့ခြင်း​ကိုလည်း ရှာကြပါ။’—ဇေ. ၂:၃

သီချင်း ၈၀ ‘ယေဟောဝါ ကောင်းမြတ်​ကြောင်း မြည်းစမ်း​ကြည့်ပါ’

အကြို​သုံးသပ်ချက် *

၁-၂။ (က) မောရှေ​ကို ကျမ်းစာမှာ ဘယ်လို ဖော်ပြ​ထားသလဲ။ သူ ဘာလုပ်ခဲ့သလဲ။ (ခ) နူးညံ့​သိမ်မွေ့ခြင်း​ကို မွေးမြူဖို့ လှုံ့ဆော်​ပေးတဲ့ အကြောင်းရင်း​က ဘာလဲ။

မောရှေဟာ “ကမ္ဘာပေါ်​က လူအားလုံး​ထဲမှာ စိတ်ထား​အ​နူးညံ့​ဆုံး​ပဲ” လို့ ကျမ်းစာမှာ ဖော်ပြ​ထားတယ်။ (တော. ၁၂:၃) ဒါက သူဟာ ပျော့​ညံ့​သူ၊ မပြတ်​သား​တဲ့​သူ​လို့ ဆိုလိုတာလား။ နူးညံ့​သိမ်မွေ့​သူကို တချို့ အဲဒီလို ယူဆကြတယ်။ ဒါပေမဲ့ အဲဒီလို ယူဆတာ မှားတယ်။ မောရှေဟာ ခိုင်မာ​ပြတ်သား​ပြီး သတ္တိ​ရှိတယ်။ ယေဟောဝါရဲ့ အကူအညီ​နဲ့ အင်အား​ကြီးတဲ့ အီဂျစ်​ဘုရင်ကို ရင်ဆိုင်ခဲ့​တယ်၊ လူ ၃,၀၀၀,၀၀၀ လောက်​ကို ကန္တာရ​ခရီး​တစ်လျှောက် ဦးဆောင်ခဲ့​တယ်၊ ရန်သူတွေကို အောင်နိုင်ဖို့ အစ္စရေးတွေကို ကူညီခဲ့တယ်။

မောရှေ ကြုံခဲ့​ရတဲ့ အခက်အခဲတွေကို ကျွန်တော်တို့ မကြုံ​ရပေမဲ့ နူးညံ့​သိမ်မွေ့​ဖို့ ခက်​စေတဲ့ လူတွေ၊ အခြေအနေတွေကို​တော့ နေ့တိုင်း ရင်ဆိုင်​နေရ​တယ်။ ဒါပေမဲ့ နူးညံ့​သိမ်မွေ့ခြင်း​ကို မွေးမြူဖို့ လှုံ့ဆော်​ပေးတဲ့ အကြောင်းရင်း ရှိပါတယ်။ ‘စိတ်နူးညံ့​သူတွေက ကမ္ဘာမြေကို ပိုင်ဆိုင်​ရလိမ့်မယ်’ လို့ ယေဟောဝါ ကတိ​ပေးထားတယ်။ (ဆာ. ၃၇:၁၁) ကိုယ့်ကိုယ်ကိုယ် နူးညံ့​သိမ်မွေ့​သူ​လို့ ထင်သလား။ တခြား​သူတွေ​ကော သင့်ကို အဲဒီလို ထင်သလား။ အဲဒီ​မေးခွန်းတွေကို မဖြေ​ခင် နူးညံ့​သိမ်မွေ့တယ်​ဆိုတာ ဘာကို ဆိုလို​ကြောင်း သိဖို့ လိုတယ်။

နူးညံ့​သိမ်မွေ့ခြင်း​ဆိုတာ ဘာလဲ

၃-၄။ (က) နူးညံ့​သိမ်မွေ့ခြင်း​ကို ဘာနဲ့ နှိုင်းယှဉ်​နိုင်သလဲ။ (ခ) နူးညံ့​သိမ်မွေ့​ဖို့ ဘယ်အရည်အသွေးတွေ လိုအပ်​သလဲ။ ဘာကြောင့်လဲ။

နူးညံ့​သိမ်မွေ့ခြင်း *ဟာ လှပတဲ့ ပန်းချီကား​တစ်ချပ်​နဲ့ တူတယ်။ ပန်းချီကား​တစ်ချပ်​ဖြစ်ဖို့ အရောင်​မျိုးစုံ ပေါင်းစပ်​ရ​သလို နူးညံ့​သိမ်မွေ့​ဖို့​လည်း နှစ်သက်ဖွယ် အရည်အသွေး​မျိုးစုံ ပေါင်းစပ်​ရမယ်။ အဲဒီ​အရည်အသွေး​တချို့က နှိမ့်ချမှု၊ လက်အောက်ခံမှု၊ ရဲစွမ်းသတ္တိ​တို့ ဖြစ်တယ်။ ယေဟောဝါရဲ့ နှစ်သက်မှု​ရဖို့ ဒီအရည်အသွေးတွေ ဘာကြောင့် လိုအပ်​သလဲ။

နှိမ့်ချ​သူတွေ​သာ ဘုရား​အလိုတော်ကို လက်အောက်ခံ​ကြတယ်။ ဘုရားအလိုတော်​တစ်ခုကတော့ ကျွန်တော်တို့ နူးညံ့​သိမ်မွေ့​ဖို့​ပါပဲ။ (မ. ၅:၅။ ဂ​လ. ၅:၂၃) ဘုရား​အလိုတော်အတိုင်း လုပ်ဆောင်တဲ့​အခါ စာတန် ဒေါသ​ထွက်တယ်။ ကျွန်တော်တို့ နှိမ့်ချ​ပြီး နူးညံ့​သိမ်မွေ့​တာ​တောင် စာတန့်​လောကရဲ့ လူများစွာက မုန်း​ကြတယ်။ (ယော. ၁၅:၁၈၊ ၁၉) စာတန်ကို တွန်းလှန်ဖို့ ရဲစွမ်းသတ္တိ လိုအပ်တယ်။

၅-၆။ (က) နူးညံ့​သိမ်မွေ့​သူတွေကို စာတန် ဘာကြောင့် မုန်း​တာလဲ။ (ခ) ဘယ်မေးခွန်းတွေကို သုံးသပ်ကြ​မလဲ။

နူးညံ့​သိမ်မွေ့​သူနဲ့ ဆန့်ကျင်ဘက်​ကတော့ မာန​ကြီးသူ​ပဲ။ မာနကြီး​သူဟာ ဒေါသ မချုပ်တည်း​ဘူး။ ယေဟောဝါကို မနာခံ​ဘူး။ အဲဒါ စာတန်ရဲ့ စရိုက်​ပဲ။ နူးညံ့​သိမ်မွေ့​သူတွေကို စာတန် မုန်းတယ်။ သူတို့ရဲ့ အရည်အသွေးကောင်း​တွေ​က စာတန်ရဲ့ စရိုက်​ဆိုး​တွေကို ဖော်ထုတ်​ရာ​ရောက်​လို့​ပဲ။ ဒါ့အပြင် စာတန် ဘယ်လိုပဲ​လုပ်​လုပ် ယေဟောဝါကို မကိုးကွယ်​အောင် နူးညံ့​သိမ်မွေ့​သူတွေကို မတားဆီး​နိုင်တဲ့​အတွက် စာတန်ဟာ မုသာကောင်​ဖြစ်မှန်း သက်သေထူ​နေတယ်။—ယောဘ ၂:၃-၅

နူးညံ့​သိမ်မွေ့​ဖို့ ဘာကြောင့် ခက်​နိုင်သလဲ။ နူးညံ့​သိမ်မွေ့ခြင်း​ကို ဘာကြောင့် ဆက်မွေးမြူ​ရမလဲ။ အဲဒီ​မေးခွန်းတွေရဲ့ အဖြေ​ရဖို့ မောရှေ၊ ဗာဗုလုန် သုံ့ပန်း​ဘဝ​ရောက်နေတဲ့ ဟီဘရူး သုံးယောက်၊ ယေရှုရဲ့ ပုံသက်သေကို သုံးသပ်​ကြည့်ကြစို့။

နူးညံ့​သိမ်မွေ့​ဖို့ ဘယ်​အချိန်မှာ ခက်​သလဲ

၇-၈။ မလေးမစား ဆက်ဆံ​ခံရတဲ့​အခါ မောရှေ ဘယ်လို တုံ့ပြန်​သလဲ။

အခွင့်အာဏာ ရတဲ့အခါ– အခွင့်အာဏာ ရှိသူတွေဟာ နူးညံ့​သိမ်မွေ့​ဖို့ ခက်​နိုင်တယ်။ အထူးသဖြင့် ကိုယ်​ဦးစီး​ရတဲ့​သူတွေ ကိုယ့်ကို မလေးမစား ဆက်ဆံ​တဲ့အခါ၊ ကိုယ့်​ဆုံးဖြတ်ချက်တွေကို မေးခွန်းထုတ်​လာတဲ့အခါ​မျိုးမှာ ဖြစ်နိုင်တယ်။ သင် အဲဒီလို ကြုံဖူး​သလား။ မိသားစုဝင်​တစ်ယောက် အဲဒီလို ဆက်ဆံ​လာ​ရင် ဘယ်လို တုံ့ပြန်​မလဲ။ အဲဒီလို အခြေအနေကို မောရှေ ဘယ်လို ကိုင်တွယ်​ခဲ့​ကြောင်း သုံးသပ်ကြည့်​ပါ။

ယေဟောဝါ​က မောရှေ​ကို အစ္စရေး​ခေါင်းဆောင်​အဖြစ် ခန့်အပ်​ပြီး ပညတ်တရား ရေး​ခွင့် ပေးခဲ့တယ်။ ယေဟောဝါရဲ့ ထောက်မမှုကို မောရှေ ရရှိ​ထားတယ်။ ဒါတောင် အစ်မ မိရိအံနဲ့ အစ်ကို အာရုန်​က မောရှေ​ကို သူ​ယူ​ခဲ့​တဲ့ မိန်းမ​ကြောင့် ပြစ်တင်​ဝေဖန်​ကြတယ်။ မောရှေ​နေရာမှာ တခြားသူ​သာ​ဆိုရင် ဒေါသ​ထွက်ပြီး လက်တုံ့ပြန်​မိ​မှာ​ပဲ။ မောရှေ​ကတော့ လွယ်လွယ်နဲ့ ဒေါသ​မ​ထွက်​ဘူး။ မိရိအံရဲ့ အနာကြီး​ရောဂါ ပျောက်​အောင် လုပ်ပေးဖို့​တောင် ယေဟောဝါ​ဆီ အသနားခံ​ပေးတယ်။ (တော. ၁၂:၁-၁၃) ဘာကြောင့်လဲ။

မိရိအံရဲ့ ရောဂါကို ပျောက်အောင် လုပ်ပေးဖို့ ယေဟောဝါကို မောရှေ အသနားခံ (အပိုဒ် ၈ ကိုကြည့်ပါ)

၉-၁၀။ (က) ဘာကို နားလည်ဖို့ မောရှေ​ကို ယေဟောဝါ ကူညီပေး​သလဲ။ (ခ) အိမ်ထောင်ဦးစီး​တွေ၊ အကြီးအကဲ​တွေ မောရှေ​ဆီကနေ ဘာသင်ယူနိုင်သလဲ။

ယေဟောဝါရဲ့ လေ့ကျင့်မှုကို မောရှေ ခံယူ​ခဲ့​တယ်။ အစောပိုင်း နှစ်ပေါင်း ၄၀ လောက်​က အီဂျစ်​နန်းတွင်းသား​ဘဝမှာ မောရှေဟာ နူးညံ့​သိမ်မွေ့​သူ မဟုတ်​ခဲ့​ဘူး။ မမျှမတ ဆက်ဆံ​သူတစ်ယောက်ကို ဒေါသ​ထွက်ပြီး သတ်ပစ်​လိုက်တယ်။ ကိုယ့်လုပ်ရပ်​ကို ယေဟောဝါ လက်ခံ​မှာပါ​လို့​တောင် ယူမှတ်ခဲ့​တယ်။ အစ္စရေးတွေကို ဦးဆောင်ဖို့ ရဲစွမ်းသတ္တိ​အပြင် နူးညံ့​သိမ်မွေ့​မှု လိုအပ်​ကြောင်း မောရှေ နားလည်အောင် ယေဟောဝါ နှစ်ပေါင်း ၄၀ သင်ပေးခဲ့တယ်။ နူးညံ့​သိမ်မွေ့​ဖို့ နှိမ့်ချမှု၊ လက်အောက်ခံမှု​လည်း လိုအပ်​ကြောင်း မောရှေ ကောင်းကောင်း သင်ယူ​ခဲ့​ပြီး အကောင်းဆုံး ကြီးကြပ်သူ ဖြစ်လာတယ်။—ထွ. ၂:၁၁၊ ၁၂။ တ. ၇:၂၁-၃၀၊ ၃၆

၁၀ ဒီနေ့လည်း အိမ်ထောင်ဦးစီး​တွေ၊ အကြီးအကဲ​တွေဟာ မောရှေ​ကို တုပ​သင့်တယ်။ မလေးမစား ဆက်ဆံ​ခံရတဲ့​အခါ ထစ်ခနဲဆို ဒေါသ​မ​ထွက်ပါ​နဲ့။ ကိုယ့်​အမှား​ကို နှိမ့်ချ​စွာ အသိအမှတ်​ပြုပါ။ (ဒေ. ၇:၉၊ ၂၀) ပြဿနာတွေကို ဘယ်လို ကိုင်တွယ်​ရမယ်ဆိုတဲ့ ယေဟောဝါရဲ့ လမ်းညွှန်ချက်ကို လက်အောက်ခံ​ပါ။ အမြဲ နူးညံ့​သိမ်မွေ့စွာ ပြန်​ပြောပါ။ (ပညာ. ၁၅:၁) အဲဒီလို​တုံ့ပြန်​တဲ့ အိမ်ထောင်ဦးစီး​တွေ၊ ကြီးကြပ်မှူးတွေ​ဟာ ယေဟောဝါရဲ့ နှစ်သက်မှု ရပြီး ငြိမ်သက်မှု တိုးများ​စေတယ်။ နူးညံ့​သိမ်မွေ့​မှု တင်ပြရာမှာ ပုံသက်သေ​ကောင်း ပြသူတွေ ဖြစ်တယ်။

၁၁-၁၃။ ဟီဘရူး သုံးယောက်​က ကျွန်တော်တို့​အတွက် ဘယ်​ပုံသက်သေ ပြခဲ့သလဲ။

၁၁ နှိပ်စက်​ညှဉ်းပန်း​ခံရချိန်မှာ– သမိုင်း​တစ်လျှောက် ယေဟောဝါရဲ့ လူမျိုးကို လူ့​အုပ်စိုးရှင်​တွေ နှိပ်စက်​ညှဉ်းပန်း​ခဲ့​ကြတယ်။ “ပြစ်မှု” အမျိုးမျိုးနဲ့ စွဲချက်​တင်​ကြပေမဲ့ အဓိက​ကတော့ “လူ့​စကား​ထက် အုပ်စိုးရှင် ဘုရားသခင်ရဲ့ စကားကို နားထောင်” ကြလို့ပဲ။ (တ. ၅:၂၉) ကျွန်တော်တို့ လှောင်ပြောင်​ခံရ၊ ထောင်ချ​ခံရ၊ ရိုက်နှက်​ခံရ​နိုင်တယ်။ ဒါပေမဲ့ လက်တုံ့မပြန်​ဘဲ တည်တည်ငြိမ်ငြိမ် ရှိဖို့ ယေဟောဝါ ကူညီ​ပေးပါလိမ့်မယ်။

၁၂ ဟာနနိ၊ မိရှေလ၊ အာဇရိ ဆိုတဲ့ ဟီဘရူး​သုံ့ပန်း သုံးယောက်ရဲ့ ပုံသက်သေကို စဉ်းစား​ကြည့်ပါ။ * ရွှေရုပ်တုကြီး​ကို ဦးချ​ဝတ်ပြုဖို့ ဗာဗုလုန်​ဘုရင် အမိန့်ထုတ်​တဲ့အခါ ဝတ်မပြု​နိုင်တဲ့ အကြောင်းရင်းကို သူတို့ နူးညံ့​သိမ်မွေ့စွာ ရှင်းပြ​ကြတယ်။ မီးဖို​ထဲ ပစ်ချ​မယ်​လို့ ခြိမ်းခြောက်တာ​တောင် ဘုရားကို ဆက်လက်​အောက်ခံ​ကြတယ်။ ယေဟောဝါ လာ​ကယ်မယ်​လို့ သူတို့ မမျှော်လင့်​ပါဘူး။ အဲဒီအစား ယေဟောဝါ ခွင့်ပြု​တာ​မှန်သမျှကို လက်ခံဖို့ အသင့်​ပဲ။ ဒါပေမဲ့ သူတို့ကို ဘုရား ချက်ချင်း ကယ်တင်​ခဲ့​တယ်။ (ဒံ. ၃:၁၊ ၈-၂၈) ဒီ​အချက်​က နူးညံ့​သိမ်မွေ့​သူတွေဟာ သတ္တိ​ရှိသူတွေ ဖြစ်ကြောင်း ဖော်ပြတယ်။ ဘယ်လို အာဏာရှင်​တွေ၊ ခြိမ်းခြောက်မှု​တွေ၊ ပြစ်ဒဏ်​တွေ​ကမှ ယေဟောဝါ “တစ်ပါးတည်းကိုပဲ ကိုးကွယ်​ဆည်းကပ်” မယ်​ဆိုတဲ့ ဆုံးဖြတ်ချက်ကို မချိုးဖျက်​နိုင်ဘူး။—ထွ. ၂၀:၄၊ ၅

၁၃ ဘုရား​အပေါ် သစ္စာစောင့်သိမှု စမ်းသပ်​ခံရတဲ့​အခါ ဟီဘရူး သုံးယောက်ကို ဘယ်လို တုပ​နိုင်သလဲ။ ကျွန်တော်တို့ကို ယေဟောဝါ ဂရုစိုက်​မယ်​ဆိုတာ နှိမ့်ချ​စွာ ယုံကြည်​စိတ်ချပါ။ (ဆာ. ၁၁၈:၆၊ ၇) မတရား​စွပ်စွဲသူ​တွေကို နူးညံ့စွာ၊ လေးစား​စွာ ပြန်​ပြောပါ။ (၁ ပေ. ၃:၁၅) မေတ္တာရှင် ဖခင်​နဲ့ မိတ်ဆွေ​ဖြစ်ခွင့်​ကို ဘယ်တော့မှ အပျက်​စီး​မခံပါနဲ့။

တခြားသူတွေ ဆန့်ကျင်ချိန်မှာ ကျွန်တော်တို့ လေးစားစွာ ပြန်ပြောကြ (အပိုဒ် ၁၃ ကိုကြည့်ပါ)

၁၄-၁၅။ (က) စိတ်ဖိစီး​နေချိန်မှာ ဘာဖြစ်​နိုင်သလဲ။ (ခ)  ဟေရှာယ ၅၃:၇၊ ၁၀ အရ ယေရှုဟာ စိတ်ဖိစီး​နေချိန်မှာ နူးညံ့​သိမ်မွေ့​မှု တင်ပြခဲ့တဲ့ အကောင်းဆုံး ပုံသက်သေ​ဖြစ်တယ်လို့ ဘာကြောင့် ပြောနိုင်သလဲ။

၁၄ ဖိစီးမှု ကြုံရတဲ့​အခါ– အကြောင်း​အမျိုးမျိုး​ကြောင့် ကျွန်တော်တို့ ဖိစီးမှုတွေ ကြုံနေ​ရတယ်။ ကျောင်းမှာ စာမေးပွဲ မဖြေ​ခင်၊ အလုပ်မှာ တာဝန်​တစ်ခုခု မ​လုပ်​ခင် ဖြစ်နိုင်တယ်။ ဆေးဝါး​ကုသမှု လို​လာတဲ့အခါ ဖိစီးမှု ကြုံရ​နိုင်တယ်။ စိတ်ဖိစီး​နေချိန်မှာ နူးညံ့​သိမ်မွေ့​ဖို့ ခက်တယ်။ သာမန်​ကိစ္စ​လေး​တွေ​ကြောင့် စိတ်ရှုပ်​လာပြီး အပြော​ကြမ်း​လာနိုင်တယ်။ လေသံ မာ​လာနိုင်တယ်။ ဒါပေမဲ့ စိတ်ဖိစီး​လာပြီ​ဆိုရင် ယေရှုရဲ့ ပုံသက်သေကို စဉ်းစား​ကြည့်ပါ။

၁၅ မြေကြီး​အသက်တာ နောက်ဆုံး​လ​တွေ​မှာ ယေရှု အကြီးအကျယ် စိတ်ဖိစီး​ခဲ့​တယ်။ အသတ်​ခံရမယ်၊ နာကျင်စွာ ဝေဒနာ ခံစားရ​မယ်​ဆိုတာ ယေရှု သိတယ်။ (ယော. ၃:၁၄၊ ၁၅။ ဂ​လ. ၃:၁၃) စိတ်​ဆင်းရဲ​နေတယ်လို့ မသေဆုံးခင် လ​အနည်းငယ်​မှာ ပြောခဲ့တယ်။ (လု. ၁၂:၅၀) မသေဆုံးခင် ရက်​အနည်းငယ်​မှာလည်း “ကျွန်တော် စိတ်​ဒုက္ခရောက်​နေတယ်” လို့ ပြောတယ်။ “အဖ၊ ဒီ​အချိန်​ကနေ လွတ်မြောက်​အောင် ကယ်တင်​ပေးပါ။ ဒါပေမဲ့ ဒီ​အချိန်​အတွက်ပဲ ကျွန်တော် ရောက်လာတာ​ပါ။ အဖ၊ အဖရဲ့​နာမည်ကို ဘုန်းထင်ရှား​စေပါ” ဆိုတဲ့ ရင်ဖွင့်​ဆုတောင်းချက်မှာ ယေရှုရဲ့ နှိမ့်ချမှု၊ လက်အောက်ခံမှု​ကို တွေ့နိုင်တယ်။ (ယော. ၁၂:၂၇၊ ၂၈) နောက်ဆုံး ရက်ရက်စက်စက်၊ အရှက်ရ​စေတဲ့​နည်းနဲ့ သတ်မယ့် ရန်သူတွေ​လက်ထဲ သတ္တိရှိရှိ အဖမ်းခံ​ခဲ့​တယ်။ ဝေဒနာ​ခံ​နေရ​ချိန်၊ စိတ်ဖိစီး​နေချိန်မှာ​တောင် ဘုရား​အလိုတော်ကို နာခံခြင်း​အားဖြင့် နူးညံ့​သိမ်မွေ့​မှု တင်ပြခဲ့​တယ်။ အကောင်းဆုံး ပုံသက်သေပါပဲ။ဟေရှာယ ၅၃:၇၊ ၁၀ ကိုဖတ်ပါ။

ယေရှုဟာ နူးညံ့သိမ်မွေ့မှု တင်ပြခဲ့တဲ့ အကောင်းဆုံး ပုံသက်သေဖြစ် (အပိုဒ် ၁၆-၁၇ ကိုကြည့်ပါ) *

၁၆-၁၇။ (က) ယေရှုရဲ့ နူးညံ့​သိမ်မွေ့​မှု​ဟာ မိတ်ဆွေ​တွေ​ကြောင့် ဘယ်လို စမ်းသပ်​ခံခဲ့ရ​သလဲ။ (ခ) ယေရှုကို ဘယ်လို တုပ​နိုင်သလဲ။

၁၆ မြေကြီး​အသက်တာ နောက်ဆုံး​ညမှာ အရင်းနှီးဆုံး မိတ်ဆွေ​တွေ​ကြောင့်လည်း ယေရှုရဲ့ နူးညံ့​သိမ်မွေ့​မှု စမ်းသပ်​ခံခဲ့ရတယ်။ အဲဒီ​ညမှာ ယေရှု ဘယ်လောက် စိတ်ဖိစီး​နေမယ်​ဆိုတာ မြင်ယောင်​ကြည့်ပါ။ သေတဲ့အထိ အပြည့်အဝ သစ္စာရှိ​နိုင်​ပါ့မလား။ လူ​သန်းပေါင်း​များစွာရဲ့ အသက်ရေး​နဲ့ ပတ်သက်​နေတယ်။ (ရော. ၅:၁၈၊ ၁၉) ပို​အရေးကြီးတာက ဖခင်ရဲ့ ဂုဏ်​သိက္ခာ​နဲ့ ပတ်သက်​နေတယ်။ (ယောဘ ၂:၄) အဲဒီအချိန်မှာ တမန်တော်တွေက ယေရှုနဲ့ ညစာ​စား​ရင်း “ဘယ်သူ အကြီးမြတ်ဆုံးလဲ​ဆိုပြီး အကြီးအကျယ် အငြင်းပွား​ကြတယ်။” ဒီ​ကိစ္စ​ကို ယေရှု တည့်မတ်​ပေးတာ အကြိမ်ကြိမ် ရှိပြီ။ အဲဒီ​နေ့ ညနေခင်း​လေးမှာ​တောင် တည့်မတ်​ပေးခဲ့​သေးတယ်။ အခုလည်း ယေရှု စိတ်ဆိုးမယ့်​အစား နူးညံ့​သိမ်မွေ့စွာ ဆုံးမတယ်။ သူတို့မှာ ရှိ​သင့်တဲ့ သဘောထားကို ကြင်နာစွာ၊ ခိုင်မာ​စွာ ရှင်းပြခဲ့တယ်။ ပြီးတော့ မိမိကို မစွန့်​သွားတဲ့​အတွက် ချီးမွမ်းတယ်။—လု. ၂၂:၂၄-၂၈။ ယော. ၁၃:၁-၅၊ ၁၂-၁၅

၁၇ သင်​သာ အဲဒီလို အခြေအနေ​မျိုးမှာ ရှိရင် ဘယ်လို တုံ့ပြန်​မလဲ။ စိတ်ဖိစီး​နေချိန်မှာ​တောင် ယေရှုကို တုပ​ပြီး နူးညံ့​သိမ်မွေ့​မှု ပြ​သင့်တယ်။ ‘အချင်းချင်း ဆက်ပြီး သည်းခံ​ကြပါ’ ဆိုတဲ့ ယေဟောဝါရဲ့ မိန့်မှာချက်ကို လက်အောက်ခံ​သင့်တယ်။ (ကော. ၃:၁၃) တခြား​သူတွေကို ထိခိုက်အောင် ကျွန်တော်တို့​အားလုံး ပြော​မိ၊ လုပ်မိ​တတ်​ကြောင်း အမှတ်​ရ​နေခြင်း​က အဲဒီ​မိန့်မှာချက်ကို နာခံဖို့ ကူညီ​ပေးပါလိမ့်မယ်။ (ပညာ. ၁၂:၁၈။ ယာ. ၃:၂၊ ၅) တခြား​သူတွေရဲ့ ကောင်းကွက်ကို အမြဲ ချီးမွမ်း​ပေးပါ။—ဧ. ၄:၂၉

နူးညံ့​သိမ်မွေ့ခြင်း​ကို ဘာကြောင့် ဆက်​ရှာ​ရမလဲ

၁၈။ ဆုံးဖြတ်ချက်ကောင်းတွေ ချနိုင်​ဖို့ နူးညံ့​သိမ်မွေ့​သူတွေကို ယေဟောဝါ ဘယ်လို ကူညီပေး​သလဲ။ သူတို့ ဘာလုပ်ရမလဲ။

၁၈ ပို​ကောင်းတဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်​မယ်။ ကျွန်တော်တို့ နူးညံ့​သိမ်မွေ့​မယ်​ဆိုရင် ခက်ခဲတဲ့​အချိန်မှာ ဆုံးဖြတ်ချက်ကောင်းတွေ ချနိုင်​ဖို့ ယေဟောဝါ ကူညီ​ပေးပါလိမ့်မယ်။ “စိတ်နူးညံ့​သူတွေရဲ့ တောင်းဆိုချက်ကို” နားထောင်မယ်​လို့ ဘုရား ကတိ​ပေးထားတယ်။ (ဆာ. ၁၀:၁၇) ဆုတောင်းချက်တွေကို နားထောင်​ရုံ​လောက်​သာ မဟုတ်ဘဲ “စိတ်နူးညံ့​သူတွေကို လမ်းမှန်​ပေါ်​ရောက်အောင် လမ်းညွှန်​ပေးလိမ့်မယ်။ စိတ်နူးညံ့​သူတွေကို မိမိရဲ့​လမ်းစဉ်​အကြောင်း သင်ကြား​ပေးလိမ့်မယ်” လို့ ကျမ်းစာမှာ ကတိ​ပေးတယ်။ (ဆာ. ၂၅:၉) ကျမ်းစာက​တစ်ဆင့်၊ “သစ္စာနဲ့ သတိ​ပညာ​ရှိတဲ့ ကျွန်” ပြင်ဆင်​ပေးတဲ့ ကျမ်းစာ​အခြေပြု စာပေ​နဲ့ * အစီအစဉ်တွေ​က​တစ်ဆင့် ယေဟောဝါ လမ်းညွှန်​ပေးတယ်။ (မ. ၂၄:၄၅-၄၇) အကူအညီ လိုအပ်​ကြောင်း နှိမ့်ချ​စွာ အသိအမှတ်​ပြုခြင်း၊ ယေဟောဝါ ပြင်ဆင်​ပေးတဲ့ အကြောင်းအရာတွေကို လေ့လာခြင်း၊ သိလာတာတွေကို လက်တွေ့​ကျင့်သုံးခြင်း​အားဖြင့် ကိုယ့်​အပိုင်းကို လုပ်ဆောင်​ရမယ်။

၁၉-၂၁။ ကာဒေရှ​အရပ်မှာ မောရှေ ဘာ​အမှား လုပ်ခဲ့သလဲ။ ကျွန်တော်တို့ ဘာသင်ခန်းစာ ယူ​နိုင်သလဲ။

၁၉ အမှားတွေကို ရှောင်နိုင်မယ်။ မောရှေ​အကြောင်း ပြန်​စဉ်းစား​ကြည့်ပါ။ ဆယ်စုနှစ်​များစွာ နူးညံ့​သိမ်မွေ့​ခဲ့​ပြီး ယေဟောဝါရဲ့ နှစ်သက်မှု​ရခဲ့တယ်။ ဒါပေမဲ့ ခက်ခဲတဲ့ နှစ် ၄၀ တောကန္တာရ​ခရီး ဆုံး​ခါနီး​မှာ နူးညံ့​သိမ်မွေ့​မှု ပြဖို့ ပျက်ကွက်ခဲ့​တယ်။ အီဂျစ်​ပြည်မှာ မောရှေရဲ့ အသက်ကို ကယ်​ခဲ့​ပုံ​ရတဲ့ အစ်မ သေဆုံးသွားလို့ ကာဒေရှ​အရပ်မှာ သင်္ဂြိုဟ်​ပြီး​ခါ​စ​ပဲ ရှိသေးတယ်။ အစ္စရေး​တွေ​က လိုအပ်ရာတွေ မရလို့ ညည်းညူ​ပြီး ရေ​မရှိလို့ ‘မောရှေ​ကို ရန်ရှာ​ကြတယ်။’ မောရှေ​က​တစ်ဆင့် ယေဟောဝါ ဒီလောက် အံ့ဖွယ်​အမှုတွေ လုပ်ပေးခဲ့တာ​တောင်၊ မောရှေ ဒီလောက် ကောင်းကောင်း ဦးဆောင်ခဲ့​တာ​တောင် လူတွေ ညည်းညူ​ကြတယ်။ ရေ​မရှိလို့​သာ မဟုတ်ဘဲ မောရှေ​ကြောင့် ဒီလို​ဒုက္ခရောက်​ရတာ​ဆိုပြီး ညည်းညူ​ကြတယ်။—တော. ၂၀:၁-၅၊ ၉-၁၁

၂၀ မောရှေဟာ ဒေါသ​စိတ်ကြောင့် နူးညံ့​သိမ်မွေ့​မှု ပျောက်​သွားတယ်။ ကျောက်​ကို အမိန့်ပေး​ရမယ့်​အစား လူတွေကို ကြမ်းကြမ်းတမ်းတမ်း ပြောပြီး ကျောက်​ကို နှစ်ကြိမ် ရိုက်တဲ့​အခါ ရေ​တွေ ပန်း​ထွက်လာ​တယ်။ မာန​နဲ့ ဒေါသ​က ကြီးလေး​တဲ့ အမှား​ကို ကျူးလွန်​စေခဲ့တယ်။ (ဆာ. ၁၀၆:၃၂၊ ၃၃) နူးညံ့​သိမ်မွေ့​မှု တစ်ခဏ ပျောက်ဆုံး​သွားတဲ့​အတွက် ကတိထားရာပြည်​ထဲ ဝင်ခွင့် ဆုံးရှုံး​ခဲ့​ရတယ်။—တော. ၂၀:၁၂

၂၁ ဒီ​ဖြစ်ရပ်က​နေ အဖိုးတန် သင်ခန်းစာ​တွေ သင်ယူ​နိုင်ပါတယ်။ ပထမ၊ နူးညံ့​တဲ့​သဘော ပြဖို့ အမြဲ ကြိုးစား​ရမယ်။ အဲဒီလို​မဟုတ်​ရင် မာန​စိတ် ဝင်​လာပြီး မိုက်မိုက်မဲမဲ ပြော​မိ၊ လုပ်မိ​နိုင်တယ်။ ဒုတိယ၊ စိတ်ဖိစီး​နေချိန်မှာ​တောင် နူးညံ့​သိမ်မွေ့​မှု ပြဖို့ ကြိုးစား​ရမယ်။

၂၂-၂၃။ (က) နူးညံ့​သိမ်မွေ့ခြင်း​ကို ဘာကြောင့် ဆက်​ရှာသင့်​သလဲ။ (ခ) ဇေဖနိ ၂:၃ မှာ ပါတဲ့​စကားက ဘာကို ဖော်ပြသလဲ။

၂၂ ကာကွယ်​ခံရမယ်။ မကြာခင် ကမ္ဘာပေါ်​ကနေ လူဆိုး​အားလုံးကို ယေဟောဝါ ဖယ်ရှား​ပါတော့မယ်။ ငြိမ်းချမ်း​တဲ့ ကမ္ဘာပေါ်မှာ နူးညံ့​သိမ်မွေ့​သူတွေ​သာ ကျန်ရစ်​ပါလိမ့်မယ်။ (ဆာ. ၃၇:၁၀၊ ၁၁) နူးညံ့​သိမ်မွေ့​သူတွေထဲမှာ သင်​ကော ပါ​မလား။ ပရောဖက် ဇေဖနိက​တစ်ဆင့် ယေဟောဝါ ပြောတဲ့​အတိုင်း လုပ်ဆောင်​ရင် ပါ​နိုင်ပါတယ်။ဇေဖနိ ၂:၃ ကိုဖတ်ပါ။

၂၃ ဇေဖနိ ၂:၃ မှာ “ပုန်းခိုရာကို တွေ့​ကောင်း​တွေ့​လိမ့်မယ်” လို့ ဘာကြောင့် ပြောတာလဲ။ ယေဟောဝါ​က မိမိ​ချစ်တဲ့​သူတွေ၊ မိမိရဲ့ နှစ်သက်မှု ရ​ချင်​သူတွေကို မကာကွယ်​နိုင်ဘူး​လို့ ဆိုလိုတာ မဟုတ်ပါဘူး။ ကာကွယ်​ခံရဖို့ ကျွန်တော်တို့​ဘက်က တစ်ခုခု လုပ်ဖို့​လို​ကြောင်း ပြော​နေတာ ဖြစ်တယ်။ အခု​အချိန်မှာ ကျွန်တော်တို့​က နူးညံ့​သိမ်မွေ့ခြင်း​ကို ရှာပြီး ယေဟောဝါရဲ့ နှစ်သက်မှု ရအောင် ကြိုးစားမယ်​ဆိုရင် “ယေဟောဝါ အမျက်ထွက်​တဲ့​နေ့” မှာ လွတ်မြောက်​ပြီး ထာဝစဉ် အသက်ရှင်ခွင့် ရနိုင်​ပါလိမ့်မယ်။

သီချင်း ၁၂၀ ခရစ်တော်ရဲ့ နူးညံ့မှု​ကို တုပ​ကြ

^ အပိုဒ်၊ 5 နူးညံ့​သိမ်မွေ့ခြင်း​ဆိုတာ မွေးရာပါ မဟုတ်ဘူး။ မွေးမြူဖို့ လိုတယ်။ အေးအေးဆေးဆေး နေတတ်​သူတွေကို နူးညံ့​သိမ်မွေ့​မှု ပြဖို့ လွယ်ပေမဲ့ မာနကြီး​သူတွေကို​တော့ နူးညံ့​သိမ်မွေ့​မှု ပြဖို့ ခက်တယ်။ နူးညံ့​သိမ်မွေ့ခြင်း အရည်အသွေးကို မွေးမြူဖို့ ကျော်လွှား​ရမယ့် အခက်အခဲ​တချို့ကို ဒီ​ဆောင်းပါး​မှာ ဆွေးနွေးပါမယ်။

^ အပိုဒ်၊ 3 စကားလုံး ရှင်းလင်းချက်– နူးညံ့​သိမ်မွေ့ခြင်း။ နူးညံ့​သိမ်မွေ့​သူတွေဟာ တခြား​သူတွေ၊ စိတ်​အနှောင့်အယှက်​ဖြစ်အောင် လုပ်​သူတွေကို​တောင် ကြင်ကြင်နာနာ ဆက်ဆံတယ်။ နှိမ့်ချမှု။ နှိမ့်ချ​သူတွေဟာ မာန​မကြီး​ဘူး။ မ​မောက်မာ​ဘူး။ တခြား​သူတွေကို ကိုယ့်ထက် သာတယ်လို့ ရှုမြင်တယ်။ ယေဟောဝါနဲ့​ပတ်သက်​ရင်​တော့ နှိမ့်ချမှု​ဆိုတာ မိမိ​ထက် နိမ့်ကျ​သူတွေကို မေတ္တာနဲ့ ကြင်ကြင်နာနာ ဆက်ဆံခြင်း​ကို ဆိုလိုတယ်။

^ အပိုဒ်၊ 12 ဗာဗုလုန်တွေ​က ဟီဘရူး သုံးယောက်ကို ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါ​လို့ နာမည်​ပေးခဲ့​ကြတယ်။—ဒံ. ၁:၇

^ အပိုဒ်၊ 18 ဥပမာ၊ ၂၀၁၁၊ ဧပြီ ၁၅ ရက်ထုတ် ကင်းမျှော်စင် ဘုရားသခင်ကို ဂုဏ်တင်တဲ့ ဆုံးဖြတ်ချက်တွေ ချပါ” ဆောင်းပါးကို ကြည့်ပါ။

^ အပိုဒ်၊ 59 ပုံအညွှန်း– ဘယ်သူ အကြီးမြတ်ဆုံးလဲလို့ တပည့်တွေ ငြင်းခုံတဲ့အခါ ယေရှု နူးညံ့သိမ်မွေ့စွာ တည်တည်ငြိမ်ငြိမ် တည့်မတ်ပေးနေစဉ်။