မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာရန် ဆောင်းပါး ၈

ကျေးဇူးတင်ကြောင်း ဘာကြောင့် ဖော်ပြရမလဲ

ကျေးဇူးတင်ကြောင်း ဘာကြောင့် ဖော်ပြရမလဲ

“ကျေးဇူး​သိ​တတ်ကြ​ပါ။”—ကော. ၃:၁၅

သီချင်း ၄၆ ကျေးဇူးပါ၊ ယေဟောဝါ

အကြို​သုံးသပ်ချက် *

၁။ ယေရှု ကုသ​ပေးတဲ့ ရှမာရိ​လူဟာ ကျေးဇူးတင်ကြောင်း ဘယ်လို ပြခဲ့သလဲ။

အနာကြီး​ရောဂါသည် ဆယ်​ယောက်ရဲ့ အခြေအနေ အတော်​ဆိုး​နေတယ်။ မျှော်လင့်ချက် မဲ့နေတယ်။ တစ်နေ့၊ ကြီးမြတ်တဲ့​ဆရာ ယေရှုကို အဝေးကနေ လှမ်း​တွေ့တယ်။ ရောဂါ​အမျိုးမျိုး ကုသ​ပေး​မှန်း ကြား​ထားလို့ သူတို့ကိုလည်း ကုပေး​နိုင်မှာ​ပဲ ဆိုပြီး “ဆရာ​ယေရှု၊ ကျွန်တော်တို့ကို သနားပါဦး” လို့ အော်ပြော​ကြတယ်။ ဒါနဲ့ ယေရှု ကုသ​ပေး​လိုက်တယ်။ ယေရှုရဲ့ ကြင်နာမှု​အတွက် သူတို့ သိပ်​ကျေးဇူးတင်​ကြမှာပဲ။ သူတို့​ထဲ​က ရှမာရိ​လူတစ်ယောက်က​တော့ ကျေးဇူးတင်စိတ် ရှိ​ရုံ​သာမက ကျေးဇူးတင်ကြောင်း​ပါ * ဖော်ပြပြီး “ဘုရားသခင်ကို အကျယ်ကြီး ဂုဏ်တင်​ချီးမွမ်းတယ်။”—လု. ၁၇:၁၂-၁၉

၂-၃။ (က) ကျေးဇူးတင်ကြောင်း ပြဖို့ ဘာကြောင့် ပျက်ကွက်​မိ​နိုင်သလဲ။ (ခ) ဒီ​ဆောင်းပါး​မှာ ဘာအကြောင်း ဆွေးနွေးကြမလဲ။

ကျွန်တော်တို့လည်း ရှမာရိ​လူ​လို​ပဲ ကိုယ့်​အပေါ် ကြင်နာ​သူတွေကို ကျေးဇူးတင်ကြောင်း ဖော်ပြ​ချင်ကြတယ်။ ဒါပေမဲ့ တစ်ခါတလေ ကျေးဇူးတင်ကြောင်း ပြောဖို့၊ လုပ်ရပ်​နဲ့ ပြဖို့ မေ့တတ်​ကြတယ်။

အပြော၊ အလုပ်​အားဖြင့် ကျေးဇူးတင်ကြောင်း ပြဖို့ ဘာကြောင့် အရေးကြီးကြောင်း ဒီ​ဆောင်းပါး​မှာ သုံးသပ်ကြ​ပါ​မယ်။ ကျေးဇူး​သိတတ်တဲ့၊ မသိ​တတ်တဲ့ ကျမ်းစာ​ပုံနမူနာ​တချို့​နဲ့ ကျေးဇူးတင်ကြောင်း ဖော်ပြ​နိုင်တဲ့ သတ်သတ်မှတ်မှတ် နည်းတွေကိုလည်း ဆွေးနွေး​ကြပါမယ်။

ကျေးဇူးတင်ကြောင်း ဘာကြောင့် ဖော်ပြသင့်

၄-၅။ ကျေးဇူးတင်ကြောင်း ဘာကြောင့် ဖော်ပြသင့်​သလဲ။

ကျေးဇူးတင်ကြောင်း ပြရာ​မှာ ယေဟောဝါဟာ အကောင်းဆုံး ပုံသက်သေ​ပဲ။ ကျေးဇူးတင်ကြောင်း ယေဟောဝါ ဖော်ပြတဲ့ တစ်နည်း​ကတော့ ဘုရား​နှစ်သက်မှု ရအောင် လုပ်ဆောင်​သူတွေကို ဆုချခြင်း​ပါပဲ။ (၂ ရှ. ၂၂:၂၁။ ဆာ. ၁၃:၆။ မ. ၁၀:၄၀၊ ၄၁) “ဘုရားသခင်​ချစ်​ရတဲ့ သားသမီးတွေ ဖြစ်နေတဲ့​အတွက် ဘုရားသခင်ကို အတုယူ​ကြပါ” လို့ ကျမ်းစာမှာ အားပေး​ထားတယ်။ (ဧ. ၅:၁) ဒါကြောင့် ကျေးဇူးတင်ကြောင်း ပြ​ချင်​ရတဲ့ အဓိက အကြောင်းရင်းဟာ ယေဟောဝါရဲ့ ပုံသက်သေကို တုပ​ချင်​လို့​ပါပဲ။

တခြား​သူတွေကို ကျေးဇူးတင်ကြောင်း ပြသင့်တဲ့ နောက်​အကြောင်းရင်းကို သုံးသပ်ကြည့်​ပါ။ ကျေးဇူးတင်ခြင်းဟာ ဟင်း​ကောင်း​တစ်ခွက်​နဲ့​တူတယ်။ ဝေမျှ​စားသောက်​တဲ့အခါ ပို​ပျော်​ရတယ်။ ကျွန်တော်တို့လည်း ကျေးဇူးတင်​ခံရတဲ့​အခါ ပျော်ရွှင်​ကြတယ်။ ကျေးဇူးတင်ကြောင်း ဖော်ပြခြင်းက တခြား​သူတွေကို ပျော်ရွှင်​စေတယ်။ ကူညီ​ရကျိုးနပ်​ကြောင်း သိစေ​တယ်။ ရလဒ်အနေနဲ့ မိတ်ဆွေ​နှောင်ကြိုး ခိုင်မာ​လာတယ်။

၆။ ကျေးဇူးတင်​စကားနဲ့ ရွှေ​ပန်းသီး ဘယ်​ဆင်တူချက်တွေ ရှိသလဲ။

ကျေးဇူးတင်ကြောင်း ဖော်ပြတာ တန်ဖိုး​ရှိပါတယ်။ “သင့်တော်​တဲ့အချိန်​မှာ ပြောလိုက်တဲ့​စကားဟာ ငွေ​လင်ပန်း​ထဲ​က ရွှေ​ပန်းသီး​တွေ​နဲ့ တူတယ်” လို့ ကျမ်းစာမှာ ပြောတယ်။ (ပညာ. ၂၅:၁၁) ငွေ​လင်ပန်း​ပေါ် တင်ထားတဲ့ ရွှေ​ပန်းသီး ဘယ်လောက် လှ​ပြီး တန်ဖိုးရှိ​မလဲ​ဆိုတာ မြင်ယောင်​ကြည့်ပါ။ အဲဒီလို​လက်ဆောင် ရ​ရင် သင် ဘယ်လို ခံစား​ရမလဲ။ ကျေးဇူးတင်ကြောင်း ပြောမှာ​ပဲ။ အဲဒါ သိပ်​တန်ဖိုး​ရှိတယ်။ ရွှေ​ပန်းသီး​က ကြာရှည်ခံ​သလိုပဲ သင့်ရဲ့ ကျေးဇူးတင်​စကားဟာ အပြော​ခံရ​သူရဲ့ ဘဝ​တစ်လျှောက်လုံးမှာ အမှတ်ရ​စ​ရာ၊ တန်ဖိုးထား​စ​ရာ ဖြစ်​နေပါလိမ့်မယ်။

ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့​သူများ

၇။ ဆာလံ ၂၇:၄ အရ ဒါဝိဒ်​နဲ့ ဆာလံကျမ်း​ရေးသူတွေ​က ကျေးဇူးတင်ကြောင်း ဘယ်လို ဖော်ပြခဲ့​ကြသလဲ။

ရှေးခေတ် ဘုရားသခင့် ကျေးကျွန်များ​စွာ​ဟာ ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့​ကြတယ်။ တစ်ယောက်ကတော့ ဒါဝိဒ်​ပါပဲ။ (ဆာလံ ၂၇:၄ ကိုဖတ်ပါ။) စစ်မှန်တဲ့ ဝတ်ပြုရေး​ကို တန်ဖိုး​ထားကြောင်း သူ့ရဲ့ လုပ်ဆောင်မှုတွေမှာ တွေ့နိုင်တယ်။ ဗိမာန်တော် ဆောက်လုပ်ရေး​အတွက် များစွာ လှူဒါန်းခဲ့​တယ်။ အာသရဲ့ သားမြေးတွေလည်း ဆာလံ​သီချင်း၊ ချီးမွမ်း​သီချင်းတွေ ရေး​ပြီး ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့တယ်။ သီချင်း​တစ်ပုဒ်​မှာ ယေဟောဝါကို ကျေးဇူးတင်​ချီးမွမ်း​ပြီး “အံ့ဖွယ်​လုပ်ဆောင်မှုတွေ” ကို အံ့ဩ​လေးစား​မိ​ကြောင်း ရေးသားခဲ့တယ်။ (ဆာ. ၇၅:၁) ဒါဝိဒ်၊ အာသရဲ့​သားမြေးတွေဟာ ယေဟောဝါ​ဆီက ရတဲ့ ကောင်းချီးတွေ​အတွက် အလွန်​ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့​ကြတယ်။ အဲဒီ​ဆာလံဆရာ​တွေကို ဘယ်နည်းတွေနဲ့ တုပ​နိုင်သလဲ။

ရောမအသင်းတော်ကို ပေါလု ရေးတဲ့စာက ကျေးဇူးတင်ကြောင်း ဖော်ပြခြင်းနဲ့ပတ်သက်ပြီး ဘာသင်ပေးသလဲ (အပိုဒ် ၈-၉ ကိုကြည့်ပါ) *

၈-၉။ ညီအစ်ကို/မ​တွေကို ကျေးဇူးတင်ကြောင်း ပေါလု ဘယ်လို ဖော်ပြခဲ့သလဲ။ ဘာ​ရလဒ် ရခဲ့​သလဲ။

တမန်တော် ပေါလုဟာ ညီအစ်ကို/မ​တွေကို ကျေးဇူးတင်​လေးမြတ်​ကြောင်း စကားနဲ့ ဖော်ပြခဲ့တယ်။ ဆုတောင်း​တိုင်း သူတို့​အတွက် ဘုရားကို ကျေးဇူးတင်​ခဲ့​တယ်။ သူတို့ဆီ စာရေး​တဲ့အခါ​မှာလည်း ကျေးဇူးတင်ကြောင်း ပြောတယ်။ ရောမ ၁၆:၁-၁၅ မှာ ညီအစ်ကို/မ ၂၇ ယောက်​ကို နာမည်​နဲ့​တကွ ဖော်ပြခဲ့တယ်။ အထူးသဖြင့် ပြစ်ကနဲ့ အာကုလဟာ မိမိ​အတွက် “လည်စင်းခံဝံ့​သူတွေ” ဖြစ်ကြောင်း၊ ဖိဗေဟာ မိမိ​အပါအဝင် “လူများစွာကိုပါ ကူညီ​ပေးခဲ့” ကြောင်း ပြောပြီး အလုပ်​ကြိုးစားတဲ့ အဲဒီ​ညီအစ်ကို/မ​တွေကို ချီးမွမ်းခဲ့တယ်။

ညီအစ်ကို/မ​တွေ မစုံလင်​မှန်း ပေါလု သိပေမဲ့ ရောမ​အသင်းတော်ကို ရေး​တဲ့​စာ နိဂုံး​မှာ သူတို့ရဲ့ အရည်အသွေး​ကောင်းတွေကို အလေးပေး​ခဲ့​တယ်။ အသင်းတော်မှာ အဲဒီ​စာ​ကို ဖတ်တဲ့အခါ သိပ်​အားရှိသွား​ကြမှာပဲ။ ရလဒ်အနေနဲ့ ပေါလုကို ပို​ချစ်ခင်​လာကြတယ်။ သင်​ကော အသင်းတော်က ညီအစ်ကို/မ​တွေရဲ့ ကောင်းမွန်​တဲ့ လုပ်ရပ်တွေ၊ စကားတွေ​အတွက် ကျေးဇူးတင်ကြောင်း အမြဲ ဖော်ပြ​သလား။

၁၀။ နောက်လိုက်​တွေကို ယေရှု ကျေးဇူးတင်ကြောင်း ဖော်ပြ​ပုံ​ကနေ ဘာသင်ယူနိုင်သလဲ။

၁၀ ယေရှုလည်း အာရှမိုင်းနား အသင်းတော်​တချို့မှာ ရှိတဲ့ နောက်လိုက်​တွေရဲ့ လုပ်ဆောင်မှုတွေ​အတွက် ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့တယ်။ ဥပမာ၊ သွာတိရ အသင်းတော်ကို “မင်းရဲ့ အကျင့်၊ မေတ္တာ၊ ယုံကြည်ခြင်း၊ ဘုရားအတွက် အမှုဆောင်ခြင်း၊ ခံနိုင်ရည်ကို ငါ​သိတယ်။ မင်းရဲ့ အကျင့်​တွေဟာ အစောပိုင်းက​ထက် နောက်ပိုင်းမှာ ပို​ကောင်း​လာ​မှန်း​ကိုလည်း ငါ​သိတယ်” လို့ စပြော​တယ်။ (ဗျာ. ၂:၁၉) သူတို့ရဲ့ တိုးတက်မှု​အကြောင်း ဖော်ပြ​ရုံ​သာမက အကျင့်ကောင်း​တွေ ကျင့်​ဖို့ လှုံ့ဆော်​ပေးတဲ့ အရည်အသွေးတွေကို​ပါ ချီးမွမ်းခဲ့တယ်။ သွာတိရ အသင်းတော်​သား တချို့ကို ဆုံးမ​ဖို့ လိုအပ်​ပေမဲ့ အစမှာ​ကော နိဂုံး​မှာပါ အားပေး​စကား ပြောခဲ့တယ်။ (ဗျာ. ၂:၂၅-၂၈) အသင်းတော်​အားလုံးရဲ့ ဦးခေါင်း ယေရှု ရထားတဲ့ အခွင့်အာဏာကို စဉ်းစား​ကြည့်ပါ။ ကျွန်တော်တို့ရဲ့ လုပ်ဆောင်မှု​အတွက် ကျေးဇူးတင်စရာ မလိုပါဘူး။ ဒါတောင် ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့တယ်။ အကြီးအကဲ​တွေ​အတွက် အကောင်းဆုံး ပုံနမူနာ​ပါပဲ။

ကျေးဇူးတင်စိတ် မရှိ​သူများ

၁၁။ ဟီဘရူး ၁၂:၁၆ အရ မြင့်မြတ်​ရာတွေကို ဧသော ဘယ်လို သဘောထား​သလဲ။

၁၁ ကျမ်းစာထဲမှာ တချို့ကတော့ ကျေးဇူးတင်စိတ် မရှိကြဘူး။ ဥပမာ၊ ဧသောဟာ ယေဟောဝါကို ချစ်​ပြီး လေးစားတဲ့ မိဘတွေ လက်အောက်မှာ ကြီးပြင်း​လာပေမဲ့ မြင့်မြတ်​ရာတွေကို တန်ဖိုးထား​စိတ် မရှိဘူး။ (ဟီဘရူး ၁၂:၁၆ ကိုဖတ်ပါ။) ကျေးဇူးတင်စိတ် မရှိကြောင်း ဘယ်လို ပြခဲ့သလဲ။ ပဲ​ဟင်း​တစ်ခွက်​ရဖို့ သားဦး အခွင့်အရေး​ကို ညီ​ယာကုပ်​ဆီ မဆင်မခြင် ရော​င်း​ခဲ့​တယ်။ (က. ၂၅:၃၀-၃၄) နောက်ပိုင်း ဧသော အကြီးအကျယ် နောင်တ​ရပေမဲ့ ရှိ​ထားတာကို တန်ဖိုး​မထားတဲ့​အတွက် သားဦး အခွင့်အရေး မရတဲ့​အခါ ညည်းညူ​စ​ရာအကြောင်း မရှိဘူး။

၁၂-၁၃။ ကျေးဇူးတင်စိတ် မရှိကြောင်း အစ္စရေး​တွေ ဘယ်လို ဖော်ပြခဲ့​ကြသလဲ။ ဘယ်​ရလဒ် ရခဲ့​သလဲ။

၁၂ အစ္စရေး​တွေဟာ ယေဟောဝါကို ကျေးဇူးတင်စရာ​အကြောင်း များစွာ​ရှိတယ်။ ယေဟောဝါ​က အီဂျစ်​ပြည်​အပေါ် ကပ်ဘေး​ဆယ်ခု ကျရောက်​စေပြီး အစ္စရေးတွေကို ကျွန်​ဘဝကနေ ကယ်တင်​ပေးတယ်။ အီဂျစ်​စစ်တပ်​ကို ပင်လယ်နီ​မှာ ဖျက်ဆီးခြင်း​အားဖြင့် ဘေးဆိုးကနေ ကယ်တင်တယ်။ ယေဟောဝါကို ကျေးဇူးတင်​လွန်း​လို့ အစ္စရေး​တွေ အောင်ပွဲခံ ချီးမွမ်း​သီချင်း ဆိုကြတယ်။ ဒါပေမဲ့ ကျေးဇူးတင်စိတ် ဆက်ရှိ​ခဲ့​ကြသလား။

၁၃ အစ္စရေး​တွေဟာ အခက်အခဲ​သစ်​တွေ ရင်ဆိုင်​ရတဲ့အခါ ယေဟောဝါ လုပ်​ပေးခဲ့တဲ့ ကောင်းမွန်​ရာ​အားလုံးကို မေ့သွား​ကြတယ်။ ကျေးဇူးတင်စိတ် မရှိကြောင်း ထင်ရှား​လာတယ်။ (ဆာ. ၁၀၆:၇) ဘယ်လို​နည်းနဲ့လဲ။ “အစ္စရေး​တွေ​က မောရှေ​နဲ့ အာရုန်​ကို ပြစ်တင်​ညည်းညူ​ကြတယ်။” တကယ်တော့ ယေဟောဝါကို ညည်းညူ​ကြ​တာ။ (ထွ. ၁၆:၂၊ ၈) လူတွေ ကျေးဇူးမသိ​ကြ​လို့ ယေဟောဝါ စိတ်ပျက်ပြီး ယောရှုနဲ့ ကာလက်​က​လွဲလို့ အဲဒီ​မျိုးဆက်​တစ်ခုလုံး တောကန္တာရမှာ ပျက်စီး​သွားမယ်လို့ ကြို​ပြောခဲ့တယ်။ (တော. ၁၄:၂၂-၂၄။ ၂၆:၆၅) အဲဒီ​မကောင်းတဲ့ ပုံသက်သေတွေကို ရှောင်​ပြီး ပုံသက်သေ​ကောင်းတွေကို ဘယ်လို တုပ​နိုင်ကြောင်း ကြည့်ကြစို့။

ဒီနေ့​ခေတ်မှာ ကျေးဇူးတင်ကြောင်း ဖော်ပြပါ

၁၄-၁၅။ (က) အချင်းချင်း​ကို တန်ဖိုး​ထားကြောင်း အိမ်ထောင်ဖက်​တွေ ဘယ်လို ပြ​နိုင်သလဲ။ (ခ) ကျေးဇူးတင်ကြောင်း ဖော်ပြဖို့ သားသမီးတွေကို မိဘတွေ ဘယ်လို သင်​ပေးနိုင်​သလဲ။

၁၄ မိသားစုမှာ။ မိသားစုဝင် ယောက်​တိုင်း ကျေးဇူးတင်ကြောင်း ဖော်ပြ​မယ်​ဆိုရင် မိသားစု​တစ်စုလုံး အကျိုးရှိ​တယ်။ အိမ်ထောင်ဖက် အချင်းချင်း ပို​ရင်းနှီး​လာမယ်။ အမှားတွေ ခွင့်လွှတ်ဖို့ ပိုလွယ်​လာမယ်။ ဇနီးကို တန်ဖိုး​ထားတဲ့ ခင်ပွန်းဟာ ဇနီး ပြောဆို​လုပ်ဆောင်တဲ့ ကောင်းမွန်​ရာတွေကို သတိပြုမိ​ရုံ​သာမက ‘ထရပ်​ပြီး ချီးမွမ်း​တတ်တယ်။’ (ပညာ. ၃၁:၁၀၊ ၂၈၊ ၂၉) ပညာ​ရှိတဲ့ ဇနီးကလည်း ခင်ပွန်းကို ကျေးဇူးတင်တဲ့​အချက်​တွေ ထုတ်ပြော​တယ်။

၁၅ မိဘတို့၊ သားသမီးတွေကို ကျေးဇူးတင်​တတ်အောင် ဘယ်လို သင်​ပေးနိုင်​သလဲ။ သင့်​စကားနဲ့ လုပ်ရပ်တွေကို သူတို့ အတု​မြင် အတတ်​သင်​နေ​ကြောင်း သတိရပါ။ ဒါကြောင့် သားသမီးတွေ တစ်ခုခု​လုပ်ပေးတဲ့​အခါ ကျေးဇူးတင်​စကား ပြောပေးခြင်း​အားဖြင့် ပုံသက်သေ​ကောင်း ပြပါ။ တခြားသူတွေကို ကျေးဇူးတင်​စကား ပြောဖို့ သင်ပေးပါ။ စိတ်ရင်းမှန်နဲ့ ကျေးဇူးတင်​စကား ပြောဖို့ လိုကြောင်း၊ အဲဒါက အလွန်​အကျိုး​ရှိကြောင်း နားလည်အောင် ကူညီပေးပါ။ ဥပမာ၊ က​လာရီ ဒီလို​ပြောတယ်– “အမေက အသက် ၃၂ နှစ်မှာ ရုတ်တရက်​ကြီး သားသမီး​သုံးယောက်​နဲ့ ကျန်ခဲ့တယ်။ ကျွန်မ ၃၂ နှစ် ရောက်တော့ အဲဒီတုန်းက အမေ ဘယ်လောက် ခက်မယ်ဆိုတာ စဉ်းစားမိ​တယ်။ ဒါကြောင့် အစ်ကို၊ မောင်လေး​နဲ့ ကျွန်မ​အတွက် အနစ်နာခံခဲ့တာ အားလုံးကို အလွန် ကျေးဇူးတင်ကြောင်း ပြောခဲ့တယ်။ ကျွန်မရဲ့ စကားတွေက အမေ့​အတွက် သိပ်​တန်ဖိုးရှိ​ကြောင်း၊ အဲဒီ​စကားတွေကို မကြာခဏ ပြန်တွေး​ကြောင်း၊ တွေးမိတိုင်းလည်း သိပ်​ပျော်​ရ​ကြောင်း အမေ ပြန်​ပြောပြ​တယ်။”

ကျေးဇူးတင်ကြောင်း ဖော်ပြဖို့ သားသမီးတွေကို သင်ပေးပါ (အပိုဒ် ၁၅ ကိုကြည့်ပါ) *

၁၆။ ကျေးဇူးတင်ကြောင်း ဖော်ပြခြင်းက တခြား​သူတွေကို အား​ရှိစေ​နိုင်ကြောင်း ဥပမာ​ပေးပါ။

၁၆ အသင်းတော်မှာ။ ညီအစ်ကို/မ​တွေကို ကျေးဇူးတင်ကြောင်း ဖော်ပြခြင်းက သူတို့ကို အားပေး​ရာ​ရောက်တယ်။ ဥပမာ၊ ၂၈ နှစ်အရွယ် အကြီးအကဲ ဂျော့ဂ်ျဟာ ကျန်းမာရေး မကောင်း​လို့ တစ်လ​လောက် အစည်းအဝေး မ​တက်​နိုင်ဘူး။ ပြန်​တက်နိုင်တော့လည်း ဘာ​တာဝန်​မှ မလုပ်နိုင်ဘူး။ “အသင်းတော် တာဝန်တွေ မ​လုပ်နိုင်​လို့ အသုံးမကျ​ဘူးလို့ ခံစား​ရတယ်။ ဒါပေမဲ့ အစည်းအဝေး​ပြီးနောက် ညီအစ်ကို​တစ်ယောက်က ‘ကျွန်တော့်​မိသားစု​အတွက် ပုံသက်သေ​ကောင်း ပြ​ပေးလို့ ကျေးဇူးတင်ပါတယ်။ ညီအစ်ကို့ ဟောပြောချက်တွေကို သိပ်​ကြိုက်​ခဲ့​တာ။ အဲဒါတွေက ဘုရားရေးရာ​ဘက် တိုးတက်အောင် ကူညီပေး​ခဲ့​တယ်’ လို့ လာ​ပြောတယ်။ ကျွန်တော် စိတ်ထိမိ​လွန်း​လို့ မျက်ရည်ကျ​မိတယ်။ သူ့​စကားတွေက ကျွန်တော် လိုအပ်​နေတာ​နဲ့ ကွက်တိ​ပဲ” လို့ ဂျော့​ခ်ျ ပြောတယ်။

၁၇။ ကောလောသဲ ၃:၁၅ အရ ယေဟောဝါရဲ့ ရက်ရောမှု​အတွက် ကျေးဇူးတင်ကြောင်း ဘယ်လို ပြ​နိုင်သလဲ။

၁၇ ရက်ရောတဲ့ ဘုရားသခင်ကို။ ယေဟောဝါဟာ အချိန်တန်​အစာ အလျှံပယ် ပြင်ဆင်​ပေးထားတယ်။ ဥပမာ၊ အစည်းအဝေးတွေ၊ မဂ္ဂဇင်း​တွေ​နဲ့ ဝက်ဘ်ဆိုက်​က​တစ်ဆင့် အထောက်အကူ​ပြု လမ်းညွှန်ချက်တွေ ပေးနေ​တယ်။ ဟောပြောချက်​တစ်ခု နားထောင်ပြီး၊ ဆောင်းပါး​တစ်ပုဒ် ဖတ်ပြီး၊ ရုပ်သံ​အစီအစဉ် ကြည့်ပြီး ‘ငါ​လို​နေတာ ဒါ​ပဲ’ လို့ ပြောဖူးသလား။ ယေဟောဝါကို ကျေးဇူးတင်ကြောင်း ဘယ်လို ဖော်ပြ​နိုင်သလဲ။ (ကောလောသဲ ၃:၁၅ ကိုဖတ်ပါ။) တစ်နည်း​ကတော့ ဆုတောင်းတဲ့​အခါတိုင်း ကောင်းမြတ်တဲ့ ဆု​ကျေးဇူးတွေ​အတွက် ကျေးဇူးတင်ကြောင်း ပြောခြင်း​ပါပဲ။—ယာ. ၁:၁၇

နိုင်ငံတော်ခန်းမ သန့်ရှင်းရေးမှာ ကူညီခြင်းက ကျေးဇူးတင်ကြောင်း ဖော်ပြနိုင်တဲ့ အကောင်းဆုံးနည်း တစ်နည်းဖြစ် (အပိုဒ် ၁၈ ကိုကြည့်ပါ)

၁၈။ နိုင်ငံတော်​ခန်းမ​တွေ​အတွက် ကျေးဇူးတင်ကြောင်း ဘယ်နည်းတွေနဲ့ ဖော်ပြ​နိုင်သလဲ။

၁၈ ဝတ်ပြုရာ​နေရာတွေကို သန့်ရှင်း​သပ်ရပ်​စွာ ထားခြင်း​အားဖြင့်လည်း ယေဟောဝါကို ကျေးဇူးတင်ကြောင်း ပြ​နိုင်တယ်။ နိုင်ငံတော်​ခန်းမ သန့်ရှင်းရေး၊ ပြုပြင်​ထိန်းသိမ်းရေး​မှာ ပုံမှန် ပါဝင်ပါ။ အသင်းတော်မှာ သုံးတဲ့ အီလက်ထရောနစ် ပစ္စည်းတွေကို ဂရုတစိုက် ကိုင်တွယ်ပါ။ နိုင်ငံတော်​ခန်းမ​ကို ကောင်းကောင်း ထိန်းသိမ်း​ထားမယ်​ဆိုရင် ကြာရှည်ခံ​ပြီး အကြီးစား ပြင်ဆင်မှု​တွေ လုပ်ဖို့ နည်း​သွားပါလိမ့်မယ်။ ဒီ​နည်း​အားဖြင့် ကမ္ဘာတစ်ဝန်းမှာ နိုင်ငံတော်​ခန်းမ​တွေ ဆောက်​ဖို့၊ မွမ်းမံ​ဖို့ ငွေပို​ရစေ​နိုင်တယ်။

၁၉။ တိုက်နယ်ကြီးကြပ်မှူး ဇနီးမောင်နှံ​ဆီကနေ ဘာသင်ယူနိုင်သလဲ။

၁၉ အလုပ်​ကြိုးစား​သူတွေကို။ ကျေးဇူးတင်ကြောင်း ဖော်ပြခြင်းက အခက်အခဲ ရင်ဆိုင်​နေရ​သူတွေရဲ့ ခံစားချက်ကို ပြောင်းလဲ​စေနိုင်တယ်။ တိုက်နယ်ကြီးကြပ်မှူး ဇနီး​မောင်နှံရဲ့ အဖြစ်ကို သုံးသပ်ကြည့်​ပါ။ ဆောင်း​ရာသီ တစ်ရက်မှာ တစ်​နေ​ကုန် အမှုဆောင်​ပြီး မော​မော​နဲ့ အိမ်​ပြန်လာ​ကြတယ်။ အေး​လွန်း​လို့ ညီအစ်မ​က အ​နွေး​ထည်​တောင် မချွတ်​ဘဲ အိပ်လိုက်တယ်။ မနက်​ရောက်တော့ နယ်လှည့်​လုပ်ငန်းမှာ ဆက်​မလုပ်နိုင်တော့ဘူး ထင်တယ်​ဆိုပြီး ခင်ပွန်းကို ပြောတယ်။ အဲဒီ​မနက်​မှာ​ပဲ ညီအစ်မ​ဆီ ဌာနခွဲရုံး​က စာတစ်စောင် ရောက်လာတယ်။ အမှုဆောင်​လုပ်ငန်းမှာ ခံနိုင်ရည်ရှိတဲ့​အတွက် ချီးမွမ်း​ထားတယ်။ အပတ်​တိုင်း တစ်နေရာ​ပြီး တစ်​နေရာ ပြောင်းရွှေ့​ရတာ ဘယ်လောက် ခက်​မှန်း နားလည်​ကြောင်း ရေးထားတယ်။ “အဲဒီ​ချီးမွမ်းစကား​ကြောင့် သူ သိပ်​အားရှိသွား​ပြီး နယ်လှည့်​လုပ်ငန်း​ကနေ နား​ဖို့ ဘယ်တော့မှ မပြောတော့ဘူး။ ကျွန်တော် နား​ဖို့ စဉ်းစား​တဲ့အခါ​မှာ​တောင် ဆက်​လုပ်ဖို့ အကြိမ်ကြိမ် အားပေးခဲ့တယ်” လို့ တိုက်နယ်​ညီအစ်ကို ပြောတယ်။ သူတို့​ဇနီးမောင်နှံဟာ နယ်လှည့်​လုပ်ငန်းမှာ နှစ်ပေါင်း ၄၀ နီးပါး ပါဝင်ခဲ့တယ်။

၂၀။ နေ့တိုင်း ဘာလုပ်ဖို့ ကြိုးစား​သင့်သလဲ။ ဘာကြောင့်လဲ။

၂၀ အပြော၊ အလုပ်​အားဖြင့် ကျေးဇူးတင်ကြောင်း ဖော်ပြဖို့ ကြိုးစား​ကြပါစို့။ စိတ်ရင်းမှန်နဲ့ ပြောတဲ့​စကား၊ လုပ်ရပ်က ကျေးဇူးမသိ​တတ်တဲ့ ဒီ​လောကမှာ နောက်ထပ်​တစ်ရက် ရှေ့ဆက်​နိုင်ဖို့ လူတစ်ယောက် လိုအပ်​နေတဲ့​အရာ ဖြစ်နိုင်တယ်။ ကျေးဇူးတင်ကြောင်း ဖော်ပြခြင်းက ထာဝစဉ် တည်မြဲ​တဲ့ မိတ်ဆွေတွေလည်း ရစေ​နိုင်တယ်။ အရေးကြီးဆုံး​ကတော့ ရက်ရော​ပြီး ကျေးဇူးတင်​တတ်တဲ့ ဖခင် ယေဟောဝါကို တုပ​ရာ​ရောက်​ပါလိမ့်မယ်။

သီချင်း ၂၀ အချစ်ဆုံး​သားကို ပေးခဲ့

^ အပိုဒ်၊ 5 ကျေးဇူးတင်​ခြင်းနဲ့​ပတ်သက်ပြီး ယေဟောဝါ၊ ယေရှု၊ ရှမာရိ​လူမျိုး အနာကြီး​ရောဂါသည်​ဆီကနေ ဘာသင်ယူနိုင်သလဲ။ ကျေးဇူးတင်ကြောင်း ဖော်ပြဖို့ ဘာကြောင့် အရေးကြီးကြောင်း၊ ဖော်ပြ​နိုင်တဲ့ သတ်သတ်မှတ်မှတ် နည်း​တွေ​အကြောင်း ဒီ​ဆောင်းပါး​မှာ ဆွေးနွေးကြမယ်။

^ အပိုဒ်၊ 1 စကားလုံး ရှင်းလင်းချက်– ကျေးဇူးတင်​တယ်​ဆိုတာ တစ်စုံတစ်ယောက်၊ တစ်စုံတစ်ခုရဲ့ တန်ဖိုး နားလည်ခြင်း​ကို ဆိုလိုတယ်။

^ အပိုဒ်၊ 55 ပုံအညွှန်း– ပေါလုရဲ့စာကို ရောမအသင်းတော်မှာ ဖတ်နေ။ အာကုလ၊ ပြစ်ကိလ၊ ဖိဗေနဲ့ တခြားသူတွေဟာ ကိုယ့်နာမည်ကြားရလို့ ဝမ်းသာနေ။

^ အပိုဒ်၊ 57 ပုံအညွှန်း– အသက်ကြီး ညီအစ်မတစ်ယောက်ရဲ့ ပုံသက်သေကောင်းအတွက် ကျေးဇူးတင်ကြောင်း ဖော်ပြဖို့ သမီးဖြစ်သူကို မိခင် သင်ပေးနေ။