မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာရန် ဆောင်းပါး ၁၂

တခြားသူတွေရဲ့ ခံစားချက်ကို နားလည်ပေးပါ

တခြားသူတွေရဲ့ ခံစားချက်ကို နားလည်ပေးပါ

‘ခင်ဗျားတို့​အားလုံး ကိုယ်ချင်းစာ​ကြပါ။’ —၁ ပေ. ၃:၈

သီချင်း ၉၀ အချင်းချင်း အားပေး​ကြ

အကြို​သုံးသပ်ချက် *

၁။ ၁ ပေတရု ၃:၈ အရ ကိုယ့်​ခံစားချက်​နဲ့ ကောင်းကျိုး​ကို လိုလားသူ​တွေ​အနားမှာ ဘာကြောင့် နေချင်​ကြသလဲ။

ကိုယ့်​ခံစားချက်​နဲ့ ကောင်းကျိုး​ကို လိုလားသူ​တွေ​အနားမှာ ကျွန်တော်တို့ နေချင်​ကြတယ်။ သူတို့က ကိုယ့်​အတွေး​နဲ့ ခံစားချက်ကို နားလည်​ပေးတယ်။ လိုအပ်ချက်တွေကို သိ​ပြီး တစ်ခါတလေ အကူအညီ မ​တောင်း​ခင်မှာတောင် ကူညီပေး​တတ်ကြတယ်။ ကိုယ့်​အပေါ် “ကိုယ်ချင်းစာ” * သူတွေကို ကျွန်တော်တို့ ကျေးဇူးတင်​လေးမြတ်​ကြတယ်။၁ ပေတရု ၃:၈ ကိုဖတ်ပါ။

၂။ ကိုယ်ချင်းစာ​ကြောင်း ပြဖို့ ဘာကြောင့် အမြဲ မလွယ်ကူ​သလဲ။

ခရစ်ယာန်​တွေ​အနေနဲ့ ကျွန်တော်တို့​အားလုံး ကိုယ်ချင်းစာ​ကြောင်း ပြ​ချင်ကြတယ်။ အမြဲ​တော့ မလွယ်​ဘူး။ ဘာကြောင့်လဲ။ တစ်ချက်​ကတော့ မစုံလင်ကြလို့ပဲ။ (ရော. ၃:၂၃) ဒါကြောင့် ကိုယ့်​အတွက်ပဲ စဉ်းစား​တတ်တဲ့ မွေးရာပါ​သဘောထားကို တိုက်လှန်​ရမယ်။ တချို့က ကြီးပြင်းလာ​ပုံ​ကြောင့်၊ ဘဝမှာ ကြုံခဲ့ရ​တာ​တွေ​ကြောင့် ကိုယ်ချင်းစာ​ဖို့ ခက်​နေ​နိုင်တယ်။ ပတ်ဝန်းကျင်ရဲ့ ဩဇာ​လွှမ်းမိုးမှုကို​လည်း ခံရ​နိုင်တယ်။ ဒီ​နောက်ဆုံး​ကာလမှာ လူများစွာဟာ တခြား​သူတွေရဲ့ ခံစားချက်ကို ထည့်​မစဉ်းစား​ကြဘူး။ “ကိုယ့်ကိုယ်ကိုယ်​ပဲ ချစ်” ကြတယ်။ (၂ တိ. ၃:၁၊ ၂) တခြား​သူတွေရဲ့ ခံစားချက်ကို နားလည်​ကြောင်း​ပြဖို့ ခက်​စေတဲ့ အဲဒီ​စိန်ခေါ်ချက်တွေကို ဘယ်လို ကျော်လွှား​နိုင်မလဲ။

၃။ (က) ကိုယ်ချင်းစာ​စိတ် ဘယ်လို တိုးများ​လာနိုင်သလဲ။ (ခ) ဒီ​ဆောင်းပါး​မှာ ဘာ​အကြောင်း ဆွေးနွေးကြမလဲ။

ယေဟောဝါ​ဘုရားနဲ့ သားတော် ယေရှု​ခရစ်ကို တုပမယ်​ဆိုရင် ကိုယ်ချင်းစာစိတ် တိုးများ​လာပါလိမ့်မယ်။ ယေဟောဝါဟာ မေတ္တာရှင်​ဖြစ်ပြီး တခြား​သူတွေကို ထောက်ထား​စာနာ​ရာ​မှာ အကောင်းဆုံး ပုံသက်သေ ပြတယ်။ (၁ ယော. ၄:၈) ဖခင်ကို ယေရှု အပြည့်အဝ တုပတယ်။ (ယော. ၁၄:၉) လူတွေ ထောက်ထား​စာနာမှု ပြ​နိုင်ကြောင်း မြေကြီးပေါ် ရှိတုန်း ပြခဲ့တယ်။ တခြားသူတွေရဲ့ ခံစားချက်ကို ယေဟောဝါနဲ့ ယေရှု ဘယ်လို နားလည်​ပေး​ကြောင်း၊ သူတို့ရဲ့ ပုံသက်သေကို ဘယ်လို တုပ​နိုင်ကြောင်း ဒီ​ဆောင်းပါး​မှာ ဆွေးနွေးပါမယ်။

တခြား​သူတွေရဲ့ ခံစားချက်ကို နားလည်​ပေးတဲ့ ယေဟောဝါရဲ့ ပုံသက်သေ

၄။ ကျေးကျွန်တွေရဲ့ ခံစားချက်ကို ယေဟောဝါ ဂရုစိုက်​ကြောင်း ဟေရှာယ ၆၃:၇-၉ မှာ ဘယ်လို ဖော်ပြသလဲ။

ကျေးကျွန်တွေရဲ့ ခံစားချက်ကို ယေဟောဝါ ဂရုစိုက်​ကြောင်း ကျမ်းစာ ဖော်ပြတယ်။ ဥပမာ၊ ရှေး​အစ္စရေး​တွေ ဒုက္ခ​ရောက်ချိန်​မှာ ယေဟောဝါ ဘယ်လို ခံစားရ​ကြောင်း စဉ်းစား​ကြည့်ပါ။ “သူတို့​ဒုက္ခရောက်​ချိန် တစ်လျှောက်လုံးမှာ ဘုရားလည်း နာကျင်​ခံစားခဲ့​ရတယ်” လို့ ကျမ်းစာ ပြောတယ်။ (ဟေရှာယ ၆၃:၇-၉ ကိုဖတ်ပါ။) နောက်ပိုင်း “မင်းတို့ကို ထိ​တဲ့​သူဟာ ငါ့​မျက်ဆန်​ကို ထိ​တဲ့​သူပဲ” ဆိုပြီး မိမိ​လူမျိုး မတရား​ခံရတဲ့​အခါ ကိုယ်တိုင် ခံရ​သလို​ဖြစ်ကြောင်း ပရောဖက် ဇာခရိ​က​တစ်ဆင့် ပြောတယ်။ (ဇာ. ၂:၈) မိမိ​လူတွေကို ယေဟောဝါ ဂရုစိုက်​ကြောင်း ထိထိမိမိ ဖော်ပြ​လိုက်တာပဲ။

အီဂျစ် ကျွန်ဘဝကနေ အစ္စရေးတွေကို ယေဟောဝါ သနားစာနာစွာ ကယ်လွှတ်ပေး (အပိုဒ် ၅ ကိုကြည့်ပါ)

၅။ ဒုက္ခ​ရောက်နေတဲ့ ကျေးကျွန်တွေကို ယေဟောဝါ လက်တွေ့​ကူညီ​ကြောင်း ဥပမာ​ပေးပါ။

ယေဟောဝါဟာ ဒုက္ခ​ရောက်နေတဲ့ ကျေးကျွန်တွေကို သနား​စာနာ​ရုံ​သာမက လက်တွေ့​ကူညီ​ပေးတယ်။ ဥပမာ၊ အစ္စရေး​တွေ အီဂျစ်​ပြည်မှာ ကျွန်​အဖြစ် ဒုက္ခ​ရောက်နေတဲ့​အခါ သူတို့ ဝေဒနာ​ကို နားလည်ပြီး သက်သာ​စေခဲ့တယ်။ “ငါ့​လူတွေ ဒုက္ခရောက်​နေတာကို ငါ​အသေအချာ မြင်တယ်။ . . . သူတို့​အော်ဟစ်တာ​ကိုလည်း ငါ​ကြားတယ်။ သူတို့​ခံစား​ရတဲ့ ဝေဒနာတွေကို ငါ​ကောင်းကောင်း သိတယ်။ သူတို့ကို အီဂျစ်တွေရဲ့ လက်ထဲ​ကနေ ကယ်တင်ဖို့ . . . ငါ​ဆင်းလာ​မယ်” လို့ မောရှေ​ကို ပြောတယ်။ (ထွ. ၃:၇၊ ၈) သူတို့ကို သနား​စာနာတဲ့​အတွက် ကျွန်​ဘဝကနေ လွတ်မြောက်​စေတယ်။ ရာစုနှစ်တွေ ကုန်လွန်​ပြီးနောက် ကတိထားရာပြည်မှာ အစ္စရေး​တွေ ရန်သူ တိုက်ခိုက်မှု ခံရ​ပြန်တယ်။ ယေဟောဝါ ဘယ်လို တုံ့ပြန်​သလဲ။ “ဖိနှိပ်​သူတွေ၊ မတရား ဆက်ဆံ​သူတွေ​ကြောင့် သူတို့​ညည်းတွား​တော့ ယေဟောဝါ သနား​သွားတယ်။” ကိုယ်ချင်းစာ​စိတ်ကြောင့် ယေဟောဝါ ကူညီပေး​ပြန်တယ်။ ရန်သူတွေ​လက်ကနေ ကယ်တင်ဖို့ တရားသူကြီးတွေ ပေါ်ထွန်း​စေတယ်။—သူကြီး. ၂:၁၆၊ ၁၈

၆။ တစ်ယောက်ယောက် အတွေးအခေါ် မှား​နေတဲ့​အခါမှာ​တောင် ယေဟောဝါ ထောက်ထား​စာနာ​ကြောင်း ဥပမာ​ပေးပါ။

ယေဟောဝါ​က မိမိ​လူမျိုးရဲ့ ခံစားချက်ကို ထောက်ထား​စာနာ​ပေးတယ်။ သူတို့ အတွေးအခေါ် မှား​နေချိန်မှာ​တောင် စာနာ​ပေးတယ်။ ယောန​အဖြစ်ကို သုံးသပ်​ကြည့်ပါ။ ဘုရားက နိနဝေ​မြို့သား​တွေကို တရားစီရင်ချက်​သတင်း ကြေညာ​ဖို့ ယောန​ကို စေလွှတ်​တယ်။ မြို့သားတွေ နောင်တ​ယူ​တော့ အသက်​ချမ်းသာပေး​ဖို့ ဆုံးဖြတ်တယ်။ ဒါကို ယောန မကျေနပ်​ဘူး။ မိမိ ကြိုဟောတဲ့​အတိုင်း ဖြစ်မလာ​လို့ “ဒေါသ​ထွက်တယ်။” ဒါပေမဲ့ ယောနရဲ့ အတွေးအခေါ်​ကို ယေဟောဝါ စိတ်ရှည်ရှည် ပြုပြင်​တည့်မတ်​ပေးတယ်။ (ယောန ၃:၁၀–၄:၁၁) နောက်ပိုင်း ယောန နားလည်​သွားတယ်။ ကျွန်တော်တို့​အကျိုးအတွက် ဒီ​မှတ်တမ်း​ကို ရေး​ဖို့​တောင် ယောန​ကို ယေဟောဝါ သုံးခဲ့တယ်။—ရော. ၁၅:၄ *

၇။ လူမျိုးတော်​နဲ့ ယေဟောဝါ ဆက်ဆံပုံ​က ဘာကို စိတ်ချ​စေ​သလဲ။

လူမျိုးတော်​နဲ့ ဆက်ဆံပုံ​က ယေဟောဝါမှာ ကိုယ်ချင်းစာ​စိတ် ရှိကြောင်း စိတ်ချ​စေတယ်။ ကျွန်တော်တို့ တစ်ယောက်စီရဲ့ ဒုက္ခ​ဝေဒနာ​ကို ဘုရား သိတယ်။ ‘လူ့​စိတ်နှလုံးကို အမှန်တကယ် သိတယ်။’ (၂ ရာ. ၆:၃၀) ကျွန်တော်တို့ရဲ့ အတွေး၊ ခံစားချက်၊ ကန့်သတ်ချက်​တွေကို နားလည်တယ်။ “မခံနိုင်​လောက်​တဲ့ သွေးဆောင်ခြင်း​ကို ခွင့်ပြု​မှာ မဟုတ်ဘူး။” (၁ ကော. ၁၀:၁၃) တကယ့်ကို အားရှိစရာ​ပါပဲ။

တခြား​သူတွေရဲ့ ခံစားချက်ကို နားလည်​ပေးတဲ့ ယေရှုရဲ့ ပုံသက်သေ

၈-၁၀။ ဘယ်အချက်တွေ​ကြောင့် တခြား​သူတွေကို ယေရှု ကိုယ်ချင်းစာ​တတ်တာ​လဲ။

ယေရှုဟာ မြေကြီးပေါ် ရှိတုန်း တခြား​သူတွေရဲ့ ခံစားချက်​တွေကို နားလည်​ပေးတယ်။ အနည်းဆုံး အချက်​သုံးချက်​ကြောင့် ဖြစ်တယ်။ ပထမ၊ ယေရှုဟာ ဖခင်​ကို အပြည့်အဝ တုပတယ်။ ဖခင်​လို​ပဲ လူတွေကို ချစ်တယ်။ မိမိ ဝိုင်းကူ​ခဲ့​တဲ့ ယေဟောဝါရဲ့ ဖန်ဆင်းခြင်း​လက်ရာ အားလုံးကို နှစ်သက်ပေမဲ့ အထူးသဖြင့် ‘လူသားတွေကို သိပ်​ချစ်မြတ်နိုးတယ်။’ (ပညာ. ၈:၃၁) တခြား​သူတွေရဲ့ ခံစားချက်ကို နားလည်​ပေးဖို့ မေတ္တာက ယေရှုကို လှုံ့ဆော်​ပေးတယ်။

ဒုတိယ၊ ယေဟောဝါ​လို​ပဲ ယေရှုဟာ လူတွေရဲ့ စိတ်နှလုံးကို သိနိုင်တယ်။ စိတ်ရင်း၊ ခံစားချက်တွေကို သိနိုင်တယ်။ (မ. ၉:၄။ ယော. ၁၃:၁၀၊ ၁၁) ဒါကြောင့် လူတွေ စိတ်​ကြေကွဲ​နေတဲ့​အခါ ကိုယ်ချင်းစာ​ပြီး နှစ်သိမ့်​ပေးတယ်။—ဟေရှာ. ၆၁:၁၊ ၂။ လု. ၄:၁၇-၂၁

၁၀ တတိယ၊ လူတွေ ကြုံရတဲ့ အခက်အခဲ​တချို့ကို ယေရှုလည်း ကြုံခဲ့ရ​တယ်။ ဥပမာ၊ ဆင်းရဲတဲ့ မိသားစုမှာ ယေရှု ကြီးပြင်း​လာတယ်။ မွေးစား​ဖခင် ယောသပ်နဲ့​အတူ အလုပ်ကြမ်း လုပ်ခဲ့​ရတယ်။ (မ. ၁၃:၅၅။ မာ. ၆:၃) ယေရှုရဲ့ အမှုဆောင်​လုပ်ငန်း မစ​ခင် တစ်ချိန်ချိန်မှာ ယောသပ် သေဆုံး​သွား​ပုံ​ရတယ်။ ဒါကြောင့် ချစ်ရသူ ဆုံးရှုံး​ရတဲ့ နာကျင်မှုကို ယေရှု သိတယ်။ ဘာသာရေး​အမြင် မတူတဲ့ မိသားစုမှာ နေရတဲ့ အခက်အခဲ​ကိုလည်း သိတယ်။ (ယော. ၇:၅) အဲဒီ​အချက်​တွေ​က သာမန်​လူတွေရဲ့ အခက်အခဲ​နဲ့ ခံစားချက်ကို နားလည်ဖို့ ယေရှုကို ကူညီ​ပေးတယ်။

ယေရှုက နားမကြားသူကို ကုပေးဖို့ လူအုပ်ထဲက ခေါ်ထုတ်သွား (အပိုဒ် ၁၁ ကိုကြည့်ပါ)

၁၁။ ဘယ်​အချိန်မှာ ယေရှုရဲ့ ကိုယ်ချင်းစာ​စိတ် အထူး​ထင်ရှား​သလဲ။ ရှင်းပြပါ။ (မျက်နှာဖုံး​ပုံကို ကြည့်ပါ။)

၁၁ အံ့ဖွယ်​အမှုတွေ လုပ်တဲ့​အခါ ယေရှုရဲ့ ကိုယ်ချင်းစာ​စိတ် ပို​ထင်ရှားတယ်။ တာဝန်​အရ​လောက်​သာ မဟုတ်ဘဲ ဒုက္ခရောက်​နေ​သူတွေကို “သနား” လို့ လုပ်ပေးတာ​ဖြစ်တယ်။ (မ. ၂၀:၂၉-၃၄။ မာ. ၁:၄၀-၄၂) ဥပမာ၊ နား​မကြား​သူကို လူအုပ်​ထဲ​ကနေ သီးသန့်​ခေါ်ထုတ်​သွားပြီး ကုပေး​ချိန်၊ မုဆိုးမရဲ့ တစ်ဦးတည်းသော​သားကို ထမြောက်​ပေး​ချိန်မှာ ယေရှု ဘယ်လို ခံစားရ​မယ်​ဆိုတာ စဉ်းစား​ကြည့်ပါ။ (မာ. ၇:၃၂-၃၅။ လု. ၇:၁၂-၁၅) အဲဒီ​လူတွေကို ယေရှု ကိုယ်ချင်းစာ​ပြီး ကူညီ​ပေးချင်တယ်။

၁၂။ ယောဟန် ၁၁:၃၂-၃၅ က မာ​သ​နဲ့ မာရိ​ကို ယေရှု ကိုယ်ချင်းစာ​ကြောင်း ဘယ်လို ဖော်ပြသလဲ။

၁၂ မာ​သ​နဲ့ မာရိ​ကို ယေရှု ကိုယ်ချင်းစာ​ကြောင်း ပြခဲ့တယ်။ မောင်​ဖြစ်သူ လာဇရု သေဆုံး​လို့ သူတို့ ဝမ်းနည်း​နေတာကို မြင်တဲ့အခါ “ယေရှု မျက်ရည်ကျ” တယ်။ (ယောဟန် ၁၁:၃၂-၃၅ ကိုဖတ်ပါ။) ရင်းနှီးတဲ့​မိတ်ဆွေ ဆုံးရှုံး​လို့​သာ မျက်ရည်ကျ​တာ မဟုတ်ဘူး။ မကြာခင် လာဇရု​ကို သူ ထမြောက်​ပေးတော့မယ်​ဆိုတာ သိပေမဲ့ မိတ်ဆွေ​တွေ ဘယ်လောက် ဝမ်းနည်း​ကြေကွဲ​နေမှန်း နားလည်ပြီး စိတ်ထိခိုက်​လို့ မျက်ရည်ကျ​တာ ဖြစ်တယ်။

၁၃။ ယေရှုရဲ့ ကိုယ်ချင်းစာ​စိတ်​ကို သိရခြင်းက ဘယ်လို အားရှိစေ​သလဲ။

၁၃ ယေရှုရဲ့ ကိုယ်ချင်းစာ​စိတ်​ကို လေ့လာခြင်း​ကနေ အကျိုး​ရနိုင်ပါတယ်။ တခြား​သူတွေကို ယေရှု ကိုယ်ချင်းစာ​လို့ ယေရှုကို ကျွန်တော်တို့ ချစ်​ကြတယ်။ (၁ ပေ. ၁:၈) အခု ဘုရား​နိုင်ငံတော်မှာ ဘုရင်အဖြစ် ယေရှု အုပ်ချုပ်နေကြောင်း သိရလို့ အားရှိစရာ​ပဲ။ မကြာခင် ဆင်းရဲဒုက္ခ​အားလုံးကို ဖယ်ရှား​ပေးတော့မယ်။ လူသား​ဖြစ်ခဲ့ဖူးတဲ့ ယေရှုဟာ စာတန့်​အုပ်ချုပ်မှုရဲ့ ဒဏ်ရာဒဏ်ချက်​တွေကို သက်သာအောင် လုပ်ပေး​နိုင်တဲ့ အကောင်းဆုံး အနေအထား​မှာ ရှိတယ်။ ‘အားနည်းချက်တွေကို စာနာ​နိုင်တဲ့’ ဘုရင်ကို ရထားတာ ကောင်းချီးပါပဲ။—ဟီ. ၂:၁၇၊ ၁၈။ ၄:၁၅၊ ၁၆

ယေဟောဝါနဲ့ ယေရှုရဲ့ ပုံသက်သေကို တုပပါ

၁၄။ ဧဖက် ၅:၁၊ ၂ အရ ကျွန်တော်တို့ ဘာလုပ်ဖို့ လှုံ့ဆော်​ခံရသလဲ။

၁၄ ယေဟောဝါနဲ့ ယေရှုရဲ့ ပုံသက်သေကို စဉ်းစား​တဲ့အခါ ကျွန်တော်တို့လည်း ကိုယ်ချင်းစာ​စိတ် ပို​ပြဖို့ လှုံ့ဆော်ခံရ​တယ်။ (ဧဖက် ၅:၁၊ ၂ ကိုဖတ်ပါ။) ယေဟောဝါနဲ့ ယေရှု​က လူ့​စိတ်နှလုံးကို သိနိုင်တယ်။ ကျွန်တော်တို့​ကတော့ မသိ​နိုင်ပေမဲ့ တခြား​သူတွေရဲ့ ခံစားချက်​နဲ့ လိုအပ်ချက်​ကို နားလည်ဖို့ ကြိုးစား​နိုင်တယ်။ (၂ ကော. ၁၁:၂၉) တစ်ကိုယ်ကောင်းဆန်တဲ့ လောကမှာ နေ​ရပေမဲ့ ‘ကိုယ့်​အကျိုးကို​ပဲ အာရုံမစိုက်​ဘဲ သူတစ်ပါး​အကျိုးကို​လည်း ထည့်​စဉ်းစား​ပေး’ ဖို့ ကြိုးစား​ကြတယ်။—ဖိ. ၂:၄

(အပိုဒ် ၁၅-၁၉ ကိုကြည့်ပါ) *

၁၅။ အထူးသဖြင့် ဘယ်သူတွေ ကိုယ်ချင်းစာ​စိတ် ရှိဖို့ လိုသလဲ။

၁၅ အထူးသဖြင့် အသင်းတော် အကြီးအကဲ​တွေဟာ ကိုယ်ချင်းစာ​စိတ် ရှိ​သင့်တယ်။ သူတို့​ကြည့်ရှု​ပေး​ရတဲ့ သိုးတွေကို ဆက်ဆံပုံ​အတွက် ယေဟောဝါနဲ့ စာရင်းရှင်း​ရမယ်ဆိုတာ သိကြတယ်။ (ဟီ. ၁၃:၁၇) ယုံကြည်သူချင်းတွေကို ကူညီဖို့ အကြီးအကဲ​တွေ​မှာ ကိုယ်ချင်းစာ​စိတ် ရှိဖို့ လိုတယ်။ ကိုယ်ချင်းစာ​ကြောင်း ဘယ်လို ပြ​နိုင်သလဲ။

၁၆။ ကိုယ်ချင်းစာ​တတ်တဲ့ အကြီးအကဲ ဘာ​လုပ်သလဲ။ အဲဒီလို​လုပ်ဖို့ ဘာကြောင့် အရေးကြီး​သလဲ။

၁၆ ကိုယ်ချင်းစာ​တတ်တဲ့ အကြီးအကဲ​ဟာ ညီအစ်ကို/မ​တွေကို အချိန်ပေး​တယ်။ မေးခွန်းတွေ မေး​ပြီး စိတ်ရှည်ရှည် အာရုံစိုက် နားထောင်​ပေးတယ်။ အထူးသဖြင့် တစ်ယောက်ယောက်​က ရင်ဖွင့်​ချင်​ပေမဲ့ ထုတ်​ပြောဖို့ ခက်​နေတဲ့​အခါမျိုးမှာ ဖြစ်တယ်။ (ပညာ. ၂၀:၅) လိုလိုလားလား အချိန်​ပေးခြင်း​အားဖြင့် ယုံကြည်မှု၊ ခင်မင်မှု၊ မေတ္တာ​နှောင်ကြိုး ခိုင်မြဲ​လာမယ်။—တ. ၂၀:၃၇

၁၇။ အကြီးအကဲ​တွေရဲ့ ဘယ်အရည်အသွေးကို ညီအစ်ကို/မများ​စွာ ကြိုက်​ကြသလဲ။ ဥပမာ​ပေးပါ။

၁၇ အကြီးအကဲ​တွေ​မှာ အကြိုက်ဆုံး အရည်အသွေး​တစ်ခုက ကိုယ်ချင်းစာ​စိတ်​ဖြစ်တယ်လို့ ညီအစ်ကို/မများစွာ ပြော​ကြတယ်။ ဘာကြောင့်လဲ။ “ကိုယ့်ကို နားလည်​မှန်း သိလို့ စကား​ပြောရတာ လွယ်တယ်။ ကိုယ့်ကို နားလည်​ပေး​ကြောင်း သူတို့ရဲ့ တုံ့ပြန်ပုံ​ကနေ သိနိုင်တယ်” လို့ ညီအစ်မ အယ်ဒလိတ် ပြောတယ်။ ညီအစ်ကို​တစ်ယောက်က​လည်း “ကျွန်တော်​ပြောတာကို နားထောင်​ရင်း အကြီးအကဲ​တစ်ယောက် မျက်ရည်လည်​လာတယ်။ အဲဒီ​ပုံရိပ်​ကို ကျွန်တော် ဘယ်တော့မှ မမေ့ဘူး” လို့ ပြောတယ်။—ရော. ၁၂:၁၅

၁၈။ တခြား​သူတွေကို ကိုယ်ချင်းစာ​ကြောင်း ဘယ်လို ပြ​နိုင်သလဲ။

၁၈ အကြီးအကဲ​တွေ​ပဲ ကိုယ်ချင်းစာ​ဖို့ လို​တာ မဟုတ်ဘူး။ ကျွန်တော်တို့​အားလုံး ဒီ​အရည်အသွေးကို မွေးမြူ​နိုင်ပါတယ်။ ဘယ်လို​နည်းနဲ့လဲ။ မိသားစုဝင်​တွေ၊ ယုံကြည်သူချင်းတွေ ကြုံ​နေရတာ​ကို နားလည်ဖို့ ကြိုးစားပါ။ အသင်းတော်မှာ ဆယ်ကျော်သက်တွေ၊ မကျန်းမာ​သူတွေ၊ အသက်ကြီး​သူတွေ၊ ချစ်ရသူ သေဆုံး​လို့ ဝမ်းနည်း​နေ​သူတွေကို စိတ်ဝင်စားမှု ပြပါ။ သာ​ကြောင်း​မာ​ကြောင်း မေးပါ။ သူတို့​ပြော​လာတဲ့အခါ ကောင်းကောင်း နားထောင်​ပေးပါ။ သူတို့ရဲ့ အခြေအနေကို တကယ်​နားလည်​ကြောင်း သိစေပါ။ တတ်နိုင်​သ​လောက် ကူညီ​ပေးပါ။ ဒီ​နည်း​အားဖြင့် မေတ္တာ​စစ်ကို လုပ်ရပ်​နဲ့ ပြ​နိုင်ပါတယ်။—၁ ယော. ၃:၁၈

၁၉။ တခြား​သူတွေကို ကူညီတဲ့​အခါ ဘာကြောင့် အကျိုးသင့်အကြောင်းသင့် ရှိဖို့ လိုသလဲ။

၁၉ တခြား​သူတွေကို ကူညီတဲ့​အခါ အကျိုးသင့်အကြောင်းသင့် ရှိဖို့ လိုတယ်။ ဘာကြောင့်လဲ။ လူတွေဟာ အခက်အခဲ ကြုံ​တဲ့အခါ နည်းအမျိုးမျိုးနဲ့ တုံ့ပြန်​ကြတယ်။ တချို့က ထုတ်​ပြောချင်ပေမဲ့ တချို့ကတော့ မပြော​ချင်​ကြဘူး။ ဒါကြောင့် ကူညီ​ပေးတဲ့​အခါ အတွင်းရေး​တွေကို နှိုက်နှိုက်​ချွတ်ချွတ် မ​မေးပါ​နဲ့။ (၁ သက်. ၄:၁၁) တခြားသူတွေ ရင်ဖွင့်​လာတဲ့အခါ ကိုယ်​နဲ့ အမြင်ချင်း တူ​ချင်​မှ တူ​မယ်။ ဒါပေမဲ့ သူတို့ရဲ့ ခံစားချက်ကို နားလည်​ပေးပါ။ နားထောင်ဖို့ အမြဲ အသင့်​ဖြစ်နေ​ပါ။ မဆင်မခြင် မပြောပါနဲ့။—မ. ၇:၁။ ယာ. ၁:၁၉

၂၀။ နောက်​ဆောင်းပါး​မှာ ဘာ​အကြောင်း ဆွေးနွေးကြမလဲ။

၂၀ အသင်းတော်​အပြင် အမှုဆောင်​လုပ်ငန်းမှာလည်း ကိုယ်ချင်းစာ​စိတ် ရှိဖို့ လိုတယ်။ ဒါကို ဘယ်လို ပြ​နိုင်မလဲ။ နောက်​ဆောင်းပါး​မှာ ဆွေးနွေးပါမယ်။

သီချင်း ၁၃၀ ခွင့်လွှတ်​တတ်ကြ​ပါ

^ အပိုဒ်၊ 5 ယေဟောဝါနဲ့ ယေရှု​က တခြား​သူတွေရဲ့ ခံစားချက်ကို နားလည်​ပေးတယ်။ သူတို့ရဲ့ ပုံသက်သေ​ကနေ ဘာ​သင်ယူ​နိုင်ကြောင်း ဒီ​ဆောင်းပါး​မှာ ဆွေးနွေးပါမယ်။ ကိုယ်ချင်းစာ​စိတ် ပြဖို့ ဘာကြောင့် လိုအပ်​ကြောင်း၊ ဘယ်လို ပြ​နိုင်ကြောင်း​လည်း ဆွေးနွေး​ကြပါမယ်။

^ အပိုဒ်၊ 1 စကားလုံး ရှင်းလင်းချက်– “ကိုယ်ချင်းစာတယ်” ဆိုတာ တခြား​သူတွေရဲ့ ခံစားချက်ကို နားလည်​ပေးတာ၊ ထပ်တူ​ခံစားပေး​တာ​ကို ဆိုလိုတယ်။ (ရော. ၁၂:၁၅) ဒီ​ဆောင်းပါး​မှာပါတဲ့ “ကိုယ်ချင်းစာတယ်၊” “နားလည်​ပေးတယ်” ဆိုတဲ့ စကားလုံးတွေဟာ အဓိပ္ပာယ်​တူတယ်။

^ အပိုဒ်၊ 6 တခြား​သစ္စာ​ရှိသူတွေရဲ့ ပြင်းထန်တဲ့ ခံစားချက်တွေကိုလည်း ယေဟောဝါ ထောက်ထား​စာနာ​ပေးတယ်။ ဟန္န (၁ ရှ. ၁:၁၀-၂၀)၊ ဧလိယ (၁ ဘု. ၁၉:၁-၁၈)၊ ဧဗဒမေလက် (ယေ. ၃၈:၇-၁၃။ ၃၉:၁၅-၁၈) တို့အကြောင်း စဉ်းစား​ကြည့်ပါ။

^ အပိုဒ်၊ 65 ပုံအညွှန်း– အစည်းအဝေးတွေမှာ ကိုယ်ချင်းစာကြောင်း ပြဖို့ အခွင့်အရေးများစွာ ရှိတယ်။ (၁) လူငယ်ကြေညာသူနဲ့ မိခင်ကို အကြီးအကဲတစ်ယောက် ကြင်နာစွာ စကားပြောနေ။ (၂) အဖေနဲ့ သမီးက အသက်ကြီးတဲ့ ညီအစ်မကို ကားရှိရာ လိုက်ပို့နေ။ (၃) အကြံဉာဏ်တောင်းနေတဲ့ ညီအစ်မကို အကြီးအကဲနှစ်ယောက် အာရုံစိုက် နားထောင်ပေးနေ။