မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာရန် ဆောင်းပါး ၁၃

အမှုဆောင်လုပ်ငန်းမှာ ကိုယ်ချင်းစာစိတ် တင်ပြပါ

အမှုဆောင်လုပ်ငန်းမှာ ကိုယ်ချင်းစာစိတ် တင်ပြပါ

“သနားစိတ် ယိုဖိတ်​လာပြီး သူတို့ကို အများကြီး သွန်သင်​ပေးတယ်။” —မာ. ၆:၃၄

သီချင်း ၇၀ ထိုက်တန်​သူတို့ကို ရှာဖွေပါ

အကြို​သုံးသပ်ချက် *

၁။ ယေရှုရဲ့ နှစ်သက်ဖွယ် အကောင်းဆုံး အရည်အသွေး​က ဘာလဲ။ ရှင်းပြပါ။

ယေရှုရဲ့ နှစ်သက်ဖွယ် အကောင်းဆုံး အရည်အသွေး​တစ်ခုကတော့ မစုံလင်သူ လူသားတွေရဲ့ အခက်အခဲတွေကို နားလည်​နိုင်စွမ်း ရှိ​ခြင်း​ပါပဲ။ မြေကြီးပေါ် ရှိစဉ် ‘ဝမ်းမြောက်​သူတွေနဲ့​အတူ ဝမ်းမြောက်​ပြီး ငိုကြွေး​သူတွေနဲ့​အတူ ငိုကြွေး’ ခဲ့တယ်။ (ရော. ၁၂:၁၅) ဥပမာ၊ ဟောပြောခြင်း​မှာ အောင်မြင်မှု ရလို့ တပည့် ၇၀ ဝမ်းသာ​အားရ ပြန်လာတဲ့​အခါ ယေရှုလည်း “သန့်ရှင်းသော စွမ်းအားတော် ပြည့်​ပြီး ဝမ်းသာ​အားရ” ဖြစ်ခဲ့တယ်။ (လု. ၁၀:၁၇-၂၁) ဒါပေမဲ့ လာဇရု သေဆုံး​လို့ ချစ်ရ​သူတွေ ဝမ်းနည်း​နေတာ မြင်တဲ့အခါ ယေရှုလည်း “ဝမ်းနည်း​ပြီး စိတ်ထိခိုက်​သွားတယ်။”—ယော. ၁၁:၃၃

၂။ လူတွေကို ယေရှု ဘာကြောင့် ကိုယ်ချင်းစာ​သလဲ။

ပြည့်ဝ​စုံလင်တဲ့ ယေရှုဟာ အပြစ်​ရှိတဲ့ လူသားတွေနဲ့ ဆက်ဆံ​ရာ​မှာ ဘာကြောင့် ဒီလောက် ကရုဏာ​ရှိပြီး သနား​ကြင်နာရ​တာလဲ။ အဓိက​ကတော့ လူတွေကို ချစ်လို့ပါပဲ။ ရှေ့​ဆောင်းပါး​မှာ ပါတဲ့​အတိုင်း ယေရှုဟာ ‘လူသားတွေကို သိပ်​ချစ်မြတ်နိုးတယ်။’ (ပညာ. ၈:၃၁) လူတွေကို ချစ်လို့ လူတွေရဲ့ စဉ်းစား​ပုံကို နားလည်အောင် လုပ်ခဲ့တယ်။ ယေရှု​က “လူ့​စိတ်​ကို သိ” တယ်လို့ တမန်တော် ယောဟန် ရေးတယ်။ (ယော. ၂:၂၅) ယေရှုရဲ့ မေတ္တာ၊ သနား​ကြင်နာမှု​ကို ခံစား​ရတဲ့​အတွက် နိုင်ငံတော်​သတင်းကို လူတွေ ကောင်းကောင်း နားထောင်ကြ​တယ်။ ကျွန်တော်တို့လည်း လူတွေကို သနား​ကြင်နာ​လေ အမှုဆောင်​လုပ်ငန်းမှာ ပို​ထိရောက်​လေ ဖြစ်ပါလိမ့်မယ်။—၂ တိ. ၄:၅

၃-၄။ (က) ကိုယ်ချင်းစာ​စိတ် ရှိမယ်ဆိုရင် အမှုဆောင်​လုပ်ငန်းကို ဘယ်လို ရှုမြင်​မလဲ။ (ခ) ဒီ​ဆောင်းပါး​မှာ ဘာ​အကြောင်း သုံးသပ်ကြ​မလဲ။

တမန်တော် ပေါလု​လို​ပဲ ကျွန်တော်တို့လည်း ဟော​ရမယ့် တာဝန်​ရှိ​မှန်း သိထားတယ်။ (၁ ကော. ၉:၁၆) ဒါပေမဲ့ ကိုယ်ချင်းစာ​စိတ်​ရှိရင် အမှုဆောင်​လုပ်ငန်းကို တာဝန်​အရ​လောက်​ပဲ လုပ်မှာ မဟုတ်ဘူး။ လူတွေကို ဂရုစိုက်​ပြီး ကူညီ​ပေးချင်​ပါလိမ့်မယ်။ “ရယူခြင်း​ထက် ပေးကမ်းခြင်းက ပို​ပျော်ရွှင်​စေ” မှန်း ကျွန်တော်တို့ သိတယ်။ (တ. ၂၀:၃၅) အမှုဆောင်​လုပ်ငန်းကို အဲဒီလို ရှုမြင်ရင် ပို​ပျော်ရွှင်​ပါလိမ့်မယ်။

အမှုဆောင်​လုပ်ငန်းမှာ ကိုယ်ချင်းစာ​စိတ် ပြနိုင်​ပုံကို ဒီ​ဆောင်းပါး​မှာ ဆွေးနွေးပါမယ်။ ဦးဆုံး၊ လူတွေနဲ့​ပတ်သက်တဲ့ ယေရှုရဲ့ ခံစားချက်​ကနေ ဘာ​သင်ယူ​နိုင်ကြောင်း၊ ပြီးနောက် ယေရှုကို တုပ​နိုင်တဲ့ နည်းလေး​နည်းအကြောင်း သုံးသပ်ကြ​ပါ​မယ်။—၁ ပေ. ၂:၂၁

အမှုဆောင်​လုပ်ငန်းမှာ ကိုယ်ချင်းစာ​စိတ် ရှိကြောင်း ယေရှု တင်ပြ

ကိုယ်ချင်းစာစိတ်က နှစ်သိမ့်မှုသတင်း ဟောဖို့ ယေရှုကို လှုံ့ဆော်ပေး (အပိုဒ် ၅-၆ ကိုကြည့်ပါ)

၅-၆။ (က) ဘယ်သူတွေကို ယေရှု ကိုယ်ချင်းစာ​ခဲ့သလဲ။ (ခ) ဟေရှာယ ၆၁:၁၊ ၂ မှာ ကြို​ပြောတဲ့​အတိုင်း မိမိ​ဟောပြောတဲ့​သူတွေကို ယေရှု ဘာကြောင့် သနား​တာလဲ။

ယေရှု ကိုယ်ချင်းစာ​စိတ် ပြခဲ့တဲ့ နမူနာ​တစ်ခုကို သုံးသပ်​ကြည့်ပါ။ တစ်ကြိမ်​မှာ ယေရှုနဲ့ တပည့်​တွေ သတင်းကောင်းကို မနားတမ်း​ဟော​ပြီး မောပန်း​နေကြ​တယ်။ “အစာစား​ဖို့​တောင် အချိန်​မရှိဘူး။” ဒါနဲ့ ယေရှု​က “လူသူမရှိ​တဲ့​နေရာ” မှာ “ခဏတစ်ဖြုတ် နား” ဖို့ တပည့်​တွေကို ခေါ်သွားတယ်။ ဒါပေမဲ့ လူအုပ်​က ယေရှုနဲ့ တပည့်​တွေ​ထက် အရင်​ကြိုရောက်​နေတယ်။ လူအုပ်​ကို မြင်​တော့ ယေရှု ဘာ​လုပ်သလဲ။ “ထိန်း​သူ​မရှိတဲ့ သိုးတွေလို ဖြစ်နေတဲ့ လူအုပ်ကြီး​ကို မြင်​တော့ သနားစိတ် * ယိုဖိတ်​လာပြီး သူတို့ကို အများကြီး သွန်သင်​ပေးတယ်။”—မာ. ၆:၃၀-၃၄

လူတွေကို ယေရှု ဘာကြောင့် သနား​တာလဲ။ “ထိန်းသူ​မရှိတဲ့ သိုးတွေလို ဖြစ်နေ” တာ​ကို တွေ့လို့​ပဲ။ သူတို့​ထဲ​က တချို့ဟာ ဆင်းရဲသားတွေ၊ မိသားစုကို ပင်ပင်ပန်းပန်း ရှာကျွေး​နေရ​သူတွေ၊ ချစ်ရသူ သေဆုံး​လို့ ဝမ်းနည်း​နေ​သူတွေ ဖြစ်နိုင်တယ်။ သူတို့​အခြေအနေကို ယေရှု နားလည်တယ်။ ရှေ့​ဆောင်းပါး​မှာ ဆွေးနွေးခဲ့​တဲ့​အတိုင်း အဲဒီ​အခက်အခဲ​တချို့ကို ယေရှု ကိုယ်တိုင် ကြုံခဲ့ရ​တာ ဖြစ်နိုင်တယ်။ တခြား​သူတွေကို နားလည်​စာနာတဲ့​အတွက် နှစ်သိမ့်​ပေးတဲ့​သတင်း ဝေမျှ​ခဲ့​တယ်။ဟေရှာယ ၆၁:၁၊ ၂ ကိုဖတ်ပါ။

၇။ ယေရှုရဲ့ ပုံသက်သေကို ဘယ်လို တုပ​နိုင်သလဲ။

ယေရှုရဲ့ ပုံသက်သေ​ကနေ ဘာသင်ယူနိုင်သလဲ။ ကျွန်တော်တို့​ပတ်လည်မှာ​လည်း လူတွေဟာ “ထိန်း​သူ​မရှိတဲ့ သိုးတွေလို ဖြစ်နေ” တယ်။ ပြဿနာတွေနဲ့ လုံးပန်း​နေရ​တယ်။ သူတို့ လို​နေတဲ့ နိုင်ငံတော်​သတင်း ကျွန်တော်တို့​ဆီမှာ ရှိတယ်။ (ဗျာ. ၁၄:၆) ဒါကြောင့် ယေရှုကို တုပ​တဲ့​အနေနဲ့ “နိမ့်ကျ​သူတွေ၊ နွမ်းပါး​သူတွေကို သနား” ပြီး သတင်းကောင်း ဟောပြော​ကြတယ်။ (ဆာ. ၇၂:၁၃) သူတို့ကို ကူညီ​ပေးချင်ကြတယ်။

ကိုယ်ချင်းစာ​ကြောင်း ပြနိုင်ပုံ

တစ်ဦးစီရဲ့ လိုအပ်ရာတွေကို ထည့်စဉ်းစားပါ (အပိုဒ် ၈-၉ ကိုကြည့်ပါ)

၈။ အမှုဆောင်မှာ ကိုယ်ချင်းစာ​စိတ် တင်ပြ​နိုင်တဲ့ နည်း​တစ်နည်း​က ဘာလဲ။ ဥပမာ​ပေးပါ။

ကျွန်တော်တို့ ဟောတဲ့​သူတွေကို ကိုယ်ချင်းစာ​ကြောင်း ပြဖို့ ဘာက ကူညီ​ပေးနိုင်​သလဲ။ သူတို့​နေရာမှာ ဝင်​ခံစားပေး​ပြီး ကိုယ့်ကို ဆက်ဆံ​စေချင်တဲ့​အတိုင်း ဆက်ဆံ​ပေးပါ။ * (မ. ၇:၁၂) အဲဒီလို​လုပ်နိုင်တဲ့ လက်တွေ့ကျ နည်းလေး​နည်းကို သုံးသပ်​ကြည့်ကြစို့။ ပထမ၊ တစ်ဦးစီရဲ့ လိုအပ်ရာကို ထည့်​စဉ်းစားပါ။ သတင်းကောင်း ဟောတဲ့​အခါ ဆရာဝန်​လို ဖြစ်ရမယ်။ ဆရာဝန်​ကောင်း​တစ်ယောက်ဟာ လူနာ​တစ်ဦးစီရဲ့ လိုအပ်ရာကို ထည့်​စဉ်းစား​တယ်။ မေးခွန်းတွေ မေး​ပြီး လူနာ​ပြောတဲ့ ရောဂါ​လက္ခဏာတွေ​ကို အသေအချာ နားထောင်တယ်။ ချက်ချင်း ဆေး​ညွှန်း​ပေးမယ့်​အစား ရောဂါ​လက္ခဏာကို စောင့်ကြည့်​ပြီးမှ သင့်တော်​သလို ကုပေး​တယ်။ ကျွန်တော်တို့လည်း လူတိုင်းကို တစ်​ပုံစံ​တည်း ဟောမယ့်​အစား တစ်ဦးစီရဲ့ အခြေအနေနဲ့ ရှုမြင်ပုံကို ထည့်​စဉ်းစား​သင့်တယ်။

၉။ အမှုဆောင်မှာ ဘယ်လို ယူဆတာ​မျိုးကို ရှောင်​ရမလဲ။ ရှင်းပြပါ။

အမှုဆောင်မှာ တစ်ယောက်ယောက်ကို တွေ့​တာ​နဲ့ သူ့​အခြေအနေ၊ သူ့​ယုံကြည်ချက်​နဲ့ ဘာကြောင့် ယုံကြည်​ရတယ်ဆိုတာ​ကို သိတယ်လို့ မယူဆ​လိုက်ပါ​နဲ့။ (ပညာ. ၁၈:၁၃) သူ့​အကြောင်းကို သိဖို့ လိမ္မာ​ပါးနပ်​စွာ မေးခွန်းတွေ မေးပါ။ (ပညာ. ၂၀:၅) သင့်တော်မယ်​ဆိုရင် သူ့ရဲ့ အလုပ်၊ မိသားစု၊ နောက်ခံ၊ သဘောထားတွေကို မေးပါ။ မေးခွန်း မေး​တာ​က သတင်းကောင်း လိုအပ်​ရတဲ့ အကြောင်းရင်းကို သိလာဖို့​ပဲ။ သိလာ​ပြီဆို​ရင် ယေရှု​လို​ပဲ ကိုယ်ချင်းစာ​ကြောင်း ပြပြီး လိုအပ်​သလို ကူညီ​ပေးပါ။—၁ ကောရိန္သု ၉:၁၉-၂၃ နဲ့ နှိုင်းယှဉ်ပါ။

ကိုယ်ဟောပြောမယ့်သူတွေရဲ့ ဘဝကို ဝင်ခံစားကြည့်ပါ (အပိုဒ် ၁၀-၁၁ ကိုကြည့်ပါ)

၁၀-၁၁။ ၂ ကောရိန္သု ၄:၇၊ ၈ အရ ကိုယ်ချင်းစာ​စိတ် တင်ပြ​နိုင်တဲ့ ဒုတိယနည်း​က ဘာလဲ။ ဥပမာ​ပေးပါ။

၁၀ ဒုတိယ၊ သူတို့ရဲ့ ဘဝကို ဝင်​ခံစား​ကြည့်ပါ။ သူတို့ရဲ့ အခြေအနေကို ကျွန်တော်တို့ နားလည်​နိုင်တယ်။ ကျွန်တော်တို့လည်း မစုံလင်သူတွေ​ဖြစ်လို့ ပြဿနာ​တွေ မကင်း​ပါဘူး။ (၁ ကော. ၁၀:၁၃) ဒီ​စနစ်​မှာ ဘဝဟာ ပင်ပန်း​ခက်ခဲ​ပြီး ယေဟောဝါရဲ့ အကူအညီ​နဲ့​သာ ခံရပ်​နိုင်မယ်​ဆိုတာ ကျွန်တော်တို့ သိကြတယ်။ (၂ ကောရိန္သု ၄:၇၊ ၈ ကိုဖတ်ပါ။) ဒါပေမဲ့ ယေဟောဝါနဲ့ ဆက်ဆံရေး​ကောင်း မရှိဘဲ ဘဝကို ရုန်းကန်​နေ​သူတွေ​အကြောင်း စဉ်းစား​ကြည့်ပါ။ ယေရှု​လို​ပဲ ကျွန်တော်တို့လည်း သူတို့ကို သနား​ပြီး “ကောင်းကျိုးချမ်းသာ​နဲ့​ဆိုင်တဲ့ သတင်းကောင်း” ဟောပြောဖို့ လှုံ့ဆော်ခံရ​တယ်။—ဟေရှာ. ၅၂:၇

၁၁ ညီအစ်ကို ဆာဂေး​အကြောင်း စဉ်းစား​ကြည့်ပါ။ အမှန်တရား မသိ​ခင်​တုန်း​က အရှက်အကြောက်​ကြီးသူ၊ စကား​နည်း​သူ ဖြစ်တယ်။ နောက်ပိုင်း ကျမ်းစာ​လေ့လာဖို့ လက်ခံ​လိုက်တယ်။ “ကျမ်းစာ​လေ့လာတဲ့​အခါ ခရစ်ယာန်တွေဟာ ကိုယ့်​ယုံကြည်ချက်​အကြောင်း တခြား​သူတွေကို ဝေမျှ​ဖို့ တာဝန်​ရှိ​မှန်း သိလာတယ်။ ကျွန်တော်​တော့ ဘယ်တော့မှ လုပ်နိုင်မှာ မဟုတ်ဘူးလို့ ထင်ခဲ့တယ်” ဆိုပြီး ပြောတယ်။ ဒါပေမဲ့ အမှန်တရား မသိ​သေး​သူတွေ​အကြောင်း စဉ်းစား​လိုက်တဲ့အခါ ဘဝမှာ ယေဟောဝါ မရှိရင် ဘယ်လောက် ခက်​မလဲ​ဆိုတာ တွေးမိတယ်။ “သိလာ​တာ​တွေ​ကြောင့် သိပ်​ပျော်​ပြီး စိတ်​ငြိမ်သက်​လာတယ်။ တခြား​သူတွေလည်း ဒီလို အမှန်တရားကို လို​နေမှန်း သိလာတယ်” လို့ ဆာဂေး ပြောတယ်။ ကိုယ်ချင်းစာ​စိတ် တိုးများ​လာတဲ့အခါ ဟော​ဖို့ သတ္တိ​ရှိလာ​တယ်။ “တခြား​သူတွေကို ကျမ်းစာ​အကြောင်း ပြောပြတဲ့​အခါ ကိုယ့်ကိုယ်ကိုယ် ယုံကြည်​စိတ်ချမှု တိုးလာ​တယ်။ ကိုယ့်​ယုံကြည်ချက်​လည်း ပို​ခိုင်မာ​လာတယ်” လို့ သူပြောတယ်။ *

ဘုရားရေးရာဘက် တိုးတက်လာဖို့ အချိန်လို (အပိုဒ် ၁၂-၁၃ ကိုကြည့်ပါ)

၁၂-၁၃။ ကိုယ်​သွန်သင်​ပေးတဲ့​သူတွေကို ဘာကြောင့် စိတ်ရှည်​ဖို့ လိုသလဲ။ ဥပမာ​ပေးပါ။

၁၂ တတိယ၊ ကိုယ်​သွန်သင်​ပေးတဲ့​သူတွေကို စိတ်ရှည်ပါ။ ကိုယ်​သိထားတဲ့ ကျမ်းစာ အမှန်တရား​တချို့ကို သူတို့ တစ်ခါ​မှ မကြားဖူးကြောင်း သတိရပါ။ သူတို့က ကိုယ့်​ယုံကြည်ချက်ကို​ပဲ ဆုပ်ကိုင်​ထား​ကြတယ်။ ဘာသာတရား​ကြောင့် မိသားစု၊ ယဉ်ကျေးမှု၊ အသိုင်းအဝိုင်းမှာ စည်းလုံး​နေတာ​လို့ ခံယူ​ကြတယ်။ သူတို့ကို ဘယ်လို ကူညီ​ပေးနိုင်​မလဲ။

၁၃ ဒီ​ဥပမာ​ကို စဉ်းစား​ကြည့်ပါ။ တံတား​တစ်စင်း ဟောင်း​ပြီး အစားထိုး​ဖို့ လို​နေရင် ဘာလုပ်မလဲ။ အဟောင်း​ကို သုံး​နေရင်း အသစ်​ဆောက်​မှာ​ပဲ။ အသစ်​ပြီးသွားတာနဲ့ အဟောင်း​ကို ဖြိုချ​လိုက်တယ်။ အဲဒီလိုပဲ လူတွေ မြတ်နိုးတဲ့ ယုံကြည်ချက် “အဟောင်း” ကို စွန့်ဖို့ မပြော​ခင် သူတို့ မသိသေးတဲ့ ကျမ်းစာ အမှန်တရား “အသစ်” တွေကို တန်ဖိုးထား​လာ​အောင် ကူညီ​ပေးရမယ်။ ဒါမှ ယုံကြည်ချက် အဟောင်း​တွေကို စွန့်​နိုင်မယ်။ အဲဒီလို​ဖြစ်ဖို့ အချိန်​လိုတယ်။—ရော. ၁၂:၂

၁၄-၁၅။ မြေကြီး ပရဒိသုမှာ ထာဝစဉ် အသက်ရှင်မယ့် မျှော်လင့်ချက်​အကြောင်း မသိ​သူတွေကို ဘယ်လို ကူညီ​နိုင်မလဲ။ ဥပမာ​ပေးပါ။

၁၄ အမှုဆောင်မှာ လူတွေကို စိတ်ရှည်မယ်​ဆိုရင် သတင်းကောင်း ကြား​တာ​နဲ့ လက်ခံဖို့ မျှော်လင့်​မှာ မဟုတ်ဘူး။ အချိန်အတော်ကြာ ကျမ်းစာနဲ့ ကျိုးကြောင်း​ဆင်ခြင်​ဖို့ ကိုယ်ချင်းစာ​စိတ်​က လှုံ့ဆော်​ပေးပါလိမ့်မယ်။ ဥပမာ၊ မြေကြီး ပရဒိသုမှာ ရမယ့် ထာဝရ​အသက် မျှော်လင့်ချက်​အကြောင်း နားလည်အောင် ဘယ်လို ကူညီ​နိုင်မလဲ​ဆိုတာ စဉ်းစား​ကြည့်ပါ။ အဲဒီ​သွန်သင်ချက်ကို လူ​အတော်များများ မသိကြဘူး။ သေခြင်းဟာ လမ်းဆုံး​ပဲ၊ လူကောင်း​မှန်သမျှ ကောင်းကင် တက်မယ်​ဆိုတဲ့ ယုံကြည်ချက် ရှိနေ​နိုင်တယ်။ သူတို့ကို ဘယ်လို ကူညီ​နိုင်မလဲ။

၁၅ ညီအစ်ကို​တစ်ယောက်က သူ​သုံးခဲ့​တဲ့ ထိရောက်တဲ့​နည်းကို ပြောပြတယ်။ အရင်ဆုံး ကမ္ဘာဦး ၁:၂၈ ကို ဖတ်တယ်။ ပြီးတော့ ဘုရားက လူတွေကို ဘယ်​နေရာမှာ ဘယ်လို​အခြေအနေနဲ့ နေ​စေချင်တာလဲ​လို့ အိမ်ရှင်ကို မေးတယ်။ “မြေကြီး​ပေါ်မှာ ငြိမ်သက်​အေးချမ်း​တဲ့ အခြေအနေနဲ့​ပေါ့” လို့ ဖြေလေ့​ရှိတယ်။ အဲဒီနောက် ဟေရှာယ ၅၅:၁၁ ကို ဖတ်ပြီး ဘုရားရဲ့ ရည်ရွယ်ချက် ပြောင်း​သွားပြီ​လားလို့ မေးတယ်။ မ​ပြောင်း​ဘူးလို့ အိမ်ရှင် ဖြေလေ့​ရှိတယ်။ အဲဒီအခါ ဆာလံ ၃၇:၁၀၊ ၁၁ ကို ဖတ်ပြီး လူတွေရဲ့ အနာဂတ် ဘယ်လို ဖြစ်မလဲ​လို့ မေးတယ်။ ဒီလို ကျိုးကြောင်း​ဆင်ခြင်​နည်း​က မြေကြီး ပရဒိသုမှာ ထာဝစဉ် အသက်ရှင်ဖို့ ဘုရား အလိုရှိ​ဆဲ​ဖြစ်ကြောင်း လူတွေကို နားလည်စေ​တယ်။

အားပေးစာ ရေးခြင်းစတဲ့ ကြင်နာတဲ့လုပ်ရပ်လေးက ရလဒ်ကောင်းများစွာ ရစေနိုင် (အပိုဒ် ၁၆-၁၇ ကိုကြည့်ပါ)

၁၆-၁၇။ ကိုယ်ချင်းစာ​စိတ် ပြ​နိုင်တဲ့ ဘယ်​လက်တွေ့ကျ နည်း​တချို့ကို ပညာအလိမ္မာ ၃:၂၇ မှာ ဖော်ပြ​ထားသလဲ။ ဥပမာ​ပေးပါ။

၁၆ စတုတ္ထ၊ ထောက်ထား​စာနာမှု​ပြ​နိုင်တဲ့ လက်တွေ့ကျ​နည်းတွေကို စဉ်းစားပါ။ ဥပမာ၊ အိမ်ရှင် အဆင်မပြေ​တဲ့ အချိန်မှာ သွား​မိ​သလား။ တောင်းပန်​ပြီး အဆင်ပြေ​တဲ့ အချိန်​မှ ပြန်လာမယ်လို့ ပြောပါ။ အိမ်ရှင်ကို တစ်ခုခု ကူညီ​ပေးဖို့ လို​နေ​သလား။ အိမ်ပြင် မ​ထွက်​နိုင်​လို့ အပြင်​သွားပြီး တစ်ခုခု​လုပ်ပေးမယ့်​သူ လို​နေ​သလား။ အဲဒီလို​ဆိုရင် ကူညီ​ပေးလိုက်ပါ။ပညာအလိမ္မာ ၃:၂၇ ကိုဖတ်ပါ။

၁၇ ကြင်နာမှု​ပါတဲ့ လုပ်ရပ်​လေး​ကြောင့် ညီအစ်မ​တစ်ယောက် ရလဒ်ကောင်းတွေ ရခဲ့တယ်။ ကလေး​ဆုံးသွားတဲ့ မိသားစုကို ကိုယ်ချင်းစာ​လို့ အားပေးစာ​တစ်စောင် ရေးတယ်။ နှစ်သိမ့်မှု ဖြစ်စေတဲ့ ကျမ်းချက်​တချို့ ထည့်​ရေးတယ်။ မိသားစု ဘယ်လို တုံ့ပြန်​သလဲ။ မိခင်​ဖြစ်သူ​က “မနေ့က ကျွန်မ အတော်​စိတ်​ဆင်းရဲ​နေတာ။ ရှင့်ရဲ့​စာ​ကြောင့် အား​ရှိသွား​တယ်။ ကျေးဇူးတင်​လိုက်တာ။ အဲဒီ​စာ​ကို မ​နေ့​က အ​ခေါက် ၂၀ လောက် ဖတ်​ဖြစ်တယ်။ ကြင်နာ​ပြီး နှစ်သိမ့်မှု ဖြစ်စေတဲ့ စကားတွေ​အတွက် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်” လို့ ရေးတယ်။ ဒုက္ခရောက်​နေ​သူတွေရဲ့ နေရာမှာ ဝင်​ခံစားပေး​ပြီး ကူညီပေးခြင်း​အားဖြင့် ရလဒ်ကောင်းတွေ ရနိုင်တယ်။

ကိုယ့်​အပိုင်းကို မျှမျှတတ ရှုမြင်ပါ

၁၈။ ၁ ကောရိန္သု ၃:၆၊ ၇ အရ အမှုဆောင်​လုပ်ငန်းမှာ ဘယ်​မျှတတဲ့ ရှုမြင်ပုံ ရှိ​သင့်သလဲ။

၁၈ အမှုဆောင်​လုပ်ငန်းမှာ ကိုယ့်​အပိုင်းကို မျှမျှတတ ရှုမြင်ပါ။ ဘုရား​အကြောင်း သိလာအောင် တခြား​သူတွေကို ကူညီ​နေပေမဲ့ ကိုယ့်​အပိုင်း​က အရေးကြီးဆုံး မဟုတ်ဘူး။ (၁ ကောရိန္သု ၃:၆၊ ၇ ကိုဖတ်ပါ။) လူတွေကို ဆွဲဆောင်​သူဟာ ယေဟောဝါပါ။ (ယော. ၆:၄၄) တစ်ဦးစီဟာ စိတ်ထဲ​ရှိတဲ့​အတိုင်း သတင်းကောင်းကို တုံ့ပြန်​ကြပါလိမ့်မယ်။ (မ. ၁၃:၄-၈) အသက်​ရှင်ခဲ့သမျှမှာ အကြီးမြတ်ဆုံး​ဆရာ​ဖြစ်တဲ့ ယေရှု ဟော​တာ​ကိုတောင် လူအများစု လက်မခံ​ခဲ့​ကြောင်း သတိရပါ။ ဒါကြောင့် ကျွန်တော်တို့​ဟောတဲ့​သတင်းကို လူတွေ လက်မခံ​တဲ့အခါ စိတ်မပျက်​သင့်​ဘူး။

၁၉။ အမှုဆောင်​လုပ်ငန်းမှာ ကိုယ်ချင်းစာ​ကြောင်း ပြ​ရင် ဘာ​အကျိုး​တွေ ခံစား​ရမလဲ။

၁၉ အမှုဆောင်​လုပ်ငန်းမှာ ကိုယ်ချင်းစာ​ကြောင်း ပြ​တဲ့အခါ အကျိုး​ခံစား​ရပါလိမ့်မယ်။ ဟောပြောခြင်း​လုပ်ငန်းမှာ ပို​ပျော်​လာမယ်။ ပေးကမ်းခြင်း​ကြောင့် ပျော်ရွှင်မှု ခံစားရ​မယ်။ “ထာဝရ​အသက်​ရဖို့ စိတ်ရင်းမှန်နဲ့ ကြိုးစားတဲ့​သူတွေ” သတင်းကောင်း လက်ခံရ​လွယ်​အောင် ကျွန်တော်တို့ ကူညီပေး​ရာ​လည်း ရောက်တယ်။ (တ. ၁၃:၄၈) “ဒါကြောင့် အခွင့်အရေး​ရသရွေ့ လူတိုင်းကို ကောင်းမှုပြု​ကြစို့။” (ဂ​လ. ၆:၁၀) ဒါဆိုရင် ကောင်းကင်ဖခင် ယေဟောဝါကို ဘုန်းထင်ရှား​စေနိုင်​လို့ ကျွန်တော်တို့ ပျော်ရွှင်​ကြပါလိမ့်မယ်။—မ. ၅:၁၆

သီချင်း ၆၄ ရိတ်သိမ်းခြင်း​မှာ ပျော်ရွှင်စွာ

^ အပိုဒ်၊ 5 ကိုယ်ချင်းစာ​ကြောင်း တင်ပြတဲ့​အခါ ပို​ပျော်​လာပြီး အမှုဆောင်မှာ ရလဒ်ကောင်းတွေ ပို​ရလာ​နိုင်တယ်။ ဘာကြောင့်လဲ။ ယေရှုရဲ့ ပုံသက်သေ​ကနေ ဘာ​သင်ယူ​နိုင်ကြောင်း၊ အမှုဆောင်​လုပ်ငန်းမှာ ကိုယ်ချင်းစာ​စိတ် ပြ​နိုင်တဲ့ နည်းလေး​နည်းအကြောင်း ဒီ​ဆောင်းပါး​မှာ သုံးသပ်ကြ​ပါ​မယ်။

^ အပိုဒ်၊ 5 စကားလုံး ရှင်းလင်းချက်– သနားစိတ်​ဆိုတာ ဒုက္ခရောက်​နေ​သူ၊ ကြမ်းတမ်း​စွာ ဆက်ဆံ​ခံရသူတွေကို ကိုယ်ချင်းစာ​ခြင်း ဖြစ်တယ်။ အဲဒီ​ခံစားချက်​က သူတို့ကို အတတ်နိုင်ဆုံး ကူညီဖို့ လှုံ့ဆော်​ပေးတယ်။

^ အပိုဒ်၊ 8 ၂၀၁၄၊ မေ ၁၅ ရက်ထုတ် ကင်းမျှော်စင် မှာပါတဲ့ “အမှုဆောင်​လုပ်ငန်းမှာ ရွှေ​ပညတ်ကို လိုက်နာပါ” ဆောင်းပါးကို ကြည့်ပါ။