မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာရန် ဆောင်းပါး ၁၀

နှစ်ခြင်းခံဖို့ ဘာက တားဆီးနေသလဲ

နှစ်ခြင်းခံဖို့ ဘာက တားဆီးနေသလဲ

“နှစ်ယောက်​သား ရေ​ထဲ​ဆင်း​ပြီး ဖိလိပ္ပု​က [မိန်းမစိုး]ကို နှစ်ခြင်း​ပေးတယ်။” —တ. ၈:၃၈

သီချင်း ၅၂ ခရစ်ယာန် ဆက်ကပ်​အပ်နှံခြင်း

အကြို​သုံးသပ်ချက် *

၁။ အာဒံနဲ့ ဧဝ ဘာတွေ ဆုံးရှုံး​ခဲ့သလဲ။ ဘာ​ရလဒ် ရသလဲ။

အကောင်းအဆိုး စံနှုန်းတွေကို ဘယ်သူ ချမှတ်​သင့်တယ်လို့ သင် ထင်သလဲ။ အကောင်းအဆိုး သိကျွမ်းရာ အပင်ရဲ့ အသီးကို အာဒံနဲ့ ဧဝ စားတာ​က ယေဟောဝါနဲ့ ဘုရားရဲ့ စံနှုန်းတွေကို မယုံကြည်​ကြောင်း ဖော်ပြ​လိုက်တာပဲ။ အကောင်းအဆိုး စံနှုန်းကို ကိုယ်တိုင်​ချမှတ်​ဖို့ သူတို့ ရွေးချယ်​လိုက်တယ်။ (က. ၃:၂၂) ဒါကြောင့် ယေဟောဝါနဲ့ ဆက်ဆံရေး၊ ထာဝစဉ် အသက်ရှင်ခွင့် ဆုံးရှုံး​ခဲ့​ရတယ်။ သားသမီးတွေကို အပြစ်နဲ့ သေခြင်း​နွံ​ထဲ ကျရောက်​စေခဲ့တယ်။ (ရော. ၅:၁၂) အာဒံနဲ့ ဧဝရဲ့ ရွေးချယ်မှုက အဖြစ်ဆိုးတွေပဲ ကြုံ​စေတယ်။

အီသီယိုးပီးယားအမတ်ဟာ ယေရှုကို လက်ခံပြီး ချက်ချင်း နှစ်ခြင်းခံ (အပိုဒ် ၂-၃ ကိုကြည့်ပါ)

၂-၃။ (က) ဖိလိပ္ပု ဟောတဲ့​အခါ အီသီယိုးပီးယား​အမတ် ဘယ်လို တုံ့ပြန်​သလဲ။ (ခ) နှစ်ခြင်းခံ​ရင် ဘာ​ကောင်းချီးတွေ ရမလဲ။ ဘယ်မေးခွန်းတွေကို သုံးသပ်ကြ​မလဲ။

အာဒံ၊ ဧဝရဲ့ တုံ့ပြန်ပုံကို အီသီယိုးပီးယား​အမတ်ရဲ့ တုံ့ပြန်ပုံ​နဲ့ နှိုင်းယှဉ်​ကြည့်ပါ။ အီသီယိုးပီးယား​အမတ်ဟာ ဖိလိပ္ပု ဟောတဲ့​အခါ ယေဟောဝါနဲ့ ယေရှု လုပ်ပေးခဲ့​ရာတွေကို ကျေးဇူးတင်​လွန်း​လို့ ချက်ချင်း နှစ်ခြင်းခံ​လိုက်တယ်။ (တ. ၈:၃၄-၃၈) ကျွန်တော်တို့လည်း ဆက်ကပ်​အပ်နှံ​ပြီး နှစ်ခြင်းခံတဲ့​အခါ ယေဟောဝါနဲ့ ယေရှု လုပ်ပေးခဲ့​ရာတွေကို ကျေးဇူးတင်ကြောင်း ဖော်ပြ​ကြတယ်။ ယေဟောဝါကို ယုံကြည်​ကိုးစား​ကြောင်း၊ ဘုရားရဲ့ အကောင်းအဆိုး စံနှုန်း ချမှတ်​ပိုင်ခွင့်​ကို အသိအမှတ်ပြု​ကြောင်း ဖော်ပြ​ကြတယ်။

ယေဟောဝါကို ဝတ်ပြုလို့ ရရှိတဲ့ ကောင်းချီးတွေကို စဉ်းစား​ကြည့်ပါ။ ထာဝစဉ် အသက်ရှင်ခွင့် အပါအဝင် အာဒံနဲ့ ဧဝ ဆုံးရှုံး​ခဲ့​တာ အားလုံးကို ပြန်ရနိုင်​မယ့် အလားအလာ ရှိ​ထား​ကြတယ်။ ယေရှု​ခရစ်ကို ယုံကြည်ခြင်း​ကြောင့် အပြစ်တွေ ခွင့်လွှတ်​ခံရပြီး ကြည်လင်​တဲ့ အမှားအမှန်​သိစိတ် ရရှိ​ကြတယ်။ (မ. ၂၀:၂၈။ တ. ၁၀:၄၃) ယေဟောဝါရဲ့ မျက်နှာသာ​ရ မိသားစုဝင် ဖြစ်ခွင့်၊ တောက်ပတဲ့ အနာဂတ် ပိုင်ဆိုင်ခွင့် ရ​ကြတယ်။ (ယော. ၁၀:၁၄-၁၆။ ရော. ၈:၂၀၊ ၂၁) ဒါတောင် ယေဟောဝါကို သိလာ​သူတချို့​ဟာ အီသီယိုးပီးယား​အမတ်ရဲ့ ပုံသက်သေကို လိုက်​ဖို့ တွန့်ဆုတ်​နေကြ​တယ်။ နှစ်ခြင်း​ခံဖို့ ဘာက တားဆီး​နေသလဲ။ အဲဒီ​အတားအဆီး​တွေကို ဘယ်လို ကျော်လွှား​နိုင်သလဲ။

နှစ်ခြင်း​ခံဖို့ အတားအဆီး​တချို့

နှစ်ခြင်းမခံခင် တချို့ ကြုံရတဲ့ အတားအဆီးများ

ယုံကြည်စိတ်ချမှု မရှိခြင်း (အပိုဒ် ၄-၅ ကိုကြည့်ပါ) *

၄-၅။ အေ​ဗ​ရီ​နဲ့ ဟဲနာ​တို့ ဘယ်​အတားအဆီး​တွေ ကြုံရသလဲ။

ယုံကြည်​စိတ်ချမှု မရှိခြင်း။ အေဗရီရဲ့ မိဘတွေဟာ ယေဟောဝါသက်သေတွေ ဖြစ်တယ်။ အဖေက သိပ်​တော်​တဲ့ ဖခင်​နဲ့ အကြီးအကဲ။ ဒါတောင် နှစ်ခြင်း​ခံဖို့ အေဗရီ တွန့်ဆုတ်​နေတယ်။ ဘာကြောင့်လဲ။ “အဖေ့​ခြေရာ​ကို မီမှာ မဟုတ်ဘူး” လို့ သူပြောတယ်။ အနာဂတ်မှာ ရမယ့် တာဝန်တွေကို လုပ်နိုင်မှာ မဟုတ်ဘူးလို့ ထင်ပြီး ယုံကြည်​စိတ်ချမှု မရှိ ဖြစ်နေတယ်။ “လူထုရှေ့ ဆုတောင်းဖို့၊ ဟောပြောချက် ပေးဖို့၊ အမှုဆောင် အုပ်စု​ကို ဦးဆောင်ဖို့ စိုးရိမ်​နေတယ်” လို့ သူပြောတယ်။

အသက် ၁၈ နှစ်အရွယ် ဟဲနာ​လည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်​စိတ်ချမှု လုံးဝ မရှိဘူး။ ယေဟောဝါကို ကိုးကွယ်တဲ့ မိဘတွေ လက်အောက်မှာ ကြီးပြင်း​လာပေမဲ့ ယေဟောဝါရဲ့ စံနှုန်းတွေ​အတိုင်း မလိုက်​နိုင်ဘူး​လို့ ထင်နေတယ်။ ဘာကြောင့်လဲ။ သူ့မှာ သိမ်ငယ်စိတ် သိပ်​များနေ​တယ်။ စိတ်ဓာတ်​ကျတဲ့​အခါ​တွေ​မှာ ကိုယ့်ကိုယ်ကိုယ် အနာတရ​ဖြစ်အောင် လုပ်တယ်။ “အဲဒီ​အကြောင်း မိဘတွေကိုတောင် မပြောဘူး။ အဲဒီ​အကျင့်​ကြောင့် ကျွန်မကို ယေဟောဝါ ဘယ်တော့မှ လက်ခံ​မှာ မဟုတ်ဘူးလို့ ထင်မိတယ်” ဆိုပြီး ပြောတယ်။

မိတ်ဆွေတွေရဲ့ ဩဇာလွှမ်းမိုးမှု (အပိုဒ် ၆ ကိုကြည့်ပါ) *

၆။ နှစ်ခြင်း​ခံဖို့ ဗန်​နက်​ဆာ ဘာကြောင့် တွန့်ဆုတ်​နေတာလဲ။

မိတ်ဆွေ​တွေရဲ့ ဩဇာ​လွှမ်းမိုးမှု။ အသက် ၂၂ နှစ်အရွယ် ဗန်​နက်​ဆာ​က “ကျွန်မ​မှာ ဆယ်နှစ်​နီးပါး ခင်​ခဲ့​ရတဲ့ သူငယ်ချင်း​ကောင်း​တစ်ယောက် ရှိတယ်” လို့ ပြောတယ်။ ဒါပေမဲ့ ဗန်​နက်​ဆာ​ရဲ့ ယုံကြည်ခြင်းကို စိတ်မဝင်စား​သလို နှစ်ခြင်းခံ​မှာ​ကိုလည်း အားမပေး​လို့ စိတ်မကောင်း​ဖြစ်မိ​တယ်။ “ကျွန်မ​မှာ သူငယ်ချင်း သိပ်​မရှိဘူး။ ဒီ​တစ်ယောက်ကို ဆုံးရှုံးသွား​ရင် နောက်​တစ်ယောက် ပြန်​မရမှာ စိုးရိမ်​မိတယ်” လို့ ဗန်​နက်​ဆာ ပြောတယ်။

အမှားလုပ်မိမှာ စိုးရိမ်ခြင်း (အပိုဒ် ၇ ကိုကြည့်ပါ) *

၇။ မာ​ကေလာ ဘာကို စိုးရိမ်​သလဲ။ ဘာကြောင့်လဲ။

အမှား​လုပ်မိ​မှာ စိုးရိမ်ခြင်း။ မာ​ကေလာ ငါးနှစ်​အရွယ်မှာ အစ်ကို​ဖြစ်သူ နှင်ထုတ်​ခံရတယ်။ အစ်ကို့​လုပ်ရပ်​ကြောင့် မိဘတွေ စိတ်​ဆင်းရဲ​တာ​ကို မြင်ခဲ့​ရတယ်။ “ကျွန်မ​လည်း နှစ်ခြင်းခံ​ပြီး အမှား​လုပ်မိ​လို့ နှင်ထုတ်​ခံရ​ရင် မိဘတွေ ပို​စိတ်​ဆင်းရဲ​မှာ​ကို စိုးရိမ်​မိတယ်” လို့ သူပြောတယ်။

ဆန့်ကျင်မှု ကြုံရမှာ စိုးရိမ်ခြင်း (အပိုဒ် ၈ ကိုကြည့်ပါ) *

၈။ မိုင်းလ် ဘာကို စိုးရိမ်​ခဲ့သလဲ။

ဆန့်ကျင်မှု ကြုံရမှာ စိုးရိမ်ခြင်း။ မိုင်းလ်ရဲ့ အဖေနဲ့ မိထွေး​ဟာ သက်သေခံတွေ ဖြစ်ပေမဲ့ အမေကတော့ မဟုတ်ဘူး။ “၁၈ နှစ်လုံး အမေနဲ့ နေခဲ့တယ်။ နှစ်ခြင်းခံ​ချင်တယ်​လို့ အမေ့ကို မပြောရဲဘူး။ အဖေ သက်သေခံ ဖြစ်တုန်း​က အမေ စိတ်ဆိုးတာ မြင်ခဲ့​ရလို့ ကျွန်တော့်ကိုလည်း စိတ်ဆိုး​မှာ ကြောက်တယ်” လို့​ပြောတယ်။

အတားအဆီး​တွေကို ကျော်လွှား​နိုင်ပုံ

၉။ ယေဟောဝါရဲ့ မေတ္တာနဲ့ စိတ်ရှည်မှု​အကြောင်း သိတဲ့​အခါ ဘာ​ဖြစ်လာမလဲ။

အာဒံနဲ့ ဧဝဟာ ယေဟောဝါကို နှစ်နှစ်ကာကာ မချစ်တဲ့​အတွက် ဘုရားကို ဝတ်​မပြုဖို့ ရွေးချယ်​ကြတယ်။ ဒါတောင် သားသမီးတွေ မွေး​ဖို့၊ ကိုယ့်​စံနှုန်း​အတိုင်း ပြုစု​ပျိုးထောင်​ဖို့ ယေဟောဝါ ခွင့်ပြုခဲ့တယ်။ ယေဟောဝါကို မ​မှီခို​ဖို့ အာဒံနဲ့ ဧဝ ဆုံးဖြတ်တာဟာ သိပ်​မိုက်မဲ​ကြောင်း မကြာခင် ထင်ရှား​လာတယ်။ သားကြီး​က အပြစ်မဲ့တဲ့ ညီဖြစ်သူ​ကို သတ်​လိုက်တယ်။ နောက်ပိုင်း အကြမ်းဖက်မှုနဲ့ တစ်ကိုယ်ကောင်းဆန်​မှု ပျံ့နှံ့​လာတယ်။ (က. ၄:၈။ ၆:၁၁-၁၃) ဒါပေမဲ့ အာဒံ၊ ဧဝရဲ့ သားသမီးတွေ​ထဲ​က မိမိကို ဝတ်ပြု​ချင်​သူ​အားလုံးကို ကယ်တင်ဖို့ ဘုရားမှာ နည်းလမ်း ရှိတယ်။ (ယော. ၆:၃၈-၄၀၊ ၅၇၊ ၅၈) ယေဟောဝါ ဘယ်လောက် စိတ်ရှည်​ပြီး မေတ္တာပြည့်​ဝ​မှန်း သိလာတဲ့​အခါ ဘုရားကို သင် ပို​ချစ်​လာပါလိမ့်မယ်။ အာဒံနဲ့ ဧဝ ရွေးချယ်​တဲ့ လမ်းစဉ်​ကို ငြင်းပယ်​ပြီး ယေဟောဝါ​ဆီ ဆက်ကပ်​အပ်နှံ​ချင်စိတ် ပေါ်လာ​ပါလိမ့်မယ်။

အဲဒီအတားအဆီးတွေကို ကျော်လွှားနိုင်ပုံ

(အပိုဒ် ၉-၁၀ ကိုကြည့်ပါ) *

၁၀။ ဆာလံ ၁၉:၇ ကို တွေးတောခြင်းက ယေဟောဝါကို ဝတ်ပြုဖို့ ဘာကြောင့် ကူညီ​ပေးနိုင်​သလဲ။

၁၀ ယေဟောဝါ​အကြောင်း ဆက်သင်​ယူပါ။ ယေဟောဝါ​ဘုရား​အကြောင်း သိ​လေ ဘုရားကို ယုံကြည်​စိတ်ချ​စွာ ကိုးကွယ်​နိုင်​လေ ဖြစ်ပါလိမ့်မယ်။ “ဆာလံ ၁၉:၇ (ဖတ်ပါ) မှာပါတဲ့ ကတိ​ကို ဖတ်ပြီး တွေးတော​တဲ့အခါ ယုံကြည်​စိတ်ချမှု ရှိလာ​တယ်” လို့ အစောပိုင်းမှာ ဖော်ပြတဲ့ အေ​ဗ​ရီ ပြောတယ်။ အဲဒီ​ကတိ​ကို ယေဟောဝါ ဘယ်လို ပြည့်စုံ​စေ​ကြောင်း သိလာတဲ့​အခါ ဘုရားကို ပို​ချစ်​လာတယ်။ အဲဒီ​မေတ္တာက ယုံကြည်​စိတ်ချမှု တိုးများ​စေ​ရုံ​သာမက ယေဟောဝါနဲ့ ဘုရား​အလိုတော်ကို ပို​အာရုံစိုက်​စေတယ်။ အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ ဟဲနာက “ကိုယ့်ကိုယ်ကိုယ် အနာတရ​ဖြစ်အောင် လုပ်ရင် ယေဟောဝါလည်း နာကျင်​ခံစားရ​မှန်း ကျမ်းစာ ဖတ်ရှု လေ့လာတဲ့​အခါ သိလာတယ်” လို့ ပြောတယ်။ (၁ ပေ. ၅:၇) ဟဲနာ​ဟာ “တရား​စကားတော်ကို လက်တွေ့​ကျင့်သုံး​သူ” ဖြစ်လာတယ်။ (ယာ. ၁:၂၂) ဘာ​ရလဒ် ရသလဲ။ “ယေဟောဝါကို နာခံ​တာ အကျိုးရှိ​မှန်း သိလာတဲ့​အခါ ဘုရားကို ပို​ချစ်​လာတယ်။ အကူအညီ လိုအပ်​တိုင်း အမြဲ ကူညီမယ်​ဆိုတာ စိတ်ချ​လာတယ်” လို့ သူပြောတယ်။ ကိုယ့်ကိုယ်ကိုယ် အနာတရ​ဖြစ်အောင် လုပ်ချင်စိတ်​ကို ကျော်လွှား​နိုင်ပြီး ယေဟောဝါ​ဆီ ဆက်ကပ်​အပ်နှံ၊ နှစ်ခြင်းခံခဲ့တယ်။

(အပိုဒ် ၁၁ ကိုကြည့်ပါ) *

၁၁။ မိတ်ဆွေကောင်း ရဖို့ ဗန်​နက်​ဆာ ဘာလုပ်ခဲ့သလဲ။ ဘာသင်ယူနိုင်သလဲ။

၁၁ မိတ်ဆွေတွေကို ပညာရှိ​စွာ ရွေးချယ်ပါ။ ယေဟောဝါကို ဝတ်ပြုဖို့ သူငယ်ချင်း​က အတားအဆီး​ဖြစ်နေမှန်း အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ ဗန်​နက်​ဆာ သိလာတယ်။ ဒါကြောင့် အဆက်အသွယ် ဖြတ်လိုက်​ပြီး အသင်းတော်ထဲမှာ မိတ်ဆွေသစ်​တွေ ကြိုးစား​ရှာဖွေတယ်။ နောဧနဲ့ မိသားစုရဲ့ ပုံသက်သေ​က သူ့ကို ကူညီ​ပေးတယ်။ “သူတို့ဟာ ယေဟောဝါကို မချစ်တဲ့​သူတွေ ဝန်းကျင်​မှာ မိသားစုဝင် အချင်းချင်း မိတ်ဆွေကောင်းတွေဖြစ်ခဲ့တယ်” လို့ သူပြောတယ်။ နှစ်ခြင်းခံ​ပြီးနောက် ရှေ့ဆောင်​လုပ်တယ်။ “ရှေ့ဆောင်​လုပ်လို့ ကိုယ့်​အသင်းတော်မှာ​သာမက တခြား​အသင်းတော်​တွေ​မှာလည်း မိတ်ဆွေကောင်း​တွေ ရလာတယ်” လို့ သူပြောတယ်။ သင်လည်း ယေဟောဝါ ပေးအပ်​ထားတဲ့ လုပ်ငန်းမှာ အတတ်နိုင်ဆုံး ပါဝင်ခြင်း​အားဖြင့် မိတ်ဆွေကောင်း​တွေ ရနိုင်ပါတယ်။—မ. ၂၄:၁၄

(အပိုဒ် ၁၂-၁၅ ကိုကြည့်ပါ) *

၁၂။ အာဒံနဲ့ ဧဝ ဘာကို မစိုးရိမ်​ခဲ့ကြသလဲ။ ဘာ​ရလဒ် ရသလဲ။

၁၂ စိုးရိမ်မှုကို သူ့​နေရာ​နဲ့​သူ ရှိစေပါ။ စိုးရိမ်မှု​တချို့ဟာ ကောင်းပါတယ်။ ဥပမာ၊ ယေဟောဝါရဲ့ နှစ်သက်မှု မရမှာ​ကို စိုးရိမ်​သင့်တယ်။ (ဆာ. ၁၁၁:၁၀) အာဒံနဲ့ ဧဝ​မှာ​သာ အဲဒီလို စိုးရိမ်မှု​မျိုး ရှိခဲ့ရင် ယေဟောဝါကို ပုန်ကန်​မှာ မဟုတ်ဘူး။ ဒါပေမဲ့ ပုန်ကန်​ခဲ့​ကြတယ်။ ပုန်ကန်​ပြီးနောက် အပြစ်သား​ဖြစ်မှန်း သိလာတယ်၊ တစ်နည်းအားဖြင့် မျက်စိပွင့်​လာတယ်။ ဒါကြောင့် အဝတ်​မဲ့တဲ့ အခြေအနေကို သိမြင်ပြီး ရှက်လို့ အဝတ်​ဝတ်​ခဲ့​ကြတယ်။ (က. ၃:၇၊ ၂၁) သားသမီးတွေကို အပြစ်နဲ့ သေခြင်း​ပဲ လက်ဆင့်ကမ်း​ပေးခဲ့တယ်။

၁၃-၁၄။ (က) ၁ ပေတရု ၃:၂၁ အရ သေ​ရမှာ​ကို ဘာကြောင့် အလွန် မစိုးရိမ်​သင့်သလဲ။ (ခ) ယေဟောဝါကို ချစ်​ဖို့ ဘာ​အကြောင်းရင်း​တွေ ရှိသလဲ။

၁၃ ယေဟောဝါရဲ့ နှစ်သက်မှု မရမှာ​ကို စိုးရိမ်​သင့်​ပေမဲ့ သေ​ရမှာ​ကို အလွန်အကျွံ မစိုးရိမ်​သင့်​ဘူး။ ထာဝရ​အသက် ရဖို့ ယေဟောဝါ လမ်းဖွင့်​ပေးထားတယ်။ အပြစ်​လုပ်မိတဲ့​အခါ စစ်မှန်တဲ့ နောင်တ​ယူမယ်​ဆိုရင် ခွင့်လွှတ်​ခံရ​ပါလိမ့်မယ်။ သားတော်ရဲ့ ရွေးဖိုး​အပေါ် ကျွန်တော်တို့ရဲ့ ယုံကြည်မှုကို အခြေခံပြီး ခွင့်လွှတ်​ပါလိမ့်မယ်။ ယုံကြည်​ကြောင်း ပြ​နိုင်တဲ့ အကောင်းဆုံးနည်း​ကတော့ ဘုရားဆီ ဆက်ကပ်​အပ်နှံ​ပြီး နှစ်ခြင်းခံခြင်း​ပါပဲ။၁ ပေတရု ၃:၂၁ ကိုဖတ်ပါ။

၁၄ ယေဟောဝါကို ချစ်​ဖို့ အကြောင်းရင်း​များစွာ ရှိပါတယ်။ နေ့တိုင်း ကောင်းမွန်​ရာတွေ ပေးထား​ရုံ​သာမက မိမိ​အကြောင်း၊ ရည်ရွယ်ချက်​အကြောင်း အမှန်တရားကိုလည်း သင်ပေးတယ်။ (ယော. ၈:၃၁၊ ၃၂) ခရစ်ယာန် အသင်းတော်က​တစ်ဆင့် လမ်းညွှန်​ထောက်မ​ပေးတယ်။ လက်ရှိ ပြဿနာတွေကို ဖြေရှင်းဖို့ ကူညီပေး​သလို အနာဂတ်မှာ ထာဝရ​အသက်​ရမယ့် မျှော်လင့်ချက်ကို​လည်း ပေးထားတယ်။ (ဆာ. ၆၈:၁၉။ ဗျာ. ၂၁:၃၊ ၄) ယေဟောဝါ မေတ္တာပါပါ လုပ်ပေး​ထားတာတွေကို တွေးတော​တဲ့အခါ ဘုရားကို ကျွန်တော်တို့ ပို​ချစ်​လာတယ်။ ဘုရားကို ချစ်တဲ့​အတွက် စိုးရိမ်မှုကို သူ့​နေရာ​နဲ့​သူ ထား​တတ်လာတယ်။ ကျွန်တော်တို့ကို သိပ်​ချစ်တဲ့ ဘုရားသခင် စိတ်ထိခိုက်​မှာ​ကို စိုးရိမ်​ကြတယ်။

၁၅။ အမှား​လုပ်မိ​မှာ စိုးရိမ်​တဲ့​စိတ်​ကို မာ​ကေလာ ဘယ်လို ကျော်လွှား​နိုင်​ခဲ့သလဲ။

၁၅ အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ မာ​ကေလာ​ဟာ ယေဟောဝါရဲ့ ခွင့်လွှတ်မှု​အကြောင်း နားလည်​လာတဲ့အခါ အမှား​လုပ်မိ​မှာ စိုးရိမ်​တဲ့​စိတ်​ကို ကျော်လွှား​နိုင်ခဲ့တယ်။ “လူ​အားလုံးဟာ မစုံလင်​လို့ အမှား​လုပ်မိ​မှာ​ပဲ။ ဒါပေမဲ့ ကျွန်မတို့ကို ယေဟောဝါ ချစ်ကြောင်း၊ ရွေးဖိုး​ကို အခြေခံပြီး ခွင့်လွှတ်​ကြောင်း သိလာတယ်။” ယေဟောဝါကို ချစ်တဲ့ မေတ္တာက ဆက်ကပ်​အပ်နှံ၊ နှစ်ခြင်း​ခံဖို့ သူ့ကို လှုံ့ဆော်​ပေးတယ်။

(အပိုဒ် ၁၆ ကိုကြည့်ပါ) *

၁၆။ ဆန့်ကျင်မှု ကြုံရမှာ စိုးရိမ်​တဲ့​စိတ်​ကို ကျော်လွှား​ဖို့ မိုင်းလ် ဘယ်လို အကူအညီ ရသလဲ။

၁၆ နှစ်ခြင်းခံမယ့် ဆုံးဖြတ်ချက်ကို အမေ ဆန့်ကျင်​မှာ စိုးရိမ်​တဲ့ မိုင်းလ်ဟာ တိုက်နယ်ကြီးကြပ်မှူး​ဆီ အကူအညီ တောင်းခဲ့တယ်။ “အဲဒီ​ညီအစ်ကို​လည်း ဘာသာ​မတူတဲ့ အိမ်ထောင်မှာ ကြီးပြင်းလာ​သူပါ။ ဒါကြောင့် ကျွန်တော် နှစ်ခြင်းခံ​တာ​ဟာ အဖေ တိုက်တွန်း​လို့ မဟုတ်ဘဲ ကိုယ်ပိုင် ဆုံးဖြတ်ချက် ဖြစ်ကြောင်း အမေ့ကို ဘယ်လို ရှင်းပြ​ရမယ်ဆိုတာ အကြံပေး​တယ်” လို့​ပြောတယ်။ မိုင်းလ်ရဲ့ ဆုံးဖြတ်ချက်ကို အမေက မကြိုက်ဘူး။ နောက်ပိုင်း မိုင်းလ်ဟာ အိမ်ကနေ တခြား​ကို ပြောင်း​သွားပြီး ဆုံးဖြတ်ချက်​အတိုင်း လုပ်ခဲ့တယ်။ “ကျွန်တော့်​အတွက် ယေဟောဝါ လုပ်​ပေးခဲ့​တာတွေကို သိလာတဲ့​အခါ စိတ်ထိမိ​သွားတယ်။ ယေရှုရဲ့ ရွေးဖိုး​အကြောင်း အသေအချာ စဉ်းစား​လေ ကျွန်တော့်ကို ယေဟောဝါ ဘယ်လောက် ချစ်​မှန်း နားလည်​လာ​လေ​ပဲ။ အဲဒါက ယေဟောဝါ​ဆီ ဆက်ကပ်​အပ်နှံ၊ နှစ်ခြင်း​ခံဖို့ လှုံ့ဆော်​ပေးတယ်” လို့ မိုင်းလ် ပြောတယ်။

ဆုံးဖြတ်ချက်​အတိုင်း လုပ်ဆောင်ပါ

ဘုရား လုပ်ပေးခဲ့ရာတွေအတွက် ကျေးဇူးတင်ကြောင်း ဖော်ပြနိုင် (အပိုဒ် ၁၇ ကိုကြည့်ပါ)

၁၇။ ကျွန်တော်တို့ ဘယ်​အခွင့်အရေး ရထား​သလဲ။

၁၇ ဧဒင်​ဥယျာဉ်မှာ ဧဝ အသီး​စား​လိုက်တာ​က ယေဟောဝါကို ငြင်းပယ်​လိုက်တာပဲ။ အာဒံလည်း ဧဝ​နဲ့ ပူးပေါင်း​ခြင်းအားဖြင့် ယေဟောဝါ လုပ်ပေးခဲ့​ရာတွေကို ကျေးဇူး​မတင်​ကြောင်း ဖော်ပြခဲ့တယ်။ အာဒံ၊ ဧဝ​နဲ့ မတူ​ကြောင်း ဖော်ပြဖို့ ကျွန်တော်တို့ အခွင့်အရေး ရထား​တယ်။ နှစ်ခြင်းခံခြင်း​အားဖြင့် ယေဟောဝါ​သာ အမှားအမှန်​စံနှုန်း ချမှတ်​ပိုင်ခွင့်​ရှိတယ်ဆိုတာ ယုံကြည်​ကြောင်း၊ ဘုရားကို ချစ်​ပြီး ယုံကြည်​ကိုးစား​ကြောင်း ဖော်ပြ​ကြတယ်။

၁၈။ ယေဟောဝါကို ဘယ်လို အောင်မြင်​စွာ ဝတ်ပြု​နိုင်သလဲ။

၁၈ နှစ်ခြင်းခံ​ပြီးနောက် ကြုံရ​နိုင်တဲ့ အခက်အခဲ​တစ်ခုကတော့ ကိုယ့်​စံနှုန်း​အတိုင်း မဟုတ်ဘဲ ယေဟောဝါရဲ့ စံနှုန်း​အတိုင်း နေ့စဉ် အသက်ရှင်ဖို့​ပါပဲ။ ဒါပေမဲ့ လူသန်းပေါင်း​များစွာ အဲဒီအတိုင်း အသက်​ရှင်​နေကြ​တယ်။ ကျမ်းစာ​အသိပညာ တိုး​အောင် လုပ်မယ်၊ ညီအစ်ကို/မ​တွေ​နဲ့ ပုံမှန် ပေါင်းသင်း​မယ်၊ ဘုရား​အကြောင်း သိလာတာတွေကို ထက်ထက်သန်သန် ဝေမျှမယ်​ဆိုရင် သင်လည်း အဲဒီလို အသက်ရှင်​နိုင်ပါတယ်။ (ဟီ. ၁၀:၂၄၊ ၂၅) ဆုံးဖြတ်ချက်တွေ ချတဲ့အခါ ကျမ်းစာနဲ့ အဖွဲ့အစည်း​က​တစ်ဆင့် ယေဟောဝါ​ပေးတဲ့ အကြံဉာဏ်​ကို လိုက်နာပါ။ (ဟေရှာ. ၃၀:၂၁) ဒါဆို လုပ်ဆောင်သမျှ အောင်မြင်​ပါလိမ့်မယ်။—ပညာ. ၁၆:၃၊ ၂၀

၁၉။ ဘာကို အမြဲ အမှတ်ရနေ​သင့်သလဲ။ ဘာကြောင့်လဲ။

၁၉ ယေဟောဝါရဲ့ လမ်းညွှန်မှု​ကနေ ဘယ်လောက် အကျိုး​ရ​ကြောင်း အမြဲ အမှတ်ရနေ​မယ်​ဆိုရင် ဘုရားနဲ့ ဘုရား​စံနှုန်းတွေကို ပို​ချစ်မြတ်နိုး​လာမယ်။ အဲဒီအခါ ယေဟောဝါကို ဆက်​ဝတ်​မပြုဖို့ စာတန် ဘယ်လိုမှ သွေးဆောင်​နိုင်မှာ မဟုတ်ဘူး။ နောက်​နှစ်ပေါင်း​တစ်ထောင် ရောက်​လို့ နောက်ကြောင်း ပြန်​ကြည့်လိုက်တဲ့​အခါ နှစ်ခြင်း​ခံဖို့ ဆုံးဖြတ်​ခဲ့​တာ​ဟာ အကောင်းဆုံး ဆုံးဖြတ်ချက် ဖြစ်တယ်လို့ သင်ခံစား​ရပါလိမ့်မယ်။

သီချင်း ၂၈ ယေဟောဝါနဲ့ မိတ်ဆွေ ဖြစ်​ခြင်း

^ အပိုဒ်၊ 5 နှစ်ခြင်းခံ​မယ်​ဆိုတဲ့ ဆုံးဖြတ်ချက်ဟာ ဘဝမှာ အရေးကြီးဆုံးပါ​ပဲ။ ဘာကြောင့် အရေးကြီး​သလဲ​ဆိုတဲ့ မေးခွန်း​ကို ဒီ​ဆောင်းပါး​မှာ အဖြေ​ပေးပါမယ်။ နှစ်ခြင်း​ခံဖို့ စဉ်းစား​နေ​သူတွေ ကြုံရမယ့် အတားအဆီး​တွေကို ကျော်လွှား​နိုင်အောင်လည်း ကူညီ​ပေးပါမယ်။

^ အပိုဒ်၊ 56 ပုံအညွှန်း– ယုံကြည်စိတ်ချမှု– လူငယ်တစ်ယောက် မှတ်ချက်ပေးရမှာ စိုးရိမ်နေ။

^ အပိုဒ်၊ 58 ပုံအညွှန်း– မိတ်ဆွေများ– မကောင်းတဲ့ အပေါင်းအသင်းနဲ့ ရှိနေချိန် သက်သေခံချင်းတွေကို တွေ့တဲ့အခါ ညီအစ်မ စိတ်ကသိကအောက် ဖြစ်နေ။

^ အပိုဒ်၊ 60 ပုံအညွှန်း– အမှားလုပ်မိခြင်း– အစ်ကို နှင်ထုတ်ခံရပြီး အိမ်က ထွက်သွားတဲ့အခါ ကိုယ်လည်း အဲဒီလိုဖြစ်မှာကို ညီအစ်မငယ်တစ်ယောက် စိုးရိမ်နေ။

^ အပိုဒ်၊ 62 ပုံအညွှန်း– ဆန့်ကျင်မှု– မယုံကြည်တဲ့ မိခင်ရှေ့မှာ ဆုတောင်းဖို့ လူငယ်တစ်ယောက် စိုးရိမ်နေ။

^ အပိုဒ်၊ 65 ပုံအညွှန်း– ယုံကြည်စိတ်ချမှု– မှတ်ချက်ပေးနိုင်ဖို့ လေ့လာမှု ပိုလုပ်နေ။

^ အပိုဒ်၊ 67 ပုံအညွှန်း– မိတ်ဆွေများ– သက်သေခံ ဖြစ်ရတာကို ညီအစ်မငယ် ဂုဏ်ယူတတ်လာ။

^ အပိုဒ်၊ 69 ပုံအညွှန်း– အမှားလုပ်မိခြင်း– ညီအစ်မငယ်ဟာ အမှန်တရားကို ကိုယ်ပိုင်ဖြစ်အောင်လုပ်ပြီး နှစ်ခြင်းခံ။

^ အပိုဒ်၊ 71 ပုံအညွှန်း– ဆန့်ကျင်မှု– လူငယ်လေးက ယုံကြည်ချက်တွေကို သတ္တိရှိရှိ ရှင်းပြနေ။