မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာရန် ဆောင်းပါး ၁၁

ယေဟောဝါရဲ့ အသံကို နားထောင်ပါ

ယေဟောဝါရဲ့ အသံကို နားထောင်ပါ

‘သူဟာ ငါ့ရဲ့​သား​ပဲ။ သူ့​စကားကို နားထောင်ကြ။’ —မ. ၁၇:၅

သီချင်း ၈၉ နားထောင်၊ နာခံ၊ ကောင်းချီး​စံ

အကြို​သုံးသပ်ချက် *

၁-၂။ (က) လူသားတွေကို ယေဟောဝါ ဘယ်လို ဆက်သွယ်​ပြောဆို​သလဲ။ (ခ) ဒီ​ဆောင်းပါး​မှာ ဘာ​အကြောင်း ဆွေးနွေးကြမလဲ။

ယေဟောဝါ​က ကျွန်တော်တို့နဲ့ ဆက်သွယ်​ပြောဆို​ရတာကို နှစ်သက်တယ်။ အရင်တုန်းက ပရောဖက်​တွေ၊ ကောင်းကင်တမန်တွေ၊ သားတော် ယေရှုကို သုံးပြီး ဆက်သွယ်​ခဲ့​တယ်။ (အာ. ၃:၇။ ဂ​လ. ၃:၁၉။ ဗျာ. ၁:၁) ဒီနေ့ ကျမ်းစာ​သုံးပြီး ကျွန်တော်တို့ကို ဆက်သွယ်တယ်။ မိမိရဲ့ အတွေး​နဲ့ နည်းလမ်းတော်​တွေ​အကြောင်း နားလည်​နိုင်ဖို့ ကျမ်းစာကို ပေးထားတယ်။

ယေရှု မြေကြီးပေါ် ရှိ​စဉ် ကောင်းကင်​ကနေ ယေဟောဝါ သုံးကြိမ် စကား​ပြောတယ်။ ယေဟောဝါ ဘာ​ပြောခဲ့​ကြောင်း၊ ယေဟောဝါရဲ့ စကား​ကနေ ဘာ​သင်ယူ​နိုင်ကြောင်း၊ ဘယ်လို အကျိုး​ရ​နိုင်ကြောင်း ဆွေးနွေး​ကြည့်ကြစို့။

‘မင်းဟာ ငါ့ရဲ့ ချစ်သားပဲ’

၃။ မာကု ၁:၉-၁၁ အရ ယေရှု နှစ်ခြင်း​ခံ​ချိန်မှာ ယေဟောဝါ ဘာ​ပြောခဲ့​သလဲ။ အဲဒီ​စကားက အရေးကြီးတဲ့ ဘယ်​အချက်တွေကို ဖော်ပြသလဲ။

ကောင်းကင်​ကနေ ဦးဆုံး​အကြိမ် ယေဟောဝါ စကား​ပြောတာကို မာကု ၁:၉-၁၁ (ဖတ်ပါ) မှာ မှတ်တမ်း​တင်ထားတယ်။ “မင်းဟာ ငါ​မြတ်နိုးတဲ့ ငါ့ရဲ့ ချစ်သားပဲ” လို့ ဘုရား ပြောတယ်။ ဖခင်ရဲ့ မေတ္တာနဲ့ ယုံကြည်​စိတ်ချမှု​ကို ကြားရတဲ့အခါ ယေရှု စိတ်ထိမိ​သွားမှာပဲ။ ယေဟောဝါရဲ့ စကားမှာ ယေရှုနဲ့​ပတ်သက်တဲ့ အရေးကြီး​အချက် သုံးချက်​ကို တွေ့နိုင်တယ်။ ပထမ၊ ယေရှုဟာ ဘုရား​သား ဖြစ်တယ်။ ဒုတိယ၊ သားတော်ကို ယေဟောဝါ ချစ်တယ်။ တတိယ၊ သားတော်ကို ယေဟောဝါ နှစ်သက်​မြတ်နိုးတယ်။ တစ်ချက်​စီ​ကို အသေးစိတ် သုံးသပ်​ကြစို့။

၄။ ယေရှု နှစ်ခြင်း​ခံ​ချိန်မှာ ဘုရားနဲ့ ဘယ်​ဆက်ဆံရေး​အသစ် ရှိလာ​သလဲ။

‘မင်းဟာ ငါ့ရဲ့​သား​ပဲ။’ အဲဒီ​စကား​အားဖြင့် ချစ်​သား ယေရှုနဲ့ ဆက်ဆံရေး​အသစ် ရှိ​လာတာကို ယေဟောဝါ ဖော်ပြတယ်။ ယေရှုဟာ နာမ်ဝိညာဉ်​ပုဂ္ဂိုလ်​အဖြစ် ကောင်းကင်မှာ​ရှိတုန်းက ဘုရားရဲ့​သား ဖြစ်ပြီး​သား​ပဲ။ ဒါပေမဲ့ နှစ်ခြင်း​ခံ​တဲ့အချိန်​မှာ သန့်ရှင်းသော စွမ်းအားတော်​နဲ့ ဘိသိက်ပေး​ခံရတဲ့​သား ဖြစ်လာတယ်။ ခန့်အပ်ခံ ဘုရင်​နဲ့ ပုရောဟိတ်မင်း​အဖြစ် ကောင်းကင်ကို ပြန်​သွားဖို့ မျှော်လင့်ချက်​ရှိလာ​တယ်။ (လု. ၁:၃၁-၃၃။ ဟီ. ၁:၈၊ ၉။ ၂:၁၇) ဒါကြောင့် ယေရှု နှစ်ခြင်း​ခံ​ချိန်မှာ ‘မင်းဟာ ငါ့ရဲ့ သား​ပဲ’ လို့ ယေဟောဝါ​ပြောတာ ဖြစ်တယ်။—လု. ၃:၂၂

ချီးမွမ်းမှုနဲ့ အားပေးမှုက ကျွန်တော်တို့ကို အားရှိစေ (အပိုဒ် ၅ ကိုကြည့်ပါ) *

၅။ မေတ္တာနဲ့ နှစ်သက်မှု ပြရာ​မှာ ယေဟောဝါရဲ့ ပုံသက်သေကို ဘယ်လို တုပ​နိုင်သလဲ။

‘မင်းဟာ ငါ့ရဲ့ ချစ်သားပဲ။’ မေတ္တာနဲ့ နှစ်သက်မှု​ကို ဖော်ပြတဲ့ ယေဟောဝါရဲ့ ပုံသက်သေ​က တခြား​သူတွေကို အားပေးဖို့ အခွင့်အရေး ရှာသင့်​ကြောင်း အမှတ်​ရစေတယ်။ (ယော. ၅:၂၀) ကိုယ်​ချစ်တဲ့​သူ​တစ်ယောက်က ကိုယ့်ကို မေတ္တာ​ပြပြီး ချီးမွမ်း​တဲ့အခါ အားတက်​လာလေ့​ရှိတယ်။ အဲဒီလိုပဲ ညီအစ်ကို/မ​တွေ၊ မိသားစုဝင်​တွေဟာ ကျွန်တော်တို့ရဲ့ မေတ္တာနဲ့ အားပေးမှု လိုအပ်တယ်။ တခြား​သူတွေကို ချီးမွမ်း​တာ​က သူတို့ရဲ့ ယုံကြည်ခြင်းနဲ့ ယေဟောဝါအပေါ် သစ္စာစောင့်သိမှုကို ခိုင်မာ​စေနိုင်တယ်။ အထူးသဖြင့် မိဘတွေဟာ သားသမီးတွေကို အားပေးဖို့ လိုတယ်။ စိတ်ရင်းမှန်နဲ့ ချီးမွမ်း​ပြီး မေတ္တာပြ​မယ်​ဆိုရင် သားသမီးတွေ ပျော်ရွှင်​အားတက်လာ​ကြပါလိမ့်မယ်။

၆။ ယေရှု​ခရစ်ကို ဘာကြောင့် ယုံကြည်​စိတ်ချ​နိုင်သလဲ။

‘မင်းဟာ ငါ​မြတ်နိုးတဲ့ သား​ပဲ။’ အလိုတော်ကို ယေရှု သစ္စာရှိ​ရှိ ထမ်းဆောင်​နိုင်မယ်​ဆိုတာ ယေဟောဝါ ယုံကြည်​စိတ်ချကြောင်း အဲဒီ​စကားတွေက ဖော်ပြတယ်။ အဲဒီလိုပဲ ကျွန်တော်တို့လည်း ယေဟောဝါရဲ့ ကတိ​အားလုံးကို ယေရှု ပြည့်စုံ​စေမယ်​ဆိုတာ အကြွင်းမဲ့ ယုံကြည်စိတ်ချ​နိုင်တယ်။ (၂ ကော. ၁:၂၀) ယေရှုရဲ့ ပုံသက်သေကို စဉ်းစား​တဲ့အခါ ယေရှု​ဆီက သင်ယူဖို့၊ ခြေရာ​ကို လိုက်လျှောက်ဖို့ စိတ်ပိုင်းဖြတ်ချက် ပို​ခိုင်မာ​လာမယ်။ ယေရှုကို ယုံကြည်​စိတ်ချ​တဲ့ ယေဟောဝါဟာ ကျွန်တော်တို့​အားလုံး သားတော်​ဆီကနေ ဆက်သင်​ယူမယ်​ဆိုတာ ယုံကြည်​စိတ်ချ​တယ်။—၁ ပေ. ၂:၂၁

“သူ့​စကားကို နားထောင်ကြ”

၇။ မဿဲ ၁၇:၁-၅ အရ ဘယ်​အချိန်မှာ ယေဟောဝါ ကောင်းကင်​ကနေ စကား​ပြောသလဲ။ ဘာ​ပြောခဲ့​သလဲ။

မဿဲ ၁၇:၁-၅ ကိုဖတ်ပါ။ ယေရှု “ကိုယ်ယောင်ပြောင်း” ချိန်မှာ ကောင်းကင်​ကနေ ယေဟောဝါ ဒုတိယ​အကြိမ် စကား​ပြောတယ်။ ယေရှု​က ပေတရု၊ ယာကုပ်၊ ယောဟန်​ကို ခေါ်ပြီး မြင့်တဲ့​တောင်ပေါ် တက်​သွားတယ်။ အဲဒီမှာ ထူးခြားတဲ့ စိတ်အာရုံ​ကို သူတို့ မြင်ရတယ်။ ယေရှုရဲ့ မျက်နှာ ထွန်းလင်း​ပြီး ဝတ်လုံ​လည်း တောက်ပ​နေတယ်။ မောရှေ​နဲ့ ဧလိယ ပေါ်လာပြီး မကြာခင် ယေရှု သေဆုံးမယ့်​အကြောင်း၊ ပြန်ထ​မြောက်​လာမယ့်​အကြောင်း ပြောဆို​ကြတယ်။ တမန်တော်​သုံးယောက် “အိပ်ပျော်​နေ” ပေမဲ့ နိုးလာတဲ့​အခါ အဲဒီ​စိတ်အာရုံ​ကို မြင်ရတယ်။ (လု. ၉:၂၉-၃၂) အဲဒီနောက် သူတို့ကို တိမ်​တိုက် လွှမ်းခြုံ​သွားပြီး တိမ်​တိုက်​ထဲ​က ဘုရားရဲ့ စကားသံ​ကို ကြားရတယ်။ ယေရှု နှစ်ခြင်းခံချိန်​တုန်း​ကလို​ပဲ “သူဟာ ငါ​မြတ်နိုးတဲ့ ငါ့ရဲ့​ချစ်သားပဲ” လို့​ပြောခြင်း​အားဖြင့် မေတ္တာနဲ့ နှစ်သက်မှု​ကို ယေဟောဝါ ဖော်ပြတယ်။ ဒီ​တစ်ကြိမ်​မှာ​တော့ “သူ့​စကားကို နားထောင်ကြ” ဆိုပြီး ဆက်ပြောတယ်။

၈။ စိတ်အာရုံ​က ယေရှုနဲ့ တပည့်​တွေ​အပေါ် ဘယ်လို အကျိုး​သက်ရောက်​ခဲ့သလဲ။

အဲဒီ​စိတ်အာရုံဟာ ဘုရား​နိုင်ငံတော် ဘုရင်အဖြစ် ယေရှု ရမယ့် ဘုန်း​တန်ခိုးကို ကြိုတင်​ဖော်ပြတယ်။ သူ ကြုံ​ရတော့မယ့် ဒုက္ခ​နဲ့ သေခြင်းကို ခံရပ်​ဖို့ အားရှိစေ​မှာ သေချာတယ်။ စိတ်အာရုံ​က တပည့်တွေကိုလည်း ယုံကြည်ခြင်း ခိုင်ခံ့​စေတယ်။ ရင်ဆိုင်​ရမယ့် သမာဓိ​စမ်းသပ်မှုတွေကို ခံရပ်​နိုင်ဖို့၊ နှစ်ပေါင်းများစွာ ဆက်​အမှုဆောင်​နိုင်ဖို့ ခွန်အား​ရှိစေတယ်။ နောက်​နှစ်ပေါင်း ၃၀ လောက်​မှာ တမန်တော် ပေတရု​က ကိုယ်ယောင်ပြောင်း​တဲ့ စိတ်အာရုံ​ကို ကောင်းကောင်း မှတ်မိ​နေဆဲပဲ​ဆိုတာ ဖော်ပြခဲ့တယ်။—၂ ပေ. ၁:၁၆-၁၈

၉။ ဘယ်​လက်တွေ့ကျ အကြံဉာဏ်​တွေကို ယေရှု ပေးခဲ့သလဲ။

“သူ့​စကားကို နားထောင်ကြ။” သားတော်ရဲ့ စကားကို နားထောင်၊ နာခံ​စေ​လို​ကြောင်း ယေဟောဝါ ရှင်းရှင်းလင်းလင်း ပြော​လိုက်တာပဲ။ မြေကြီးပေါ် ရှိ​တုန်း ယေရှု ဘာတွေ ပြောခဲ့​သလဲ။ အရေးကြီးတဲ့ အချက်​များစွာ ပြောခဲ့တယ်။ ဥပမာ၊ သတင်းကောင်းကို ဘယ်လို ဟော​ရမယ်၊ သတိနဲ့ ဘယ်လို စောင့်နေ​ရမယ်ဆိုတာ မေတ္တာပါပါ အကြိမ်ကြိမ် သင်ပေးတယ်။ (မ. ၂၄:၄၂။ ၂၈:၁၉၊ ၂၀) အားသွန်ခွန်စိုက် ကြိုးစားဖို့၊ လက်မလျှော့​ဖို့​လည်း တိုက်တွန်း​တယ်။ (လု. ၁၃:၂၄) အချင်းချင်း ချစ်​ဖို့၊ စည်းလုံး​ဖို့၊ ပညတ်​တွေကို လိုက်နာ​ဖို့ အားပေးတယ်။ (ယော. ၁၅:၁၀၊ ၁၂၊ ၁၃) အလွန်​လက်တွေ့ကျတဲ့ အကြံဉာဏ်​တွေ​ပါပဲ။ ဒီနေ့ထိလည်း လက်တွေ့ကျ​နေဆဲ​ပါပဲ။

၁၀-၁၁။ ယေရှုရဲ့ စကားကို နားထောင်​ကြောင်း ဘယ်လို ပြ​နိုင်သလဲ။

၁၀ “အမှန်တရား​ဘက် ရပ်တည်​သူ​တိုင်း ကျွန်တော်​ပြောတာကို နားထောင်ကြ​တယ်” လို့ ယေရှု ပြောတယ်။ (ယော. ၁၈:၃၇) ကျွန်တော်တို့လည်း ‘အချင်းချင်း ဆက်​သည်းခံ​ပြီး ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်ခြင်း’ အားဖြင့် ယေရှု​စကားကို နားထောင်​ကြောင်း ဖော်ပြ​နိုင်တယ်။ (ကော. ၃:၁၃။ လု. ၁၇:၃၊ ၄) “အခြေအနေ ကောင်းသည်​ဖြစ်စေ၊ မကောင်းသည်​ဖြစ်စေ” ထက်သန်​စွာ သတင်းကောင်း ဟောခြင်း​အားဖြင့်လည်း ဖော်ပြ​နိုင်တယ်။—၂ တိ. ၄:၂

၁၁ “ကျွန်တော့်​သိုး​မှန်​ရင် ကျွန်တော့်​အသံကို နားထောင်တယ်” လို့ ယေရှု ပြောတယ်။ (ယော. ၁၀:၂၇) ခရစ်ယာန်တွေဟာ ယေရှုရဲ့ စကားကို နားထောင်​ရုံ​သာမက လိုက်နာကြတယ်။ “ဘဝရဲ့ စိုးရိမ်​ပူပန်စရာ​တွေ​ကြောင့်” အာရုံလွဲ​မသွားကြ​ဘူး။ (လု. ၂၁:၃၄) ခက်ခဲ​ချိန်မှာတောင် ယေရှုရဲ့ ပညတ်​တွေကို ဦးစား​ထားပြီး နာခံကြ​တယ်။ ညီအစ်ကို/မ​များစွာဟာ ဆန့်ကျင်သူတွေရဲ့ တိုက်ခိုက်မှု၊ ဆင်းရဲ​မွဲတေမှု၊ သဘာဝဘေးတွေ အပါအဝင် အခက်အခဲ​များစွာ ရင်ဆိုင်​နေရ​တယ်။ ဘယ်လို အခက်အခဲ​တွေ​ပဲ ရင်ဆိုင်​ရ​ပါစေ ယေဟောဝါကို ဆက်သစ္စာ​ရှိနေကြတယ်။ သူတို့နဲ့​ပတ်သက်ပြီး ယေရှု​က “ကျွန်တော့်​ပညတ်​တွေကို ခံယူပြီး လိုက်နာ​တဲ့​သူဟာ ကျွန်တော့်ကို ချစ်တဲ့​သူပဲ။ ကျွန်တော့်ကို ချစ်တဲ့​သူကို အဖ​ဘုရားကလည်း ချစ်မှာပဲ” လို့ အာမခံတယ်။—ယော. ၁၄:၂၁

အမှုဆောင်လုပ်ငန်းက ယေရှုရဲ့စကားကို ဆက်နားထောင်ဖို့ ကူညီပေး (အပိုဒ် ၁၂ ကိုကြည့်ပါ) *

၁၂။ ယေရှုရဲ့ စကားကို နားထောင်​ကြောင်း ပြ​နိုင်တဲ့ နောက်​တစ်နည်း​က ဘာလဲ။

၁၂ ယေရှုရဲ့​စကားကို နားထောင်​ကြောင်း ပြ​နိုင်တဲ့ နောက်​တစ်နည်း​ကတော့ ဦးဆောင်​သူတွေနဲ့ ပူးပေါင်း​လုပ်ဆောင်ခြင်း​ပါပဲ။ (ဟီ. ၁၃:၇၊ ၁၇) မကြာသေး​ခင် နှစ်တွေ​က ဘုရား​အဖွဲ့အစည်း​ဟာ အမှုဆောင်​လုပ်ငန်းမှာ ကိရိယာသစ်၊ နည်းလမ်း​သစ်​တွေ အသုံးပြုခြင်း၊ ကြားရက်​အစည်းအဝေး​ပုံစံ၊ နိုင်ငံတော်​ခန်းမ တည်ဆောက်​မွမ်းမံ ပြုပြင်​ထိန်းသိမ်း​ခြင်း စ​တာ​တွေ​နဲ့​ပတ်သက်တဲ့ ပြုပြင်​ပြောင်းလဲမှုများ​စွာ လုပ်ခဲ့တယ်။ မေတ္တာ​ပါပြီး အသေအချာ ပြင်ဆင်​ထားတဲ့ လမ်းညွှန်ချက်တွေ​အတွက် ကျေးဇူးတင်စရာ​ပါပဲ။ အဖွဲ့အစည်းရဲ့ အချိန်တန် လမ်းညွှန်ချက်တွေကို လိုက်နာ​ဖို့ ကြိုးစားတဲ့​အခါ ယေဟောဝါ ကောင်းချီး​ပေးမှာ စိတ်ချ​နိုင်ပါတယ်။

၁၃။ ယေရှုရဲ့ စကားကို နားထောင်တဲ့​အခါ ဘာ​အကျိုး​တွေ ရသလဲ။

၁၃ ယေရှုရဲ့ သွန်သင်မှု​ကို နားထောင်တဲ့​အခါ ကျွန်တော်တို့ အကျိုး​ရ​ကြတယ်။ မိမိရဲ့ သွန်သင်ချက်တွေက လန်းဆန်း​စေမယ်လို့ ယေရှု အာမခံတယ်။ “ခင်ဗျားတို့ လန်းဆန်း​ရလိမ့်မယ်။ ကျွန်တော့်​ထမ်းပိုးဟာ ထမ်း​လွယ်တယ်။ ဝန်လည်း ပေါ့​ပါတယ်” လို့​ပြောတယ်။ (မ. ၁၁:၂၈-၃၀) ယေရှုရဲ့ အသက်တာနဲ့ အမှုဆောင်​လုပ်ငန်း​အကြောင်း ဖော်ပြတဲ့ ခရစ်ဝင်ကျမ်း လေးစောင် အပါအဝင် ကျမ်းစာဟာ ကျွန်တော်တို့ကို အားတက်​လန်းဆန်း​စေပြီး ပညာ​ရှိစေတယ်။ (ဆာ. ၁၉:၇။ ၂၃:၃) “ဘုရားသခင်ရဲ့ တရား​စကားကို ကြားနာ​ပြီး လိုက်လျှောက်တဲ့​သူဟာ ပိုပြီး ပျော်ရွှင်​ချမ်းမြေ့တယ်” လို့ ယေရှု ပြောတယ်။—လု. ၁၁:၂၈

‘ငါ့​နာမည်ကို ဘုန်းထင်ရှား​စေဦးမယ်’

၁၄-၁၅။ (က) ယောဟန် ၁၂:၂၇၊ ၂၈ အရ ကောင်းကင်​ကနေ ယေဟောဝါ တတိယ​အကြိမ် စကား​ပြောတာ ဘယ်​တုန်း​က​လဲ။ (ခ) ယေဟောဝါရဲ့ စကားက ယေရှုကို ဘာကြောင့် နှစ်သိမ့်မှု ဖြစ်စေ​သလဲ။

၁၄ ယောဟန် ၁၂:၂၇၊ ၂၈ ကိုဖတ်ပါ။ ယောဟန်​ခရစ်ဝင်ကျမ်း​မှာ ကောင်းကင်​ကနေ ယေဟောဝါ တတိယ​အကြိမ် စကား​ပြောတဲ့​အကြောင်း မှတ်တမ်း​တင်ထားတယ်။ မသေဆုံးခင် ရက်​အနည်းငယ်​မှာ နောက်ဆုံး​ပသခါပွဲ ကျင်းပဖို့ ဂျေရုဆလင်​ကို ယေရှု ရောက်နေတယ်။ “ကျွန်တော် စိတ်​ဒုက္ခရောက်​နေတယ်” လို့ ပြော​ပြီးနောက် “အဖ၊ အဖရဲ့​နာမည်ကို ဘုန်းထင်ရှား​စေပါ” လို့ ဆုတောင်းတယ်။ အဲဒီအခါ “ငါ ဘုန်းထင်ရှား​စေခဲ့ပြီ။ နောက်​တစ်ကြိမ် ဘုန်းထင်ရှား​စေဦးမယ်” လို့ ကောင်းကင်​ကနေ ဘုရား ပြန်​ပြောတယ်။

၁၅ ယေဟောဝါကို ဆက်သစ္စာ​ရှိရမယ်​ဆိုတဲ့ ကြီးလေး​တဲ့​တာဝန် မကျေပွန်​မှာ​ကို ယေရှု စိုးရိမ်​နေတယ်။ ရက်ရက်စက်စက် အသတ်​ခံရမယ်ဆို​တာ သိတယ်။ (မ. ၂၆:၃၈) အရေးကြီးဆုံး​ကတော့ ဖခင်ရဲ့ နာမည်ကို ဘုန်း​ထင်ရှားစေဖို့​ပဲ။ ဘုရားကို စော်ကား​ပြောဆိုတယ်​လို့ စွပ်စွဲ​ခံ​ထားရလို့ မိမိရဲ့ သေခြင်း​ကြောင့် ဘုရား​နာမည် ရှုတ်ချ​ခံရမှာ​ကို စိုးရိမ်​နေတယ်။ ဒီလို​အချိန်မှာ ယေဟောဝါရဲ့​စကားက နှစ်သိမ့်မှု​ဖြစ်စေပြီး ကြုံရမယ့်​အရာတွေကို ခံရပ်​နိုင်ဖို့ ခွန်အား​ရှိစေခဲ့မှာပဲ။ ယေဟောဝါရဲ့ နာမည် ဘုန်းထင်ရှား​မယ်​ဆိုတာ စိတ်ချ​နိုင်ပြီ။ အဲဒီတုန်းက ယေဟောဝါ​ပြောတာကို နားလည်​သူဟာ ယေရှု တစ်ယောက်တည်း ဖြစ်နိုင်ပေမဲ့ ကျွန်တော်တို့​အားလုံးရဲ့ အကျိုးအတွက် အဲဒီ​စကားတွေကို ယေဟောဝါ မှတ်တမ်းတင်​စေခဲ့တယ်။—ယော. ၁၂:၂၉၊ ၃၀

ယေဟောဝါဟာ မိမိနာမည်ကို ဘုန်းထင်ရှားစေပြီး လူမျိုးတော်ကို ကယ်တင်ပါလိမ့်မယ် (အပိုဒ် ၁၆ ကိုကြည့်ပါ) *

၁၆။ ဘုရား​နာမည် ရှုတ်ချ​ခံရမှာ​ကို ဘာကြောင့် စိုးရိမ်​မိ​နိုင်သလဲ။

၁၆ ယေရှု​လို​ပဲ ကျွန်တော်တို့လည်း ယေဟောဝါရဲ့ နာမည် ရှုတ်ချ​ခံရမှာ စိုးရိမ်​နေ​နိုင်တယ်။ မတရား ဆက်ဆံ​ခံ​နေရတာ ဖြစ်နိုင်တယ်။ ဆန့်ကျင်​သူတွေက ကျွန်တော်တို့​အကြောင်း မဟုတ်မမှန် သတင်းလွှင့်​လို့ စိတ်ဒုက္ခ​ရောက်နေ​တာ ဖြစ်နိုင်တယ်။ အဲဒီ​သတင်းတွေ​ကြောင့် ယေဟောဝါနဲ့ အဖွဲ့အစည်း ရှုတ်ချ​ခံရမှာ​ကို စိုးရိမ်​မိ​နိုင်တယ်။ အဲဒီလို​အချိန်တွေမှာ ယောဟန် ၁၂:၂၈ မှာပါတဲ့ ယေဟောဝါရဲ့ စကားတွေက အကြီးအကျယ် နှစ်သိမ့်မှု ဖြစ်စေတယ်။ အစိုးရိမ်လွန်​ဖို့ မလိုပါဘူး။ “လူ့ဉာဏ်​နဲ့​မမီနိုင်တဲ့ ဘုရားသခင့်​ငြိမ်သက်ခြင်းက ခရစ်တော်​ယေရှု​က​တစ်ဆင့် [ကျွန်တော်]တို့ရဲ့ စိတ်နှလုံး​နဲ့ ဉာဏ်ရည်ဉာဏ်စွမ်းကို စောင့်ရှောက်​ပေး” မယ်​ဆိုတာ စိတ်ချ​နိုင်တယ်။ (ဖိ. ၄:၆၊ ၇) ယေဟောဝါ​က မိမိ​နာမည်ကို အမြဲ ဘုန်း​ထင်ရှားစေပါ​လိမ့်မယ်။ စာတန်နဲ့ ဒီ​လောက​ကြောင့် သစ္စာရှိ ကျေးကျွန်တွေ ကြုံတွေ့​ရတဲ့ ထိခိုက်​နစ်နာမှု​အားလုံးကို နိုင်ငံတော်​အားဖြင့် ပြန်​အစားထိုး​ပေးပါလိမ့်မယ်။—ဆာ. ၉၄:၂၂၊ ၂၃။ ဟေရှာ. ၆၅:၁၇

ယေဟောဝါရဲ့ စကား​ကနေ အကျိုး​ရယူပါ

၁၇။ ဟေရှာယ ၃၀:၂၁ အရ ဒီနေ့ ကျွန်တော်တို့ကို ယေဟောဝါ ဘယ်လို စကားပြော​နေသလဲ။

၁၇ ဒီနေ့လည်း ကျွန်တော်တို့ကို ယေဟောဝါ စကားပြော​နေဆဲ​ပါပဲ။ (ဟေရှာယ ၃၀:၂၁ ကိုဖတ်ပါ။) ကောင်းကင်​ကနေ စကား​ပြောတာ​တော့ မဟုတ်ဘူး။ ကျမ်းစာက​တစ်ဆင့် လမ်းညွှန်ချက်တွေ ပေးတယ်။ ကျေးကျွန်တွေကို အချိန်တန်​အစာ ကျွေး​ဖို့ ‘သစ္စာ​ရှိတဲ့ ဘဏ္ဍာစိုး’ ကို ယေဟောဝါရဲ့ စွမ်းအားတော် လှုံ့ဆော်​ပေးတယ်။ (လု. ၁၂:၄၂) ပုံနှိပ်​စာပေ၊ အွန်လိုင်း​စာပေ၊ ဗီဒီယို၊ အသံသွင်း​ထားတာတွေ​က​တစ်ဆင့် အချိန်တန်​အစာ အလျှံပယ် ရ​နေတယ်။

၁၈။ ယေဟောဝါရဲ့ စကားက ယုံကြည်ခြင်းနဲ့ ရဲစွမ်းသတ္တိ​ရှိအောင် ဘယ်လို ကူညီပေး​သလဲ။

၁၈ သားတော် မြေကြီးပေါ် ရှိ​စဉ် ယေဟောဝါ ပြောခဲ့တဲ့ စကားတွေကို နှလုံးသွင်း​ကြပါစို့။ အရာအားလုံးကို ယေဟောဝါ ထိန်းချုပ်​ထားကြောင်း၊ စာတန်နဲ့ ဆိုးညစ်​တဲ့​လောက​ကြောင့် ကျွန်တော်တို့ ကြုံရတဲ့ ထိခိုက်​နစ်နာမှု​တွေကို ပြန်​အစားထိုး​ပေးမှာ ဖြစ်ကြောင်း ယုံကြည်​စိတ်ချမှု​ရှိအောင် ကျမ်းစာမှာ​ပါတဲ့ ဘုရားရဲ့​စကားတွေက ကူညီ​ပေးပါစေ။ ယေဟောဝါရဲ့ စကားကို အာရုံစိုက် နားထောင်ဖို့ စိတ်ပိုင်းဖြတ်​ထားကြ​ပါစို့။ ဒါဆိုရင် အခု​ကော အနာဂတ်မှာ​ပါ ဘယ်​ပြဿနာ​ပဲ ကြုံရပါစေ အောင်မြင်​စွာ ခံရပ်နိုင်​ပါလိမ့်မယ်။ “ဘုရားသခင်ရဲ့ အလိုတော်ကို ဆောင်ရွက်​ပြီးနောက် ကတိတော်​တွေကို ရရှိ​ခံစားနိုင်ဖို့​ဆိုရင် ခံနိုင်ရည်ရှိဖို့ လိုတယ်” လို့ ကျမ်းစာမှာ ပြောတယ်။—ဟီ. ၁၀:၃၆

သီချင်း ၄ “ယေဟောဝါဟာ ငါ့​သိုးထိန်း​ပါ”

^ အပိုဒ်၊ 5 ယေရှု မြေကြီးပေါ် အသက်ရှင်​ချိန်မှာ ယေဟောဝါ ကောင်းကင်​ကနေ သုံးကြိမ် စကား​ပြောခဲ့တယ်။ တစ်ကြိမ်​မှာ သားတော်ရဲ့ စကား နားထောင်ဖို့ တပည့်​တွေကို ပြောခဲ့တယ်။ ဒီနေ့၊ ယေရှုရဲ့ သွန်သင်ချက်တွေ ပါဝင်တဲ့ ကျမ်းစာက​တစ်ဆင့်၊ အဖွဲ့အစည်း​က​တစ်ဆင့် ယေဟောဝါ စကားပြော​နေတယ်။ ယေဟောဝါနဲ့ ယေရှုရဲ့ စကား နားထောင်ခြင်းကနေ အကျိုး​ရနိုင်​ပုံကို ဒီ​ဆောင်းပါး​မှာ ဆွေးနွေးပါမယ်။

^ အပိုဒ်၊ 52 ပုံအညွှန်း– နိုင်ငံတော်ခန်းမ သန့်ရှင်းရေးနဲ့ စာအုပ်စာတမ်း ကောင်တာမှာ လုပ်နေတဲ့ အသင်းတော်အမှုထမ်းကို အကြီးအကဲတစ်ယောက် သတိပြုမိပြီး ချီးမွမ်းနေ။

^ အပိုဒ်၊ 54 ပုံအညွှန်း– ဆီရာလီယွန်မှာ တံငါသည် တစ်ယောက်ကို မောင်နှံတစ်စုံ အစည်းအဝေးဖိတ်စာ ဝေငှနေ။

^ အပိုဒ်၊ 56 ပုံအညွှန်း– လုပ်ငန်း ပိတ်ပင်ထားတဲ့ နိုင်ငံမှာ သက်သေခံတွေ အိမ်မှာ စုဆုံကြ။ တခြားသူတွေ အာရုံမစိုက်အောင် သာမန်အဝတ်အစားပဲ ဝတ်ဆင်ထားကြ။