မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“အာမင်” လို့ ပြောတာကို ယေဟောဝါ တန်ဖိုးထား

“အာမင်” လို့ ပြောတာကို ယေဟောဝါ တန်ဖိုးထား

ကျွန်တော်တို့ရဲ့ ဝတ်ပြုမှု​ကို ယေဟောဝါ တန်ဖိုး​ထားတယ်။ မိမိ​ကျေးကျွန်တွေ စကား​ပြောတာကို “အာရုံစိုက် နားထောင်​နေ” တဲ့​အတွက် ဘုရားကို ချီးမွမ်း​တဲ့ လုပ်ရပ်​သေးသေးလေး​ကိုတောင် သတိ​မပြုမိ​ဘဲ မနေဘူး။ (မာ​လ. ၃:၁၆) ဒါဆို ကျွန်တော်တို့ အကြိမ်ကြိမ် ပြောတဲ့ “အာမင်” ဆိုတဲ့ စကားလုံးကို ယေဟောဝါ တန်ဖိုးထား​သလား။ ထားပါ​တယ်။ ဘာကြောင့်လဲ​ဆိုတာ သိဖို့ ဒီ​စကားလုံးက ဘာကို ဆိုလို​ကြောင်း၊ ကျမ်းစာမှာ ဘယ်လို အသုံးပြု​ထားကြောင်း ဆန်းစစ်​ကြည့်ရအောင်။

“လူအားလုံး​က ‘အာမင်’ လို့​ပြောရမယ်”

“အာမင်” လို့ ပြန်ဆိုတဲ့ အင်္ဂလိပ်​စကားလုံးဟာ “ပြည့်စုံပါစေ၊” “ဧကန်​မုချ ဖြစ်ပါစေ” လို့ အဓိပ္ပာယ်​ရှိတယ်။ “သစ္စာရှိ​ခြင်း၊” “ယုံကြည်​စိတ်ချ​ခြင်း” လို့ အဓိပ္ပာယ်​ရတဲ့ ဟီဘရူး​စကားလုံး​ကနေ ဆင်းသက်​လာတယ်။ အဲဒီ​စကားလုံးကို တစ်ခါတလေ တရားရေး​ကိစ္စတွေမှာ သုံးတယ်။ လူတစ်ယောက် ကျမ်းကျိန်​ပြီးနောက် မှန်ကန်ကြောင်း၊ ဖြစ်​လာမယ့်​အကျိုးဆက်ကို လက်ခံ​ကြောင်း အတည်ပြု​တဲ့​အနေနဲ့ “အာမင်” လို့ ပြော​ရတယ်။ (တော. ၅:၂၂) အဲဒီလို ပြော​ပြီးရင် ပြောတဲ့​အတိုင်း လုပ်ဖို့ တာဝန်​ရှိတယ်။—နေ. ၅:၁၃

“အာမင်” ဆိုတဲ့ စကားလုံးကို တရားဟောရာ အခန်းကြီး ၂၇ မှာ သိသာ​ထင်ရှား​စွာ သုံး​ထားတယ်။ အစ္စရေး​တွေဟာ ကတိထားရာပြည်​ထဲ ဝင်​ပြီးနောက် ပညတ်​ကျမ်း ဖတ်ပြတာကို နားထောင်ဖို့ ဧ​ဗလ​တောင်​နဲ့ ဂေ​ရ​ဇိမ်​တောင်ကြား​မှာ စုဝေး​ရမယ်။ ပညတ်တရားကို နားထောင်​ရုံ​သာမက လက်ခံ​ရမယ်။ မနာခံမှု​ရဲ့ ဆိုးကျိုး​တွေကို ဖတ်ပြ​တဲ့အခါ “အာမင်” လို့ ပြောရမယ်။ (တရား. ၂၇:၁၅-၂၆) ယောက်ျား၊ မိန်းမ၊ သားသမီး ထောင်ပေါင်း​များစွာရဲ့ တုံ့ပြန်​သံ ဘယ်လောက် ကျယ်မယ်​ဆိုတာ ကြားယောင်​ကြည့်ပါ။ (ယောရှု ၈:၃၀-၃၅) အဲဒီ​နေ့​တုန်း​က ပြောခဲ့တဲ့ စကားကို ဘယ်တော့မှ မေ့​ကြ​မှာ မဟုတ်ဘူး။ “အစ္စရေး​တွေဟာ ယောရှု​လက်ထက်မှာ​ရော၊ ယောရှု​ထက် အသက်ပိုရှည်​ပြီး အစ္စရေး​တွေ​အကျိုးအတွက် ယေဟောဝါ လုပ်ဆောင်​ပေးခဲ့​သမျှကို သိတဲ့ အကြီးအကဲ​တွေ လက်ထက်မှာ​ပါ ယေဟောဝါကို ဆက်​ဝတ်ပြု​ကြတယ်” လို့ ကျမ်းစာမှာ ရေးထားတယ်။—ယောရှု ၂၄:၃၁

ယေရှုလည်း မိမိ​စကား မှန်ကန်ကြောင်း အတည်ပြုဖို့ “အာမင်” ဆိုတဲ့ စကားလုံးကို ထူးခြားတဲ့​နည်းနဲ့ သုံးခဲ့တယ်။ ပြောပြီး​သား​စကားကို ထောက်ခံဖို့ သုံးတာ မဟုတ်ဘဲ ပြောတော့​မယ့် အမှန်တရား​စကားတွေကို မိတ်ဆက်​ဖို့ “အာမင်” ကို သုံးခဲ့​တာ​ဖြစ်တယ်။ (မြန်မာ​လို “ကျွန်တော် မှန်တာကို ပြောမယ်” လို့ ပြန်ဆို​ထားတယ်။) တစ်ခါတလေ “အာမင်၊ အာမင်” လို့ နှစ်ခါ​ထပ် ပြောတယ်။ (မြန်မာ​လို “ကျွန်တော် မှန်တာကို ပြောမယ်၊ အမှန်အတိုင်း ပြောမယ်” လို့ ပြန်ဆို​ထားတယ်။) (မ. ၅:၁၈။ ယော. ၁:၅၁) ဒီ​နည်း​အားဖြင့် မိမိ​စကား ဟုတ်မှန်​ကြောင်း ပရိသတ်ကို စိတ်ချ​စေတယ်။ ယေရှုဟာ ဘုရားရဲ့​ကတိ​တွေ ပြည့်စုံ​လာ​အောင် လုပ်ပေးဖို့ အခွင့်အာဏာ ရထား​သူ​ဖြစ်လို့ အဲဒီလို ပြောနိုင်​တာ ဖြစ်တယ်။—၂ ကော. ၁:၂၀။ ဗျာ. ၃:၁၄

“လူအားလုံး​က​လည်း ‘အာမင်’ လို့​ပြောပြီး ယေဟောဝါကို ချီးမွမ်းကြတယ်”

အစ္စရေး​တွေဟာ ယေဟောဝါကို ချီးမွမ်း​တဲ့အခါ၊ ဆုတောင်းတဲ့အခါ “အာမင်” လို့ ပြောလေ့ရှိ​ကြတယ်။ (နေ. ၈:၆။ ဆာ. ၄၁:၁၃) ဆုတောင်းချက်ရဲ့ အဆုံး​မှာ “အာမင်” လို့ ပြောတာက ဆုတောင်းချက်ကို သဘောတူ​ကြောင်း ဖော်ပြတယ်။ ဒီနည်းနဲ့ ယေဟောဝါကို ဝတ်ပြုရာမှာ ပရိသတ်​အားလုံး ပါဝင်​နိုင်တယ်။ ယေဟောဝါရဲ့ ပဋိညာဉ်သေတ္တာ​ကို ဂျေရုဆလင်​မြို့​ဆီ ဘုရင် ဒါဝိဒ် ယူဆောင်​လာချိန်​မှာ အဲဒီလို ဖြစ်ခဲ့တယ်။ ပွဲ​ကျင်းပချိန်​အတွင်း ၁ ရာဇဝင်ချုပ် ၁၆:၈-၃၆ မှာ မှတ်တမ်း​တင်ထားတဲ့ ဆုတောင်း​သီချင်း​ကို ဒါဝိဒ် လှိုက်လှိုက်လှဲလှဲ သီဆိုခဲ့တယ်။ အဲဒီစကားတွေကြောင့် စိတ်ထိမိ​လွန်း​လို့ “လူအားလုံး​က​လည်း ‘အာမင်’ လို့​ပြောပြီး ယေဟောဝါကို ချီးမွမ်းကြတယ်။” ဒီ​နည်းနဲ့ ယေဟောဝါကို ပျော်ရွှင်စွာ အတူ​ဝတ်ပြု​ခဲ့​ကြတယ်။

ပထမရာစု ခရစ်ယာန်တွေလည်း ယေဟောဝါကို ချီးမွမ်း​ချိန်မှာ “အာမင်” လို့ ပြော​ကြတယ်။ အဲဒီ​စကားကို ကျမ်း​ရေးသူတွေ ထည့်​ရေးလေ့​ရှိတယ်။ (ရော. ၁:၂၅။ ၁၆:၂၇။ ၁ ပေ. ၄:၁၁) ဗျာဒိတ်​ကျမ်းမှာ နာမ်ဝိညာဉ်​ပုဂ္ဂိုလ်တွေဟာ “အာမင်။ ယေဟောဝါကို ချီးမွမ်းပါ” လို့ ပြောပြီး ဂုဏ်တင်​နေကြောင်း ဖော်ပြ​ထားတယ်။ (ဗျာ. ၁၉:၁၊ ၄) အစောပိုင်း ခရစ်ယာန်တွေဟာ အစည်းအဝေးတွေမှာ ဆုတောင်းချက်​ပြီးနောက် “အာမင်” လို့ ပြောလေ့ရှိ​တယ်။ (၁ ကော. ၁၄:၁၆) ဒါပေမဲ့ အဲဒါကို ပေါ့ပေါ့တန်တန် ပြော​လိုက်တာ မဟုတ်ပါဘူး။

“အာမင်” လို့ ပြောဖို့ ဘာကြောင့် အရေးကြီး

“အာမင်” ဆိုတဲ့ စကားလုံးရဲ့ နောက်ခံ​ကို သိမယ်​ဆိုရင် ဆုတောင်းချက်ရဲ့ အဆုံး​မှာ ဘာကြောင့် ပြော​ရ​ကြောင်း နားလည်​လာမယ်။ တစ်ယောက်တည်း​ဖြစ်စေ၊ လူအများ​နဲ့​ဖြစ်စေ ဆုတောင်းချက်ရဲ့ အဆုံး​မှာ “အာမင်” လို့ စိတ်ထဲ​က ပြောရင်တောင် ဆုတောင်းတဲ့​အတိုင်း တကယ်​ဖြစ်စေချင်တယ်​ဆိုတာ ဖော်ပြတယ်။ “အာမင်” လို့ ပြောဖို့ ဘာကြောင့် အရေးကြီးကြောင်း သုံးသပ်​ကြည့်ပါ။

ဝတ်ပြုရေးမှာ နိုးကြား​တက်ကြွ​စေတယ်။ ဆုတောင်း​ချိန်မှာ အပြော​နဲ့​သာမက အ​ပြု​အမူ​အားဖြင့်​ပါ ယေဟောဝါကို ဝတ်ပြု​နေတာ ဖြစ်တယ်။ ဆုတောင်းချက်ကို အာရုံစိုက်​ခြင်း၊ သဘောထား​မှန် ရှိ​ခြင်းက “အာမင်” လို့ စိတ်ရင်းမှန်နဲ့ ပြောနိုင်ဖို့ ကူညီ​ပေးတယ်။

ကျွန်တော်တို့ကို စည်းလုံးစေ​တယ်။ လူထုရှေ့ ဆုတောင်းတဲ့အခါ အသင်းတော်​တစ်ခုလုံး​နဲ့​အတူ ဂရုတစိုက် နားထောင်​သင့်တယ်။ (တ. ၁:၁၄။ ၁၂:၅) ညီအစ်ကို/မ​တွေ​နဲ့​အတူ “အာမင်” လို့ ပြောတဲ့အခါ ပို​စည်းလုံး​လာတယ်။ အသံထွက်​ဖြစ်စေ၊ စိတ်ထဲ​က​ဖြစ်စေ “အာမင်” လို့ ပြောခြင်းက ကျွန်တော်တို့ရဲ့ ဆုတောင်းချက်ကို အဖြေ​ပေးဖို့ ယေဟောဝါကို ပိုလှုံ့ဆော်​ပေးတယ်။

“အာမင်” လို့ပြောတာက ယေဟောဝါကို ချီးမွမ်းရာရောက်

ယေဟောဝါကို ချီးမွမ်း​ရာ​ရောက်တယ်။ ဝတ်ပြုမှု​နဲ့​ပတ်သက်တဲ့ ကျွန်တော်တို့ရဲ့ လုပ်ရပ်​သေးသေးလေး​ကိုတောင် ယေဟောဝါ သတိပြုမိတယ်။ (လု. ၂၁:၂၊ ၃) ကျွန်တော်တို့ရဲ့ စိတ်ရင်း၊ စိတ်ထဲ ရှိတာတွေကို ဘုရား မြင်တယ်။ အစည်းအဝေး​ကို ဖုန်း​နဲ့ နားထောင်​ရင်တောင် “အာမင်” လို့ ပြောတာကို ယေဟောဝါ သိတယ်။ အဲဒါက အစည်းအဝေး တက်​သူတွေနဲ့​အတူ ယေဟောဝါကို ချီးမွမ်း​ရာ​ရောက်တယ်။

“အာမင်” လို့ ပြောတာက ဘာမှ​မဟုတ်ဘူးလို့ ထင်ရပေမဲ့ အရေးပါ​တယ်။ ဘုရား​ကျေးကျွန်တွေဟာ “ဒီ​စကားလုံး​အားဖြင့် ယုံကြည်​စိတ်ချမှု၊ ထောက်ခံမှု၊ ရင်ထဲ​က မျှော်လင့်ချက်ကို ဖော်ပြ​နိုင်တယ်” လို့ ကျမ်းစာ စွယ်စုံကျမ်း​တစ်အုပ်​က ဆိုတယ်။ ကျွန်တော်တို့ ပြောတဲ့ “အာမင်” တိုင်း​ကို ယေဟောဝါ နှစ်သက်ပါ​စေ။—ဆာ. ၁၉:၁၄