သင် သိပါသလား
ရှေးခေတ်က ပင်လယ်ခရီးကို ဘယ်လို သွားခဲ့ကြသလဲ။
ပေါလုခေတ်တုန်းက ခရီးသည်တင် သင်္ဘောဆိုတာ မရှိဘူး။ ကိုယ်သွားချင်တဲ့နေရာကို ရောက်မယ့် ကုန်သင်္ဘော ရှိမရှိ၊ လမ်းကြုံလိုက်လို့ ရမရ မေးမြန်းစုံစမ်းရတယ်။ (တ. ၂၁:၂၊ ၃) သင်္ဘောက ကိုယ်သွားချင်တဲ့နေရာကို မရောက်ဘူးဆိုရင် ကမ်းကပ်ချိန်တွေမှာ အနီးဆုံးနေရာကို ရောက်မယ့် သင်္ဘောကို ထပ်ရှာရတယ်။—တ. ၂၇:၁-၆။
သတ်မှတ်ထားတဲ့ လတွေမှာပဲ ပင်လယ်ခရီး သွားလေ့ရှိတယ်။ အတိအကျတော့ မရှိဘူး။ ရာသီဥတုမကောင်းလို့ သင်္ဘော မထွက်တာမျိုး ရှိတဲ့အပြင် အယူသီးတဲ့ သင်္ဘောသားတွေကြောင့်လည်း ခရီးစဉ် ရွှေ့ဆိုင်းလေ့ရှိတယ်။ ဥပမာ၊ ရွက်တိုင်ပေါ် ကျီးကန်းနားတာ၊ ကမ်းတင်နေတဲ့ သင်္ဘောပျက် တွေ့တာ စတာတွေကို နိမိတ်မကောင်းဘူးလို့ ယူဆလေ့ရှိတယ်။ လေကြောသင့်တဲ့အခါ သင်္ဘောထွက်လေ့ရှိတယ်။ လိုက်ပါလို့ရမယ့် သင်္ဘောကို တွေ့ပြီဆိုရင် သင်္ဘောထွက်ဖို့ ကြေညာတဲ့အချိန်အထိ ဆိပ်ကမ်းမှာ အထုပ်အပိုးတွေနဲ့ စောင့်နေရတယ်။
သမိုင်းပညာရှင် လီယိုနယ် ကက်စန်က “ရောမမှာ ခရီးသည်တွေအတွက် သင်္ဘောရှာပေးတဲ့ ဝန်ဆောင်မှုတွေ ရှိတယ်။ ကိုယ်တိုင် လိုက်ရှာစရာ မလိုဘူး။ တိုင်ဗာမြစ်ဝမှာ ဆိပ်ကမ်းရှိတယ်။ အဲဒီအနီးနားက အောစ်တီယာမြို့မှာ နာဗုန် [အခု ပြင်သစ်] သင်္ဘောလိုင်း၊ ကာသေ့ခ်ျ [အခု တူနီးရှား] သင်္ဘောလိုင်း စတဲ့ သင်္ဘောလိုင်းတွေ့ရဲ့ ရုံးခန်းတွေ ရှိတယ်။ လိုက်ပါချင်တဲ့သူတွေက ဘယ်မြို့တွေမှာ သင်္ဘောဆိုက်မယ်ဆိုတာ အဲဒီရုံးတွေမှာ စုံစမ်းလိုက်ရုံပဲ” လို့ ပြောတယ်။
ပင်လယ်ခရီးဟာ အချိန်ကုန်သက်သာပေမဲ့ အန္တရာယ်ရှိတယ်။ ပေါလုဆိုရင် သာသနာပြုခရီးစဉ်တွေမှာ သင်္ဘောပျက်တာ မကြာခဏ ကြုံခဲ့ရတယ်။—၂ ကော. ၁၁:၂၅။