မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာရန် ဆောင်းပါး ၂၀

မတော်မတရား ပြုခံရသူတွေအတွက် နှစ်သိမ့်မှု

မတော်မတရား ပြုခံရသူတွေအတွက် နှစ်သိမ့်မှု

‘ဘုရားသခင်ဟာ နှစ်သိမ့်ခြင်း​အမျိုးမျိုးရဲ့ အရှင်​ပဲ။ ကျွန်တော်တို့ ဆင်းရဲဒုက္ခ​ အမျိုးမျိုး ခံရတဲ့​အခါ နှစ်သိမ့်​ပေးတယ်။’—၂ ကော. ၁:၃၊ ၄

သီချင်း ၁၃၄ ဘုရားပေး သားသမီး​များ

အကြို​သုံးသပ်ချက် *

၁-၂။ (က) လူတွေ နှစ်သိမ့်မှု လိုအပ်​ကြောင်း၊ နှစ်သိမ့်​ပေးနိုင်စွမ်း ရှိကြောင်း ဘယ်​ဥပမာ​က ဖော်ပြသလဲ။ (ခ) ကလေး​တချို့ ဘယ်လို ဒဏ်ရာ​မျိုး​ရ​ကြသလဲ။

လူသားတွေဟာ ပင်ကိုသဘာဝ​အရ နှစ်သိမ့်မှု လိုအပ်​ပြီး နှစ်သိမ့်​ပေးနိုင်စွမ်း​လည်း ရှိတယ်။ ဥပမာ၊ ကလေး​တစ်ယောက် ဆော့​ကစား​ရင်း ချော်လဲ​ပြီး ဒူးပြဲ​သွားတဲ့အခါ မိဘဆီ ငို​ပြီး ပြေး​လာ​တတ်တယ်။ မိဘတွေက ဒဏ်ရာ​ပျောက်​အောင် မ​ကုပေး​နိုင်ပေမဲ့ နှစ်သိမ့်​ပေး​နိုင်တယ်။ ‘ဘာဖြစ်​လာတာလဲ’ လို့​မေး​ပြီး မျက်ရည်သုတ်​ပေးမယ်။ ချော့​ပြီး ဆေး​လိမ်းပေး​မယ်။ ခဏ​နေ​တော့ ကလေး အ​ငို​တိတ်​ပြီး ပြန်​ဆော့​နေတတ်​တယ်။ တဖြည်းဖြည်း ဒဏ်ရာ​လည်း ပျောက်​သွားတယ်။

တစ်ခါတလေ ကလေးတွေ ရတဲ့ ဒဏ်ရာ​က တော်​တော်​ဆိုးရွားတယ်။ တချို့က လိင်ဆိုင်ရာ မတော်မတရား​ပြု​ခံရတယ်။ တစ်ကြိမ် ဒါမှမဟုတ် နှစ်ပေါင်းများစွာ အကြိမ်ကြိမ် ပြု​ခံရ​တာ ဖြစ်နိုင်တယ်။ ဘာပဲ​ဖြစ်ဖြစ် ပြင်းထန်တဲ့ စိတ်ဒဏ်ရာ ကျန်​ခဲ့​နိုင်တယ်။ တစ်ခါတလေ အပြစ်​ကျူးလွန်​သူဟာ အဖမ်း​ခံရပြီး အပြစ်​ပေးခံ​ရတယ်။ တစ်ခါတလေမှာ​တော့ ပြစ်ဒဏ်​မခံရ​ဘဲ လွတ်​နေတတ်​တယ်။ ကျူးလွန်​သူဟာ ချက်ချင်း ပြစ်ဒဏ်​ခံရ​ရင်တောင် မတော်မတရား​ပြု​ခံရတဲ့ ကလေး​ကတော့ လူကြီး​ဖြစ်လာ​ချိန်​အထိ ဆိုးကျိုး​တွေ ခံစား​နေရ​တတ်တယ်။

၃။ ၂ ကောရိန္သု ၁:၃၊ ၄ အရ ယေဟောဝါရဲ့ အလိုတော်​က ဘာလဲ။ ဘယ်မေးခွန်းတွေကို သုံးသပ်ကြ​မလဲ။

ကလေး​ဘဝမှာ လိင်ဆိုင်ရာ မတော်မတရား​ပြု​ခံရတဲ့ ခရစ်ယာန်​တစ်ယောက်ဟာ စိတ်ဒဏ်ရာ ခံစား​နေရ​ဆဲ ဖြစ်မယ်ဆိုရင် သူ့ကို ဘယ်လို ကူညီ​ပေးနိုင်သလဲ။ (၂ ကောရိန္သု ၁:၃၊ ၄ ကိုဖတ်ပါ။) ယေဟောဝါရဲ့ အလိုတော်​က မိမိ​သိုး​တွေကို မေတ္တာနဲ့ နှစ်သိမ့်မှု ရစေ​ချင်တယ်။ ဒီ​မေးခွန်း သုံးခုကို သုံးသပ်​ကြည့်ကြစို့။ (၁) ကလေး​ဘဝမှာ မတော်မတရား​ပြု​ခံရသူတွေ​ဟာ နှစ်သိမ့်မှု ဘာကြောင့် လိုအပ်​နိုင်သလဲ။ (၂) ဘယ်သူတွေ နှစ်သိမ့်​ပေးနိုင်သလဲ။ (၃) ဘယ်လို ထိထိရောက်ရောက် နှစ်သိမ့်​ပေးနိုင်သလဲ။

နှစ်သိမ့်မှု ဘာကြောင့် လိုအပ်

၄-၅။ (က) ကလေးတွေဟာ လူကြီး​နဲ့ မတူ​ကြောင်း သိထားဖို့ ဘာကြောင့် အရေးကြီးသလဲ။ (ခ) မတော်မတရား​ပြု​ခံရတဲ့​အတွက် တခြားသူတွေ​အပေါ် ကလေးတွေရဲ့ ယုံကြည်​စိတ်ချမှု ဘယ်လို ဖြစ်သွားသလဲ။

ကလေး​ဘဝမှာ မတော်မတရား​ပြု​ခံရသူ​တချို့ဟာ နှစ်​များစွာ ကြာပြီး​နောက်မှာ​တောင် နှစ်သိမ့်မှု လို​နေဆဲ ဖြစ်နိုင်တယ်။ ဘာကြောင့်လဲ​ဆိုတာ နားလည်ဖို့ ဦးဆုံး ကလေးနဲ့ လူကြီး မတူတာ​ကို သိထား​ရမယ်။ မတော်မတရား​ပြု​ခံရတဲ့​အခါ ကလေးနဲ့ လူကြီး​အပေါ် သက်ရောက်မှု ရှိ​ပုံ​ချင်း မတူကြဘူး။ ဥပမာ​တချို့ သုံးသပ်​ကြည့်ပါ။

ကလေးတွေဟာ အုပ်ထိန်း​သူတွေ၊ ပြုစု​စောင့်ရှောက်​ပေးသူ​တွေ​နဲ့ ရင်းနှီး​ဖို့၊ သူတို့ကို ယုံကြည်​စိတ်ချဖို့ လိုတယ်။ အဲဒီ​ရင်းနှီးမှု၊ ယုံကြည်​စိတ်ချမှု​က ကလေးတွေကို လုံခြုံ​တယ်လို့ ခံစား​ရစေ​ပြီး ကိုယ့်ကို ချစ်တဲ့​သူတွေကို ယုံကြည်​စိတ်ချမှု ရှိလာ​စေတယ်။ (ဆာ. ၂၂:၉) ဝမ်းနည်းစရာက ကလေးတွေဟာ အများအားဖြင့် အရင်းနှီးဆုံး မိသားစုဝင်​တွေ၊ သူတို့​မိတ်ဆွေ​တွေရဲ့ မတော်မတရား​ပြုခြင်း ခံ​ရလေ့​ရှိတယ်။ ယုံကြည်မှု ရိုက်​ချိုး​ခံရတဲ့​အတွက် နှစ်​များစွာ ကြာပြီး​နောက်မှာ​တောင် တခြား​သူတွေကို ယုံဖို့ ခက်​နေ​နိုင်တယ်။

၆။ လိင်ဆိုင်ရာ မတော်မတရား​ပြုခြင်းဟာ ဘာကြောင့် ရက်စက်​ပြီး ထိခိုက်​နစ်နာ​စေသလဲ။

ကလေးတွေဟာ ကိုယ့်ကိုယ်ကိုယ် မကာကွယ်​နိုင်ကြဘူး။ လိင်ဆိုင်ရာ မတော်မတရား​ပြုခြင်းဟာ ရက်စက်​ပြီး ထိခိုက်​နစ်နာ​စေတယ်။ လိင်​ကိစ္စ​အတွက် ကာယပိုင်း၊ စိတ်ပိုင်း​အရ အသင့်​မဖြစ်သေး​တဲ့​အရွယ်မှာ မတော်မတ​ရား ပြု​ခံရ​ခြင်း​ဟာ သူတို့ကို အလွန် ထိခိုက်​နစ်နာ​စေနိုင်တယ်။ မတော်မတရား ပြု​ခံရ​ခြင်း​ကြောင့် လိင်​နဲ့​ပတ်သက်ပြီး တလွဲ ရှုမြင်​သွား​စေသလို ကိုယ့်ကိုယ်ကိုယ် တန်ဖိုး​မရှိဘူးလို့ ခံစား​ရစေတယ်။ တခြား​သူတွေကိုလည်း အယုံအကြည်မဲ့​သွားစေတယ်။

၇။ (က) ကလေးတွေကို လှည့်စား​ပြီး မတော်မတရား​ပြု​ဖို့ ဘာကြောင့် သိပ်​လွယ်​တာလဲ။ ဘယ်လို လှည့်စား​ကြသလဲ။ (ခ) အဲဒီလို အလိမ်အညာတွေက ဘာ​ဆိုးကျိုး​ဖြစ်စေသလဲ။

ကလေးတွေဟာ စဉ်းစားဆင်ခြင်နိုင်စွမ်း မရင့်ကျက်​သေး​ဘူး။ အန္တရာယ်ကို သိမြင်ပြီး ရှောင်နိုင်​စွမ်း​လည်း မရှိကြဘူး။ (၁ ကော. ၁၃:၁၁) ဒါကြောင့် ကလေးတွေကို လှည့်စား​ပြီး မတော်မတရား​ပြု​ဖို့ သိပ်​လွယ်တယ်။ မတော်မတရား​ပြုသူတွေ​က ကလေးကို အမျိုးမျိုး လိမ်ပြော​ကြတယ်။ မတော်မတရား ပြု​ခံရ​တာ သူ့​အပြစ်​ကြောင့် ဖြစ်တယ်၊ ဘယ်သူ့ကိုမှ တိုင်​မပြော​ရ​ဘူး၊ တိုင်​ပြောရင်လည်း ဘယ်သူမှ နားထောင်​မှာ၊ ဂရုစိုက်​မှာ မဟုတ်ဘူး၊ လူကြီး​နဲ့ ကလေး လိင်​ကိစ္စဟာ တကယ်​ချစ်လို့ ဖြစ်တဲ့ သာမန်​ကိစ္စ​ပဲ စသဖြင့် လိမ်ပြော​ကြတယ်။ အဲဒီ​အလိမ်အညာ​တွေဟာ ကလေးရဲ့ အတွေးအခေါ်​ကို ပျက်စီး​စေနိုင်တယ်။ အမှန်​ကို နားလည်ဖို့ နှစ်ပေါင်းများစွာ ကြာနိုင်တယ်။ အဲဒီလို​ကလေးဟာ ကိုယ့်ကိုယ်ကိုယ် အဖတ်ဆယ်​လို့ မရတဲ့​သူ၊ မသန့်ရှင်းတဲ့​သူ၊ မေတ္တာနဲ့ နှစ်သိမ့်မှု ရဖို့ မထိုက်တန်​တဲ့​သူ​လို့ ဘဝတစ်လျှောက်လုံး ခံစား​နေရ​တတ်တယ်။

၈။ ထိခိုက်​နာကျင်​သူတွေကို ယေဟောဝါ နှစ်သိမ့်​ပေးနိုင်ကြောင်း ဘာကြောင့် စိတ်ချ​နိုင်သလဲ။

လိင်ဆိုင်ရာ မတော်မတရား​ပြုခြင်း​က ရေရှည် ဆိုးကျိုး​တွေ ဖြစ်စေတယ်​ဆိုတာ အံ့ဩစရာ မဟုတ်ပါဘူး။ ဒါဟာ​ သိပ်​ရက်စက်တဲ့ ပြစ်မှု​ပါပဲ။ ဒီလို​ပြစ်မှု​မျိုး ပျံ့နှံ့နေ​တာ​က “ချစ်ခင်​တွယ်တာ​စိတ် မရှိသူ၊” “ဆိုးညစ်​သူတွေ၊ အယောင်ဆောင်​သူတွေ” များသည်ထက် များ​လာတဲ့ နောက်ဆုံး​ကာလမှာ ကျွန်တော်တို့ အသက်​ရှင်​နေတယ်​ဆိုတဲ့ အထောက်အထား​ပါပဲ။ (၂ တိ. ၃:၁-၅၊ ၁၃) စာတန်ရဲ့ ဉာဏ်နီဉာဏ်နက်​တွေဟာ တကယ် ယုတ်မာ​တယ်။ စာတန့်​အကြိုက်​အတိုင်း လူတွေ ပြုမူ​နေကြတာ ဝမ်းနည်းစရာပါပဲ။ ဒါပေမဲ့ ယေဟောဝါ​က စာတန်နဲ့ စာတန့်​နောက်လိုက်တွေထက် ပို​တန်ခိုး​ကြီးတယ်။ စာတန်ရဲ့ ဉာဏ်နီဉာဏ်နက် အားလုံးကို သိတယ်။ ကျွန်တော်တို့ ခံစား​ရတဲ့ နာကျင်မှု​တွေကို သိပြီး နှစ်သိမ့်​ပေးမယ်​ဆိုတာ စိတ်ချ​နိုင်တယ်။ “ဘုရားသခင်ဟာ . . . နှစ်သိမ့်ခြင်း​အမျိုးမျိုးရဲ့ အရှင်​ပဲ။ ကျွန်တော်တို့ ဆင်းရဲဒုက္ခ​အမျိုးမျိုး ခံရတဲ့​အခါ ဘုရားသခင် နှစ်သိမ့်​ပေးတယ်။ ကျွန်တော်တို့​က​လည်း ဘုရား​ပေးတဲ့ နှစ်သိမ့်မှု​အားဖြင့် ဆင်းရဲဒုက္ခ​အမျိုးမျိုး ခံရသူတွေကို ပြန်​နှစ်သိမ့်​ပေး​နိုင်တယ်။” (၂ ကော. ၁:၃၊ ၄) နှစ်သိမ့်​မှု​ပေးဖို့ ဘယ်သူ့ကို ယေဟောဝါ သုံး​နေသလဲ။

ဘယ်သူ နှစ်သိမ့်​ပေးနိုင်​မလဲ

၉။ ဆာလံ ၂၇:၁၀ ပါ ဒါ​ဝဒ်​ရဲ့​စကားတွေအရ မိသားစုရဲ့ စွန့်ပစ်မှု ခံရသူတွေကို ယေဟောဝါ ဘာလုပ်​ပေး​မလဲ။

ရင်းနှီး​သူတွေရဲ့ မတော်မတရား​ပြု​ခံရသူတွေ၊ မိဘ စွန့်ပစ်​ခံရသူတွေ​ဟာ အထူးသဖြင့် နှစ်သိမ့်မှု လိုအပ်​နိုင်တယ်။ ယေဟောဝါ အမြဲ နှစ်သိမ့်​ပေးမယ်​ဆိုတာ စိတ်ချ​နိုင်ကြောင်း ဆာလံဆရာ ဒါဝိဒ် သိတယ်။ (ဆာလံ ၂၇:၁၀ ကိုဖတ်ပါ။) စွန့်ပစ်​ခံရသူတွေကို ယေဟောဝါ လက်ခံမယ်​ဆိုတာ ဒါဝိဒ် ယုံကြည်တယ်။ ဘယ်နည်း​အားဖြင့်​လဲ။ သစ္စာရှိ ကျေးကျွန်တွေ​အားဖြင့် ဖြစ်တယ်။ အသင်းတော်မှာ​ရှိတဲ့ ညီအစ်​ကို/မ​တွေဟာ ကျွန်တော်တို့ရဲ့ မိသားစုဝင်​တွေ​ပါပဲ။ ဥပမာ၊ ယေဟောဝါကို ဝတ်ပြုတဲ့​သူတွေဟာ မိမိရဲ့ အမေ၊ ညီအစ်ကို​မောင်နှမ​တွေ​ပဲ​လို့ ယေရှု ပြောခဲ့တယ်။—မ. ၁၂:၄၈-၅၀

၁၀။ တမန်တော် ပေါလုက မိမိရဲ့ အကြီးအကဲ တာဝန်​အကြောင်း ဘာ​ပြောသလဲ။

၁၀ အသင်းတော်ဟာ မိသားစုနဲ့ ဘယ်လို​တူ​ကြောင်း သုံးသပ်​ကြည့်ရအောင်။ ပေါလုဟာ အလုပ်​ကြိုးစားပြီး သစ္စာ​ရှိတဲ့ အကြီးအကဲ ဖြစ်တယ်။ ပုံသက်သေ​ကောင်း​ပြပြီး “ခရစ်တော်ကို ကျွန်တော် အတုယူသလို ခင်ဗျားတို့လည်း ကျွန်တော့်ကို အတုယူ​ကြပါ” လို့​တောင် ရေးခဲ့တယ်။ (၁ ကော. ၁၁:၁) “နို့တိုက်​မိခင်​က ရင်သွေး​ကို တယုတယ ပြုစုသလို ကျွန်တော်တို့လည်း ခင်ဗျားတို့ကို တယုတယ ဆက်ဆံ​ခဲ့​တယ်” ဆိုပြီး မိမိရဲ့ အကြီးအကဲ​တာဝန်​အကြောင်း ပြောခဲ့တယ်။ (၁ သက်. ၂:၇) ဒီနေ့​ခေတ် သစ္စာရှိ အကြီးအကဲ​တွေ​လည်း အကူအညီ​လို​တဲ့​သူတွေကို ကျမ်းစာ​သုံးပြီး ညင်သာ​တဲ့​စကားတွေနဲ့ နှစ်သိမ့်​ပေး​ကြတယ်။

ရင့်ကျက်တဲ့ ညီအစ်မ​တွေဟာ ထိရောက်​စွာ နှစ်သိမ့်​ပေးနိုင်လေ့ရှိ (အပိုဒ် ၁၁ ကို​ကြည့်ပါ) *

၁၁။ အကြီးအကဲ​တွေ​ပဲ နှစ်သိမ့်​ပေးနိုင်တာ မဟုတ်​ကြောင်း ဘာက ဖော်ပြ​သလဲ။

၁၁ မတော်မတရား ပြု​ခံရသူ​ကို အကြီးအကဲ​တွေ​ပဲ နှစ်သိမ့်​ပေး​ရမှာလား။ မဟုတ်ပါဘူး။ ကျွန်တော်တို့​အားလုံး “အချင်းချင်း နှစ်သိမ့်​ပေး” ဖို့ တာဝန်​ရှိတယ်။ (၁ သက်. ၄:၁၈) အထူးသဖြင့် ရင့်ကျက်တဲ့ ခရစ်ယာန် ညီအစ်မ​တွေ​က နှစ်သိမ့်မှု လို​တဲ့ ညီအစ်မ​တွေကို အားပေးနိုင်တယ်။ သားကို နှစ်သိမ့်​ပေးတဲ့ မိခင်နဲ့ မိမိကိုယ်ကို ယေဟောဝါ နှိုင်းယှဉ်​ထားတာ သင့်လျော်​ပါတယ်။ (ဟေရှာ. ၆၆:၁၃) စိတ်ဓာတ်​ကျနေ​သူတွေကို နှစ်သိမ့်​ပေးတဲ့ အမျိုးသမီးတွေ​အကြောင်း ကျမ်းစာမှာ ဖော်ပြ​ထားတယ်။ (ယောဘ ၄၂:၁၁) ဒီနေ့​ခေတ် ခရစ်ယာန်​အမျိုးသမီးတွေဟာ စိတ်ဒဏ်ရာ​ရ​နေတဲ့ ညီအစ်မ​တွေကို နှစ်သိမ့်​ပေးနေ​ကြောင်း ယေဟောဝါ မြင်တဲ့အခါ သိပ်​ဝမ်းသာ​မှာ​ပဲ။ စိတ်ဒဏ်ရာ​ရ​နေတဲ့ ညီအစ်မ​ကို နှစ်သိမ့်​ပေးဖို့ ရင့်ကျက်တဲ့ ညီအစ်မ​တစ်ယောက်ကို အကြီးအကဲ​တွေ တစ်ခါတလေ အကူအညီ​တောင်း​နိုင်တယ်။ *

ဘယ်လို နှစ်သိမ့်​ပေးနိုင်သလဲ

၁၂။ ဘာ​မ​လုပ်မိ​ဖို့ သတိထား​ရမလဲ။

၁၂ ကူညီ​ပေးတဲ့​အခါ အတွင်းရေး​တွေကို မ​စပ်စု​မိဖို့ သတိထား​ရမယ်။ (၁ သက်. ၄:၁၁) အကူအညီ​နဲ့ နှစ်သိမ့်မှု လိုအပ်သူ၊ လိုချင်​သူတွေကို ဘယ်လို ကူညီ​ပေးနိုင်သလဲ။ ကျမ်းစာကနေ သိ​ရတဲ့ နှစ်သိမ့်​ပေးနိုင်တဲ့ နည်း​ငါး​နည်းကို သုံးသပ်​ကြည့်ကြစို့။

၁၃။ ၁ ဘုရင်များ ၁၉:၅-၈ အရ ဧလိယ​အတွက် ယေဟောဝါရဲ့ ကောင်းကင်တမန် ဘာလုပ်​ပေးသလဲ။ ကောင်းကင်တမန်​ကို ကျွန်တော်တို့ ဘယ်လို တုပ​နိုင်သလဲ။

၁၃ လက်တွေ့ကျကျ ကူညီပါ။ ပရောဖက် ဧလိယဟာ အသက်ဘေး​ကနေ လွတ်​အောင် ထွက်ပြေး​ရတဲ့အခါ သေချင်​လောက်​အောင် စိတ်ဓာတ်ကျခဲ့​တယ်။ သူ့​ဆီ​ကို ကောင်းကင်​တမန်​တစ်ပါး ယေဟောဝါ စေလွှတ်တယ်။ အဲဒီ​ကောင်း​ကင်တမန်​က ဧလိယ​ကို လက်တွေ့ကျကျ ကူညီ​ပေးတယ်။ စားစရာ ပူပူနွေးနွေး ပြင်ဆင်​ပေးပြီး စားဖို့ တိုက်တွန်း​တယ်။ (၁ ဘုရင်များ ၁၉:၅-၈ ကိုဖတ်ပါ။) ဒီ​မှတ်တမ်းက အရေးပါတဲ့ အချက်ကို ဖော်ပြတယ်။ တစ်ခါတလေ ကြင်နာတဲ့ လုပ်ရပ်​လေး​တစ်ခုက အလွန် အထောက်အကူ ပြု​နိုင်တယ်။ ထမင်း​တစ်နပ်၊​ လက်ဆောင်​သေးသေးလေး ဒါမှမဟုတ် ကတ်​လေး​တစ်ခုက စိတ်ဓာတ်​ကျနေ​တဲ့ ညီအစ်ကို/မ​ကို ချစ်ကြောင်း၊ စိုးရိမ်​ပူပန်​ကြောင်း သိစေ​နိုင်တယ်။ အတွင်းရေး​တွေ၊ ရင်နာစရာတွေကို ကိုယ့်​ဘက်က ပြောဆိုဖို့ ခက်​နေရင်တောင် အဲဒီလို လက်တွေ့ကျ အကူအညီ​တွေ ပေး​နိုင်တယ်။

၁၄။ ဧလိယ မှတ်တမ်းကနေ ဘာသင်ယူနိုင်သလဲ။

၁၄ ဘေးကင်းလုံခြုံ​တယ်၊ သက်သောင့်သက်သာ ရှိတယ်လို့ စိတ်ဓာတ်ကျ​နေ​သူ ခံစား​ရအောင် ကူညီ​ပေးပါ။ ဧလိယ​မှတ်တမ်းကနေ နောက်သင်ခန်းစာ​တစ်ခု သင်ယူနိုင်တယ်။ ဟော​ရပ်​တောင်​အထိ သွား​နိုင်ဖို့ လိုအပ်တဲ့ ခွန်အားကို အံ့ဖွယ်​နည်းနဲ့ ယေဟောဝါ ပေးခဲ့တယ်။ အတိတ်​က မိမိ​လူမျိုးနဲ့ ယေဟောဝါ ပဋိညာဉ်ဖွဲ့​ခဲ့​တဲ့ အဲဒီ​နေရာမှာ ဘေးကင်း​လုံခြုံပြီ၊ မိမိကို သတ်ချင်​သူတွေ လက်ကနေ လွတ်​ပြီလို့ ဧလိယ ခံစားခဲ့​ရမှာပဲ။ ဘာသင်ခန်းစာ သင်ယူ​နိုင်သလဲ။ မတော်မတရား ပြုခံ​ရသူ​ကို နှစ်သိမ့်​ပေးချင်​ရင် အရင်ဆုံး သူ ဘေးကင်းလုံခြုံ​တယ်လို့ ခံစား​ရအောင် ကူညီ​ပေးပါ။ ဥပမာ၊ စိတ်​ဒုက္ခ​ရောက်နေတဲ့ ညီအစ်မဟာ နိုင်ငံတော်​ခန်းမ​မှာ​ထက် အိမ်မှာ ပို​လုံခြုံ​ပြီး သက်သောင့်သက်သာ ဖြစ်တယ်လို့ ခံစား​ရ​နိုင်ကြောင်း အကြီးအကဲ​တွေ အမှတ်​ရသင့်တယ်။ တချို့ကျတော့​လည်း ဆန့်ကျင်ဘက် ဖြစ်နိုင်တယ်။

စိတ်ရှည်ရှည် နားထောင်ခြင်း၊ ထက်သန်​စွာ ဆုတောင်းခြင်း၊ နှစ်သိမ့်မှု ဖြစ်စေတဲ့ စကားလုံးတွေ ရွေး​ပြောခြင်း​အားဖြင့် စိတ်​ဒဏ်ရာကို ကုစား​ပေးနိုင် (အပိုဒ် ၁၅-၂၀ ကို​ကြည့်ပါ) *

၁၅-၁၆။ ကောင်းကောင်း နားထောင်​ပေးခြင်း​မှာ ဘာတွေ ပါဝင်သလဲ။

၁၅ ကောင်းကောင်း နားထောင်​ပေးပါ။ “လူတိုင်းဟာ နားထောင်ဖို့ အမြဲ​အသင့်​ဖြစ်နေ​ရမယ်။ စကား​ပြောတဲ့အခါမှာ မစဉ်းစားမဆင်ခြင်ဘဲ မပြော​ရ​ဘူး” လို့ ကျမ်းစာ အကြံ​ပေးတယ်။ (ယာ. ၁:၁၉) သင်ဟာ ကောင်းကောင်း နားထောင်ပေး​တတ်​သူလား။ နားထောင်တယ်​ဆိုတာ ဘာမှ ပြန်​မပြော​ဘဲ ငြိမ်ငြိမ်လေး ထိုင်​နားထောင်တာလို့ ယူဆ​မိ​နိုင်တယ်။ ဒါပေမဲ့ ဒီထက်မက​ဘူး။ ဥပမာ၊ ဧလိယ​က ခံစားချက်တွေကို ရင်ဖွင့်​တဲ့အခါ ယေဟောဝါ နားထောင်​ပေးတယ်။ ဧလိယ ကြောက်လန့်​ပြီး အထီးကျန်​နေတာ၊ လုပ်သမျှ အလကားပဲလို့ ထင်နေတာကို နားလည်​ပေးတယ်။ အဲဒီ​ခံစားချက် တစ်ခုစီ​ကို ကျော်လွှား​နိုင်အောင် ကူညီ​ပေးတယ်။ ဒီ​နည်း​တွေ​အားဖြင့် တကယ် နားထောင်ပေး​ကြောင်း ယေဟောဝါ ဖော်ပြခဲ့တယ်။—၁ ဘု. ၁၉:၉-၁၁၊ ၁၅-၁၈

၁၆ နားထောင်​ပေးတဲ့​အခါ ကိုယ်ချင်းစာနာ​မှု၊ သနား​ကြင်နာမှု ဘယ်လို ဖော်ပြ​နိုင်သလဲ။ လိမ္မာ​ပါးနပ်​ပြီး ကြင်နာတဲ့​စကား​အားဖြင့် ဖော်ပြ​နိုင်တယ်။ “တကယ် စိတ်မကောင်း​ပါဘူး။ ကလေးတွေကို အဲဒီလို မ​လုပ်သင့်​ပါဘူး” လို့ ပြော​နိုင်တယ်။ သူ့​ခံစားချက်ကို အသေအချာ နားလည်အောင် မေးခွန်း​တစ်ခု နှစ်ခု မေး​နိုင်တယ်။ “ဘာကို ပြောချင်တာ​လဲ။” ဒါမှမဟုတ် “ကျွန်တော်/မ​က ဒီလို​နားလည်တာ . . . အဲဒါ မှန်ရဲ့လား။” အဲဒီလို အသုံးအနှုန်းတွေ​က သင် တကယ် နားထောင်​နေကြောင်း၊ နားလည်အောင် ကြိုးစား​နေကြောင်း သူ့ကို စိတ်ချ​စေနိုင်တယ်။—၁ ကော. ၁၃:၄၊ ၇

၁၇။ စိတ်ရှည်​ဖို့၊ “မစဉ်းစားမဆင်ခြင်ဘဲ မပြော” ဖို့ ဘာကြောင့် လိုသလဲ။

၁၇ “မစဉ်းစားမဆင်ခြင်ဘဲ မပြော” ဖို့ သတိ​ထားပါ။ အကြံ​ပေးဖို့​ဖြစ်စေ၊ တစ်ဖက်သားရဲ့ အတွေးအခေါ်​ကို ပြင်ပေး​ဖို့​ဖြစ်စေ ကြားဖြတ်​မပြောပါနဲ့။ စိတ်ရှည်ပါ။ ဧလိယဟာ ယေဟောဝါ​ဆီ ရင်ဖွင့် ဆုတောင်း​ချိန်မှာ ခံစားချက်​ပြင်း​တဲ့ စကားလုံးတွေ သုံးခဲ့တယ်။ ယုံကြည်ခြင်း ခိုင်ခံ့အောင် ယေဟောဝါ ကူညီပေး​ပြီးနောက်မှာတောင် အဲဒီ​စကားလုံးတွေ​ပဲ သုံးပြီး ထပ်​ရင်ဖွင့်​တယ်။ (၁ ဘု. ၁၉:၉၊ ၁၀၊ ၁၃၊ ၁၄) သင်ခန်းစာ​က ဘာလဲ။ စိတ်ဓာတ်ကျ​နေ​သူဟာ တစ်ခါတလေ တစ်ကြိမ်​ထက်မက ရင်ဖွင့်​ဖို့ လိုတယ်။ ယေဟောဝါ​လို​ပဲ စိတ်ရှည်ရှည် နားထောင်​ပေးပါ။ ဖြေရှင်းနည်း​တွေ ပြောပြ​မယ့်​အစား ကိုယ်ချင်းစာ​ကြောင်း၊ သနား​ကြင်နာကြောင်း ဖော်ပြပါ။—၁ ပေ. ၃:၈

၁၈။ ကျွန်တော်တို့ရဲ့ ဆုတောင်းချက်က စိတ်ထိခိုက်​နေသူကို ဘယ်လို နှစ်သိမ့်​မှု ဖြစ်စေ​နိုင်သလဲ။

၁၈ စိတ်ထိခိုက်​နေ​သူနဲ့အတူ ထက်သန်​စွာ ဆုတောင်းပါ။ စိတ်ဓာတ်ကျ​နေ​သူဟာ ဆုတောင်းဖို့ အခက်​တွေ့နိုင်တယ်။ ယေဟောဝါ​ဆီ ဆုတောင်းဖို့ မထိုက်တန်ဘူးလို့ ခံစား​ရနိုင်တယ်။ သူနဲ့အတူ ဆုတောင်းတဲ့အခါ သူ့​နာမည် ထည့်​တောင်း​ခြင်းအားဖြင့် နှစ်သိမ့်​ပေး​နိုင်တယ်။ ကျွန်တော်တို့​ကော အသင်းတော်က​ပါ သူ့ကို အလွန် ချစ်ကြောင်း ထည့်​တောင်း​နိုင်တယ်။ ဒီ​အဖိုးတန်​တဲ့ သိုးကို နှစ်သိမ့်​ပေးဖို့ ယေဟောဝါ​ဆီ ဆုတောင်း​နိုင်တယ်။ အဲဒီလို ဆုတောင်းချက်က အလွန် နှစ်သိမ့်မှု ဖြစ်စေ​နိုင်တယ်။—ယာ. ၅:၁၆

၁၉။ တခြားသူကို နှစ်သိမ့်​ဖို့ ဘာတွေ ပြင်ဆင်​နိုင်သလဲ။

၁၉ စိတ်​ဒဏ်ရာကို ကုစား​ပေးနိုင်တဲ့၊ နှစ်သိမ့်မှု​ဖြစ်စေတဲ့ စကားလုံးတွေကို ရွေး​ပြောပါ။ မပြော​ခင် စဉ်းစားပါ။ မစဉ်းစားဘဲ ပြောတဲ့​စကားက ထိခိုက်​စေတယ်။ ကြင်နာတဲ့​စကားကတော့ ဒဏ်ရာကိုတောင် ကုစား​ပေး​နိုင်တယ်။ (ပညာ. ၁၂:၁၈) ဒါကြောင့် ကြင်နာတဲ့၊ နှစ်သိမ့်မှု ဖြစ်စေတဲ့ စကားတွေ ပြော​နိုင်အောင် ကူညီ​ပေးဖို့ ယေဟောဝါ​ဆီ ဆုတောင်းပါ။ ကျမ်းစာမှာ​ပါတဲ့ ယေဟောဝါရဲ့ စကားတွေဟာ အထိရောက်ဆုံး​ဖြစ်ကြောင်း အမှတ်ရပါ။—ဟီ. ၄:၁၂

၂၀။ အဖြစ်ဆိုး​တွေ​ကြောင့် တချို့ ဘယ်လို ခံစား​ရနိုင်သလဲ။ သူတို့ကို ဘယ်အချက်တွေ သိစေချင်သလဲ။

၂၀ မတော်မတရား ပြု​ခံရသူ​ဟာ မသန့်ရှင်း​ဘူး၊ တန်ဖိုး​မရှိဘူး၊ အချစ်​မခံရ​ဘူး၊ ချစ်စရာ​မကောင်း​ဘူးလို့ ခံစား​ရနိုင်တယ်။ ဆိုးရွား​တဲ့ အလိမ်အညာပါပဲ။ ဒါပေမဲ့ သူဟာ ယေဟောဝါ​ရှေ့မှာ တကယ် တန်ဖိုး​ရှိကြောင်း သိစေဖို့ ကျမ်းစာကို သုံးပါ။ (“ ကျမ်းစာထဲက နှစ်သိမ့်မှု” လေးထောင့်ကွက်​ကို ကြည့်ပါ။) ပရောဖက် ဒံယေလ စိတ်ဓာတ်ကျ​အားငယ်​နေချိန်မှာ ကောင်းကင်တမန် ဘယ်လို အားပေးခဲ့​ကြောင်း သတိရပါ။ သူဟာ တန်ဖိုးရှိ​သူ​ဖြစ်ကြောင်း ယေဟောဝါ သိစေချင်တယ်။ (ဒံ. ၁၀:၂၊ ၁၁၊ ၁၉) အလားတူပဲ စိတ်​သောက​ရောက်နေတဲ့ ညီအစ်​ကို/မ​တွေ​လည်း ယေဟောဝါ​ရှေ့မှာ တန်ဖိုး​ရှိတယ်။

၂၁။ မကြာခင် နောင်တ​မယူ​တဲ့ အပြစ်​ပြုသူတွေ ဘာ​ကြုံရ​မလဲ။ ဒီ​အတောအတွင်း ကျွန်တော်တို့ ဘာ​လုပ်သင့်သလဲ။

၂၁ တခြား​သူတွေကို နှစ်သိမ့်​တဲ့အခါ သူတို့ကို ယေဟောဝါ ချစ်ကြောင်း အမှတ်​ရစေပါ။ ယေဟောဝါဟာ တရား​မျှတတဲ့​ဘုရား ဖြစ်ကြောင်းကိုလည်း မမေ့သင့်​ဘူး။ ဆိုးညစ်​တဲ့​လုပ်ရပ် မှန်သမျှကို ယေဟောဝါ မြင်တယ်။ နောင်တ​မယူ​တဲ့ အပြစ်​ပြုသူ​ကို ပြစ်ဒဏ်​မပေး​ဘဲ မနေဘူး။ (တော. ၁၄:၁၈) မတော်မတရား ပြု​ခံရသူ​ကို မေတ္တာ​ပြဖို့ အတတ်နိုင်ဆုံး ကြိုးစား​ကြပါစို့။ စာတန်နဲ့ ဒီ​လောကရဲ့ မတော်မတရား ပြု​ခံရသူ​အားလုံးကို ယေဟောဝါ ထာဝစဉ် ကုစား​ပေးမယ်​ဆိုတာ သိရလို့ စိတ်သက်သာစရာပါပဲ။ မကြာခင် အဲဒီ​နာကျင်​စရာတွေ​ကို မေ့ပျောက်​သွားပါလိမ့်မယ်။—ဟေရှာ. ၆၅:၁၇

သီချင်း ၁၀၉ နှစ်နှစ်ကာကာ ချစ်ကြပါ

^ အပိုဒ်၊ 5 ကလေး​ဘဝမှာ လိင်ဆိုင်ရာ မတော်မတရား ပြု​ခံခဲ့ရ​သူတွေဟာ နှစ်တွေ​ကြာပြီး​နောက်မှာ​တောင် စိန်ခေါ်ချက်​များစွာ ရင်ဆိုင်​ရနိုင်တယ်။ အဲဒီ​အကြောင်းရင်းကို နားလည်အောင် ဒီ​ဆောင်းပါး​က ကူညီ​ပေးပါလိမ့်မယ်။ သူတို့ကို ဘယ်သူတွေ နှစ်သိမ့်​ပေးနိုင်ကြောင်း၊ နှစ်သိမ့်​ပေးနိုင်တဲ့ ထိရောက်တဲ့ နည်း​တချို့​အကြောင်းကိုလည်း ဆွေးနွေးကြမယ်။

^ အပိုဒ်၊ 11 မတော်မတရား ပြု​ခံရသူ​ဟာ ဆေး​ကုသမှု ခံယူမယ်၊ မခံယူ​ဘူးဆို​တာ ကိုယ်ပိုင် ဆုံးဖြတ်ချက် ဖြစ်တယ်။

^ အပိုဒ်၊ 76 ပုံ​အညွှန်း– စိတ်ဒဏ်ရာ​ရ​နေတဲ့ ညီအစ်မ​ကို ရင့်ကျက်တဲ့ ညီအစ်မ နှစ်သိမ့်​ပေးနေ။

^ အပိုဒ်၊ 78 ပုံ​အညွှန်း– စိတ်ဒဏ်ရာ​ ရ​နေတဲ့ ညီအစ်မဟာ အကြီးအကဲ နှစ်ဦး လည်ပတ်ချိန်မှာ ရင့်ကျက်တဲ့​ညီအစ်မ​ကို ဖိတ်ခေါ်​ထား။